This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, August 25, 2009

ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်



တိုကျို၊ သြဂုတ်(၂၄)
သန့်မျိုးထွေး
ဂျပန်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသည့် နအဖလယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ကြံ့ဖွံ့အသင်းအတွင်းရေးမှူးဦးဋ္ဌေးဦး(ခေါ်)ဒီပဲယင်းလူသတ်သမားဗိုလ်ချုပ်ဋ္ဌေးဦး ခေတ္တနေထိုင်တည်းခိုရာ တိုကျိုမြို့၊ ယိုဆုယ အရပ်ရှိ နယူးအိုတာနိဟော်တယ်ရှေ့တွင် ဒီမိုကရေစီတိုက်ပွဲခေါ်သံ ABSDF ခွပ်ဒေါင်းအလံတော်ကို ဂျပန်၊ တရုတ်၊ ထိုင်း၊ မြန်မာအလံတို့နှင့်အတူ လွင့်တင်ခဲ့ကြောင်းသိရသည်။

ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လှုပ်ရှားမှုတခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းသို့လွင့်တင်ထားမှုကို ဟော်တယ်တာဝန်ရှိသူများနှင့်လုံခြုံရေးတို့ မသိရှိလိုက်နိုင်ဘဲ မနက် ၅ နာရီအချိန်ခန့်မှစ၍ အချိန်အတော်ကြာကြာလွင့်တင်နိုင်ခဲ့ပြီး မနက် ၁၀ နာရီအထိကြာမြင့်ခဲ့ကြောင်း မျက်မြင်တဦး၏ အဆိုအရသိရသည်။

“နအဖစစ်အစိုးရရဲ့ မတရားတဲ့လုပ်ရပ်တွေ၊ လူအခွင့်အရေးချိုးဖောက်နေတာတွေ၊ လူထုခေါင်းဆောင်ကို မတရားအမှုဆင်ပြီး ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ လူထုခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်သားတွေလွတ်မြောက်ဖို့ကို ရည်ရွယ်ခြင်းပါ...။”ကိုယ်တိုင်လွင့်တင်ခဲ့သူတဦးကဆိုသည်။

ဂျပန်နိုင်ငံသို့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလာရောက်ပြီးသည့်နောက်ပိုင်း မြန်မာနအဖစစ်အစိုးရ၏ အဆင့်မြင့်ဝန်ကြီးတဦး၏ ပထမဦးဆုံးခရီးစဉ်ဖြစ်ကြောင်းသိရပြီး ၄င်းရောက်ရှိနေစဉ်ကာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ခေတ္တနေထိုင်တည်းခိုရာ နယူး အိုတနိဟော်တယ်တို့တွင် ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများက သွားရောက်ဆန္ဒပြကြကြောင်းသိရသည်။

ဦးဋ္ဌေးဦး၏ခရီးစဉ်သည် လယ်ယာစိုက်ပျိုးရေးနှင့်ပါတ်သတ်မှုရှိသည်ဟုဆိုသော်လည်း အမှန်တကယ်တွင်မှု ဂျပန်အစိုးရနှင့်မြန်မာစစ်အစိုးရတို့အကြား ဆက်ဆံရေးကို မြင့်တင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟုလည်းသိရပြီး ၄င်း၏ ၇ ရက်တာခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပါတ်သတ်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်ပြောဆိုနေကြသည်။

Sunday, August 23, 2009

ပုညကာရီမွန်အမျိုးသားအသင်း(ဂျပန်)ကပြုလုပ်သည့် (၆၂)နှစ်မြောက်မွန်တော်လှန်ရေးနေ့

တိုကျို၊ သြဂုတ်(၂၃)
သန့်မျိုးထွေး



ယခုနှစ်သြဂုတ်(၅)ရက်နေ့တွင်ကျရောက်သည့် မွန်အမျိုးသားတို့၏ (၆၂)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို တိုကျိုမြို၊ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမတွင် လွတ်မြောက်နယ်မြေဂျပန်ရှိ ပုညကာရီမွန်အမျိုးသားအသင်းက ယနေ့နေ့ လည်(၃)နာရီတွင် အောင်မြင်စွာပြုလုပ်ကျင်းပနိုင်ခဲ့သည်။
၁၉၄၈ခုနှစ်တွင်မြန်မာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း မွန်၊ ရခိုင်နှင့်ကရင်စသည့် တိုင်းရင်းသားများ၏ နေထိုင်ရာပြည်နယ်သီးခြားသတ်မှတ်ဖော်ထုတ်ပေးမှုနှင့် အခွင့်အရေးများ မရရှိနိုင်သည့်အတွက် မြန်မာသက္ကရာဇ် ၁၃၁ဝခုနှစ် ဝါခေါင်လပြည့်၊ ၁၉၄၈ခုနှစ် ဇူလှိုင်လ(၂ဝ)ရက်နေ့တွင် ဇာသပြင်ကျေးရွာ၌သန္ဓေတည်၍လက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြသည်။
''လွတ်လပ်ရေးရပြီးတော့ လွတ်လပ်ရေးရဲ့အရသာကို အားလုံးအတူတကွခံစားချင်တာပေါ့၊ ဒါပေမဲ့လွတ်လပ်ရေး ရဖို့အတွက် ဖက်ဆစ်ကိုရော၊ နယ်ချဲ့ကိုရောအားလုံးအတူတိုက်ထုတ်ခဲ့ပြီး တမြေထဲနေတရေတည်းသောက်တဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေအားလုံးခံစားချင်တယ်၊ အဲ့လိုခံစားခွင့်မရတဲ့အတွက် တော်လှန်ရေးထပ်ဖြစ်သွားတယ်၊ ဒါ့ကြောင့်တော်လှန်ရေးက ကျနော်တို့မှာနှစ်ဆက်ဖြစ်သွားတာပေါ့...''ဟု တော်လှန်ရေးအကြောင်းကို မွန်အသင်းခေါင်းဆောင်ဦးမင်းမျိုးချစ်မှရှင်းပြသည်။
ယင်းသို့မွန်နှင့်အတူပြည်နယ်သတ်မှတ်ဖေါ်ထုတ်ရရှိရေးအတွက် ကရင်တိုင်းရင်းသားတို့ကပါ အတူပူးပေါင်းတိုက်ပွဲဝင်ခဲ့ပြီး အချက်(၄)ချက်ပါသည့် သဘောတူညီမှုဖြင့် အတူတော်လှန်ခဲ့ကြသည်ဟုဆိုသည်။
ကေအန်ယူဂျပန်ကိုယ်စားလှယ်စောမျိုးခိုင်ရှင်းက''မွန်နဲ့ကရင်ဆိုတာပြည်နယ်ချင်း လည်းဆက်စပ်နေသလို တော်လှန်ရေးကိုအတူတကွ သွေးစည်းစွာနဲ့တိုက်ပွဲဝင်ခဲ့တယ်၊ ဘယ်လောက်အထိတောင်သွေးစည်းသလဲဆိုရင် တော်လှန်ရေးအောင်မြင်တဲ့အခါ မွန်နဲ့ကရင်နှစ်ပြည်နယ်စလုံး တူညီတဲ့ငွေစက္ကူပြုလုပ်သုံးစွဲမယ်ဆိုတဲ့အထိကို သွေးစည်းခဲ့ကြတယ်...''ဟု တက်ရောက်ပြောကြားသွားသည်။
မွန်အမျိုးသားများအတွက် ကိုယ်ပိုင်ပြဌာန်းခွင့်အာမခံချက်မရှိဘဲပါတီနှင့် တပ်ခွဲထားခြင်း(သို့မဟုတ်)ဖျက်သိမ်းခြင်းကို လက်ခံမှာမဟုတ်ကြောင်း၊ စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးအား လက်မခံကြောင်း ပါတီဌာနချုပ်ရှိရာ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှ သြဂုတ် ၁ ရက်နေ့အထိ ၆ ရက်ကြာ ကျင်းပခဲ့သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမှ အဆိုပါသဘောထားများအား ဆုံးဖြတ်ခဲ့ပြီး ထိုဆုံးဖြတ်ချက် အတိုင်းလက်တွေ့လုပ်ဆောင်သွားမည်ဆိုသည်။
''ကိုယ့်ရဲ့ခံယူချက်မှန်ကန်နေတယ်၊ ကိုယ့်ရဲ့သဘောထားမှန်ကန်နေမယ်ဆိုရင် ဘယ်လိုဘဲဖြစ်ဖြစ်အောင်မြင်မှာပါ၊ ကျနော်တို့တမျိုးသားလုံးအတွက် ဖွဲ့စည်းထားတဲ့တော် လှန်ရေးဖြစ်တဲ့အတွက် မွန်လူမျိုးတွေရဲ့တန်တူညီမျှမှုမရမခြင်းတော်လှန် ရေးကရှည်ကြာနေဦးမှာပါ...။''ဟုဦးမင်းမျိုးချစ်မှဆက်လက်ပြောပြသည်။
ယင်းအပြင်မွန်ပြည်သစ်ပါတီအနေနှင့်နအဖ၏ ၂ဝ၁ဝရွေးကောက်ပွဲကို ၄င်းတို့တောင်း ဆိုထားသည့်အတိုင်း သဘောတူညီမှုမရရှိလျှင် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်းသိရသည်။ (၆၂)နှစ်မြောက်မွန်တော်လှန်ရေးနေ့အဖြစ် ဂျပန်တွင် ဒုတိယအကြိမ်မြောက်ကျင်းပ ခြင်းဖြစ်ပြီး ဂျပန်ရှိနိုင်ငံရေးပါတီအချို့နှင့်တိုင်းရင်းသားအဖွဲ့အစည်း အသီးသီးမှကိုယ်စား လှယ်များ စုစုပေါင်း(၁ဝဝ)ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲမှတ်တမ်းဓါတ်ပုံများ(၂၃-၈-၀၉)



