This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 30, 2010

ကွယ်လွန်သွားရှာသူ ကိုမောင်မောင်ငြိမ်း၏ ကိုယ်ရေးအကျဉ်း နှင့် အသုဘရှုတရားနာ

ကောင်းရာ သုကတိလားပါစေ
* အမည် - ကိုမောင်မောင်ငြိမ်း
* အသက် - (၄၃) နှစ်
* ပညာအရည်အချင်း - အခြေခံပညာအထက်တန်း
* ဇနီးအမည် - မချမ်းလွန် (Internews)
* အဖအမည် - ဦးတင်မောင် (ဗိုလ်မှူးကြီး-ကွယ်လွန်)
* မွေးရာဇာတိ - ရန်ကုန်
* လက်ရှိတာဝန် - အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF)။ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB)။ အယ်ဒီတာချုပ်၊ ရိုးမ ၃ သတင်းဌာန။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံ လှုပ်ရှားမှုတွင် တပ်မတော်သားတယောက်အနေဖြင့် ပါဝင်လှုပ်ရှားခဲ့သည်။ ပြည်သူဘက်က ရပ်တည်လှုပ်ရှားခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းအပြီးတွင် လွတ်မြောက်ဒေသသို့ ထွက်ခွာလာခဲ့သည်။ မူလတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကျောင်းသားတပ်မတော်တွင် တပ်ရင်းမှူးတာဝန်ထိ ဆောင်ရွက်ခဲ့သည်။ ၁၉၉၅ ခုနှစ်ခန့်မှစ၍ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းသားတပ်မတော်နှင့် (PDF) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သော ကာလတလျှောက် ရှေ့တန်းစစ်မြေပြင်များတွင် အချိန် အများစု တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ် တပ်မှူးတာဝန်၊ နိုင်ငံရေး/စစ်ရေးဦးဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်သည် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ၏ အဖွဲ့ဝင်အဖွဲ့အစည်း ဖြစ်သည်နှင့်အညီ ကိုမောင်မောင်ငြိမ်းသည် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းလုပ်ငန်းကော်မတီတို့တွင် ပါဝင်ဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၀၆ ခုနှစ်မှစ၍ ရိုးမ ၃ သတင်းဌာန၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဗထူးအမည်ဖြင့် သတင်းများကို ရေးသားခဲ့သည်။ ၂၀၀၉ ခုနှစ်အတွင်း ရိုးမ ၃ သတင်းဌာနမှ ထုတ်ဝေသော 'မြန်မာ့ သားကောင်းများအတွက် ဝမ်းနည်းဖွယ်ရာ ကလေးစစ်သားများ' အမည်ရှိ အစီရင်ခံစာကို ဦးစီးထုတ်ဝေခဲ့သည်။

ကိုမောင်မောင်ငြိမ်းသည် မောင်ငြိမ်းလူ(ဟယ်လ်ပင်) ကလောင်အမည်ဖြင့် ကဗျာများကိုလည်း ရေးသားခဲ့သည့်အပြင် စာပေအသိုင်းအဝိုင်းမှ ကဗျာဆရာ၊ စာရေးဆရာများနှင့် စာပေလှုပ်ရှားမှုများတွင် ပူးပေါင်းဆောင်ရွက်နေဆဲဖြစ်သည်။

သက္ကရာဇ် ၂၀၁၀ ပြည့်နှစ်၊ ကြာသာပတေးနေ့၊ နံနက် ၃ နာရီအချိန်တွင် ရိုးမ ၃ သတင်းဌာနရုံး၌ အသဲရောဂါ၊ ကျောက်ကပ်ရောဂါတို့ဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ၎င်း၏ ချစ်လှစွာသော ဇနီးသည် မချမ်းလွန် ကျန်ရစ်ခဲ့သည်။
သင်္ဂြီုဟ်မည့်အစီအစဉ်

* အချိန် - နေ့လည် (၁) နာရီ။
* နေ့ရက် - ၂၀၁၀ ပြည့်နှစ်၊ မေလ (၁) ရက် (စနေနေ့)။
* နေရာ - ဘန့်နူရာရပ်ကွက်၊ ဝပ်ဘွန်ယာဝပ်ဘုန်းကြီးကျောင်း။

အသုဘရှုတရားနာ (ယနေ့မှ သင်္ဂြီုဟ်မည့်ရက်အထိ)

* ညနေတရားနာချိန် - (ည ၈ နာရီ)
* နံနက်တရားနာချိန် - (နံနက် ၇ နာရီ)

Sunday, April 25, 2010

ဂျပန်၌လူဦးရေကျဆင်းမှုနှင့် အသက်၆၅နှစ်ကျော်သည့်လူဦးရေစံချိန်တင်


ဂျပန်၏လူဦးရေသည် ၂၀၀၉ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ကထက် ၁၈,၃၀၀(သို့) ၀.၁၄% လျော့နည်းသွားပြီး ၂၀၀၉ အောက်တိုဘာလ(၁)ရက်နေ့တွင် လူဦးရေ ၁၂၇.၅၁ သန်းကျော် ကျော်ရှိကြောင်း ၎င်းမှာ(၂)နှစ်ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ စာရင်းဇယားများတွင် ဖေါ်ပြပါရှိသည်။

၁၉၅၀ ခုနှစ်မှစတင်သည့် ပထမဦးဆုံးအကြိမ် စာရင်းဇယားကောက်ယူပြီးသည့်နောက် နှစ်အလိုက် ဂျပန်၏လူဦးရေကျဆင်းမှု(၃)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။ ယခင်ကလူဦးရေကျဆင်းမှု (၂)ကြိမ်ဖြစ်ခဲ့ဖူးပြီး ၎င်းတို့မှာ ၂၀၀၅ ခုနှစ်တွင် ၁၉,၀၀၀ ဦး(သို့) ၀.၀၁%ကျဆင်းသည့် အကြိမ်နှင့် ၂၀၀၈ ခုနှစ်တွင် ၇၉,၀၀၀ ဦး (သို့)၀.၀၆% ကျဆင်းခဲ့သည့်အကြိမ်တို့ဖြစ်သည်။

ဝန်ကြီးဌာနမှနောက်ဆုံးထုတ်ပြန်ခဲ့သောလူဦးရေစာရင်းသည် ၂၀၀၅ ခုနှစ်တွင်ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းကောက်ခံမှုရလာဘ်နှင့် နှစ်စဉ်နှစ်တိုင်းမွေးဖွားနှုန်းနှင့် သေဆုံးမှုအပါအ၀င် ဂျပန်နိုင်ငံသို့ လူဝင်လူထွက်စာရင်းတို့ကိုအခြေခံ၍ တွက်ချက်ထားခြင်းဖြစ်သည်။ အမျိုးသမီး ဦးရေမှာ ၆၅.၃၈ သန်းရှိပြီး ၆၁,၀၀၀ ဦးရေ(သို့) ၀.၀၉%ကျဆင်းခဲ့ရာတွင် ပထမဦးဆုံးအကြိမ်ဖြစ်ကာ သေဆုံးမှုမှာ မွေးဖွားသည့်အရေအတွက်ထက် ၅,၀၀၀ ပိုခဲ့သည်။

အမျိုးသားဦးရေမှာ ၆၂.၁၃ သန်းရှိပြီး ၁၂၁,၀၀၀ ဦးရေ(သို့) ၀.၂% ကျဆင်းခဲ့သည်မှာ (၅)နှစ်ဆက်တိုက်ဖြစ်သည့်အပြင်သေဆုံးမှုမှာ မွေးဖွားသည့်အရေအတွက်ထက် ၅၄,၀၀၀ ဦးပိုခဲ့ကြောင်းသိရသည်။ ဂျပန်နိုငိငံ၌လူဦးရေလျော့နည်းကျဆင်းမှုမှာ အမျိုးသားနှင့် အမျိုးသမီး(၂)ဖက်စလုံးတွင် ကျဆင်းမှုသို့ရောက်ရှိနေကြောင်း အဆိုပါဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာခဲ့သည်။

နောက်ဆုံးစာရင်းဇယားများတွင် ဂျပန်နိုင်ငံ၌ (၉၁)ရက်ထက်ပို၍ နေထိုင်သူများနှင့် ဂျပန် နိုင်ငံ၌ပညာသင်ကြားနေသော နိုင်ငံခြားသားကျောင်းသားများကိုပါထည့်သွင်းထားသည်။

ဂျပန်နိုင်ငံသားဦးရေစာရင်းမှာ ၁၂၅.၈၂ သန်းရှိပြီး ၁၂၇,၀၀၀ ဦးရေ(သို့) ၀.၁၀%ကျဆင်း ခဲ့သည်။ ဂျပန်နိုင်ငံသို့ဝင်ရောက်ခဲ့သူဦးရေမှာ ၃.၁၁၄ သန်းရှိပြီး လွန်ခဲ့သောနှစ်ကထက် ၂၅၀,၀၀၀ ဦးရေများပြားလာခဲ့သလို ဂျပန်မှထွက်ခွာသူဦးရေမှာ ၃.၂၃၇ သန်းရှိခဲ့သဖြင့် ၃၂၉,၀၀၀ ဦးရေများပြားလာခဲ့သည်ကိုကြည့်ခြင်းအားဖြင့် လူမှုရေးအခြေအနေကြောင့် ဂျပန်၏လူဦးရေ ၁၂၄,၀၀၀ ဦးလျော့နည်းသွားသည့်သဘောသက်ရောက်ပေသည်။

ထိုနိုင်ငံခြားသားဦးရေ ၁၂၄,၀၀၀ ဦးလျော့နည်းသည့်အထဲတွင် (၁၅)နှစ်တာကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ၄၇,၀၀၀ ဦးပိုလျော့သွားခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် အမေရိကန်၏ပွဲစားကုမ္ပဏီ Lehman Brother ဖျက်သိမ်းသွားပြီးနောက် နိုင်ငံ၏စီးပွားရေးဆုတ်လျော့မှုဖြစ်ပေါ်သည့်အတွက် နိုင်ငံခြားသားဦးရေကျဆင်းခဲ့ခြင်းဖြစ် ကြောင်း နိုင်ငံခြားသားများအနေနှင့် စီးပွားရေးကပ်ကြောင့် အလုပ်ပြုတ်ကာ မိမိတို့တိုင်းပြည်သို့ပြန်သွားရခြင်းဖြစ်သည်ဟု အစိုးရသတင်းရပ်ကွက်မှပြောခဲ့သည် ။

