This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, September 23, 2011

ဧရာဝတီအတွက် ပေးဆပ်ရဲသူ တစ်ဦးပေါ်ထွက်

ရန်ကုန်တရုတ်သံရုံးရှေ့ မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့  ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာကောလဟာလ မဟုတ်ဘဲ အမှန်တကယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
     မနေ့ ( ၂၀- ၉- ၂၀၁၁ )၊ နေ့ လည် ၁း ၃၀ နာရီ ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ အမှတ် (၉၄)၊
ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့ မှာ တစ်ကိုယ်တော်
ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
     ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့် ရှိတဲ့ ဆိုင်းဘုတ်ကို
ကိုင်ဆောင်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။
     STOP IRRAWADDY ELECTRONIC PROJECT ဆိုတဲ့ စာနဲ့  မြန်မာလို “ဧရာဝတီလျှပ်စစ်စီမံကိန်းရပ်ဆိုင်း
ပေးပါ” စာသားပါတဲ့ သူ့ ရင်ထဲက ဆန္ဒကို ပွင့်ပွင့်လင်းလင်း ရေးသားပြီး တရုတ်ကုမ္မဏီတစ်ခုရဲ့ ပါဝင်ပက်သက်
နေမှုအပေါ် မကျေမနပ်ဖြစ်ရာက တရုတ်ပြန်ကြားရေးရုံးရှေ့ ကို လာရောက်ပြီး နှစ်နိုင်ငံတာဝန်ရှိသူတို့ အပြင်
မြန်မာပြည်သူတွေ သိရှိရန် ရိုးသားစွာ ဆန္ဒပြခြင်း ဖြစ်ပါတယ်။
     အဆိုပါ တစ်ကိုယ်တော်ဆန္ဒပြသူဟာ အသက် (၄၆) နှစ်ခန့်  ရှိပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့်
ရန်ကုန်မြို့ ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပြန်လည်ရောက်ရှိခဲ့သူပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည်
အဖြစ် ရပ်တည်နေထိုင်လာခဲ့ပြီး အမေရိကန်နိုင်ငံသို့  သွားရောက်ရန် ဗီဇာရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။
အမေရိကန်သို့  သွားရောက်ရေးဟာ အကြောင်းမညီညွတ်မှုများကြောင့် ပျက်ပြားသွားခဲ့ရတယ်လို့  သိရပါတယ်။
     အဆိုပါ ဆန္ဒပြသမား ကိုအောင်သိန်းလှ (ခေါ်) ကိုကျော်ဝင်းဟာ ကွာလာလမ်ပူမြို့ မှ ရန်ကုန်သို့ ပြန်ရောက်
ပြီးနောက်ပိုင်းမှာ တောင်ဥက္ကလာပမှာရှိတဲ့ မိသားစုနဲ့  သိပ်စကားမပြောတော့ဘဲ တစ်စုံတစ်ခုကို အမြဲတွေးတော
စဉ်းစားနေတတ်သူလို့  စုံစမ်းသိရှိရပါတယ်။
     သူ ဆန္ဒပြပြီး မကြာခင် တိုင်းရဲ အနောက်ပိုင်းခရိုင်ရုံးက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှု
များကို ဆောင်ရွက်တဲ့အခါ ကိုအောင်သိန်းလှအနေနဲ့  သူ့ ရဲ့  ကိုယ်ရေးရာဇ၀င်ကိုသာ ထုတ်ဖော်ပြောဆိုပြီး
မြစ်ဆုံစီမံကိန်းရပ်တန့် ဖို့  သူတောင်းဆိုတဲ့ကိစ္စနဲ့ ပက်သက်လို့  ဘာကိုမှ ထုတ်ဖော်မပြောဘဲ ၀စီပိတ် နေတယ်
လို့  သိရပါတယ်။
     ယခုအခါ သူ့ ကို ဘယ်ပုံဘယ်နည်း ဆက်လက်ကိုင်တွယ်ရမယ်ဆိုတာ အထက်အဆင့်ဆင့်ကို တင်ပြ
တာဝန်ခံခိုင်းထားတယ်လို့ သိရပါတယ်။ ကိုအောင်သိန်းလှဟာ မိမိဆန္ဒကို ရိုးသားစွာ ထုတ်ဖော်ဆန္ဒပြသူဖြစ်
ပြီး သူ့ ရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအဖွဲ့ အစည်းများ ပါဝင်ခြင်း ရှိနိုင်ခြေ နည်းပါးတယ်လို့  သိရပါတယ်။
     သူဟာ မြန်မာပြည်မှာ စီးပွားလာရှာတဲ့ တရုတ်နိုင်ငံကုမ္မဏီကြီးတစ်ခုကို မကျေနပ်ကြောင်း ထင်ထင်ရှားရှား
ဆန္ဒပြတဲ့ ပထမဆုံး တစ်ကိုယ်တော်ဆန္ဒပြသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
     ပြည်တွင်းက နိုင်ငံရေးအကဲခတ်များနဲ့  ပြည်ပအခြေစိုက်သတင်းသမားများအပါအ၀င် မြန်မာ့နိုင်ငံရေး
စိတ်ဝင်စားသူများ၊ မြစ်ဆုံစီမံကိန်း ရပ်တန့် စေလိုသူများက ကိုအောင်သိန်းလှရဲ့  တစ်ကိုယ်တော်ဆန္ဒပြမှု
အပေါ် လက်ရှိအစိုးရဘက်က ဘယ်လို ကိုင်တွယ်ဆောင်ရွက်မလဲဆိုတာ အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဒီမိုကရေစီရေး၊ နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေမယ်လို့  ၂၀၀၈ ဖွဲ့ စည်းပုံအရ အာမခံချက်ပေးထားတဲ့
ကြံ့ခိုင်ရေးပါတီအစိုးရအနေနဲ့  ကိုအောင်သိန်းလှကို ပြန်လွှတ်ပေးမလား၊ ဆက်လက်ဖမ်းဆီးထားပြီး ဥပဒေ
တစ်ခုခု အကြောင်းပြပြီး တရားစွဲ ထောင်ချပစ်မလားဆိုတာ မြန်မာပြည်သူအားလုံးက စိတ်ဝင်တစား ရှိနေကြ
ပြီး နေပြည်တော်လွှတ်တော်တွင်းက ဦးဌေးဦး ခေါင်းဆောင်တဲ့ “ဒီမိုကရေစီရေးကော်မတီ” နဲ့  မကြာမီကမှ
ဖွဲ့ စည်းလိုက်တဲ့ အငြိမ်းစားဝန်ထမ်းကြီးများပါဝင်တဲ့ “လူ့ အခွင့်အရေးကော်မရှင်” တို့ ရဲ့  လုပ်ပိုင်ခွင့်နဲ့ 
ဆောင်ရွက်ချက်အလားအလာတွေကို “ကိုအောင်သိန်းလှအရေး”က ကြီးစွာသော စမ်းသပ်စိန်ခေါ်မှုတစ်ခု
ဖြစ်နိုင်တယ်လို့  ဝေဖန်ပြောဆိုနေကြပါတယ်။
     လွန်ခဲ့တဲ့ လပိုင်းများကလည်း ကိုနေမျိုးဝေ အပါအ၀င် လူ ၄ ဦး တို့ ရဲ့  ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ
ဆန္ဒပြလိုကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံ လမ်းညွှန်ချက်တောင်းခံခဲ့မှုရှိခဲ့ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအရ
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ပါရှိသော်ငြား ဥပဒေ၊ နည်းဥပဒေများ နောက်ဆက်တွဲ ထုတ်ပြန်ရန် ရှိသေး၍
ထိုဆန္ဒပြလိုခြင်းကို နောက်ဆုတ်ရွှေ့ ဆိုင်းထားပေးရန် တာဝန်ရှိအာဏာပိုင်များက မေတ္တာရပ်ခံခဲ့ကြောင်း
သိရှိရပါတယ်။
     ဒီမိုကရေစီနိုင်ငံနှင့် ဒီမိုကရေစီစနစ်သို့  ဦးတည်အကောင်အထည်ဖော်ရာမှာ နိုင်ငံသားတစ်ဦးချင်းစီရဲ့ 
ဆန္ဒပြဆို ထုတ်ဖော်နိုင်ခွင့်ဟာ မဖြစ်မနေပေးအပ်ခွင့်ပြုရမယ့် အခြေခံလူ့ အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်
သုံးသပ်ကြပြီး လက်ရှိအုပ်ချုပ်သူအစိုးရအနေနဲ့  မြန်မာနိုင်ငံသားတို့ ရဲ့  လူသားဘ၀အခြေခံရပိုင်ခွင့်တစ်ခုကို
ဥပဒေ၊ နည်းဥပဒေများ ချမှတ်ရေးဆွဲပြီး တုန့် ဆိုင်းဖင့်နှေးခြင်းမရှိ အမြန်ဆုံး ထုတ်ပြန်ဆောင်ရွက်ပေးရန်
အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ဒီမိုကရေစီဘက်တော်သားများမှ တညီတညွတ်တည်း မှတ်ချက်ပေး
ကြကြောင်း သိရှိရပါတယ်။

                                                                                                        အောင်မျိုးထွန်း

Monday, September 19, 2011

ဆိုဒ်ပြုပြင်နေသည်

ဆိုဒ် ပြုပြင်နေသည့်အချိန်အတွင်း အဆင်မပြေမူများ ရှိပါက တောင်းပန်အပ်ပါသည်။

မိုးသောက်ကြယ်စာကြည့်တိုက်

Friday, September 16, 2011

မြန်မာအစိုးရစစ်တပ်မှ စစ်သား (၂၀) တိုက်ပွဲတွင် သေဆုံး


၂၀၁၁ စက်တင်ဘာလ(၁၅) ရက် ကြာသပတေးနေ့ နံနက်၁ဝး၁ဝ နာရီမှ စက်တင်ဘာလ (၁၆) ရက် သောကြာနေ့ မွန်းတည့်ချိန်အထိ သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ် မြစ်ကြီးနားအခြေစိုက် ခလရ(၃ရ) ၊ စခက (၂၁) လက်အောက်ခံ နွမ်လန့်ရွာ အခြေစိုက် ခမရ(၄၃၈) နှင့် ကေအိုင်အေ အထူးတပ်ဖွဲ့နှင့် နမ့်ဆန်ယန် ရွာအနီး နန့်ဘန်(င်) ချောင်းဖျားတွင် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားကြောင်း သိရှိရသည်။ ထိုတိုက်ပွဲတွင် သိန်းစိန်ကြံဖွတ်အစိုးရစစ်တပ်မှ စစ်သား အယောက် (၂ဝ)  ကျဆုံးကြောင်း သိရှိရသည်။

