This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, November 29, 2010

၉၀ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မျိုးချစ်စိတ်ဓါတ်ရှင်သန်စေသော ဂီတသံများဖြင့် ကျင်းပ

တိုကျို၊ နိုဝင်ဘာ(၂၈)
သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
            
လာမည့် ဒီဇင်ဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် ၉၀ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် ဂျပန်နိုင်ငံရောက် မျိုးချစ်မြန်မာများက စုစည်း၍ အမျိုးသားရေးစိတ်ဓါတ်ကို ရှင်သန်စေသော ကိုလိုနီခေတ် မြန်မာသံစဉ်တေးဂီတသံများဖြင့် တိုကျိုမြို့တွင် ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားကို မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်)က အဓိကဦးစီးခဲ့ပြီး အမျိုးသမီးသမဂ္ဂ၊ အန်အယ်လ်ဒီ(အယ်အေ-ဂျပန်)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂတို့မှ ကိုယ်စားလှယ်များက အမှာစကားပြောကြား၍ ကိုလိုနီခေတ် အမျိုးသားရေးလှုပ်ရှားမှုနှင့် မျက်မှောက်ခေတ်ယနေ့မြန်မာပြည်အခြေအနေများကို လူငယ်တချို့မှ ၄င်းတို့၏အမြင်နှင့် တွဲဖက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။

“အမျိုးသားနေ့က နှစ်ကိုးဆယ်တိုင်ခဲ့ပြီဖြစ်လို့ တချိန်ကအမျိုးသားရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှေးကလူကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ရော မမေ့သင့်မမေ့အပ်တဲ့ တိုင်းပြည်ရဲ့နေ့ထူးနေ့မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ရော၊ နောက်တကြောင်းက အခုအချိန်ဟာ မြန်မာပြည်အတွက် နိုင်ငံရေးအရ အင်မတန်မှအရေးကြီးနေတဲ့အချိန်ဖြစ်နေတဲ့အခါမှာ  မြန်မာပြည်သူပြည်သားတွေအားလုံးကိုရော တိုင်းပြည်ကို စစ်ကျွန်ဘ၀ကနေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ ကျောင်းသားတွေအတွက်ရော ဆထက်တပိုးတိုးပြီး အားတက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ရခြင်းဖြစ်ပါတယ်”ဟု မြန်မာအမျိုးသမဂ္ဂဥက္ကဋ္ဌ ဒေါ်ချိုချိုအေးက ပြောပြသည်။

အခမ်းအနားအစီအစဉ်၏သုံးပုံနှစ်ပုံခန့်ကို `တို့ဗမာ´သီချင်းအပါအ၀င် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားရေးယဉ်ကျေးမှုတေးဂီတဖျော်ဖြေတင်ဆက်မှုနှင့် အမျိုးသားနေ့အစ တက္ကသိုလ်ကျောင်းသားသပိတ်က ဟု အဆိုရှိသည့်အတိုင်း တက္ကသိုလ်အောင့်မေ့ဖွယ် တေးဂီတသံစဉ်များဖြင့် တက်ရောက်လာသူများအား သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

မြန်မာ့ရိုးရာပွဲခံမင်းသမီးအကကို မ၀င်းဝင်းမြင့်မှကပြ၍ မစံပယ်၏စောင်းလက်သံဖြင့် ဒေါ်ချိုချိုအေးမှ `ဇေယျတုသဗ္ဗမင်္ဂလံ´သီချင်းကြီးကိုလည်ကောင်း၊ ၈၈ မျိုးဆက်ကျောင်းသားများကို ဂုဏ်ပြုထားသောသီချင်းနှင့် ဂီတဗိမာန်တေးသီချင်းကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကျော်စိုးကလည်ကောင်း၊ မဖြူဖြူမြင့်မှ `မြနန္ဒာ´သီချင်းဖြင့်လည်ကောင်း၊ `ဇွဲ´သီချင်းကို ကိုကျော်သူရတို့မှအမျိုးသားမာန်အပြင့်ဖြင့် အားတက်ဖွယ်သီဆိုဖျော်ဖြေခဲ့ကြသည်။

“ဂီတဆိုတာက အစွမ်းပကားကြီးမားပါတယ်၊ `တို့ဗမာ´သီချင်းမျိုးဆိုရင် အင်မတန်မှအမျိုးသားရေးစိတ်ဓါတ်ကို တက်ကြွစေပါတယ်၊ ဒီသီချင်းကြောင့် နယ်ချဲ့တိုက်ပွဲထဲမှာ  လူတွေအများကြီး ပါဝင်လာတဲ့အထိစွမ်းခဲ့တယ်။ အဲ့ဒိသီချင်းပေါ်တုန်းကဆိုရင် ချက်ခြင်းပဲ သခင်နှစ်ယောက်ပေါ်လာပြီး သခင်မျိုးဟေ့ တို့ဗမာဆိုပြီးထကြွေးကြော်ရာကနေ နောက်အားလုံးပါဝင်လာခဲ့တယ်။ ဒါ့တော့အင်မတန်မှ အရေးကြီးတဲ့အတွက်ကြောင့် နောင်လာနောက်သားတွေကို သိစေချင်တယ်၊ ကြားစေချင်တယ်၊ ပိုပြီးတော့လည်း မျိုးချစ်စိတ်တွေ တက်ကြွစေချင်တယ်”ဟု ဂီတဖြင့်ကျင်းပရခြင်းအကြောင်းကို ပြောပြခဲ့သည်။