အသက်(၆၅)နှစ်နှင့်အထက်ရှိသော ဂျပန်လူဦးရေမှာ ၂၉.၀၀၅ သန်းရှိပြီး လွန်ခဲ့သောနှစ်က ထက် ၇၈၉,၀၀၀ ဦး(သို့) ၂၂.၇% ပိုများလာခဲ့သည်။ တဖက်တွင်အသက်(၁၄)နှစ်(သို့) ၎င်းထက်ငယ်သူဦးရေမှာ ၁၇.၀၁၁ သန်းရှိပြီး ၁၆၅,၀၀၀ ဦး(သို့) ၁၃.၃% လျော့နည်းလာခဲ့ သည်။ ၎င်းမှာလူဦးရေသန်း(၄၀)နှင့်အထက်ရှိသော နိုင်ငံ(၂၇)နိုင်ငံအနက် အနည်းဆုံးဖြစ် သည်။

ဤစာရင်းဇယားသည် ဂျပန်နိုင်ငံအတွက် အလုပ်သမားနည်းပါးမှုပြဿနာ အခွန်မှ ၀င်ငွေနည်းပါးမည့်ပြဿနာနှင့် ပင်စင်ခံစားသည့်သူများတိုးလာမည့်ပြဿနာတို့အတွက် ထည့်စဉ်းစားရမည့်အချက်များဖြစ်သည်။

ဂျပန်၌အလုပ်လုပ်နိုင်မည့်အသက်အရွယ်ဖြစ်သော (၁၅)နှစ်မှ(၆၄)နှစ်အကြား လူဦးရေမှာ ၈၁.၄၉၃ သန်းရှိခဲ့ပြီး ၈၀၆,၀၀၀ ဦးလျော့နည်းခဲ့သည်။ အလုပ်လုပ်နိုင်သည့် အသက် အရွယ်ရှိသူလူုဦးရေသည် ဂျပန်နိုင်ငံလူဦးရေ၏ ၆၃.၉%ရှိသည်။ ၎င်းမှာ စာရင်းဇယား ကောက်ယူခဲ့သည့် ၁၉၅၀ ခုနှစ်နှင့်ယှဉ်သော် အနိမ့်ဆုံးအဆင့်သို့ရောက်ရှိနေသည်။

အမေရိကန်နိုင်ငံတွင် အလုပ်လုပ်နိုင်သူပမာဏမှာ နိုင်ငံလူဦးရေ၏ ၆၇% ရှိသည်။ ထို့အတူ အမေရိကန်တွင် ခလေးဦးရေမှာ နိုင်ငံလူဦးရေ၏ ၂၀% နှင့် အသက် (၆၅) နှစ်အထက် လူဦးရေမှာ နိုင်ငံလူဦးရေ၏ ၁၃% ရှိသည်။

အောက်တိုဘာလ(၁)ရက်နေ့စာရင်းအရ တိုကျိုသည် လူဦးရေအထူထပ်ဆုံးဒေသအဖြစ် ဂျပန်နိုင်ငံလူဦးရေ၏ ၁၀.၁% ဖြစ်သော လူဦးရေ ၁၂.၈၆၈ သန်းဖြင့်ရပ်တည်နေပြီး ၎င်း၏ နောက်မှ ကန်နဂါဝါ ဂ.၉၄၃ သန်းနှင့် အိုဆာကာ ၈.၈၀၁ သန်း တို့နေရာယူခဲ့ကြသည်။

(မောင်အောင်ဌေး)
ကိုးကား
http://www.breitbart.com/article.php?id=D9F441NG2&show_article=1
http://www.japantoday.com/category/national/view/no-of-japanese-aged-over-65-at-record-high

http://search.japantimes.co.jp/cgi-bin/nn20100417a1.html


Friday, April 23, 2010

နအဖပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအား ကန့်ကွက်ဆန္ဒပြပွဲပြုလုပ်

ယနေ့ ဧပြီလ(၂၂)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှဦးဆောင်၍့ ဂျပန်ရောက် မြန်မာ့ဒီမိုအရေး လှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံတို့နှင့်အတူ ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်များဌာနချုပ် JTUC-RENGO၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ချုပ် (ဂျပန်) AI တို့ ပူးပေါင်း ကာ ၂၀၁၀ ခုနှစ် မတ်လ (၈)ရက်နေ့ တွင်ထုတ်ပြန်ခဲ့သည့် မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲဥပဒေများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ချီတက်ဆန္ဒပြပွဲကျင်းပပြုလုပ်ခဲ့ကြသည်။

စုရပ်အဖြစ် ရှင်နာဂါဝါရပ်ကွက်ရှိ Gotanda ပန်းခြံတွင် နေ့လယ် ၃ နာရီမှ စတင်ကာ စစ်အခွန်ရုံးရှေ့သို့ဖြတ်၍ လှမ်းလျှောက်ချီတက်ခဲ့ကြသည်။
ချီတက်ဆန္ဒပြရာလှမ်းတလျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်ပေးရန်၊ မတရားရေးဆွဲထားသည့် ၂၀၁၀ ရွေးကောက်ပွဲအား အယုံအကြည်မရှိ အစရှိသည်တို့ကို ဂျပန်-မြန်မာနှစ်ဘာသာဖြစ် ကြွေးကြော်ခဲ့ကြသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့်အတူ ဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့်ပူးပေါင်းကာ သဘောတူဆုံးဖြတ်ထားသော ရွှေဂုံတိုင်ကြေငြာစာတမ်းအား အလုံးစုံမျက်ကွယ်ပြုလိုက်ပြီး စစ်အစိုးရက စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက်သာ ဆက်လက်လုပ်ဆောင်နေမှုများကို ဂျပန်အစိုးရအနေဖြင့် ထိရောက်သောအရေးယူဆောင်ရွက်မှုမျိုးပြုလုပ်ရန်လည်း ရေးသားထားသည့် စာရွက်များကိုလည်း ဖြန့်ဝေခဲ့ကြပါသည်။
အဆိုပါလက်ကမ်းစာရွက်တွင် မတရားသည့်ရွေးကောက်ပွဲဥပဒေများဖြင့်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ရလဒ်အား အသိအမှတ်မပြုကြောင်း ဂျပန်အစိုးရက တရားဝင်ထုတ်ပြန်ပေးရန်၊ ဂျပန်အစိုးရက ယနေ့ ထက်တိုင်ကျင့်သုံးခဲ့သော မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားရေးပေါ်လစီသည် မထိရောက်သည့်အတွက် စီးပွားရေးပိတ်ဆို့ရေးပေါ်လစီကိုထည့်သွင်းစဉ်းစားကာ နိုင်ငံခြားရေးပေါ်လစီကို ပြောင်းလဲရန်သင့်ကြောင်းနှင့် ဂျပန်အစိုးရသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့နိုင်ငံအရေးနှင့် ပတ်သက် ဆွေးနွေးဆောင်ရွက်ပေးရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် ဦးဆောင်မှုတာဝန်ကိုဆောင်ရွက်သင့်ကြောင်းတို့ကို တောင်းဆိုထားကြောင်းသိရှိရပါသည်။
ချီတက်ဆန္ဒပြပွဲသို့ လူအင်အား ၂၅၀ ကျော်ခန့် တက်ရောက်ကြောင်းသိရှိရပြီး ညနေ ၄း၃၀ တွင်ရုပ်သိမ်းခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း

Monday, April 19, 2010

အမျိုးသမီးများအပေါ် ကျူးလွန်ထားသည့် နအဖ၏ရာဇ၀တ်မှုများကို ပြည်သူ့တရားရုံးတင် တရားစွဲဆိုနိုင်ရေး ဂျပန်ရှိဒီမိုကရေစီသမားများပြင်ဆင်

တိုကျို၊ ဧပြီ(၁၈)
သတင်း-သန့်မျိုးထွေး

နအဖစစ်အစိုးရမှ အပြစ်မဲ့ပြည်သူများနှင့် တိုင်းရင်းသားအမျိုးသမီးငယ်များအပေါ် မတရားကျူးလွန်ထားသည့် ပြစ်မှုများ(Criminal Case)များကို ဖော်ထုတ်နိုင်ရန်အတွက် ဂျပန်နိုင်ငံတွင်ပြည်သူ့တရားရုံးဖွဲ့စည်း၍ ရုံတင်စစ်ဆေးတရားစွဲဆိုနိုင်ရန် ပြင်ဆင်ကြိုးစားနေကြောင်းသိရသည်။

ဂျပန်ရှိ မြန်မာအမျိုးသမီးသမဂ္ဂ၏ဥက္ကဋ္ဌ ဒေါ်ချိုချိုအေးမှ ဦးဆောင်၍ နအဖစစ်အစိုးရ၏ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများနှင့် ပတ်သတ်၍ ဂျပန်နိုင်ငံတွင် ပြည်သူ့တရားရုံးကျင်းပရေးကော်မတီဟု အမည်ပေးထားသည့် အလုပ်ကော်မတီတခုကိုတိုကျိုမြို့ အိုးစုခအရပ်ရှိ မိနားမိအိုးစုခခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ဂျပန်ရှိ ဒီမိုကရေစီလှုပ်ရှားသူများနှင့်စုပေါင်း ဖွဲ့စည်းလိုက်ပြီး လာမည့်ဇွန်လတွင် တရားခွင်ပြုလုပ်၍ ကြားနာစစ်ဆေးကြမည်ဟုဆိုသည်။



ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ နအဖ ချက်ခြင်ကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထားအချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့်ရည်ရွယ်ချက်ကို ရှင်းပြသွားသည်။

