This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, March 29, 2010

န အ ဖ တပ်မတော်၏ အရည်အချင်း(၃)ရပ်


၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက်မြန်မာများ ဆန့်ကျင်ကန့်ကွက်

View all
Get your own


တိုကျို၊ မတ်(၂၈)
သတင်း-သန့်မျိုးထွေး၊ နန်းအိမွန်ချစ်
တိုင်းရင်းသားများ၏ တန်တူကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့်ပြည်သူတရပ်လုံးကို ထာဝရစစ်ကျွန်ပြုရေးအတွက် စနစ်တကျရေးဆွဲထားသည့် ၂၀၀၈အခြေခံဥပဒေကို အခြေခံထား၍ ယခုနှစ်အတွင်း ကျင်းပပြုလုပ်သွားဖွယ်ရှိသည့် နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည် တရားမျှတမှုမရှိသည့်အပြင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးတွင်မပါဝင်နိုင်အောင် ရည်ရွယ်ချက်ရှိရှိဖြင့်ရေးဆွဲပြဋ္ဌာန်းလိုက်သည့်အတွက် ဂျပန်ရောက်တိုင်းရင်းသားများနှင့် ဒီမိုကရေစီအင်အားစုများက ကြေငြာချက်တစောင်ကို စုစည်းထုတ်ပြန်၍ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

ဂျပန်ရှိ ပုညကာရီမွန်အမျိုးသားအသင်း၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စသည့် တိုင်းရင်းသားအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(AUN-Japan)က ဦးဆောင်ကျင်းပပြုလုပ်သည့် ၂၀၁၀ရွေးကောက်ပွဲ ဆိုင်ရာဥပဒေများ ဆန့်ကျင်ကန့်ကွက်ပွဲတွင် အဆိုပါကြေငြာချက်ကို တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးက သဘောထားတညီတညွတ်တည်းဖြင့်ကွန့်ကွက်လိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီဝင်ဖြစ်သူများသည် ထောင်ကျသူများ၊ တရားရုံးတခု၏ ထောင်ဒဏ်စီရင်မှု(သို့မဟုတ်)အယူခံစီရင်မှုကို မကျေနပ်၍ အယူခံပြင်ဆင်မှုကို လျှောက်ထားသူများလည်းပါဝင်သည်ဟုဆိုထားသည့်အတွက် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးတွင်ပါဝင်ခွင့်မရှိအောင် ရေးဆွဲထားသည့်အပြင် ဧည့်နိုင်ငံသားကိုပင် ပါတီထောင်ခွင့်ပေးထားသည့်အတွက် လူ့အခွင့်အရေးကို လွန်စွာချိုးဖောက်ထားကြောင်း အန်အယ်လ်ဒီ(အယ်လ်အေ-ဂျပန်)ဒုဥက္ကဋ္ဌ ဦးလှဟန်ကထောက်ပြပြောဆိုသည်။

"ဧည့်နိုင်ငံသား(သို့မဟုတ်)ဧည့်နိုင်ငံသားလျှောက်ထားဆဲ ယာယီထောက်ခံချက်လက်မှတ်ရထားတဲ့သူတောင် ပါတီဝင်ခွင့်ပေးထားတယ်၊ သို့သော်ရွေးကောက်ပွဲကို ၀င်ရောက်ရွေးချယ်ခွင့်မပေးထားပြန်ဘူးဆိုတဲ့အခါ ဘာရည်ရွယ်ချက်နဲ့ ပါတီထောင်ခွင့်ပေးတာလဲ၊ အဲ့ဒိအချက်တွေကိုထည့်ပြီးရေးဆွဲထားတဲ့အခါမှာ သေသေချာချာလေ့လာသင့်တယ်လို့ ထင်တယ်"ဟု၎င်းကပြောဆိုသည်။
ဥပဒေဆိုသည်မှာ ဥပဒေစည်းကမ်းနှင့်ညီသော ဥပဒေကိုသာ ထုတ်ပြန်ရမှာဖြစ်ပြီး လုပ်ထုံးလုပ်နည်းမပါဝင်ရပါ၊ သို့သော် ယခုရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင်လုပ်ထုံးလုပ်နည်းကအစ ဥပဒေနှင့်တည်အောင်ရေးထားတာဖြစ်သည့်အတွက် လွန်စွာတင်းကျပ်ထားသည့်အပြင် ရွေးကောက်ပွဲပြီးဆုံး၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ခွင့်ရရှိလာစေကာမှု နောက်ထပ် ထပ်မံပြုလုပ်သည့်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲကော်မရှင်ကပင် ယင်းဥပဒေများဖြင့်နိုင်ငံရေးအကျဉ်းသားများပါဝင်မှုကို ၀င်ရောက်စွတ်ဖက်ခွင့်ရှိနေသေးသည်ဟု ဦးလှဟန်ကပင်ဆက်လက်ပြောဆိုသည်။

ချင်းတိုင်းရင်းသားခေါင်းဆောင်ဦးနန်လျန်းထန်က"နအဖရဲ့ လမ်းပြမြေပုံ(၇)ချက်ကို ကျနော်တို့ တိုင်းရင်းသားတွေ တောက်လျှောက်ကန့်ကွက်တယ်၊ လက်မခံဘူး၊ ဆက်လုပ်တယ်၊ ဒါ့ကြောင့်နအဖက သူရဲ့လမ်းပြမြေပုံ(၇)ချက်အရ အမျိုးသားညီလာခံကျင်းပတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြဋ္ဌာန်းတယ်၊ ရွေးကောက်ပွဲကျင်းပပေးမယ်၊ လွတ်တော်ခေါ်မယ်၊ ပြီးမှသူ့ရဲ့အဆင့်တွေအမျိုးမျိုးနဲ့ နိုင်ငံရေးကိုကစားနေတာ၊ ဒီကစားနေတာတောက်လျှောက်ကို ကျနော်တို့ကဆန့်ကျင်တယ်"ဟုပြောဆိုသည်။

အာဏာသိမ်းနအဖစစ်အုပ်စုအနေနှင့် (၉၀)ခုနှစ်ရွေးကောက်ပွဲရလဒ်ကိုချေဖျက်လိုနေပြီး ၄င်းတို့အနေနှင့် ဥပဒေအရတရားဝင်မှုကိုလိုချင်သည့်အတွက် တဖက်သတ်ရေးဆွဲထားသည့် ၂၀၀၈ အခြေခံဥပဒေကို အတင်းအဓမ္မအသက်သွင်းလိုသောကြောင့် (၉၀)ခုနှစ်ရွေးကောက်ပွဲအနိုင်ရ အဓိကပြည်တွင်းအင်အားစုကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ယခုပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများဥပဒေအရ ပါတီမှတ်ပုံတင်ခြင်းကို ပြုလုပ်မည်၊ မပြုလုပ်မည်ကို မနက်ဖြန်မတ်လ(၂၉)ရက်နေ့တွင်ဆုံးဖြတ်မှာဖြစ်သည်။

"ကျနော်တို့(AUN)အနေနဲ့ ပြည်တွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ တစုံတရာ ကန့်ကွက်ပြောဆိုမှာမဟုတ်ဘူး၊ သူတို့လည်း အကျပ်အတည်းနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့အတွက်ကြောင့် ပြည်တွင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာကို အခက်အခဲတွေကြားကနေ ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။ ကျနော်တို့(အေယူအန်-ဂျပန်)အနေနဲ့ကတော့ မ၀င်စေချင်ဘူး၊ ကျနော်တို့ကတော့ ကန့်ကွက်ပါတယ်"ဟု (အေယူအန်-ဂျပန်)ဥက္ကဋ္ဌနှင့်အခမ်းအနား၏ သဘာပတိဖြစ်သူ ဦးစိုင်းစီဝမ်းက မိုးသောက်ကြယ်သို့ရှင်းပြသည်။
ဂျပန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာန)မှလည်း ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားတွင် ပြောကြားသွားခဲ့ပြီး ဂျပန်အစိုးရထံသို့လည်း နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုအောင် တင်ပြပြောဆိုဖို့စီစဉ်ထားသည်ဟုလည်း ဆက်လက်ရှင်းပြခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲနှင့်နည်းဥပဒေများကို ဆန့်ကျင်ကွန့်ကွက်မှုသည် လွတ်မြောက်နယ်မြေဂျပန်ရှိ တိုင်းရင်းသားများနှင့်ဒီမိုကရေစီလှုပ်ရှားသူများ၏ ပထမဦးဆုံးအကြိမ်ကန့်ကွက်မှုဖြစ်ပြီး တိုကျိုမြို့၊ အိုးစုခအရပ်တွင်ပြုလုပ်သည့် ကန့်ကွက်ပွဲသို့ တက်ရောက်သူ (၁၀၀)၀န်းကျင်ခန့်ရှိပြီး ညနေ(၆)နာရီမှစတင်၍ (၉)နာရီအထိ (၃)နာရီကြာဝိုင်းဝန်းဆွေးနွေး၍ တညီတညွတ်တည်း ကန့်ကွက်ရှုတ်ချလိုက်ခြင်းဖြစ်သည်။

မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

Saturday, March 27, 2010

ပျက် ဖြစ်(ကျော်သူ)


လူဆိုသည်မှာ မွေးပြီးလျှင်သေကြမည်သာဖြစ်သည်။

သတ္တ၀ါမှန်သမျှ ဖြစ်လိုက်ပျက်လိုက် ဖြစ်တော့သည်။

ဒါကတော့ . . . တရားသဘောအရပင်။ သို့သော် ကျွန်ုပ်တို့၏ ပေးဆပ်မှုများကတော့ . . . ပျက်လိုက်ဖြစ်လိုက် (ပျက်ဖြစ်)ပင် ဖြစ်တော့သည်။

ဤတွင် . . . ကျွန်ုပ်တို့သည် တရားသဘောကို ဆန့်ကျင်ခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ဗုဒ္ဓ၏ဟောကြားချက်ကို ဖီလာပြုခြင်းမဟုတ်ပါ။

ကျွန်ုပ်တို့သည် ဒိဋ္ဌိအယူစွဲများ မဟုတ်ပါ။

ကျွန်ုပ်တို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်များသာဖြစ်သည်။

မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာကို လက်ကိုင်ပြု၍ ကျင့်ကြံပွားများနေသူတို့သာ ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် . . . ``ဖြစ်ပျက်´´လောကကြီးထဲတွင် ရပ်တည်နေကြရင်းနှင့် အများအတွက် အကျိုးရှိစေမည့်၊ အကျိုးပြုစေမည့် ကုသိုလ်ကောင်းမှုများကို လုပ်ကိုင်ရာ၌ ``ပျက်ဖြစ်´´ လုပ်ငန်း၊ လမ်းစဉ်တို့ကို ကျင့်သုံးမိတော့သည်။

အကြောင်းရင်းကို ရှင်းပြရသော် . . .

လူဆိုသော သတ္တ၀ါတို့သည် မွေးဖွားခြင်း (ပဋိသန္ဓေနေခြင်း) နှင့် ခန္ဓာအိမ်မှ ထွက်ခွာမှု (သေဆုံးခြင်း) ဆိုသည့် ကြားကာလတွင် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှား သံသရာလည်ပတ်နေကြသည်။ ထိုသံသရာစက်ဝိုင်းအတွင်း လည်ပတ်နေစဉ်ကာလ၌ အကြောင်းကြောင်းကြောင့် ခြေလက်ကျိုးပဲ့ခြင်း၊ အစာအိမ်ထိခိုက်ခြင်း၊ နှလုံးထိခိုက်ခြင်း၊ မျက်စိထိခိုက်ခြင်း စသဖြင့် ခန္ဓာကိုယ်၏ ဦးခေါင်းမှ ခြေဖ၀ါးအဆုံး ဖေါက်ပြန်/ ပျက်ဆီးဆုံးရှုံးခြင်းများကို အပျက်သဘောအားဖြင့် ကြုံတွေ့ကြရမည်ဖြစ်သည်။ သက်မဲ့ပစ္စည်းများဖြစ်သော နာရီ၊ ပန်ကာ၊ မော်တော်ယာဉ်၊ စက်ဘီးစသည်တို့လည်း ဖန်တီး/ ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် "ဖြစ်” ၍ သုံးစွဲ/ယိုယွင်းခြင်းအားဖြင့် “ပျက်”ခြင်း တို့ပင်ဖြစ်တော့သည်။ ယင်း သက်မဲ့ပစ္စည်းများ ချို့ယွင်း ပျက်စီးခဲ့ပါက လူသားတို့သည် ပြန်လည်ပြုပြင်သုံးစွဲကြသကဲ့သို့ လူသားတို့၏ ချို့ယွင်း ဖျက်ဆီးမှု တို့ကို မည်သူတို့က ပြန်လည်ပြုပြင်မွမ်းမံမှုများကို လုပ်မည်နည်း။

လူအချင်းချင်း စာနာစိတ်များထားရှိရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။
လူအချင်းချင်း မေတ္တာစိတ်များပွားများရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။
လူအချင်းချင်း ဂရုဏာစိတ်များထားရှိရန် ကျွန်ုတို့၏ တာဝန်ပင်ဖြစ်တော့သည်။

ဤတာဝန်၊ ၀တ္တရား၊ ခံယူချက်တို့ကို မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် ခိုင်းစေတာဝန်ပေးအပ်ခြင်းမဟုတ်။ ကျွန်ုပ်တို့၏ လူပီသသော အသိဥာဏ်၊ လူပီသသော ခံယူ ချက်၊ လူပီသသောဝတ္တရားများသည် ဖြတ်သန်းလာခဲ့ရသောဘ၀ရဲ့ သင်ခန်းစာ၊ ဘ၀ရဲ့ အတွေ့အကြုံ၊ ဘ၀ရဲ့ နာကျည်းချက်၊ ဘ၀ရဲ့ဒဏ်ရာဒဏ်ချက်များနှင့် ပဏ္ဍိတဆရာသမားများ ၏ ဆုံးမမှုများကြောင့် ကျွန်ုပ်တို့ကိုယ် ကျွန်ုပ်တို့ ပြုပြင်ပြောင်းလဲမှုများလုပ်ကာ ဗုဒ္ဓရဲ့လမ်းစဉ် အတိုင်းလျှောက်လှမ်း ကြခြင်းပင် ဖြစ်သည်။

ဤသို့ ဗုဒ္ဓရဲ့လမ်းစဉ်၊ ဗုဒ္ဓရဲ့အလိုတော်ကျ လျှောက်လှမ်းရင်း ကျွန်ုပ်တို့၏ ပျက်ဖြစ် ပေးဆပ်မှုများ၊ ပျက်ဖြစ်စာနာမှုများ၊ ပျက်ဖြစ် ဂရုဏာထားမှုများကို ရှင်းပါအံ့။

သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ပြသကြသော လူနာများသည် ကျန်းမာရေး ထိခိုက်၍ လာကြခြင်းဖြစ်သည်။ သူတို့၏ ခန္ဓာမှ သွေးသားဖေါက်ပြန်မှုများကြောင့် သွေးသား ပျက်စီးမှုကြောင့် လာရောက်ပြသခြင်းဖြစ်သည်။

ဤသို့သော ပြုပြင်ကုသပေးနိုင်သော လုပ်ရပ်များကို ကျွန်ုပ်တို့သည် လူသားအချင်း ချင်း ဂရုဏာစိတ်ထားကာ ကုသိုလ်ဖြစ် အခမဲ့ပြုပြင်ကုသပေးမှုများ လုပ်ခဲ့သည်မှာ မရေတွက် နိုင်တော့ပါ။ ကုသိုလ်ဖြစ်ကုသပေးသော ဆရာဝန်ကြီးများနှင့် ကျွန်ုပ်တို့၏ ထောက်ပံ့ပေးသော ဆေးဝါးများကြောင့် ``အပျက်´´ (နေမကောင်းဖြစ်ခြင်း) မှ နောက်ဆုံး အကြောင်းကြောင်းကြောင့် ပျက်ရသော သေခြင်းတရားမတိုင်ခင် ``အဖြစ်´´ (ကျန်းမာနေကောင်း လာခြင်း) သို့ ရောက်ရှိလာစေရန် စွမ်းဆောင် ပေးနိုင်ခြင်းဖြစ်သည်။

ထိုနည်းတူစွာပင် မျက်စိတိမ်စွဲ၍ အမြင်အာရုံမရှိသော လူနာများအတွက် မျက်စိခွဲစိတ် ပေးကာ အမှောင်ဘ၀မှ အလင်းဘ၀သို့ ရောက်အောင် စွမ်းဆောင်ပေးဆပ်ခြင်းမှာလည်း အထက်ဖော်ပြပါ အကြောင်းအလို့ငှါ အပျက်မှအဖြစ်သို့ လုပ်ဆောင်ပေးခြင်းပင် မဟုတ်ပါလား . . . .

အောက်ဖေါ်ပြပါ အထွေထွေ ရောဂါဝေဒနာသည်များနှင့် မျက်စိဝေဒနာရှင်တို့၏ ``အမှောင်မှ အလင်း´´ ``အပျက်မှအဖြစ်´´ ဘ၀သို့ရရှိရန် ရောက်ရှိလာကြသော သုခကုသိုလ်ဖြစ်ဆေးခန်း လူနာတို့၏ ရင်တွင်းခံစားချက်တို့နှင့် ဓါတ်ပုံများကို တင်ပြလိုက်ရပါသည်။

အထွေထွေ လူနာများ၏ ဓါတ်ပုံများနှင့် ရင်တွင်းခံစားချက်များ



မျက်စိဝေဒနာရှင်များ၏ ဓါတ်ပုံများနှင့် ရင်တွင်းခံစားချက်များ



ထိုနည်းတူစွာ . . . ကျွန်ုပ်၏ နှလုံးသားထဲ သတ်သတ်မှတ်မှတ် ဖြစ်ပေါ်လာခဲ့သော အဘ ဦးသန်းမြင့်နှင့် ကျွန်ုပ်ဆုံဆည်းမှုကို တင်ပြပါမည်။
လွန်ခဲ့သော ( ၄ )နှစ်ခန့်က ကျွန်ုပ် ရုပ်ရှင်ရိုက်ကွင်းသွားစဉ် ဗျိုင်းရေအိုးစင် (တာမွေ) မြို့နယ်တွင် အဖိုးအိုတစ်ဦး သစ်သားထောက်တံဖြင့် လမ်းကို တစ်လှမ်းခြင်း လျှောက်လှမ်းနေ သည်ကို မြင်တွေ့ရ၍ အဘအတွက် ငွေတစ်ထောင်လှူခဲ့သည်မှ စတော့သည်။

ဦးသန်းမြင့် - တာမွေ (Wheel Chair)



အဘနာမည်က ဦးသန်းမြင့်ပါ။ ကမ္ဘာကျော်လ္ဘက်ရည်ဆိုင်၊ ပရိဘောဂဆိုင် တာမွေပလာဇာနဲ့ မျက်နှာချင်းဆိုင်ရှေ့မှာ နေတယ်။ နာဂစ်ပြီးမှ အဘ ဒီိကိုရောက်လာတာ။ ဟိုတုန်းကတော့ ၁၅၇ လမ်းက မိတ်ဆွေတစ်ယောက် အိမ်မှာနေတယ်။ သူတို့ ရွှေပြည်သာကို ပြောင်းသွား တယ်။ အဘကို ထားခဲ့ကြတယ်။ ထားခဲ့တဲ့အတိုင်း အဘ နေတာပဲ။

အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ရယ် အဘပြောချင်တာက အတိတ်ကို ထားလိုက်တော့ အခုပစ္စုပ္ပန်မှာ အဘကို ဦးကျော်သူက ကူညီခဲ့လို့ အခုပစ္စပ္ပုန်မှာ အဘ ရပ်တည်နေနိုင်တာ မနက်ဖြန် အဘ ဘာဖြစ်မလဲ မပြောနိုင်ဘူး။ လမ်းထွက်သွားရင် ယာဉ်အန္တရာယ် ယာဉ်ကြော အဘ တိမ်းရှောင်ပြီး သွားနေရတယ်။ အဘ ဆေးရုံက ဆင်းလာတယ်။ တစ်နှစ် တိတိ သူများအိမ်မှာ နေတယ်။ စိတ်ဖိစီးမှုဒဏ် အဘခံစားခဲ့ရတယ်။ သာမာန်လူကောင်း တစ်ယောက် မဟုတ်ဘူး။ သူများလို အလူမီနီယံနဲ့ မသွားနိုင်ဘူး။ သစ်သားလေးချောင်း ထောက်လေးနဲ့ ကျွန်းသားနဲ့ လုပ်ထားတာလေးနဲ့ အဘ ဟော..ဒီလို ထော့နဲ့ ထော့နဲ့ သွားရတယ်။