Thursday, September 15, 2011

မြစ်ဆုံရေကာတာနှင့် ပြည်တွင်းက လူငယ်တစ်ယောက်ရဲ့ ခံစားချက်

မနေ့ က နေပြည်တော် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ၀န်ကြီး ၅
ယောက်နဲ့  မီဒီယာများတွေ့ ဆုံပွဲမှာ အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စု
ဝန်ကြီးရဲ့ မြစ်ဆုံရေကာတာစီမံကိန်း “နောက်မဆုတ်ဘူး၊ ဆက်လုပ်မယ်” ဆိုတဲ့ ချဲလင့်
 စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊
ဒေါသတွေ တချောင်းချောင်း ထွက်လာတော့ ရှေ့ မီနောက်မီ 
ပုဂ္ဂိုလ်ကြီးတစ်ယောက်က “စိတ်လျော့ပါ၊ နိုင်ငံရေးသမားဆိုတာ ဒေါသမထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်”လို့  ကျွန်တော့်ကို နားချရှာပါတယ်။ ဒီကိစ္စမှာ “ကျွန်တော်နိုင်ငံရေးသမားမဖြစ်ချင်ဘူး၊ ဖိုက်တာဘဲဖြစ်ချင်တယ်” လို့  လေသံမာမာနဲ့  ဆရာသမားကို ဘုတော ပိတ်လွှတ်လိုက်တယ်။ “မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပက်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက်ပိုပြီးတော့ အတွေ့ အကြုံရှိတဲ့လူ မရှိတော့ဘူး” ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စကားဟာ ငါသိ၊ ငါတတ်၊ ဘယ်သူမှ ဘာမှ မ ဟနဲ့ ၊အားလုံး ရှပ်အောက့်၊ မြစ်ဆုံနဲ့ ပက်သက်လို့  အမြှီးကုတ် နားရွက် မထောင်ကြနဲ့ ဆိုပြီး သန်းခြောက်ဆယ်သောမန်မာပြည်သူတွေကို စိန်ခေါ်လိုက်တယ်လို့  ကျွန်တော်မြင်ပါတယ်။

Sunday, September 11, 2011

ဦးခွန်ထွန်းဦး၏ (၆၈) နှစ်မြောက်မွေးနေ့ ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများ စုပေါင်းကျင်းပ




ယခု ၂၀၁၁ ၊ စက်တင်ဘာလ (၁၁)ရက်နေ့ သည် စစ်မှန်သောတရားမျှတခြင်းနှင့် လွတ်လပ်ခြင်း ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အဖိနှပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့ အတွက် သံတိုင်ကြားမှ ရဲရဲတောက်တိုက်ပွဲဝင်လျက်ရှိသော သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၏(၆၈) နှစ်မြောက်မွေးနေ့ မင်္ဂလာရက်မြတ် ဖြစ်သောကြောင့် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းတိုင်းရင်းသားများ၏ ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံ ၊ တိုကျို ရှိ တိုရှီးမားရပ်ကွက်တွင်ရှိသော SUGAMO အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (IMBO) ဂျပန်ဌာနခွဲရုံးတွင် နေ့လယ် (၁၀) နာရီ မှ (၂)နာရီအထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်


အစိုးရသစ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများတွင် အစိုးရ ဘက်မှ ပလီပလာ၊
ဟန်ပြနှင့် မရိုးသားမှုများ ပါလာပါက မိမိအနေဖြင့် တာဝန်ယူသွားမည်
ဖြစ်ကြောင်း စက်တင်ဘာလ ၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်
ရန်ကုန်ခရော်နီကယ်၏ မေးမြန်းချက်အား ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်
ဖြေကြားခဲ့သည်။

“အန်တီ မှားခဲ့ရင်၊ ကျရှုံးခဲ့ရင် အန်တီတာဝန်ယူမယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုသည်။ လက်ရှိ တိုင်းပြည်အခြေအနေမှာ ပြဿနာများရှိနေ၍ ဝင်ရောက်ကူညီရမည်
ဖြစ်ကြောင်း၊ ယင်းသို့ ဝင်ကူရာ၌လည်း တက်နိုင်သလောက်
ကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတနှင့် နေပြည်တော်တွင်
ပထမအကြိမ်တွေဆုံရာ၌ NLDပါတီ တရားဝင် ရပ်တည်ရေး၊ နိုင်ငံရေး အကျဉ်းသားများ
ပြန်လွတ်လာပါက ဆူပူမှုများ မဖြစ်ပေါ်စေရန်နှင့် တိုင်းရင်းသားများနှင့်
ဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဆွေးနွေးခဲ့ကြောင်း NLD ပါတီ၏
ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်ခေါင်းဆောင်များ တွေ့ဆုံကြပြီးနောက်
သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ပေါ် မလာသေးသဖြင့်
အစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေသလားဟု
သုံးသပ်နေကြချိန်တွင် အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်ချက်
ပေါ်ပေါက်လာသည်။

“တကယ်ပဲ အသုံးချခံရတယ် ဆိုရင်တောင်မှ တိုင်းပြည်အတွက်
အသုံးချခံရတယ်ဆိုရင် မနှစ်မြို့စရာအကြောင်း မရှိပါဘူး။ ယုံကြည်ချက်အတွက်
ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှုနှင့်ပတ်သက်၍
နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် မတူကွဲလွဲချက်များကို
ရှောင်ရှားပြီး တူညီချက်များကို တိုင်းပြည်၏ အကျိုးစီးပွားအတွက်
လက်တွဲလုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း
တွေ့ဆုံမှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရသစ်က ၂၀၁၄ ခုနှစ် အာဆီယံ ခေါ်
အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အလှည့်ကျ ဥက္ကဋ္ဌရာထူး ရလိုသဖြင့်
နိုင်ငံတကာ ဖိအား လျော့နည်းစေရန် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေး
လေ့လာသူတချို့က သုံးသပ်ပြောဆို ကြသည်။


 

Peace Press
( yangonchronicle သတင်းလွှာ “အစိုးရသစ်နှင့် ပူးပေါင်းမှုတွင်
ကျရှုံးပါက ဒေါ်အောင်ဆန်းစုကြည်မှ တာဝန်ယူမည်” မှ ပြန်လည်ဖော်ပြသည်

လေချွန်နတ်နှင့် တွေ့ဆုံခြင်း

ရန်ကုန်-ပြည် ကားလမ်းမပေါ်က ကြို့ပင်ကောက်ဆိုတဲ့မြို့ကလေးကို ဖြတ်သွားမိရင် သူများတွေ ဘာတွေတွေးမိသလဲတော့ မသိဘူး။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အင်မတန် နံမယ်ကြီးတဲ့ လေချွန်နတ်ဆိုတာကို သွားသတိရပါတယ်။ သူက ရှေ့ဖြစ် နောက်ဖြစ် ဗေဒင်ယတြာတွေ ဟောတာမဟုတ်ဘူးဗျ။ ကွယ်လွန်သွားတဲ့လူတွေ တမလွန်မှာ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်မဖြစ်၊ ဘယ်လိုဘ၀မျိုး ကူးပြောင်းသွားတယ် လို့ ဟောနိုင်ပြီး မကျွတ်မလွတ်သေးလို့ရှိရင် အလွမ်းပြေ ချတ်တင်ဝင်လို့ရသတဲ့။ စစ်ကိုင်းပြည်တို့ ရွာဦးမစိန်ကြာတို့လို အရုပ်မမြင်ရပေမယ့် ဂျီးတော်နဲ့ ချက်သလို အသံကလေးတော့ ကြားနိုင်သတဲ့။ သို့သော်ငြားလည်း မြန်မာပြည်ကွန်နက်ရှင်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲလေ။ တရွှီရွှီနဲ့ လေချွန်သံတွေချည့်ပဲ ကြားနေရတာနဲ့ နတ်ကတော်လုပ်တဲ့ ဘွားတော်ကြီးက အင်တာပရက်တာ လုပ်ပေးရပါသတဲ့။ သူ့ခေတ်နဲ့သူ့အခါတုန်းကတော့ အင်မတန်မှန်တယ်တဲ့ဗျား။ ရွှေမန်းတင်မောင် ဘယ်ဘ၀ရောက်နေတယ်တို့ ဘာတို့တောင် အတိအလင်း ဟောနိုင်တယ်လို့ ပြောကြတာပေါ့။ ဗမာပီပိ ဗေဒင်မေး နတ်မေး၊ အတင်းတုပ်၊ အိမ်လည်ဆိုတာ ဘယ်သူမှ မနေနိုင်တဲ့ အမျိုးဆိုတော့ အပျင်းပြေ သွားမေးကြည့်ရင် မကောင်းဘူးလား။ လာ .. လိုက်ခဲ့။
ကျွနင်္ုပ် ။ အမေကြီး။ နေကောင်းလား။ အရင်လို ဟောနိုင်ပြောနိုင်တုန်းပဲလား။



လေချွန်နတ် ။ ကောင်းပ မောင်ရာ။ အရင်လောက်တော့ ဘယ်ဟောရတော့မလဲ။ ခေတ်ကာလသားသမီးတွေက သေသောသူ မကြာခင်မေ့ကုန်ကြလို့ အမေးအမြန်းသိပ်မထူတော့ဘူး။ သေတဲ့သူတွေကလည်း ရှေးကလို မြေကြီးထဲ ရွှေတွေမြှုပ်ပစ်ခဲ့တာမှ မရှိတော့တာ။