ယနေ့တွင်ကော်မတီဖွဲ့စည်းလိုက်ကြခြင်းသာဖြစ်ပြီး အခြေအနေအရ တရားခွင်၏ ဂျူရီလူကြီးများ၊ တရားသူကြီးများအဖြစ် စစ်မေးမည့်ပုဂ္ဂိုလ်များကို အကြမ်းဖြင်းအားဖြင့် လျာထားခြင်းသာဖြစ်သည့်အတွက် တရားဝင်မထုတ်ပြန်နိုင်သေးကြောင်းနှင့် တရားခွင်တွင် စစ်မေးခံမည့်သူများမှာ နအဖစစ်အစိုးရက အမှန်တကယ်ညှင်းပန်းနှိပ်စက်မတရားပြုကျင့်ခြင်းကို ခံထားရပြီး ထိုင်း-မြန်မာနယ်စပ်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသမီးငယ်များဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး ဒေါ်ချိုချိုအေးက"ကျမတို့တိုင်းပြည်ထဲမှာ တရားဥပဒေမစိုးမိုးလို့ အခြားနိုင်ငံကိုထွက်ပြီးတော့ တရားရုံးတောင်လုပ်ယူရတယ်ဆိုတာ သမိုင်းမှာကျန်ခဲ့တာဘဲ၊ နောက်တချက်ကလဲ ကျမတို့လူ့အခွင့်အရေးချိုးဖောက်ခံရတာကိုလဲ ဘယ်သူ့ပြောရမှန်းမသိ၊ ဘယ်သူမှလည်း အကာအကွယ်မပေးနိုင်တဲ့ဘ၀မှာ ဒီတရားစီရင်မှုကို ကမ္ဘာတ၀ှမ်းလုံးမှာရှိတဲ့ လူတွေကို အထောက်အထားအချက်အလက်ခိုင်ခိုင်လုံလုံနဲ့ ကျမတို့မှာအကာကွယ်မဲ့နေပါတယ်၊ ဥပဒေအရကာကွယ်စောင့်ရှောင့်မှုပေးနိုင်ခြင်း မရှိပါဘူးဆိုတာကို လက်တွေ့ပြနိုင်တဲ့ဟာက ပါစပ်နဲ့ပြောတာနဲ့မတူပါဘူး"ဟုရှင်းပြသည်။

ဖွဲ့စည်းလိုက်သော ကော်မတီတွင် အမှုဆောင် (၁၈)ဦးပါရှိပြီး ဆက်လက်၍ပါဝင်လိုသူများကို ဖိတ်ခေါ်ထားပြီး တရားခွင်ကျင်းပမှုကုန်ကျစားရိတ်များအတွက် နိုင်ငံတကာရှိ မည်သည့်အဖွဲ့အစည်း၏အကူအညီမျှမယူဘဲ ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများစုပေါင်း၍ စားရိတ်စိုက်ထုတ်အကုန်အကျခံကာ တရားရုံး၏ ဆုံးဖြတ်ချက်ကို လူ့အခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဂျပန်အစိုးရအပါအ၀င် နိုင်ငံတကာသို့ဖြန့်ဝေသွားမည်ကြောင်း သိရသည်။

နအဖစစ်အစိုးရက ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများကို ကော်မရှင်တရပ်ဖွဲ့စည်း၍ စုံးစမ်းစစ်ဆေးရန် အီးယူအဖွဲ့ဝင် ဗြိတိန်နှင့်ချက်နိုင်ငံတို့က စတင်တောင်းဆိုပြီးနောက် အခြားအဖွဲ့ဝင်နိုင်ငံများအားလည်း ထောက်ခံကြရန် ဘားမားကမ်ပိန်(ယူကေ)က တိုက်တွန်းခဲ့ကာ အမေရိကန်နိုင်ငံတွင် နိုဘယ်လ်ဆုရှင်များက ဦးဆောင်၍ ကြားနာစစ်ဆေးမှုတခုကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက ပြုလုပ်နိုင်ခဲ့ပြီး ဂျပန်တွင်လည်း အလားတူစုံစမ်းစစ်ဆေးနိုင်ရန်ကြိုးပမ်းကြခြင်းဖြစ်သည်။

Sunday, April 18, 2010

မြန်မာပြည်ကိုကင်မရာချိန်ထားသောဂျပန်သတင်းထောက်

Japanese journalist focuses his camera on Myanmar


စစ်အစိုးရအုပ်ချုပ်နေသောတိုင်းပြည်အကြောင်းစာအုပ်ထုတ်ရန်အတွက် စုဆောင်းထားသည့် ဓါတ်ပုံပေါင်း ၈၀,၀၀၀ ထဲမှ ဓါတ်ပုံ ၈၀ ကိုရွေးထုတ်ခဲ့သူ ဂျပန်ဓါတ်ပုံသတင်းထောက် Yuzo Uda သည် လွန်ခဲ့သော (၁၇)နှစ်တာအတွင်း မြန်မာပြည်သို့ ပုံမှန်သွားရောက်လည်ပတ်ခဲ့သူဖြစ်သည်။

ကိုဘေးမြို့ဇာတိဖွား Uda သည် သူစုဆောင်းထားသည့်အချက်အလက် အများကြီးထဲမှ ရွေးထုတ်၍ Closed country Burma ဟူသောခေါင်းစဉ်ဖြင့် စာအုပ်ထုတ်ဝေခဲ့သူဖြစ်ပြီး “လူ့ဘ၀ရဲ့အခိုက်အတန့်ကလေးကို မှတ်တမ်းတင် ထိန်းသိမ်းထားချင်လို့” ထိုဒေသမှလူများအကြောင်းကို ဆက်လက်၍ ဓါတ်ပုံရိုက်ကူးမှာဖြစ်ကြောင်းဆိုခဲ့သည်။

Uda ဟူသောကလောင်နာမည်ဖြင့် ထင်ပေါ်လာသော အဆိုပါ(၄၇)နှစ်အရွယ် ဓါတ်ပုံ ဆရာရွေးချယ်ခဲ့သည့်ဓါတ်ပုံများထဲတွင် ကရင်လူနည်းစုတော်လှန်ရေးသမားများ ရှေ့တန်းစစ် မျက်နှာတွင် မြွေများသတ်နေသည့်ပုံ၊ ဒုက္ခသည်စခန်းထဲ၌ ဖရောင်းတိုင်မီးအလင်းရောင်ဖြင့် စာကျက်နေသောခလေးဓါတ်ပုံနှင့် ပန်းခြံထဲ၌ ထီးတလက်အောက်တွင် တဦးကိုတဦး ဖက်နေသည့်စုံတွဲပုံတို့ပါရှိသည်။

အလယ်တန်းကျောင်း အင်္ဂလိပ်စာဆရာအဖြစ် ၂နှစ်အလုပ်လုပ်ခဲ့ပြီးနောက် Uda သည် ကမ္ဘာ၀ှမ်းလေ့လာရန်အတွက် အလုပ်မှထွက်ခဲ့သည်။ ၁၉၉၀ တွင် ဘော်စတွန်မြို့၌ ဓါတ်ပုံပညာသင်ကျောင်းတက်ခဲ့သည်။ ဘော်စတွန်မြို့တွင်နေထိုင်စဉ်အတွင်း အယ်ဆာဗေးဒိုး နိုင်ငံမှ ဒုက္ခည်များဆန္ဒပြသည်ကိုတွေ့မြင်ခဲ့ရပြီးသည့်နောက် ပြည်တွင်းစစ်နွံထဲ၌ နစ်နေသည့် အဆိုပါအမေရိကန်အလည်ပိုင်းနိုင်ငံသို့ သွားရောက်ရန်တွန်းအားဖြစ်ပေါ်လာခဲ့ပြီး ထိုအချိန်မှစ၍ ဓါတ်ပုံသတင်းထောက်ဘ၀ကိုစတင်ခဲ့သည်။

အယ်ဆာဗေးဒိုးနိုင်ငံ၌ပြည်တွင်းစစ်ပြီးဆုံးသောအခါမှ မြန်မာပြည်သို့သွားခဲ့ခြင်းဖြစ်သည်၊ ထို့နောက်သူသည် မြန်မာပြည်နှင့်ပတ်သက်သောသတင်းကိုစုဆောင်းသူဖြစ်လာခဲ့ပြီး ဒီမိုကရေစီအင်အားစုများ၏ ပြည်သူလူထုအထိအခိုက်အနာတရမရှိပဲနှင့် စစ်အစိုးရဖြုတ်ချရေးလှုပ်ရှားမှုများကိုမြင်တွေ့ခဲ့ရသလို ဒုက္ခသည်စခန်းအတွင်း ကရင်အမျိုးသမီးတဦး နာကျင်သောဝေဒနာခံစား၍ ခလေးမွေးနေပုံတို့ကို မျက်စိဖြင့်တပ်အပ် မြင်တွေ့ခဲ့ရသည်။ ထိုသို့လေ့လာလုပ်ဆောင်နေချိန်အတွင်း သူသည် မြန်မာဘာသာစကားကိုသင်ယူခဲ့သည်။

ကျောက်ခဲနှင့်ဆန်ရောနေသောထမင်းကိုစား၍ ခက်ခဲသောဘ၀ကို ဥာဏ်နှင့်ချင့်ချိန်ကာ အသက်ရှင်ရပ်တည်နေသော မြန်မာလူမျိုးတို့အကြောင်းကိုUda ပုံဖေါ်နိုင်ခဲ့သည်။ တကြိမ်တွင် ဒေသခံလမ်းညွှန်ချက်ကျွေးသော တောကြောင်သားကိုစားပြီးနောက် ၀မ်းကိုက်ရောဂါဖြစ်ခဲ့ဘူး သလို တကြိမ်တွင်လည်း ချွေးစေးများပျံရသည့်တိုင် ကြိုးစားကာ လမ်းမိုင်းများကို ကျော်ဖြတ်ခဲ့ရဘူးသည်။