မိနားမိအိုးစုခ ခန်းမတွင် ပြုလုပ်သော ၉၀ နှစ်ပြည့်အမျိုးသားအောင်ပွဲနေ့အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းစာဆရာကြီးဦးဝင်းတင်မှတယ်လီဖုံးဖြင့် အမှာစကားပြောကြားပေးခဲ့ပြီး လူဦးရေ တရာကျော်ခန့် တက်ရောက်လာခဲ့ကြောင်း ခန့်မှန်းသိရှိရသည်။

           
             

Wednesday, November 24, 2010

ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက်ဒီမိုသမားများက ထောက်ခံပွဲပြုလုပ်

တိုကျို၊ နိုဝင်ဘာ(၂၃)
 ၇ နှစ်နှင့် ၆ လာကြာ နေအိမ်အကျယ်ချုပ်မှပြန်လည်လွတ်မြောက်လာခဲ့ပြီးဖြစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်နေသူများက ကြိုဆိုပွဲတရပ်ကျင်းပ၍ ပြည်သူလူထု၏ခေါင်းဆောင်အဖြစ် ထပ်မံအတည်ပြု ထောက်ခံလိုက်ကြသည်။
    တိုကျိုမြို့ ရှီဘူယရပ်ကွက်၌ရှိသော ကုလသမဂ္ဂအဆောက်အဦးအရှေ့တွင် ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်သော ထောက်ခံကြိုဆိုပွဲသို့ ဂျပန်ရောက်မြန်မာနိုင်ငံသား တစ်ရာ့ရှစ်ဆယ်ကျော် တက်ရောက်အတည်ပြု ထောက်ခံကြိုဆိုခဲ့ကြပြီး မကြာသေးမှီက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်အပြီးတွင် လူအများက သူမကိုသာ မေးမြန်းနေကြ၍ သူမကသာပြောဆိုနေရပြီး လူအများ၏စကားကိုလည်း ပြန်လည်ကြားလိုကြောင်း ပြောဆိုထားခဲ့သောကြောင့် ကြိုဆိုလှုပ်ရှားသူများက မှတ်စုစာအုပ်ငယ်များတွင် ပြည်သူလူထုမှ လူထုခေါင်းဆောင်သို့ဟု အဓိပ္ပါယ်ရသည့် လူအများမှဒေါ်အောင်ဆန်းစုကြည်သို့ ပြောကြားလိုသော ရင်တွင်းဆန္ဒစကားများ ကောက်ယူစုစည်းမှုတရပ်ကို လှုပ်ရှားခဲ့ကြောင်းတွေ့ရသည်။
ထောက်ခံလှုပ်ရှားမှုနှင့်ပါတ်သတ်၍ ``ဘာကြောင့်ထောက်ခံရသလဲဆိုသော  ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အနစ်နာခံပြီးတော့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့ အနေအထားဟာ ထိမ်းသိမ်းခြင်းခံရပြီးတဲ့နောက်မှာဆို ပိုပြီးတော့ကိုတွေ့လာရပါတယ်၊ အဲ့ဒိအခါ ပိုပြီးအားတက်ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်မှသာလျှင် မြန်မာ့ဒီမိုကရေစီအရေးဟာ ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှာဖြစ်ပါတယ်၊ စနစ်ကျမှာလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့က ကြိုဆိုထောက်ခံရခြင်းဖြစ်ပါတယ်´´ဟု စီစဉ်ဆောင်ရွက်ခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ၏ အဖွဲ့ဝင်တဦးဖြစ်သည့် ဦးလွင်အောင်စိုးကရှင်းပြသည်။


၂၀၁၀ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ(2010 Election Boycott Committee-japan)မှာ နအဖစစ်အစိုးရက ယခုလဆန်းပိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲကို လက်မခံအယုံအကြည်မရှိဟုဆိုကာ ဆန့်ကျင် ကန့်ကွက်လှုပ်ရှားရေးအတွက် ဂျပန်ရှိဒီမိုကရေစီအဖွဲ့အစည်းများမှ အဖွဲ့ဝင်များညီညွတ်စွာ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့တခုဖြစ်ပြီး ရွေးကောက်ပွဲပြီးသည့်တိုင် အဖွဲ့ကိုမဖျက်ဘဲဆက်လက်ဖွဲ့စည်း၍ ဒီမိုကရေစီအရေးအတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော အဖွဲ့တခုဖြစ်သည်။
ကြိုဆိုထောက်ခံသော ဆန္ဒစကားများကောက်ခံရယူမှုတွင် ဂျပန်လူမျိုး(၄၅)ဦးက ၄င်းတို့ယုံကြည်လေးစားသော နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ၀မ်းမြောက်ဝမ်းသာကြိုဆိုထောက်ခံကြောင်း၊ မြန်မာ့နိုင်ငံတွင် စစ်မှန်သောဒီမိုကရေစီစနစ်အမြန်ဆုံးပေါ်ပေါက်ပြီး လူအခွင့်အရေးအပြည့်အ၀ရှိသော ငြိမ်းချမ်းသော တိုင်ပြည်တခုကို တည်ဆောက်နိုင်ပါစေကြာင်း၊ ဂျပန်ရောက်မြန်မာ့လူမျိုးများနှင့်ဆန္ဒတထပ်တည်းဖြစ်ကြောင်း အားပါးတရပါဝင် ရေးသားခဲ့ကြပြီး ယနေ့စုစည်းရရှိခဲ့သော ဂျပန်နှင့်မြန်မာ ဆန္ဒစကားများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်ဝယ်အရောက်ပေးပို့သွားမည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ မလေးလေး(တိုကျို)မှပြောပြသည်။
 ဂျပန်သတင်းဋ္ဌာန ANN Newsနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမေးမြန်းမှုတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများအား ဒေါ်အောင်ဆန်းစုကြည်က ဘာ့ကြောင့်ကိုယ့်တိုင်းပြည်ကိုစွန့်ခွာခဲ့ရကြောင်းနှင့် ကိုယ့်တိုင်းပြည်ကိုမမေ့ရန် မီဒီယာမှတဆင့် အမှာစကားပြောကြားခဲ့သည်။ အဆိုပါစကားအပေါ် ဦးလွင်အောင်စိုးက``အင်းမတန်ကောင်းတဲ့မှာကြားချက်ပါ၊ ကျနော်တို့ကို ဘ၀မမေ့သွားအောင် ကျနော်တို့ကို ထိန်းကြောင်းပေးတဲ့ စကားဖြစ်ပါတယ်၊ ဒီအတိုင်းပဲ ကျနော်တို့ဂျပန်ရောက်နေလျှက်မှာပဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားဆောင်ရွက်ရင်း မြန်မာဆိုတဲ့ဂုဏ်ကို ကြိုးစားထိန်းသိမ်းနေပါတယ်´´ဟု လူထုခေါင်းဆောင်၏ စကားကို လိုက်နာလျှက်ရှိကြောင်းပြောပြသည်။
ဒီအပြင် ဂျပန်ရှိ (၄၀)ကျော်သော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ကြေငြာချက်များ၊ အမှာစကားများကို ပြောဆိုဖတ်ကြားခဲ့ကြပြီး အဆုံးပိတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ၂၀၀၃ ဒီပဲယင်းအရေးအခင်းအပြီးတွင် ထုတ်ဝေခဲ့သည့် လှောင်ချိုင့်ထဲကအမည်ရှိ တေးစီးရီးမှ ``ဒေါ်အောင်ဆန်းစုကြည်´´သီချင်းကို PRMG တေးဂီတအဖွဲ့မှဦးဆောင်၍  တက်ရောက်လာသူများတညီတညွတ်တည်းသီဆိုခဲ့ကြသည်။
သတင်းရေးသား-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