ကျွနင်္ုပ် ။ အမေကြီးက သေပြီးသားလူဆို ဘယ်လောက်ကြာကြာ ပြန်ခေါ်မေးးလို့ရတာပဲလားဗျ။



လေချွန်နတ် ။ ဘ၀မကူးသေးရင်တော့ ရတာပကွယ်။ မင်းတို့ ခုနှစ်ရက်သားသမီးတွေတောင် အနော်ရထာလက်ထက်က ဖျဉ်းဘရားသား ခေါ်ခေါ်ပြီး ပါတီပေးပေးနေကြတဲ့ဥစ္စာ။ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့။ ဘာလဲ။ ပညာစမ်းချင်လို့လား။ ငါ .. တယ် …။



ကျွနင်္ုပ် ။ ယုံပါပြီ အမေရယ်။ ယုံပါပြီ။ ခုခေတ်နတ်ကတော်တွေက ကွမ်ရင်မယ်တော်ကြီးတောင် ရအောင်ပင့်နိုင်တာ တွေ့ပါတယ်။ ဒါထက် စကားမစပ်ဗျာ။ သူတို့လို ဘာသာမတူတဲ့ လူမျိုးခြားနတ်တွေ ၀င်လာပြီး ပြောရင်လည်း အမေတို့က နားလည်တာပဲလား။



လေချွန်နတ် ။ တော်ပြောမှပဲ ကျုပ်တို့နတ်ကတော်တွေ ယူအက်ဖ်အယ်လ်ပြေးပြီး စပီကင်တက်ထားရမယ့်ပုံ။ နတ်တို့၏ ဘာသာစကားဆိုတာ မနောကပြောတာကွဲ့။ ထရန်စလိတ်တာ မလိုဘူး။ ချက်ဆို နားခွက်က မီးတောက်တယ်။ ဂွပ်ကနဲ့ဆို ဓါတ်ပြီးသား။ နပ်လွန်လွန်းလို့ နတ်ဖြစ်နေတာပေါ့ သားရယ်။



ကျွနင်္ုပ် ။ ပေါက်ပါပြီ အမေ။ ပေါက်ပါပြီ။ ပညာစမ်းတယ်တော့ မအောင့်မေ့ပါနဲ့။ မေးချင်သိချင်တဲ့စိတ်တွေ များလွန်းလို့ မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်ရှိပါတယ်။ သေတာတော့ နည်းနည်းကြာပါပေါ့။ အမေကြီးရဲ့ စက်တလိုက်ထဲမှာ ဘရောင့်ဇ်လုပ်ပေးပါဦး။ ရှိများရှိရင် မေးလိုက်ချင်ပါရဲ့။



လေချွန်နတ် ။ နံမယ်နဲ့ သေတဲ့ခုနှစ်ကို ပြောလေ။ ဒေတာ အန်းတားမလုပ်ပဲ ငါက ဘယ်လိုရှာရမှာတုန်း။ ဘယ်လိုသူငယ်ပါလိမ့်။ သတင်းစာထဲမှာ ယောက္ခမလွမ်းစာတွေ ထည့်ထည့်နေပုံထောက်ရင် ဘာတွေမေးချင်နေမှန်းမသိ။



ကျွနင်္ုပ် ။ ဟုတ်ပါဘူး အမေကြီးရယ်။ သေတဲ့ခုနှစ်ကလေး ပြန်စဉ်းစားနေလို့ပါ။ မှတ်မိပြီဗျ။ ခရစ်တော်မပေါ်ခင် ဘီစီ ၃၉၉ မှာ ကွယ်လွန်သွားတာ။ နံမယ်ကတော့ ဆော့ခရိတ္တိ လို့ခေါ်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပါတီအတွေးအခေါ် စာအုပ်တွေထဲမတော့ အင်္ဂလိပ် စာလုံးပေါင်းအတိုင်း ဗမာလိုအသံထွက်ပြီး ဆိုကရေးတီး လို့ ခေါ်ကြတယ်။



လေချွန်နတ် ။ သောက်ကျိုးနည်း။ လက်စသတ်တော့ နင်က ငါ့ကို ပညာစမ်းနေတာပေါ့လေ။ ရွှီဘွားတော်ဟဲ့။ သေမှာမကြောက်လို့ ပေတရာလျှောက်နေတာ။ နင့်အကောင် နတ်ဖြစ်နေလို့ကတော့ ခေါ်ပြလိုက်မယ်။ မေးစမ်းတော်။ အမုန်း။ ပြီးရင် နင့်ကိုပါ သူနဲ့ ပြန်ထည့်ပေးလိုက်မယ်။ @#$%..



+++++++++++++



ကျွနင်္ုပ် ။ ဟော … လာပြီ လာပြီ ဒေါ်သက်ရီ။ ဘယ်ရပ်ဘယ်ရွာကလာတဲ့ ဘယ်သူဘယ်ဝါဆိုတာကလေး အင်ထရိုလုပ်တော်မူပါဦးဖျာ့။



ဆော့ခရတ္တိ ။ အောင်မယ်။ ခေါ်တုန်းကခေါ်ပြီး။ အခုမှ မသိချင်ယောင်ဆောင်နေတယ်။ နံမယ်က ဆော့ခရိတ္တိ၊ အိုလံပပ်စ်တောင်တော်။ ခေါမပြည်ကလာတာ ။



ကျွနင်္ုပ် ။ သိပါပြီ ဆရာကြီးရယ်။ လေးစားလွန်းလို့ ပင့်ရဖိတ်ရတာပါ။ အော်မီသော်ဖော်( အမိတဘ) စိတ်မရှိပါနဲ့။ ပညာရှိစကားများ တမလွန်က ကြားရရင်တောင် အမှောင်ခွင်း အလင်းဆောင်နိုင်တယ်ဆိုလို့ပါ။ အမိုက်အမဲလေးတွေကို ဗွေမယူပါနဲ့။ ဆိုကျောင်းလောင် (ဆိုဆရာတော်)။



ဆော့ခရိတ္တိ ။ လေသံတွေ ကြားရတာကတော့ တရုတ်ပြည်ကြီးရဲ့ ပြည်နယ်တစ်ခုကမှတ်တယ်။



ကျွနင်္ုပ် ။ အညာကဆရော် လို့ နှုတ်ဆက်ရင် မြောက်ကိုရီးယားက လို့ မှတ်မှာလား အားပုဂျိရယ်။



ဆော့ခရိတ္တိ ။ အေးကွဲ့။ တောင်ကိုရီးယားစော်ကတော့ နည်းနည်းမှ မနံတာအမှန်။



ကျွနင်္ုပ် ။ လိုရင်းမရောက်ပဲ ချော်တောငေါ့သွားတော့မှာပဲ။ ဆရာကြီး ခင်ဗျား။ ဆရာကြီးကို အေသင်မြို့သူမြို့သားတွေက အဆိပ်ခွက် ကိုယ်တိုင်သောက်စေပြီး ကွပ်မျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ ဘာအမှုနဲ့များပါလိမ့်ခင်ဗျာ။



ဆော့ခရိတ္တိ ။ နတ်ဘုရားများကို ပူဇော်ပသခြင်းမပြုမှု၊ လူငယ်တွေကို ဘုရားတရားမကြည်ညိုအောင်၊ မိဘဆိုဆုံးမရခက်အောင် မြှောက်ထိုးပင့်ကော်လုပ်မှု၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ မိုးအောက်မြေပြင် ဟိုဟာမှန်တယ်။ ဒီဟာမှားတယ်နဲ့ လျှောက်တွေးနေပြီး အဲသလိုတွေးထားတာတွေကို သူများတကာ နားလည်လက်ခံလာအောင် ပလီစိချောက်ချက်တွေ ဟောပြောရေးသားမှု ပါတဲ့ကွယ်။ လိုရင်းကို တစ်ခွန်းတည်း ပြောရရင် ယုံကြည်ချက်ကို မစွန့်လွှတ်နိုင်လို့ အသက်နဲ့လဲခဲ့တာပေါ့ကွ။



ကျွနင်္ုပ် ။ ကိုယ်နဲ့ယုံကြည်ချက်ချင်းမတူတာနဲ့ပဲ၊ ကိုယ့်သြဇာမတည်မြဲမှာ စိုးတာနဲ့ပဲ အပြစ်လို့ သတ်မှတ်ပြီး အဲဒီအပြစ်အတွက် သေဒဏ်စီရင်တယ်ဆိုတော့ အေသင်မြို့သူမြို့သားတွေဟာ တော်တော် ရက်စက်မိုက်မဲကြပုံ ရတယ်နော်။



ဆော့ခရိတ္တိ ။ အဲလို မပြောရဘူးကွ။ ဂျူရီလူကြီးပေါင်း ၅၀၀ က ဆုံးဖြတ်တာ။ အများစုက ဥပဒေနားမလည်တဲ့ အပျော်တမ်းဝါသနာရှင်တွေ၊ လူအိုလူမင်းနဲ့ ဒုက္ခိတတွေလည်းပါတယ်။ အိမ်မှာနေရတာပျင်းလို့ တနေ့ သုံးအိုဘို ရလည်း မနည်းဘူးဆို လာထိုင်နေတဲ့သူတွေလည်း ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အေသင်နိုင်ငံသားစစ်စစ်တွေက စီရင်လိုက်တာဆိုတော့ ခံသာတာပေါ့ကွာ။ မင်းလည်း သိပ်အာချောင်မနေနဲ့။ အေသင်သားတွေ မင်းတို့ဆီ ၀င်စားတာ ဘယ်နှစ်ယောက်ရှိမှန်းမသိဘူး။



ကျွနင်္ုပ် ။ ဟုတ်မယ်။ ဟုတ်မယ်။ ကျွန်တော်တောင် တစ်ယောက်သိသေးတယ်ဗျ။ သူ့နံမယ်က အေသင်ချိုဆွေတဲ့။ ကလေးမလေးက ချစ်စရာလေးပါ။ ဒေါသတော့ ကြီးမယ့်ပုံနော်။ ဒီမှာ တင်းတယ် တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့ …. ဆိုလား။



ဆော့ခရိတ္တိ ။ ၀ါသနာတွေက တားလို့ကို မရဘူး. ပေါ်ပေါ်လာပြီ။ မင့်မှာ ငါ့လို အမှန်တရားအတွက် ယုံကြည်ချက်အတွက် အသက်စွန့်ဝံ့တဲ့သတ္တိလည်း မရှိပဲနဲ့။ မရဲပဲ ကျွဲပြဲ မစီးချင်ပါနဲ့ကွယ်။ မင့်လောက်ကတော့ သေဒဏ်တောင် ပေးစရာမလိုဘူး။ ထောင်ရောက်တန်းရောက်နဲ့တင် ဇီဝိန်ကြွေသွားမှာ။ ဖောင်ကြီးဆန်တောင် မစားနိုင်ပဲနဲ့ ထောင်နှုတ်ခမ်းနင်းဦးမလို့လား။ ရယ်ချင်တယ်။



ကျွနင်္ုပ် ။ ဟုတ် ။ ဟုတ်။ သားသား ကြောက်ကြောက်ပါခင်ဗျ။ (တရုတ်ကလေးတွေခေါ်တဲ့ ကျောက်ကျောက် မဟုတ်ဘူးနော်) ဆရာကြီးကလည်း .. အနော်က ဘာတွေ လုပ်နေလို့တုန်းလို့။ ဟာပဲ .. ဟာပဲ။ ဟာဗျာ … ဟာဗျာ။



ဆော့ခရိတ္တိ ။ ငါတို့ အိုလံပပ်စ်တောင်တော်ကို နင်ရောက်နေတဲ့ အမ်းလို မှတ်နေလား။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် ၂၄ နာရီ။ ဒေါင်းချင်တိုင်းဒေါင်း ကောင်းမှကောင်း ကွန်နက်ရှင်နဲ့။ (နတ်တို့စံရာ တောင်တော်သာပေကိုး) ဖေ့စ်ဘုတ်ထဲ နင်ရေးထားတဲ့ ပေါက်တတ်ကရ အတွေးတွေကို ဟိုလူရှဲ ဒီလူရှဲနဲ့ ဗွက်ပေါက်နေတာ မသိပဲ ရှိပါ့မလား။ သောက်ညင်ကပ်လို့ မိတ်မဖွဲ့ ကွန်မန့်မပေးပဲနေတာ။ ဆွဲစိလိုက်လို့ နှဲမိအနောက်က တန်းစီနေရမယ်။



ကျွနင်္ုပ် ။ ကြောက်ပါတယ် ဆိုနေမှပဲ။ မရှင်းတာကလေးတစ်ခုတော့ မေးစမ်းပါရစေဦးဗျာ။ ဆရာကြီးရဲ့ အဆိုအမိန့်တွေထဲမှာ `ရွှေတွေငွေတွေ၊ ရာထူးဌာနန္တရတွေ ရှိတာ ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမယ့် အဲဒါတွေ ရရှိပိုင်ဆိုင်လာခြင်းဟာ မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်ခြင်း ဆိုတဲ့သဘောမပါရင် ကျက်သရေမင်္ဂလာရှိတဲ့ ကောင်းကျိုးချမ်းသာလို့ မဆို၊နိုင်ပေဘူး´ ဆိုတာကိုဖြင့် ခေတ်နဲ့ မလျှော်ညီတော့ဘူးလားလို့ သံသယဖြစ်မိပါတယ်။



ဆော့ခရိတ္တိ ။ ဒီသူတောင်းစားလေးကတော့ သူ့ဘာသာရိုက်ချင်တာ ငါ့ဆီတုတ်လာငှားနေပြီ။ ဒီအကြောင်းတွေက နင်သိသလို ငါသိသလို လူတကာအသိဟဲ့။ သူတို့ဘာသာလည်းသိပြီးသား။ မသိနားမလည်လို့ မလိမ္မာတခါမိုက်တယ်ထင်ပြီး တရားပြချင်နေတာလား။ သိသိကြီးနဲ့ လုပ်တယ်ကွာ။ ဘာဖြစ်သေးလဲ။ မင်းလိုပဲ သီချင်းဆိုပြလိုက်မယ်။ ` ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်…။ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် …။ ပြီးရော။



ကျွနင်္ုပ် ။ သဘောရိုး အမှန်ပါခင်ဗျာ။ ဆရာကြီးရဲ့ အေသင်မြို့သူမြို့သားတွေအပေါ် နောက်ဆုံးဝေဖန်ချက် `ပညာဥာဏ်နဲ့ အင်အားကြံ့ခိုင်မှုမှာ ကမ္ဘာကျော်ပါလျက် ငွေ၊ ဂုဏ် နဲ့ နံမည်နောက်ကို ကောက်ကောက်ပါနေတာ ရှက်စရာ၊ သစ္စာတရား၊ နားလည်မှုနဲ့ စိတ်ဝိညာဉ်ပြည့်စုံမှုကို မေ့လျော့ထားတာ ရှက်စရာ ´ ဆိုတာကလေးလည်း ရှင်းစမ်းပါဦး ခင်ဗျား။



ဆော့ခရိတ္တိ ။ သူ့အရိုးနဲ့ သူ့ပြန်ထိုးရတယ်ဆိုတဲ့ဗျူဟာအတိုင်း မင်းနားလည်လွယ်အောင် မင်းတို့ဆရာဝန်တွေထဲက ဥပမာနဲ့ပဲ ရှင်းပြမယ်။ သေသေချာချာ နားထောင်။ မင်းတို့ဆရာဝန်တွေဟာ ပညာဥာဏ်တွေ အတတ်ပညာပိုင်းတွေမှာ နိုင်ငံတကာက ဘယ်သူနဲ့ ယှဉ်ယှဉ်၊ မညံ့တဲ့လူတော်ကြီးတွေ တပုံတပင်ရှိတယ်လေ။ သို့သော်ငြားလည်း သားတွေ သမီးတွေ အမေရိကားမှာ စင်္ကာပူမှာ ကျောင်းသွားထားဖို့ ပူတူတူးလေးကို အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားဖို့၊ ဒီလောကမှာ ငါကလွဲရင် ဘယ်သူမှ တတ်တဲ့သူမရှိစေရဘူးလို့ အောင်လံထူနိုင်ဖို့အတွက်နဲ့ ဟစ်ပိုခရိတ္တိကြီးရဲ့ အဆုံးအမတွေနဲ့ မလျှော်ညီစွာ ကျင့်ကြံနေမိလို့ရှိရင် ရှက်စရာမကောင်းပါလား။ ကိုယ့်ဘာသာ စဉ်းစားကြည့်ပြီး သဘောပေါက်ရင် ပါးစပ်ပိတ်၊ တိတ်တိတ်နေတော့။ ငါ့တုန်းကတော့ ဒီစကားတစ်ခွန်းနဲ့တင် အပြစ်ရှိတယ်လို့ ပေးတဲ့မဲ ၂၈၀ ကျော် ရလိုက်ပါသဗျား။ ဝေဖန်ရေးဆိုတာ ကိုယ်ကဝေဖန်ရရင်သာ ကောင်းတာ။ ကိုယ့်ကိုဝေဖန်ခံရရင် ဘယ်သူမှ မကြိုက်ကြဘူးကွဲ့။ မှတ်နော်။ မှတ်နော်။ မှတ်နော်။



ကျွနင်္ုပ် ။ တခါဆို အိုအောင်မှတ်ပါ့မယ်ခင်ဗျာ။ နောက်ဆုံးမေးချင်တာတစ်ခုက ဆရာကြီးရဲ့ နောက်ဆုံးသြ၀ါဒထဲမှာ `ခွဲခွာရမည့်အချိန်ကား နီးလာချေပြီ။ ကိုယ့်လမ်းသို့ ကိုယ်စီ သွားရပေလိမ့်မည်။ ငါမူကား သေလမ်းသို့ သွားတော့အံ့။ သင်တပည့်တို့သည် ရှင်လမ်းသို့ သွားကြကုန်။ ရှင်လမ်း နှင့် သေလမ်း ဘယ်ဟာက သာ၍ကောင်းသည်ဆိုခြင်းကို ဘုရားသခင်တစ်ပါးတည်းသာ သိတော်မူပေလိမ့်မည်။” လို့ ဆိုခဲ့တယ်မဟုတ်လား။ အခုလောက်ဆို ဆရာကြီးဟာ ရှင်လမ်းရော သေလမ်းပါ နှစ်လမ်းလုံး လျှောက်ခဲ့ပြီးပြီမို့ အတွေ့အကြုံကလေးများ အမိန့်ရှိပါဦး ခင်ဗျား။