သူ၏ဆောင်ပုဒ်မှာ ဓါတ်ပုံသတင်းထောက်ဆိုသည်မှာ ဘယ်လောက်အန္တရာယ်များပါစေ ကိုယ်ပိုင်မျက်လုံးဖြင့် အရာရာကိုအတည်ပြုရသူဖြစ်သည်ဟူ၏။ ဂျပန်တနိုင်ငံလုံးသို့ခရီးကြမ်း ထွက်၍ ဂျပန်လူမျိုးစု၏ရိုးရာအကြောင်း အရေးကြီးသည့် စာအုပ်များကို ရေးသားခဲ့သည့် ရိုးရာကျမ်းကဝေ Tsuneichi Miyamoto (၁၉၀၁-၁၉၈၁)ကဲ့သို့ဖြစ်လာရန် Udaသည် သူ့ရည်ရွယ်ရာကို စွဲစွဲမြဲမြဲလုပ်နေသူဖြစ်သည်။
(မောင်အောင်ဌေး)
မူရင်းသတင်း- (Mainichi Japan- April 9, 2010)


Yuzo Uda ရိုက်ထားသည့် ဓာတ်ပုံမှတ်တမ်းများကို ၀င်ရောက်ကြည့်ရှုလိုပါက-

http://www.uzo.net/photo/photo.htm



Saturday, April 17, 2010

အမေလူထုဒေါ်အမာ(မောင်စွမ်းရည်)


အမေလူထုဒေါ်အမာ ကွယ်လွန်ခဲ့တာ ဧပြီ ၇ရက်ဆိုရင် ၂နှစ် ကြာသွားခဲ့ပြီ ဖြစ်ပေမယ့် အဝေးရောက် တူသားများ ဖြစ်ကြတဲ့ ကျနော်တို့ အဖို့တော့ အမေလူထုဒေါ်အမာဟာ (ကိုယ့်ရှေ့မှာ ကွယ်လွန်ခဲ့တာ မဟုတ်လို့) ကွယ်လွန်ပြီလို့ မတွေးမထင် မမြင်နိုင်သေးပါဘူး။အမေ လူထုဒေါ်အမာလို့ လူငယ်အများက ခေါ်တွင်နေတဲ့ လူထုဒေါ်အမာကို ကျနော်တို့ မျိုးဆက်တူသားတွေကတော့ ဒေါ်ဒေါ်လို့ ခေါ်ကြပါတယ်။ လူထုဦးလှကို “ဦးလေး” “ဦးလေးလှ” စသဖြင့် ခေါ်ကြပါတယ်။ ဒေါ်ဒေါ်ကို ၁၉၃၆ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ဒုတိယကျောင်းသားသပိတ်ကြီးက ဗမာတို့ရဲ့ ရှေ့တန်း ခေါင်းဆောင် အမျိုးသမီးတစ်ဦး ဖြစ်အောင် မွေးထုတ်လိုက်ပါတယ်။ ဒါကြောင့်လည်း သခင်နု၊ သခင်အောင်ဆန်း၊ သခင်ဗဟိန်းတို့နဲ့အတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက် မောင်နှမတစ်ဦးဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်လောက်က စပြီး ဦးလေး လူထုဦးလှ ထုတ်ဝေတဲ့ ကြီးပွားရေးမဂ~ဇင်းမှာ မြမ^…ူ၊ ခင်လဝင်း၊ မအမာ(သပိတ်မှောက်ကျောင်းသူ) စတဲ့ကလောင်အမည်များနဲ့ ဝတ္ထုတိုများ၊ ဘာသာပြန်များ ရေးသားပြီး စာပေလောကကို ဝင်ရောက်ခဲ့ရာက ကြီးပွားရေးမောင်လှလို့ အဲဒီတုန်းက ခေါ်တွင်တဲ့ ဦးလေးနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

ဦးလေးနဲ့ ဒေါ်ဒေါ်အိမ်ထောင်ကျတော့ ၁၉၃၉ ခုနှစ်မှာ ဦးလေးက မန္တလေးကို ရွှေ့ပြောင်းလိုက်ပါပြီ။ ကြီးပွားရေးမဂ~ဇင်းကို ဒေါ်ဒေါ်နဲ့ အတူ တည်းဖြတ်ထုတ်ဝေပါတယ်။ ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်လာတော့ မဂ~ဇင်းထုတ်ဝေတာ ရပ်သွားခဲ့ရပါတယ်။ စစ်ကြီးပြီးတော့ “လူထုဂျာနယ်” နဲ့ “လူထုသတင်းစာ” တို့ကိုထုတ်ဝေပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရုံးသတင်းစာတစ်စောင် အဖြစ်နဲ့ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့ပါတယ်။ လွတ်လပ်ရေးရတာနဲ့ အတူ ပြည်တွင်းစစ်ကြီးဖြစ်တော့ ငြိမ်းချမ်းရေးဖခင်ဆရာကြီး သခင်ကိုယ်တော်မှိုင်း နဲ့အတူ လူကိုယ်တိုင်ရေး သတင်းစာပါ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

ဗမာပြည်လွတ်လပ်ရေးရပြီးစ ၁၉၄၈ခုနှစ်မှာပဲ ဖဆပလအစိုးရဝန်ကြီး ဦးကျော်ငြိမ်းရဲ့ အမိန့်နဲ့ ရန်ကုန်က သတင်းစာသုံးစောင်ကို လူအင်အားနဲ့ ဝိုင်းဝန်းဖျက်ဆီးခဲ့ပါတယ်။ ၁၉၄၉ခုနှစ်မှာ မန္တလေးနန်းမြို့ရိုးအတွင်းရှိ စစ်တပ်က ဗိုလ်မှူးတစ်ဦး ကိုယ်တိုင်ထွက်လာပြီး လူထုသတင်းစာပုံနှိပ်စက်တွေကို မိုင်းဗုံးနဲ့ဖောက်ခွဲဖျက်ဆီးတာ ခံရပါတယ်။ လူထုမိသားစုကို တန်းစီပြီး သေနတ်နဲ့ ပစ်သတ်ဖို့ ပြင်ဆင်ဆဲမှာ သံဃာတော်များနဲ့ လူထုပရိသတ်က ဝိုင်းဝန်းတောင်းပန်လို့ အသက်ချမ်းသာရာ ရခဲ့ပါတယ်။ လူထုသတင်းစာကို အစိုးရက ရိုက်ချိုးခဲ့ရုံမက အာမခံတောင်းတာ၊ရပ်ခိုင်းတာတွေကို မကြာခဏ ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၇ ခုနှစ် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အုပ်ချုပ်ချိန်မှာ လုံးဝရပ်စဲတာ ခံရပါတယ်။ “မင်းဘေး”၊“မချစ်မနှစ်သက်သူတို့ဘေးအန္တရယ်” တို့အပြင် မီးဘေးနဲ့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၅၃ ခုနှစ်လောက်ကပဲ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်းနဲ့ တာဝန်ခံအယ်ဒီတာ လူထုဦးလှ၊ခေတ္တအယ်ဒီတာ မောင်နေဝင်းတို့ကို ဖမ်းဆီးထောင်ချပါတယ်။ နောက်ထပ် ဆက်လက်ပြီးတော့လည်း ရန်ကုန်လူထုတိုက်ခွဲက လူထုစိန်ဝင်းနဲ့ ဦးတင်မောင်နဲ့ သတင်းထောက်တစ်ဦး အဖမ်းခံရပါတယ်။ ဆက်လက်ပြီး ဦးလေးနဲ့ ဒေါ်ဒေါ်တို့ရဲ့ သားလတ် ကျောင်သားခေါင်းဆောင် ဖိုးသံချောင်းကိုလည်း ဖမ်းဆီးထောင်ချခဲ့ပြန်ပါတယ်။ လူထုစိန်ဝင်းနဲ့ ဖိုးသံချောင်းတို့ကိုတော့ နှိပ်စက်ညှ^်းပန်းပြီး ကိုကိုးကျွန်း အကျ^်း စခန်းကိုပို့လိုက်ပါတယ်။ မဆလအစိုးရလက်ထက်မှာတော့ ဦးလေး၊ ဒေါ်ဒေါ်နဲ့တကွ သားအငယ်ဆုံး မောင်ငြိမ်းချမ်း(ညီပုလေး) ကိုပါ ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒေါ်ဒေါ်ဟာ ဒီလိုလောကဓံတွေကို ဘယ်ဗမာ အမျိုးသမီးနဲ့မှ မတူအောင် ကြုံတွေ့ခဲ့ရပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ရုန်းကန်ခဲ့ရပါတယ်။

ဒီလိုလောကဓံလှိုင်းလုံး တဝုန်းဝုန်းကြားထဲကပဲ ဗမာလူငယ်ခေါင်းဆောင်၊ ဗမာအမျိုးသမီးခေါင်းဆောင်၊ ဗမာသတင်းစာဆရာ စာရေးဆရာမကြီးတစ်ဦးအနေနဲ့ နိုင်ငံတကာ ညီလာခံတွေကို တက်ရောက်ရင်း နိုင်ငံတကာ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင်းနှီးခွင့် ရရှိပြီး အသိအမြင်တွေ နှီးနှောဖလှယ်ခွင့် တွေကိုလည်း ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အမေလူထုဒေါ်အမာဆိုတဲ့ နာမည်တစ်လုံးနဲ့ ဗမာနိုင်ငံ စာပေလောက၊ ယ^်ကျေးမှုလောကနဲ့ နိုင်ငံရေးလောကမှာ ရင့်ကျက် အမြင်ကျယ်သူ ရှေ့တန်းခေါင်းဆောင်တစ်ဦးအဖြစ် လေးစားအားထားမှုကို ခံယူခဲ့ရပါတယ်။