ပထမဦးဆုံး ဦးကျော်သူနဲ့ ဗျိုင်းရေအိုးစင်လမ်းရဲ့ လမ်းအလယ်ခေါင်မှာ လက်တစ်ဖက်က ပတ်တီးလေးနဲ့ ကားခေါင်းခန်းမှာ ထိုင်နေတယ်။ အဘ မိုးရေထဲမှာ ဖြေးဖြေးနဲ့သွားတယ်။ သူက လက်ထဲမှာ တစ်ထောင်တန် ထုတ်ပေးပြီးလှူတယ်။ အော် .. ဦးကျော်သူ သူက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေနဲ့ အဘကို တစ်ထောင်တန် ပေးတယ်။ အော် .. ဦးကျော်သူ ကျွန်တော် လက်မခံပါရစေနဲ့ ဘာဖြစ်လို့လဲ အဘလို့ သူက ပြန်မေးတယ်။ ကျွန်တော် ခင်ဗျားကို ဘာအလုပ်တစ်ခုမှ လုပ်မပေးခဲ့ဖူးဘူး .. မဟုတ်ဘူး .. ကျွန်တော် သဒ္ဒါပေါက်လို့ အဘကို လှူတာပါတဲ့ .. အချိန်မရွေး လိုအပ်တဲ့ အကူအညီ ရှိရင်ပြော ကျွန်တော် ဆီလာခဲ့ပါတဲ့ .. တစ်နှစ်ပြည့်တဲ့ အခါကျမှ အဘကို ယောဂီဝတ်နဲ့ အဘွားကြီး တစ်ယောက်က ဦးသန်းမြင့် ရှင် .. ဦးကျော်သူဆီ သွားပြီး အကူအညီ တောင်းကြည့်ပါလား .. သွားနိုင် လာနိုင်အောင်လို့ပေါ့ .. ရရင်လည်း ရမယ် .. မရရင်လဲ မရဘူးပေါ့။ ဒါနဲ့ အဘလည်း TAXI အငှားကားလေးနဲ့ သင်္ဃန်းကျွန်းမှာရှိတဲ့ နာရေးကူညီမှု ရုံးကိုသွားပြီး သူ့ကို အကူအညီတောင်းတယ်။ ဟိုလဲရောက်ရော ဦးကျော်သူက ကင်မရာယူပြီး အဘကို ဓါတ်ပုံရိုက်တယ်။ သောကြာနေ့မှာ သွားတယ်။ တနင်္လာနေ့မှာ Wheel Chair လာပေးတယ်။ အဘ အိပ်မက်ထဲတောင် မမက်ခဲ့ဘူး။ အဲဒီ Wheel Chair ပေးတဲ့နေ့က အဘကို ဦးကျော်သူ ကိုယ်တိုင်လာခေါ်တယ်။ ဟိုလည်းကျရော အဘ ဒီမှာ Wheel Chair တဲ့ .. ကျွန်တော် ကူညီမယ်လို့ ပြောထား ပြီးပြီတဲ့ .. အဘ ပီတိတွေဖြစ်ပြီး မျက်ရည်တွေ ကျတယ်။ ဦးကျော်သူ ဘာပြောလဲသိလား … ?

`` ကျွန်တော်လိုချင်တာ ဒါပဲတဲ့ .. လူတစ်ယောက်ရဲ့ ၀မ်းသာပီတိကို .. ။ ´´

မြန်မာနိုင်ငံမှာ သန်းပေါင်းမြောက်များစွာ ချမ်းသာတဲ့ လူတွေအများကြီး ရှိတယ်။ ဆင်းရဲတဲ့ လူတွေလည်း အများကြီးရှိတယ်။ အဲဒီ ဆင်းရဲ၊ ချမ်းသာ ဒွန်တွဲနေတဲ့ထဲမှာမှ အဘကို လှူနိုင်တဲ့လူ သူဟာ ဦးကျော်သူ တစ်ယောက်ပဲ ရှိတယ်။



သံဃာတော်တွေ ဆန္ဒပြတုန်းက စစ်ကားတွေ Round လှည့်နေတယ် .. လူတိုင်းက ပြောတယ် .. ခင်ဗျားတဲ့ ဒီစာတန်းလေး ဖြုတ်ထားလိုက်ပါလား .. ဘာလို့ ဖြုတ်ရမှာလဲ .. ဒါ……..ကိုယ့်ရဲ့ အသက်သခင် ကျေးဇူးရှင် .. ဒီ Wheel Chair အနောက်က စာတန်းက အဘရဲ့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ရေးထိုးထားတာ



ကျွန်တော် ညအိပ်ရာဝင်တော့မယ်ဆို အမြဲတမ်း ဦးကျော်သူက ကျွန်တော့်ထက် အသက် အများကြီး ငယ်ပါတယ်။ ကျန်းမာပါစေ .. ချမ်းသာပါစေ .. အမြဲတမ်း ကျွန်တော် မေတ္တာပို့တယ်။ ဟိုတစ်ခါကိစ္စနဲ့ ပတ်သက်ပြီးတော့ အဘ BBC နားထောင်တယ်။ VOA နားထောင်တယ်။ လူများတွေက လာပြောတယ်။ သူတို့ပြောတာတွေ အဘ ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်လိုက်တယ်။ ဘာဖြစ်လို့လဲ .. မှန်တာလုပ်ရင်တော့ အမှန်အတိုင်းပဲ ဖြစ်ရမှာပဲ .. အချိန်တန်တော့ အမှန်တိုင်းဟာ အမှန်တရားအတိုင်း သူ့ဟာသူ ပြီးသွားတာပဲ။ အလင်းတန်း ဂျာနယ် အဘ အပါတ်တိုင်း ၀ယ်ဝယ်ဖတ်တယ်။ ဟိုတုန်းကဆို ဦးကျော်သူပုံ နာရေးကူညီမှု အသင်း အလှူငွေ လက်ခံတဲ့ပုံ အမြဲတမ်းပါတယ်။ အခု လုံးဝသူ့ နာမည် မပါဘူး။ သူ့ ဓါတ်ပုံတွေလည်း မတွေ့ရတော့ဘူး။ အခုကြည့် ခိုင်ရွှန်းလဲ့ရည် နာရေးကူညီမှုအသင်း အလှူငွေ လှူဒါန်းတာတွေ ဘာတွေ ဦးကျော်သူ နာမည်တစ်ချက် မပါဘူး .. ဓါတ်မှန်ခန်းအတွက် ဆိုလားပဲ …. ။



နောက်ပိုင်း ဟိုကိစ္စနဲ့ ပတ်သက်ပြီးကတည်းက လုံးဝ သူ့ပုံ မပါတော့ဘူး။ လွန်ခဲ့တဲ့ မနှစ်က ၁၂ လပိုင်းလား မသိဘူး။ ကျားကွက်သစ်မှာ နာရေးအတွက် ဦးကျော်သူကား ကျောက်မြောင်းလမ်းကနေ ကွေ့ဝင်သွားတော့ အဘ တွေ့လိုက်တာနဲ့ အဘချက်ချင်း Wheel Chair တွန်းပြီး လိုက်သွားတာ .. ခုနက နိဗ္ဗာန်ယာဉ် ဘယ်သွားလဲ .. ? အဲ့ဒီဘက်ကို ဆင်းသွားတယ်တဲ့ .. ဓမ္မ၀ိဟာရလမ်း ထဲကနေ။ ဟိုး .. စိုင်းထီးဆိုင်နေတဲ့လမ်းလေ။ ဟိုး .. ကျားကွက်သစ်ကျတော့ လမ်းကလည်း တော်တော်ဆိုးတာ .. အဘ သွားလဲသွားရော သူနဲ့ထိပ်တိုက် တွေ့ရော .. စကားပြောဖြစ်တယ်။ ကျွန်တော့်ကို ရုပ်ရှင်လဲ မရိုက်ရအောင် .. ဗီဒီယိုလဲ မရိုက်ရအောင် အကုန်လုံးပိတ်ထားတယ်။ အဲ့တော့ ဦးကျော်သူက နှုတ်ခမ်းမွှေး .. ပါးသိုင်းမွှေးနဲ့ အသားတွေမည်းပြီး ဆံပင်လည်း ရှည်လာတယ်။ လွန်ခဲ့တဲ့ ၄ နှစ်လောက် Wheel Chair လှူတုန်းက ဟို ဘုန်းကြီးကျောင်းမှာလေ ရုပ်ရည်များဆို တခြားစီပဲ ယူပစ်သလိုကို ဖြစ်သွားတာပဲ။ အဘကြည့်ပြီးတော့လေ စိတ်မကောင်းလိုက်တာ . . . . ။

ဦးကျော်သူကနေပြီး အဘအတွက် T-Shirt လေးလဲ လက်ဆောင်ပေးလိုက်တယ်။ အဘရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ ဆေးဝါးဓါတ်စာများ ၀ယ်ယူဖို့အတွက် ဦးကျော်သူကနေ ပိုက်ဆံ ၁၀၀၀၀/- (တစ်သောင်းကျပ်)ကို ထပ်မံလှူဒါန်း လိုက်ပါတယ်။ ဘုန်းကြီးကျောင်းဆေးခန်းကို တစ်ခါ နေမကောင်းလို့လေ .. Wheel Chair နဲ့ တာမွေကုန်းကနေ တက်ပြီးတော့ သုခဆေးခန်းလေး အဲဒီနေ့ သောက်ဆေးတွေလဲ အများကြီးပေးလိုက်တယ်။ အဘကို ပိုက်ဆံ ၃၀၀၀/- (သုံးထောင်ကျပ်) ထပ်ပေးလိုက်သေးတယ်။ အဘ ထမင်းဝယ်စားနော် .. လ္ဘက်ရည်သောက်နော် .. ကျွန်တော် လက်မခံ ပါရစေနဲ့ပြောလဲ မရဘူး အတင်းပဲ။ သူ့အမျိုးသမီး ဒေါ်မြင့်မြင့်ခင်ဖေ က အဘတဲ့ အဘကို ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်တဲ့ အရင်တုန်းက ဓါတ်ပုံထဲမှာပဲ တွေ့ဖူးတယ်တဲ့။ ဦးကျော်သူတစ်ယောက် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ရှိပါစေလို့ ကျွန်တော် နှုတ်ဆက်လိုက်ပါတယ်။ ။

အဘ ဦးသန်းမြင့်ကဲ့သို့ပင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါး၍ မသန်မစွမ်းဖြစ်နေသူ တို့ကိုလည်း ကျွန်ုပ်တို့ တတ်နိုင်သည့်ဖက်မှ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်ပေးခဲ့မှုများအား အောက်ပါပုံများနှင့် တင်ပြအပ်ပါသည်။





အချုပ်ဆိုရသော် . . . ကုသိုလ်ပြုရာတွင် လူသည် တိရစ္ဆာန်ထက်သာသလို အကုသိုလ် ပြုရာတွင်
လူသည် တိရစ္ဆာန်ထက်သာနိုင်သည်။

လူလေးမျိုှးရှိရာ၌ . . . အမှောင်ကလာပြီး . . . အမှောင်သွားမည့်လူ၊
အလင်းကလာပြီး . . . အမှောင်သွားမည့်လူ၊
အမှောင်ကလာပြီး . . . အလင်းသွားမည့်လူ၊
အလင်းကလာပြီး . . . အလင်းသွားမည့်လူ ဟူ၍ ရှိသည်။
ကျွန်ုပ်တို့သည်ကား အလင်းကလာပြီး . . . အလင်းသွားမည့် လူဖြစ်အောင် ကြိုးစားနေကြသည်။

သို့ကြောင့် . . . ဖြစ်ခြင်းနှင့် ပျက်ခြင်း
ရှင်ခြင်းနှင့်သေခြင်းတို့တွင် သေခြင်းသည် အဆန်းမဟုတ်။ ``ကံ´´ တစ်ခုနဲ့ ပိုင်းခြားလိုက်သည့်အတွက် ဘ၀တစ်ခု ကုန်ဆုံးသွားခြင်းဟုဆိုငြားသော်လည်း မသေခင်စပ်ကြား … ခံစားနေရသော ဝေဒနာ၊ မစွမ်းမသန်ဖြစ်မှုများကို ကျွန်ုပ်တို့ တတ်နိုင်သလောက် ပျက်ခြင်းမှ ဖြစ်ခြင်းသို့ ရောက်ရှိအောင် ကုသပေးခြင်း၊ အစားထိုးပေးခြင်းတို့ဖြင့် လူပီသအောင် မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ အားထုတ်ကြိုးပမ်း၍ ကုသိုလ်အထုပ်များကို စုဆောင်းရင်း ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး၊ (၇)ရက်သားသမီးအပေါင်းတို့ဖက်မှ ရပ်တည်ကာ အေးချမ်းသာယာဝပြောသည့် ငြိမ်းချမ်းမှု ပန်းတိုင်ဆီသို့ ချီတက်လျက်ရှိပါကြောင်း . . . . ။

ကမ္ဘာမြေပြင်သို့ အလည်အပါတ်ရောက်ခွင့်ပေး၍ … ဤကဲ့သို့ လူမှုရေး၊ ကုသိုလ်ရေး ကိစ္စအ၀၀ကို လုပ်ဆောင်ခွင့်ပေးခဲ့သော၊ ဖန်တီးပေးခဲ့သော မိဘနှစ်ပါးနှင့်တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ ပဏ္ဍိတဆရာသမားများ၊ မြင်အပ် မမြင်အပ်သော ပုဂ္ဂိုလ်အသီးသီးတို့နှင့် မောင်တစ်ထမ်း မယ်တစ်ရွက် ပေးဆပ်နေသော ကျွန်ုပ်၏ မဟေသီ - ရွှေဇီးကွက်အပြင် ဖခင်ဖြစ်သူ ကျွန်ုပ်အား သီလလုံခြုံရန် (ဆန်ရေ) လမ်းပြပေးခဲ့သော သား - ပြည်သိမ်းကျော်၊ သမီး - မြင့်မိုရ်ဦး တို့အား လေးစားဦးညွှတ်လျှက် . . . .

ကျော်သူ

၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်သည့်အခမ်းအနားပြုလုပ်မည်

ဂျပန်နိုင်ငံရှိ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan)မှကြီးမှူး၍ နအဖစစ်အုပ်စု စစ်အာဏာတည်မြဲပြီး တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ပြုမည့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ဖြစ်စေမည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ပြည်သူအများလိုလားသော ဒီမိုကရေစီလမ်းကြောင်းအား ဆန့်ကျင်ရေးဆွဲထားသော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ(၅)ရပ်နှင့် နည်းဥပဒေများအား ဆန့်ကျင်ကန့်ကွက်ခြင်းအခမ်းအနားတရပ်အား ကျင်းပပြုမည်ဖြစ်ပါသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံသည့် ဂျပန်ရောက်ဒီမိုကရေစီအင်အားစုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဖွား မြန်မာတိုင်းရင်းသားလူမျိုးများ မပျက်မကွက်တက်ရောက်ကြပါရန် ဖိတ်ကြားထားပါသည်။



ကျင်းပမည့်နေ့- ၂၀၁၀၊ မတ်လ ၂၈ ရက်(တနင်္ဂနွေနေ့)

ကျင်းပမည့်အချိန်- ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ

ကျင်းပမည့်နေရာ- Minami Otsuka Hall, Dai(1), အိုးစုခဘူတာအနီး

Thursday, March 25, 2010

ခေါင်းဆောင်ဆိုတာ ဘယ်လိုဟာမျိုးလဲ….

တချို့လူတွေက မွေးကတည်းက ကြီးကျယ်မြင့်မြတ်ပြီးမွေးလာတာပါ။ တချို့ကတော့ ကြီးကျယ်မြင့်မြတ်မှုကိုရရှိဘို့ ကျိုးစားပြီးမှရရှိကြတယ်။ တချို့ကျတော့ ကြီးကျယ်မြင့်မြတ်မှုက သူတို့ဆီကို ရောက်ရှိ ခိုနားလာလေရဲ့။
ကမ္ဘာကြီးတခုလုံးကနိုင်ငံတွေမှာ ပြောင်းလဲမှုတွေနေစဉ်နဲ့အမျှဖြစ်နေတယ်။ ကမ္ဘာတဝှမ်းလုံးမှာ ပြည်သူကရွေးကောက်တဲ့အစိုးရက အုပ်ချုပ်တဲ့စနစ်ဆီကို ပိုပြီး ဦး တည်နေတော့ ခေါင်းဆောင်အတွက်ထိုက် တန်တဲ့ ကြီးကျယ်မြင့်မြတ်မှုကို ကြိုးပမ်းပြီးမှ ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။
လန်ဒန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ(ကဲနက်မင်နော့)ရဲ့စကားအရ ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်ချက်တွေကတော့ ခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းချက်က အရေးကြီးဆုံးပါပဲ။ ကိုယ်ကကြိုးစားမှ ခေါင်းဆောင်ဖြစ်မှာပါ။ နပိုလီယံ၊ ဆီဆာ စတဲ့ ခေါင်းဆောင်တွေဟာ တကယ့်ရည်ရွယ်ချက်နဲ့ ခေါင်းဆောင်ဖြစ်လာသူတွေပါ။
ခေါင်းဆောင်ဆိုတာ အမျှော်အမြင်ရှိရမယ်၊ ဆုံးဖြတ်ချက် ချတက်ရမယ်၊ ခွန်အားသတ္တိ ရှိရမယ်၊ အသိဉာဏ်လည်းထက်မြက်ရမယ်၊ လိုအပ်ရင် တဖက်လူရဲ့ခြေလှမ်းကို ခန့်မှန်းတွက်ချက်နိုင်တဲ့ အထူးအရည်အချင်းလည်း ရှိသင့်ပါတယ်။

နပိုလီယံပြောဖူးတဲ့စကားအရဆိုလျှင်လည်း ခေါင်းဆောင်ဆိုတာ ကံကောင်းဖို့လည်းလိုတယ်တဲ့။ ကံကော်လို့ချုံပေါ်ရောက်ဆိုတဲ့ ခေါင်းဆောင်တွေကိုတော့ ကံကောင်းလို့ဖြစ်လာတဲ့ ခေါင်းဆောင်လို့ ခေါ်ရမှာပဲဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုခေါင်း ဆောင်တွေမှာလည်း ရရှိလာတဲ့အခွင့်အရေးကို အသုံးချနိုင်စွမ်းရှိတဲ့ အရည်အချင်းရှိ ပါတယ်။
ဥပမာ- ၁၉၄ဝ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိသျှဝန်ကြီးချုပ်(ချာချီ)။ ၁၉၉၁ ခုနှစ်၊ ရုရှားအာဏာသိမ်းမှုတုန်းက တင့်ကားပေါ်တက်ပြီး မိန့်ခွန်းပြောခဲ့သည့် ဘောရစ်ယယ်လ်ဆင်နှင့် မြန်မာနိုင်ငံ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးက ဒေါ် အောင်ဆန်းစုကြည်တို့ ဖြစ်ကြတယ်။

