This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, June 28, 2010

နအဖစစ်အစိုးရမှ လူသားမဆန်စွာ အမျိုးသမီးများအပေါ်ကျူးလွန်ထားသည့် ပြစ်မှုများကို တိုကျိုတွင်ရုံးတင်စစ်ဆေး




တိုကျို၊ ဇွန်(၂၇)
သတင်း-သန့်မျိုးထွေး
နအဖစစ်အစိုးရမှ စစ်တပ်အာဏာကိုအသုံးပြု၍ မြန်မာနှင့်တိုင်းရင်းသားအမျိုးသမီးများအပေါ် လူသားမဆန်စွာ ပြုမှုကျူးလွန်ထားမှုများကို စုံစမ်းဖော်ထုတ်ရန်အတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) နှင့် Human Rights Now (HRN) တို့မှတာဝန်ယူ၍ နိုင်ငံတကာပြည်သူ့ခုံရုံး(International Tribunal - Japan)ကိုဖွဲ့စည်း၍ ကြားနာစစ်ဆေးမှုကို တိုကျိုမြို့တွင် ပြုလုပ်ခဲ့ကြသည်။
Crime Against Huminity Act၏ ပုဒ်မ(၇)အရ လူသားမဆန်စွာ အမျိုးသမီးများအပေါ် နှိပ်စက်ညှင်းပန်းသည်ဆိုသော ဆွဲဆိုချက်ဖြင့် နအဖစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အဓိကတရားခံအဖြစ် တရားဆွဲဆိုသည့် စုံစမ်းကြားနာမှုအတွက် ချီးဘားတက္ကသိုလ်မှ ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)အပါအ၀င် ဂျပန်တရားရုံးချုပ်တရားသူကြီးများ၊ ရှေ့နေများအသင်းဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့တရားသူကြီးအဖွဲ့ဝင်များစသည့် စုစုပေါင်း(၅)ဦးပါဝင်သည့် ခုံရုံးတရားသူကြီးများဖြင့် တရားဥပဒေနှင့်အညီ နှစ်ဦးနှစ်ဖက်ရှေ့နေရှေ့ရပ်များကိုအသုံးပြုကာ အပြန်အလှန်ချေပ ရင်ဆိုင်ကြားနားခဲ့ကြသည်။
တရားရုံးကျင်းပ၍ စစ်ဆေးနိုင်ရန် ဦးဆောင်လှုပ်ဆော်ခဲ့သူ မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဒေါ်ချိုချိုအေးက"ဒါမျိုးလုပ်လိုက်လို့ နအဖချက်ချင်းကြီးပြုတ်ကျသွားမယ်လို့ မဆိုလိုဘူး။ နအဖပြုတ်ကျသွားနိုင်လောက်အထိလဲဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ချင်လဲမဖြစ်ဘူး၊ ဘာတွေအကျိုးကျေးဇူးရှိမလဲဆိုတော့ ကျမတို့အပေါ်လူ့အခွင့်အရေးချိုးဖောက်တာတွေက ပါးစပ်နဲ့ဘဲပြောလို့ရတယ်၊ နအဖမကောင်းကြောင်းကို တကမ္ဘာလုံးကသိတယ်၊ သိပေမဲ့ ဒီလိုအထောက်အထားအချက်အလက်နဲ့မပြောနိုင်တဲ့အခါမှာ ပြောရင်းပြောရင်းနဲ့လေထဲမှာဘဲ ပျောက်သွားတယ်၊ ဒီတော့ ဒီလိုအထောက်အထားနဲ့ပြောနိုင်မယ်ဆိုရင် ဒီမှတ်တမ်းမှတ်ရာတွေဟာ သမိုင်းဝင်အဖြစ်လဲကျန်ခဲ့မယ်၊ ဒီကနေချက်ခြင်းအကျိုးသက်ရောက်မှုမရှိတောင် သမိုင်းမှာဒါတွေဟာ ဖျောက်ဖျက်လို့မရနိုင်ဘူး"ဟု အကျိုးသက်ရောက်မှုရှိနိုင်ပုံနှင့်ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းပြသည်။
တရားလိုလည်းဖြစ်၊ အကြမ်းဖက်နှိပ်စက်မှုဒဏ်ကို ကိုယ်တိုင်ခံစားခဲ့ရသည့် အမျိုးသမီး(၃)ဦးက တရားရုံးတော်ရှေ့တွင် ကိုယ်တိုင်ထွက်ဆိုအစစ်ဆေးခံခဲ့ကြပြီး တရားလိုများဖက်မှ မြန်မာ့အရေးကို အစဉ်တစိုက်ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေကြီး ရှိုဂိုဝါတာနာဘဲနှင့်ယုကိဒါ ဂျူရိအပါအ၀င် ရှေ့နေ(၈)ဦးမှ သက်သေများကို စစ်ဆေးမေးမြန်း၍ စွဲချက်ကို တက်ပြလျှောက်ထားခဲ့ကြသည်။
``ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ လူသားမဆန်တဲ့ စစ်တပ်က လူသတ်မုဒိန်းကျင့်မှု၊ ဖမ်းဆီးမှု၊ ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်မရတဲ့ တဖက်သတ် တရားစွဲဆိုမှုတွေကို လုပ်ခဲ့တဲ့ အဓိကတာဝန်ရှိသူဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတကာက နားလည်လက်ခံထားတဲ့ လူသားဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။ ဒီနေ့ရုံးတော်မှာ လာရောက်ထွက်ဆိုတဲ့ အမျိုးသမီးတွေရဲ့ထွက်ဆိုချက်ကို နားထောင်ကြည့်မယ်ဆိုရင် ဘယ်လောက်ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်ဆိုတာ သိနိုင်ပါတယ်´´ဟု စသဖြင့် တရာလိုရှေ့နေများက လျှောက်လဲတင်ပြခဲ့ကြသည်။
တရားခံဖက်မှရှေ့နေများက စစ်တပ်အနေနှင့်မြန်မာအမျိုးသမီးများအပေါ်ကျူးလွန်မှုမှာ သိသာထင်ရှားပေါ်လွင်သော်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား တိုက်ရိုက်အမိန့်ချပြောဆိုနိုင်ရန်မှာ သက်သေမလုံလောက်ကြောင်းစသဖြင့် လျှောက်လဲချက်တင်ပြပြောဆိုပြီး တရားသူကြီးများက စီရင်ချက်ချရန် မိနစ်နှစ်ဆယ်ခန့်အချိန်ယူစဉ်းစားချိန်တွင် ဂျပန်အမျိုးသမီးအောက်လွတ်တော်အမတ်တဦးနှင့် Social Democtratic Party၏ဥက္ကဋ္ဌ မစ္စမိဇူဟို ဖူကူရှီးမားတို့က အမျိုးသမီးများအခွင့်အရေးအတွက် ကျင်းပသော အဆိုပါတရားခွင်အတွက် ထောက်ခံအားပေးစကားနှင့်သ၀ဏ်လွှာကိုအသီးသီးပေးပို့ပြောဆိုပေးခဲ့ကြသည်။
တိုကျိုမြို့၊ အအိုးရာမတက္ကသိုလ်ဝင်းအတွင်း နေ့လယ်(၁)နာရီမှစတင်ကြားနာစစ်ဆေးသော တရားရုံးတွင် ထူးခြားချက်တခုအနေနှင့် တရားခွင်သို့ ဂျပန်လူမျိုးများစွာ လာရောက်လေ့လာ နားထောင်ခဲ့ကြခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ၌ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်လှုပ်ရှားနေသည့် မြန်မာနိုင်ငံသားများအပါအ၀င် လူဦးရေ ၁၀၀ ကျော်ခန့်တက်ရောက်နားထောင်ခဲ့ကြ၍ တရားခွင်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘမှပင်ဆောင်ရွက်ပေးခဲ့သည်။
တရားရုံး၏အမိန့်အဖြစ် စီရင်ချက်အစား လူ့အခွင့်အရေးပြသနာဖြစ်သည့်အတွက် တရားရုံး၏သဘောထားနှင့် အချက်(၈)ချက်ပါသည့် အကြံပြုချက်ကိုသာ ထုတ်ပြန်ခဲ့ပြီး စစ်တပ်မှ အမျိုးသမီးများအပေါ် အဓမ္မမုဒိမ်းကျင့်မတရားပြုကျင့်မှု၊ အကြမ်းဖက်မှုများ၏ အဓိကတာဝန်ရှိသူမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသာဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်ဝေသော လူ့အခွင့်အရေးကြေငြာချက်များနှင့် ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများမှာ အမှန်တကယ်ရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိကြောင်းနှင့် ဂျပန်နိုင်ငံအပါအ၀င် ကုလသမဂ္ဂ၊ နိုင်ငံတကာအနေနှင့် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ဖျက်ရန် တာဝန်ဝတ္တရားအမှန်တကယ်ရှိပါကြောင်း တရားခွင်၏ တရားသူကြီးချုပ်အဖြစ်ဆောင်ရွက်သည့် ဥပဒေပါမောက္ခ ဂိုတို ဟိတိုကို(Goto Hitoko)က ထုတ်ပြန်ပြောဆိုသွားခဲ့သည်။