အမေလူထုဒေါ်အမာဟာ ဗမာ့နောက်ဆုံးရှင်ဘုရင် နန်းစိုက်ခဲ့ရာမြို့ဟောင်း ဗမာ့ယ^်ကျေးမှု အနုပညာအရပ်ရပ်တို့ရဲ့ ဗဟိုအချက်အချာ ရတနာပုံမန္တလေးမြို့မှာ မွေးဖွားကြီးပြင်း နေထိုင်သူတစ်ဦး အဖြစ်နဲ့ ဗမာ့ရိုးရာယ^်ကျေးမှု၊ ဗမာ့ရိုးရာ ပန်းချီ၊ ဗမာ့ရိုးရာ ဇာတ်သဘင်၊ ဗမာ့ရိုးရာ တေးဂီတတို့နဲ့ ထဲထဲဝင်ဝင် သိမြင်ကျွမ်းဝင်သူတစ်ဦး ဖြစ်ပါတယ်။ ဘာသာပြန် စာရေးဆရာ။ သတင်းစာဆရာမကြီးအဖြစ်နဲ့ သာမက ဗမာ့ရိုးရာ ယ^်ကျေးမှု ဓလေ့ထုံးစံတို့ကို သုတေသနပြုလုပ် ဖော်ထုတ်ရေးသားသူ၊ ထိန်းသိမ်းစောင့်ရှောက်သူ တစ်ဦးအဖြစ်နဲ့လည်း ဗမာသိ၊ ကမ္ဘာသိ ထင်ရှားသူ ဖြစ်ပါတယ်။ “အောင်ဗလ ဖိုးစိန် စိန်ကတုံး”၊ “ရွှေမန်းတင်မောင်”၊ “ပြည်သူချစ်သော အနုပညာသည်များ”၊ “ရွှေရိုးဘကလေး”၊ “ကာတွန်းဦးဘဂျမ်း” စတဲ့ စာအုပ်တွေနဲ့ “အမေ့ရှေးစကား” စတဲ့ စာအုပ်တွေဟာ အမေလူထု ဒေါ်အမာကိုယ်တိုင် ရေတွက်လို့ မရနိုင်လောက်အောင် များပြားခဲ့ပြီး အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ရတဲ့ ပြည်သူ့လက်စွဲ စာပေကျမ်းဂန်တွေ ဖြစ်လာခဲ့ပါတယ်။

အမေလူထုဒေါ်အမာ အသက်၇၀ပြည့်နှစ်ကစပြီး အမေကွယ်လွန်ချိန် အသက်၉၀ကျော်အထိ အမေ့မွေးနေ့တွေကို အမေကိုယ်တိုင်က မကျင်းပစေချင်ဘူးလို့ ကန့်ကွက်ပြောဆိုတဲ့ကြားက ဗမာတစ်နိုင်ငံလုံးရှိ “လူထုအမေချစ်သူများ” ကမတိုင်ပင်၊ မချိန်းချက်၊ မဖိတ်မကြားဘဲ အမရပူရ တောင်သမန်အင်းစောင်းက တောင်လေးလုံး ကျောင်းတိုက်ကို လာရောက်စုဝေးကျင်းပခဲ့ကြတာဟာ နှစ်စ^်ပါပဲ။ လူကြီးလူငယ် စာပေသမားတွေနဲ့ နိုင်ငံရေးသမားကြီးငယ်တွေ မျိုးစုံပါဝင်ကြပါတယ်။ လေထီးအုန်းမောင်၊ သခင်သိမ်းမောင်၊ သခင်အုန်းမြင့်၊ ကျောက်ဆည်သခင်မ ဒေါ်မြရီစတဲ့ နိုင်ငံရေးသမား အိုကြီးအိုမများလည်း နှစ်စ^် မပျက်မကွက် လာရောက်ကြပြီး၊ ရန်ကုန်က ဒေါက်တာသန်းထွန်း၊ ဒေါ်ခင်နှင်းယု၊ ဒေါ်ကလျာ၊ ဒေါ်ခင်ဆွေဦးတို့နဲ့ မောင်သာနိုး၊ မောင်မိုးသူ စတဲ့ တူသားများ၊ မုံရွာက ကဗျာဆရာကြီး အံ့မောင်၊ အင်းဝက ကြည်အောင်၊ ကိုလေးစတဲ့ တူသားများလည်း နှစ်စ^် လာရောက်ကြပါတယ်။

အမေလူထုဒေါ်အမာကို နိုင်ငံခြားသတင်းဌာနမျိုးစုံက ဗမာပြည်စစ်အာဏာရှင် အစိုးရနဲ့ ပတ်သက်ပြီး ဝေဖန်သုံးသပ်ချက်တွေ မေးလာရင် ရှင်းရှင်းဘွင်းဘွင်း၊ ပြတ်ပြတ်သားသား၊ ရဲရဲရင့်ရင့်နဲ့ လိုလိုလားလား တက်တက်ကြွကြွ အဖြေပေးလေ့ရှိတာကြောင့် မေးမြန်းရသူတွေရော နားသောတဆင်ကြရသူတွေပါ အားရတက်ကြွ ဖြစ်ကြရပါတယ်။ ပြည်ပရောက် တူသားတွေကိုလည်း (၁)အရက်သေစာ သောက်စားမူးယစ်မနေကြဖို့ (၂)ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်စရာရှိတာတွေကို အရွယ်ရှိတုန်း အချိန်မဖြုန်းဘဲ တက်ကက်ကြွကြွလုပ်ကြဖို့ကို ဆုံးမလေ့ရှိပါတယ်။

စာပေကိုသေသည်အထိ မနားမနေ ရေးသားခြင်း၊ အမှန်တရားဘက်က သတ္တိရှိရှိရပ်တည်ခြင်း၊ လောကဓံတရားကို ကြံ့ကြံ့ခံနိုင်ခြင်း၊ အကြားအမြင် အလေ့အလာများပြီး အမြင်ကျယ်ခြင်းစတဲ့ သူမတူ ဂုဏ်သတ္တိ အရည်အချင်းတွေနဲ့ ပြည့်ဝသူဖြစ်လို့ အဖိုးရဲ့သမီးတပည့်ပီသသူ “အဖွားမှိုင်း” ရယ်လို့တောင် တင်စားရင် လွန်မလားလို့ ဘယ်သူမှ ငြင်းမယ် မထင်မိပါဘူး။

ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ မျိုးဆက်က ပေါ်ထွန်းခဲ့တဲ့ ကိုအောင်ဆန်းတို့ရဲ့ သပိတ်မှောက်ကျောင်းသူရဲဘော် ဒေါ်အမာဟာ နောက်ထပ်ထွက်ပေါ်လာတဲ့ အမှန်တရား ဘက်တော်သား၊ သပိတ်မှောက်ကျောင်းသူကျောင်းသား အဆက်ဆက်ရှေ့က မားမားမတ်မတ် ရပ်ပြီး ကိုအောင်ဆန်းရဲ့ သမီးငယ် မစု၊ မစုတို့ရဲ့ ရဲဘော်မင်းကိုနိုင်၊ ကိုကိုကြီးတို့ မျိုးဆက်အထိ အသက်၉၀ကျော်အရွယ်၊ ကွယ်လွန်ချိန်အထိတိုင်အောင် ရဲစိတ်၊ ရဲမာန်၊ ရဲအလံ လွှင့်ထူခဲ့သူ အဖြစ် ဗမာ့သမိုင်း ဒီမိုကရေစီတိုက်ပွဲ သမိုင်းမှာ မော်ကွန်းတင်၊ မော်ကွန်းဝင်ခဲ့ပြီမို့​-

နောင်လာနောက်သား ဗမာလူငယ်၊ အမျိုးသား အမျိုးသမီးအပေါင်းတို့လည်း ရဲစိတ်၊ ရဲမာန်၊ ရဲအလံကို ဆက်လက် သယ်ဆောင်လွှင့်ထူသွားနိုင်ကြပါစေသတည်း။

အမေလူထုဒေါ်အမာရဲ့သားတပည့်တစ်ဦး

မောင်စွမ်းရည်

၂၀၁၀ ဧပြီ ၇၊ နယူးယောက်

Cove ဇာတ်ကား အော်စကာဆုရခြင်းကို Taiji ဒေသခံများရှုံ့ချ


အမေရိကန်နိုင်ငံ လော့(စ)အိန်ဂျယ်လိမြို့တွင် လင်းပိုင်ဖမ်းဆီးသတ်ဖြတ်ခြင်းအကြောင်း ကြောက်စရာ ကွင်းကွင်းကွက်ကွက်ရိုက်ကူးခဲ့သည့် The Cove ဆိုသည့်ရုပ်ရှင်ကားသည်၊ အကောင်းဆုံး သတင်းရုပ်ရှင်ဇာတ်ကားအဖြစ် အော်စကာဆုကို ဆွတ်ခူးရရှိသဖြင့် ပွဲတော်လာသူအပေါင်းက ကောင်းချီးသြဘာပေးချိန်တွင်၊ လော့(စ)အိန်ဂျယ်လိမြို့မှ ကမ္ဘာတခြမ်းအကွာအဝေး၌ရှိသော အဆိုပါမုန်းစရာ ဇာတ်ကား၏အဓိကဒေသဖြစ်သည့် ဂျပန်နိုင်ငံရှိ၊ ရွာငယ်ကလေးမှလူများက နှစ်ပေါင်းရာနှင့်ချီ၍သက်တမ်းရှိပြီဖြစ်သော သူတို့၏ရိုးရာလုပ်ငန်းကို ရပ်တန့်လိမ့်မည်မဟုတ်ကြောင်းပြောကြားသွားခဲ့သည်။

ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ ကျောက်ဆောင်ထူထပ်သော ကမ်းခြေရွာကလေး တိုင်းဂျိ(Taiji)၌ လူဦးရေ ၃၅၀၀ ခန့်နေထိုင်ကြပြီး သက္ကရာဇ် ၁၆၀၀ အစောပိုင်းခန့်မှစတင်၍ ဝေလငါးနှင့် လင်းပိုင်တို့ကို ဖမ်းဆီးသတ်ဖြတ်ကာ ဝေလငါးကို စားသောက်စရာနာမည် Tailဟုခေါ်ကြပြီး၊ ထိုရွာကလေးကို “ဝေလငါးရွာ” ဟုမိမိတို့ဖါသာ ခေါ်ဆို၍ ရွာလည်လမ်းမ၌ ဝေလငါးနှစ်ကောင်ရုပ်ကိုထုလုပ်ထားသည်။