မှတ်တမ်းဓါတ်ပုံ-ဦးသန်းဝင်း

မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂျပန်နိုင်ငံသို့ရောက်ရှိနေ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲတွင် Co-founder တစ်ဦးအနေဖြင့်လည်းကောင်း၊ Core Menber of Excecutive of 88-Generation Students (Exile) တစ်ဦးအနေဖြင့်လည်းကောင်း၊ အခြားမြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော ၈၈ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ်သည် ဂျပန်နိုင်ငံသို့ရောက်ရှိနေကြောင်းသိရသည်။

၁။ ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိကြောင်း၊ ၂။ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်လိုလျင် စု လွတ် တွေ့ ဆိုသည့်အတိုင်း ဆောင်ရွက်စေလိုကြောင်း၊ ၃။ Federal စနစ်ကို သဘောတူကြောင်း စသည်တို့ကို ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်းသိရသည်။

ယနေ့ (AUN) ညီညွှတ်သော တိုင်းရင်သားများ အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ညနေ ၆း၃၀မှ ည ၁၀း၀၀နာရီအထိ AUN ရုံခန်းတွင် အထက်ပါ အဓိကထားဆွေးနွေးလိုသော အချက် ၃ ချက်နှင့်အတူ BMC ဆိုသည့် အဖွဲ့အစည်းတခုကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်းထည့်သွင်းပြောကြားသွားသည်။ ထိုပွဲတွင် AUN အဖွဲ့ဝင် ၂၀ ခန့်တက်ရောက်ခဲ့ကြသည်။

အခြားကျန်ရှိနေသော အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးလိုကြောင်းနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် ပြည်ပနိုင်ငံများထဲတွင် ဂျပန်နိုင်ငံကို အားရကြောင်း၊ တန်ဘိုးထားလေးစားမိကြောင်း ပြောကြားသွားခဲ့သည်။

ရေးသားပေးပို့သူ-ဖြိုးဝေ-mmp

Wednesday, August 19, 2009

နအဖစစ်တပ်မှ ရှမ်းကျေးရွာများကို အကြမ်းဖက်မီးရှို့ဖျက်ဆီးနေမှုအပေါ် ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများမှ ကန့်ကွက်ဆန္ဒပြ

ဇူလိုင်လ ၂၇ ရက်နေ့မှစပြီး ရှမ်းပြည်နယ်အလယ်ပိုင်းရှိကျေးရွာပေါင်း ၄၀ ခန့်ကို နအဖစစ်တပ်မှ အကြမ်းဖက်ဝင်ရောက်စီးနင်းပြီး၊ နေအိမ်များကိုမီးရှို့ခြင်း၊ ရွာတွင်းရှိ လူထုများအား အဓမ္မပြောင်းရွေ့ခိုင်းခြင်းများကြောင့် ဒေသခံရွာသားတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေခဲ့ရသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများကြောင့် လူသေဆုံးမှုများဖြစ်ပေါ်နေသဖြင့် အဆိုပါလူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ပေးရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ သျှမ်းတိုင်းရင်းသားများမှ နအဖစစ်အခွန်ရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။



ယခုလိုကန့်ကွက်ဆန္ဒရခြင်းနှင့်ပတ်သက်ပြီး သျှမ်းတိုင်းရင်းများဒီမိုကရေစီအဖွဲ့(ဂျပန်)မှ နာယကတစ်ဦးဖြစ်သူ စိုင်းအောင်မျိုးမြင့်မှ “ လက်ရှိ ကျနော်တို့ရဲ့ ရှမ်းပြည်နယ်အလယ်ပိုင်း မိုင်းကိုင်နှင့် လဲချားမြို့တွေမှာရှိတဲ့ ရွာပေါင်း ၄၀ ခန့်ကို နအဖစစ်တပ်မှ အဓမ္မ၀င်ရောက်ပြီး ညှင်းဆဲသတ်ဖြတ်မှုတွေ၊ လူနေအိမ်တွေကိုဖျက်ဆီးမီးရှို့မှုတွေကို ဇူလိုင်လ ၂၇ နေ့ကစပြီး စတင်ပြုလုပ်နေခဲ့ပါတယ်။ ဒါဟာ ဘာကြောင့်ဒီလိုလုပ်ရသလဲလို့စုံစမ်းကြည့်တဲ့အခါမှာ မေလနှင့် ဇွန်လအတွင်းက SSAတပ်နဲ့ နအဖတပ်တို့တိုက်ပွဲဖြစ်တဲ့အခါမှာ နအဖတပ်ဘက်က ဗိုလ်မှူးတွေ၊ စစ်သားတွေ အကျအဆုံးများလို့ အဲဒါကိုမကျေနပ်လို့ ကလဲ့စားချေတဲ့အနေနဲ့ ယခုလိုပြုလုပ်တာလို့သိရပါတယ်။ ဒါဟာ လူမဆန်တဲ့လုပ်ရပ်ပါ။ အပြစ်မဲ့တဲ့ရွာသားတွေကို အနိုင်ကျင့်စော်ကားပြီး အိမ်တွေကိုမီးရှို့၊ ရွာတွေကိုဖျက်ဆီး၊ လူတွေကိုသတ်ဖြတ်နေတာကို ဂျပန်မှာရောက်ရှိနေတဲ့ ကျနော်သျှမ်းတိုင်းသားတွေက လုံးဝကန့်ကွက်ရှုတ်ချတဲ့အတွက် ယခုလိုဆန္ဒပြရခြင်းဖြစ်ပါတယ်…”ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး “ ယခုလုပ်ရပ်ဟာ ဒုတိမြောက်အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ပထမအကြိမ်ဖြစ်တဲ့ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ယခုလိုမျိုးယုတ်မာရက်စက်စွာလုပ်ခဲ့မှုကြောင့် သျှမ်းပြည်သူ ၃ သိန်းကျော်ဟာ ထိုင်း-မြန်မာနယ်စပ်သို့ထွက်ပြေးခဲ့ရပြီး ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလည်း ဒါမျိုးကျူးလွန်နေတာကို ကျနော်တို့တစ်တွေက မကန့်ကွက်ဘူး၊ မဆန့်ကျင်ဘူး၊ မရှုတ်ချဘူးဆိုရင် ပိုပြီးအတင့်ရဲလာလိမ့်မယ်။ ဒါကြောင့် ကျနော်တို့နဲ့အတူ ဂျပန်မှာရောက်ရှိနေကြတဲ့ မြန်မာ့ဒီမိုကရေစီရဲဘော်များကလည်း တိုင်းရင်းသားများအရေး၊ နအဖရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ကန့်ကွက်ရှုတ်ချပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..”ဟု ပြောဆိုသည်။

ကန့်ကွက်ဆန္ဒပြခြင်းကို သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SND-Japan)နှင့် သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)(SSND-Japan)တို့မှ ဦးဆောင်ဿ နေ့လယ် ၃ နာရီမှ ၄ နာရီအထိနအဖစစ်အခွန်ရုံးရှေ့တွင်ပြုလုပ်ခဲ့ကြပြီး ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့အသီးသီးမှလည်း ပူးပေါင်းပါဝင်ခဲ့ကြ၍ နအဖ၏လူမဆန်သည့်လုပ်ရပ်များကို ရှုတ်ချကြောင်း ပြောဆိုသွားခဲ့ကြသည်။

ရှမ်းပြည်နယ်အတွင်း နအဖစစ်တပ်၏လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ကုလသမဂ္ဂမှတားမြစ်ပေးရန်အတွက်၊ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၊ သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း၊ သျှမ်းကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ၊ သျှမ်းသဘာဝပတ်ဝန်းကျင်အဖွဲ့၊ သျှမ်းလူငယ်အင်အားအဖွဲ့နှင့် သျှမ်းကျန်းမာရေးစောင့်ရှောက်မှုကော်မတီတို့နှင့်အတူ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)နှင့်သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)တို့မှ စုပေါင်းတောင်းဆိုထားကြောင်းလည်း သိရှိရသည်။

သတင်းရေးသားသူ-နန်းအိမွန်ချစ်၊ စိုးဝင်းရှိန်

Tuesday, August 18, 2009

“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ

သို့

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် အဖွဲ့အစည်းခေါင်းဆောင်များ



၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။

1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။ သို့ပါ၍ ရဲခွင့်ပြုချက် ပုံစံဖြည့်ရန်အတွက် လိုက်ပါလိုသူများ တနင်္လာနေ့ (၁၇-၈-၂ဝဝ၉) မွန်းလွဲ (၃)နာရီတွင် Kasumigaseki ဘူတာအနီး ရဲချုပ်ရုံးရှေ့တွင် စောင့်ဆိုင်း၍ အတူတကွ ပါဝင်လုပ်ဆောင်ကြရန် ဖိတ်ခေါ်ပါသည်။

