This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Tuesday, October 12, 2010
ချောင်းကြည့်သူရဲ့ အမှား (ကိုကြီးပေါ်)အမှတ်-၂၆
Monday, August 16, 2010
ချောင်းကြည့်သူရဲ့ အမှား-အမှတ် ၂၅(ကိုကြီးပေါ်)
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ မိုးဥတုဟာ အရေးပါတဲ့ ကာလတခု ဖြစ်လေ့ရှိပါတယ်။ ဆန်စပါးကို အဓိက အားထားရတဲ့ ရွှေပြည်တော် ဖြစ်တာမို့ မိုးအခါမှာ လယ်ယာလုပ်ငန်းကို အားစိုက်ခွန်စိုက် လုပ်ကြရလေ့ ရှိပါတယ်။ မိုးမှာ စိုက်မှ ဆောင်းမှာ ရိတ်နိုင်မှာ မဟုတ်လား။ မိုးလွန်မှ ထွန်ချလို့ မရဘူးလေ။အဲသည့် မိုးအခါမှာပဲ မြန်မာ့နိုင်ငံရေး မုန်တိုင်းတွေ ထန်ခဲ့လေသပေါ့။ ရွေးကောက်ပွဲ နှစ်ပတ်လည်, ဒေါ်စုမွေးနေ့, ဆဲဗင်းဇူလိုင်, အာဇာနည်နေ့, ရှစ်လေးလုံး, စက်တင်ဘာ ၁၈, ရွှေဝါရောင် စတာတွေ စီကာစဉ်ကာပါပဲ။ ဒီလို နိုင်ငံရေး မုန်တိုင်းထန်ချိန်မျိုးမှာ နိုင်ငံအုပ်ချုပ်တဲ့ ဗိုလ်ချုပ်မင်းကြီးများကတော့ ရွှေပြည်တော်ကြီး တိုးတက် သာယာ ဖွံ့ဖြိုး ကြီးထွား ပေါက်ပြဲ နေပုံများကို တိုင်းခန်းလှည့်လည် ကြည့်ရှုတော်မူတတ်ပါတယ်။
ဒီနှစ်မှာတော့ ကြပ်ပြေးလိုဏ်ခေါင်းများကို အစိုးရတော်မူသော ဗိုလ်ချုပ်မင်းကြီးက မဇ္စျိမဒေသသို့ တိုင်းခန်းလှည့်လည်တော် မူတယ်ခင်ဗျ။ ကိုကြီးပေါ်လည်း တရုတ်-၀ုခုန်းရဲ့ မဇ္ဈိမခရီးနဲ့ ရွှေ-၀ုခန်းရဲ့ မဇ္စျိမခရီး ဘယ်လိုနေသလဲလို့ ချောင်းကြည့်လိုက်မိတယ် ခင်ဗျ။
ဆင်ဖြူယောင် ဂါတဲ့အခါ
ရွှေပြည်တော် အနောက်ဖက်က ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ ကုလားပြည်ဟာ ဗိုလ်ချုပ်မင်းကြီးများနဲ့ နှစ်ပြည့်တပြည် ပလူးပလဲ လုပ်နေတာ နှစ်အတော်ကြာပါပြီ။ အရင်တုန်းကတော့ ဒီမမိုရင် ကရေ မစီဘူး ရယ်လို့ ခတ်တင်းတင်း နေခဲ့လေသပေါ့။ ဒါပေမယ့် ဗိုလ်မင်းများကို အရှေ့ဖက် တရုတ်ကြီးက “ပေါက်ဖော်” လုပ်တော့ အနောက်ဖက် ကုလားကြီးကလည်း “ဆွေမျိုး” လုပ်လာရတာပါပဲ။ အဲ… ကြားထဲက နအဖကို တရုတ်နဲ့ ကုလားက တယောက်တဖက် ဆွဲနေကြပေမယ့် သူတို့ချင်းတော့ လက်ချင်းတိုက်ရိုက် ဆွဲမဆွဲ မသေချာဘူး ခင်ဗျ။