ဆော့ခရိတ္တိ ။ ဒါကတော့ ဘယ်လိုရှင်နေသလဲ ဘယ်လိုသေသွားသလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ကွာ။ အနှစ်သာရမရှိတဲ့ ရှင်သန်ခြင်း၊ ပြည်သူအသိန်းအသောင်း အသင်္ချေရဲ့ အရိုးပုံပေါ်မှာ ရပ်တည်ရခြင်းဆိုရင်တော့ မင်းတို့ဆီက ဆီးဘန်းနီဆရာတော် ရေးခဲ့တဲ့အတိုင်းနေလိမ့်မယ်။ ထန်းလျက်မြိုလို့ ချိုချင်ရင် လျှာဖျားကသာ ချိုနိုင်တော့မပေါ့ကွာ။ အကုသိုလ်စိတ်က ခြောက်လှန့်လာတဲ့အခါ အခေါဘဏီတပ်ကြီးရံထားပြီး ဘုံခုနှစ်ဆင့်ပေါ်တက်နေလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကန်ကန်တတ်သေးတယ်။ ဒီလိုပဲ သေတဲ့အခါမှာလည်း သန်းခေါင်သန်းလွဲ ကာရာအိုကေမှာ အမုန်းဆွဲပြီး မူးမူးရူးရူးနဲ့အပြန် သူများကို ကားနဲ့တိုက်ရင်းသေသွားတဲ့သူနဲ့ ဦးဝိစာရတို့ ဗိုလ်အောင်ကျော်တို့လို သေခြင်းမျိုးဟာ ဘယ်တန်ဖိုးချင်းတူပါ့မလဲ။ သေပြီးနောက် မျက်မှောက်ပြုရတဲ့ လားရာဂတိချင်းလည်း မတူနိုင်ဘူးဆိုတာ မင်းတို့ ဗုဒ္ဓဘာသာတွေက ပိုသိဖို့ကောင်းတာပေါ့။ တစ်ဘ၀ချမ်းသာကို တစ်သံသရာလုံးဝဋ်ကျွေးနဲ့ လဲယူရတဲ့သူတွေလောက် မိုက်လုံးကြီးတာ ရှိဦးမလား။ အခုဆို ငါသေတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာနီးလာပြီ။ ငါ့နံမယ် မင်းတို့ ကြားဖူးနေသေးတယ်။ မသေခင်မှာ ကလော်တုပ် အပုပ်ချဖို့ကလွဲလို့ နံမည်တောင် စကားထဲထည့်မပြောချင်လောက်အောင် ပြည်သူ့မေတ္တာခံယူနေတာ မမြင်ဖူးလို့လား။ ဦးဇင်းကျော်ဟိန်းလေသံနဲ့ ဆက်ဟောလိုက်မယ်။ သိချင်သေးလို့ .. မေးနေတာလား....။



ကျွနင်္ုပ် ။ ရှင်းပါပြီ ဆရာကြီးရယ်။ ရှင်းပါပြီ။ အကွင်းအကွင်း မုန့်တီဟင်းလိုပါပဲ။ အမိုက်ခံပြီး ဇက်ကောင်းလို့ ဓါးတောင်းနေတာ မဟုတ်ရပါဘူး။ အနေလည်းတတ်၊ အသေလည်းမြတ်အောင် ဝေခွဲတတ်ကြပါစေကြောင်း သပ္ပုရိသအပေါင်းတို့ကို ဆရာကြီးရဲ့ သြ၀ါဒကထာကလေးများ ပြန်လည်ဝေငှလိုခြင်းကြောင့် ကူးတို့ဆိပ်က မှို့အိပ်ဖွင့်လိုက်ရပါတယ်။ လေတင်လေအောက် ကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြကုန်။



လေချွန်နတ် ။ ၀ါး .... ဘာပြောသွားသေးတုန်း။



(ဟိုစဉ်အခါက ကိုရင်တာ၏ စတိုင်သစ်မဂ္ဂဇင်းလာ ဆိုခရိတ္တိ နှင့် နှစ်ပါးသွားခန်းကို ဖတ်အပြီး မနေနိုင်မထိုင်ဖြစ်လာပါသဖြင့် ငွေမြိုင်ကို တုတ်နှင့်ထိုးမိပြန်ပါကြောင်း။)



စိုးမင်း

Saturday, September 10, 2011

ဂန္ထ၀င်ကဗျာ တစ်ပုဒ်အား ခံစားကြည့်မိခြင်း

မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊
အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊
ဇမ္ဗူ့ ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊
ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊
လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊
ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊
ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာန ဝေးသော်ကြောင့်။သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်၊
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း ၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့် ၊
တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊
ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊
ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊
နေ့တိုင်းလွမ်းရှင့်၊ ကင်းစင့်တောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်၊
လေပြည်လာက အေးသော်ကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊
တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊
မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊
ဝန်းကာဝေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါဘဲ၊
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစင်္ကြာလည်း၊ ရောင်ဝါမထွန်း၊
ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊
ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသော်ကြောင့်။
(လက်ဝဲသုန္ဒရ)


“မဲဇာတောင်ခြေ” ရတု က မြန်မာဂန္တ၀င်ကဗျာတွေထဲမှာ လူသိများခဲ့သလို ကျောင်းသုံး စာအုပ်မှာပါ ဖော်ပြခံခဲ့ရတဲ့ ကဗျာပါ။ ဒီကဗျာကို ရေးခဲ့သူက လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံဖြစ်ပြီး အသက် ၄၅ နှစ်အရွယ်မှာ ဘုရင်ကအမြတ်တော်ရှ၍ မဲဇာတောင်သို့ ပို့ခံထားရသည့်အချိန် ကိုယ်စိတ်နှလုံး ဆင်းရဲခြင်းဖြစ်ပြီး “မဲဇာတောင်ခြေ” ရတုကို ရေးသားပြီး ဘုရင်ထံ ဆက်သစေတဲ့အတွက် ရှင်ဘုရင်က ဖတ်မိပြီး အမျက်ပြေခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ခံခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခဲ့တာမို့ ၊ ကဗျာရဲ့ စွမ်းပကားက လူတစ်ယောက်ရဲ့ အသက်ဘေးကိုတောင် ကယ်တင်နိုင်လောက်အောင် စွမ်းပကားကြီးလှပါတယ်။

ရတုရဲ့ နောက်ခံဇတ်ကြောင်းကို လူသိများသလို ရတုရဲ့ ရသအစွမ်းကလည်း စာဖတ်သူကို ရင်ထဲမှာ ၀မ်းနည်းဆွေ့မြေ့ စေရုံသာမက မိမိကိုယ်တိုင် မဲဇာတောင်ခြေကို ရောက်ရှိသွားသလို ခံစားစေနိုင်တယ်။ မြန်မာကဗျာ ဝေဖန်ရေးပညာရှင် ဦးဝင်းဖေ (မြဇင်)က မဲဇာတောင်ခြေ ရတုသည်။ မြန်မာဂန္တ၀င် ကဗျာများအနက် ပုဂ္ဂလိက ခံစားမူကို ထင်ဟပ်သော ရှားပါးသည့် မြန်မာဂန္တ၀င်ကဗျာအဖြစ် မှတ်ချက်ပေးခဲ့ဘူးသလို၊ ဆရာကြီး ဦးသိန်းဟန်ကလည်း “လက်ဝဲသုန္ဒရ၏ စာများအနက် မဲဇာတောင်ခြေရတုသည် အပြောင်မြောက်ဆုံးဖြစ်သည်။ ထိုရတု၏ ကဗျာဂုဏ်ရည်သည် အရောင်အလျံတို့ဖြင့် ဟုန်းဟုန်းထ၍ ရုတ်ခြည်း ငြိမ်းတတ်သော ဆီမီးတန်ဆောင်နှင့် တူလေသည်။ ဤရတုတွင် သနားစရာ၊ ကြည်နူးလွမ်းဆွတ်စရာတို့ကို ပြေပြစ်သာယာသော သဒ္ဒါလင်္ကာရဖြင့် လည်းကောင်း၊ ဆန်းကြယ်သော အတ္တာလင်္ကာရဖြင့်လည်းကောင်း သီကုံးဖွဲ့နွဲ့ထားသည်ဖြစ်ရာ ဖတ်ရှု ကြားနာရသူအပေါင်း၏ စိတ်နှလုံးသည် သိမ်းကြုံးယူငင်ခြင်း ခံရဘိသကဲ့သို့ ပျော့ပြောင်း ညွတ်နူးခြင်း ဖြစ်ရလေသည်” ဟု ဖွင့်ဆိုခဲ့ပါသည်။

ဤထင်ရှားတဲ့ “မဲဇာတောင်ခြေ” ရတုအား သမိုင်းပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ်၊ (ဝေဠု)၊ ဒေါက်တာဦးဘဟန်နှင့် ဦးခင်ဇော်တို့က အင်္ဂလိပ်လို အသီးသီး ဘာသာပြန်ဆိုခဲ့ကြဖူးပြီး အစောဆုံးအင်္ဂလိပ်လို ဘာသာပြန်ခဲ့သူကတော့ သမိုင်းပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ်၊ (ဝေဠု) ဖြစ်ပြီး ၁၉၁၆ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ ၆၊ ၊ အပိုင်း ၁ မှာ ပုံနှိပ်ဖော်ပြခံခဲ့ရပါသည်။ ဒေါက်တာဦးဘဟန်က ၁၉၂၀ခုနှစ် ၀န်းကျင်ကတည်းက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့ပြီး မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ ၁၂၊ ၊ အပိုင်း ၁(ဧပြီလ၊ ၁၉၂၂)တွင် ပုံနှိပ်ဖော်ပြခံခဲ့ရသလို၊ မြန်မာများထဲမှ အင်္ဂလိပ်စာ အရေးအသားထူးချွန်ပြီး ဂီတသုတေသနပညာရှင် ဦးခင်ဇော်က ၁၉၃၅ ခုနှစ်တွင် “မဲဇာတောင်ခြေ” ရတုအား အင်္ဂလိပ်လို ထပ်မံ ဘာသာပြန်ခဲ့ပြီး ၁၉၃၅ ခုနှစ်ထုတ် မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ် အတွဲ ၂၅၊ ၊ အပိုင်း ၃ မှာ ထပ်မံ ပုံနှိပ်ဖော်ပြခံခဲ့ရပါသည်။

ဒေါက်တာဦးဘဟန်က ၁၉၆၄ ခုနှစ်တွင် “သျှင်ဥတ္တမကျော်တောလား၊ လက်ဝဲသုန္ဒရ ရတုများ” (Shin Uttamagyaw's Tawla and Letwethondara's Radus) အမည်ဖြင့် ပထမဦးဆုံး အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ အဲဒီစာအုပ်မှာ ရန်ကုန်သက္ကသိုလ် စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဆရာဇော်ဂျီ)က လက်ဝဲသုန္ဒရ လူနှင့်စာဆို လေ့လာချက်` အဖြစ် မြန်မာလိုရေး၍ ဒေါက်တာဦးဘဟန်က အင်္ဂလိပ်လို ဘာသာပြန်ခဲ့တာပါ။