Saturday, June 26, 2010

ကမ္ဘာကြီးကိုပြောင်းလဲမယ့် အမျိုးသမီးများခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲ တိုကျိုတွင်ကျင်းပ


တိုကျို၊ ဇွန်(၂၆)
သန့်မျိုးထွေး
မြန်မာအမျိုးသမီးများအပေါ် စစ်အစိုးရ၏ အကြမ်းဖက်မှုများတားဆီးရေးနှင့်ဖော်ထုတ်ရေးအတွက် နအဖစစ်အစိုးရကို ခုံရုံးတင်စစ်ဆေးရေးအကြိုပြင်ဆင်မှုအနေနှင့် “ကမ္ဘာကြီးကိုပြောင်းလဲမယ့် အမျိုးသမီးများ”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတခုကို ဂျပန်နိုင်ငံတိုကျိုမြို့တွင်ပြုလုပ်ခဲ့ကြသည်။ ဟောပြောဆွေးနွေးသူများအဖြစ် အိန္ဒိယနိုင်ငံမှရောက်ရှိလာသည့် မြန်မာအမျိုးသမီးသမဂ္ဂသဘာပတိအဖွဲ့ဝင်ဒေါ်သင်းသင်းအောင်၊ မြန်မာ့အရေးကို ဆောင်ရွက်နေသည့်ရှေ့နေကြီး ရှိုဂိုဝါတာနဘဲနှင့် မစ္စယုကိဒါဂျူရိတို့ကဦးဆောင်ဆွေးနွေးပေးခဲ့ကြသည်။
အမျိုးသမီးများအား အကြမ်းဖက်ခံနေရမှုမှာ အာရှတိုက်အပါအ၀င် တကမ္ဘာလုံးတွင် နည်းလမ်းပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခံနေရသလို အမျိုးသမီးများအနေနှင့် မိမိတို့ကိုယ်တိုင် အားနည်းနေသည့်အတွက် ရှက်စိတ်၊ ကြောက်စိတ်တို့ဖြင့် မိမိတို့အကြမ်းဖက်ခံနေရမှုတို့ကို ဖွင့်မပြောဘဲ မထားသင့်တော့ကြောင်း၊ စုစည်း၍ ပြန်လည်တွန်းလှန်ဖို့လိုသလို အကြမ်းဖက်ခံရသည့် အမျိုးသမီးများဖက်မှနေ၍ အမျိုးသားများကလည်း ကူညီပံ့ပိုး၍ တိုက်ဖျက်ဖို့လိုကြောင်း ဒေါ်သင်းသင်းအောင်မှဆွေးနွေးပြောပြသည်။
``အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ဒီအကြမ်းဖက်မှုတွေကို၊ မတရားမှုတွေကို အတူလက်တွဲပြီး တိုက်ဖျက်ဖို့လိုပါတယ်။ အထူးသဖြင့် အခုတက်ရောက်လာတဲ့အထဲက ပံ့ပိုးခဲ့ကြတဲ့ အမျိုးသားတွေကို ကျေးဇူးအများကြီးတင်ပါတယ်၊ ရှေ့ဆက်ပြီးတော့လည်း နောက်ထပ်အမျိုးသားတွေကို စည်းရုံးပြီးတော့မှ တိုက်ပွဲဝင်ကြပါလို့ပြောချင်ပါတယ်´´ဟုဒေါ်သင်းသင်းအောင်က ပြောဆိုသွားသည်။
မြန်မာ့အရေးကို အစဉ်တစိုက်ကူညီဆောင်ရွက်နေသည့် ရှေ့နေကြီးဝါတာနာဘဲက ဂျပန်နိုင်ငံနှင့်မြန်မာအမျိုးသမီးများအခွင့်အရေးအကြောင်းကို အဓိကဦးစားပေး ဆွေးနွေးသွားပြီး စစ်အစိုးရအုပ်ချုပ်ရေးအောက်တွင် တိုင်းရင်းသားများအနေနှင့် အဖိနှိပ်ခံဘ၀ဖြင့်နေနေရသည့်အကြောင်းကို ဂျပန်အစိုးရကိုယ်စား ဒုက္ခသည်အရေးဆောင်ရွက်နေသည့် ဂျပန်လ၀ကအနေနှင့် လုံးဝနားလည်ပုံမရကြောင်း၊ တိုင်းရင်းသားအမျိုးသမီးများနှင့်မြန်မာအမျိုသမီးများအကြား ကွဲပြားခြားနားသော ဖိနှိပ်ဆက်ဆံမှုမျိုး ရှိကြောင်းရှင်းပြပြောဆိုသည်။
တိုကျိုမြို့၊ ရှိဘူယအရပ်ရှိ အအိုးယာာမတက္ကသိုလ်၊ ဆိုးကန်းအဆောက်အဦး၏ ၁၁ ထပ်ခန်းမ၌ ဂျပန်စံတော်ချိန် (၁)နာရီမှ စတင်ပြုလုပ်သောပွဲတွင် မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေးအကြောင်းကို စိတ်ပါဝင်စားသူ ဂျပန်လူမျိုးအတော်များများတက်ရောက်သည်ကိုတွေ့ခဲ့ရပြီး ဂျပန်ဘာသာပြန်အဖြစ် ဆရာဦးရွှေဘ(ခ)တာနာဘဲစံက ဆောင်ရွက်၍ လူဦးရေ ၁၅၀ ခန့်က စိတ်ပါဝင်စားစွာ တက်ရောက် နားထောင်ခဲ့ကြသည်။