ဂျပန်ရောက် ရှမ်းအမျိုးသားတို့၏ နှစ်သစ်ကူးပွဲတော် ပျော်ရွင်စွာကျင်းပ

တိုကျို၊ နိုဝင်ဘာ(၂၁)
 ဂျပန်တွင်ရောက်ရှိနေထိုင်နေသည့် ရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ်ကျင်းပနေကျ ထုံစံအတိုင်း ရိုးရာနှစ်သစ်ကူးပွဲတော်ကို
တိုကျိုမြို့ အီကဲဘုကုရိုးအရပ်ရှိ ကန်းကိုးပလာဇာတွင် မနေ့ကညနေပိုင်းတွင် စည်းစည်းကားကား ကျင်းပပြုလုပ်ခဲ့ကြသည်။
    ဂျပန်၌ ရှမ်းတိုင်းရင်းသားတို့မှ ၄င်းတို့၏ရိုးရာပွဲတော်နှစ်ခုဖြစ်သည့် ရှမ်းအမျိုးသားနေ့နှင့်ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာအစားအစာများဖြင့် ထူးခြားစွာနှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုအကြိမ်တွင်လည်း ယမန်နှစ်ကနှစ်မတူ တမူထူးခြားသော ရှမ်းအစားအစာများကို ပွဲတော်လာ ပရိတ်သတ်များကို တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်းတွေ့ရသည်။
    ရှမ်းတိုင်းရင်းသားတဦးဖြစ်သည့် စိုင်းဝင်းဖေမှ``ကျနော်တို့ရှမ်းတိုင်းရင်းသားတွေက ကိုယ့်ရိုးရာကိုအရမ်းချစ်တယ်။ ဒါ့ကြောင့် ရှမ်းရမ်းရာအစဉ်အလာကို ဘယ်နေရာ ရောက်ရောက်၊ ဘယ်ဒေသရောက်ရောက် မဖြစ်မနေကျင်းပကြတယ်၊ ပြီးတော့ နိုင်ငံရေးဆိုတာ၊ အမျိုးသားရေးဆိုတာ လက်တီး လက်မောင်းတန်းပြီး အော်ပြောနေမှမဟုတ်ဘူး၊ ကိုယ့်အမျိုးသားကိုချစ်ရင် ကိုယ့်အမျိုးသားရိုးရာအစဉ်အလာတွေကို ထိမ်းသိမ်းတာဟာ ကိုယ့်နိုင်ငံရေးကို ကိုယ်လုပ်တာပါပဲ၊ အခုလည်းကြည့်ပါ၊ ရှမ်းအစားအစာတွေထဲကမှ တချို့ကိုအခုဒီမှာတွေ့ရတာပဲ။ နောက်အများကြီးရှိပါသေးတယ်။ တကြိမ်းနဲ့တကြိမ်မတူအောင် ကျနော်တို့လုပ်ပြသွားပါတယ်။ ရှမ်းအစားအစာဟာ ရှမ်းတို့ရဲ့အမျိုးသားဂုဏ်သိက္ခာတခုပါပဲ´´ဟု အခန်းအနားတွင် ရှင်းပြပြောဆိုသွားသည်။