2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။

3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။

4. အခမ်းအနားဖွင့်ပွဲနှင့် ပတ်သက်၍၎င်း၊ ချီတက်ဆန္ဒပြပွဲအတွက် စည်းကမ်းထိန်းသိမ်းရေး၊ ရေသန့် ဗူးများ ဝေငှရေး၊ သတင်းပြန်ကြားရေး၊ အလံကိုင်နှင့် ပိုစတာ-နဖူးစည်းများ၊ ကြွေးကြော်သံများ၊ ဖိတ်ခေါ်မည့် ဂျပန်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် ပတ်သက်၍၎င်း မိမိတို့ ပါဝင် လှုပ်ရှားမည့်အစီအစဉ်များကို အသေးစိတ်ဆွေးနွေးလိုပါက ကြာသာပတေးနေ့ (၂ဝ-၈-၂ဝဝ၉) နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။



ဆက်သွယ်ရန်

သန်းဆွေ - (090-4964-9718)

မိုင်ကျော်ဦး (03-5968-4440)

မြင့်ဆွေ (090-7247-6099)

လွင်အောင်စိုး (090-6505-6858)

Thursday, August 13, 2009

ဂျပန်နိုင်ငံခြားရေးရုံးရှေ့တွင် ထပ်မံဆန္ဒပြပွဲ ဓါတ်ပုံများ

သြဂုတ်(၁၂)ရက်နေ့

ဓါတ်ပုံ - ဦးသန်းဝင်း

Wednesday, August 12, 2009

ဒေါ်အောင်ဆန်းစုကြည်ကို မတရားပြစ်ဒဏ်ချမှတ်ခြင်းအပေါ် ဂျပန်ရောက်မြန်မာများက ထိုင်သပိတ်ဆန္ဒပြ

တိုကျို၊ သြဂုတ်(၁၁)
သန့်မျိုးထွေး၊ ဖြိုးဝေ-mmp



ယနေ့တွင် အင်းစိန်ထောင်အထူးတရားရုံးမှနေ၍ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး စီရင်ချက်ချမည်ဆိုသောကြောင့် ဂျပန်နိုင်ငံရောက်မြန်မာများက တိုကျိုမြို့၊ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် နေ့လယ် ၁၂း၀၀ နာရီမှစတင်စုဝေး၍ တောင်းဆိုဆန္ဒပြဖို့ ပြုလုပ်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့တွင်မတရားပြစ်ဒဏ်အမိန့်ချမှတ်မည်ဆိုပါက ပြင်ထန်းစွာကန့်ကွက်တုံ့ပြန်မည်ဟု ပြောဆိုထားသည့်အတိုင်း အင်အား ၄၀၀ ခန့်က သွားရောက်စုဝေးဆန္ဒပြခြင်းဖြစ်သည်။
ဂျပန်စံတော်ချိန် ၃ နာရီခွဲလောက်တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲချလိုက်လိုက်ကြောင်း သိရှိကြသည့်အတွက် တောင်းဆိုဆန္ဒပြနေကြသူများက အလွန်အမင်းဒေါ်သထွက်ကာ အနီးအနားရှိယာဉ်ကျောတားဆီးရေးတိုင်များနှင့် စစ်အခွန်ရုံးတံခါးသို့ပစ်ပေါက်ခဲ့ကြသည်။
ဆန္ဒပြပွဲတွင်ပါဝင်သည့် အန်အယ်ဒီ(လွတ်မြောက်နယ်မြေ-ဂျပန်)မှကိုမြသိန်းက "ဒေါ်စုကိုထောင်ချတယ်လို့ ကြားလည်းကြားရော မတိုင်ပင်ထားဘဲ အနီးနာမှာရှိတဲ့ မှတ်တိုင်တွေနဲ့ အခွန်ရုံးကိုပေါက်ပါလေရော။ နောက်ပြီး အထဲကလူတွေ(နအဖ၀န်ထမ်း)တွေကို ဘာကြောင့် ဒီလိုမတရားစီရင်ချက်ချရတယ်ဆိုတာကို ရှင်းပြပေးဖို့ တောင်းဆိုခဲ့ကြတယ်..."ဟုပြောပြသည်။
ယင်းနောက်တွင် လူထုခေါင်းဆောင်အတွက် အခွန်ရုံးရှေ့တွင် ထိုင်သပိတ်ဖြင့်ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ထိုင်သပိတ်ဆန္ဒပြသူများကို ဂျပန်ရဲများက ယခုလိုမပြုလုပ်ရန်နှင့် အမြန်ဆုံးလူစုခွဲပေးရန်ပြောဆိုခဲ့ကြသော်လည်း ဆန္ဒပြနေသူများက ရုံးဆင်းချိန် ညနေ ၅း၀၀ နာရီအထိ နေရာမှမဖယ်ပဲ ထိုင်သပိတ်တိုက်ပွဲဆက်လက်ဆင်နွဲခဲ့ကြကြောင်းသိရသည်။
"ဘယ်လိုဘဲကြည့်ကြည့်ဒါလူထုခေါင်းဆောင်ကို ၂၀၁၀ရွေးကောက်ပွဲမှာဝင်မပါနိုင်အောင် မတရားအမှုဆင်ထောင်ချတာ၊ ဘယ်လိုမှကျနော်တို့လက်မခံနိုင်
ပါဘူး။ အကယ်၍လူထုခေါင်းဆောင်ကိုပြန်လွတ်ပေးရင်ပေး၊ မပေးဘူးဆိုရင် ဒီမိုကရေစီတိုင်ပွဲအတွက်ရော၊ လူထုခေါင်းဆောင်လွတ်မြောက်ရေးအတွက်ရော
ဒီ့ထက်ပိုမိုတဲ့နည်းတွေနဲ့ကျနော်တို့ဆက်လက်တိုက်ပွဲဝင်သွားမယ်၊ အဲ့လိုနအဖကိုသတိပေးချင်တယ်...။"ဟုဆန္ဒပြသူတဦးဖြစ်သည့်ကိုကျော်စိန်ထွန်းမှ
ပြောဆိုသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးမှလည်း မြန်မာနအဖသံအမတ်(ဦးလှမြင့်)အား ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့မည်ပုံစီရင်ချက်ချပြီး အရေးယူအပြစ်ပေးသည်ကို
ရှင်းလင်းပြောဆိုပေးရန် တောင်းဆိုကြောင်းလည်းသိရှိုရသည်။
ဂျပန်ရဲများ၏ မေတ္တာရပ်ခံမှုကြောင့် ထိုင်သပိတ်ကို ညနေ ၅း၀၀ နာရီတွင်ရုပ်သိမ်းပေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးတို့ကို ဆက်လက်တောင်းဆိုခဲ့ကြသည်။

အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်(၃)နှစ်ဟုဥပဒေကြောင်းအရ ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်း၊နှင့်တဦးအပေါ်တဦးအာဃာတမထားလိုခြင်းစသည့်အကြောင်းပြချက်များဖြင့် နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အမိန့်အရ
ပြစ်ဒဏ်ထက်ဝက်လျော့ချ၍ ထောင်ဒဏ်(၁၈)လကိုသာ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် နေအိမ်တွင်အကျယ်ချုပ်ကျခံရမည်ဟု စီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အလားတူဒေါ်အောင်ဆန်းစုကြည်အား ပြုစုစောင့်ရှောင့်နေသည့် ဒေါ်ခင်ခင်ဝင်းနှင့်မ၀င်းပပတို့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၃)နှစ်ကို ဒေါ်အောင်ဆန်းစုကြည်နည်းတူ
ချမှတ်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နေအိမ်အတွင်းသို့ ၀င်ရောက်ခဲ့သည့် အမေရိကန်နိုင်ငံသား ဂျွန်ဝီလီယံ ယက်တောကိုမှု ထောင်ဒဏ် (၇)နှစ်
ကျခံစေရန်အမိန်ချမှတ်ခဲ့သည်။
ယခုလို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခဲ့မှုအတွက် ဂျပန်အစိုးရအနေဖြင့် မြန်မာနအဖစစ်အုပ်စုအား ပြင်းထန်သည့်ဖိအားများပေးရန် မနက်ဖြန်(သြဂုတ်လ ၁၂ ရက်)နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ဂျပန်နိုင်ငံခြားရေးရုံးသို့သွားကာ တောင်းဆိုကြမည်ဟုလည်း သိရှိရပါသည်။
(MARUNO UCHI လိုင်းဖြင့် KASUMIGASEKI ဘူတာတွင်ဆင်းပြီး၊ A4 A8 ထွက်ပေါက်များမှ ထွက်ကာ ဂျပန်နိုင်ငံခြားရေးရုံးသို့ သွားရောက်နိုင်ပါသည်)
သတင်းအချက်အလက်စုဆောင်းပေးသူများ- နန်းအိမွန်ချစ်၊ စိုးအောင်ဝင်း

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်သည့်နေ့ ဂျပန်မှလှုပ်ရှားမှုမြင်ကွင်း