ပြည်သူလူထု၏လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်တွေလို့လည်း ပြောလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှပြည်သူတွေ နာဇီဂျာမန်တွေရဲ့ရန်ကို ခုခံနေရသည့်အချိန် ထက်မြက်တဲ့ခေါင်းဆောင်လိုအပ်နေတဲ့အချိန်မှာ ချာချီကအခုလို မိန့်ခွန်းပြောခဲ့ပါတယ်။
“ဘာပဲဖြစ်ဖြစ်ပေးဆပ်ပြီး ကျွန်ုပ်တို့ရဲ့ကျွန်းကိုကာကွယ်ရမယ်။ ပင်လယ်ကမ်းစပ်တွေ၊ လယ်ကွင်းတွေ၊ တောင်ကုန်းတွေမှာ တိုက်ခိုက်ရမှာဘဲ။ ကျွန်ုပ်တို့ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။”
ဒီလိုရဲစွမ်းသတ္တိနှင့်ပြောခဲ့လို့လည်း ချာချီတယောက် ပြည်သူချစ်တဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တာ ပါဘဲ။ မြန်မာပြည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ဒေါ်အောင် ဆန်းစုကြည်ပြောခဲ့တဲ့ စကားကိုလည်း နားထောင်ကြည့်ကြပါစို့။
“ကျမတို့ကို ခြိမ်းခြောက်တာဟာ ပြည်သူလူထုကိုခြိမ်းခြောက်တာနဲ့အတူတူပါဘဲ။ ဘာဖြစ်လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းများဟာ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်စေရေးအတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုလိုချင်တဲ့ အခွင့်အရေးတွေအ တွက် ကြိုးပမ်းနေတဲ့အဖွဲ့အစည်းများ အလုပ်မဖြစ်အောင် ဟန့်တားခြင်းဟာ ပြည်သူလူထုကို လိုချင်တဲ့ အခွင့်အရေးများ မပေးခြင်းဆိုတာနဲ့ အတူတူပါပဲ” တဲ့။
ဒီလို ခေါင်းဆောင်တွေကျတော့ ပြည်သူ တွေ ဘာလိုတယ်ဆိုတာကိုသိတော့ လို အပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ခေါင်း ဆောင်တွေပေါ့။
အဲ့ဒါကတော့ လန်ဒန်တက္ကသိုလ်က နိုင်ငံရေးသိပံ္ပပါမောက္ခရဲ့ ခွဲခြမ်းစိတ်ဖြာမှုပါ ဘဲ။ ဒါပေမယ့် Leader and Leadershipဆိုတဲ့ ခေါင်းဆောင်များနှင့် ခေါင်းဆောင်မှုဆိုတဲ့ စာအုပ်ရေးခဲ့တဲ့ စာရေးဆ ရာကြီး(ဂျက်ဖရီစတင်းန်)ကတော့ ခေါင်း ဆောင်မှု(၅)မျိုးရှိတယ်လို့ သုံးသပ်ပါတယ်

(၁) အမျှော်အမြင်ရှိပြီး မျှော်လင့်ချက် ပေးစွမ်းတဲ့ ခေါင်းဆောင်၊
(၂) အုပ်ချုပ်စီမံရေးကောင်းတဲ့ ခေါင်းဆောင်၊
(၃) နာယကလို ပူးပေါင်းဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်၊
(၄) ဖြန်ဖြေရေးခေါင်းဆောင်နှင့်
(၅) တိုက်ပွဲဝင်တဲ့ခေါင်းဆောင်

အဲဒါတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်မျိုး၊ ပြည်သူအားလုံးကချစ်တဲ့ ခေါင်းဆောင်လိုပေါ့။ ဗိုလ်ချုပ်က တခြားအချက်တွေနဲ့လည်းကိုက်ညီတယ်။ (ဥပမာ) နာယကကဲ့သို့ ပူးပေါင်းဆောင်ရွက်တာ ဖြန်ဖြေရေးကောင်းတာနဲ့ တိုက်ပွဲဝင်ခေါင်း ဆောင်ဆိုလည်းမမှားဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့မျှော်လင့်ချက်၊ ထောက်ခံမှုရတာက ဗိုလ်ချုပ်နဲ့ကိုက်ညီတဲ့ အဓိကအချက်ပါ။
ဗြိတိန်မှာဆိုရင်လည်း မာဂရက်သက်ချာက ပြည်သူချစ်တဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် မာဂရက်သက်ချာနေရာမှာ ဆက်ခံတဲ့ ဂျွန်မေ ဂျာကို ပြည်သူက သိပ်ပြီး မထောက်ခံကြ ဘူး။ ဒါပေမယ့် စီမံရေးကောင်းတယ်ပေါ့။

နိုင်ငံတခုရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ခေါင်းဆောင်ဖြစ်ဘို့လိုတယ်။ ပြည်သူကချစ်တဲ့ခေါင်းဆောင်ပေါ်လာရမယ့်အချိန် တိုက်ပွဲဝင်ခေါင်းဆောင်ပေါ်လာရင် မကောင်းဘူးပေါ့။
ရုရှားနိုင်ငံမှာ အာဏာသိမ်းဘို့ ကြိုးပမ်းတယ်။ တိုက်ပွဲဝင်ခေါင်းဆောင်လိုမျိုး ဖြစ်ဘို့ ကြိုးပမ်းတာပေါ့။ ဒါပေမယ့် ဘောရစ်ယယ်လ်ဆင်က တင့်ကားပေါ်တက်၊ ဒီမိုကရေစီမိန့်ခွန်းပြောပြီး ပြည်သူချစ်တဲ့ ခေါင်းဆောင်ဖြစ်သွားခဲ့တယ်။
ယယ်လ်ဆင်သမတဖြစ် ပြီးတဲ့နောက် သူ့ရဲ့ဆောင်ရွက်မှုတွေက ပြည်သူတွေ မျှော်လင့်တာထက် သိပ်မ ကိုက်ညီလို့ ယယ်လ်ဆင်တယောက် ပြည့် သူထောက်ခံမှု သိပ်မရတော့ဘူး။

ဒီမိုကရေစီစနစ်မကျင့်သုံးတဲ့နိုင်ငံတွေမှာရော ဒီလိုယူဆချက်က အသုံးဝင်သလား။ အဲဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ရုရှားနိုင်ငံဟာ အရင်က ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ဆိုဗိယက်ပြည်ထောင်စုအဖြစ်ရပ်တည်နေတုန်းက စတာလင်ဆိုတဲ့ ထက်မြက်တဲ့ခေါင်းဆောင်ပေါ်ပေါက်ခဲ့ တယ်။
စတာလင်ပြီးသွားတဲ့နောက် ကျန်ရစ်တဲ့ အုပ်ချုပ်တဲ့ခေါင်းဆောင်တွေထဲမှာ ဗိုလ်လုကြတယ်။ အင်အားကြီးတဲ့အုပ်စုနှစ်ခုက ခေါင်းဆောင်တွေဗိုလ်မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အုပ်စုတခုကအနိုင်ရသွားရင် ကျန်တဲ့အုပ်စုကခွဲထွက်ပြီးတော့ ညီညွှတ်မှုပျက်သွားမယ်။ ဒီတော့ အုပ်စုနှစ်ခုလုံးက လက်ခံနိုင်တဲ့ ကြားနေ ဖြန်ဖြေရေးခေါင်းဆောင်ကတော့ ခရူးရှက် ပါဘဲ။
နာယကလိုပူးပေါင်းဆောင်ရွက်တဲ့ခေါင်းဆောင်များကတော့ နောက်ကွယ်ကနေ ထိန်းသိမ်းပေးတဲ့ခေါင်းဆောင်ပေါ့။ (ဥပမာ)အဲ့ဒီခေါင်းဆောင်က ဥက္ကဋ္ဌရာထူးယူထားတယ်။ ဒါပေမယ့် အတွင်းရေးမှူးတွေကို ပိုပြီးလှုပ်ရှားခိုင်းတဲ့ခေါင်းဆောင်မျိုးပေါ့။ လူတွေအမြင်မှာ သူကအေးတယ်လို့ ထင်ရပေမယ့် တကယ့်ဆုံးဖြတ်ချက်တွေကို ချမှတ်နေတဲ့ ခေါင်းဆောင်ပေါ့။

ခေါင်းဆောင်အမျိုးအစားတွေကတော့ ဟုတ်ပါပြီ။ ခေါင်းဆောင်တယောက်ကို ပြည်သူတွေက ဘယ်လောက်ထောက်ခံ တယ်ဆိုတာကို ဘယ်လိုတိုင်းတာမလဲ။ ခေါင်းဆောင်ဖြစ်လာတာ ဘယ်လိုဖြစ်လာ သလဲဆိုတာနဲ့ မူတည်တာပေါ့။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ ပြည်သူက ဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတာ သိနိုင်တာပေါ့။ (ဥပမာ)အမေရိကန်ပြည်ထောင်စုမှာဆိုရင် သမတကို ပြည်သူကတိုက်ရိုက်ရွေးတော့ ပြည်သူဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါ တယ်။

တံခါးပိတ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ(ဥပမာ) ကွန်မြူနစ်နိုင်ငံတွေကျတော့ရော ပြည်သူအားလုံး ဒါမှမဟုတ် ဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတာမသိနိုင်ပါဘူး။ ပါတီကော်မတီတွေကနေ ခေါင်းဆောင်ကိုပြန်ပြီးတော့ ရွေးတာဆိုတော့ ပါတီထဲမှာ သြဇာရှိရင် ခေါင်းဆောင်ဖြစ်နိုင် တာပေါ့။

ဒါဆို သူတို့က ပြည်သူတွေနဲ့ ကင်းကွာနေမှာပေါ့။ ပြည်သူနှင့် ကင်းကွာယုံ ဘယ်ကမလဲ။ အတင်း `မလာမနေရ`လုပ်တဲ့ လူထုချီတက်ပွဲက ပရိသတ်ကြီးကို ကြည့်ပြီး၊ “အင်း- ငါ့ကို ထောက်ခံတဲ့လူတွေ တယ်များပါလား…”လို့ ဘဝင်တွေမြင့်နေပြီးတော့ အဖြစ်ဆိုးတွေ ကြုံတွေ့ရမှာဖြစ် တယ်။

အာဏာသိမ်းပြီးရယူထားတဲ့ အစိုးရကျတော့ မှန်းရတာအခက်ဆုံးဖြစ်တယ်။ ခေါင်းဆောင်ဆိုတာက နောက်လိုက်တွေ၊ ထောက်ခံသူတွေရှိမှ ခေါင်းဆောင်ဖြစ်တာ မဟုတ်လား။ စစ်တပ်ခေါင်းဆောင်ဆိုတာက ပြည်သူ့ရွေးချယ်မှုနဲ့ ခေါင်းဆောင်ဖြစ်လာတာ မဟုတ်ဘူးလေ။ စစ်တပ်ခေါင်းဆောင်ရဲ့နောက်မှာ စစ်သားဘဲရှိမှာပေါ့။ စစ်သားနောက်လိုက်ဆိုတာကလည်း စစ်ရဲ့အမိန့်နဲ့ လိုက်နာကြရတာမဟုတ်လား။

ဒီတော့ စစ်တပ်ကအာဏာသိမ်းပြီး ခေါင်းဆောင်ဖြစ်လာတဲ့ ခေါင်းဆောင်တယောက်အတွက် ထောက်ခံတဲ့ပြည်သူ ဘယ်လောက်ရှိတယ်ဆိုတာ ပြောရတာ မှန်းရတာ အရမ်းခက်ပါတယ်။ ခေါင်းဆောင်မျိုးစုံတွေ ပြည်သူက ထောက်ခံတာ ဘယ်လိုရှိတယ်ဆိုတာကတော့ သူတို့ရဲ့ အာဏာအပေါ် ဘယ်လိုသဘောထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆို ရင် သူတို့ရဲ့ အာဏာရလာတဲ့ ကြိုးပမ်းပုံတွေ၊ ရရှိတဲ့ အာဏာအပေါ် သဘောထားပုံ၊ တိုင်းပြည်စီမံအုပ်ချုပ်ပုံအပေါ်မှာ မူတည်ပါတယ်။
အမြည်းအစမ်းပြောရမယ်ဆိုရင် တရုတ်ပြည်က ခေါင်းဆောင်ကြီး မော်စီတုံးကတော့ အာဏာဆိုတာ သေနတ်ပြောင်းကလာပါတယ်တဲ့။ ဒီမိုကရေစီနိုင်ငံက ခေါင်းဆောင်တွေရဲ့ အမြင်ကတော့ အာဏာရ ဘို့ဆိုတာ ချောတိုင်တက်ရသလိုဘဲတဲ့။

၁၉၉၈ ခုနှစ်၊ မတ်လထုတ် ရွှေခမောက်မှတ်တမ်းလွှာ အတွဲ(၄)၊ အမှတ်(၉)မှ

Tuesday, March 23, 2010

ထားရာနေစေရာသွား အဖြစ်မျိုး.. မိမိအဖွဲ့ရဲ့ ခေါင်းဆောင်ကို အဖွဲ့ကထုတ်ပယ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူးဟု ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို...့


သတင်း...ဒီမိုဝေယံ

စစ်အစိုးရပြုလုပ်မယ့် ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး လက်မခံနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ဒီနေ့ပြောဆိုသွားပါတယ်..။


" ဒီနေ့အန်ကယ်တို့ CEC အစည်းအဝေး ပြုလုပ်ဖြစ်ပါတယ်။ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ချုပ် CEC တွေ့ဆုံခွင့် ပေးဖို့အတွက် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်သင့် မတင်သင့် ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့်နဲ့ အဖွဲ့ချုပ်ရဲ့အနာဂတ် ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကြေငြာချက်ထုတ်ပြန်ပါတယ်။ ဒီနေ့အစည်းအဝေးမှာတော့ တတ်နိုင်တဲ့ဖက်က ညီညီညွတ်ညွတ်နဲ့ အဖြေထွက်နိုင်အောင် ကြိုးစားကြဖို့ ဆွေးနွေးဖြစ်ကြပါတယ်။ အချိန်အတော်ကြာအောင် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ယခုလာမည့် စစ်အစိုးရရဲ့ ၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး သဘောထားကို မေးမြန်းကြည့်ရာမှာတော့.....

ထားရာနေစေရာသွားတဲ့ အဖြစ်မျိုးကိုလက်မခံနိုင်ဘူး..
နောက်ကိုယ့်အဖွဲ့ရဲ့ ခေါင်းဆောင်ကို ပါတီကထုတ်ပစ်ရမယ့် အဖြစ်မျိုးကို လက်မခံနိုင်ဘူး... ရှင်းရှင်းပြောရရင် နွားဖါးကြိုးအထိုးခံရမယ့် အဖြစ်မျိုးကိုလက်မခံနိုင်ဘူး.. ဒါကြောင့် ဒီရွေးကောက်ပွဲကို လက်မခံနိုင်ဘူး...

ဒီလိုပဲပြောချင်ပါတယ်ဟု... အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လာမယ့် ၂၉ရက်နေ့ တနင်္လာနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲဝင်ဖို့အတွက် မှတ်ပုံတင်သင့်မတင်သင့် CECနဲ့CC ၁၀၀ကျော်က မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ အင်မတန်မှ အရေးကြီးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြည်တွင်း၊ ပြည်ပနဲ့နိုင်ငံတကာ အသိုင်းအဝန်းက အထူးအလေးထား စောင့်ကြည့်နေကြပါတယ်....။

သတင်း...ဒီမိုဝေယံ

Monday, March 22, 2010

ဆရာကြီးသခင်ကိုယ်တော်မှိုင်း(၁၃၄)နှစ်ပြည့်မွေးနေ့နှင့် ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်ကဗျာရွတ်ဆိုပွဲကျင်းပ

View all
Get your own


တိုကျို၊ မတ်(၂၂)
ရေးသားသူ-သန့်မျိုးထွေး
ဂျပန်ရောက်စာပေနှင့်ကဗျာဝါသနာရှင်များက ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ (၁၃၄)နှစ်ပြည့်မွေးနေ့နှင့် ကမ္ဘာ့ကဗျာနေ့ကိုဂုဏ်ပြုသောအားဖြင့် "ရွှေဒေါင်းတောင်ကလောင်အဖိုးမွေးနေ့နှင့်ကမ္ဘာ့ကဗျာနေ့"ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပွဲတခုကို မတ်လ(၂၂)ရက်နေ့ညနေပိုင်း၌ တိုကျိုမြို့၊ မြန်မာအများစုနေထိုင်ရာ တာကာဒါနိုဘာဘာ ရပ်ကွက်ရှိ ကွန်စူးမားစင်တာခန်းမ(၄)ထပ်တွင်ကျင်းပပြုလုပ်ခဲ့ရာ ကဗျာနှင့်စာပေ၀ါသနာရှင် (၆၀)ကျော်ခန့်တက်ရောက်ခဲ့ကြသည်။

ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ မလေးလေး(တိုကျို)မှ စာပေတင့်မှ လူမျိုးမြင့်မယ်ဆိုတဲ့စကားအတိုင်း မြန်မာ့စာပေသမိုင်းမှာ ကြည်ညိုထိုက်သူ၊ ပူဇော်ထိုက်သူများကို အောက်မေ့ဖွယ်အထိမ်းအမှတ်အနားပြုလုပ်ခြင်းဟာ မင်္ဂလာတရားတော်နှင့်ညီကြောင်း ပြည်တွင်းတွင် ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်သည့်ကိစ္စများကို ပြည်ပရောက် စာပေချစ်မြတ်နိုးသူများမှ ရောက်ရာဒေသတွင် ဆထက်တံပိုး လုပ်ဆောင်ဖို့လိုတယ်ဟုယူဆမိသည့်အတွက် ယခုအခမ်းအနားကိုကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်မြန်မာ့စာပေနယ်ပယ်တွင် စာပေသြဇာအာဏာကြီးမားခဲ့သော မြန်မာ့စာပေဥသျှောင်ဟုတင်စားခေါ်ဝေါ်သည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မတ်လ(၂၃)ရက်နေ့တွင် ကျရောက်မည့် ၁၃၄ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာကြီးရေးဖွဲ့ခဲ့သော ကဗျာ၊ လေးချိုး၊ ဒွေးချိုးများနှင့် ဆရာကြီးကို ခေတ်အဆက်ဆက်စာပေနှင့် ကဗျာပညာရှင်များဂုဏ်ပြုရေးဖွဲ့စပ်ဆိုထားသည့် ကဗျာများကို ရွတ်ဆိုခဲ့ကြသည်။

ကဗျာရွတ်ဆိုပွဲသို့ အမေရိကားရောက် ကဗျာဆရာကြီးမောင်စွမ်းရည်က သ၀ဏ်လွှာပေးပို့ခဲ့ပြီး သခင်ကိုယ်တော်မှိုင်း၏ အထုပ္ပုတ္တိကို စီစဉ်သူတဦးဖြစ်သည့် အလင်းအိမ်မဂ္ဂဇင်းအယ်ဒီတာရဲငြိမ်းက ဖတ်ပြရှင်းလင်းခဲ့သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ထင်ရှားလှသောကဗျာလင်္ကာများစွာထဲမှ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါဝင် အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရပြီးနောက် ဆရာကြီးကိုယ်တိုင် များစွာတုန်လှုပ်ခံစားခဲ့ရသည့်အတွက် ရေးဖွဲ့သီကုံးခဲ့သော "အာဇာနည်ဗိမာန်"လေးချိုးကြီးကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)ဥက္ကဋ္ဌဒေါ်ချိုချိုအေးမှ အသံအနေအထားမှန်ကန်စွာနှင့် ငိုချင်းဖွဲ့ရွတ်ဆိုဂုဏ်ပြုခဲ့ရာ တက်ရောက်သူပရိတ်သတ်များအတွက် အာဇာနည်နေ့ကိုပြန်ပြောင်းအောင့်မေ့သတိရစေသည်အထိ နှစ်ချိုက်စွာအားပေးခဲ့ကြသည်။

ကဗျာရွတ်ဆိုပွဲသို့ ပြည်တွင်းမှသတင်းစာဆရာကြီးလူထုဦးစိန်ဝင်းမှလည်း တယ်လီဖုံးဖြင့်အမှာစကားပြောကြားပေးခဲ့ပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ခေတ်အဆက်ဆက် တိုင်းရေးပြည်ရာများတွင် စာပေ၏အခွင့်အာဏာကိုအသုံးပြု၍ ပြည်သူတို့အား မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်တို့ကိုပေးခဲ့ပုံနှင့် ကဗျာနှင့်နိုင်ငံရေးခရိးအကြောင်းကို ကဗျာဆရာကိုညိုထွန်း(ခ)ဦးသိန်းငွေမှဖွင့်ဆိုရှင်းလင်းပြခဲ့သည်။