 အဝေးရောက်ရှမ်းအမျိုးသားတို့၏ တဦးနှင့်တဦးချစ်ခင်ရင်းနှီးလိုခြင်း၊ ရှမ်းတိုင်းရင်းသားအခြင်းခြင်း ပြန်လည်တွေ့ဆုံစေလိုခြင်း၊ ပျော်ရွင်သောနှစ်သစ်တခုဖြစ်စေရန် ရိုးရာအစားအသောက်များဖြင့် ပျော်ပါးစွာစားသောက်ရင်း နှစ်သစ်ကိုကြိုဆိုလိုကြခြင်းစသည့် ကောင်မွန်သောရည်ရွယ်ချက်များဖြင့် ရှမ်းနှစ်သစ်ကူးပွဲတော်ကို ကျင်းပကြခြင်းဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားတဦးကပြောပြသည်။
    အဆိုပါပွဲတော်သို့ ရှမ်းရိုးရာကို စိတ်ပါဝင်စားသူ ဂျပန်အဖွဲ့အစည်းများမှပုဂ္ဂိုလ်အချို့နှင့် ကရင်၊ ကချင်၊ ရခိုင်၊ ပလောင်စသော အခြားမြန်မာတိုင်းရင်းသားကို ကိုယ်စားပြုသူအချို့လည်း တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး  ပွဲတော်သို့လာရောက်သူ တစ်ရာကျော်မှ ရှမ်းအစားအသောက်များကို စားသောက်ရင်း ရှမ်းတေးသီးချင်များနှင့် အကများကို ပျော်ရွင်စွာ ကခုန်၍ အားပေးချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

Sunday, November 21, 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထောက်ခံပွဲ ကျင်းပပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ပါတော့မည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟု ၁၄-၁၁-၂ဝ၁ဝ နေ့ လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။

ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံရသည့်တိုင်၊ မိသားစုနှင့် ရှင်ကွဲသေကွဲ ကွဲရသည့်တိုင် စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တခဲနက် ကြိုဆိုထောက်ခံမည့် လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။

နေ့ရက်
၂၃-၁၁-၂ဝ၁ဝ (အင်္ဂါနေ့) (ဂျပန်နိုင်ငံ၏ တရားဝင်ရုံးပိတ်ရက်)
အချိန်
ညနေ ၂ နာရီမှ ၅ နာရီထိ
နေရာ
UN အဆောက်အဦရှေ့၊ Shibuya, Tokyo, Japan

ဒေါ်အောင်ဆန်းစုကြည်မှာ ထိန်းသိမ်းခံနေရစဉ်အတွင်း လူထုသဘောထားကို သိရန် နေ့စဉ်နေ့တိုင်း ပြည်ပ အသံလွှင့်ဌာနများမှ ထုတ်လွှင့်သည်များကို ငါးနာရီ ခြောက်နာရီကြာအောင် နားထောင်နေခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာသည့်တိုင် လူထုသဘောထားများကို ထပ်မံသိချင်သေးသည်ဟု ပွင့်လင်းစွာပင် ထုတ်ဖော်သွားသည်။ တနေ့နေ့တွင် ပြည်သူ့ဟစ်တိုင် လုပ်ရမည်ဟုလည်း အကြံပြုသွားသည်။
ဂျပန်နိုင်ငံရှိ မြန်မာအသိုင်းအဝိုင်းမှ မည်သူမဆို ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံခြင်းနှင့်အတူ အမှာစကားပါးနိုင်ရန်လည်း စီစဉ်ထားပါသည်။

အစီအစဉ်များ
1.        ဒေါ်အောင်ဆန်းစုကြည်အား အပြည့်အဝ ထောက်ခံကြောင်း ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေကြသော အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်များ ဖတ်ကြား၍ လက်မှတ်ရေးထိုးကြပါမည်။
2.        ဒေါ်အောင်ဆန်းစုကြည်ထံ အရောက်ပို့မည့် အော်တို (Auto) စာအုပ်တွင် မည်သူမဆို မိမိတို့တဦးချင်းအနေဖြင့် ပြောဆိုမှာကြား အကြံပေးလိုသည် များကို ရေးသားကြပါမည်။
3.        ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မြန်မာပြည်သူများအားလုံးအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ကြည့်ရှုနိုင်မည့် ဗီဒီယိုနှင့် ဓါတ်ပုံများကို မှတ်တမ်းတင် ရိုက်ကူးပါမည်။
4.        ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုထောက်ခံပွဲတွင် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများမှ မြန်မာ အာဏာပိုင်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများနှင့်တကွ မြန်မာပြည်သူတရပ်လုံးသို့ ပန်ကြားလွှာ တစောင် စုစည်း ထုတ်ပြန်ပါမည်။ 

မြန်မာ့ဒီမိုကရေစီ အင်အားစုများ (ဂျပန်)

Sunday, November 14, 2010

နိုဘယ်လ်ဆုရှင်များတွေ့ဆုံပွဲသို့ မြန်မာ့ဒီမိုသမားတဦးတက်ရောက်


 ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)၏ တာဝန်ခံတဦးဖြစ်သူ ကိုကျော်ကျော်စိုးတက်ရောက်ကြောင်းသိရှိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်တဲ့အစည်းအဝေးမှာ နျူလက်နက်မပြန့်ပွားရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကိစ္စများဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာပြည်အရေးနှင့်ပတ်သက်သည့်ကိစ္စများ ကို အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် `ကိုကျော်ကျော်စိုး`ကိုလည်း သတင်းမီဒီသမားများက ၀ိုင်းဝန်းမေးမြန်းခဲ့ကြကြောင်းနှင့် အဆိုပါအချက်အလက်များကို ဟီရိုရှီးမားမြို့မှ ရေးသားပေးပို့လိုက်သော `ကိုကျော်ကျော်စိုး`၏ အီးမေးလ်မှ ပြန်လည်ဖော်ပြလိုက်ပါတယ်။

မှတ်တမ်းဓါတ်ပုံများကို framework.latimes.com, ctpost.com, nuclear-news.net, robertobaggio.com, daylife.com, dailymail.co.ukတို့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 Wu'er Kaixi, a former pro-democracy leader at the Tiananmen incident in 1989, left, holds shoulders of Kyaw Kyaw Soe, chirman of League for Democracy in Burma, during Nobel Peace Prize laureates and guests' boat tour at the 11th World Summit of Nobel Peace laureates inHiroshima, Japan, Saturday, Nov. 13, 2010. The release of one of the world's most prominent political prisoners came a week after an election that was swept by the military's proxy political party and decried by Western nations as a sham designed to perpetuate authoritarian control.