ကမာနီလာ

ကိုးကားများ။။

မြန်မာရတုပေါင်းချုပ်၊
ခေတ်ဆန်းဂျာနယ်၊ အမှတ်-၅၊ မတ်လ၊၂၀၀၄၊
ကမ္ဘာသိ မြန်မာစာအုပ်များ (မောင်ဇေယျာ)

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်ခြင်း (၁) လပြည့် အမှတ်တရ ကျင်းပမည်။


၁၉၄၇ - ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၌ ပဲခူးတိုင်း ပေါင်းတည်မြို့တွင် အဖ-ဦးညီကွန်း၊ အမိ-ဒေါ်ဟန်တင်တို့မှ မွေးဖွားပြီး မွေးချင်း(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အမည်ရင်းမှာ မောင်သိန်းဇံဖြစ် သည်။
၁၉၅၃ - ၁၉၆၂ - ပေါင်းတည်မြို့ အ့ထ့က(၁)တွင် မူလတန်းမှ အထက်တန်းအထိ ပညာသင်ယူခဲ့။ ၁၉၆၂-ခုနှစ်တွင် အထက်တန်းစာမေးပွဲကို ပဲခူးတိုင်းတစ်တိုင်းလုံး၌ ပထမအဆင့်ဖြင့် အောင်မြင်ခဲ့။
၁၉၆၃ - ''သိန်းဇံ'' ဟူသောကလောင်အမည်ဖြင့် စာပေနယ်သို့ဝင်ခဲ့သည်။ ပထမဦးဆုံးဆောင်းပါးအနေဖြင့် ''မှတ်ဥာဏ်နှင့် အတွေးအခေါ်'' (၁၉၆၃-နိုဝင်ဘာ-တွဲ-၁၁၊ အမှတ်-၄-သင့်ဘ၀)ကို စတင်ရေးခဲ့။ နောက်ပိုင်း သိန်းဇံ အမည်တူရှိသဖြင့် ''နန္ဒသိန်းဇံ''အမည်သို့ ပြောင်းလဲရေးသားခဲ့။
၁၉၆၃ - ၆၆ - ဒဿနိကဗေဒ ၀ိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။၁၉၆၇ - ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာနထုတ် ဒဿနမဂ္ဂဇင်းနှင့်ရတနာမွန်အပါအ၀င် အခြားစာနယ် ဇင်းအမျိုးပေါင်း(၄)ခုတွင် ဘာသာရေး၊ လူမှုရေးဒဿနနှင့်ဆိုင်သော ဆောင်းပါးများကို ရေးသားခဲ့။
၁၉၆၇ - ၆၈ - ဒဿနိကဗေဒ-မဟာဝိဇ္ဇာတန်းကို ရန်ကုန်တက္ကသိုလ်မှ အောင်မြင်ခဲ့။
၁၉၆၉ - ပထမဆုံးလုံးချင်းစာအုပ်မှာ မဟာဝိဇ္ဇာဘွဲ့ယူစဉ်က တင်သွင်းခဲ့သော ကျမ်းတစ်စောင်ဖြစ်သည့် ''ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ'' ဖြစ်သည်။
၁၉၇၀ - မေလ(၂၆)ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်ဒဿနိကဗေဒဌာန၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်။
၁၉၇၀ - ၇၂ - (၂၄ရက် သြဂုတ် ၁၉၇၀မှ ၆ရက် စက်တင်ဘာ ၁၉၇၂အထိ) မော်လမြိုင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်းခဲ့။
၁၉၇၇၂ - ၇၉ - (၇ ရက် စက်တင်ဘာ ၁၉၇၂မှ ၁၄ရက် ဖေဖော်ဝါရီ ၁၉၇၉ အထိ) ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ်အမှုထမ်းခဲ့။
၁၉၇၉ - (၁၉ရက် သြဂုတ် ၁၉၇၈)ရက်နေ့ လုပ်သားများကောလိပ်ဒဿနိကဗေဒအသင်း ''ဘ၀ခရီးအတွက် အတွေးအမြင်များ'' ဟောပြောချက်မှ စာအုပ်အဖြစ်ထုတ်ဝေသော ''ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း'' စာအုပ်သည် ထင်ရှား လူကြိုက်များ။
၁၉၇၉ - ၈၀ - (၁၅ရက် ဖေဖော်ဝါရီ ၁၉၇၉မှ ၇ရက် ဖေဖော်ဝါရီ ၁၉၈၀ထိ) ထားဝယ်ကောလိပ်ဌာနမှုး။
၁၉၈၀ - သြဂုတ် (၂)ရက်မှ အောက်တိုဘာ(၁၀)ရက်ထိ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာ။
၁၉၈၀ - ၈၆ - (၁၁ရက် အောက်တိုဘာ ၁၉၈၀မှ ၂ရက် ဧပြီ ၁၉၈၆ထိ) ရန်ကုန်တက္ကသိုလ်တွင် လက်ထောက် ကထိက။
၁၉၈၆ - ၈၈ - (၃ရက် ဧပြီ ၁၉၈၆မှ ၂၅ရက်ဇွန် ၁၉၈၈ထိ) ပုသိမ်ဒီဂရီကောလိပ်တွင် ကထိကဌာနမှုး။
၁၉၈၈ - ၉၆ - (၂၆ရက် ဇွန် ၁၉၈၈မှ ၃၁ရက် ဇန်န၀ါရီ ၁၉၉၆ထိ) ရန်ကုန်တက္ကသိုလ်တွင် ကထိကအဖြစ် အမှုထမ်း။
၁၉၉၆ - ၁၉၉၇ - (၁ရက် ဖေဖေါ်ဝါရီ ၁၉၉၆မှ ၁၆ရက် ဇူလိုင် ၁၉၉၇ထိ) မော်လမြိုင်တက္ကသိုလ်တွင် ကထိက အဖြစ် အမှုထမ်း။
၁၉၉၇ - ၂၀၀၃ - (၂၃ရက် ဇူလိုင် ၁၉၉၇မှ ၁ရက်ဇူလိုင် ၂၀၀၃ထိ) ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် တွဲဖက်ပါမောက္ခ။ (၁၈ရက် ဧပြီ ၂၀၀၃)မှစ၍ ပါမောက္ခအဖြစ်အမှုထမ်း။
၁၉၉၈ - ဒီဇင်ဘာလတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဌာန၌ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင် ရင်း ထေရ၀ါဒဗုဒ္ဓဘာသာ-ပထမနှစ်ကို ယုတ္တိဗေဒ၊ အိန္ဒိယဒဿနနှင့်ဗုဒ္ဓဘာသာ-သာသနာပြန့်ပွားရေးနှင့် ဆိုင်သော သာသနာပြုရေးဘာသာရပ်များ၊ မဟာဝိဇ္ဇာ-ပထမနှစ်တွင် တရုတ်ဒဿန၊ မဟာယာနဗုဒ္ဓဘာသာ၏ စွပ်စွဲချက်များကို ထေရ၀ါဒဗုဒ္ဓဘာသာမှပြန်လည်ချေပချက်များနှင့်စိန်ခေါ်မှုကိုတုန့်ပြန်သော ဘာသာရပ်များ မဟာဝိဇ္ဇာ-ဒုတိယနှစ်တွင် မျက်မှောက်အနောက်တိုင်းဒဿန အဓိကအကြောင်းရပ်များဖြစ်သော ဒဿနပြဿနာ ထေရ၀ါဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စာတမ်းများ စသည့်ပညာရပ်များကို ယခုတိုင် အချိန်ပိုင်းကြီးကြပ်သင်ကြား ရင်းတာဝန်ထမ်းဆောင်လျက်ရှိ။
၂၀၀၄ - ဧပြီ(၁)ရက်နေ့တွင် နိုင်ငံတော်မှ မဟာသဒ္ဓမဇောတိကဓဇဘွဲ့ ချီးမြှင့်ခြင်းခံရ။
၂၀၀၅ - ဒီဇင်ဘာ(၂၆)ရက်မှစ၍ ရန်ကုန်တက္ကသိုလ် ဒဿနိကဌာနတွင် ပါမောက္ခ၊ ဌာနမှုးအဖြစ် တာဝန်ထမ်း ဆောင်ရင်း မဟာဝိဇ္ဇာပထမနှစ်နှင့် ဒုတိယနှစ်များကို ဂျပန်နှင့်တရုတ်ဒဿနဘာသာရပ်။ မဟာဝိဇ္ဇာနောက်ဆုံး နှစ်ကို မြန်မာ့အတွေးအခေါ်နှင့် မူရင်းကျမ်းများနှင့်ဆိုင်သော ပညာရပ်များ။ ပါရဂူဘွဲ့ကြိုသင်တန်းကို Philosophy of Culture တွင်ပါဝင်သော Art and Culture ပညာရပ်များ။ ပါရဂူတန်းအတွက် ရေးသားပြုစုသော Dissertation များကို ကြာသပတေးနေ့တိုင်း ကြီးကြပ်လမ်းညွှန် သင်ကြားပေးခဲ့သည် ကွယ်လွန်ချိန်အထိ စာနယ်ဇင်းများတွင် ပါ ၀င်ရေးသားခဲ့ပြီး (၁၄-၈-၂၀၁၁) ညနေပိုင်းက ရန်ကုန်မြို့မှာ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီဖြစ်သည်။




''ရေးသားထုတ်ဝေခဲ့ပြီးစာအုပ်များ''
၁။ဘ၀အဓိပ္ပာယ်နှင့်ဘ၀သစ္စာ
၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်းသဘာဝ
၎။အတွေးအခေါ်တို့ လွင့်မျောခြင်းနှင့် လူ၏ဆောက်တည်ရာ
၅။စီးပွားရေးနှင့် စစ်ရေးဗျူဟာ
၆။ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း
၇။မှန်သောစကားကိုဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ
၈။မြန်မာ့ယဉ်ကျေးမှု သင်္ကေတ''ကြာ''
၉။ဖြေဆည်ရာ
၁၀။ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ
၁၁။နက္ခတ်ဗေဒင်နှင့်မြန်မာ့အတွေးအမြင်အစဉ်အလာ
၁၂။မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
၁၃။အသွင်သဏ္ဍာန်တို့ နောက်ကွယ်၌
၁၄။အရိမဒ္ဒ္ဒနမှ တွေးမြင်ရနံတို့ ဝေ့ပျံနေဆဲ
၁၅။မနက်ဖြန်များကို ဖြတ်သန်းနေသောစိတ်ကူးများ
၁၆။တွေးချိန်ချင့်စရာ
၁၇။Through Life}s Perils
၁၈။ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ

ကိုကား www.myanmarbookshop.com/ နှင့် google

Sunday, September 4, 2011

လွှတ်တော်မှာ.. ဒီလို ဒီလို...