ဗွီဒီယို-မောင်မောင်ကြီး

Monday, August 10, 2009

ဂျပန်တွင် လစဉ် ၉ ရက်နေ့တိုင်းကျင်းပသည့် ဦးခွန်ထွန်းဦးလွတ်မြောက်ရေးလှုပ်ရှားမှု



စစ်အာဏာရှင်ကို ကြောက်ရွံ့လို့မနေခဲ့၊ တုန့်နှေးလို့မနေခဲ့၊ လုပ်စရာရှိတာလုပ်သွားခဲ့သူ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦးကို ယခုအခါ ကချင်ပြည်နယ် ပူတာအိုထောင်တွင် နှစ်ရှည် ထောင်ချထားဆဲပင်ဖြစ်ပေသည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့၏ ငြိမ်းချမ်းရေးရယူသည့် ၁၅ နှစ်မြောက်အထိမ်းအမှတ်ပွဲသို့ တက်ရောက်ပြီး ရှမ်းပြည်ပညာရှင်များအတိုင်ပင်ခံကောင်စီဖွဲ့စည်းခဲ့သည်။ ထို့သို့လုပ်ဆောင်မှုကို နအဖစစ်အုပ်စုမှ စစ်ရေးအရအကြမ်းဖက် တော်လှန်ဆန့်ကျင်သည်ဟု ယူဆပြီး မည်သည့်သက်သေအထောက်အထား တစုံတရာမရှိဘဲ နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်ဖြင့် မတရားနှစ်ရှည် ထောင်ဒဏ်ချမှတ်ခဲ့သည်။

ဦးခွန်ထွန်းဦးကို လေးစားဂုဏ်ပြုသောအားဖြင့် လစဉ် ၉ ရက်နေ့ရောက်တိုင်း ဂျပန်နိုင်ငံ တိုကျိုမြို့ တွင် လွှတ်မြောက်ဖို့အတွက် တောင်းဆိုရေးကို လစဉ်အစည်းအဝေးနှင့် လှုပ်၇ှားမှုများပြုလုပ် နေကြောင်းသိရပါသည်။ ယနေ့ပြလုပ်သည့်အခမ်းအနားကို SND-JP နှင့် SSND-JP တို့မှပူးပေါင်း၍ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ စုစည်းထားသော ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(AUN-Japan)မှ ကူညီပံ့ပိုးပေးခဲ့သည်။

ထိုပွဲတွင် အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ကိုမိုင်ကျော်ဦးက`` ဦးခွန်ထွန်းဦးဆိုတာ နိုင်ငံတကာကရော မြန်မာတိုင်းရင်းသားတွေကပါ လေးစားကြတဲ့ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးပါ။ ၉၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီပြီးရင် ဒုတိယမြောက် အင်အားအကြီးမားဆုံးနဲ့ အနိုင်ရခဲ့တဲ့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်သလို ခေတ်ပညာ တတ်စော်ဘွားမျိုးရိုးအနွယ်မှ ဆင်းသက်လာသူတစ်ဦးလည်းဖြစ်ပါတယ်။

နောက်ပြီး သူဟာ CRPP လို့ အတိုကောက်ခေါ်ဆိုနေကြတဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ၁၈ ဦးထဲမှာလည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ဦးခွန်ထွန်းဦးဟာ နအဖစစ်အုပ်စုရဲ့ မတရားတဲ့လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ဝေဖန်ခဲ့သူဖြစ်ပြီး အဲဒီ့အတွက်နဲ့ သူ့ကို နအဖက နိုင်ငံတော်ပုန်ကန်မှု၊ တရားမ၀င်လူစုရုံးမှု၊ ၄င်းတို့ကိုအကြည်အညိုပျက်အောင်ဆောင်ရွက်မှုအစရှိတဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။ ဒီလိုဥပဒေမဲ့မတရားစီရင်ချက်ချတာဟာ မြန်မာပြည်တွင်းမှာ ဒီမိုကရေစီစနစ်မရှိဘူး၊ တိုင်းရင်းသားအရေးကိုတန်ဖိုးမထားဘူး။ လျစ်လျှူရှုတဲ့သဘောမျိုး သက်ရောက်နေပါတယ်။

ဒါကြောင့် ကျနော်တို့တိုင်းရင်းသားတွေသာမက မြန်မာလူမျိုးတွေကပါ ဦးခွန်ထွန်းဦးနှင့် တိုင်းရင်းသားခေါင်းဆောင်များလွှတ်မြောက်ရေးအတွက်သာမက အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်မြောက်ဖို့အတွက်ရည်ရွယ်ပြီး ဦးခွန်ထွန်းဦးအဖမ်းခံခဲ့ရတဲ့ ၉ ရက်နေ့ရောက်တိုင်း လွှတ်မြောက်ဖို့အတွက်တောင်းဆိုပွဲကို လစဉ်ပြုလုပ်ရခြင်းဖြစ်ပါတယ်…``ဟု တက်ရောက်လာသူများကို ရှင်းလင်းပြောကြားပေးခဲ့သည်။


သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သော AUN ဥက္ကဋ္ဌဦးဇော်မင်းခိုင်ကလည်း `` ၂၀၀၇ ခုနှစ် မေလကတည်းကစပြီး လစဉ် ၉ ရက်နေ့ရောက်တိုင်း
ကျနော်တို့တစ်တွေဟာ ဦးခွန်ထွန်းဦးနဲ့ တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားတွေလွှတ်မြောက်ဖို့အတွက် ဂျပန်မှာရှိတဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေက နအဖစစ်အခွန်ရုံးရှေ့မှာ၊ ယူအန်ရုံးရှေ့မှာ တောင်းဆိုဆန္ဒပြခြင်းများပြုလုပ်ခဲ့ပါတယ်။

ဒီလိုမျိုးပြုလုပ်တာဟာ ကျနော်တို့နိုင်ငံမှာ တရားဥပဒေမရှိဘူး၊ စစ်အုပ်စုဟာ တိုင်းရင်းသားတွေကိုဖိနှိပ်နေတယ်။ ဒါကိုလက်မခံနိုင်ဘူး။ ဆန့်ကျင်ရှုတ်ချကြောင်း သိစေချင်လို့ဖြစ်ပါတယ်။ ဆက်လက်ပြီး ဦးခွန်ထွန်းဦးနဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်များအရေးသာမက တခြားသော တိုင်းရင်းသားခေါင်းဆောင် များလွှတ်မြောက်ရေးအတွက်ပါ ပြုလုပ်သွားကြမှာဖြစ်ပါတယ်..။ အားလုံးကလည်း ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်…``ဟု ပြောဆိုခဲ့သည်။

တက်ရောက်လာကြသည့် ရှမ်းတိုင်းရင်းသားလူငယ်များမှ ဦးခွန်ထွန်းဦးနှင့်ပါတ်သက်သည့် အတ္ထုပ္ပတ္တိနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များ၊ ဦးဆောင်လှုပ်ရှားမှုကဏ္ဍာများအပါအ၀င် ဦးခွန်ထွန်းဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဗိုလ်ချုပ်ဆေထင်၊ စိုးနွတ်(ခ)စိုင်းညွန့်၊ စိုင်းလှအောင်၊ ဦးမြင့်သန်း၊ ဦးထွန်းညို၊ ဦးညီညီမိုး၊ စိုင်းမျိုးဝင်းထွန်း၊ ဦးရွှေအုံးနှင့် စ၀်သာဦးတို့ အတ္ထုပ္ပတ္တိနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များအကြောင်းကို ဖတ်ကြားပေးခဲ့ကြောင်း သိရှိရသည်။

ရေးသားသူ-စိုးဝင်းရှိန်၊ ဖြိုးဝေ-mmp၊ နန်းအိမွန်ချစ်

(မှတ်ချက် - ဦးမြင့်သန်းသည် ၂၀၀၆ ခုနှစ် မေလ ၂ ရက်နေ့တွင် သံတွဲ ထောင်တွင်းနှိပ်စက်မှုဒဏ် ကြောင့်ကွယ်လွန်သွားခဲ့ပြီး၊ ဦးရွှေအုံးနှင့် စ၀်သာဦးတို့ကို ပြန်လွှတ်ပေးခဲ့သည်။)

Sunday, August 9, 2009

၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ တိုကျိုမြို့တွင် ကျင်းပ


၁၉၈၈ မတ်လ ၁၃ ရက်နေ့ကစတင်ပြီး လှုံ့ဆော်လိုက်သော မီးပွါးတခုမှ ၁၉၈၈ သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မြန်မာပြည်တ၀ှမ်းလုံး အတိုင်းအတာနှင့် ဖြစ်ပွားပြီး၊ တစ်ပါတီ အာဏာရှင်အစိုးရကို မြန်မာပြည်သူတို့ ဖြုတ်ချနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ နှစ် ရှိခဲ့ပြီဖြစ်ပါသည်။

ထိုနေ့တွင် သွေးနဲ့ရင်းပြီး အသက်ပေးသွားကြသော ကိုဖုန်းမော် အပါအဝင် ၈၈ကျောင်းသားများ၊ ပြည်သူလူထုများ၊ အလုပ်သမားများနှင့် လယ်သမားများ အစရှိသော ၈၈ သူရဲကောင်းအပေါင်းတို့အား ၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း၊ ၈၈ကို ပုံဖော်ပေးသွားသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွတ်ပေးရေး အလိုရှိကြောင်းကို ဂျပန်ရောက် မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့် ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ တိုကျိုမြို့၊ Gotanda ပန်းခြံတွင် ၂ နာရီတွင် စတင်စုဝေးပြီး၊ ၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း ရှစ်လေးလုံး အဖွင့်အမှာစကားများကို ကိုသောင်းမြင့်ဦး NLD (LA )JP၊ ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF)၊ အမေရိကန်မှ ခေတ္တရောက်ရှိနေသူ ကိုမိုးသီးဇွန် တို့မှ ပြောကြားပေးကာ၊ နေ့လည် ၂ နာရီ ၄၅ မိနစ်မှာ စတင်ချီတက်ဆန္ဒပြ ခဲ့ကြပါသည်။