 လုပ်ဖော်ကိုင်ဘက်ရောင်းရင်းများခင်ဗျား
 

မြန်မာ့အရေးကိုစိတ်ဝင်စားသောသူတိုင်းက ယနေ့ဆွေးနွေးပွဲတွင် ကျနော့်အား “နောက်ဆုံး သတင်းဘာတွေကြားသိရသလဲ..?”ဟု မေးကြပါသည်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မိန့်ထွက်သွားပြီဖြစ်ကြောင်းနှင့် သူမသည် နေအိမ်မှ ပြင်ပသို့မည်သည့်အချိန်တွင် ထွက်လာမည်နည်းဆိုသည်ကို အတိအကျ ပြောရန်ခက်ခဲလှပါ သည်ဟု ပြန်ဖြေခဲ့ပါသည်။
ယနေ့မနက်တွင် TV Tokyo   နှင့် အမေးအဖြေခန်းတခုကို ပြုလုပ်ခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ညူကလီယားမပြန့်ပွားရေးကိစ္စနှင့်ပတ်သက်သော သဘောထား မည်သို့ရှိသည်ဟု ထင်ပါသနည်း။
သူမလွတ်မြောက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးအခြေအနေမည်သို့ဖြစ်လာမည် ဟုထင်ပါသနည်း။
ဟီရိုရှီးမားအနုမြူဗုံးဒဏ်ခံရသူတွေနဲ့ပတ်သက်တာ၊ ပြီးတော့ ဟီရိုရှီးမားကပြည်သူတွေနဲ့ ဂျပန်အစိုးရရဲ့ ညူကလီယားအရေးနဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုမြင်သလဲ။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးဂျပန်ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ကူညီပံ့ပိုးပေးသင့်သလဲ ဆိုတာ တွေကို မေးပါသည်။
ဒေါ်စုသည် ၁၉၉၅ ခုနှစ်ကတည်းက အရှေ့တောင်အာရှဒေသမှာ ညူကလီယားမပြန့်ပွားရေးဆိုတဲ့ကိစ္စကို စဉ်းစားတွေးတောထားခဲ့တာကို The Voice of Hope စာအုပ်ထဲမှာ Alan Clement က မေးထားတဲ့အပေါ် ပြန်ဖြေတဲ့အချက်ကို ကျနော် ကိုးကားပြီးဖြေခဲ့ပါသည်။

ဒေါ်စုလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခြေလှမ်းစတင်နိုင်တော့မည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်လုပ်ဆောင် ရာတွင် အပြန်အလှန်နားလည်မှုပေးပြီးလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသားအားလုံး လက်တွဲလုပ်ဆောင်ပါက အကျပ်အတည်းတွေကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။

အနုမြူဗုံးဒဏ်ခံရသူ ဟီဘာကုရှာ့ တွေနဲ့ပတ်သက်ပြီး ညူကလီယားအရေးနှင့်ပတ်သက်ပြီး လှုပ်ရှားမှုနယ် ပယ်ကျဉ်းမြောင်းသည် ထိုထက်ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ရန်လိုအပ်သည်ဟု ထင်မြင်ပါကြောင်း ဟီရိုရှီးမားတမြို့တည်းတင်မက ဂျပန်တနိုင်ငံလုံးအထိ ကျယ်ပြန့်သောလှုပ်ရှားမှုပြုနိုင်ရန်လိုအပ်ကြောင်း ထိုမှတဆင့် ဂျပန်အစိုးရကိုယ်တိုင်က ကမ္ဘာနိုင်ငံများသို့ ညူကလီယားကိစ္စကို တိုးချဲ့လုပ်ကိုင်သင့် ကြောင်း ပြောဆိုခဲ့သည်။
ဂျပန်ပြည်သူများအနေဖြင့် မြန်မာ့အရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်သည့်နည်းလမ်းတခုရှိကြောင်း၊ မိမိ တို့ဒေသ၏လွှတ်တော်အမတ်များကို မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက ထိရောက် သောရလဒ်တခုပေါ်ထွက်လာရေးအတွက် တွန်းအားပေး၊ ဖိအားပေးရန်လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင် နိုင်ရန် ဂျပန်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်သောသတင်းအချက်အလက်များ ကို သိရှိရန်များစွာလိုအပ်ကြောင်း၊ ထိုသို့သောသတင်းအချက်အလက်များကို အဲန်ဂျီအိုများ၊ ပြည်သူ့ရေးရာအဖွဲ့များမှ ဦးဆောင်ကာ ဂျပန်ပြည်သူများသိရှိစေရန်လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့ သည်။ သို့မှသာ ဂျပန်အစိုးရသည် မြန်မာ့အရေးတွင် ထိရောက်စွာကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။