The Cove ရုပ်ရှင်ကားထဲတွင် အဆိုပါရွာကလေးကို “တကယ်လျှို့ဝှက်ချက်ကြီးကြီးနဲ့ မြို့ငယ်လေး”ဟု ရည်ညွှန်းထားပြီး ထိုရပ်ရွာ၏ကောင်စီလူကြီး တစ်ဦးဖြစ်သူ Hisato Ryono က မည်သည့်ကိစ္စမှဖုံးကွယ်ထားစရာမရှိကြောင်း ဒီအနီးနားကလူတွေအားလုံးသိကြကြောင်း၊ ငါး များကို ဖမ်းဆီးသတ်ဖြတ်စဉ် အနီးတ၀ိုက်ရှိရေလည်း အနီရောင်ပြောင်းသွားကြောင်း၊ ဒါပေမဲ့ တကယ်သတ်ဖြတ်သည့်အခါ ကြည့်ရှု၍မသင့်တော်သဖြင့် နေရာကိုလုံလုံခြုံခြုံဖြစ်အောင်စီစဉ်ကြောင်းပြောကြားခဲ့သည်။
ဂျပန်အစိုးရကနှစ်စဉ် လင်းပိုင်ကောင်ရေ ၁၉၀၀၀ သတ်ခွင့်ပြုထားကာ Taijiရွာက နှစ်စဉ်လင်းပိုင်ကောင်ရေ ၂၀၀၀ ခန့်သာအသားအတွက် သတ်ဖြတ်သည်မှာ အခြားဒေသများနှင့်နှိုင်းယှဉ်ပါက နည်းပါးသော်လည်း၊ “Oikomi”ခေါ် အစုလိုက် အပြုံလိုက် ကမ်းခြေနှင့်အနီးတ၀ိုက်တွင် သတ်ဖြတ်သောကြောင့် နာမည်ကျော်ရခြင်းဖြစ်သည်။

Taiji ဒေသခံတံငါသည်များက လင်းပိုင်များကို စားသောက်စရာအဖြစ်သိကြသည့်အပြင် သဘာဝအားဖြင့် ဆော့ကစားတတ်သောရေသတ္တ၀ါများဖြစ်ကြောင်းကိုလဲသိရှိသည့်အတွက် ဖမ်းဆီးရမိသောတချို့တ၀က်ကို ငါးပြတိုက်များသို့ရောင်းချသည်များလဲရှိကြသည်။ ထိုဒေသ၌နှစ်စဉ်လင်းပိုင်ဖမ်းသောရာသီတွင်၊ ထိုကျောက်ဆောင်ကွေ့ရွာကလေးမှ မိုင်ဝက်သာသာရှိ ပင်လယ်ထဲ၌ လင်းပိုင်ဖမ်းသည်ကိုကြည့်လိုပါက မိနစ် ၂၀ တကြိမ်စာ အတွက် ယန်း၂၀၀၀ ကျသင့်သည်။

The Cove ရုပ်ရှင်ကား အော်စကာဆုရကြောင်းသိရသည်နှင့်တပြိုင်နက် Taiji နယ်မြေအစိုးရ က ထုတ်ပြန်ခဲ့သည့်ကြေငြာချက်တွင် ဂျပန်တွင်သာမက ကမ္ဘာတ၀ှမ်းလုံးတွင်လည်း မတူ ကွဲပြားခြားနားသည့် ရိုးရာဓလေ့စားသောက်ပုံစံများရှိကြသည်။ ယခုကဲ့သို့နှစ်ကာလ ရှည်ကြာစွာ သမိုင်းရှိခဲ့သော ရိုးရာအခြေခံဒေသဆိုင်ရာ အစားအသောက်ဓလေ့ထုံးစံကို လေးစားရန်မှာ အရေးအကြီးဆုံးဖြစ်သည်ဟု ပါရှိသည်။

ဂျပန်အစိုးရပိုင်းမှလည်း တံငါသည်များသည် လင်းပိုင်ဖမ်းဆီးခွင့်ရှိကြောင်း၊ ထိုရုပ်ရှင်ကားမှာ တဖက်သတ်ဆန်ကြောင်း ခုခံပြောကြားခဲ့သည်။
(မောင်အောင်ဌေး)

ဂျပန်ဓါတ်ပုံဆရာတစ်ဦး ဘန်ကောက်တွင်ပစ်သတ်ခံရ


ဘန်ကောက်မြို့တွင်ဖြစ်ပွားခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား အထိကရုဏ်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသူ ဂျပန်လူမျိုး ဓါတ်ပုံဆရာ Hiroyuki Muramoto၏ သေဆုံးခဲ့မှုနှင့်ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များကို ရိုက်တာ သတင်းဌာနမှ ဧပြီလ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

သွေးထွက်သံယိုမှုများနှင့်ပြီးဆုံးခဲ့ရသည့် ဘန်ကောက်မြို့ဆန္ဒပြပွဲတွင်ထိုင်းလုံခြုံရေးတပ်ဖွဲ့နှင့် ဆန္ဒပြသူများအတွင်း တင်းမာမှုအကြား Muramoto သည် ဧပြီလ(၁၀)ရက်နေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း (၇)မိနစ်ခန့်ကြာသော စစ်ဆေးတွေ့ရှိချက်၌ ဖေါ်ပြပါရှိသည်။

အသက်(၄၃)နှစ်အရွယ် တိုကျိုအခြေစိုက် ရိုက်တာသတင်းဌာန၀န်ထမ်းဖြစ်သူ Muramoto သည် ၀ဲဘက်ရင်အုံ၌သေနတ်မှန်ခဲ့ပြီး သွေးထွက်လွန်ခဲ့သောကြောင့် သေဆုံးခဲ့ရကြောင်း ဧပြီလ(၁၂)ရက်နေ့က ဘန်ကောက် ဆေးရုံတွင်ပြုလုပ်သောခွဲစိတ်စစ်ဆေးချက်ကို ကိုးကား၍ ဘန်ကောက်ဆေးရုံရဲတပ်ဖွဲ့နှင့်နီးစပ်သော သတင်းဌာနကပြောကြားခဲ့သည်။

သို့ရာတွင် အဆိုပါစစ်ဆေးချက်၌ Muramoto အား(စစ်သားသို့မဟုတ်ဆန္ဒပြသူ) မည်သူက သေနတ်နှင့်ပစ်ခဲ့သည်ကိုဖေါ်ပြခဲ့ခြင်းမရှိခဲ့ချေ။

ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးမှ တာဝန်ရှိသူများ ပြောကြားချက်အရ Muramoto ၏ရုပ်ကလာပ်ကို အစောဆုံးဧပြီလ(၁၃)ရက်နေ့တွင် ဂျပန်နိုင်ငံသို့ပြန်ပို့ခဲ့သည်။(ဘာသာပြန်သူ-မောင်အောင်ဌေး)



Sunday, April 11, 2010

(၁၉)ကြိမ်မြောက် တိုကျိုမြန်မာ့အတာသင်္ကြန်ပွဲတော် ရိုးရာအကအလှများဖြင့်ပြီးဆုံး


တိုကျို၊ ဧပြီ (၁၁)

သတင်း-သန့်မျိုးထွေး

တိုကျိုမြို့တွင် ၁၉ ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်သည့် သင်္ကြန်ပွဲတော်မှာ သွားရောက်ဆင်နွဲသူများအကြိုက်ရိုးရာအကအလှဖျော်ဖြေ တင်ဆက်မှုများဖြင့် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်

ယခုလ(၁၄)ရက်နေ့မှာ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ဖြစ်သော်လည်း တိုကျိုမြို့တွင်ရောက်ရှိနေသည့် မြန်မာလူမျိုးများ၏ အလုပ်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၁၁)ရက်၊ ယနေ့တွင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။

"၂၀၁၀ခုနှစ်၊ ၁၉ ကြိမ်မြောက်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတိုင်းရင်းသားတွေအားလုံး ဂျပန်လူမျိုးတွေရောအပါအ၀င် ဖျော်ဖြေပေးတဲ့ တီးဝိုင်းတွေရော အားလုံးကိုကျေးဇူးတင်ပါတယ်၊ ဘာမှရန်တွေဘာတွေလဲမဖြစ်ဘဲနဲ့ အားလုံးအေးအေးဆေးဆေးနဲ့ပြီးသွားတဲ့အတွက်ပေါ့၊ ဘာဖြစ် လို့လဲဆိုတော့ ဒီ ၂၀၁၀ဟာ ဗမာလူမျိုးတွေအတွက် အရမ်းကိုအရေးကြီးတဲ့နှစ်လည်းဖြစ်ပါတယ်၊ ဒီလိုစည်းစည်းရုံးရုံးနဲ့ဝိုင်းဝန်သွားတဲ့ပုံစံမျိုးနဲ့ စစ်အာဏာရှင်လက်အောက်ကနေ လွတ်အောင်လဲကြိုးစားကြစေချင်ပါတယ်"ဟု တာဝန်ယူပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှိုင်အေးက ရှင်းပြသည်။

အဖွင့်အစီအစဉ်တွင် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဦးကျော်ကျော်စိုးမှ တိုင်းရင်းသားပေါင်းစုံချန်ရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဂျပန်ရောက် ဂီတ၀ါသနာရှင်မြန်မာလူငယ်များဖြင့် စုဖွဲ့ထားသည့် ခေတ်ပေါ်ဂီတ၀ိုင်းများဖြင့် ဖျော်ဖြေတက်ဆက်ပေးကြပြီး တင်ဆင်မှုအစီအစဉ်များထဲတွင် ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည့် သင်္ကြန်ပျိုမေများ၏ သင်္ကြန်ယိမ်းနှင့်နှစ်စဉ်ပင်တိုင် တင်ဆက်နေသည့် မင်္ဂလာဒိုးအဖွဲ့၏ ထိမိ၍ခေတ်ကိုရောင်းပြန်ဟပ်စေသည့် သင်္ကြန်သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဂျပန်နိုင်ငံတွင် work visaဖြင့်(၄)နှစ်ကျော်ရောက်ရှိနေထိုင်နေသည့် ကိုရှိန်းက"ယိမ်းအဖွဲ့ကတာကို အရမ်းကြိုက်တယ်ဗျ၊ မကြည့်ရတာကြာပြီဖြစ်တဲ့ ဒီလိုအကအလှတွေကို ကြည့်ရတော့ စိတ်တွေတက်ကြွလှုပ်ရှားမိတယ်၊ ပြီးတော့ဒီသင်္ကြန်ပွဲက ကိုယ့်ရိုးရာယဉ်ကျေးမှုကို ပြန်အမှတ်ရစေတယ်၊ ကိုယ့်တိုင်းပြည်ရဲ့အကြီးမားဆုံးရိုးရာပွဲတော်ရဲ့ လွမ်းဆွတ်တမ်တမှုကို ဒီပွဲကနေဖြေဖျေက်ပေးနိုင်တယ်လို့ထင်တယ်"ဟု၎င်း၏ခံစားချက်ကို ပြောပြသွားသည်။