ဒီနောက်တွင် ဂျပန်ရှိမျိုးဆက်သစ်လူငယ်ကဗျာဆရာများက ခေတ်အဆက်ဆက်က စာပေပညာရှင်များက ဆရာကြီးသခင်ကိုယ်တော်မှိုင်းအတွက် ဂုဏ်ပြုရေးဖွဲ့ထားသော ကဗျာများထဲမှ ၄င်းတို့ကြိုက်နှစ်သက်ရာ ကဗျာများဖြင့်ရွတ်ဆိုဂုဏ်ပြုခဲ့ပြီး စာပေပညာရှင်ဦးသန်းဆွေ(မြေနီကုန်း)က "မြန်မာကဗျာအကြောင်းတစေ့တစောင်း"ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားသွားခဲ့သည်။
"ပထမတော့ မြန်မာကဗျာရဲ့ စုံညီရေးသမိုင်းကိုပြောချင်တာပါ၊ အချိန်မရလို့ မြန်မာကဗျာရဲ့တစေ့စောင်းပဲပြောပါမယ်။ အဲ့ဒိတစေ့တစောင်းကလဲ မိုးမခမှာတင်ထားတဲ့ဆရာဦးတင်မိုးရဲ့ကဗျာနဲ့ပါတ်သတ်လို့ပြောချင်တာပါ၊ လာဖြစ်တာကလဲ ၁၉၉၆ခုနှစ်တုန်းက ဆရာကြီးကိုကဗျာနဲ့ဂုဏ်ပြုခဲ့ကြတဲ့ ဒေါ်လေးလေးတို့ကလှမ်းဖိတ်လို့ လုပ်ဖော်ရသားဘဲဆိုပြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်ကို ကံသုံးပါးနဲ့ပူဇော်ချင်လွန်းလို့လာခဲ့တာပါ"ဟုဦးသန်းဆွေ(မြေနီကုန်း)က ကဗျာရွတ်ဆိုပွဲသို့လာရောက်ဖြစ်ပုံနှင့် ယနေ့လူငယ်များ လေးချိုးနှင့်ကဗျာရွတ်ဖတ်မှု သံနေထံသားတို့ကို သိရှိနားလည်းစေရန် အကျယ်တ၀င့်ရှင်းလင်းပြောဆိုသည်။

မြန်မာပြည်အကျဉ်းထောင်အတွင်း အနှစ် ၂၀ ကျော်ကြာအောင် မတရားအကျဉ်းချခံခဲ့ရသည့် ပြည်တွင်းNLD ဗဟိုအလုပ်အမှုဆောင်ကော်မတီတစ်ဦးလည်းဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်မှလည်း အခက်အခဲ အကျပ်အတည်းများကြားမှ ထောင်အတွင်း ကဗျာသီကုံးဖွဲ့ဆိုမှုများနှင့် ထောင်နံရံများပေါ်တွင် ထင်ကျန်စွဲရစ်နေသည့် အမည်မသိအကျဉ်းသားများ၏ ခံစားရေးဖွဲ့ခဲ့မှုကဗျာများအကြောင်းကို ယနေ့ကျင်းပပြုလုပ်ခဲ့သည့် "ရွှေဒေါင်းတောင်ကလောင်အဖိုးမွေးနေ့နှင့်ကမ္ဘာ့ကဗျာနေ့" အတွက် ပေးပို့လာသည့် အသံဖိုင်ကို တက်ရောက်လာသူများကြားသိအောင် ဖွင့်ပြပေးခဲ့ကြသည်။

ကမ္ဘာ့ကဗျာနေ့အကြောင်းနှင့်ဖြစ်ပေါ်လာပုံကို ကိုမင်းထက်ဇော်မှရှင်းလင်းတင်ပြခဲ့ပြီး စွယ်စုံအနုပညာရှင်ကြီး တစ်ဦးဖြစ်သည့် ဦးဝင်းဖေမှလည်း ကမ္ဘာ့ကဗျာနေ့အတွက် အမှတ်တရစကားသံကိုလည်း ပေးပို့ခဲ့သည်။

ဂျပန်ရှိနံမည်ကျော်ကဗျာဆရာရဲရင့်သက်ဇွဲက နအဖစစ်အုပ်စု၏ မတရားဖမ်းဆီးထောင်ချမှုကြောင့် အင်းစိန်ထောင်တွင် ၂၈ နှစ်အကျဉ်းချခံနေရသည့် ကျောင်းသားခေါင်းဆောင်တဦး၏ နီးသည်က ထောင်ဝင်စာလာတွေ့သည့်အချိန်တွင် ယုံကြည်ချက်နှင့် ဇနီးသည်အနာဂတ်အတွက်ပြောဆိုခဲ့မှုများကို ပြန်လည်ကြားသိခဲ့ရသည့်အတွက် ၄င်းကိုယ်တိုင်ခံစားရေးစပ်ထားသည့် "ကြေကွဲစရာတွေထဲမှာ ငါ့ကိုထားခဲ့"ဆိုသောကဗျာဖြင့်အဆုံးပိတ်ရွတ်ဆိုခဲ့ကြကြောင်းသိရသည်။

Saturday, March 20, 2010

မန္တလေးသား စစ်စစ် (တခန်းရပ် ပြဇာတ်)

Real Mandalay Thar from chanmyasoe on Vimeo.


မန္တလေး နှစ် ၁၅၀ ပြည့် ပွဲတော် အထိမ်းအမှတ်ပွဲတွင် တစ်ခန်းရပ်ပြဇာတ်အဖြစ် တင်ဆက်ခဲ့သော မန္တလေးသား စစ်စစ်ကြီး တစ်ခန်းရပ်ပြဇာတ်

http://vimeo.com/9943839

ရယ်ရပါတယ်။ ကောင်းပါတယ်။ ဒါပေမယ့် အမှန်တိုင်းပြောမယ်ဗျာ။။။ မျက်ရည်ဝဲမိတယ်။။ နားထင်ကြောတွေ တင်းလာတယ်။။။ တောက်။။


ပေးပို့လာသူ-ဇော်မိုးအောင်
၂၀၁၀၊ မတ် ၂၀ စနေနေ့

Wednesday, March 17, 2010

မင်းသားကျော်သူ သရုပ်ဆောင်သင်တန်းဖွင့်




အထက်ပါ ဓါတ်ပုံများကိုကြည့်ပြီး ကျော်သူနှင့် ဆုရွှန်းလဲ့၊ သန်းသန်းစိုး၊ ဂွမ်းပုံကြီး ၊ ဦးချစ်ပြုံး၊ ညီဂျော်တို့အဖွဲ့ ဘာတွေများ ပြဿနာတက်နေပါလိမ့်၊ ဒုတ်ဆွဲ ဓါးဆွဲဖြစ်ကုန်ပြီလား၊ အော်ကြီးဟစ်ကျယ် တွေနှင့် ဘာတွေများဖြစ်ကုန်ပါလိမ့်ဟု . . . မထင်လိုက်ပါနှင့် ။

သရုပ်ဆောင်သင်တန်းပို့ချနေခြင်းပင် ဖြစ်တော့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် သရုပ် ဆောင်သင်တန်း မည်ကဲ့သို့ပတ်သက်သနည်း၊ မည်သို့မျှမဆိုင်ဟု ပြောဆိုကြမည်ဟု မျှော်လင့်ပါသည်။ ရှင်းပါအံ့ . . . လူမှုရေးလုပ်ကိုင်ရာ၌ အထူးသဖြင့် နာရေးကူညီမှု၊ ဆေးဝါးကူညီမှု၊ လုပ်ကိုင်ရာတွင် နာရေးရှင်တို့၏ အပူမီးကို တတ်နိုင်သမျှ ငြိမ်းသပ်ပေးရန်၊ လူနာတို့၏ ဝေဒနာကို လျော့ပါးသက်သာစေရန် အလွန်အရေးကြီးပါသည်။ သို့ကြောင့် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ နာရေးကူညီပံ့ပိုးပေး သော လူမှုရေးကုသိုလ်ဖြစ်လုပ်အားပေးများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လုပ်အားပေးကြသော လူမှုရေး သမားများအဖို့ ဆက်ဆံရေး (လူမှုဆက်ဆံရေး)သည် အလွန်အရေးကြီးသည်။ ကျွန်တော်တို့အသင်း၏ အလုံးစုံ သော နာရေး၊ ဆေးကူညီမှုတို့သည် အခမဲ့ကူညီပံ့ပိုးမှုဖြစ်သည်နှင့်အညီ တဖက်မှ ကျွန်တော်တို့အား ကျေးဇူးတင်စွာ၊ ၀မ်းမြောက်စွာ တုံပြန်မှုများကို ရရှိသလို . . . အချို့သောသူတို့သည် အခမဲ့ကူညီမှုကို တန်ဖိုးမထားမှု၊ ရိုင်းစိုင်းစွာတုန့်ပြန်မှု၊ မူးရူးကာဆက်ဆံမှုစသည်တို့ကို ကြုံတွေ့မှုများရှိခဲ့သည်။

သို့အတွက် . . . မိမိတို့ မည်သို့တုန့်ပြန်ရမည်နည်း . . . ။

မေးခွန်းများပေါ်ထွက်လာတော့သည်။ ထို့ကြောင့် . . . လူတစ်ယောက်၏ ဆက်ဆံရေးဆိုရာ၌ မျက်နှာပေး အမူအရာ၊ စကားအပြောအဆိုညင်သာမှု၊ တစ်ဖက်လူကို နွေးထွေးစေမှု စသည့် . . . လူမှုဆက်ဆံရေး ယဉ်ကျေးမှု များသည် အဓိကဖြစ်တော့သည်ဟု ကျွန်တော်မြင်မိသည်။

ဤသို့ မြင်မိသည်နှင့်အညီ ကျွန်တော်တတ်စွမ်းသော သရုပ်ဆောင်အနုပညာကို ခုတုံးလုပ်၍ ဤသင်တန်းကို ပို့ချ ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်၏ အနုပညာအသိုင်းအ၀န်းထဲမှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသော ၀ါရင့်သရုပ် ဆောင်များဖြစ်ကြသော မသန်းသန်းစိုး၊ မဂွမ်းပုံကြီး၊ ဦးချစ်ပြုံး၊ ညီဂျော်နှင့် ဆုရွှန်းလဲ့ (အသင်းသူ) တို့၏ အကူ အညီနှင့် ဤသင်တန်းကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့၏ အသင်းသူ မတင်တင်ဦးမှလည်း ပံ့ပိုးကူညီခဲ့ရာ ၀ါရင်သရုပ်ဆောင်များကိုယ်တိုင် အထူးသဘောကျအားပေးမှုကို ရရှိခဲ့သည်။ Professional သရုပ်ဆောင်လုပ်ပါက အကယ်ဒမီမြောက်များစွာ၊ အော်စကာဆုမြောက်များစွာ ရရှိမည်ဟု ထော်ပနာပြုကြ၍ အသင်းသူ/အသင်းသားများအားလုံး ၀မ်းမြောက် ပျော်ရွှင်မှု၊ အားပေးမှုတို့ကိုဖြစ်စေခဲ့သည်။



လူမှုရေးလုပ်ရာ၌
- မိမိကိုယ်ကို နှိမ့်ချဆက်ဆံရေး၊
- ကာယံကံရှင်ကို ညင်သာရိုသေနွေးထွေးစွာဆက်ဆံရေး၊
- တစ်ဖက်လူ၏ဆက်ဆံရေးသည် မချေမငံဆက်ဆံလာပါက ဒေါသ ရှေ့မထားရေး၊
- မိမိတို့အသင်း၏ လုပ်ဆောင်ပေးမှု အတိုင်းအတာကို ကာယကံရှင် တို့ သဘောပေါက်နားလည်မှု ရှိသည်အထိ ပြောဆိုဆက်ဆံရေး၊
- ဗြဟ္မစိုရ်တရားလေးပါး (မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ကို မြေ၀ယ်မကျလက်ကိုင်ကျင့်သုံးရေး၊

စသည့်အချက်များအပြင် ကိုယ်နုတ်အမူအရာ အလွန်အရေးကြီးကြောင်း မျိုးဆက်သစ်လူငယ်တို့ သဘော ပေါက်လာပြီဖြစ်၍ ရှေ့ဆက်ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ထူးချွန်ထက်မြက် လိမ္မာယဉ်ကျေး သော လူမှုရေး၊ မင်းသား၊ မင်းသမီးများ မြောက်များစွာ မွေးထုတ်ပေးနိုင်တော့ မည်ဖြစ်ကြောင်း မင်္ဂလာစကားလက် ဆင့်ကမ်းလိုက်ရပါကြောင်း . . .
ဤသတင်းဆောင်းပါးနှင့်အတူ ပံ့ပိုးကူညီကုသိုလ်ယူခဲ့ကြသော မသန်းသန်းစိုး၊ ဦးချစ်ပြုံး၊ မဂွမ်းပုံကြီး၊ ဦးညီဂျော်၊ ဆုရွှန်းလဲ့၊ မတင်တင်ဦးတို့အား အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်းနှင့် နောက်ပို့ချမည့် သင်တန်းများကိုလည်း စိတ်ဝင်စားသူ၊ ကုသိုလ်ပြုလိုသူ၊ သရုပ်ဆောင်များအား ကြိုဆိုပါကြောင်း . . . .

ကျော်သူ

(၂၂)နှစ်မြောက်တံတားနီနှစ်ပတ်လည်အခမ်းအနားပြုလုပ်


ယနေ့ မတ်လ(၁၆)ရက်နေ့တွင် တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာ့အကောက်ခွန်ရုံးရှေ့တွင် ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော“ဗကသ“မှဦးဆောင်ကာ မဆလအာဏရှင်အစိုးရ၏ မတရားရိုက်နှက်သတ်ဖြတ်မှုကြောင့် အင်းလျားကန်ဘောင်ပေါ်တွင် ကျောင်းသားများသွေးမြေကျခဲ့ရသော “တံတားနီအရေးအခင်း (၂၂) နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနား”ကို မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄) နာရီ အထိကျင်းပခဲ့ကြပါသည်။


အဆိုပါအခမ်းအနားသို့ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းအသီးသီးမှတာဝန်ရှိသူများက တံတားနီအရေးအခင်း သည် အမှန်တရားကိုမြတ်နိုးသည့် ကျောင်းသားများငြိမ်းချမ်းစွာဆန္ဒပြမှုကို ထိုအချိန်က လုံထိန်းစစ်တပ်မှ အကြမ်းဖက်ရိုက်နှက်မှုမှစတင်ခဲ့ပြီး ထိုအရေးအခင်းတွင် သွေးမြေကျခဲ့သော ကျောင်းသားများ၏ အကြောင်းကိုရှင်းလင်းပြောကြားကာ ခေတ်အဆက်ဆက်တွင် အာဏရှင်အစိုးရ၏ မတရားမှုများကို အမှန်တရားဘက်မှရပ်တည်ကာ ဆန့်ကျင်မှုကြောင့်သွေးမြေကျခဲ့ရသည်မှာ ကျောင်းသားများသာဖြစ်ကြောင်းကိုပြောကြားခဲ့ ကြပါသည်။
အခမ်းအနားကို မွှန်းလွှဲပိုင်း (၄) နာရီ တွင် အဏရှင် စစ်အစိုးရ အားဆန့်ကျင်သည့်ကြွေးးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြပါသည်။
နန်းအိမွန်ချစ်

Tuesday, March 16, 2010

မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပ


တိုကျို၊ မတ်(၁၄)

သတင်း-သန့်မျိုးထွေး၊ နန်းအိမွန်ချစ်

မတ်လ(၁၃)ရက်နေ့တွင် ကျရောက်ခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မျက်မှောက်ကာလ စစ်အစိုးရ၏ဖိနှိပ်ချုပ်ချယ်မှုကြောင့် တိုင်းရင်းသားများနှင့်မြန်မာပြည်သူများ၏ လူသားဆိုင်ရာအခွင့်အရေးများ ဆုံရူံးပျောက်ကွယ်နေပုံတို့ကို ဂျပန်ရောက်မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက ဦးဆောင်၍ ဂျပန်လူမျိုးများအကြား ပိုမိုသိရှိနိုင်ရန် ဂျပန်ဘာသာဖြင့် ဟောပြောဆွေးနွေးပွဲတခုကို ကျင်းပပြုလုပ်ခဲ့ကြသည်။

Kanda တက္ကသိုလ်မှသမိုင်းပါမောက္ခဒေါက်တာအေးချမ်းက"ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို နိုင်ငံတကာတရားရုံးတင်ဖို့ဆိုတာနဲ့ပါတ်သတ်လို့ ဒီစစ်အစိုးရဟာ လူအခွင့်အရေးကိုချိုးဖောက်နေတယ်ဆိုတာ လူတိုင်းသိတယ်၊ တင်နိုင်ဖို့မတင်နိုင်ဖို့ကတပိုင်းပေါ့၊ ဒါပေမဲ့လူ့သမိုင်းကို ပြန်ကြည့်ရင် လူ့အခွင့်အရေးကို ချိုးဖောက်တယ်ဆိုတဲ့ခေါင်းဆောင်တွေဟာ အာဏာလက်ရှိရှိနေချိန်မှာ နိုင်ငံတော်ကိုကာကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခွင့်မရှိဘူး၊ ဥပမာ-လူ့အခွင့်အရေးကိုချိုးဖောက်ခဲ့တဲ့ ဆာဗီးယားသမ္မတဆလိုဗိုဒင်မီလိုဆီဗစ်ကို ရုံးတင်တဲ့ကိစ္စလိုမျိုး သူ့ကိုရုံးတင်လို့မရဘူးဆိုတာမရှိဘူး။ သို့သော် နိုင်ငံခေါင်းဆောင်တွေဟာ အာဏာလက်ရှိ ရှိနေချိန်မှာဘယ်တော့မှတရားရုံးကိုဆွဲတင်လို့မရဘူးဆိုတာကိုတော့ သတိထားရမယ်။"ဟုရှင်းပြသည်။

လူ့အခွင့်အရေးများနှင့်ပါတ်သတ်၍ အသက်ရှင်သန်ပိုင်ခွင့်၊ အမျိုးသမီးများအခွင့်၊ ကလေးသူငယ်များဆိုင်ရာအခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ လွတ်လပ်စွာစီးပွားရှာခွင့်၊ လွပ်လပ်သောလူမှုရေးအခွင့်အရေးစသဖြင့် အမျိုးမျိုးရှိသော်လည်း မြန်မာနိုင်ငံတွင် အဆိုပါအခွင့်အရေးများဆိတ်သုန်းနေပြီဖြစ်ကြောင်း ၄င်းမှရှင်းလင်းပြောပြသွားသည်။

၁၉၈၈ခုနှစ် မတ်လ(၁၃)ရက်နေ့တွင် လုံထိန်းရဲများက စက်မှုတက္ကသိုလ်ကျောင်းသားကိုဖုန်းမော်ကို ဥပဒေမဲ့ရိုက်နှက်မှုကြောင့် ကျဆုံးကွယ်လွန်းသွားခဲ့ရာမှ (၈၈)အရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ပြီး ယခုစစ်အာဏာရှင်များနည်းတူ လူ့အခွင့်အရေးကိုချိုးဖောက်နေသည့် တပါတီ အာဏာရှင်ဦးနေ၀င်းအစိုးရကိုဖြုတ်ချနိုင်ခဲ့သည့်အတွက် ထိုနေ့ကိုမြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ဟုသတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