ဇွန်လ(၂ရ)ရက်နေ့တွင် ပြုလုပ်မည့် တရားရေးခုံရုံးတွင် နအဖစစ်အစိုးရ၏ဖိနှိပ်ချုပ်ချယ်ခြင်းကို ကိုယ်တွေ့ခံစားခဲ့ရသည့် မြန်မာအမျိုးသမီးများက ရုံးရှေ့တွင် တရားလိုအဖြစ် ကိုယ်တိုင်ထွက်ဆိုပြီး ၄င်းတို့ဘက်မှ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်မည့်သူတဦးလည်းဖြစ် ယခုပွဲကိုတာဝန်ယူဆောင်ရွက်ပေးခဲ့သည့် (Human Right Now-Japan)အဖွဲ့မှ ရှေ့နေယုကိဒါ ဂျူရိက လိင်ပိုင်းဆိုင်ရာအပါအ၀င် အမျိုးမျိုးသောပုံစံဖြင့် အကြမ်းဖက်ခံနေရသည့်အမျိုးသမီးများအနေနှင့် တရားဥပဒေအရ ကျူးလွန်သူအပေါ် အရေးယူနိုင်ရန်အတွက် ဖွင့်ဟထွက်ဆိုရန် အလွန်ဝန်လေးတတ်ကြကြောင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးဦးရေ၏ ၆၀ ရာခိုင်းနှုန်းအထိပင်ရှိကြောင်း ပြောပြသည်။
``လိင်မှုဆိုင်ရာအရ အမျိုးသမီးတဦးဟာ အကြမ်းဖက်ခံရပြီဆိုရင် ကိုယ်ရော၊ စိတ်ရော မလှုပ်ရှားချင်လောက်အောင်ဖြစ်သွားပြီး အခြားသူကို ဖွင့်ပြောဖို့ဆို ဘယ်လိုမှမတတ်နိုင်တော့တဲ့အထိဖြစ်သွားခဲ့ရတယ်။ ဒီလိုမျိုးအခြေအနေမှာ ရဲကိုတိုင်တန်းပြိး ကျူလွန်သူကိုအရေးယူဖို့ဆိုပြီး ဖွင့်ပြောလာတဲ့သူက ခံရသူအားလုံးရဲ့ ၄ ရာခိုင်နှုန်းလောက်ပဲရှိတဲ့အခါ ဥပဒေရှိပေမဲ့ ဒီအမျိုးသမီးတွေအတွက် စိတ်ရောကိုယ်ပါ ကူညီဖြေရှင်းပေးနိုင်မယ့်နည်းလမ်းမျိုးကို ရှာလို့မရတဲ့အခြေအနေမှာတောင်ရှိတယ်´´ဟုပြောဆိုသည်။
အမျိုးသမီးတဦးအနေနှင့် အကြမ်းဖက်ခံရသည့်အခါ ခန္ဓာကိုယ်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်ပျက်စီးဆုံးရူံးရသည့်အပြင် အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပျက်စီးမှုသည် ခန္ဓာကိုယ်ထိခိုက်ပျက်စီးခြင်းထက် များစွာပိုမိုသည့်အတွက် အကြမ်းဖက်ခံရသော အမျိုးသမီးများကို မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂအနေနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကျန်းမာလာပြီး ပကတိလူကောင်းတဦးကဲ့သို့ ဖြစ်လာစေရန် နှစ်သိမ့်ဆွေးနွေးမှုများကို အကြမ်းဖက်မှုများနည်းတူ လုပ်ဆောင်နေကြောင်း ဒေါ်သင်းသင်းအောင်က ရှင်းပြသည်။
``သေချာပါတယ်၊ အဲ့လိုဖြစ်ပြီးတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ငါတို့အနေနဲ့မထူးတော့ပါဘူး၊ ငါတို့ဟာဒုက္ခခံရတဲ့ဘ၀ပါပဲတို့ သေမထူးနေမထူးစိတ်မျိုးခံစားသွားရတာရှိပါတယ်၊ အဲ့လိုဖြစ်တဲ့အခါ ကျမတို့အနေနဲ့သူတို့ကို နှစ်သိမ့်ဆွေးနွေးပေးတဲ့နည်းနဲ့ ကုစားပေးတာရှိတယ်။၊ Team လေးတွေဖွဲ့ထားတယ်။ ဒေသလေးတွေမှာ ကော်မတီဝင်တွေက အဲ့ဒိCase လေးတွေကို ကြားပြီးဆိုရင် အဲ့ဒိအမျိုးသမီးဆီကိုသွားလည်တယ်၊ သူတယောက်တည်းမဟုတ်ဘူး၊ သူလိုမျိုးခံရတဲ့အမျိုးသမီးတွေရှိတယ်။ စိတ်အင်းအားဖြစ်ဖို့ အမျိုးသမီးအချင်းချင်း ကူညီရိုင်းပင်းမယ့်သူတွေရှိတယ်၊ အားမငယ်ဖို့ကို ကူညီပေးနေတာတွေရှိပါတယ်´´ဟု အကြမ်းဖက်ခံရသည့်အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် WLB အနေနှင့်လုပ်ဆောင်နေမှုများကို မိုးသောက်ကြယ်သို့ရှင်းပြသွားသည်။
အဆုံးပိတ်တွင် ယခုပွဲဖြစ်မြောက်ရန် စတင်လှုပ်ဆော်ခဲ့သည် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)၏ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ချိုချိုအေးမှ တက်ရောက်လာသူများနှင့် မြန်မာနယ်စပ်ဒေသမှ တရားရုံးအစစ်ဆေးခံရန် ဂျပန်နိုင်ငံသို့လာရောက်ထွက်ဆိုပေးမည့် အမျိုးသမီးများနှင့် ပံ့ပိုးကူညီသည့် ဂျပန်အဖွဲ့အစည်းများကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြန်မာရိုးရာအစားအသောက်များအပြင် မြန်မာအကများဖြင့် တည်းခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။