အခု ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ကို ဒုတိယမ္ပိ ကြွတော်မူတာကို “ချစ်ကြည်ရေး”လို့ ခေါင်းတပ်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေါင်းတပ်တပ်ပါလေ နောက်ဆုံးတော့ ဆွေမျိုး-ပေါက်ဖော် ပြဇာတ်ကကြတာပဲ ဆိုတာ အားလုံး သိပြီးသားရယ်ပါ။ ဒီခရီးမှာ သဘောတူ စာချုပ်တွေ, နားလည်မှု စာချွန်လွှာတွေ တထပ်ကြီး လက်မှတ် ရေးထိုးကြပါတယ်။ တရုတ်ဖက်က ကြိုးတချောင်း တင်းရင် ကုလားဖက်ကလည်း ကြိုးတရစ် တင်းရပေမပေါ့။
ဒီခရီးမှာ နိုင်ငံရေးအရ ဘာညာဘာညာ ဆိုတာတွေထက် အများသူငါ စိတ်ဝင်စားတာကတော့ “ငွေရောင်ပ၀ါ” ဖက်ရှင်နဲ့ “ဂန္ဒီဂျီးဗိမာန်”ကို ဂါရ၀ါပြုတာပါပဲ။
ဗုဒ္ဓဂါယာမှာ ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကတော်တို့ ဘုရားဖူးကြတဲ့အခါမှာ ငွေရောင်ပ၀ါ လည်မှာ စုံချထားတဲ့ ဖက်ရှင်အသစ်ကို တွေ့လိုက်ရပါတယ်။ အင်း… ဘုရားဖူးတဲ့အခါ ပခုံးပေါ်မှာ တင်တဲ့ အ၀တ်ဆိုတော့ တဘက် ခေါ်ရမလားပဲ။ သို့သော် တဘက်ဆိုရင် ပခုံးတဖက်တည်းမှာ တင်ချင်တင် ဒါမှမဟုတ် ညာချိုင်းအောက်ကနေ ဘယ်ပခုံးထက်ကို ရစ်သိုင်းပြီး လက်ကတော့ထိုးရင်ထိုး ဒီလို လုပ်ကြလေ့ ရှိတယ် မဟုတ်လား။ ခုနှယ် လည်ပင်းမှာ ဘယ်ညာစုံချထားတော့ ပ၀ါလား မာဖလာလား တဘက်လား ဘယ်လို ခေါ်ရမယ် မသိ။ ထားပါတော့။ ဒီဇိုင်း အသစ်လို့ပဲ ဆိုကြပါစို့။
အဲသည် ဒီဇိုင်းအသစ် ဖျတ်ခနဲ ပေါ်လာတာနဲ့ ဗိုလ်ချုပ်မင်းကြီးကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ရွှေပြည်တော်သားတွေက လှစ်ခနဲ မြင်ပြီးသားပဲ။ မြင်လျှင်မြင်ချင်းပဲ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဆက်တိုက် ပေါ်လာတာပါပဲ။ ဒါ ယတြာချေတာ…။ ငွေရောင်ဆိုတာ ဘာလဲ…။ ဘာလို့ လည်မှာ စုံချတာလဲ…။ လဲ လဲ လဲ … အောက်မလေး ဖွင့်ဆိုချက်တွေ မေးခွန်းတွေ တသီကြီးကို ထွက်လာတော့တာပါပဲ။ ကိုကြီးပေါ်တောင် မူးနောက်သွားတယ်။