ထို့နောက် ချီတက်ဆန္ဒပြတဲ့သူတွေကို NLD(LA-JB)က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်မှု့ ကန့်ပိန်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးများကို ကိုင်ဆောာင်ဖို့အတွက် ဝေငှပေးခဲ့ကာ Gotanda ပန်းခြံမှ ကြွေးကြော်သံများကို ကြွေးကြော်လျက် မြန်မာ စစ်အခွန်ရုံးရှေ့ကို ဦးတည်ထွက်ခွါပြီး Gotanyama ပန်းခြံတွင် ချီတက်ဆန္ဒပြပွဲကို ရုပ်သိမ်းကာ၊ မြန်မာ့အရေးအတွက် ဒီမိုကရေစီလှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေး ကူညီနေသော ဂျပန်လူမျိုးများမှ သဘောထားအမြင်များနှင့် မှတ်သားဖွယ်ရာများကို ပြေကြားကာ ညနေ ၄း၃၀ တွင် ချီတက်ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါသည်။

မှတ်တမ်းဓါတ်ပုံ - ဦးသန်းဝင်း၊ ကိုမင်းညိုဝမ်း၊ ကိုစိုးအောင်ဝင်း
သတင်းရေးသားသူများ - စိုးဝင်းရှိန်၊ ဖြိုးဝေ-mmp

Thursday, August 6, 2009

စဉ်းစားပါဦး [?] ၈ ၈ ၈၈

ပြည်ပရောက် မြန်မာပြည်ဖွား အိုလူသား-

မြန်မာပြည် ဒီမိုကရေစီရသွား

“ပြန်လည်ထူထောင်ရေး”မှာ ပူပေါင်းအုံးမှာလား?

ပြန်လာအုံးမှာလား?

စဉ်းစားသေးရဲ့လား?

စဉ်းစားပေးပါလား?။



တော်လှန်ရေးကို ခုတုံးလုပ်

ဟွန်ဒီငွေကို မြက်မြက်ကလေးလွှဲကာ

ပြည်ပမှာခိုလှုံအမြတ်ကြီးစား

“စီးပွါးရေးသမားများ”

နိုင်ငံတော်သစ်ဆီ ခါတော်မှီ

ဒီမိုကရေစီကို ခုတုံးရှာ

လုပ်စားအုံးမှာလား?။

စဉ်းစား၊ အိုစဉ်းစားစမ်းပါလား?

ဒီမိုကရေစီအောင်ပွဲခံခဲ့တဲ့နေ့

အဲသည့်နေ့မှာ ပြန်လာခဲ့မှာလား?။



Singapore မှာ အနေကြာသွား

Engineer ဗိသုကာသမား လူညိုထွား

ခင်ဗျားတို့သူငယ်ချင်းဖုန်းမော်လေး

သွေးခင်းပေးခဲ့ရ

တော်လှန်ရေးသစ္စာများ

မေ့သွားပြီလား?

မေ့နိုင်ရက်ပြီလား?

စဉ်းစားပေးပါလား?

တံတားနီမှာကျိုးပဲ့သွား

ခင်ဗျားတို့ရဲ့ T-squares များ

မှတ်မိသေးရဲ့လား?

South Africa, England, Norway,Australia, America မှာ ပညာရှာ

အို Doctor ကိုကိုရာ၊

လိပ်ခုံးထဲမှာခွဲစိတ်ခဲ့ရ ဖား…ငါးလေးတွေအော်သံများ

မေ့သွား…စိမ်းကားသွားပြီလား?



မြန်မာပြည်ထဲက ဆူဆူညံ

လူနာမျိုးစုံအသံ

Internet ခုံပေါ်ကြည့်

ဖတ်မိပါရဲ့လား?

မကြားနိုင်သေးဘူးလား?

နယ်စပ်တနေရာမှာ

အမှန်တရားဖွေရှာ

Sister စင်သီယာဆီ မေးကြည့်ပါလား?။



ရိုမီယို၊ ဂျူးလိယက်ထုံးနှလုံးမှု

တပြည်သူ/သားများအား

နဖူးစာရွာလည်ထိမ်းမြားသွား

မြန်မာပြည်သူ/သား

အန်တီစုကိုပမာထား

အားမကျဖူးလား?။



Lead, Rhyth, Bass တွဲလုံး

အဆန်းဆုံးသံစဉ်တွေဆိုတီး ….စည်းနဲ့ဝါး

အိုဂီတသမား မြန်မာပြည်သား

ပြည်တွင်းမှာ ခံစစ်တလူလူ

လေးဖြူ၊ ဇော်ဝင်းထွဋ် တော်လှန်ရေးအသီးသီး

ဂီတသစ်ရေးစီးပြို

အာဏာရှင်စနစ်ကို အံတုတိုက်ပွဲဝင်

ဟာသဘုရင်ပါပါလေးနဲ့ ဇာဂနာ

တခါတရံမှာ သတိရပါသေးရဲ့လား?။



တခါတုန်းကတက္ကသိုလ်ဆီ

လွမ်းရစ်ဝေသီ မှန်းမျှော်ရည်

သစ်ပုတ်ပင်အောင်မှာလွမ်း

အလွမ်းတွေရွှေရင်ဆို့တစ်

ဦးချစ်၊

မခွဲရက်နိုင်ဘဲ

R C

ထဲက Farewell ဂီတသံဆို

Eco နံဘေး ယမ်းဘီးလူးဆိုင်

သူနဲ့အတူထိုင်ခဲ့ အင်လျားကန်နံဘေး

ကြော်ဆိုင်လေး၊

တစိမ့်စိမ့်တွေးလျှောက်လှမ်း

ပုဂံလမ်း၊

အလွှမ်းစကားတွေလှိုင်ခဲ့ရ

Convo (Convocation Hall) ရှေ့အနား

အင်းလျားအဆောင်သူလေးအတွက် သီချင်းတွေဖွဲ့ဆို

အိုလူပျို ပင်းယဆောင်သား (ဂစ်တာသမား)

မာလာဆောင်အနား လွမ်းချင်းကိုဆို

မြရိပ်ညိုမှာအကြင်နာစကားတွေ

စန္ဒာဝေနဲ့သည်းသည်းအမြဲ

အသည်းမှာချို

မိုးတွေရွာနေတုန်း လှည်းတန်းဈေးအသွား(အပြင်ဦးသစ်)

မိုးမိုးအေးအနား ကဗျာလူသား

ကံကော်မြို့တော်ကြား အနှံတခို

ဆိုခဲ့ရသစ္စာစကားများကို(စု၊တု၊ပြု)