Monday, June 21, 2010

ဒေါ်အောင်ဆန်းစုကြည် (၆၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်နှင့် မန်မာနိုင်ငံအမျိုးသမီးများနေ့အခမ်းအနားကျင်းပပြုလုပ်

ပြီးခဲ့သည့် ဇွန်လ (၁၉) ရက် သောကြာနေ့တွင်ကျရောက်ခဲ့သည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ်နှင့်အတူ မြန်မာနိုင်ငံအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့ ဇွန်လ၂၀ ရက်နေ့ ညနေ (၆)နာရီ မှ (၉)နာရီအထိ ဂျပန်နိုင်ငံ၊IKEBUKURO KUMIN CENTER(၄)ထပ်တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)မှဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဂျပန်ရောက် မြန်မာဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။


အခမ်းအနားကို မိမိတို့ကိုးကွယ်ရာဘာသာအလိုက်ဆုတောင်းမေတ္တာပို့သကာ ဖွင့်လှစ်ခဲ့ပြီး ကျင်းပရခြင်းအကြောင်းကို မြန်မာအမျိုးသမီးသမဂ္ဂ (ဂျပန်ဌာနခွဲ)မှ ဒေါ်ချိုချိုအေး မှ အဖွင့်အမှာစကားပြောကြား ခဲ့ ပါသည်။ ထို့နောက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်ပြည်မွေးနေ့ အတွက် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ )မှထုတ်ပြန်ထားသည့် ပြည်သူလူထုသို့ပန်ကြားချက် ကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ)မှ မစမ်းစမ်းမြင့် က ဖတ်ကြားတင်သွင်းခဲ့ ပါသည်။ အမျိုးသမီးရေးရာလှုပ်ရှားသူများအမတ်အဖွဲ့ ၏ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ သဝဏ်လွှာ ကို မြန်မာအမျိုးသမီးသမဂ္ဂ ဂျပန်ဌာနခွဲ မှမဆွေမွန်အောင်မှဖတ်ကြားပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအထ္ထုပ္ပတ္တိအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေဂျပန်ဌာနခွဲ)မှအမျိုးသမီးရေးရာမှူး ဒေါ်ခင်ခင်စိုး မှ ဖတ်ကြားတင်သွင်းခဲ့ ပါသည်။


ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်၏မှတ်တမ်းများကို ဓါတ်ပုံဆလိုက်ရှိုးနှင့် ဗွီဒီယိုမက်ဆေ့ခ်ျ ပြသခြင်း၊ အဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များက မွေးနေ့နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ပြုမွေးနေ့ကဗျာရွတ်ဆိုခြင်း နှင့် မွေးနေ့ သီ ချင်းသီဆိုခြင်းများပြုလုပ်ခဲ့ကြပါသည်။ အခမ်းအနားကို ”ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။ အချုပ်အနှောင်ဘဝမှ အမြန်ဆုံးကင်းလွတ်ပါစေ”ဟုကြွေးကြော် ဆုတောင်းကာ အောင်မြင်စွာရုပ်သိမ်းခဲ့ကြပါသည်။

ရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Saturday, June 19, 2010

Wednesday, June 16, 2010

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ကောင်းမှုကုသိုလ်ပြုပွဲများပြုလုပ်မည်

ဇွန်လ ၁၉ ရက်(စနေနေ့)တွင်ကျရောက်မည့် မြန်မာ့ဒီမိုက ရေစီခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုလ်ဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅)နှစ်မြောက် မွေးနေ့မင်္ဂလာနေ့ထူးနေ့မြတ်ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများမှ ယခင်နှစ်များအတိုင်း ကောင်းမှုကုသိုလ်ပြုလုပ်သည့်အနေဖြင့် သွေးလှူခြင်း၊ ဇိဝိတဒါနအဖြစ် ငါးလွှတ်ခြင်းနှင့် ထိုင်းနယ်စပ်ရှိ သွေးသစ်စာသင်ကျောင်းသို့ ငွေလှူတန်းခြင်းများပြုလုပ်ကြမည်ဖြစ်သည်။

အဆိုပါ ဇွန်လ ၁၉ ရက်(စနေနေ့)နံနက်ပိုင်းတွင် မိုးသောက်ကြယ် စာ ကြည့်တိုက်မှဦးစီး၍ မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွှတ်မြောက်ဖို့နှင့် အသက်ရာကျော် ရှည်စေဖို့အတွက် ဇီဝိတဒါနငါးလွှတ်ခြင်းနှင့်၊ သွေးလှူတန်းခြင်း အစီ အစဉ်များကို အောက်ပါအတိုင်းကျင်းပမည်ဟုသိရပြီး အတူတကွပူး ပေါင်းကုသိုလ်ပြုလုပ်လိုသူများကိုလည်းဖိတ်ခေါ်အပ်ပါသည်။

ငါးလွှတ်ခြင်းကိုနံနက် ၁၁းဝဝ နာရီအချိန်တွင် Kawaguchiရှိ Arakawaမြစ်တွင်ပြုလုပ်မှာဖြစ်ပြီး၊ သွေးလှူတန်းခြင်းကိုတော့ နေ့လည် ၁၂း၃ဝ နာရီတွင် Akihabara မြို့ရှိ သွေးလှူဘဏ်တွင် လှူတန်း ကြမည်ဖြစ်သည်။