မနက်ပိုင်းဆွေးနွေးပွဲ အစတွင် တောင်အာဖရိကသမတဟောင်း ဒီကလပ်က ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရက လွှတ်မိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲများတွင် သမတ ဒီကလပ်က အင်အားသုံးအကြမ်းဖက်မှုများ၊ တောင်အာဖရိကနိုင်ငံတွင်း ညူကလီယားထုတ်လုပ်နိုင်သည့်စွမ်းအားအဆောက်အအုံများ၊ အစီအစဉ်အားလုံးကို လုံးဝဖျက်သိမ်းနိုင်ခဲ့ သည့်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် အသားရောင်ခွဲခြားမှုစနစ်ကျင့်သုံးမှု ကာလအတွင်း အကြမ်းဖက်အင်အားသုံးမှုများကြောင့်ဖြစ်ခဲ့ရသည့် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များကို အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသည် အရေးကြီး သောအချက်ဖြစ်ခဲ့သည်ဟု ဆိုသည်။
ဘုန်းတော်ကြီးဒလိုင်လားမားက အကြမ်းမဖက်လှုပ်ရှားမှုဆိုသည်မှာ အချိန်ကာလကြာရှည်ပေးလုပ်ဆောင် ရကြောင်းဆိုသလို မာရီယာမက်ဂွိုင်ယား က အနုမြူဆိုင်ရာ ညူကလီယားဆိုင်ရာပညာရှင်များက လူအများ သေကြေပျက်စီးစေမည့်လက်နက်မျိုးကို မထုတ်လိုကြောင်း ငြင်းဆန်နိုင်သည့်အခွင့်အရေးရှိ ကြောင်း ပြောဆိုသည်။ ညူကလီယားအရေးလှုပ်ရှားသည့်အဖွဲ့တဖွဲ့၏ကိုယ်စားလှယ်ကလည်း သိပ္ပံပညာ ရှင်များအနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပေးနိုင်သည့်နေရာတွင်ရှိကြောင်း ထောက်ပြခဲ့သည်။

ဂျိုဒီဝီလီယမ်စ် က လူတွေသည် အခြားလူများကို သတ်ဖြတ်ရန် လက်နက်များကိုတီထွင်အသုံးပြုနေကြ ကြောင်းဆိုသည်။
အတိတ်ကအဖြစ်အပျက်များကို မေ့ပျောက်ရန်မသင့်၊ သို့သော် ခွင့်လွှတ်သင့်ကြောင်း၊ လက်ရှိကာလနှင့် အနာဂတ်အရေးကို တွေးတောလုပ်ဆောင်ရန်လိုအပ်ကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ၏သဘော ထားကို ဆွေးနွေးမှုများတွင် သိမြင်ခဲ့ရသည်။

ဂျိုဒီဝီလီယမ်စ်က အင်အားသုံးအကြမ်းဖက်မှုများ၊ ညူကလီယားလက်နက်တီထွင်လုပ်ဆောင်နေမှုများ အပေါ် နှုတ်ဆိတ်နေလျှင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရာရောက်ကြောင်းသူမ၏ အမြင်ကို ထုတ်ဖော် ပြခဲ့သည်။
သမတဒီကလပ်က နိုင်ငံများတွင် ကမ္ဘာပေါ်တွင် လမ်းပေါ်စီးကရက်မလွှင့်ပစ်ရ၊ အမှိုက်မပစ်ရဆိုသည့် စည်းကမ်းများမှ အစ အမိန့်၊ ဥပဒေများကို လူ့အသိုင်းအ၀ိုင်းက လိုက်နာရန် ထုတ်ပြန်ထားသော်လည်း ညူကလီယားလက်နက်နှင့်ပတ်သက်ပြီး အစိုးရများအနေဖြင့် လိုက်နာရမည့်ဥပဒေများမရှိကြောင်း ထောက်ပြသည်။
အီရန်လူမျိုး ရှေ့နေအမျိုးသမီး ရှီရင်အယ်ဘာဒီက မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ ကဲ့သို့သော နိုင်ငံများတွင် ညူကလီယားလက်နက်အတွက်ဒေါ်လာသန်းပေါင်း များစွာအကုန်အကျခံသုံးစွဲနေသော် လည်း ၄င်းတို့နိုင်ငံများတွင် ပြည်သူများအတွက် စားနပ်ရိက္ခာများလုံလောက်စေရန် မထောက်ပံ့ပေးနိုင် ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ အခြားနိုင်ငံများမှတောင်းခံခြင်း၊ ဆင်းရဲချမ်းသာ အလွန်ကွာဟနေခြင်းများရှိနေသည်ဟု ဆိုကာ အဆိုပါနိုင်ငံများကို ဝေဖန်ပြောဆိုသွားခဲ့သည်။
ဒလိုင်လားမား၏ ပြောဆိုချက်များထဲတွင် မှတ်သားစရာကောင်းသောစကားတခွန်းအား မျှဝေပေးလိုပါ သည်။ ထိုစကားသည် နအဖစစ်အာဏာရှင်များအား ဦးတည်ပြောဆိုသည့်အလား ကျနော်အနေဖြင့် ခံစား မိပါသည်။

“ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းအားကို တခြားသူများအားဖျက်ဆီးပစ်ရန်အသုံးမချပါနှင့်၊ ကိုယ်ကိုယ်တိုင် တိုးတက်မှုများရရှိရန် သုံးစွဲပါ…”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီဆိုသောသတင်းထွက်ပေါ်လာသည်နှင့် ကျနော်သည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထိပ်သီးအစည်းအဝေးတာဝန်ခံ ရောမမြို့ဝန်ဟောင်း ဝေါ်လ်တာ ဗီထရိုနီအား ပြောပြခဲ့သလို၊ ဘောလုံးသမား ရောဘတ်တို ဘက်ဂျီယိုအားလည်း ၀မ်းသာစရာ သတင်းကို ပြောပြခဲ့သည်။ ဒေါ်စုလွတ်လာပြီဆိုသည့်သတင်းကြောင့် ကျနော့်အား ၀မ်းသာအားရဖြင့် လာရောက်နှုတ်ဆက်ကြသည်။ ဒေါ်စု၏အရှိန်အ၀ါမည်မျှကြီးမားသည်ဆိုသည်ကို လာရောက်နှုတ်ဆက် သည့်အနေအထားက ကောင်းကောင်းဖော်ပြနေပါသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထိပ်သီးအစည်းအဝေးကို သတင်းလာယူကြသည့် သတင်းမီဒီယာအားလုံး ကျနော့်ကို ပတ်လည်ဝိုင်းနေခဲ့ပြီး ဒေါ်စုလွတ်မြောက်သည့်သတင်းကြားရသည်နှင့် မည်သို့ခံစားရသနည်း ဟု အရင်ဆုံးမေးပါသည်။ နှစ်ကျော်စောင့်မျှော်ခဲ့ရသည့်သတင်းဖြစ်သည့်အတွက် အလွန်ပင်ဝမ်းမြောက် မိကြောင်း ဖြေကြားခဲ့ပါသည်။ ဒေါ်စုလွတ်မြောက်လာသည့်သတင်းကို မြန်မာပြည်သူပြည်သားအားလုံးသာ မက တကမ္ဘာလုံးကပါ ၀မ်းမြောက်ကြိုဆိုကြမည်ဟု ယုံကြည်ကြောင်းဆိုခဲ့ပါသည်။

တချိန်တည်းမှာပင် ကျနော်၏စိတ်အတွင်း ဒေါ်စု၏လှုပ်ရှားမှုများကို စစ်အာဏာရှင်များက ကန့်သတ် ချုပ်ချယ်မှုများထပ်မံလုပ်ဦးမည်လောဆိုသည့် စိုးရိမ်စိတ်များလည်း တချိန်တည်းတွင်ဖြစ်ပေါ်မိခဲ့ကြောင်း သို့သော်လည်း အားလုံးက ၀မ်းမြောက်ဝမ်းသာစွာဖြင့်ကြိုဆိုနေသောအချိန်ကာလတွင် မြန်မာနိုင်ငံ အနာဂတ်အတွက် ဒေါ်စုအပါအ၀င်နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများ၊ စစ်အာဏာပိုင်များ အနေဖြင့် အနာဂတ်မြန်မာနိုင်ငံအရေးကို မျှော်တွေးကာ စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှုလုပ်ရန်လိုအပ် ကြောင်း ကျနော်၏သဘောထားအမြင်ကိုထုတ်ဖော်ပြောဆိုခဲ့သည်။
အားလုံးတွင် စိုးရိမ်စိတ်၊ မလုံခြုံစိတ်များရှိမည်မှာသေချာသော်လည်း ထိုစိတ်များလျော့နည်းပပျောက်စေ ရေးအတွက် အရေးကြီးသောလုပ်ဆောင်ချက်မှာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများဖြင့် အပေးအယူပြုလုပ်နိုင်ရေးပင်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးအတွက်မျှော်မှန်းကာ အဆိုပြုချက် တခုခုကို ပြုလုပ်လိမ့်မည်ဟု ကျနော့်အနေဖြင့် မျှော်မှန်းတွက်ဆမိကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးသည်၊
မည်သို့ပင်ဖြစ်စေကာမူ အခုလိုအခိုက်အခန့်အခါသမယတွင် နိုင်ငံရေးတွင် အရေးကြီးသောနေရာတွင် ရောက်ရှိနေသည့်အင်အားစုအားလုံး(စစ်အာဏာရှင်များအပါအ၀င်) အခွင့်ကောင်းကိုအမိအရဆုပ်ကိုင်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက် စုပေါင်းလက်တွဲလုပ်ကိုင်ရန်လိုအပ်ကြောင်းကိုပါ ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၁၀ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျိုရှောင်ဘိုအတွက်လည်း ကျနော့်အနေဖြင့် မှတ်ချက် ပေးပြောဆိုခဲ့ပါသေးသည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထဲတွင် အကျဉ်းချခံနေရသူ ဦးသာရှိသည့် အနက်တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီဖြစ်ရာ နောက်ထပ်တဦးသာကျန်တော့ သည်၊ ထို့ကြောင့် လျိုရှောင်ဘိုလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် တရုတ် အစိုးရအား အားကောင်းသောတိုက်တွန်းမှုများပြုလုပ်ကြရန်လိုအပ်သည်ဆိုသည့်အချက်ဖြစ်ပါသည်။

ယခု ဟီရိုရှီးမားအစည်းအဝေးတွင် တိဘက်အရေးလှုပ်ရှားသူများနှင့် တိန်အန်မင်မျိုးဆက်(ကျနော်တို့ရဲ့ ရှစ်လေးလုံးမျိုးဆက်ကဲ့သို့ပင်)များနှင့် ရင်းနှီးသည့်အဆက်အသွယ်ရခဲ့ပါသည်။ လျိုရှောင်ဘို၏ကိုယ်စား လှယ်အဖြစ် တိန်အန်မင်မျိုးဆက်တဦးဖြစ်သည့် Wuer Kaixi ၀ါခိုင်ရှီ အပါအ၀င်အခြားသူများနှင့်တွေ့ဆုံခဲ့ ပါသည်။ ၀ါခိုင်ရှီသည် ထိုင်ဝမ်တွင် နေထိုင်လျက်ရှိပြီး လွန်ခဲ့သောနှစ်က တရုတ်ပြည်သို့ ဟောင်ကောင် မှတဆင့်ဝင်ရောက်ရန်ကြိုးပမ်းခဲ့စဉ်က တရုတ်အာဏာပိုင်များက လက်မခံပဲ နှင်ထုတ်ခံခဲ့ရသူတဦးဖြစ် ပါသည်။ 