ငွေရတု၊ ရျှေရတု၊ စိန်ရတု၊ ပတ္တမြားရတု

သစ္စာရတုအမှုဆိုင်

မင်းကိုနိုင်ကိုစံပြုကဗျာတိုင်

အပြိုင်အဆိုင် ပြန်လည်ဆောင်ရွက်ကြစို့လား။



အကြောင်းကြောင်းကြောင့် အဝေးနေကြာသွား

အတက်ပညာရှာ၊ အသိပညာရှာ၊ စီးပွါးရှာ

မြန်မာပြည်သာ၊ ပြည်သူတို့ရေ

မြန်ပြည်၊ မြန်ရေ၊ မြန်မြေမှ ပေါက်ဖွား

အမိမြေရဲ့သစ္စာတရား

ကျေးဇူးတရားအထူးအမှတ်တရတွေးကြည့်

မမေ့နိုင်ပါဘိ။



ဟေ့-အတိတ်စိမ်းပန်းချီကား

ဖွင့်ကြည့်ကြစို့လား၊

ရွှေတိဂုံမှာတပေါင်းပွဲ

ဂျဒ်ဆင်ထဲကလရိပ်ပြာသန်း

အောင်ဆန်းကွင်းနံဘေးက တခြမ်းပဲ့ပလီအနား

စမူဆာသုတ်ကိုစားပြီး

ကန်တော်ကြီး၊ ကရဝိတ်အနား

ကာလီမာနတ်ဘုရား လှည့်လည်ပွဲအက

ရှုလို့မဝ

ကျောင်ပြေးပြီးသွားကြည့်ခဲ့ကြရ

အလှ၊ ဘဝ သရုပ်ဖော်

စစ်၊ အချစ်၊ အလွမ်း၊ အကြမ်းရသစုံ

သမ္မတ၊ ပပဝင်းရုပ်ရှင်ရုံ အစုံတလွှားမယ်

ငယ်ရည်းစားနဲ့ အလည်အတူသွား

အင်းလျား၊ ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ

နှစ်အကုန်သင်္ကြန်မှာအနှံ့သွားခဲ့ကြ

ငပလီ၊ မောင်းမကန်၊ ကျိုက်ထီးရိုးတောင်တော်

ရွှေစက်တော်၊ ဖောင်တော်ဦးအင်းလေး

မန္တလေးတောင်တော်က မြွေကြီးနှစ်ကောင်

တောင်ပြုံး၊ တောင်ကြီးကမြစိမ်းတောင်ဘုရား၊ သန်လျှင်ကျိုက်ခေါက်ရေလည်ဘုရား၊

ဖားအံအနား မြတ်စောညီနောင်ဘုရား၊ မြို့ဟောင်းမြို့အနား ရှစ်သောင်းဘုရား၊

မတူပီခံတပ်ဟောင်း၊ ဧရာဝတီအစ (မေခ၊ မလိခ) မြစ်ဆုံ၊

ပုံတောင်၊ ပုံညာ၊ မုံရွာ သံဗုံဒ္ဓေဘုရား၊ စစ်ကိုင်းတောင်ဘုရား၊

ပုပ္ပါးအသွားမျောက်ကလေးများ၊ ရတနာတွေအစီအရီတိုက်စိုး

မိုးကုတ်မြေအလှ

အို ရေးပြရမစုံနိုင် မကုန်နိုင်

စာဖွဲ့ရမကုန်နိုင် မစုံနိုင်

သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင်

အသွေးညီညီ အလှတွေကိုယ်စီ။



ဟေး

ဒို့မြန်ပြည်ရဲ့ရှုမောသာယာ

စုံစွာအလှရေးဖွဲ့လို့ မဝပေ

ညှင်းသဲ့သဲ့မုတ်သုန်လေအလူး

မင်းလွင်ကမြူး၊ ဥသြသံချို

လေနုအေးစို၊ သင်းတမြမြ

အဆင်းလှလှ၊ နှင်းညတညမှာ

ဘယ်သူပြိုင်လို့ လှပါတော့နိုင်။



နိုင်ငံဇာတိ၊ အမိမြန်မာ

ဒို့ပြေ၊ ဒို့မြေ၊ ဒို့ရပ်ရွာအား

အသင်လူသား….မြန်မာပြည်သား

ခွဲခြမ်းစိတ်ဖြာ ပြန်လှန်စဉ်းစား

သတိ သတိ ရပါသေးလား?၊

အသိ အသိ ရှိပါသေးလား?၊

အတွေး အတွေး လွမ်းပါသေးလား?၊

အမြန် အမြန်ပြန်ကြစို့အရေး

မနှေးအမြန် တိုက်ပွဲခေါ်သံ

ဘယ်သံ ညာသံတွေ ဆူဆူညံ

ဒီမိုကရေစီအောင်လံတလူလူ

လွှင့်ထူကြစို့ ဒို့လူတို့၊

ကြိုးစားကြစို့ ဒို့လူတို့၊

စွန့်လွှတ်ကြစို့ ဒို့လူတို့။ ။



မှတ်ချက် ။ ။ ၈ ၈ ၈၈ (၁၄)နှစ်မြောက် အထိမ်းအမှတ်အတွက် ဒီမိုကရေစီ တိုက်ပွဲ ကျဆုံးသွားသော သူရဲကောင်းများအား ဦးညွှတ်ဂုဏ်ပြုလျက် ခံစားရေးသီပါသည်။

လိရိကနိမိတ်ပုံများ

Tuesday, August 4, 2009

ဂျပန်ရောက်မြန်မာများ ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲပြုလုပ်မည်

Invitation for 8888 Demonstration in Tokyo

ဆက်သွယ်နိုင်ရန်
Ko Than Swe - 090-4964-9718
Ko Myint Swe - 090-7247-6099
Ko Kyaw Kyaw Soe - 090-6031-4394
Ko Ko Aung - 090-1506-2893
Ko Mai Kyaw Oo - 03-5960-4440
Ko Hla Aye Maung - 090-2525-1966

Sunday, August 2, 2009

အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန် အပိုင်း(၁)

Political Science Research Worksheet

How to Interpret a Political Science

Researcher

Mg Si Thu

Date: September 1st, 2007

Discussion – "Strong Leadership for Burma's Future"

ရည်ညွန်းချက် ....... လူငယ်မျိုးဆက်သစ်များ

အထူးတင်ပြချက် ......... အနာဂတ်နိုင်ငံတော်နှင့် လူငယ်များ၏တာဝန်

အထူးသတိပြုရမည့်အချက်များ ......... အနာဂတ်နိုင်ငံတော်၊ နိုင်ငံရေးစနစ်၊ ပညာရေးစနစ်၊ စွမ်းအင်၊ စီးပွါးရေးစနစ်၊ လူမှုရေးစနစ်၊

အခြေခံ နိုင်ငံသိပ္ပံ မိတ်ဆက်

Introduction of Basic Political Science

The International Studies

နိုင်ငံတကာလေ့လာရေး

အခြေခံနိုင်ငံရေးသိပ္ပံဆိုသည်မှာ နိုင်ငံရေးများမည်သို့ဖြစ်ပေါ်လာပုံ၊ မည်သို့ဖွဲ့စည်းထားပုံ၊ နိုင်ငံသားတို့၏ တာဝန် ၀တ္တရားနှင့် အခွင့်အရေးများ၊ လည်းကောင်းတို့၏အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဟူသော မဏ္ဍိုင်ကြီးသုံးရပ်နှင့် နိုင်ငံတကာဆက်ဆံ ရေးမူဝါဒများအပေါ် ကျယ်ပြန့်စွာလေ့လာသော ပညာရပ်ဖြစ်သည်။

နိုင်ငံရေးပညာရပ်ဟုဆိုသော်လည်း ဖေါ်ပြမည်အကြောင်းအရာများသည် အရင်းရှင်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ စသည်ဖြစ်ဝါဒရေးရာဆိုင်ရာများမဟုတ်ပေ။

မည်သည့်ဝါဒ၊ မည်သည့်သဘောတရား၊ မည်သည့်စနစ်များကို လက်ခံကျင့်သုံးသည့်နိုင်ငံဖြစ်စေ နိုင်ငံတိုင်း ၌ရှိရမည့် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်းရေးဟူသော သက်ဆိုင်ရာ နိုင်ငံအစိုးရအပါအ၀င် တိကျစွာလိုက်နာရန်၊ ပြုလုပ်ရန်နှင့် အဓိကတာဝန် ကြီးလည်းဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး သုံးခုအားဗဟိုပြု၍ အစိုးရ အုပ်ချုပ်ရေး ယန္တရား ဆိုင်ရာများကို လေ့လာသောအကြောင်းအရာများသာဖြစ်သည်။

ဤစာပေများသည် ကမ္ဘာပေါ်ရှိနိုင်ငံများ၏ နိုင်ငံရေးအခြေအနေတို့အား၎င်း၊ နိုင်ငံအုပ်ချုပ်ရေးစနစ်များ၏ မူလ အစောပိုင်း ကာလ၊ နိုင်ငံရေးဆိုင်ရာမူလအစောပိုင်းကာလများမှ ကမ္ဘာကျော်ပညာရှင်များ၏ အတွေးအခေါ် အယူအဆ များဖြင့် ပြန်လည်ဆန်းစစ် သုတေသနပြုခြင်းနှင့် အနာဂတ်အလားအလာများအတွက် စဉ်းစားတွေးခေါ်နိုင်ရန် အခြေခံ တစ်ခုအဖြစ်သာရည်ရွယ်ပါသည်။

Political

နိုင်ငံရေးဆိုသည်မှာ အဘယ်နည်း။

နိုင်ငံရေးဆိုသည်မှာ လူသားတို့သည် မိမိတို့နေထိုင်သည့် နိုင်ငံတစ်နိုင်ငံအတွင်း၌၎င်း၊ မိမိတို့နေထိုင်ရာ ဤကမ္ဘာ မြေကြီး အတွင်း၌သော်၎င်း နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွါးရေး အစ ရှိသော အရေး အရာကိစ္စများအတွက် မိမိတို့ဘ၀တလျှောက် ရုန်းကန်းလှုပ်ရှားရသောဖြစ်စဉ်သာဖြစ်၏။

ဤလောက၌ လူရယ်လို့ဖြစ်လာသောအခါ နေမှု၊ ထိုင်မှု၊ စားသောက်မှုဆိုသောကိစ္စတို့သည် မလွဲမသွေ လှုပ်ရှား ရုန်းကန်ကြ ရမှာဖြစ်ပါ၏။ ဤသည်မှာ သဘာဝပင်ဖြစ်ပါ၏။
လူသားတွေသည် မွေးဖွါးကြီးပြင်းလာပြီးနောက် သေဆုံးသောအချိန်ထိ မိမိတို့ဘ၀ကို ရုန်းကန်လှုပ်ရှား သွားရ တာချည်းပင်ဖြစ်ပါ၏။ သက်သက်သာသာရုန်းကန်ရခြင်းနှင့်ဆင်းရဲပင်ပမ်းစွာ ရုန်းကန်ရခြင်း၌ သာကွာခြား သော်ငြား လည်း အားလုံးသော လူသား တွေသည် အသက်ရှင်နေထိုင်ရစဉ်ကာလတလျှောက်လုံး၌ ဘ၀ကို အမျိုးမျိုးသော အခက် အခဲများအကြား ရုန်းကန်ဖြတ် သန်း ကြရမည်သာဖြစ်ပါ၏။