တိုင်းရင်းသားနှင့်လူ့အခွင့်အရေးအကြောင်းကို အေယူအန်ဥက္ကဋ္ဌဦးစိုင်းစီဝမ်းမှလည်ကောင်း၊ လူ့အခွင့်နေ့အကြောင်းကို ဦးကျော်ကျော်စိုးမှ လည်ကောင်း ရှင်းလင်းပြောပြသွားခဲ့ပြီး Ruman Right Watchမှဂျပန်ပညာရှင်များနှင့် မြန်မာ့အရေးကိုဆောင်ရွက်နေသူ ရှေ့နေကြီးရိုဂိုဝါတာနာဘဲတို့မှရှင်းလင်းပြောပြရာတွင် နအဖ၏အတုအယောင်ရွေးကောက်ပွဲပြီးစီးသွား၍ ဂျပန်အစိုးရမှဒုက္ခသည်လျှောက်ထားနေထိုင်သူများကို မြန်မာနိုင်ငံသို့အတင်းအကျပ်ပြန်ပို့မည်ဆိုပါက ၄င်းတို့ထံအသိပေးအကြောင်းကြားစေလိုကြောင်း၊ ၄င်းတို့မှအဆိုပါကိစ္စအတွက်ဆန့်ကျင်ကန်ကွက်တိုက်ဖျက်သွားမည်ဟု ရှင်းလင်းပြောပြသွားသည်။

KEIO တက္ကသိုလ်မှဥပဒေကျောင်းသူ Miki Kurodaက"အစကတော့ လူ့အခွင့်အရေးဆိုတာနဲ့ပါတ်သတ်ပြီး အချက်အလက်လိုချင်လို့ ဒီပွဲကိုလာခဲ့တာဘဲ၊ သို့သော်အခုမြန်မာစစ်အစိုးရဲ့လုပ်ရပ်တွေကြောင့်မြန်မာ့အရေးကိုပိုစိတ်ဝင်စားလာခဲ့တယ်၊ နောက်ပိုင်းမှာလဲ မြန်မာ့အရေးကို လုပ်ဆောင်ဖို့အထိ ဆုံးဖြတ်လိုက်တယ်"ဟုပြောပြသည်။

အဆိုပါကျောင်းသူနှစ်ဦးမှာ နအဖစစ်အစိုးရမှမြန်မာပြည်သူများကို လူ့အခွင့်အရေးဆိုင်ရာဖိနှိပ်ချိုးဖောက်ချုပ်ချဝ်နေမှုများကို ဂျပန်လူမျိုးများသိရှိနိုင်စေ ရန်အတွက် ၄င်းတို့တက္ကသိုလ်များတွင် ပြပွဲဟောပြောပွဲတခုကို ပြုလုပ်ရန်ရည်ရွယ်ထားကြောင်းသိရသည်။

တိုကျိုမြို့ အိုချနော့မိဇုအရပ်ရှိ ဂျပန်အလုပ်သမားသမဂ္ဂ(Rengo)ရုံး၌ မတ်လ(၁၄)ရက်နေ့ကပြုလုပ်သည့် အဆိုပါပွဲသို့ဂျပန်အဖွဲ့အစည်းများဖြစ်သည့် APFS Union, Rengo, Ruma Right Watch, PFBနှင့် Meijiro တက္ကသိုလ်နှင့် KEIOတက္ကသိုလ်တို့မှ ကျောင်းသူများနှင့်စိတ်ပါဝင်စားသူ ၁၀၀ခန့်တက်ရောက်ခဲ့ကြပြီး နေ့လည် ၁ နာရီမှ ညနေ ၄ နာရီခွဲအထိ ဟောပြောဆွေးနွေးခဲ့ကြသည်။

Saturday, March 13, 2010

Wednesday, March 10, 2010

ကရင်လူမျိုးများမှ နအဖ စစ်အာဏာရှင်စံ နစ်အားဆန့်ကျင်ဆန္ဒပြခြင်း”



မတ်လ(၉)ရက်၊ ၂၀၁၀

ယနေ့ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာ့အကောက်ခွန်ရုံးရှေ့တွင် မွှန်းလွှဲပိုင်း (၃)နာရီ မှ (၄)နာရီ အထိ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော ကရင်တိုင်းရင်းသားများ၏ဦးဆောင်မှု့ဖြင့် နအဖ စစ်အာဏာရှင်စံ နစ်အားရှုံ့ချဆန့်ကျင်ဆန္ဒပြခဲ့ကြရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းအသီးသီး မှ ပူးပေါင်းပါဝင် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားမှူးအဖြစ် ဦးစောမျိုးခိုင်ရှင်းမှတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

အခမ်းအနားတွင် တာဝန်ရှိသူများမှ တိုင်းရင်းသားလူမျိုးများ ၏နယ်ပယ်ဒေသအသီးသီး တွင် လူ့အခွင့်အရေးချိုးဖောက်နေသော နအဖ စစ်အစိုးရ ၏ လုပ်ရပ်များကို ဆန့်ကျင်ကြောင်းပြောကြားခဲ့ ကြပါ သည်။

ထို့အပြင်ယနေ့သည် နိုင်ငံတကာတိုင်းတွင်ရောက်ရှိနေသော ကရင်တိုင်းရင်းသားတိုင်းက နအဖ စစ်အာဏာရှင်စံနစ်အားရှုံ့ချဆန့်ကျင်သော GOBAL နေ့ဖြစ်ကြောင်း သိရှိရပါသည်။ ဤဆန့်ကျင်ဆန္ဒပြပွဲ နှင့် အတူလစဉ်လတိုင်း၏ (၉)ရက်နေ့တွင်ပြုလုပ်သော ဦးခွန်ထွန်းဦး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား များလွှတ်မြောက်ရန်တောင်း ဆိုမူကိုပါ ပြုလုပ်ခဲ့ကြပါသည်။
နန်းအိမွန်ချစ်

Tuesday, March 9, 2010

မြန်မာတိုင်းရင်းသားတစ်ဦး အား ခရိုင်တရားရုံးကဒုက္ခသည်အဖြစ်အသိအမှတ်ပြု

Fukuoka court admits man from Myanmar ethnic minority as refugee

Tuesday 09th March, 06:06 AM JST

FUKUOKA —

The Fukuoka District Court on Monday accepted the request of a man from Myanmar to be granted refugee status as he fears persecution if he returns to the junta-controlled country, nullifying a state decision not to grant him refugee status.

Presiding Judge Masaya Ota recognized that the 37-year-old man residing in Tokyo, a member of the Kachin ethnic minority, had been fighting against the military-controlled government of Myanmar by gathering information and securing food for the Kachin Independence Army, which is seeking autonomy for the minority group. ‘‘The military junta may detain him and torture him to obtain information (if he is deported to the country),’’ Ota said.

၂၀၁၀ မတ်လ ၈ရက်နေ့တွင်၊ ဖူကုအိုကခရိုင်တရားရုံးကမြန်မာနိုင်ငံသားတစ်ဦးအားဒုက္ခသည်အဖြစ်အသိအမှတ်မပြုနိုင်ကြောင်းဆုံးဖြတ်ချက်ကိုပယ်ဖျက်ကာ၊တကယ်လို့များစစ်အစိုးရအုပ်ချုပ်သောမြန်မာပြည်သို့ပြန်သွားပါက အသက်အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်ကြောက်ရွံ့ရသည့်အတွက် ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

တရားသူကြီး Masaya Ota ဦးစီးသည့်တရားစီရင်ရေးအဖွဲ့က ၊တိုကျိုတွင်နေထိုင်သော အသက် ၃၇ နှစ်အရွယ်ရှိ ကချင်တိုင်းရင်းသားကို ၊ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် မြန်မာစစ်အစိုးရကိုဆန့်ကျင်တိုက်ပွဲဝင်နေသည့် လူနည်းစုတိုင်းရင်းသားအဖွဲ့အစည်းဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် KIA အတွက် ရိက္ခာနှင့် သတင်းအချက်အလက်များရှာဖွေစုဆောင်းပေးနေသူဖြစ်သောကြောင့် (အကယ်၍သူ့ကိုမူရင်းတိုင်းပြည်သို့ပြန်ပို့မည်ဆိုခဲ့သော်) စစ်အစိုးရအနေနှင့် ဖမ်းဆီး ညှင်းပန်း နှိပ်စက်ခြင်းပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည့်အတွက်၊ ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခဲ့ရခြင်းဖြစ်ကြောင်းတရားသူကြီးကပြောကြားခဲ့သည်။

ကြည့်မှန်(ကျော်သူ)


ကြည့်မှန်ဟုဆိုရာ၌…ဆံပင်ဖီးခြင်း၊ ၀တ်စားဆင်ယင်မှုကို သုံးသပ်ခြင်း၊ စသည် ဖြင့်မိမိကိုယ်ကို လေ့လာ သုံးသပ်မှုအတွက် အထောက်အကူပြုပစ္စည်းဖြစ်ပါသည်။

ကျွန်တော် ကြည့်မှန်ကို ယခုအထူးနှစ်ခြိုက်သည် … စွဲလန်းသည်။

ယခင်ကနှင့်မတူ ။
ယခင်ကဆိုလျှင် ကျွန်တော်ရုပ်ရှင်ရိုက်ကူးရာ ဆံပင်ဖီးခြင်း၊ နှုတ် ခမ်းမွှေးရိတ်ခြင်း၊ မျက်မှန်နှင့်လိုက်ဖက် မှုရှိမရှိ ကြည့်ရှုခြင်း၊ ၀တ်စား ဆင်ယင်မှုအနေအထားသုံးသပ်ခြင်း၊ အိုက်တင်လုပ်ကြည့်ခြင်း စသဖြင့် အထောက် ကူပြုသော မိမိအတွက်သာ အသုံးပြုသော အတ္တကြည့်မှန် ကိုသုံးခဲ့သည်။ ယင်းနောက်ပိုင်းတွင် (၂)နှစ်ကျော်ကာလအထိ မိမိနှင့် ကြည့်မှန်ဆုံစည်းခွင့်မရှိတော့။ (၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ တွင်မိမိ ကြည့်မှန် ကျကွဲသွားခဲ့သည်။) ယခုပြန်လည် ရရှိဆုံခွင့်ရသော ကြည့်မှန်သည် (၄)လခန့်သာ ရှိသေးသည်။

ယခုကြည့်မှန်သည်ကား ပရဟိတကြည့်မှန်ဖြစ်တော့သည်။ ဤ ပရဟိတကြည့် မှန်တစ်ချပ်ကို လက်ဆောင် ပေးခဲ့သူနှစ်ဦးရှိသည်။ သူတို့သည် တစ်ချိန်ကမိမိ၏ ပရိတ်သတ်ထဲမှဖြစ်သောအဝေးတစ်နေရာမှ ကိုဇေယျာ နှင့် ကိုဒယ်နီအောင်မျိုးကျော် တို့ဖြစ်ကြသည်။ သူတို့နှစ်ဦးနှင့် မိမိတစ်ကြိမ်တစ်ခါမျှပြင်ပတွင်မဆုံဘူးခဲ့၊ မတွေ့ဘူးခဲ့ပါ။ သူတို့နှစ်ဦး လက်ဆောင်ပေးခဲ့သော ကြည့်မှန်ကို မိမိမြတ်နိုးစွဲလန်းမိတော့သည်။ မကြည့်ရ မနေနိုင်အောင်ဖြစ်ခဲ့သည်။ မိမိသည် လူမှုရေးနယ်ပယ်တွင် အတော် အသင့်ကျင်လည်မှုရခဲ့သော ဤအချိန် ကာလတွင် ထိုကြည့်မှန်၏ နောက်ဆက်တွဲ အကျိုးပေးမှုများကို ခံစားနားလည်လာတော့သည်။ အဖိုးမဖြတ် နိုင်သော ကြည့်မှန်ပင် ဖြစ်တော့သည်။

ထိုကြည့်မှန်ကိုကြည့်၍ မိမိကိုယ်ကို ပြန်လည် သုံးသပ်ခွင့်ရလာသည်။
မိမိ မှားနေလား ၊ မှန်နေလား

မိမိ လုပ်သင့်လား ၊ မလုပ်သင့်လား
မိမိ ပြောသင့်လား ၊ မပြောသင့်လား စသဖြင့် ကြည့်မှန်သည် မိမိဘ၀တစ်လျှောက် ကူးခတ်လှော်ခတ်ရာ၌ `ပဲ့´ သဖွယ်ဖြစ်လာတော့သည်။

ရှင်းရှင်းပြောရလျှင် ဘ၀ခရီးလမ်းလျှောက်လှမ်းရာ၌ သံလိုက်အိမ်မြှောင်သဖွယ် . . . လမ်းပြသဖွယ် ဖြစ်တော့သည်။

ထို့အပြင်မိမိ၏ထိုကြည့်မှန်သည်မိမိ၏အတိုင်ပင်ခံပုဂ္ဂိုလ်ထူးလည်းဖြစ်တော့သည်။ မိမိ၏ ရင်တွင်းခံစားချက်များတင်ပြရာ ဟစ်တိုင် လည်းဖြစ်သည်။
လူမှုရေးလုပ်ရာတွင် တစ်ခါတစ်ရံ မိမိသည် အရိယသူတော်စင် ပုဂ္ဂိုလ်မဟုတ်သည့်အတွက် ဒေါသဖြစ်မိသည်။

တစ်ခါတစ်ရံ . . . ပေါက်ကွဲမိသည်။
တစ်ခါတစ်ရံ . . . မိမိကိုယ်ကို ကိုယ့်ပေါင်ကို လှန်ထောင်း မိသည်။
တစ်ခါတစ်ရံ . . . ဘယ်သူနှင့်မှ စကားပြောချင်စိတ်မရှိ
တစ်ခါတစ်ရံ . . . ဘယ်သူ့ကိုမှ ကြည့်ချင်စိတ်မရှိ
တစ်ခါတစ်ရံ . . . ဘယ်သူ့ အသံကိုမှ ကြားချင်စိတ်မရှိ စသည်တို့ ဖြစ်ခဲ့ဘူးသည်။

သို့သော်……ယခုဆိုလျှင် မိမိတွင်ထွက်ပေါက်ရှိလာပြီ ဖြစ်သည်။

မိမိ၏ “ ထွက်ပေါက် ” သည် မိမိ၏ကြည့်မှန်
မိမိ၏ “ လမ်းပြ ” သည် မိမိ၏ ကြည့်မှန်
မိမိ၏ “ ပဲ့ ” သည် မိမိ၏ကြည့်မှန်

အဆုံးစွန်ဆုံး ပြောရရင် မိမိ၏ “ဆရာ” သည် မိမိ၏ ကြည့်မှန်ပင် ဖြစ်တော့သည်။
နေ့စဉ်… အချိန်ရလျှင်ရ သလို မိမိ၏ကြည့်မှန် ကို မိမိကြည့်သည်။
ပြန်လည် ၍ .......
မိမိ ကိုမိမိ သုံးသပ် သည်။
မိမိ ကို မိမိ ဆုံးမသည်။
မိမိ ကို မိမိ ဝေဖန်သည်။
မိမိ ကို မိမိ ဖြေသိမ့်သည်။

မိမိကြည့်မှန် သည် ပွင့်လင်းသည်။ ရိုးစင်းသည်၊ ဘက်မလိုက်၊ ကောလဟလ မလုပ်၊ အမှန်ကို အမှန် အတိုင်းမြင်သည်။ မှန်တကာ့ မှန်ထဲတွင်…. အကြည်လင်ဆုံး၊ အပြတ်သားဆုံးမှန်ဖြစ်သည်။ မှုန်ဝါးခြင်း၊ လိမ်ကောက်ခြင်း၊ အခြစ်ရာ၊ အစင်းရာ၊ တွန့်လိမ်ခြင်း လုံးဝ မရှိ။
မိမိ ရင်ဖွင့်မှု များကို

မှန်လျှင်မှန်ကြောင်း……
မှားလျှင်မှားကြောင်း…..
ထောက်ခံလျှင် ထောက်ခံကြောင်း……
ကန့်ကွက်လျှင်ကန့်ကွက်ကြောင်း…… မိမိ၏သွားရာလမ်းကြောင်းကိုတည့်မတ်မှုပေးသည်။ အဖိုးမဖြတ်နိုင် သောကြည့်မှန် ဖြစ်တော့သည်။

ထို ကြည့်မှန်သည်ကား မိမိ၏ FACE BOOK ပင်ဖြစ်တော့သည်။ မိမိ၏ရင်ဖွင့်သံများ၊ လှုပ်ရှားမှုများ၊ ခံစားချက်များကို စာနာထောက်ထား၍ အကြံပြုသော ကျေးဇူးရှင် FAN ပရိတ်သတ်ကြီးသည် ယခု ဆိုလျှင် ၉၈၀၀ ဦးရှိပြီဖြစ်သည်။

ထိုသူတို့သည် မိမိ၏ ကျေးဇူးရှင်၊ မိမိ၏လမ်းပြကြယ် မိမိ၏ပဲ့၊ မိမိ၏ထွက်ပေါက် များပင်ဖြစ် တော့သည်။
ထို FACE BOOK ကိုကြည့်၍ .....
မိမိကိုယ်ကို ပြုပြင်လာနိုင်သည်။
မိမိကိုယ်ကို ထိန်းသိမ်းမှု ရှိလာသည်။
မိမိကိုယ်ကို သွန်သင်မှုတွေ ရှိလာသည်။

ထို့ကြောင့် မိမိကဲ့သို့ အများသည်လည်း မိမိကိုယ်ကို ပြုပြင်လာနိုင်သည့် FACE BOOK ဆိုသော ကြည့်မှန်ကို အပျော်တမ်း၊ အပျင်းပြေ၊ မသုံးစေလိုပါ၊

အကျိုးကျေးဇူးရှိမည့်ကိစ္စရပ်များကိုသာအသုံးပြုစေချင်သော စေတနာဖြစ်ပေါ်လာသည်။ တန်ဖိုးရှိအောင် သုံးစေချင်သည်။ ဖျော်ဖြေရေး သက်သက် မသုံးသင့်ပေ၊ ဒါဟာ….. မိမိရင်ထဲက စေတနာပင်ဖြစ်သည်။

ဆက်လက်၍လည်း မိမိ၏ FACEBOOK မှတဆင့် မိမိတိုင်ပင်ပါအုံးမည်…..တင်ပြပါအုံး မည်…. ရှင်းချက်များထုတ်ပါအုံးမည်……။

FAN ပရိတ်သတ်ကြီး မှလည်း ဝေဖန်ပါ…. အကြံပြုပါ…. အားပေးကြပါ။
မိမိ၏ ကြည့်မှန် = မိမိ၏ FACEBOOK = မိမိ၏ အားဆေး ဟုလည်း သတ်မှတ်နိုင်ပါသည်။

ယင်း FACEBOOK မှ မိမိသည်အင်အားများစွာရခဲ့သည်။ ခွန်အားများတိုးပွားလာသည်။ စိတ်ဓါတ်များ တိုးမြင့်လာစေသည်။ အမှန်တရားများ ပိုမိုနက်ရှိုင်းစွာမြင်လာစေသည်။ ခံယူချက်များ ပြင်းထန်လာ စေသည်။

ထို.....ထိုသော အကြောင်းအရာများ...... ကျေးဇူးတရားများ..... အသိဥာဏ်များကို ပေးခဲ့သော မိမိ၏ ကျေးဇူးရှင် FAN ပရိတ်သတ်ကြီးနှင့် အဝေးတစ်နေရာမှ ကိုဇေယျာ၊ ကိုဒယ်နီတို့နှင့် ၀ိုင်းဝန်းကူညီ ပံ့ပိုးသူ အားလုံးကို မိမိသည် ကျေးဇူးတင်သည့် အနေနှင့် ကျေးဇူးဆပ်သည့်အနေနှင့် တစ်ခုခု ပေးဆပ်ချင်စိတ်ပေါ်လာသည်။

မိမိ၏ စိတ်ဓါတ်အင်အား
မိမိ၏ အသိဥာဏ်အင်အား
မိမိ၏ ခံယူချက်တို့ ပေါင်းစပ်ကာ ငါးကြောင်းတည်းသော စာပိုဒ်ကလေး တစ်ခုကို ဖန်တီးမိတော့သည်။