ဟိုလိုဒီလို ပြောကြတာတွေကို ကိုကြီးပေါ် ပြန်ပြောမနေတော့ပါဘူး။ သိချင်ရင် ရှာသာဖတ်ကြည့် လက်တို့မေးကြည့် ကြပါတော့။ မိုးသောက်ကြယ် ပရိသတ်ကိုတော့ သို့လောသို့လောတွေ အတွေးပွား မနေရအောင်လို့ ကိုကြီးပေါ်က တခါတည်း ပြောလိုက်ပါ့မယ်။ မှတ်ထားလိုက်ကြပေတော့။
တကယ်က ဗိုလ်ချုပ်မင်းကြီး မောင်နှံ ငွေရောင်ပ၀ါ လည်မှာ စုံချတာဟာ “ငါတို့ ဆင်ဖြူသခင်” ဖြစ်ပြီလို့ သင်္ကေတနည်းနဲ့ ဖော်ပြလိုက်တာပါပဲ။ ဆက်စပ်ကြည့်လေ။ မကြာသေးခင်က ဆင်ဖြူရတယ်လို့ ကြေညာတယ် မဟုတ်လား။ ဆင်ဖြူသခင် ဖြစ်ကြောင်း ကြွားဖို့ရာ ကြံနေတုန်းမှာ ကုလားပြည် သွားဖို့ကိစ္စ ပေါ်လာတယ်လေ။ ကုလားပြည်ဆိုတာလည်း ဆင်ဖြူရောဂါ ကိုယ်တွင်းပါ နိုင်ငံပဲ မဟုတ်လား။ ဒီကုလားတွေကိုတော့ ငါဟာ ဆင်ဖြူသခင်ပဲဟေ့လို့ ပြောမှဖြစ်မှာပေါ့။
အင်း… ခက်တာက ဆင်ဖြူရကြောင်း ပေါ်တင်ကြီး ပြောရမှာလည်း နည်းနည်း ခက်သလေ။ ဒီတော့ သင်္ကေတနည်းနဲ့ ပြမှပဲဆိုပြီး ငွေရောင်ပ၀ါကို လည်မှာ စုံချလိုက်တာပေါ့။ ငွေရောင်ဆိုတော့ ကြည့်လိုက်ရင် ဆင်စွယ်နှစ်ဖက်လို ထင်ရတာပေါ့။ ဘုရားကန်တော့တဲ့အခါ ခေါင်းလေးအငုံ့ ပ၀ါနှစ်ဖက် ဖျတ်ခနဲအမ ဆိုရင် ဆင်တကောင်အလား တသားတည်းပေါ့။
အဲသလို ဗိုလ်ချုပ်မင်းကြီးက ဆင်ဖြူရှင်ဖြစ်ကြောင်း သင်္ကေတ ပြလိုက်တာကို ဟို ကုလားတွေကလည်း ရိပ်မိတယ် ခင်ဗျ။ သြ… ဒင်းက ဆင်ဖြူရှင်ဆိုပြီး ငါတို့ကို လာကျောတာပေါ့လေ၊ ဒါမျိုးတော့ ဘယ်ရမလဲ၊ ဒီကောင့်ကို ပြန်ဦးနှိမ်မှလို့ ကုလားကလည်း ပြန်တွက်တာပေါ့။ ဒီမှာတင် မဟတ္တမ ဂန္ဒီဂျီးဗိမာန်ကို ဂါရ၀ ပြုဖို့ စီစဉ်လိုက်တော့တာပါပဲ။
.jpg)
ဂန္ဒီ ဆိုတာက လက်နက်မကိုင်တဲ့ ငြိမ်းချမ်းရေးသမား။ နအဖ စစ်ဗိုလ်ချုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဗိုလ်ချုပ်မင်းကြီးကလည်း လက်နက်မဲ့ ငြိမ်းချမ်းရေးသမားကို အထင်ကြီး လေးစားတာ မဟုတ်ပါဘူး။ သိပ်တော့ သွားချင်တာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဂန္ဒီဂျီးကို “ဂါ”လိုက်ရင် “ခွင်”တည့်မယ် ဆိုတာနဲ့ သွား ဂါတာပါ။