ထို့အပြင် မိုးသောက်ကြယ်စာကြည့်တိုက်မှ ပြုစုပျိုးထောင်ထားသော ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နောက်ဘွားကျေးရွာတွင်တည်ထောင်ထားသည့် သွေးသစ်စာသင်ကျောင်းရှိ ကလေးငယ်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေကြေးထောက်ပံ့လှုတန်းမည်ဖြစ်သည်။

အတူတကွပူးပေါင်းကုသိုလ်ပြုလုပ်လိုသူများ ဝ၉ဝ ၈၇၂ဝ ၉ဝ၁၇၊ ဝ၉ဝ ၂၄၈၆ ၂၈၉၇၊ ဝ၉ဝ ၉ဝ၁၇ ၂၁၆၆၊ ဝ၉ဝ ၆၁၅၂ ၂ဝ၂၉၊ ဝ၈ဝ ၁၂၁၉ ၈၅၃ဝသို့ ဆက်သွယ်နိုင်ပါသည်။

Monday, June 14, 2010

Wednesday, June 9, 2010

Saturday, June 5, 2010

ဘဏ္ဍာရေးဝန်ကြီးအား ဂျပန်ဝန်ကြီးချုပ်အသစ်အဖြစ်ရွေးချယ်တင်မြှောက်

ဂျပန်နိုင်ငံ၏ ၉၄ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ် ဘဏ္ဍာရေးဝန်ကြီး Naoto Kan အား ဇွန်လ(၄)ရက်နေ့ကရွေးချယ်လိုက်သည်။ လွန်ခဲ့သောရက်များက ဒုတိယ၀န်ကြီးချုပ် တာဝန်ပါယူခဲ့သူ အသက် (၆၃)နှစ်ရှိKan သည် DPJ(Democratic Party of Japan)ပါတီ၏ 422DPJ Diet အဖွဲ့ဝင်များမှနေ၍ပါတီ၏ အကြီးအကဲအဖြစ်ရွေးချယ်ခဲ့ကြသည်။

Kan သည်မဲအရေအတွက် ၂၉၁ မဲရရှိခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ အသက် (၅၀)အရွယ် အောက်လွှတ်တော် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီအမတ် Shinji Tarutoko မှာ ၁၂၉ မဲရရှိခဲ့သည်။ အထက်လွှတ်တော်နှင့်အောက်လွှတ်တော် ၂ရပ်စလုံးမှ Kan အားဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့ကြသည်။ ပါတီအတွင်း ရွေးကောက်ပွဲအတွက် အရေးပါသောနေရာမှာ အရှက်တကွဲအကျိုးနည်းစွာ ရာထူးမှဆင်းပေးခဲ့ရသည့် ပါတီ၏သြဇာ အကြီးမားဆုံးဖြစ်ခဲ့သူ Ozawa ၏အထွေထွေအတွင်းရေးမှူးနေရာဖြစ်သည်။

ဇွန်လ (၃)ရက်နေ့ကပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ပါတီအတွင်း ထောက်ခံသူအများအပြားရှိနေသော Kan ကဥပဒေပြု လွှတ်တော်အမတ်များအပါအ၀င် နောက်လိုက်ပေါင်း ၁၅၀ခန့်ရှိနေသည့် Ozawaနှင့် မပတ်သက်ကြောင်း ပြမည်ဟုပြောကြားခဲ့သည်။ သို့သော်လည်း Kan အနေနှင့် လက်ရှိအစိုးရအဖွဲ့အတွင်း Ozawa၏ နိုင်ငံရေးသြဇာသက်ရောက်နေခြင်းကို ကျော်လွှားနိုင်မည်လားဆိုသည်မှာ စောင့်ကြည့်ရဦးမည့် အချက်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီး Katsuya Okada၊ ဆောက်လုပ်ရေးဝန်ကြီး Seiji Maehara ၊ ဒုတိယဘဏ္ဍာရေးဝန်ကြီးYoshiko Noda၊ တို့က Kan အားထောက်ခံခဲ့ကြသည်။

“ဟာတိုယာမ လွှဲပြောင်းပေးခဲ့တဲ့ ဂျပန်နိုင်ငံပြန်လည်တည်ဆောက်ရေးမီးရှူးတိုင်ကိုကျွန်တော် ဆက်လက်၍သယ်ဆောင်နိုင်လိမ့် မည်ဟုမျှော်လင့်ကြောင်း” Kan ကပြောခဲ့သည်။

Kan သည် ဒီမိုကရက်တစ် ဆိုရှယ်လစ်သမဂ္ဂ မှနေ၍ အောက်လွှတ်တော်အမတ်အဖြစ် ၁၉၈၀ခုနှစ်တွင်ပထမဦးဆုံးအကြိမ်အရွေးချယ်ခံခဲ့ရသည်။ သူ၏တောက်ပခဲ့သောအချိန်မှာ New Party Sakigake ပါတီဝင်အဖြစ် ကျန်းမာရေးနှင့်သာယာဝပြောရေးဝန်ကြီးတာဝန်ကို
ထမ်းဆောင်ခဲ့စဉ်ကဖြစ်သည်။ ထိုနောက် ဟာတိုယာမနှင့်အတူ DPJ ပါတီ ဖွဲ့စည်းစဉ်၌ပါဝင်ခဲ့သည်။ DPJ ပါတီ ၏အကြီးအကဲအဖြစ် ၁၉၉၈မှ ၁၉၉၉ အတွင်းနှင့် ၂၀၀၂မှ၂၀၀၄ခုနှစ်အတွင်းတာဝန်ယူခဲ့သည်။
မောင်အောင်ဌေး-AFP, Japantodayမှ

ဟာတိုယာမ ဝန်ကြီးချုပ်ရာထူးမှနှုတ်ထွက်ပြီးနောက် အတိုက်အခံများက အထွေထွေရွေးကောက်ပွဲကျင်းပရန်တောင်းဆို