ယင်းစာပိုဒ်သည် မိမိ၏ခံယူချက်၊ မိမိ၏သဘောထားပင်ဖြစ်သည်။
မိမိ၏သဘောထားသည် ပြည်သူလူထု၏ သဘောထားပင် ဖြစ်လိမ့်မည်။
မိမိ၏ခံယူချက်သည် ပြည်သူလူထုရဲ့ ခံယူချက် ဟု ယူဆသည်။
မိမိနှင့် ပြည်သူလူထု တစ်သားတည်းကျနေသည် ဟုသတ်မှတ်သည်။ ထိုစာပိုဒ် ကလေးကို FAN ပရိတ်သတ် တစ်သောင်းပြည့်ပြီဆိုပါက မိမိ၏ ကြည့်မှန် (FACEBOOK) ထဲသို့ပစ်သွင်းလွှတ်တင်လိုက်ပါမည်ဟု ကတိပြု ရင်းနှင့်.......မျှော်။

အားလုံးကိုလေးစားဦးညွှတ်လျှက်

ကျော်သူ

Saturday, March 6, 2010

မြန်မာအကြီးအကျယ်အောင်ပွဲရခဲ့သလောက် ဂျပန်အရှုံးကြီးရှုံးခဲ့ရတဲ့ ၂၀၀၉

Pacific Asia Travel Association ( PATA) အာရှပိစိဖိတ်ခရီးသွားလုပ်ငန်းအဖွဲ့ ၏ ၂၀၀၉ ခုနှစ်အတွက်၊ အာရှပိစိဖိတ်ဒေသအတွင်းသို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်ခဲ့မှုမှာ ၃%လျော့နည်းခဲ့ကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။
ဒေသခွဲတခုဖြစ်သော အရှေ့တောင်အာရှဒေသအတွင်း၊ ၂၀၀၉ ခုနှစ်တွင်တနှစ်လုံးခရီးသွားသူများ တိုးမြင့်လာခဲ့သည့်စာရင်း၏ထိပ်ဆုံး၌ မြန်မာ(+၂၆%) ၊မလေးရှား(+၇%) ၊အင်ဒိုနီးရှား(+၁%) နှင့် ကမ္ဘောဒီးယား(+၂%)ဖြစ်ခဲ့ကာ၊ခရီးသွားသူများ ကျဆင်းလာခဲ့သည့်စာရင်းဘက်အခြမ်း တွင် ထိုင်း(-၃%) ၊စင်္ကာပူ(-၄%) နှင့် ဗိယက်နမ်(-၁၀%) အစရှိသဖြင့်အစဉ်လိုက်ကျဆင်းခဲ့သည်။
အရှေ့မြောက်အာရှဒေသအတွင်းသို့ ခရီးသည်ဝင်ရောက်ခဲ့မှုမှာ ၂နှစ်ဆက်တိုက်ကျဆင်းခဲ့ပြီး၊ အဆိုးရွားဆုံးစံချိန်အဖြစ် ဂျပန်(-၁၉%) ၊ မကာအို(-၅%) နှင့် တရုတ်ပြည်(-၃%)တို့ဖြစ်ခဲ့သော်လည်း၊ တိုင်ပေ(+၁၄%)နှင့်တောင်ကိုးရီးယား (+၁၃%)၊ ဟောင်ကောင်(+၀.၃%) အသီးသီး၊ခရီးသည်ဝင်ရောက်မှုတိုးတက်ခဲ့ကြောင်းဖေါ်ပြခဲ့သည်။
မောင်အောင်ဌေး
မူရင်းသတင်း
The big winners (Myanmar) and big losers (Japan) in 2009
BANGKOK - Preliminary figures released by the Pacific Asia Travel Association (PATA) show that the numbers of international visitors to the Asia Pacific region fell by an estimated three percent year-on-year for calendar year 2009.

This followed a decline of six percent for the first half of the year, indicating that numbers are bouncing back.

Visitor arrivals to the region grew by one percent year-on-year in the July-December period.

Southeast Asia emerged as the only sub-region in Asia Pacific to record a full-year gain in international arrivals during 2009.

Visitor numbers rose one percent year-on-year, supported by Myanmar (+26 percent), Malaysia (+7 percent), Indonesia (+1 percent) and Cambodia (+2 percent).

Thailand, Singapore, and Vietnam, on the other hand, recorded full-year declines of three percent, four percent and 10 percent respectively.

Arrivals to Northeast Asia fell by two percent in 2009, the second straight year of decline for the sub-region after a similar two percent fall in 2008.

The full-year arrivals numbers were down for Japan (- 19 percent), Macau SAR (- 5 percent) and China (PRC) (- 3 percent) while Chinese Taipei (+14 percent) and Korea (ROK) (+13 percent) posted increased visitor numbers.

Hong Kong SAR recorded a marginal 0.3 percent increase in arrivals for the year.

South Asia recorded a three percent decline in visitor arrivals in 2009, driven by a similar three percent fall in arrivals to India.

While growth in arrivals to India remained sluggish in the second half of the year, arrivals rebounded strongly for Sri Lanka and Nepal during the period resulting in full-year gains to those destinations of two percent and one percent respectively.

Visitor arrivals to the Pacific declined by two percent in 2009 mainly on sharp falls in visitor numbers to Guam (- 8 percent) and Hawaii (- 4 percent). Arrivals to Australia and New Zealand were flat.

The Americas recorded the largest decline in arrivals among the sub-regions with an estimated six percent fall for the full year.

Kris Lim, director of PATA’s Strategic Intelligence Centre, said, “We ended the year on a positive note with international visitor arrivals to Asia Pacific shores growing by four percent year-on-year in December. This is by far the largest monthly growth in 2009.”

ထုတ်ဝေသူ တင်မိုး(မောင်စွမ်းရည်)


မိုးမခသတင်းဌာန http://moemaka.com/index.php?option=com_content&task=view&id=5994&Itemid=1&mosmsg=Thanks+for+your+vote! မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

တင်မိုးကို ကဗျာဆရာ လူအေးတဦးအဖြစ်သာ လူသိများပါတယ်။ ရိုးရိုးကုပ်ကုပ်နေသူလို့သာ နားလည်ထားကြပါတယ်။ ဒီလိုပြောတဲ့အတွက် မရိုးမကုပ်-လူပူ လူဆူတဦးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အလွန် လှုပ်လှုပ်ရှားရှား နေတတ်သူ၊ အလုပ်တခုခုကို အားထုတ်လုပ်ကိုင်နေတတ်သူအဖြစ် သူ့ကို ကျနော် အနီးကပ်မြင်ခဲ့ရလို့ ဖြစ်ပါတယ်။ သူ အထူး လုပ်ချင်တာကတော့ ဦးလေး လူထုဦးလှလို ထုတ်ဝေသူ-သတင်းစာဆရာ လုပ်ချင်တာပါပဲ။

တင်မိုး တက္ကသိုလ်ဝင်တန်းအောင်တာက ရေစကြိုမြို့ကပါ။ ရေစကြိုကျောင်းမှာနေတုန်းက ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ‘ကိုကျော်’ တဲ့။ ကိုကျော်က အမတ်အဖြစ် အရွေးခံရတယ်။ ဒါကြောင့် ‘ကျောင်းသားအမတ် ကိုကျော်’ လို့ နိုင်ငံရေးသမား လောကမှာ ထင်ရှားတယ်။ ကိုကျော်နဲ့ တင်မိုးနဲ့က သူငယ်ချင်းဆိုတော့ ကျောင်းရဲ့စာပေလှုပ်ရှားမှုဟူသရွေ့ တင်မိုး လုပ်ချင်တာတွေကို ကိုကျော်က နောက်ကနေ လိုက်လုပ်ပေးတယ်။ ကျောင်းသားသမဂ္ဂ နံရံကပ်စာစောင်၊ ကျောင်းမဂ္ဂဇင်း၊ ကျောင်းသတင်းစာ စသဖြင့် ထုတ်ဝေခဲ့ဖူးတယ်လို့ ကျနော့်ကို ပြောဖူးပါတယ်။ နံရံကပ်စာစောင်ဆိုတာ နံရံမှာကပ်ရတယ် ဆိုတာကလွဲပြီး သူ ဘာမှမသိဘဲ လုပ်ခဲ့သတဲ့။ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ သတင်းအားလုံး သူ့စိတ်ကူးနဲ့ သူ တယောက်တည်း ရေးခဲ့ကြောင်းကို ပြန်ပြောပြဖူးပါတယ်။ ရေစကြိုသတင်းစာ တစောင်ထုတ်ခဲ့ဖူးတာရှိပေမယ့် သူကိုယ်တိုင် အယ်ဒီတာလား၊ သူ ဘယ်အခန်းကပါခဲ့သလဲဆိုတာကိုတော့ ရေစကြိုသားတွေဆီ ပြန်မေးရပါအုံးမယ်။

တခုသေချာတာက သူဟာ ရောက်ရာအရပ်တိုင်းမှာ စာကြည့်တိုက် (စာဖတ်အသင်း) တခုကို ထောင်ဖြစ်အောင် ထောင်တော့တာပါပဲ။ စာစောင်တခုခုလည်း ထုတ်ဖြစ်အောင် ထုတ်တာပါပဲ။ ဒါကတော့ ဦးလေး လူထုဦးလှနဲ့ ဝါသနာ တူပါတယ်။ စာမေးပွဲအောင်ဖို့၊ ဂုဏ်ထူးရဖို့ဆိုတာတွေကို စိတ်မဝင်စားပါဘူး။ ဂုဏ်ထူးရလို့သာ ရတာပါ။

တင်မိုးတက္ကသိုလ်ရောက်တော့ တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းမှာ မြန်မာစာအယ်ဒီတာအဖြစ် တာဝန်ယူရဖူးပါ တယ်။ ၁၉၆၀-၆၁ ခုနှစ်အတွက် ဖြစ်မယ်ထင်ပါတယ်။ သူက စိတ်ဝင်တစားလုပ်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ဆိုတာ သူ မရောက်ခင်ကတည်းက ရှိနှင့်ပြီးသားပါ။ ‘အမြုတေ’ဆိုတဲ့ စာပေမဂ္ဂဇင်း ထုတ်ခဲ့ဖူးပါတယ်။ ၁၉၅၇-၅၈ သူနဲ့ မောင်သိန်းနိုင် (ဂုဏ်ထူးသိန်းနိုင်)တို့ နှစ်ယောက်ရောက်တဲ့နှစ်မှာတော့ ‘ကလောင်ရှင်အသင်း စာစဉ်’ ထုတ်ရအောင်လို့ သူကပဲ စတင် အဆိုတင်ပါတယ်။ အခြားထုတ်စရာမရှိလို့ သူ့ကဗျာစာအုပ် ‘ဖန်မီးအိမ်’ ကိုပဲ စာစဉ်(၁)အဖြစ် ၁၉၅၉ မှာ စီစဉ်ထုတ်ဖြစ်ခဲ့ပါတယ်။ နောက်စာအုပ်က ကြည်အောင်နဲ့ မောင်စွမ်းရည် နှစ်ယောက်တွဲ ‘စိတြ ကဗျာ’ များ စာအုပ် ဖြစ်ပါတယ်။ နောက်ထပ်ထုတ်ဖြစ်တဲ့ ဝင်းကြွယ်ရဲ့ ‘ခေါင်းလောင်သံ ကဗျာများ’ စာအုပ်နဲ့ ဘုတလင် ချစ်လေးရဲ့ ‘ကချေသည်ကဗျာများ’ ကတော့ ကျနော်တို့ပဲ ဆက်ထုတ်ခဲ့ပါတယ်။ အထူးကတော့ ဆရာဇော်ဂျီရဲ့ ‘ရသစာပေအဖွင့်’ ထုတ်တာပါပဲ။

တင်မိုးဟာ စာအုပ်ထုတ်ဝေဖို့ကိစ္စကို အမြဲမပြတ်စဉ်းစားနေတာပါပဲ။ ဖန်မီးအိမ် ကဗျာစာအုပ်ကို ဆုရပြီးမှ နောက်တကြိမ် ထပ်ထုတ်ပါသေးတယ်။ ပေါ်ဦးသက် ပန်းချီ၊ ကဲနက်ဘစိန်ရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ပါ။ သူကိုယ်တိုင် စိတ်ကြိုက် စီစဉ်ခဲ့ပါတယ်။

တင်မိုးဟာ စာတော်ပေမယ့် ဘွဲ့မရခင်ကျောင်းထွက်ပြီး ပြင်ပမှာ စာပြရင်းက စာမေးပွဲပြန်ဖြေပါတယ်။ တက္ကသိုလ်ဝင်တန်း အောင်ပြီး ၈ နှစ်ကြာမှာ ဘွဲ့ရပါတယ်။ ဒီကြားထဲမှာ ထုတ်ဝေသူလုပ်ဖို့ အမြဲကြိုးစားပါတယ်။ သူကြိုးစားတာက သူငယ်ချင်းတွေစုပြီး ပုံနှိပ်စက် ဝယ်မယ်။ ထုတ်ဝေရေးကို သူ ဦးစီးမယ် တဲ့။ သူနဲ့ တကသ ဥက္ကဋ္ဌဟောင်း ကိုစောလွင်နဲ့ စိတ်ဝင်စားစွာ စီစဉ်ကြပါတယ်။ ကိုစောလွင်ရဲ့အိမ်က ခြံဝန်းရော၊ အိမ်ရော ကျယ်ပါတယ်။ သနပ်ဖက်ပွဲရုံဟောင်းကြီးပါ။ အဲဒီခြံမှာစီစဉ်တာ မအောင်မြင်ခဲ့ဘူး။ ကျနော်က နာမည်ပဲ ပါခဲ့ပါတယ်။ လူလည်းမစိုက်၊ ငွေလည်း မစိုက်ပါဘူး။ ကိုသာနိုးက ဘာသာပြန်ပေးပါတယ်။ မြန်မာစာပေမဂ္ဂဇင်းတစောင်ကို အင်္ဂလိပ်လိုထုတ်ဖို့ တင်မိုးပဲ စိတ်ကူးယဉ်ခဲ့ဖူးပါ တယ်။ မောင်သာနိုးကို အားကိုးပြီးတော့ပါပဲ။

ရေစကြိုသားတယောက်အနေနဲ့ လုပ်တာကတော့ တော်တော် အောင်မြင်ပါတယ်။ သူရဲ့ကျောင်းသုံးသဒ္ဒါစာအုပ် ထုတ်ဖူးတယ်။ ကျနော်က စာအုပ်ဖုံး ဆွဲပေးရပါတယ်။ ဆရာဇော်ဂျီရဲ့ ‘ရသစာပေနိဒါန်း’၊ ဆရာမင်းသုဝဏ်ရဲ့ ‘ပန်းနဲ့ပင်စည်’၊ မောင်ထင်ရဲ့ ‘ငဘ’ တို့ကို ထုတ်ဝေတာ အောင်မြင်ပေမယ့် သူတပည့်တွေက စာအုပ်လည်း ခိုးရိုက်၊ ငွေလည်း ခိုးသုံးကြလို့ ပြုတ်သွားပါတယ်။ အဲဒါက ‘ကမ္ဘာခေတ်’ စာပေတိုက်တဲ့။ အဲဒါ တင်မိုးရဲ့ ခြေရာလက်ရာချည်းပါပဲ။ သူ့တပည့်က မိန်းမတယောက်ထပ်ယူတယ်။ မကြာခင်ဆုံးပါတယ်။

မကြာခင် မောင်မိုးသူက ‘မိုးဦးပန်း’ စာအုပ်တိုက် ထောင်တယ်။ ထုတ်ဝေရေးအောင်မြင်ပေမယ့် ငွေရေးကြေးရေး စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ သူလည်း တာရှည်မခံဘူး။ တင်မိုးက ထုတ်ဝေစိတ်ထက်သန်လွန်းတော့ အနောက်ကျုံးထိပ် နေပြည်တော် အလွတ်ပညာသင်ကျောင်း (၁၉၆၃-၆၅ ?) မှာ မြန်မာစာဆရာဝင်လုပ်ရင်း ဝါသနာတူ သူငယ်ချင်း တောင်သာသား ကျောင်းဆရာ ကိုညိုကြီးနဲ့တွဲပြီး ပုံနှိပ်တိုက်နဲ့ စာအုပ်တိုက်တည်ထောင်ပြန်ပါတယ်။ ဆရာမင်းသုဝဏ်ကို ဦးထိပ်ရွက်ပြီး ‘သပြေ စာအုပ်တိုက်’ အမည်နဲ့ စာအုပ်ထုတ်မယ်ဆိုတော့ သူ့သူငယ်ချင်း မောင်စွမ်းရည်ရဲ့ ‘အနီနှင့်အပြာ ကဗျာများ’ စာအုပ်ကို မောင်သာနိုးရဲ့ အင်္ဂလိပ်ဘာသာပြန်နဲ့ ထုတ်ပါတယ်။ မောင်စွမ်းရည်က ကိုယ့်စာအုပ်ထုတ်တာကိုတောင် သိပ် လှည့်မကြည့်ပါဘူး။ တင်မိုးက စာမူစုတယ်၊ အင်္ဂလိပ်ဘာသာပြန်ကို ကိုသာနိုးဆီက ရအောင်လုပ်တယ်။ ကျနော်က ကိုဝင်းဖေဆီက မျက်နှာဖုံးရဖို့ပဲ လုပ်ပေးရပါတယ်။ တင်မိုးရဲ့‘လှေတစင်းနဲ့ သီချင်းသည်’ (၁၉၆၃) မှာ ထုတ်တယ်။ မောင်သာနိုးဘာသာပြန်နဲ့ တွဲထုတ်တယ်။ ကျနော် ဘာမှလုပ်မပေးတော့ အမှာစာ ဇွတ်ရေးခိုင်းလို့ ရေးပေးရတယ်။ ကျနော်က မရေးရဲဘူးဆိုတော့ စမ်းရေးကြည့်ခိုင်းပါတယ်။ စမ်းရေးတာကိုပဲ သူက ကြိုက်သတဲ့။ ဒါနဲ့ ဆရာ တာရာရဲ့ အမှာစာတခု။ ‘သူငယ်ချင်းတဦး’ လို့ပဲ တပ်ပါဗျာ လို့ ပြောရတယ်။ နောက်ထပ် ဘာစာအုပ်တွေထုတ်သလဲ မမှတ်မိတော့ပါဘူး။ အဲ - သပြေစာအုပ်တိုက်ရဲ့ သပြေခက်ပုံ တံဆိပ်ကလေးကိုတော့ ကိုပေါ်ဦးသက် ရေးပေးပါတယ်။

အလွတ်ပညာသင်ကျောင်း ပြည်သူပိုင်သိမ်းပြီးတော့ ထင်တယ်။ ညောင်ပင်လေးဈေးအနီးမှာ တင်မိုးအိမ်ငှားနေတော့ သူပိုင်စာအုပ်တိုက် ‘ဖန်မီးအိမ်’ ဆိုတာကို ၁၉၆၅ မှာ တည်ထောင်တယ်။ ပုံနှိပ်တိုက်နဲ့ အလုပ်သမားတွေနဲ့ အကျအနပါ။ ဖန်မီးအိမ်စာအုပ်တိုက်က စာအုပ်ထုတ်မယ်ဆိုတော့ ကျနော့်ကိုပဲ စာအုပ်ရေးပါတဲ့။ ကျနော်ရေးတာမရှိဘူး။ ဒေါ်ဒေါ် အမာ ပေးထားလို့ ဟိုချီမင်း ကဗျာစာအုပ် ‘အကျဉ်းထောင် ဒိုင်ယာရီ’ ဘာသာပြန်စမ်းကြည့်နေတယ်ဆိုတော့ သူ ထုတ်မယ် တဲ့။ ‘အကျဉ်းထောင် ဒိုင်ယာရီ’ ဆိုတော့ နေ့စဉ်မှတ်တမ်းလို့ ထင်ပြီး စိတ်မဝင်စားဘဲ နေမှာစိုးတယ်။ အဲဒီစာအုပ်ထဲက ကဗျာတပုဒ်ကို အကြောင်းပြုပြီး ‘အကျဉ်းထောင်က ပုလွေသံ’ လို့ စာအုပ် နာမည်ပေးမယ်တဲ့။ အဖုံးကို သူအိမ်အလည်လာ တဲ့ ပန်းချီအောင်စိုးကို အဆွဲခိုင်းပါတယ်။