ကနေဒါနိုင်ငံသား Cole A Jay က"ဒါကကျနော်တို့အတွက်တော့ ပထမဦးဆုံးအကြိမ်အနေနှင့် မြန်မာသင်္ကြန်ကိုလာဖြစ်တာဘဲ။ မြန်မာအစား အစာတွေကောင်းတယ်၊ ဒီလာရတဲ့ ခံစားချက်လေးကလဲ တမျိုးဘဲ၊ ပြီးတော့မြန်မာလူမျိုးတွေပုံစံက ယဉ်ကျေးပြီး နွေးထွေးတဲ့ပုံပေါက်တယ်"ဟုပြောပြသည်။

တိုကျိုမြို့အနောက်ဘက် ကိချိဂျိုဂျိမြို့နယ်ရှိ အင်နိုးခါးရှိးရာပန်းခြံတွင်ပြုလုပ်သည့် သင်္ကြန်ပွဲတော်ကို နံနက်(၁၀)နာရီခန့်မှစတင်၍ ညနေ(၅)နာရီခွဲအထိကျင်းပခဲ့ပြီး ကျင်းပနေချိန်အတွင်း ရာသီဥတုကောင်းမွန်ခြင်းကြောင့် မြန်မာ၊ ဂျပန်နှင့်အခြားနိုင်ငံခြားသားများအပါအ၀င် လူဦးရေ(၉၀၀)ကျော်လာရောက်ဆင်နွဲခဲ့ကြကြောင်းသိရပြီး ဂျပန်နွေဦးရာသီ၏ ချမ်းအေးမှုရှိနေသေးသောကြောင့် ရေပက်ကစားခြင်းမရှိခဲ့ပေ။

ယမန်နှစ်များနည်းတူ မြန်မာ့ရိုးရာနှင့်တိုင်းရင်းသားအစားအသောက်အသောက်များကို ပြည်တော်အလွမ်းပြေအဖြစ် စားသောက်နိုင်ရန် ဆန်းခန်းများဖွင့်လှစ်ရောင်းချခဲ့ကြသလို မင်္ဂလာဂျပန်စာသင်ကျောင်းမှ စာအုပ်နှင့်အမှတ်တရပစ္စည်းမျာ ရောင်းချပေးနေသည်ကိုတွေ့ရှိရပြီး ယခင်နှစ်များထက်စာလျှင် ၀ယ်ယူသူနည်းပါးကြောင်းသိရသည်။

"ဂျပန်တွေလဲ နှစ်စဉ်နှစ်တိုင်းလာနေကြတာမို့လို့ ကြည့်တော့ကြည့်ကြတယ်၊ တီရှပ်တွေစာအုပ်တွေပေါ့၊ မ၀ယ်ကြဘူး၊ ငွေအနေနဲ့ကလည်း သုံးနိုင်ကြတယ်လို့ထင်ရပေမဲ့ အခု ၃ နာရီလောက်အချိန်အထိမှာတော့ အရင်နှစ်တွေထက်စာရင်တော့ဗျာ ရောင်းအားကျပြီးပါးတယ်"ဟုမင်္ဂလာဂျပန်စာသင်ကျောင်းမှတာဝန်ခံဆရာတဦးဖြစ်သည့် ကိုအောင်ကိုလတ်မှပြောပြသည်။

နောက်ဆုံပိတ်အစီအစဉ်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် ABSDFကျောင်းသားတပ်မတော်မှ ဥက္ကဋ္ဌကိုသံခဲမှ "မန်းတောင်ရိပ်ခို"(မြနန္ဒာ)သီချင်းကို မင်္ဂလာဒိုးအဖွဲ့နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေပေးခဲ့ပြီး မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ လာရောက်ဆင်နွှဲသူပရိတ်သတ်များအတွက် ကံစမ်းမဲအဖြစ် ကွန်ပျူတာ၊ အိုင်ပေါ့နှင့်ဒီဂျစ်တယ်ကင်မရာတို့ကို ပြန်လည်၍ မဲဖောက်ပေးခဲ့ကြောင်းသိရသည်။

Sunday, April 4, 2010

မင်္ဂလာဒိုး (ဂျပန်)၏ ရဲရဲတောက်သင်္ကြန်သံချပ်များ



2010 ရဲ့  ရဲရဲတောက်သင်္ကြန်တေးသံချပ်များကိုဂျပန်နိုင်ငံရောက် မဂ်လာဒိုး အနုပညာအင်အားစု အဖွဲ့ မှ
စတင်ထုတ်ဝေဖြန့် ချီလျက်ရှိကြောင်းသတင်းကောင်း ပါးအပ်ပါသည်။ မြန်မာပြည်တွင်းမှသင်္ကြန်ချစ်သူသောတရှင်များနှင့် ပြည်ပရောက်မြန်မာလူမျိုးများနားဆင်ဖို့အတွက် ထိုသံချပ်များကို မင်္ဂလာဒိုးဝက်ဆိုဒ်မှတဆင့်ကူးယူနားဆင်နိုင်ပါပြီ။ http://mingalardoe.homeip.net/
မိမိတို့ဝက်ဆိုဒ်မှမကြာမှီရက်အနည်းငယ်တွင် http://mingalardoe.homeip.net/ ဗွီဒီယိုကြည့်ရှုနိုင်ရန်အတွက် စီစဉ်လျက်ရှိပါသည်...

ကျေးဇူးတင်စွာဖြင့်

မင်္ဂလာဒိုးအနုပညာအင်အားစု

သတင်းနှင့်အင်တာဗျူး...... ဆက်သွယ်ရန် ဦးဝင်းရွှေ
09046664547(ခေါင်းဆောင်)
ဦးမျိုးသန့်  09092414960(ခေါင်းဆောင်)
ဦးသောင်းထွန်းဦး 08034494471
ဦးခင်မောင်ဇော် 09093707462
ဦးထွန်းဝေ 09099671770
ကိုအေးမင်းကို 08056752824
ပေးပို့သူ ..ကိုထွန်းဝေ(မင်္ဂလာဒိုး) အားကျေးဇူးတင်ရှိပါသည်။

Saturday, April 3, 2010

ချောင်းကြည့်သူရဲ့ အမှား(အမှတ် ၂၁)-ကိုကြီးပေါ်


အမှတ် ၂၁
ခုတလောမှာ ကိုကြီးပေါ် တယောက်ဖြင့် “မပြောဘဲနဲ့ ကြားကြားမိတယ် မကြည့်ဘဲနဲ့ကို မြင်မိပါတော့တယ်...” လို့ အုံ့ပုန်းချစ် သီချင်းထဲကလို ဆိုနေဖြစ်ရတာကတော့ ဒီလအတွင်းမှာ ပေါ်ထွက်လာတဲ့ “ဥပဒေ” တွေကြောင့်ပါပဲ။

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ အာဏာသစ်ငုတ် ဗိုလ်ချုပ်မင်းကြီးများရဲ့ ၀မ်းတော်နှလုံးက လေပုန်းမြူးသလို ယိုကျလာတဲ့ အနှီ ဥပဒေတော်ကြီးများက နာဂစ်မုန်းတိုင်းထက် အဆရာထောင် သာလွန် ပြင်းထန်လှပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေမုန်တိုင်း တချက်တိုက် အပြီးမှာ ဘယ့်နှယ် ညာ့နှယ် သို့လော သို့လော လေမုန်တိုင်းများက တကမ္ဘာလုံးမှာ ဆက်တိုက် ဆက်လက် တိုက်ခတ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီမုန်တိုင်းတွေကြားမှာ ကိုကြီးပေါ် တယောက် ချာလည်ချာလည်နဲ့ မူးနောက်နေရာက မှန်ပြောင်းနဲ့ မျက်စိ တည့်တည့်တိုးမိလို့ ချောင်းကြည့်လိုက်တော့မှ...

ပါတီကင်ပေတိုင် နဲ့ ကောက်ရွေးပွဲ

ဒီမိုကရေစီ နတ်ပြည်ကြီးကို ဖန်ဆင်းတည်ဆောက်နေတဲ့ ဗိုလ်ချုပ်မင်းကြီးများက ၂၀၁၀ မှာ ကောက်ရွေးပွဲ လုပ်ပေးမယ် ဆိုတဲ့ ကတိကို ပေးထားခဲ့တာ အတော်ကြာနေပါပြီ။ ဘယ်တော့ လုပ်မယ်မှန်း မသိရပေမယ့် ဒီကောက်ရွေးပွဲသည်သာလျှင် ဒီမိုကရေစီ နတ်ပြည်သို့ သွားရာ နတ်စောင်းတန်း ဖြစ်ပေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူဆိုသည့် ပုဏ္ဏားဖြူညိုတွေက ဟောမိန့်တော်မူကြပါတယ်။ ဟပေးထားတဲ့ တံခါးပေါက်ကနေ တိုးဝင်ရမယ်လို့ ဆိုတဲ့သူများကလည်း ပါတီထောင်ပြီး အရံသင့်စောင့်နေကြပါတယ်။ ငါ, ငါ့မယား, ငါ့ညီ, ငါ့ယောက်ဖ, ငါ့ခယ်မ တို့နဲ့ ထူထောင်တဲ့ ပါတီတွေ ဆိုတော့ ပြည်သူများ အားကိုးလောက်မယ် ထင်ပါရဲ့။