ဒေါ်စုလွတ်မြောက်လာပြီးနောက် ကျနော်အား သတင်းထောက်များက ၀ိုင်းဝန်းမေးမြန်းခဲ့ပြီး နောက် ကျနော်က ၀ါခိုင်ရှီကို ဖိတ်ကြားခဲ့ရာ ၀ါခိုင်ရှီက ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများ အကြား မည်မျှပင်ဝေးကွာနေစေကာမူ ယုံကြည်ချက်ခံယူချက်များမှာ တသားတည်းဖြစ်ကြောင်းသူက ပြောဆို ပါသည်။ ကျနော်က လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် နိုင်ငံ၊ လူမျိုးခွဲခြားမရသလို နယ်နိမိတ် လည်းမရှိ ကြောင်း လူ့အခွင့်အရေးသည် ပြည်တွင်းရေးမဟုတ် လူတိုင်းဝင်ရောက်စွက်ဖက်လုပ်ကိုင်ရမည် အဘယ် ကြောင့်ဆိုသော် လူ့အခွင့်အရေးဆိုသည်မှာ လူသားအပေါ်အခြေခံသည့်အတွက် လူ့အခွင့်အရေးနှင့် ပတ်သက်လျှင် လူတိုင်းပါဝင်စွက်ဖက်ပြောဆိုလှုပ်ရှားပိုင်ခွင့်ရှိသည်ဟု ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

လေးစားစွာဖြင့်

ကျော်ကျော်စိုး
နိုဝင်ဘာ ၁၃. ၂၀၁၀ ခုနှစ်  

လွတ်မြောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်များ


ဓါတ်ပုံများကို AP, AFP, daylife,BBC, gitty image, jiji press နှင့် အီးမေးလ်မှရရှိသောလင့်များမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Saturday, November 13, 2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။


(ကမ္ဘာစိုးမင်း)

Thursday, November 11, 2010

ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်တောင်းဆိုခြင်း


၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နှင့်(၉ ) ရက် နေ့များတွင် နအဖ စစ်အုပ်စု၏ မတရားစွပ်စွဲချက်များနှင့်အတူပုဒ်မအမျိုးမျိုးတပ်ကာသွားလာမူခက်ခဲသည့်ဒေသအသီးသီးရှိအကျဉ်းထောင်များတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြရသော ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်းဖြစ် သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥကဌ လည်းဖြစ်သူ ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် (၈)ဦး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား များလွတ်မြောက်ရေးအတွက် တောင်းဆိုခြင်းကို ယနေ့ နိုဝင်ဘာလ (၉) ရက်နေ့ တွင် ဂျပန်ရောက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (ဂျပန်) (AUN – JAPAN )၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)(SND-JAPAN ) နှင့်အတူ သျှမ်းပြည်နယ်တိုင်းရင်းသားမျာဒီမိုကရေစီအဖွဲ့ (ဂျပန်) (SSND- JAPAN) တို့၏ပူးပေါင်းဦးဆောင်မှုဖြင့် TOKYO ရှိ SHIBUYA ရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ပြီးခဲ့သည့်စက်တင်ဘာလတွင်အသက် (၆၇)နှစ်ပြည့်ခဲ့ပြီဖြစ်သော ဦးခွန်ထွန်းဦးသည် ချမ်းအေးလှသော မြန်မာနိုင်ငံမြောက်ဖျား ၊ ကချင်ပြည်နယ် ပူတာအိုမြို့တွင် ထောင်ဒဏ် (၉၃)နှစ် ဖြင့် ဆက်လက်ထိန်းသိမ်းခြင်းခံနေရပြီး အခြားသျှမ်းတိုင်းရင်းသားခေါင်းဆောင်များမှာလည်း သွားလာမှုခက်ခဲသည့်ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ထောင်ဒဏ် (၇၅) နှစ်မှ (၁၀၆) နှစ်အထိ ဆက်လက်ချုပ်နှောင်ခြင်းခံနေကြရသည်။
နိုင်ငံရေးအကျဉ်းချထားခြင်းခံနေရသော ရှမ်းပြည်နယ်မှခေါင်းဆောင်အများစုမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်သော ကြောင့် သူတို့၏ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေပါသည်။ ထို့အပြင် ထောင်တွင်းရှိ သူတို့၏ကျန်းမာရေးအခြေအနေ များကိုဆရာဝန်များနှင့် သေချာစစ်ဆေးပြသခွင့်မရသလို အိုင်စီအာရ် စီအပါအဝင် မည်သည့် NGO နှင့် ကျန်းမာရေးအဖွဲ့  အစည်းမှ အကျဉ်းထောင်သို့ သွားရောက်လည်ပတ်ကြည့် ရှု စစ်ဆေးခြင်းမရှိခဲ့ခြင်းတို့ကြောင့် ရောဂါဝေဒနာဒဏ်ကို ထောင်တွင်း တွင် ခံစားနေရမည်မှာ သေချာမလွဲပင် ဖြစ်ပေလိမ့်မည်။
စစ်မှန်သောတရားမျှတခြင်းနှင့် လွတ်လပ်ခြင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အဖိအနှိပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေးတို့အတွက် သံတိုင်ကြားမှ ရဲရဲတောက်တိုက်ပွဲဝင်လျှက်ရှိ သော ဦးခွန်ထွန်းဦး၊ သျှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်း သားများလွတ်မြောက်ရန် အတွက် တောင်းဆိုမှုများကို လစဉ်လတိုင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
နန်းအိမွန်ချစ်

Monday, November 8, 2010

Sunday, November 7, 2010

၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆန္ဒပြပွဲ

(Boycott 6-11-2010)-1 japan



(Boycott 6-11-2010)-2 japan



(Boycott 6-11-2010)-2 japan

Twitter Delicious Facebook Digg Stumbleupon Favorites More