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပ၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆိုပြုဆွေးနွေးခြင်း ဥပဒေကြမ်းအတည်ပြုခြင်း တင်သွင်းခြင်းများပြုလုပ် ယနေ့ နံနက် ၁၀ နာရီက လေပြည်တော် ပြည်သူ့လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခမ်းမ၌ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပရာ ဥက္ကဋ္ဌ ဦးရွှေပန်းနှင့် လွှတ်တော် အမတ်များ စုံညီစွာ တက်ရောက်သည်။  

အစည်းအဝေးတွင် ဇေယျာငပိ မဲဆန္ဒနယ်မှ ဦးလောက်ကောင်က… မိမိတို့ဒေသတွင် ကွမ်းယာများ၌ ထုံးပိုထည့်လေ့ရှိသည်ကို မိမိ စနစ်တကျ ကွင်းဆင်းလေ့လာခဲ့သဖြင့် သိရှိခဲ့ရကြောင်း၊ ကွမ်းယာတွင် ထုံးပိုထည့်သဖြင့် မလိုအပ်ပဲ ထုံးအလေအလွင့် ရှိနေခြင်းအပေါ် မည်သို့ ဆောင်ရွက်သင့်ပါသနည်းဟူသောမေးမြန်းချက်ကို တိုင်းရင်းဆေးဝန်ကြီးဌာန၀န်ကြီးက ထုံးပိုစားသဖြင့် ထုံးဓါတ်များပြီး အရိုးအဆစ် ခိုင်မာစေသဖြင့် ယခုအတိုင်း မသိကျိုးကျွံပြုသင့်ကြောင်းပြန်လည်တင်ပြပြီး အားလုံးတညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ ဖုံထူသိရိ မဲဆန္ဒနယ်မှ ဦးဝက်ကြီးက.. မြန်မာနိုင်ငံတွင် အလေးချိန်ဝင် စနစ်၍ အစိတ်သား ငါးဆယ်သား တပိသာဟု သုံးနှုန်းကြောင်း၊ သို့သော် အဆိပ်သားဆိုသည်မှာ မစားသင့်သော အစားဖြစ်သဖြင့် ခေတ်နှင့်မလျော်ညီတော့ပါသဖြင့် ပြုပြင်သင့်ကြောင်း တင်ပြဆွေးနွေးရာ နည်းပညာဝန်ကြီးမှ အစိတ်သားအစား ၂၅ ကျပ်သားဟု ခေါ်ရန်သင့်ကြောင်း ပြန်လည်ဆွေးနွေးရာ. .အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှမ်းလုံးကြိုင်က.. ၂၅ကျပ်သားဆိုသည်မှာ သားဆိုသည့်စကားပါဝင်သဖြင့် အမျိုးသားများကို ဦးစားပေးရာ အခွင့်အရေးပိုယူရာရောက်နေကြောင်း၊ သို့ဖြစ်၍ ၂၅ကျပ်သားအစား ၂၅ ကျပ်သမီး ဟု ခေါ်ဝေါ်သင့်ကြောင်း ထပ်မံဆွေးနွေးရာ မဲခွဲဆုံးဖြတ်ခဲ့ရာ ၂၅ ကျပ်သမီး ဟူသောအခေါ်အဝေါ်ကို သုံးနှုန်းသင့်ကြောင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီး အတည်ပြုခဲ့ကြောင်း၊ 

ဆက်လက်၍ လဒသီရိ မဲဆန္ဒနယ်မှ ဒေါ်ကွက်ကျော်က ..မိမိတို့ ဒေသတွင် ငါးဝယ်တိုင်း အလေးခိုးမှုရှိနေကြောင်း၊ လူထုအတွင်း မရိုးမသားမှုကို ထင်ရှားစေသဖြင့် ငါးအလေးခိုးသူ ငါးစိမ်းသည်များအား အရေးယူသင့်ကြောင်းအဆိုကို တင်သွင်းအား တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။ ၀ါးယောက္ခမ မဲဆန္ဒနယ်မှ ဦးကျော်ကွန့်က .. မိမိတို့ဒေသတွင် ကလေးများကစားရာ၌ “၀ါဆိုဝါခေါင်ရေတွေကြီးလို့.. သပြေသီးမှည့်ကောက်စို့ကွယ်”ဟု သီဆိုကစားလေ့ရှိကြောင်း၊ ထို့ကြောင့် စာဆိုအတိုင်း ၀ါဆိုဝါခေါင်တွင် ရေကြီးနေကြောင်း၊ ၄င်းကိစ္စကို မည်သို့ဆောင်ရွက်သင့်ပါသနည်းဟု မေးမြန်းရာ ပညာရေးဝန်ကြီးက.. ရေကြီးသည့်ကိစ္စမှာ မိမိနှင့် မဆိုင်ကြောင်း၊ ဆည်မြောင်းဌာနမှ ဖြေရှင်းသင့်ကြောင်း ဘောလီဘောပုတ် လိုက်သဖြင့် လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးက ၄င်းကိစ္စမှာ မိမိအနေဖြင့် ဖြေရှင်းရန် မတတ်နိုင် ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ငမူးရွှေပြည် မဲဆန္ဒနယ်မှ ဦးဘီယာက အရက်ချက်ခွင့်လိုင်စင်များနှင့်စပ်လျဉ်းပြီး အရက်လိုင်စင်များအား တတိုင်းတပြည်လုံး အတိုင်းအတာဖြင့် များများ ချပေးစေလိုကြောင်း၊ ပြည်တွင်းတွင် ဖေါဖေါသီသီ သောက်နိုင် ရုံမက ပိုလျှံလျှင် ပြည်ပသို့ တင်သွင်းနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ပါကြောင်း ဗလုံးပထွေးဖြင့် တင်ပြဆွေးနွေးရာ လွှတ်တော်ဥက္ကဋ္ဌမှ တချက်လွှတ် အတည်ပြု ခဲ့ကြောင်း၊ ထို့နောက် ရန်းဖြီးမဲဆန္ဒနယ်မှ ဦးရွှေအာက.. ယနေ့တွင် မိမိ၏ ဇနီးမှ ကလေးမွေးဖွားကြောင်း၊ ထိုကလေးကို မည်သို့နာမည်ပေး သင့်ပါသနည်းဟု တင်ပြဆွေးနွေးရာ “ခင်လွှတ်တော်” “ဒသမလွှတ်တော်” “လွှတ်လွှတ်အာ”စသဖြင့် အမည်အမျိုးမျိုးပေးကြသော်လည်း အတည်မပြုနိုင်သဖြင့် နောက်တနေ့ညီလာခံတွင် ဆက်လက်ဆွေးနွေးရန် လွှတ်တော်ဥက္ကဋ္ဌမှ သတ်မှတ်လိုက်သည်။ 

ထို့နောက် လွှတ်တော်မဲဆန္ဒနယ်အသီးသီးမှ ရပ်ကွက်အတွင်း မဆင်မခြင် ရေစည်လှည်းတွန်းသဖြင့် လမ်းဘေးခွေးတကောင် ပေါင်ကျိုးသွားသည့်ကိစ္စ၊ တောက်တဲ့စီးပွားဖြစ်မွေးမြူရေးလုပ်ဆောင်သင့်သည့်ကိစ္စ၊ မယားငယ် ၂လုံးထီပေါက်သည့်ငွေကို မယားကြီးနှင့် ဆိုင်၊ မဆိုင်ကိစ္စ၊ အပျိုကြီးများ ယောင်္ကျားမယူမနေရဥပဒေပြဌာန်းသင့်ခြင်းကိစ္စ၊ ပဲပြုတ်နှင့် တွဲဖက်စားသုံးလျှင် အရသာရှိသည့် “နံပြား”မှာ မနံပဲ မွှေးသဖြင့် “နံပြား”ဟု မခေါ်ပဲ “မွှေးပြား”ဟု ခေါ်သင့်ကြောင်း ကိစ္စ စသဖြင့် တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်ကိုဦး ၄.၉.၁၁

Thursday, September 1, 2011

ကြွက်ထောင်ချောက်(ဖေမြင့်)

တစ်ခါတုန်းက….
ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟ,နေတဲ့နေရာအကြားကနေ  ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာတွေ့ရတယ်။ အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊ လားလား..စားစရာမုန့်မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။ အဲ..စကားအဖြစ် ပြောတာ၊ တကယ်တုတ်မဟုတ်ဘူး။ ပြီးတော့ တုတ်ဆိုတာက သူသူ ငါငါ အရိုက်ခံရနိုင်တဲ့ပစ္စည်း။ အခုဟာက သတ္တ၀ါအများနဲ့ မဆိုင်၊ သူတစ်ဦးတည်းကိုရည်ရွယ်တာ၊ သူ့ကိုအသေဆော်ဖို့ ရည်ရွယ်ချက်နှင့် မြို့က၀ယ်လာတဲ့ “ကြွက်ထောင်ချောက်”။