ထိုထိုသော ပုဂ္ဂိုလ်များ မျှော်လင့်နေတဲ့ ဥပဒေတော်ကြီးများဟာ ဒီလမှာတော့ ရှူးခနဲ ရှဲခနဲ ပေါ်ထွက်လို့ လာပါပြီ။ ရှူးခနဲ ရှခနဲ ဖြစ်ရတဲ့ အကြောင်းကတော့ အလွန် စပ်လို့ပါ။ ကုလားအော်ငြုတ်ထက် စပ်တဲ့ ကမ္ဘာအော်ငြုတ်ပေါ့။ အမှန်ပဲ... တကမ္ဘာလုံးက ၀ိုင်းအော်လိုက်ကြတာ စီစီညံလို့။ ပါတီ ပါတီနဲ့ တတီတီ လုပ်နေသူတွေတောင် တီလို့ တွန့်သွားကြရသေးသပ။

ကမ္ဘာပေါ်မှာ ပုဒ်မ အများဆုံး ပါရှိတဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေ အရ ဖွဲ့စည်းမယ့် လွှတ်တော်များ ပေါ်ပေါက်လာဖို့ အတွက် ဒီ ကောက်ရွေးပွဲတွေကနေ အစပြုရမှာပါတဲ့။ အနှီ လွှတ်တော်ကြီးများကို ဘယ်နည်း ဘယ်ပုံ ဖွဲ့စည်းမယ်ဆိုတာတွေ ကိုကြီးပေါ် မပြောတတ်ပါဘူး။ အလွန် ရှုပ်ထွေး ပွေလီလှတာမို့ ဖတ်မိလေတိုင်း အမယ်ဘုတ်ရဲ့ သူချည်ခင် ဖြစ်လို့ချည်း နေတော့တာ။ ကိုကြီးပေါ်က ခပ်ညံ့ညံ့ပေကိုး။ ဘယ်နားလည်ပါ့မလဲ။ သူ့ဥပဒေမှာက သမ္မတရယ်, စစ်ဦးစီးချုပ်ရယ်, ကာကွယ်ရေးဝန်ကြီးရယ် “ဗိုလ် ကျား သေနတ်” ပတ်လည်ရိုက်နေတာ။ ကလေးဘ၀တုန်းက ကျားဗိုလ်ဆွဲတန်း ကစားရတာ ပျော်စရာ အလွန်ကောင်း မဟုတ်လား။ နိုင်ငံတော် လူကြီးမင်းများလည်း ကျားဗိုလ်ဆွဲတန်း ကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်းပြည်အုပ်ချုပ်နိုင်အောင် ဗိုလ်ချုပ်မင်းကြီးများက စဉ်းစားစီစဉ်ထားပုံ ရပါတယ်။

ထားပါတော့။ ဒါက လွှတ်တော်ကြီး ပေါ်လာမှ ဒန် ဒန့် ဒန်... ရမှာ။ ကနဦး လုပ်ရမှာက ကောက်ရွေးပွဲ။ ဒီနေရာမှာ ကိုကြီးပေါ်က “ကောက်ရွေးပွဲ” လို့ ရေးတာ စာမှားရိုက်တာ မဟုတ်ပါဘူး။ အမှန်တကယ် ကောက်ရွေးပွဲမို့ ရေးတာပါ။ နို့ စကားအမှန်က “ရွေးကောက်ပွဲ” ပါ။ မင်းက ဘယ့်နှယ် ကောက်ရွေးပွဲ ရယ်လို့ ဖြစ်ရတာတုန်းလို့ စောဒက တက်ချင်မယ် ထင်ပ။ ကိုကြီးပေါ်မှာလည်း ဖြေစရာ အဆင်သင့် ရှိသပ။ မြန်မာစကားမှာ ရွေးကောက်ပွဲနဲ့ ကောက်ရွေးပွဲ အဓိပ္ပာယ်ချင်း လုံးဝ မတူပါဘူး။

ဟိုးရှေး ရှင်ဘုရင်ခေတ်တုန်းက “ကောက်” “တော်ကောက်” “ကောက်စား” ဆိုတဲ့ စကားတွေ ရှိခဲ့တယ် မဟုတ်လား။ ချောချောလှလှ မိန်းကလေးတွေကို ရှင်ဘုရင်က သဘောကျရင် မယားအဖြစ် သိမ်းပိုက်လိုက်တာကို “ကောက်”တယ် “တော်ကောက်”တယ်လို့ ခေါ်တာပါ။ အမှုထမ်း တယောက်ယောက်ကို အခွင့်အရေးတွေ အများကြီး ပေးလိုက်တာကို ရှင်ဘုရင်က “ကောက်စား”တယ်လို့ ခေါ်တာပါ။ အရှင်ကောက်စားလို့ တောက်ကြွားတယ် ဆိုတဲ့စကား ကြားဖူးတယ် ဟုတ်။ အခုလည်းပဲ ဗိုလ်ချုပ်မင်းကြီးက သူသဘောကျတဲ့သူတွေကို လွှတ်တော်ထဲ ၀င်စေ ဆိုပြီး “ကောက်”တော်မူမှာ ဖြစ်ပါတယ်။

လွှတ်တော်မှာ အမတ် ၂၅ ရာနှုန်းက ဗိုလ်ချုပ်မင်းကြီးက ခန့်အပ်စေလွှတ်မယ့် စစ်သားတွေ။ ကျန်တဲ့ အမတ် နေရာတွေအတွက် ဘယ်သူက ဘယ်ကနေ ၀င်ရောက် အရွေးခံလို့ ဗိုလ်ချုပ်မင်းကြီးက နေရာချထား စီစဉ်နေတာ အားလုံး သိကြားနေရတယ် မဟုတ်လား။ သူ ကောက်ပြီး နေရာချပေးထားတဲ့ သူကိုပဲ ပြည်သူတွေက ရွေးပေး ရမှာ မဟုတ်လား။ အခြားသူကို ရွေးခဲ့ရင်ကော ဗိုလ်ချုပ်မင်းကြီးက အသာ ကြည့်နေတော် မူမတဲ့လား။

“ရွေးကောက်”လို့ ပြောရင် ရွေးတာက အရင်။ အများထဲက တယောက်ကို ရွေးပြီး ဒီလူပဲလို့ ကောက်ပေးရမှာ။ “ကောက်ရွေး”လို့ ပြောရင် ကောက်တာက အရင်။ ကောက်ပြီးသားကိုပဲ ရွေးပေးရမှာ။ ဒါကြောင့် ကိုကြီးပေါ်က ကောက်ရွေးပွဲလို့ ရေးတာ ဖြစ်ပါတယ်။

ကိုကြီးပေါ်ကတော့ ဗိုလ်ချုပ်မင်းကြီးရဲ့ ကောက်ရွေးပွဲကို နဂိုကတည်းက သိပ်အာရုံမကျတော့ ကောက်ရွေးပွဲဥပဒေ ဆိုတာကြီးကိုလည်း သိပ်စိတ်မ၀င်စားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုကြီးပေါ်ကို ဗိုလ်ချုပ်မင်းကြီးက ကောက်မှာ မဟုတ်တာ သေချာနေတာကိုး။ သူသဘောကျမယ့် အရည်အချင်းမျိုး ကိုကြီးပေါ်မှာ ဘာမှ မရှိဘူးလေ။ တကယ်လို့ မျက်စိလည်ပြီး ကောက်မယ်သာဆို အဟဲ... ကိုကြီးပေါ်လည်း ယားကျိကျိ ဖြစ်မိမှာ အသေအချာ။

အဲ စိတ်ဝင်စားမိတာကတော့ ရွှေပြည်တော်ကြီးမှာ “ပါတီကင်ပေတိုင်”ကြီး ပေါ်လာတာကိုပါ။ ဥပဒေ ၁/၂၀၁၀ နိဒါန်းမှာ ဟောသလို ရေးထားပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားတိုင်းသည် လွှတ်တော်များသို့ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြရာတွင် ကြီးကြပ်ပေးရန်နှင့် နိုင်ငံရေးပါတီများကိုလည်း ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တရပ်ကို ဖွဲ့စည်းနိုင်ရေးအတွက် ... အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

ဒီဥပဒေရဲ့ အခန်း (၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ ၈ (ဋ) မှာ -
နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း, ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း - လို့ ပါပါတယ်။

ပြီးတော့ ပုဒ်မ ၉ မှာ - ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် - တဲ့။

ကဲ... အဲဒါကြီးကို ပါတီကင်ပေတိုင် မခေါ်လို့ ဘာခေါ်ရမလဲ။

နောက်တခုက ဥပဒေ ၂/၂၀၁၀ မှာ ပါတီမှတ်ပုံတင်မယ် ဆိုရင် ပုဒ်မ ၆ အရ ၀န်ခံချက် ပေးရမယ်။ ၀န်ခံချက် ခြောက်ချက်အနက် (ဂ) မှာ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး - လို့ ပါပါတယ်။

နိဂုံးချုပ်လိုက်တော့ ဗိုလ်ချုပ်မင်းကြီးက သူ့ကိုယ်စား ပါတီတွေကို နှိမ်နင်းဖို့ ကင်ပေတိုင်ကြီးကို ပေါ်တင် ဖွဲ့စည်းလိုက်တာပါပဲ။

ကဲ ဒီတော့လည်း လွှတ်တော်ထဲကနေ ဥပဒေကို တဖြည်းဖြည်း ပြင်ယူမယ်ဆိုပြီး စိတ်ကူးတယဉ်ယဉ် ဘ၀င်တလှပ်လှပ်နဲ့ ခေါင်းပေါင်း ဖုန်ခါနေတဲ့, ဆံတုံး ပန်းပန်နေတဲ့ နတ်စောင်းတန်း ခြေတော်ရင်းမှာ ဖ၀ါးတကြွကြွ ဖင်တကွကွ ဖြစ်နေသူများ ပါတီကင်ပေတိုင်ကြီးကို မည်သို့ရင်ဆိုင်ကြမည့်အကြောင်း ဆက်လက်၍ ချောင်းကြည့်ဦးမည် ဖြစ်ပါကြောင်း...။

ကိုကြီးပေါ်


Twitter Delicious Facebook Digg Stumbleupon Favorites More