ဂျပန်ဝန်ကြီးချုပ်တာဝန်ကိုထမ်းဆောင်နေသော ဒီမိုကရက်တစ်ပါတီ (DPJ)အကြီးအကဲ ယူကီအို ဟာတိုယာမသည် ဇွန်လ ၂ ရက်နေ့က ရာထူးမှနှုတ်ထွက်ကြောင်းကြေညာလိုက်သည်။ ''ကျနော်ရဲ့လုပ်ဆောင်နေမှုများအပေါ် ပြည်သူလူထုလက်ခံလာ အောင်မရှင်းပြနိုင်တဲ့အတွက် ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ပါတယ်''ဟု ပြောခဲ့သူ ဟတိုယာမက သူ့ကိုလူအများလက်မခံရသည့်အဓိကအချက် ၂ ခုမှာ သူ၏မဟာမိတ်ပါတီဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SDP)နှင့်လမ်းခွဲခဲ့ရသည့်တိုင်ဖြစ်ခဲ့ရသည့် အိုကီနာဝါရှိ အမေရိကန်စစ် စခန်းပြောင်းရွေ့ရေးအတွက် အရှုံးကြီးရှုံးနိမ့်ခဲ့ရခြင်းနှင့် 'ငွေကြေးနှင့်နိုင် ငံ ရေး'အရှုပ်တော်ပုံတွင် သူနှင့်အတူ ပါတီ၏အထွေထွေအတွင်းရေးမှူး 'အိချီရို အိုဇာဝါ'ပါဝင်ပတ်သက်နေခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။

အဆိုပါနေ့တွင် DPJ၏သြဇာအကြီးမားဆုံးပုဂ္ဂိုလ်၊ ပါတီ၏ အထွေ ထွေအတွင်းရေးမှူးနေရာယူထားသူ အိုဇာဝါသည်လည်း ရာထူးမှဆင်း ပေးခဲ့သည်။ အကြောင်းမှာ သန့်ရှင်းသစ်လွင်သော DPJပါတီကို ပြန် လည်ဖွဲ့စည်းရန်အတွက်ဖြစ်သည်ဟု ဟတိုယာမကပြောကြားခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်၍ အိုဇာဝါမှလည်း သူ့အနေနှင့် ဝန်ကြီးချုပ်လည်း ဖြစ်ခဲ့သူ၊ ပါတီ၏အကြီးအကဲလည်းဖြစ်ခဲ့သူ ဟတိုယာမကို အပြည့်အဝ မကူညီနိုင်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဝမ်းနည်းစကား ပြောဆိုခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ရာထူးမှ ဟတိုယာမနှုတ်ထွက်ကြောင်းပြောဆိုခဲ့ သည့်နေ့မှာပင် အတိုက်အခံလစ်ဘရယ်ဒီမိုကရက်တီပါတီ(LDP)မှနေ ၍ အထွေထွေရွေးကောက်ပွဲပြုလုပ်ပေးရန် ပြင်းပြင်းထန်ထန်တောင်း ဆိုခဲ့သည်။ LDPပါတီ၏အတွင်းရေးမှူး 'တာဒါမိုရီ အိုရှီမား'က ဟတိုယာမနှုတ် ထွက်ခြင်းသည် ပြဿနာတခုကိုဖြေရှင်းလိုက်သည်မဟုတ်ကြောင်း၊ ဝေဖန်ပြောဆိုခဲ့ပြီး မဲဆန္ဒရှင်တို့ကိုကတိပေးခဲ့သည့် နိုင်ငံရေးညွန်ကြားချက်(Mandate)ကို လေး စားသည်ဆိုလျင် ပါလီမန်ကိုဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲကို ဆင့်ခေါ်သင့်သည်ဟုပြောဆိုခဲ့သည်။ ၎င်းင်းကဆက်လက်၍ ပြုတ်လုဆဲဆဲဖြစ်သော ဝန်ကြီးချုပ်ရာထူးကို နှုတ်ထွက်ကြောင်းကြေညာခဲ့ခြင်းသည် ဇူလိုင်လ ၁၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် အထက်လွှတ်တော်ရွေးကောက်ပွဲအနိုင်ရရေး ကိုရည်ရွယ်ပြီး ပြည်သူလူထုကို လိမ်လည်လှည့်ဖျားမှုသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

လွန်ခဲ့သော ၉ လခန့်က ဂျပန်နိုင်ငံ၏ နိုင်ငံရေးတော်လှန်မှုတရပ်ဟု တင်စားခံခဲ့ရသည့် ဟတိုယာမ၏ DPJပါတီသည် ရာစုနှစ်တစ်ဝက်နည်းပါးအုပ်ချုပ်လာခဲ့သော LDPပါတီကို မဲအပြတ်အသတ်ဖြင့်အလဲထိုးနိုင်ခဲ့သည်။ ထိုအချိန်က လူထုထောက်ခံမှု ၇၂%ကျော်ရရှိခဲ့သော ဟတိုယာမ၏ DPJပါတီသည် ယခုအခါ လူထုထောက်ခံမှု ၂ဝ%အောက်သို့ ရောက်ရှိနေပြီဖြစ်သည်။

မေလကုန်နောက်ဆုံးထား၍ အဆုံးအဖြစ်ပေးရမည်ဖြစ်သော အိုကီနာဝါရှိ အမေရိကန်လေတပ်စခန်းကိစ္စအတွက် အိုကီနာဝါဒေသမှ လူများ၏ခွင့်ပြုချက်၊ မဟာမိတ်ပါတီနှင့်အမေရိကန်တို့ထံမှခွင့်ပြုချက်ကို အောင်မြင်စွာရယူနိုင်ခဲ့သော်လည်း၊ အစိုးရ၏ရွေ့ပြောင်းရေးပေါ်လစီမှာ ဝါရှင်တန်အစိုးရနှင့် သဘောတူညီခဲ့မှုတခုတည်းကိုမူတည်၍ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်သည်။ နောက်ဆုံးတွင် စစ်အခြေစိုက်စခန်းကိုယခင်နေရာဖြစ်သော အိုကီနာဝါကျွန်းတွင် ဆက်လက်ထားရှိမည်ဟုကြေညာခဲ့ရသည်။