ဤသည်ကိုပင် လူတယောက်၏နိုင်ငံရေးဖြစ်စဉ်ဟုဆိုပါ၏။ ဤကမ္ဘာလောက၌ လူတဦးတယောက်တည်းသာ အသက်ရှင် ရုန်းကန်ရသည်မဟုတ်ပေ။ ဤကမ္ဘာမြေ၌ လူသားသန်းပေါင်းများစွာတို့သည် တပြိုင်နက်တည်းဘ၀ကို ရုန်းကန်ဖြတ်သန်းနေရသောကြောင့် လူသားသန်းပေါင်းများစွာပါဝင်လှုပ်ရှားနေသောနိုင်ငံရေးဖြစ်စဉ်ကြီးသည် မိမိတို့၏ မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ ဒေသ၊ မိမိတို့၏နိုင်ငံ ထိုမှတဆင့် ကမ္ဘာနှင့်အ၀န်းဆီသို့ ဆင့်ကဲဆင့်ကဲ ပေါင်းကူး ဆက်စပ်လျှက် ဤကမ္ဘာကြီးနှင့်ဤလူသားတွေ တည်ရှိ နေသ၍ တနည်းအားဖြင့် လူတို့၏စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွါးရေး စသည့်လူမှုစီးပွါးအရေးအရာကိစ္စများ တည်ရှိနေသ၍ ဤနိုင်ငံရေးဖြစ်စဉ်ကြီးသည် အစဉ်အမြဲဖြစ်ပေါ်နေ မည်သာဖြစ်ပါ၏။

မြန်မာ့လူ့အဖွဲ့အစည်း၌ နိုင်ငံရေးဟုဆိုလိုက်သည်နှင့် အစိုးရအုပ်ချုပ်ရေး၊ ပါတီအဖွဲ့အစည်း၊ အစိုးရ ဆန့်ကျင် ခြင်း၊ အစိုးရထောက်ခံခြင်း၊ တော်လှန်ခြင်း၊ စစ်မက်ဖြစ်ပွါးခြင်း စသဖြင့် လူအများစုသည် လျှင်မြန်စွာဖြင့်အလွယ်တကူ နားလည်တတ်ကြပါ၏။ အမှန်အားဖြင့် "နိုင်ငံရေး" ဟူသော အနက်အဓိပ္ပါယ်အားသည်ထက်ပို၍ သဘောပေါက် နားလည် ထားသင့်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မိမိဘ၀နှင့် တိုက်ရိုက်ပတ်သက်နေသောကြောင့်ပင်ဖြစ်ပါ၏။
ဥပမာအားဖြင့် အိမ်ထောင်စုတစုအတွင်း၌ စားဝတ်နေရေး၊ မိသားစုအတွင်းကျန်းမာရေး စသည်လို အပ်ချက် များအား နေ့တဓူဝတွေ့ကြုံဖြည့်စည်းနေရမည်သာဖြစ်၏။ ဤသို့ဖြည့်စွမ်းပေးနိုင်ရန်အတွက် လုပ်အား၊ ငွေကြေး၊ ၀န်ဆောင်မှုတွေသည် ထပ်မံ လိုအပ်လာမည်ဖြစ်ပါ၏။

ထိုလိုအပ်ချက်အားလုံးသည် မိမိတို့မိသားစုအ၀န်းအ၀ိုင်း၏ ပတ်ဝန်းကျင်နယ်ပယ် အပြင်ဘက်သို့ရောက်ရှိ သွားးမည်ဖြစ်ပြီး အခြားအခြားသော မိသားစုတို့၏ပတ်ဝန်းကျင်နယ်ပယ်နှင့်ပေါင်းကူးဆက်စပ်သွာမည်ဖြစ်ပါ၏။
ထိုအခါ စား၊ ၀တ်၊ နေရေး၊ ကျန်းမားရေး၊ ငွေကြေး၊ လုပ်အားနှင့် ၀န်ဆောင်မှု စသည့်တို့၏ လိုအပ်ချက်တွေသည် ပိုမိုနက် ရှိုင်းကြီးမား လာမည်သာဖြစ်ပြီး ထိုမှတဆင့် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ ပြည်နယ်တစ်ခု၊ နိုင်ငံတစ်ခု စသဖြင့် ပိုမိုကျယ်ပြန့်သွားပြီး နောက်ဆုံး ကမ္ဘာနှင်အ၀န်းဆီသို့ ငြိမ်သက်နေသော ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံးကျသွား သည့်အခါ၌ ဖြစ်ပေါ်လာသော လှိုင်းဂယက် ပမာ အရပ်မျက်နှာအဘက်ဘက်ဆီသို့ ပျံနှံ ရိုက်ခတ်သွားပြီး အပြန်အလှန် ပေါင်းကူး ဆက်စပ်သွားမည်ဖြစ်၏။

တနည်းအားဖြစ် နိုင်ငံရေးဖြစ်စဉ်ဆိုသည်မှာ လူတစ်ယောက်၊ မိသားစုတစ်စုဆီမှ လူသန်းပေါင်းများစွာ၊ အိမ်ထောင်စု သန်းပေါင်းများစွာတို့၏ စားဝတ်နေမှုကိစ္စရပ်များ၊ ထိုမှတဆင့် ဆက်စပ်ဖြစ်ပေါ်လာသော ပြဿနာများအား အနည်းစုမှအများစုအထိ ဆက်စပ်ဖြေရှင်းရသောဖြစ်စဉ်သာဖြစ်၏၊

တနည်းအားဖြင့် ပြဿနာများအား ဖြေရှင်းပေးသော နည်းစနစ်များအား ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်း၊ ငြင်းခုန်ခြင်း၊ ပြိုကွဲခြင်း၊ တိုက်ခိုက်ခြင်း၊ စသည့်အကျိုးဆက်များအား မိမိတို့ပြုလုပ်လိုသော အကြောင်းတရားအပေါ်မှီ၍ အကျိုးဆက် ဟူသည် ဖြစ်ပေါ် စေမည်သာဖြစ်ပါ၏။

ထို့ကြောင့် နိုင်ငံရေးဟူသောစကားလုံးနှင့်အတူ ဤကမ္ဘာမြေ၌ ငြိမ်းချမ်းရေးဟူသောစကားရပ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၅၇၀)ခန့်ကတည်းက ပေါ်ထွက်လာခဲ့ပါ၏။ ထိုမှစ၍ လူတို့၏စားဝတ်နေရေး ကျန်းမာရေး၊ စီးပွါးရေး စသည့်ပြဿနာရပ်များအား ဖြေရှင်းရာ၌ ငြိမ်းချမ်းစွာဖြေရှင်းရေးဟူသောဖြစ်စဉ်သည် ပြဿနာရပ်များအပေါ် ချဉ်းကပ် ဖြေရှင်းရာ၌ ယနေ့ထက်တိုင် ပထမနေရာမှစ၍ စဉ်းစားဆုံးဖြတ်သောအစဉ်အလာတရပ် ပေါ်ထွန်းလာ ခဲ့ခြင်းသာဖြစ်ပါ၏။

နိုင်ငံရေးဟူသည် မိမိတို့၏အရေးကိစ္စသာဖြစ်၏၊ နိုင်ငံရေးအားစဉ်းစားရာ၌ မိမိတို့၏ဖြစ်စဉ်နှင့်တိုက်ရိုက် ချဉ်းကပ် စဉ်းစား ရန်လိုပါ၏။ ဝေဖန်ဆန်းစစ်ရန်လိုပါ၏။ တွေးခေါ်မြော်မြင်၍ အဖြေရှာရန်လို၏။ သို့မဟုတ်ပါက မိမိသည် လူသား တယောက် ၌ရှိသော လောကတာဝန်ဝတ္တရားအပေါ် တာဝန်ကျေပြွန်လိမ့်မည်မဟုတ်ပေ။

"လူ"ဟူသည် လူသားတာဝန် ကျေပြွန်ရန်လိုအပ်ပါ၏၊ ဤလောက၌ မိမိ၏ကာယအား၊ ဉာဏအားတွေဖြင့် ဤကမ္ဘာ လောကအကျိုး၊ ဤလူသားတွေအကျိုးစီးပွါးကိုဆောင်ရွက်သည့်နေရာ၌ တစ်တပ်တစ်အားပါဝင်သင့်ပေ၏။ ဤသို့ တစ်တပ် တစ်အား ပါဝင်ရာ၌လည်း မိမိအကျိုးစီးပွါး တစ်ခုတည်းကိုကြည့်၍ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိ အကျိုးစီးပွါးထက် အများအကျိုး စီးပွါးကို ရှေ့ရှုသော ကာယအား ဉာဏအားမျိုးသာ ဖြစ်သင့်ပါ၏။ သို့မှသာ မိမိ၊ မိမိတို့၏မိသားစု၊ မိမိတို့၏ပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့၏နိုင်ငံ၊ မိမိတို့၏ ဤကမ္ဘာ၌ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်ကြီးဖြစ်ပေါ်နေမည်ဖြစ်ပါ၏။