ရွှေပြည်တော်မှာ ဘာလုပ်ချင်သလဲ၊ သက်ဆိုင်တဲ့ “အဘ”ကို “ဂါ”လိုက်၊ အားလုံး အိုကေ။ အဘ ဆိုတာက စစ်ဗိုလ်ချုပ်ကြီးများကို ဆိုလိုတာ။ ဂါတယ် ဆိုတာက ဂါရ၀ ရဲ့ အတိုကောက်။ “ကျနော် အဘကို ဂါရ၀ ပြုချင်လို့ပါ” ဆိုပြီး အဘကတော် ဆီမှာ အထုပ်လိုက်, အချောင်းလိုက်, အတံလိုက်, အပွင့်လိုက် ဂါရတယ်တဲ့။ အမလေး ကိုကြီးပေါ်ကို မဟုတ်တယုတ်တွေ ရေးတယ်လို့ ချော်မတွေးနဲ့နော်။ အထုပ်လိုက် ဆိုတာ ပိုက်ဆံ၊ အချောင်းလိုက် ဆိုတာ ရွှေ၊ အတံလိုက် ဆိုတာ ကားသော့ အိမ်သော့၊ အပွင့်လိုက် ဆိုတာ စိန် ကိုပြောတာပါ။
ကုလားပွဲစားက ဂန္ဒီဂျီးကို ဂါလိုက်ပါလို့ တိုက်တွန်းတာနဲ့ သွားဂါကြတာ။ သူတို့က ရွှေပြည်တော်မှာလိုပဲ ခွင်တည့်ချင်ရင် အရင် ဂါရမယ် အမှတ်နဲ့ သွားဂါတာ။ သူ့အတွေးနဲ့သူ အိုကေ။ အဟဲ… ကုလားကလည်း သူ့အကြောင်းနဲ့ သူပါပဲ။ ဂန္ဒီဂျီးက ပွဲကြီးလမ်းကြီးတွေဆိုရင် ဆင်စီးပြီး သွားလေ့ ရှိတယ်လေ။ ဒီအချက်ကိုတော့ ဂိမ်းဆော့ဖို့နဲ့ ကွမ်းဝါးဖို့လောက်ပဲ ၀ါသနာပါတဲ့ ဗိုလ်ချုပ်မင်းကြီးတို့ ဘယ်သိပါ့မလဲ။ သူ့နားက လူတွေလည်း မသိပါဘူး။ ဂန္ဒီဆိုတဲ့ နာမည်တောင် ကြားဖူးတာမှ မဟုတ်တာ။ ဒီတော့ ဆင်ဖြူယောင် ဖန်ဆင်းပြတဲ့ ဗိုလ်ချုပ်မင်းကြီးကို ဆင်စီးတဲ့ ဂန္ဒီရှေ့မှာ ဦးညွှတ်ခိုင်းလိုက်တာက ကုလားရဲ့ တန်ပြန် ယတြာပါတဲ့ ခင်ဗျား။
ပြီးတော့မှ ဂန္ဒီက သူ့မြေး လူမမယ်လေးအတွက် ရေးပေးခဲ့တဲ့ ဆုံးမစာကို ဗိုလ်ချုပ်မင်းကြီး ဆင်မောင်နှံကို လက်ဆောင်ပေးတယ်တဲ့။ ရွှေပြည်တော်ကြီးမှာ သွားလေရာ လမ်းညွှန်, ရောက်လေရာ သြ၀ါဒပေး, ရွှေပြည်သားတွေ စည်းကမ်းရှိဖို့ နေ့စဉ် ဆုံးမနေတော်မူတဲ့ အပူဇော်ခံ အကန်တော့ခံ ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ရောက်မှ ၀ဋ်လည်တော့တာပါလား။ ဆုံးမစာ လက်ခံခဲ့ရသတဲ့။ သြ… မလိမ်မိုး မလိမ်မာ လေးတွေမို့ ကုလားက ဆုံးမယ်တယ် ထင်ပါရဲ့။ အဲ… ဆုံးမစာက လူမမယ် မြေးအရွယ် အတွက်ရေးခဲ့တာ ဆိုတော့… ကောင်လေးနဲ့ ကောင်မလေး မင်းတို့ ကလေးပဲ ရှိသေးတယ်လို့များ ဆိုချင်လေသလား။ကဲ… ကိုကြီးပေါ် ချောင်းကြည့်လိုက်တာ အမှားတွေ တသီချည်းပါပဲလား။ ဒီတခေါက် ကုလားရဲ့ လုပ်နည်းကားက တွေးစရာလေးတွေ ချန်ထားခဲ့လေတော့ နောက်တခါ တရုတ်ပြည်ကို သွားတဲ့အခါ ဆင်မောင်နှံ အဖို့ ဆွန်ယက်ဆင်တို့ မော်စီဒုံးတို့ရဲ့ ဆုံးမစာကလေးတွေများ လက်ဆောင် ရလိမ့်ဦးမလား ထင်မိပါရဲ့။
ကိုကြီးပေါ်
Monday, July 5, 2010
ချောင်းကြည့်သူရဲ့ အမှား (အမှတ်-၂၄)ကိုကြီးပေါ်
နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။ တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။ နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။ကိုကြီးပေါ် တယောက် ရာသီဥတုကို စာရင်းလိုက်ကောက် နေရတာက အကြောင်းရှိပါတယ်။ ရွှေပြည်တော်ကြီးမှာ “စား ၀တ် နေ” ဆိုတဲ့ အရေးသုံးပါးအနက် နေရေးကိစ္စမှာ နေ့စဉ်နဲ့အမျှ ရာသီဥတုနဲ့ စီးချင်းထိုး နေရတာကြောင့်မို့ပါ။ ကိုကြီးပေါ်တို့ရဲ့ ရွှေပြည်တော်ကြီး ဆိုတာက အင်မတိအင်မတန် သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်တဲ့ ပြည်တော်ကြီး မဟုတ်လား။ လူကဖန်တီးထားတဲ့ အရာတွေကို လုံးဝ ဆန့်ကျင်တယ်လေ။ လျှပ်စစ်မီး မသုံးဘူး။ လောင်စာစွမ်းအင် မသုံးဘူး။ သဘာဝ အလင်းရောင်နဲ့ နေတယ်။ သဘာဝကပေးတဲ့ စွမ်းအင်နဲ့ပဲ နေတယ်။ သဘာဝတရားကို အဲသလောက် ချစ်မြတ်နိုးစွာ အမြော်အမြင် ကြီးစွာ ထိမ်းသိမ်းထားတာကလား။
ဒီလို သဘာဝအတိုင်း နေထိုင်သူတွေ ဆိုတော့ သဘာဝ ရာသီဥတုနဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရနေတာကိုက ဒုလ္လဘတရားပါပဲ။ ပူမယ်ဆို ပူလိုက်၊ အေးမယ်ဆို အေးလိုက်၊ လေတိုက်ချင် တိုက်ပစ်လိုက်၊ ရေကြီးချင် ကြီးပစ်လိုက်။ ရွှေပြည်တော်မှာ သဘာဝ ရာသီဥတုက လွတ်လပ်ခွင့် အပြည့်နဲ့ သောင်းကျန်းသမျှကို ရွှေပြည်တော်သားတွေက မေတ္တာမပျက် ခံယူလျက်ပါ။ ဒါတင်မက မိုးရွာလို့ ရေကြီးတာကို မြို့ထဲနေသူတွေ မခံစားလိုက်ရမှာ စိုးလို့ မြို့လယ်ခေါင်မှာကို ရေကြီးအောင် လုပ်ပေးထားတာ။ ရွှေပြည်တော်ကြီးရဲ့ ခေတ်ရှေ့ပြေးမှုကို ဘယ်သူတွေ လိုက်မီလိမ့်မလဲ။