ငွေကြေးချမ်းသာပြီး သြဇာအာဏာကြီးမားသည့်မျိုးရိုးမှ ဆင်းသက်လာခဲ့သော ဟတိုယာမသည် ပြည်လူထု၏ ယုံကြည်ကိုးစားမှုကို လက်လွတ်ဆုံးရှုံးခဲ့ရသော်လည်း မျိုးဆက်သစ်များအနေဖြင့် သူ၏လုပ်ဆောင်ခဲ့မှုများအပေါ် အမှတ်ရစေမည်ဟုမျှော်လင့်ကြောင်း ပြောဆိုသည်။ လုပ်ငန်းတာဝန်ဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်ပြီး သူ၏ DPJပါတီဝင်များက ''ဝန်ကြီးချုပ်ကို ကျနော်တို့က 'ကမ္ဘာရှား'(alien)လို့ချစ်စနိုးခေါ်ကြပါတယ်။ လောကီလူသားထဲကနေ နည်းနည်းထူးခြားတဲ့ပုံစံရှိလို့ပါ..''ဟု ပြောဆိုခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဟောင်း၏သား၊ စတန့်ဖို့တက္ကသိုလ်မှ ပါရဂူဘွဲ့ ရရှိခဲ့သူ ယူကီအို ဟတိုယာမသည် LDPပါတီမှ ၁၉၉၃ တွင်ခွဲထွက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် DPJပါတီဖွဲ့စည်းခဲ့သည့်ခေါင်းဆောင်တဦးလည်းဖြစ်သည်။ ရာထူးမှနှုတ်ထွက်ခဲ့သည့် ဟတိုယာမသည် ဂျပန်ဝန်ကြီးချုပ်တာဝန်ကို ၁ နှစ်ထက်မပိုပဲထမ်းဆောင်ခဲ့သူ ၄ ဦးမြောက်အဖြစ် မှတ်တမ်းဝင်စေခဲ့သည်။ DPJပါတီအထက်လွှတ်တော်ကိုယ်စားလှယ်များ၏ လက်ရှိ ၆ နှစ်သက်တမ်းမှာ လာမည့်ဇူလိုင်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ DPJအနေဖြင့် အောက်လွှတ်တော်တွင် အမတ်နေရာများစွာ သိမ်းပိုက်နိုင်ခဲ့သော်လည်း အထက်လွှတ်တော်၌ အမတ်နေရာအများအပြားမရှိပေ။(မောင်အောင်ဌေး-japantodayမှ)

Opposition calls for general election as Hatoyama decides to resign


http://www.japantoday.com/category/politics/view/hatoyama-reportedly-ready-to-step-down-as-prime-minister

NDF ကို ကန့်ကွက်ခြင်း မပြုသကဲ့သို့ ထောက်ခံခြင်းလည်း မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဒေါက်တာသန်းငြိမ်း နှင့် ဦးခင်မောင်ဆွေတို့ NDF ပါတီတည်ထောင်၍ မှတ်ပုံတင်ခြင်းကိစ္စရပ် အပေါ်၌ ရှုတ်ချခြင်းလည်း မပြုသလို၊ ထောက်ခံခြင်းလည်း မပြုကြောင်း၊ ၄င်းတို့ပါတီသည် NLD ပါတီနှင့် မည်သို့မှ မသက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည်ဟု သိရသည်။
ယမန်နေ့ညနေပိုင်းက NLD ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က
(၁) တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်ကို မြန်မာစစ်အစိုးရက လက်ခံတွေ့ဆုံသည်ဟု သိရကြောင်း၊ အိမ်နီးချင်းနိုင်ငံတခု အနေဖြင့် ချစ်ကြည်ရင်းနှီးမှုမှာ အလွန် အရေးကြီးသည့် အတွက် ထိုတွေ့ဆုံခြင်းအပေါ် ၀မ်းမြောက်စွာ လက်ခံပါကြောင်း၊
(၂) အမေရိကန် အထက် လွှတ်တော် အမတ်(၆)ဦးက NLD ပါတီကို လက်ရှိ တရားဝင်ပါတီအဖြစ် ထောက်ခံ အားပေးနေခြင်းကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း၊
(၃) ဦးအောင်ဆန်းဦးက စွဲဆိုခဲ့သောအမှုကိစ္စ အပေါ်၌လည်း တရားဥပဒေနှင့်အညီ ဆက်လက် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း၊
(၄) မြန်မာပြည်သို့ လာရောက်မည်ဟု ဆိုသော အမေရိကန်နိုင်ငံ အထက်လွှတ်တော် အမတ် မစ္စတာဂျင်ဝက်ဘ် နှင့်လည်း တွေ့ဆုံခွင့်ရပါက တွေ့ဆုံ လိုပါကြောင်း၊
(၅) ၄င်း၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်ပါကြောင်း
စသည်ဖြင့် ပြောကြားသွားခဲ့သည်ဟု သိရသည်။
(ဘားမား ပါပါရာဇီ)

Friday, June 4, 2010

အသက် (၁၈)နှစ်အောက် ကလေးစစ်သားများအား မိဘ အုပ်ထိန်း သူများထံ ပြန်လည် အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀၀ ရှိခဲ့


ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တပ်မတော်အတွင်းသို့ ရောက်ရှိ သွားသော အသက် (၁၈)နှစ်အောက် ကလေးသူငယ်များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀၀ ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ သတင်းရရှိသည်။ “အယောက် ၁၀၀ မြောက် ဖြစ်တဲ့ ကလေး တစ်ဦးကို မေလ ၂၆ ရက်နေ့က အုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ် ” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်က မေလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ အမိန့် ညွှန်ကြားချက်များသည် အသက်(၁၈)နှစ်အောက် ကလေးသူငယ်များ တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပေးပညာပေး သင်တန်းများကို ပို့ချလျက် ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ဂျပန်ဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်သွားပြီ(ဗွီအိုအေမှ)


ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ဖို့ မဲဆွယ်လှုပ်ရှားစဉ်က ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်မပေးနိုင်တဲ့အတွက် နှုတ်ထွက်တဲ့အကြောင်း ၀န်ကြီးချုပ် ယူကီအို ဟတိုယာမ (Yukio Hatoyama) က ကြေညာလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ နီးပါး ဆက်တိုက်ဆိုသလို အစိုးရအဖြစ် အုပ်ချုပ်လာတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ လက်ထဲကနေ လွန်ခဲ့တဲ့ ၉ လကပဲ ဂျပန်ဝန်ကြီးချုပ် ဟတိုယာမ ရွေးကောက်ပွဲတွေနဲ့ တခဲနက် အနိုင်ရလာခဲ့တာပါ။ ဒါပေမဲ့လည်း ပါတီရန်ပုံငွေ အရှုပ်တော်ပုံ ပြဿနာတွေ၊ ၀န်ကြီးချုပ်ရဲ့ ဦးဆောင်မှု အရည်အချင်းအပေါ် သံသယတွေကြောင့် နောက်ပိုင်းမှာတော့ သူ့ရဲ့ ဒီမိုကရက်ပါတီ ရေပန်းစားမှုတွေမှာ ထိခိုက်မှုတွေ ကြုံလာရတာ ဖြစ်ပါတယ်။