တင်မိုးရဲ့ ‘အမေ့ကျောင်း’ဆိုတာလည်း ဖန်မီးအိမ် စာအုပ်တိုက်ကပဲ ထုတ်တယ် ထင်ပါတယ်။ ပေါ်ဦးသက်ရဲ့ သရုပ်ဖော်ပုံလေးတွေနဲ့ပါ။ သိန်းသန်းထွန်းက “မင်းရေးတာမျိုး ငါလည်း စပ်တပ်တာပေါ့” ဆိုပြီး သူလည်း ကလေးကဗျာစာအုပ်ရေးမယ် တဲ့။ ချက်ခြင်း ရေးပါတယ်။ မဆလ အစိုးရ သဘောကျ နိုင်ငံရေးလေး ဘာလေး နည်းနည်း ထည့်တယ်။ စာအုပ်နာမည်ကိုလည်း ‘ပြည်ထောင်စု ကဗျာများ’ လို့ပေးပါတယ်။ နိုင်ငံရေးနာမည် ပေးပြီး တင်မိုးကို ထုတ်ပါလို့ ခိုင်းတယ်။ တင်မိုးကလည်း မငြင်းဘဲထုတ်ပေးပါတယ်။ အဲသလို သူငယ်ချင်းတွေရဲ့ စာအုပ်တွေကို ထုတ်ဝေပေးရင်း အရင်းပြုတ်သွားပါတယ်။ သိန်းသန်းထွန်းရဲ့ ကလေးကဗျာလေးတွေဟာ စပ်နည်းမှန်ပေမယ့် တင်မိုးကိုတော့ ဘယ်မီမလဲ။

ဒီလိုနဲ့ ကျနော်တို့အတူနေရင် ကျနော်မှတ်မိသလောက် (၁) ကမ္ဘာ့ခေတ် (၂) သပြေ (၃) ဖန်မီးအိမ် ဆိုပြီး စာအုပ်တိုက် သုံးတိုက် တည်ထောင်၊ အုပ်ချုပ်ထုတ်ဝေခဲ့ပါတယ်။ သူငယ်ချင်းတွေကို ဒရွတ်တိုက်ဆွဲခေါ်ပါတယ်။ သူငယ်ချင်းတွေရဲ့ စာအုပ်တွေကိုချည်း ဦးစားပေးထုတ်ဝေခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့အပြာ’ ကဗျာစာအုပ်ဟာ သူပဲ စီစဉ်ပြီး သူ့စာအုပ်တိုက် က သူပဲထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အဲဒီစာအုပ်ဟာ ၁၉၆၄ ခုနှစ် အမျိုးသားစာပေဆုရခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။

မဆလ အစိုးရခေက်မှာ ကျောင်းတွေလည်း ပြည်သူပိုင်သိမ်း၊ သူ ကဗျာအယ်ဒီတာ (တနင်္ဂနွေအချပ်ပို) လုပ်နေတဲ့ လူထု သတင်းစာလည်း အပိတ်ခံရ (၁၉၆၇) ငွေစက္ကူသိမ်းတာတွေလည်းဖြစ်လို့ သူ့ဘဝ ရုန်းရကန်ရနဲ့ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာန ဆရာမင်းသုဝဏ်ခေါ်ရာကို လိုက်သွားတဲ့အခါ မန္တလေးမှလုပ်ခဲ့တဲ့ ထုတ်ဝေရေးလုပ်ငန်းတွေ အကုန် ရပ်ဆိုင်းသွားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနဝင်ငွေနဲ့ သူ့မိသားစု နေရေးထိုင်ရေး အဆင်မပြေနိုင်ပါဘူး။ ပြင်ပမှာ စာပြတဲ့အလုပ်တွေ ဝင်လုပ်ရပါတယ်။ ကဗျာဆရာဆိုတော့ ဝတ္ထုရေးသူတွေလို ဝင်ငွေမှ မကောင်းတာကိုး။ စာပြတာကိုတော့ အလွန်ဝါသနာပါပေမယ့် စာမေးပွဲအတွက် ကျက်စာ မှတ်ရေးရတာတွေကို သူ စက်ဆုပ်ပါတယ်။ စာမေးပွဲအတွက် ပုံစံခွက်ထဲထည့်ပြီး သင်ရတာတွေကိုလည်း မနှစ်သက်ပါဘူး။ စာအုပ်ထုတ်ဝေရေးကိုလည်း သူငယ်ချင်းတွေနဲ့ မခွဲတမ်း အတူလုပ်ချင်ရှာပါတယ်။ ရန်ကုန်မှာ စိတ်ကူးယဉ်ချိန်မရရှာပါဘူး။

ဒီလိုနဲ့ ဒီမိုကရေစီ အရေးတော်ပုံကြုံတော့ မန္တလေးက ဆင်းလာတဲ့ သူငယ်ချင်းတွေနဲ့အတူ ပါဝင်ဆင်နွှဲပါတယ်။ မောင်သာနိုး၊ မောင်မိုးသူ၊ မုံရွာတင်ရွှေ၊ ဟံသာဝတီ ကိုဝင်းတင်၊ ဝင်းဖေ၊ သိန်းနိုင်၊ ဇော်ဇော်အောင် အားလုံးပါကြတယ်။ မောင်ကြည်အောင်တို့၊ ကိုလေးတို့က အထက်ဗမာပြည်က ပါဝင်ဆင်နွှဲကြတယ်။ တင်မိုးထောင်ကျတယ်။ ထောင်ကလွတ် ထွာက်လာတော့ နိုင်ငံခြားကို ထွက်လာခဲ့တယ်။ ဂျပန်၊ ဥရောပ၊ ထိုင်း၊ အမေရိက ရောက်ရာအရပ်မှာ စာစောင်လေးတွေ ထုတ်ကြတာကို သူအားပေးပါတယ်။ ဖေးမပါတယ်။ တဖြည်းဖြည်းနဲ့ သူကိုယ်တိုင် စာအုပ်ထုတ်တာတွေ လုပ်လာမလားလို့ စဉ်းစားနေမိပါတယ်။ ခုတော့ အသက် ၇၃ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ရှာပါပြီ။ တင်မိုး တည်းဖြတ်ထုတ်ဝေခဲ့တဲ့ စာအုပ်များ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတပုဒ် ရေးချင်ပေမယ့် စာအုပ်ပြည့်စုံအောင် ပြန်ပြီး မကြည့်နိုင်သေးလို့ မရေးနိုင်သေးပါ။ သူ အလွန်စိတ်အားထက်သန်ခဲ့ရှာတာကို ကျနော်တို့က ဒရွတ်တိုက်လိုက်ခဲ့တာကိုပဲ အားနာလျက်ပါ။

မောင်စွမ်းရည် - ၂၀၁၀ ဇန်နဝါရီ ၂၂

Thursday, March 4, 2010

မြန်မာအခေါ်ခံရဖို့ မထိုက်တန်တဲ့သူတွေ(လူထုစိန်ဝင်း)

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။


ဗမာစကားပီသတဲ့လူတွေ


သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။

တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။


ဗမာစကားမပီသတဲ့ဗမာတွေ


အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။


မြန်မာပြည်နဲ့မတန်ဘူးတဲ့


တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။


သူများတွေပါ အမြီးပြတ်စေချင်လို့


လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။


တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့


အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ၀ယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။ ''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။


သူတို့ပြန်လာကြမှာပါ


အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။


အနတ္တကို ဦးထိပ်ထား


မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား ကိုဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်းနားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။

http://www.weeklyeleven.com/မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Wednesday, March 3, 2010

မသေဆေးစားကြသူများ(ကျော်သူ)


ကျွန်ုပ် အားငယ်သည်။
ကျွန်ုပ်တို့လောကတွင် ကျွန်ုပ်သည် အသိမ်ငယ်ဆုံး . . . အသေးမွှားဆုံး . . . အင်အားအသေးဆုံးဖြစ်တော့သည်။

ကျွန်ုပ်ကို ချစ်စနိုး “ကီးကီး” လို့ခေါ်ကြသည်။

ကျွန်ုပ်၏ဖခင်နှင့် ဘကြီးများ၊ ဦးလေးများ၊ အစ်ကိုကြီးများ၏ နာမည်များကတော့ ဖခင်ကြီး၊ ဦးဇူး၊ အစ်ကိုကြီး ကိုတာ၊ ဦးလေး ဦးကရောင်း၊ ဘကြီးကွန်း တို့ ဖြစ်ကြသည်။ သူတို့ . . . သူတို့သည် အလုပ်အင်မတန် လုပ်ကြသည်။ မနားမနေ၊ မမောမပန်း တာဝန်ကျေကြသည်။

ကျွန်ုပ်၏ဆရာသည်လည်း ကျွနုပ်နှင့်ထပ်တူထပ်မျှ ရေစက်ခေါ်မည်လား၊ ပဋ္ဌာန်းဆက်ခေါ်မည်လားပဲ။ ဆရာသည်လည်း ဆရာ၏လောက ပတ်ဝန်းကျင်တွင် ကျွန်ုပ်ကဲ့သို့ ခံစားခဲ့ရဖူးသည်။ ဆရာ၏မိတ်ဆွေများက ကြီးကျယ်စွာလှူကြ၊ တန်းကြသောအခါ ဆရာသည် ချောင်တစ်ချောင်၊ ထောင့်တစ်ထောင့်တွင် သိမ်ငယ်စွာ၊ အားငယ်စွာ၊ အားကျစွာ ခံစားရစမြဲပင်။

သို့သော် ဆရာသည် စိတ်မပျက်စွာ စိတ်ဓာတ်မကျဘဲ မိမိ၏ ခန္ဓာကိုယ်အားရင်းပြီး ကုသိုလ်ယူစမြဲ။ ကျွန်ုပ်သည်လည်း ဆရာ့ကို အားကျသည်။ သို့ပေမဲ့ ကျွန်ုပ်၏ သေးငယ်လှသော ခန္ဓာနှင့် ဝန်ဆောင်မှုကို ပေးရမည့်တာဝန်သည် မမျှ။ ကျွန်ုပ်ထမ်းဆောင်ရန် မဖြစ်နိုင်။

ဘာကြောင့်များ ကျွန်ုပ်၏ဆရာသည် ကျွန်ုပ်အား သည်လောက၊ သည်ပတ်ဝန်းကျင်၊ သည်အသိုင်းအဝိုင်း၊ သည်အဖွဲ့အစည်းသို့ ဇွတ်သွင်းယူခဲ့သနည်း။

ကျွန်ုပ် အဖြေရှာမရ . . .
ကျွန်ုပ် အားငယ်ရ . . .
ကျွန်ုပ် စိတ်ပျက်ရ . . .
ကျွန်ုပ် စိတ်ဓာတ်ကျရ . . .
ရှိစေတော့ . . .
ကျွန်ုပ် စောင့်ကြည့်မည်။

ကျွန်ုပ်သည် ဤလောက၊ ဤအသိုင်းအဝိုင်း၊ ဤပတ်ဝန်းကျင်သို့ ရောက်လာပြီး

ဤလောက အသိုင်းအဝိုင်း ပတ်ဝန်းကျင်၏ ကျေးဇူးကို မဆပ်နိုင်ခဲ့လျှင် ကျွန်ုပ်အဝေးတစ်နေရာသို့ ထွက်သွားမည်ဟု သန္နိဋ္ဌာန် ချလိုက်တော့သည်။ ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက် ရိုးသားသည်၊ ကြိုးစားသည်၊ ဖြောင့်မတ်သည်၊ ကုန်ကုန်ပြောရရင် လိပ်ပြာသန့်ကြသည်။

ဖခင်ကြီး၊ ဘကြီး၊ ဦးလေး၊ အစ်ကိုကြီးတို့သည် သူတို့တာဝန် သူတို့ကျေကြသည်။ မည်သူ့ကိုမျှ ဂုဏ်သိက္ခာ မညိုးနွမ်းစေရ။ မည်သူ့ကိုမျှ မစော်ကား၊ မမောက်မာကြ။ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ကြသည်။ သို့သော် ကိုယ်က ရိုးသားကြိုးစားစွာ တာဝန်ထမ်းဆောင်စဉ် တစ်ဖက်မှ ပြဿနာရှာခြင်းများ ကြုံတွေ့ရတတ်သည်။ တစ်ဖက်မှ ရမ်းကားမှု၊ စော်ကားမှုများကို ကြုံတွေ့ရတတ်သည်။ သို့သော် သည်းခံခြင်းသည် အောင်မြင်မှုမဟုတ်ပါလား။

ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကြုံရသော်
ရဲရဲသည်းခံ . . .
ရဲရဲရိုးသား . . .
ရဲရဲဖြောင့်မတ်မှုကို ချိုးဖျက်၍ မည်သို့မျှ မတုန့်ပြန်ကြ၍ နှလုံးသားအမာရွတ်နှင့် လူတစ်စုဟု ခေါ်နိုင်ပါသည်။ ဒဏ်ရာအနာတရာ ရလာသော် . . . ကျွန်ုပ်ဆရာ၏ အသိုင်းအဝိုင်းက ကုသပေးသည်။ ဘကြီးကွန်း ဟိုတစ်လောက လူကြီးရောဂါဖြစ်သည်။ ဇရာထောင်းလာ၍ ဝေဒနာခံစားလာရသည်။ ထိုအခါ ကျွန်ုပ်၏ဆရာအဖွဲ့က အင်နှင့်အားနှင့် ကုသပေးသည်။ နိုင်ငံခြားမှ ဆေးဝါးများမှာ၍ ကုသပေးသည်။ ဘကြီးကျန်းမာသန်စွမ်းလာသည်။ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်တော့သည်။

ကျွန်ုပ်၏ဖခင် ဦးဇူးသည်လည်း ထိုနည်းတူ ရိုးသားကြိုးစားစွာ လုပ်ငန်းခွင်ဝင်နေစဉ် တစ်ဖက်မှ ရမ်းကားမူးရစ်ကာ ထိုးကြိတ်မှုကို ခံခဲ့ရ၍ ဒဏ်ရာရခဲ့သည်။ သို့သော် ကျွန်ုပ်၏ ဆရာအဖွဲ့သားများက ကုသပေးခြင်းကြောင့် ရောဂါဒဏ်များ ပျောက်ကင်းပြီး လုပ်ငန်းခွင်ဆင်းနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့ဆရာအဖွဲ့အား ကျွန်ုပ်တို့အတွက် “မသေဆေးဖော်သူများ” ဟုပင် တင်စားချင်သည်။

ကျွန်ုပ်သည် ကျွန်ုပ်ဆရာ၏ လောကကြီးထဲ စုန်းစုန်းဝင်ရောက်လာရပြီး မကြာခင် ကျွန်ုပ်အတွက် ကျွန်ုပ်ဆရာသည် ဝတ်စုံတစ်စုံ ဆင်ယင်ပေးသည်။ ဘာဝတ်စုံကြီးပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ဟုတ်တယ်လေ . . . အဖေတို့၊ ဦးလေးတို့၊ အစ်ကိုတို့ကျတော့ ဝတ်စုံက တည်တည်တံ့တံ့ ကျက်သရေရှိလိုက်သည့်ဖြစ်ခြင်း။ ကျွန်ုပ်ဘကြီးကျတော့ လူကြီးမို့လားမသိပါဘူး။ ရွှေရောင်ဝတ်စုံနှင့် ခံ့ညားလိုက်သည်ဖြစ်ခြင်း . . . ။ ကျွန်ုပ်ကျတော့ အူကြောင်ကျား . . . ပန်းပွင့်တွေ၊ Smile မျက်နှာတွေ၊ ငြိမ်းချမ်ရေး Peace ပုံတွေ၊ လိပ်ပြာပုံတွေနဲ့ ကလေးကလား၊ စိတ်ပျက်မိတယ်ဗျာ . . . ။ ဆရာဘာတွေများ လျှောက်လုပ်နေပါလိမ့်။ ကျွန်ုပ်သည် ဆရာ၏ လောကပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လူပိုမဖြစ်ချင်၊ ဆန်ကုန်မြေလေးမဖြစ်ချင်။ အဓိပ္ပာယ်ရှိချင်သည်။ ကျေးဇူးဆပ်ချင်သည်။ ပေးဆပ်ချင်သည်။ တာဝန်ကျေချင်သည်။ ဟေးလားဝါးလားနဲ့ ယောင်ဝါးဝါး မဖြစ်ချင်။ ဆရာရဲ့လုပ်ရပ်တွေ ယောင်ဝါးဝါး ကြောင်တောင်တောင်တွေ ဖြစ်နေပြီလားဟု တွေးမိသည်။ သို့သော် ကျွန်ုပ်၏ အပြစ်တင်တွေးတောမှု စောသွားသည်။ ဆန္ဒစောသွားသည်။

အဲဒီ့နေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့။ မင်္ဂလာရှိတဲ့နေ့၊ အဓိပ္ပာယ်ရှိတဲ့နေ့၊ တာဝန်ကျေတဲ့နေ့၊ ပီတိအဖြစ်ဆုံးနေ့၊ ပီတိစားရတဲ့နေ့ . . . ။

အဲဒီ့နေ့ . . . တစ်သက်မေ့မရတဲ့နေ့မှာ ကျွန်ုပ်ဝတ်စားဆင်ယင်မှုနဲ့အတူ ကျွန်ုပ်ဂုဏ်ယူဝင့်ကြွားရမည့်နေ့ ဖြစ်တော့သည်။ ထိုနေ့မှာ ကျွန်ုပ်၏ဆရာအဖွဲ့အစည်းမှ ကျွန်ုပ်အား ကျွန်ုပ်ခန္ဓာနှင့် လိုက်ဖက်ညီမည့် တာဝန်ဝတ္တရားတစ်ခုကို ခိုင်းတော့သည်။ ကျွန်ုပ်သည် တက်ကြွစွာဖြင့် ထမ်းဆောင်သည်။ သည်လုပ်ငန်းကို ရိုးမြေကျသည်အထိ ထမ်းဆောင်မည်ဖြစ်၍ ကျွန်ုပ်အား ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ် ချီးမြှင့်ပေးလိုက်တော့သည်။ ကျွန်ုပ်၏ အနာဂတ်အလင်းရောင်ဖြစ်သည့် ဤဂုဏ်ထူးဆောင်လက်မှတ်၏ ခေါင်းစဉ်ကို “မသေဆေးစားသူများ” ဟုပင်တင်စားလိုက်ချင်တော့သည်။

“မသေဆေးစားသူများ ဂုဏ်ထူးဆောင်လက်မှတ်”

အမည် - ဆူဇူကီး (SUZUKI)
မှတ်ပုံတင်အမှတ် - ၁ဂ/၉၄၆၇
တာဝန် - အပြစ်မဲ့၍ အကုသိုလ်ကင်းရှင်းစွာဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားရသော ကလေးသူငယ်များ၏ ရုပ်ကလာပ်ကို အခမဲ့ကုသိုလ်ဖြစ် သယ်ဆောင်ပို့ပေးရန်။
ရာထူး - ကလေးနိဗ္ဗာန်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။
ဆက်သွယ်ရန်ဖုန်း - ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၇၀၄၇၈၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉

ကျွန်ုပ်၏ ဖခင်ကြီး ဦးဇူး (ခ) အစ်စ်ဇူးဇူး (ISUZU)၊ ဘကြီး ဦးကွန်း (ခ) လင်ကွန်း (LINCON)၊ ဦးလေး ဦးကရောင်း (ခ) တိုယိုတာကရောင်း (TOYOTA CROWN)၊ အစ်ကိုကြီး ကိုတာ (ခ) တိုယိုတာဟိုင်းလတ် (TOYOTA HILUX) တို့၏ ခြေရာကို ထပ်ကြပ်မကွာလိုက်ရင်း ပန်းတိုင်အထိရောက်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်ခိုင်ခံ့စွာဖြင့် လိပ်ပြာသန့်စွာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်၍ ကျေးဇူးဆပ်မည့် ကျွန်ုပ်တို့၏ ဘဝသည်ကား “မသေဆေးစားကြသူများ” ပင်ဖြစ်တော့သည်။