          မြင်တာနဲ့တင် ကြွက်ထောင်ချောက်မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို သူ့စိတ်ကကြား လိုက်မိတယ်။ သံကိုင်းတံနဲ့ ခွေးသွားစိပ်ကြားမှာ ညပ်ပြီးသေနေမယ့် သူ့ရုပ်ပုံကိုလည်း မြင်ယောင်ပြီး ကြက်သီးမွှေးညင်းထသွားတယ်။ ဒုက္ခပဲ၊ ဒီလူတွေ ရက်ရက်စက်စက်လုပ်တော့မယ်။ အားလုံးကိုသတိပေးထားမှပဲဆိုပြီး ကြွက်က ခြံထဲလျှောက်ပြေးပြီး အော်တယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရောက်နေပြီ၊ အားလုံး သတိထားကြ၊ အိမ်ထဲမှာ ကြွက်ထောင်ချောက်ရောက်နေပြီ။
 
          အဲဒီလိုအော်ရင်း ကြက်မနားရောက်တော့ ပါစပ်ကတကွပ်ကွပ်မြည်ရင်း ဖုန်ထဲသဲထဲမှာ စားစရာယက်ပြီးရှာနေတဲ့ ကြက်မက၊ “ဒီလောက်တောင် အော်မနေနဲ့ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာမှန်ပါတယ်။ ဒါပေမယ့် ကျွန်မနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားရမှာလဲ” လို့ ဆိုတယ်။
          ကြွက်က ၀က်ခြံနားသွားပြီ ၀က်ကိုပြောပြန်တော့ ၀က်က- “ငါမင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးရွှေကြွက်ရာ၊ ဒါပေမယ့်ဒီကစ္စက ငါတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ အလွန်ဆုံးဘုရားမှာ ဆုတောင်းရုံလောက်ပဲတတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက်ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်တယ်။

          ခြံထဲမှာ နွားတစ်ကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောပြန်တယ်။ နွားကျတော့ သူ့ကို ဟားတောင် ဟားလွှတ်သေးတယ်။  “ဟ ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တာရာယ်ပဲ၊ ခြေမညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

      ကြွက် အတော်ခံရခက်ပြီး ပြန်လှည့်လာတယ်။ သူက အိမ်ထဲမှာနေတဲ့သူ၊အိမ်ဆီပဲ ပြန်ရမယ်။ ထောင်ချက်ကိစ္စ ဘယ်သူကမှ တွေးမပူ၊ သူတို့အရေးလို့ မယူဆ၊ ကိုယ်တစ်ယောက်တည်း ပူနေတာ ဆိုတော့ ကိုယ်ပဲသတိထားရမယ်။ တကယ်တော့ နာမည်ကိုနှိုက်ကလည်း ကြွက်ထောင်ချောက် မဟုတ်လား။ အဲဒီထောင်ချောက်မှာတပ်ထားမယ့် အနံ့ကလည်းမွှေး၊ အရသာလည်းရှိပြီး ကြွက်မှန်သမျှ သွားရည်တများများကျစေမယ့်အစာကို အနားသားလေးတောင်ဖဲ့ မစားမိအောင် ဝေးဝေးကရှောင်ရမယ်။ ပြေးရင်းလွှားရင်း မတော်တဆတိုက်မိ တယ်ဆိုတာမျိုးမဖြစ်အောင်လည်း အထူးသတိပြုမယ်။ အဲသလိုတွေ ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး အိမ်ထဲကို သတိဝီရိယ ကြီးစွာနဲ့ ပြန်ဝင်လာခဲ့တယ်။

          အဲဒီည သန်းကောင်ယံမှာပဲ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာပေါက်ထွက်လာပြီး ကတည်းက သတ္တ၀ါတွေ အားလုံး လန့်နိုးကြတယ်။ “ဖိုးရွှေကြွက်တစ်ကောင်တော့ သွားရှာပေါ့” လို့ ၀က်က ဆိုတော့ ကြက်မက “စိတ်မ ကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်လိမ့်မယ် မထင်လို့” မနက်က သူမစာမနာပြောလိုက်မိတာ ပြန်တွေးပြီး အာနာနေတယ်။

          နွားကြီးကတော့ “စောစောသေ တော့လည်း ကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ”တဲ့။ ကိုယ်သေတာ မဟုတ်တော့ သူကပေါ့ပေါ့ဆဆ ပြောတယ်။ အမှန်တော့ ကြွက်လည်း သေသွားတာတော့ မဟုတ်ဘူး။ ထောင်ချောက်မိတာ သူမှမဟုတ်တာ။ ဂျိုင်းခနဲ မြည်သံကြာတော့ သူလည်း သူကိုယ်တိုင် မိသလောက် လန့်သွားတာ။ နောက်တော့ မှ ငါမဟုတ်ဘူး။ ဘယ်သူများပါလိမ့်ဆိုပြီး ထချောင်းကြည့်တော့ မြွေတစ်ကောင်။

          မြွေက ကြွက်ထောင်ချောက် ဆိုတာ ဘာလုပ်တတ်မှန်းမသိတော့ ကြွက်စာအနံ့မွှေးမွှေးကို သူ့အစာ အောက်မေ့ပြီးသွားခဲတာ။ မောင်းတံရိုက်တဲ့အချိန် ဘယ်လိုဘယ်လို လုပ်လိုက်မှန်းမသိ၊ ခေါင်းပိုင်းကို မထိဘဲ အမြီးပိုင်းက ညှပ်နေတယ်။

          ကြွက်က တုန်တုန်ယင်ယင်နဲ့ ကြည့်နေတုန်း မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မထွက်လာတာမြင်ရတယ်။ မိန်းမက အိပ်ချင်မူးတူးနဲ့ ကြွက်ထောင်ချောက်ကိုသွားဆွဲတဲ့အခါ မြွေကလှမ်းပေါက်လိုက်တယ်။ အဲဒီအခါ အလန့်တကြား ထအော်တော့ လယ်သမားပြေးလိုက်တာတယ်။ မီးအိမ်ပိုလင်းအောင် မီးစာမြှင့်ကြည့်လိုက်တော့ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့ မြွေကိုမြင်ပြီး နီးရာတုတ်တစ်ချောင်းနဲ့ လက်မြန်ခြေမြန် ကောက်ရိုက်လိုက်တာ ပွဲချင်းပြီးသေသွားတယ်။

          အဲဒီမြွေက အတော်အဆိပ်ပြင်းတဲ့မြွေမျိုး ဖြစ်နေတယ်။ လယ်သမား အတော်ခေါင်းနားပန်းကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေလှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန် သွားပင့်ပေးဖို့ အကူညီတောင်းတယ်။ မနက်မလင်းခင် ဆရာဝန် ရောက်လာပြီး သူ့ရှိသမျှ ဆေးဝါးနဲ့ကုသပြီး ပြန်သွားတယ်။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး
ညည်းနေတယ်။ တစ်နေလုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင်ဖြစ်နေတယ်။ အဲဒါနဲ့ အစာမ၀င်ရင် ကိုယ်ခံအားနည်းမယ်။ အဲဒါဆိုရင် မြွေဆိပ်ဒဏ်ပိုမခံနိုင် ဖြစ်မယ်ဆိုပြီး အားရှိသွားအောင် ကြက်စွပ်ပြုတ် ကျွေးပါလို့ ၀ိုင်းဝန်းအကြံပေးကြတော့ လယ်သမားက သူမွေးထားတဲ့ တစ်ကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ်လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေလည်း ဆက်ပြီး လာကြည့် ပါတယ်။ ဒါပေမယ့် လူနာက မသက်သာဘူး။ အဆိပ်က အတော်ပြင်းတာကိုး။

          လယ်သမားမယား မြွေကိုက်ခံရတဲ့ အကြောင်း ကြားရတော့ ဆွေမျိုးမိတ်သင်္ဂဟတွေ လူမမာသတင်း လာမေးကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်းမပြန်နိုင်ကြဘူး။ တစ်ညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာအခြေအနေမကောင်းတော့ သားချင်းတချို့လည်း အနီးကပ်ပြုစုလို့ရအောင် ဆိုပြီး အိမ်မပြန်ကြတော့ဘူး။

          အဲဒီတော့ အိမ်ရှင် လယ်သမားမှာ ဧည်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ အဲဒီအတွက် ၀ယ်ဖို့ခြမ်းဖို့ လိုပြန်တာပေါ့။ ဒီအတွက် ၀ယ်ဖို့ ခြမ်းဖို့ရော၊ ဆရာဝန်ပေးဖို့ပါ ငွေကြေးက လိုနေတာ ဆိုတော့ အိမ်မှာရှိတဲ့ဝက်ကိုသတ်ပြီး အိမ်မှာစားဖို့အသားတချို့ယူ၊ ကျန်တာကို ရွာထဲလျှောက် ရောင်းခိုင်းလိုက်ရတယ်။

          ဆရာဝန်ရော အရပ်ကပါ ၀ိုင်းပြီးပြုစု စောင့်ရှောက်ကြပေမယ့် လယ်သမားမယားဟာ ပြန်နာလန်ထူမလာဘူး။ မြွေကိုက်တဲ့ ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။

          အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတစ်ကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။

          ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအခြင်းအရာတွေကို မျက်ဝါးထင်ထင်မြင်လိုက်ရတဲ့ကြွက်ဟာ အကြီးအကျယ်  ထိတ်လန့်အံ့သြသလို၊ ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစား မရနိုင်အောင်ဖြစ်နေတယ်။

          ဘာပဲဖြစ်ဖြစ် သူတစ်ယောက်တည်းကြောက်နေတုန်းက ကိုယ်နှင့်မဆိုင်သလိုနေခဲ့ကြတဲ့ ကြက်၊ ၀က်၊ နွား အပါအ၀င် သတ္တ၀ါ ၅ ဦးအသက်ဆုံးရုံးသွားပြီးတဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်ပိုပြီး အကြောက်ကြီးကြောက်သွားခဲ့တယ်။



ဆရာဖေမြင့်

ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် ၅၆

၁၈- သြဂုတ်လ -၂၀၁၁

Twitter Delicious Facebook Digg Stumbleupon Favorites More