အိုကီနာဝါကျွန်းပေါ်က အမေရိကန် စစ်အခြေစိုက် စခန်းကို ပြောင်းရွှေ့ဖို့ ပျက်ကွက်ခဲ့တဲ့ နောက်မှာလည်း ၀န်ကြီးချုပ်ကို လူကြိုက်များ လက်ခံတဲ့နှုန်းဟာ ၁၇% အထိ ကျဆင်းသွားခဲ့တာပါ။

ဝန်ကြီးချုပ်က သူနဲ့အတူ ပါတီရဲ့ ဒုတိယ အကြီးအကဲဖြစ်တဲ့ အိချီရို အိုဇာဝါ (Ichiro Ozawa) လည်း နှုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ တိုကျိုမြို့က ဒီမိုကရက် ပါတီဝင်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၀န်ကြီးချုပ် နှုတ်ထွက်သွားတဲ့အတွက် သူ့ရဲ့ပါတီဟာလည်း ရှေ့လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ မရေမရာ အခြေအနေတွေနဲ့ ကြုံနေရပါတယ်။

Wednesday, June 2, 2010

BURMA VJဇာတ်ကား ဂျပန်တွင်ရုံတင်ပြသ

မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို မှတ်တမ်းတင်ရိုက်ကူးထားသည့် ဘားမားဗီဂျေ(BURMA VJ)ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင်လည်း ရုံတင်ပြနေပြီဖြစ်သည်။ တိုကျိုမြို့၊ ရှီဘူယရပ်ကွက်၊ ကုလသမဂ္ဂအဆောက်အဦရုံးရှေ့တွင်တည်ရှိသည့် Aoyama Theatreတွင် မေလ ၁၅ ရက်နေ့မှစတင်၍ ရုံတင်ထား လျက်ရှိပြီး တနေ့(၅)ကြိမ်ပြသလျက်ရှိသည်။

ဘားမားဗီဂျေမှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကားကို သွားကြည့်ရှုခဲ့သူတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ အလုပ်သမားရေးရာတာဝန်ခံ ကိုဝင်းအောင်(၂)မှ ''ဒီကားဟာ မြန်မာနိုင်ငံအတွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပြသထားတာလေ။ ဇာတ်လမ်းကျောရိုးဖန်တီးပြီး ရိုက်ထားတာမဟုတ်ဘူးပဲ Documentaryသဘောမျိုး ဖြစ်ရပ်မှန်သတင်းတွေကို စုစည်းပြီးတင်ပြထားတဲ့ဇာတ်ကားပါ။ အင်တာနက်မှာ တင်ထားတာရှိပေမယ့် အခုလို ရုံမှာကြည့်ရတာက ပိုရှင်းလင်းတယ်။ ကြည်လည်ပြတ်သားမှုလည်းရှိတယ်။ နောက်တချက်က ကိုယ့်ပြည်တွင်းထဲမှာ တကယ့်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့အကြောင်းတွေကို ဂျပန်မိတ်ဆွေတွေသိအောင်၊ ကြည့်ဖြစ်အောင် တိုက်တွန်းသင့်တယ်။ သူတို့လည်းကြည့်ပြီး မြန်မာပြည်အကြောင်း အထူးသဖြင့် နအဖစစ်အာဏာရှင်တွေရဲ့ လူမဆန်စွာရက်စက်မှုတွေကို ကောင်းကောင်းနားလည်သဘောပေါက်သွားကြပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ နအဖစစ်အုပ်စုဟာ တိုင်းပြည်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထား၊ ပြည်သူလူထုအပေါ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကွက်ကွက်ကွင်းကွင်းကွင်းမြင်ရပါလိမ့်မယ်။ သူတို့(နအဖ)ဟာ မတရားသိမ်းပိုက်ထားတဲ့ သူတို့ရဲ့အာဏာနဲ့ပတ်သက်လာရင် တောင်းဆိုမှုတွေပြုလုပ်လာမယ်ဆိုရင် ပြည်သူမပြောနဲ့ ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကိုတောင် လိုက်လျောမှာမဟုတ်ဘူး။ အရာရာကို လက်နက်အားကိုးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အကြမ်းဖက်ချင်တဲ့စိတ်ပဲရှိတယ်တာကို မြင်တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် သူတို့ပြောပြောနေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်နေတယ်ဆိုတာ နိုင်ငံတကာကို လိမ်လည်နေတာပဲဖြစ်တယ်...''ဟု ယခုလိုရှင်းပြသည်။

ဘားမားဗီဂျေဇာတ်ကားသည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် နအဖစစ်အုပ်စုမှ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့မှုများကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သည့် တကယ့်အဖြစ်အပျက်များကိုဇတ်ကားဖြစ်ပြီး ပြည်တွင်းရှိ ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျားမှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ အခက်အခဲများကြားမှ ပေးပို့ခဲ့ပုံကို တင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ထို့အတွက် ၂ဝဝ၉ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် (၈၂)ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် နောက်ဆုံးဇကာတင်ဇာတ်ကား(၅)ကားတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်းခံခဲ့သည်။ အော်စကာဆုမရရှိပေမယ့်လည်း လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးခဲ့သည်။ အဆိုပါဇာတ်ကားကို နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)က စီစဉ်ခဲ့ဖြစ်ပြီး ဒိန်းမတ်လူမျိုးဒါရိုက်တာ Anders Ostergaard ကပြန်လည်တည်းဖြတ်ပေးခဲ့ကာ ထုတ်လုပ်သူမှာ Lise Lense-Mollerတို့ဖြစ်ကြောင်း သိရသည်။

BURMA VJဇာတ်ကားကို Aoyama Theatreရုံတွင် ဇွန်လ ၁၈ ရက်(သောကြာနေ့)အထိ ပြသမှာဖြစ်ပြီး ယန်း ၁,၅ဝဝ ဖြစ်သည်။ ပြသချိန်များမှာ နံနက် ၁၁းဝဝ နာရီ၊ နေ့လယ် ၁းဝဝ နာရီ၊ နေလယ် ၃းဝဝ နာရီ၊ ညနေ ၅းဝဝ နာရီနှင့် ည ၇းဝဝ နာရီတို့ဖြစ်သည်။ သွားရောက်ကြည့်ရှုလိုသူများအနေဖြင့် မြို့ပတ်ရထား Yamanote လိုင်းစီး၍ Shibuyaဘူတာတွင်ဆင်းရမည်ဖြစ်သည်။
မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)


Twitter Delicious Facebook Digg Stumbleupon Favorites More