ဤသို့အားဖြင့် နိုင်ငံရေးဟူသည် မိမိတို့ရှင်သန်နေထိုင်ရာ ဤကမ္ဘာကြီး၌ လူသားအားလုံးတို့သည် မိမိတို့ အသက်ရှင်နေသ၍ ကာလပတ်လုံး နေ့တဓူဝရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးတည်းအတွက်ဟူသော ရုန်းကန် လှုပ်ရှားနေရသည့်ဖြစ်စဉ် တနည်းအားဖြင့် ဒုက္ခသစ္စာ (အမြဲတမ်းမှန်ကန်စွာ မဖေါက်မပြန်ဖြစ် ပေါ်နေသော ဆင်းရဲခြင်း အမှန်တရား) ပင်ဖြစ်ပါ၏။

နိုင်ငံရေးသီအိုရီ

Political Theories

နိုင်ငံရေးနှင့်ပတ်သက်သော အတွေးအခေါ်အယူအဆများသည် အခြေခံအားဖြင့် လူ တို့၏စားဝတ်နေမှု၊ ကျန်းမာရေး၊ စီးပွါးရေး၊ ပညာရေး စသဖြင့် နေ့တဓူဝတွေ့ကြုံဖြတ်သန်းနေရသော အခြေအနေများဖြစ်၏၊ ထိုမှတဖန် ပိုမိုကျယ်ပြန့်လာ မိသားစုအခြေအနေမှ၊ မိမိပတ်ဝန်းကျင်၊ မိမိတို့၏ဒေသ၊ မိမိတို့တိုင်းနိုင်ငံမှ တဆင့်ကမ္ဘာနှင့် အ၀န်း ကျယ်ပြန်စွာ ဆက်စပ်လျှက်ရှိနေသောအခြေအနေများထိ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသော ကာလသုံးပါး အပေါ် ဗဟိုပြု၍ ချဲ့ထွင်စဉ်းစားခဲ့ကြပါ၏။
ထို့ကြောင့်ပင် နိုင်ငံရေးအတွေးအခေါ်များသည် အခြေခံအားဖြင့် အောက်ပါအချက်အလက် အခြေအနေများ အပေါ် အခြေခံကျကျမှုတည်၍ နိုင်ငံရေးဆိုင်ရာ အတွေးအခေါ်အယူအဆများကို ထုတ်ဖေါ်တင်ပြလာခဲ့ခြင်းဖြစ်၏။

1.နိုင်ငံတော်
2.အစိုးရစနစ်
3.မူဝါဒများ
4.အုပ်ချုပ်ရေးစနစ်
5.တရားစီရင်ရေးစနစ်
6.ဥပဒေပြုရေး
7.လူမျိုးရေးပြဿနာများ
8.ဘာသာရေးဆိုင်ရာပြဿနာများ
9.လွတ်လပ်ခွင့်ဆိုင်ရာပြဿနာများ
10.မြေယာပစ္စည်းပိုင်ဆိုင်မှုပြဿနာများ
11.လူသားများရရှိသင့်သော အခွင့်အရေးဆိုင်ရာပြဿနာများ
12.တရားဝင်မှတ်ပုံတင်ခွင်နှင့် အသင်းအဖွဲ့များဆိုင်ရာပြဿနာများ
13.တောင်သူလယ်သမားအရေးဆိုင်ရာပြဿနာများ
14.အလုပ်သမားဆိုင်ရာပြဿနာများ


စသည့်အချက်များ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများ၊ ဖြစ်ပေါ်နေဆဲအခြေအနေများ၊ ဖြစ်ပေါ်လတ္တံခန့်မှန်း အခြေအနေ များအပေါ် အခြေခံ၍ ဤကမ္ဘာ၌ နိုင်ငံရေးအယူအဆများကို ရှေးခေတ်ပုဂ္ဂိုလ်ကြီးများက အမျိုးမျိုးသောနည်းလမ်းများ၊ စနစ်များအဖြစ် ဖေါ်ထုတ် ခဲ့ကြပါ၏။ ဤကဲ့သို့နိုင်ငံရေးအယူအဆများအား ဖေါ်ထုတ်ခဲ့ရာ၌ ရှေးခေတ် (ဘီစီ-၅၀၀ ) ခန့်မှစတင်ခဲ့ကြပြီး ယနေ့ထက်တိုင် ထင်းရှားပါ၏။

ရှေးခေတ်နိုင်ငံရေး အယူအဆများနှင့် မျက်မှောက်ကျင့်သုံးနေသော နိုင်ငံရေးအယူအဆများ

ပဒေသရာဇ်(ဘုရင်အုပ်ချုပ်သောစနစ်) (Monarchy)
မင်းဆိုးမင်းညစ်စနစ် (Tyranny)
ကွန်ဖြူးရှပ် (China, Confucius)
ဆိုခရေးတီးစ် (Realism, Naturalism, Greek)
အရစ္စတိုကရေစီ(အထက်တန်းလွှာ၊ မျိုးရိုးကြီးအုပ်ချုပ်မှု) (Rule by the Best)
ပလေတိုကရေစီ (Greek, Rule by the Wealth)
လူတစုကမိမိတို့အကျိုးစီးပွါးအတွက် အုပ်ချုပ်ခြင်း (Oligarchy)
တောက်ဝါဒ (China, Taoism)
ဒီမိုကရေစီ(ပြည်သူလူထုမှအုပ်ချုပ်သောစနစ်) (Democracy)
အရင်းရှင်ဝါဒ (Capitalism)
ကိုလိုနီဝါဒ (Colonism)
ကွန်မြူနစ်ဝါဒ (Communist) (Karl Marx)


အပိုင်းလိုက်ခွဲ၍ ဆက်လက်တင်ပြသွားပါမည်။


သန်းရွှေ ဘာဆက်လုပ်မှာလဲ … ဘယ်လမ်းကိုရွေးတော့မှာလဲ … ?

ွလွင်အောင်စိုး။ တိုကျို

Saturday, August 1, 2009

ဇူလိုင်လ ၃၁ရက် ဂျပန်ရောက်မြန်မာများ ဆန္ဒပြပွဲမှတ်တမ်း



၂၀၀၉ ဇူလိုင်လ ၃၁ရက်နေ့လည် ၁၂နာရီအချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှိနာဂါဝါမြို့နယ် နအဖ အခွန်ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို စီရင်ချက်ချမည့် ကိစ္စအတွက် ဤမတရားမှုကို ကန့်ကွက်ကြောင်း ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ ဆန္ဒပြခဲ့ကြပါသည်။ စုစုပေါင်းအင်အား ၂၅၀ ခန့်တက် ရောက်ခဲ့ကြပြီး၊ ညနေ ၄နာရီတွင် ဆန္ဒပြပွဲအခမ်းအနား ပြီးဆုံးခဲ့ပါသည်။

အဆိုပါဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံမှ ခေတ္တရောက်ရှိနေသူ ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF) မှ ` ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုများ ကို အားရကျေနပ်မိကြောင်း၊ အင်အား၃ရပ် (နယ်စပ်ဒေသ၊ နိုင်ငံတကာ၊ မြန်မာပြည်တွင်း) ဟန်ချက်ညီလှုပ်ရှားမှ အောင်မြင်နိုင်ကြောင်း၊ နအဖ၏ နိုင်ငံရေး အကျပ်အတည်း၅ရပ် (ဒေါ်အောင်ဆန်းစုကြည် ကိစ္စ၊ စစ်တပ်တွင်းမတည်ငြိမ်မှု၊ ကမ္ဘာ့စီးပွားပျက်ကပ်၊ ၂၀၁၀ ရွေးကောက်ပွဲ၏ စိန်ခေါ်မှု၊ အပစ်အခပ်ရပ်စဲရေး) တို့ကိုထောက်ပြ ဝေဖန်ခဲ့ပါသည်။

အမေရိကန်မှ ခေတ္တရောက်ရှိနေသူ ကိုမိုးသီးဇွန်မှလည်း `၈၈` မှ ယနေ့ထိ ၂၁နှစ် တိုင် အောင် မြန်မာပြည်တွင် အဓမ္မဝါဒီတို့နှင့် တရားမျှတမှု တို့စစ် ဖြစ်နေရကြောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မှ အပြုသဘောကမ်းလှမ်းချက် ကို ငြင်းဆန်ခဲ့သော နအဖ၏ လုပ်ရပ်ကိုဝေဖန်ရှုတ်ချ လိုက်ပြီး ယခင် မိမိလာရောက်ခဲ့သော နှစ်များထက် ဒီမိုကရေစီ အင်အားစုများ တိုးပွားလာသည်ကို မြင်ရ၍ အားတက်မိကြောင်း ပြောကြားခဲ့ပါသည်။

အလားတူ အမေရိကန်မှ ခေတ္တရောက်ရှိနေသူ ကိုမြတ်စိုး (ဗကသ အဖွဲ့ဝင်ဟောင်း -အမေရိက)မှ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဆန့်ကျင် သွေဖည်နေသော နအဖ၏လုပ်ရပ်များကို ဝေဖန်ပြောကြားသွားခဲ့ကြသည်။

ဓါတ်ပုံ ။ ကိုသန်းဝင်း၊ သတင်းအချက်အလက်များကို ကိုစိုးအောင်ဝင်းထံမှ ရယူပါသည်။
ရေးသားပေးပို့သူ-ဖြိုးဝေ

ရှစ်လေးလုံး အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲကို ဩဂုတ်လ ၈ ရက် စနေနေ့ နေ့လည် ၂နာရီခွဲ တိုကျိုမြို့ GOTANDA မြို့နယ် ပန်းခြံ တွင် စုဝေး၍ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More