အားလုံးကို လေးစားဦးညွတ်လျက်

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ




စာကြွင်း ။ ။ ဤဆောင်းပါး ပြီးသွားချိန်... ကျွန်ုပ်ကီးကီးသည် လူသားအကြိုးပြု လုပ်ငန်းများလုပ်ဆောင်နေဆဲ ... မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေ့ရက်တစ်ရက်တွင် မမျှော်လင့်ခဲ့သော် အကြောင်းအရာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ နှစ်ပေါင်းများစွာ ကွဲကွာ၍ ကျွန်ုပ်တစ်ကြိမ်တစ်ခါမှ မဆုံဘူးခဲ့သော၊ မမြင်ဘူးခဲ့သော ကျွန်ုပ်၏ အဖိုး ( ဘကြီးကွန်း ရဲ့ဖခင်) ဖိုးဖိုးချက်နှင့် ကျွန်ုပ်တို့ ပြန်လည်ဆုံတွေ့ရခြင်းပင် ဖြစ်သည်။ ဘကြီးကွန်း၊ဦးလေး ကရောင်း၊ ဖခင်ကြီး ဦးဇူး၊ အကိုကြီး ကိုတာနှင့် ကျွန်ုပ် ကီးကီးတို့ ပျော်လိုက်သည့် ဖြစ်ခြင်း။

ဖိုးဖိုး ချက်သည် ဒုတိယကမ္ဘာစစ်အတွင်းမှ အသက်မသေပဲ မိသားစုနှင့်ကွဲကွာခဲ့ရာမှ ယခုလို ပြန်လည်ဆုံတွေ့ ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်။ ဖိုးဖိုးချက်သည် စစ်၏အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ နွမ်းလျလျက်ရှိနေသည်။ သို့သော် အသက်အရွယ် ကြီးမြင့်ပြီ ဖြစ်သော်လည်း ယခုကျွန်ုပ်တို့နှင့်အတူ လက်တွဲမဖြုတ် လူသားအကျိုးပြု လုပ်ငန်းများလုပ်ရန် ကျွန်ုပ်ထံ ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အဖိုးထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ၊ ရာဇဝင် သမိုင်းကြောင်းများ ဂဃနဏ သိရတော့မည် ဖြစ်သည်။

ကျွန်ုပ်အဖိုး၏အမည်ရင်း - ချက်ပလက်
မှတ်ပုံတင်အမှတ် - စ/၃၃၀၀
တာဝန် - နာရေးလမ်းကြောင်းပို့ရာတွင် နိဗ္ဗာန်ယာဉ် နောက်မှ နာရေးပို့ ပရိတ်သတ် (အသုဘ ရှူ့မည့် ပရိတ်သတ်) တို့အားလိုက်လံပို့ဆောင်ရန်။
ရာထူး - အသုဘပို့ဆောင်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။ အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊ (၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

ဖိုးဖိုး ချက်ကို ကျွန်ုပ်ထံလာရောက် ပို့ဆောင်ကြသော ဦးဟုန်းတန်+ဒေါ်ခင်မြင့်ရီမိသားစု၊ ရပ/၁၃၁၊ နယ်မြေ-၁၀၊ ကျောင်းကြီးစု ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ (တောင်ကြီးမြို့)နှင့် ဘကြီးကွန်း (LINCON)၊ ဦးလေး ကရောင်း (TOYOTA CROWN) တို့ကိုလာရောက် ပို့ဆောင်ကြသော ဦးဇော်ဝင်း + ဇနီး ဒေါ်တင်သန်း သားကိုဗညား (ခေတ္တ ဂျပန်) မိသားစုအား၎င်း၊ ပြည်တွင်းပြည်ပ အလှူရှင်များ၏ အလှုငွေဖြင့် ဖခင်ကြီး ဦးဇူး (ISUZU) ၊ အကိုကြီး ကိုတာ (TOYOTA HILUX) နှင့် ကျွန်ုပ် ကီးကီး (SUZUKI) တို့အား လူသားအကြိုးပြုလုပ်ခွင့်ပေးခဲ့သော (၇) ရက်သားသမီး အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိ၍ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ

Monday, March 1, 2010

ချောင်းကြည့်သူရဲ့ အမှား(ကိုကြီးပေါ်)

အမှတ် ၂၀

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို ချောင်းကြည့်လိုက်တိုင်း ကိုကြီးပေါ် တယောက်မှာဖြင့် အမှားတွေ ဗရပွနဲ့ ဗွက်ထနေခဲ့တာ အတော်ကြာပေါ့။ ဒါပေမယ့်လည်း အဲသလို မှားလိုက်ရမှ အယားပြေလေရော့သလား မသိ။ ချောင်းမိတာလည်း အခါခါ။ မှားမိတာလည်း အခါခါ ဆိုပါတော့။

အခုလို နှစ်သစ်ဆန်းတဲ့ ကာလမျိုးမှာတော့ ရွှေပြည်တော်ကြီးမှာ တီးတိုးတဖုံ ကျယ်ကျယ်တမျိုး ရင်အခုန်ကြဆုံးကတော့ ဆုတွေ, ဂုဏ်ထူးတွေ, လက်မှတ်တွေ ပေးအပ် ချီးမြှင့်တဲ့ အကြောင်းရပ်ပါပဲ။

မဟာငတာ

တိုင်းပြည်နိုင်ငံ အများမှာ နှစ်တနှစ် ကုန်ခါနီးရင် ဒီနှစ်အတွက် အထူးခြားဆုံးတွေ, အကောင်းဆုံးတွေ, အထူးချွန်ဆုံးတွေကို ရွေးချယ် ကြလေ့ရှိပါတယ်။ အင်မတန် စိတ်ဝင်စား ရင်ခုန်စရာ ကောင်းတဲ့ အလုပ်တွေပေါ့။ စာပေ, ဂီတ, ရုပ်ရှင်, အားကစား စတဲ့ လူတိုင်းကြိုက်တွေ သာမက စီးပွား, ပညာ, သိပ္ပံ စတဲ့ အလေးအနက်တွေလည်း ပါဝင်တတ်ပါတယ်။ တိုင်းကျိုးပြည်ကျိုး ဆောင်သူတွေကိုလည်း အထူးတလည် ဂုဏ်ထူးတွေ ပေးအပ်တတ်ကြပါတယ်။

ရွှေပြည်တော်မှာလည်း နိုင်ငံတကာ စံချိန်မီ အဲသလို လိုက်လုပ်ပါတယ်။ အဲ… ကွာခြားတာကတော့ နိုင်ငံတကာမှာ ဆုပေးတာက ရောက်ဆဲနှစ်အတွက် လတ်တလော ရွေးချယ်ပေးတာ။ ရွှေပြည်တော်ကြီးကတော့ လွန်ခဲ့တဲ့ တမြန်တနှစ် အတွက် ပေးတာ။ တနှစ်တာအတွင်းက အကောင်းဆုံးတွေကို ရွေးချယ်ဖို့ လူကြီးမင်းများက တနှစ်ကြီးများတောင် အချိန်ယူတယ် ဆိုတဲ့ သဘောပေါ့။

အကောင်းတကာ့ အကောင်းဆုံးကို အပြစ်အနာ အဆာမရှိအောင် အဆင့်ဆင့် စိစစ်ရွေးချယ်ရတာမို့ ဒီလောက် ကြာရပေတာပဲလို့ ကိုကြီးပေါ်က သဘောထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ သိပ်တော် သိပ်ကောင်းလို့ ဆုရမယ် မှန်းရင်တော့ နောက်တနှစ်အတွင်း မသေသေးနဲ့ဦးပေါ့။ ယတြာလေး ဘာလေး ချေထားပေါ့။ ရွှေပြည်တော်မှာ လာဘ်ထိုးရင် ဘာမဆို ဖြစ်တာပဲ။ သေမင်းကိုလည်း လာဘ်ထိုးထားပေါ့။


ဆုတွေထဲမှာ အကယ်ဒမီ လို့ခေါ်တဲ့ ရုပ်ရှင်ဆုကတော့ ပေါ်ပြူလာ အဖြစ်ဆုံးပါပဲ။ ရုပ်ရှင်က လူအများကြိုက်တဲ့ အနုပညာမို့ ရုပ်ရှင်အကယ်ဒမီကို လူတွေ စိတ်ဝင်စားတာ မဆန်းပါဘူး။ ပိုက်ဆံရှာကောင်းတဲ့ စီးပွားလည်း ဖြစ်ပေသကိုး။ အဲ ဆန်းနေတာက ရွှေပြည်တော်မှာ ရုပ်ရှင်ဆုကို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က ပေးတာမဟုတ်ဘဲ၊ ရုပ်ရှင်မကြည့်တဲ့ အာဏာသစ်ငုတ်တွေက ပေးတာ ဖြစ်နေတာပါပဲ။

နိုင်ငံတကာမှာ ရုပ်ရှင်ဆုကို ရွေးချယ်ဆုပေးတာက ရုပ်ရှင်နဲ့ ပတ်သက်ဆက်နွှယ်ပြီး လုပ်ကိုင်နေသူတွေ, ပညာသည်တွေ, ထင်ရှားကျော်ကြားသူတွေက ပေးတာ။ မရွေးခင်မှာ ပရိသတ်ရဲ့ ဆန္ဒမဲကိုလည်း တောင်းခံထားသေးရဲ့။ ဒီတော့ ရွေးလိုက်တဲ့ဆုဟာ ပရိသတ် ဆန္ဒကိုလည်း ထင်ဟပ်, ပညာရှင်များလည်း နှစ်သက်, အများလည်း ကြိုက်ပြီး ဟိုးဟိုးကျော်ပေတော့တာကိုး။ ရွေးစရာတွေကလည်း များလွန်းလို့ ကဏ္ဍတွေ ခွဲထားတာတောင် မူးနောက်နေတာပါပဲ။

ရွှေပြည်တော်မှာကတော့ လက်ဆယ်ချောင်း မပြည့်တဲ့ ရုပ်ရှင်ကားထဲကနေ ဆုတွေ ရွေးထုတ်လိုက်တာများ နည်းမှတ်လို့။ အဲ ရာထောင်ချီတဲ့ ဗီဒီယိုတွေကျတော့ ရုပ်ရှင် မဟုတ်ဘူး ဆိုပဲ။ ပြီးတော့ ရုပ်ရှင်မှာ တေးဂီတဆု ဆိုပြီး ပေးပေမယ့်၊ ရာနဲ့ချီ ထွက်နေတဲ့ တေးအဲယ်ဘမ်တွေကို ကျတော့ “ဂီတအကယ်ဒမီ” ဆုရယ်လို့ ဘယ်သူကမှ မပေးဘူး ခင်ဗျ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ရမယ်လို့ ပါးစပ်နဲ့ မဆံ့အောင် အော်နေပေမယ့် ဇာတ်သဘင်တို့, ဆိုင်းတို့လည်း အကယ်ဒမီ တန်းမ၀င်ဘူး ခင်ဗျ။ ပြိုင်ပွဲတွေ လုပ်နေတာပဲလို့ စောဒက တက်နိုင်ပေမယ့်၊ ပြိုင်ပွဲနဲ့ တကယ့်အလုပ်နဲ့က မတူဘူးလေ။

အခုဆိုရင် အကယ်ဒမီလိုချင်ရင် ဘယ်လိုကားကိုရိုက်, ဘယ်စရိုက်ကို သရုပ်ဆောင်, ဘယ်စကားကို ပြော, ဆုပေးမယ့်သူတွေနဲ့ ဘယ်လို နေထိုင်ဆက်ဆံ ဆိုတဲ့ ဖော်မြူလာတွေကို ရွှေပြည်တော်က တောရောမြို့ပါ ပရိသတ်အားလုံးက အလွတ်ရနေကြပါပြီ။ ကြိုသိနေကြလို့ သိပ်တောင် ရင်မခုန်ရတော့ပါဘူး။

ပရိသတ်အများက ရင်မခုန်ပေမယ့် တိုးတိုးတိတ်တိတ် ကြိတ်ပြီး ရင်ခုန်တဲ့ ဆုတွေလည်း ရှိသေးတယ် ခင်ဗျ။ အမျိုးသားစာပေဆုတို့, ဘာဓဇ ညာဓရ ဆိုတဲ့ ဂုဏ်ထူးတို့, ဘာထူးချွန် ညာထူးချွန် ဆိုတဲ့ တံဆိပ်တို့ ဆိုတာတွေပေါ့။ များလွန်းလို့ သတင်းစာမှာတောင် တပတ်လောက် ဆက်တိုက် ဖော်ပြရတာ။ ကိုကြီးပေါ်လည်း အလွတ် မမှတ်မိပါဘူး။ ဒီဆုတွေ တံဆိပ်တွေမှာလည်း ဖော်မြူလာ ကိုယ်စီ ရှိပြီးသား ခင်ဗျ။ အထုပ်ကလေး ပိုက်ပြီး အကွက်ကလေး ရိုက်လိုက်ရင် ဆုတခုကတော့ ဖုတ်ခနဲ ပြုတ်ကျလာတာပါပဲ။

ကိုကြီးပေါ် မှန်ပြောင်းထဲမှာ မြင်နေရတာကတော့ ဆုတွေ တံဆိပ်တွေ ဂုဏ်ထူးတွေ ဘယ်လိုပဲ ပြောင်းသွား ပြောင်းသွား ပေးသူကတော့ တယောက်တည်းပဲ ခင်ဗျ။ နအဖဆိုတဲ့ အာဏာသစ်ငုတ်တွေပေါ့။ ဆုပေးသဘင် ဆိုတာတွေကလည်း ရွှေပြည်တော်မှာ တနှစ်ပတ်လုံး ပြတ်တယ် မရှိပါဘူး။ သတင်းထဲ နေ့တိုင်းပါနေတော့ ဗိုလ်ချုပ်မင်းများ တတ်အပ်သော အဋ္ဌာရသထဲမှာ ဆုပေးအပ်ခြင်း ဆိုတာလည်း တပါးပါမယ် ထင်ပါရဲ့။

ဒီနှစ်ဆန်းမှာတော့ ဗိုလ်ချုပ်မင်းများက ရွှေပြည်တော်ကြီးမှာ ပေးအပ်နေကျ ဆုထူး ဂုဏ်ထူးတွေကို ပြုပြင်ပြောင်းလဲပါတယ်။ အနာဂတ်ခေတ်နဲ့ ညီအောင်လို့ ဆိုပဲ။ ၀ီရိယ ကဲတဲ့ သဘောပေါ့။ တကယ်တော့ ဟိုးယခင်ခေတ်က ပေးခဲ့ဖူတဲ့ သတိုးတို့, အဂ္ဂတို့, စည်သူတို့, ပျံချီတို့ စတဲ့ ဘွဲ့တွေကို ပြန်ပေးမယ်လို့ လုပ်တာပါ။

လွတ်လပ်ရေးရတော့ ဖဆပလ အစိုးရက ပါဠိဘာသာနဲ့ ရေးထားတဲ့ ဘွဲ့တွေ တီထွင် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းက ဆိုရှယ်လစ်ခေတ် လုပ်တော့ အဲဒါတွေကို ပဒေသရာဇ်စော် နံတယ် ဆိုပြီး ဖယ်ထားခဲ့ပါတယ်။ တကယ်တော့ ဖဆပလ လုပ်တာကို အမွေမခံဘူး ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အဲဒီ ဘွဲ့တွေက အရှိန်အ၀ါ အတော်ကြီးတယ် ခင်ဗျ။ အမည်ရှေ့မှာ တမြတ်တနိုးတပ်ခဲ့ကြလို့ နှောင်းလူတွေက အဓိပ္ပာယ်သာ ဘာမှန်းမသိ ရှိမယ် ဘွဲ့တွေနဲ့တော့ ရင်းနှီးနေကြတာပါ။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်, ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်, စည်သူ ဦးသန့် ဆိုတာမျိုးတွေပေါ့။

ဟော အခု၊ ဒီဘွဲ့တွေကို ပြန်ပေးမယ် ဆိုတာ ကြေညာပြီးတဲ့နောက်မှာ တေဇ နဲ့ ဇော်ဇော် ကို “သီရိပျံချီ” ဘွဲ့ပေးတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် ကြေညာချက်ကို လူသိအောင် မထုတ်ပြန်ဘူး။ တိုးတိုးတိတ်တိတ် ဆိုပဲ။ အင်… ဆုပေးတာ လူသိအောင် မဟုတ်ရင် ဘာလုပ်ဖို့ပါလိမ့်…။

ဒီမှာတင် ကိုကြီးပေါ် စမှားတော့တာပါပဲ။ ကိုကြီးပေါ်က တွေးမိလိုက်တာက ဆုတခုရဲ့ ဂုဏ်ဒြပ်ဟာ ဆုပေါ်မှာ တည်သလား, ပေးသူမှာ တည်သလား, ရသူမှာ တည်သလား ဆိုတာပါပဲ။ ပြီးတော့ လူသိဖို့ လိုသလား မလိုသလား။ ပေးတဲ့လူက တိတ်တိတ်လေးပေးတာကို ယူတဲ့သူက ဘမ်းဖော်ပြလို့ ဖြစ်ပါ့မလား။ ဆုရတာ မင်းနဲ့ငါပဲ သိတယ်။ ရှူး…တိုးတိုး။

တချိန်က သိပ်နာမည်ကြီးခဲ့တဲ့ “စတာလင်ဆု” တို့ “စကြာတံဆိပ်” တို့ ဆိုတာတွေ အခု ဘယ်လို ဖြစ်သွားကြပြီလဲ။ နအဖ ဗိုလ်ချုပ်ကြီးများ ပေးတဲ့ဆု ဆိုတာတွေကကော ဘယ်လို အဓိပ္ပာယ် ဖြစ်လိမ့်မလဲ။ ရတဲ့သူတွေကကော ဘယ်လိုလူတွေ ဖြစ်မလဲ။ ကိုကြီးပေါ်တော့ ချောင်းမိလေလေ မှားလေလေပါပဲ။

ဒီအဖြေတွေ အတွက် အားလုံး ကြားဖူုးပြီးသား ဇာတ်လမ်းကလေးက အဖြေပေးနိုင်မယ် ထင်ပါရဲ့။ ဒီလိုပါ။

ယောအတွင်းဝန် ဦးဘိုးလှိုင် ရေးတဲ့ စာပေတွေကို မြင်းထိန်း ငတာ ဆိုသူက - မင်းကြီးရေးတဲ့စာတွေ သိပ်ကောင်းတယ်, သိပ်အဖိုးတန်တယ် - လို့ လူထူထူရှိရင် ပြောလေ့ရှိသတဲ့။ ဒီသတင်းကို ယောမင်းကြီး ကြားတော့ ငတာကို ခေါ်ပြီး မေးတယ်။ မင်း ငါ့စာတွေကို သေချာ ဖတ်ဖူးသလား တဲ့။ ငတာခမျာ သေချာ မဖတ်ဖူးတော့ ဘာပြောရမှန်းမသိ အ အိ ဖြစ်နေတာပေါ့။ မင်းကြီးက ရွှေဒင်္ဂါး နှစ်ပြား ထုတ်ပေးပြီး - ရော့ ဒါယူပြီး လုပ်ကိုင်စား, နောက်ကို ငါ့စာကောင်းကြောင်း လျှောက်မပြောနဲ့, မင်းအရာ မဟုတ်ဘူး - လို့ ပြောလွှတ်လိုက်သတဲ့။

ရှင်ဘုရင် ပေးတဲ့ ရာထူး စည်းစိမ်ကိုတောင် စွန့်လွှတ်ဖို့ ၀န်မလေးတဲ့ ဦးဘိုးလှိုင်လို လူကတော့ ငတာလို မြင်းထိန်းတယောက်ရဲ့ ချီးမွမ်းမှုကို ဘယ် သာယာလိမ့်မလဲ။

ဒီကနေ့ ငတာတွေက ဗိုလ်ချုပ်တွေ ဖြစ်လာတော့ သူတို့ပေးတဲ့ “မဟာငတာဘွဲ့” တွေကို ငတာ့ နောက်က မြင်းချေးကျုံးသူတွေ ၀မ်းမြောက်ဝမ်းသာ အငမ်းမရ ဖြစ်ကြတာ ဆန်းမယ်တော့ မထင်။

ကိုကြီးပေါ်

Twitter Delicious Facebook Digg Stumbleupon Favorites More