အဲ… ခက်နေတာက ရွှေပြည်တော်မှာ ဖြစ်ပျက်သမျှကို လူတွေက အမီလိုက်နိုင်ပေမယ့် တိရစ္ဆာန်တွေက အမီမလိုက်နိုင်ရှာတော့ ခမျာတို့မှာ ကပ်ဘေးတွေနဲ့ ကြုံနေရရှာရဲ့…။
ကြွက်ရယ်, ဆင်ရယ်, လိုဏ်ခေါင်းရယ်

ဇွန်လကုန်ပိုင်းမှာ ထူးထူးခြားခြား ကြားလိုက်ရတဲ့ သတင်းက ကြတ်ပြေးနေပြည်တော်က ကြွက်တွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းနေကြတယ် ဆိုတာပါပဲ။
ကြွက်ဆိုတာ မြေအောင်းသတ္တ၀ါ။ နေရာ အနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အကောင်ရေ ထောင်သောင်းချီပြီး သွားလာနေတယ် ဆိုရင်တော့ ဒါ ပုံမှန် မဟုတ်တော့ဘူးပေါ့။ သဘာဝကို မှီခိုနေရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ နေထိုင်မှုဟာ ဗီဇတုံ့ပြန်မှုကြောင့် အဓိက ဖြစ်လာရပါသတဲ့။ သဘာဝက တခုခု အပြောင်းအလဲ ဖြစ်လာရင် သူတို့လည်း အပြောင်းအလဲ ဖြစ်လာတယ် ဆိုတဲ့ သဘောပေါ့။ တချို့ ကိစ္စတွေမှာ သဘာဝက ပြောင်းလဲလာတော့မယ့် အခြေအနေနဲ့ လိုက်လျောအောင် တိရစ္ဆာန်တွေကလည်း ကြိုတင်ပြီး ပြောင်းလဲလာတတ်တယ်တဲ့။ ဒါကို တိရစ္ဆာန်တွေက ကြိုသိနေတယ်လို့ အလွယ် ပြောကြတာပေါ့။
ဆူနာမီတုန်းက အာချေးက တံငါရွာတရွာဟာ ရေလှိုင်းဒဏ်က လွတ်ခဲ့သတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပုရွတ်ဆိတ်တွေ ကုန်းပေါ် ရွှေ့ပြောင်းတက်လာတာကို တွေ့တော့ သူတို့ ဘိုးဘွားတွေ အစဉ်အလာ မှတ်သားခဲ့တဲ့ စကားကို အမှတ်ရပြီး ရေလှိုင်းကြီးတွေ လာတော့မယ် ဆိုတာကို ကြိုသိနေသတဲ့။ ဒါကြောင့် ကုန်းပေါ်ကို အချိန်မီ ရွှေ့နေခဲ့နိုင်လို့ တရွာလုံး ဆူနာမီဒဏ်က လွတ်ခဲ့ပါသတဲ့။
ကဲ… ကြွက်တွေကတော့ ရွှေ့ကုန်ပြီ။ လူတွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြမလဲ။ ကိုကြီးပေါ်တော့ ဒီကိစ္စမျိုး သိပ်မသိလို့ သိပ်မပြောတတ်ပါဘူး။ ဟို မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေကို မေးကြည့်ရင် ကောင်းမယ် ထင်တာပဲ။ အတိုက်အခံ တွေကတော့ ကြွက်ပြေးတာ နအဖကြောင့်လို့ပဲ ကောက်ချက်ချမယ် ထင်ပ။ အဝေးရောက် ၀န်ကြီးတွေကတော့ ဒီကိစ္စကို နိုင်ငံတကာမိသားစုက ကြည့်မနေဖို့ တိုက်တွန်း သွားပါ့မယ်လို့ အင်တာဗျူးလုပ်ရင် ဖြေကြမယ် ထင်ပါရဲ့။ အချို့ကတော့ ကြွက်ကယ်ဆယ်ရေး ရန်ပုံငွေတွေ ဘာတွေများ ထူထောင်မယ်လား မသိ။
ဘိုးတော်တွေ ဗေဒင်ဆရာတွေကိုတော့ မမေးရဲဘူး ခင်ဗျ။ သူတို့ရဲ့ အတိတ်နိမိတ် ကောက်ယူပုံတွေကို ကိုကြီးပေါ် လုံးဝ နားမလည်လို့ပါ။ ဘိုးတော်နဲ့ ဗေဒင်ဆရာတွေ တော်ချက်က ဖြစ်ပြီးတာတွေ အကုန်မှန်ပြီး မဖြစ်သေးတာတွေ အကုန်မှားတာပါပဲ။ “ဒီမိုကရေစီရေးဆိုင်ရာ ဟောချက် အလွဲများ” ဆိုပြီး စာအုပ်ထုတ်ရင်တော့ တော်တော်ထူမယ့် သဘောရှိတယ်။ တမြန်နှစ်က ဒေါ်အောင်ဆန်းစုကြည် သီတင်းကျွတ်ရင် လွတ်ကိုလွတ်ရမယ်၊ မှားရင် အသေခံမယ်ဆိုပြီး “ပညာကျော်” ဆိုတဲ့ အမည်ဝှက်နဲ့ ခေတ်ပြိုင်မှာ ဟောတဲ့ ဗေဒင်ဆရာလည်း ဘယ်ဘုံဘယ်ဘ၀ ရောက်လေပြီ မသိ။ ကိုကြီးပေါ်ဖြင့် အမျှကလေးတောင် မဝေလိုက်ရပါဘူး။ ကျွတ်..ကျွတ်..။
ကိုကြီးပေါ် ထင်တာ ပြောရရင်တော့ ငတ်လို့ ပြေးတယ် ထင်တာပါပဲ။ ငတ်တယ်ဆိုတာက မူလနေရာမှာ စားစရာ ရှားလာလို့ရယ်၊ အခြားနေရာမှာ စားစရာ ပေါတာကြောင့်ရယ် နေရာသစ်ကို ရွှေ့တဲ့သဘောပေါ့။
ဝါးပွင့်ရင် ကြွက်အုပ်ကျတတ်တယ်လို့ ဆိုစမှတ် ရှိတယ်။ ၀ါးဆိုတာ ပွင့်ခဲတယ်။ ၀ါးပွင့်ကို ကြွက်က အလွန်ကြိုက်တယ်။ ဒါကြောင့် ၀ါပွင့်ရာကို ကြွက်တွေအုပ်လိုက် ရောက်လာ, ၀ါးပွင့် သာမက အခြား သီးနှံတွေကိုပါ စားသောက်ပစ်တော့ အဲဒီ အရပ်မှာ စားစရာ ရှားပါး ငတ်ပြတ် ဖြစ်ရတယ်လို့ မှတ်သားရပါတယ်။ မနှစ်ကတုန်းက ချင်းပြည်နယ်မှာ ၀ါးတွေပွင့် ကြွက်အုပ်တွေ ကျလို့ စိုက်ခင်းတွေ ပျက်စီးပြီး အစားအစာ ရှားပါးခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။
စာတွေပေတွေထဲမှာလည်း ကြွက်အုပ်တွေကျလို့ မြို့ရွာတွေ ပျက်စီးရတယ် ဆိုတာမျိုး ဖတ်မှတ်ရဖူးပါတယ်။ ဒီတော့ ကြွက်အုပ်ကျရင် သေချာတာက အဲသည် ကြွက်တွေက ငတ်နေတဲ့ ကောင်တွေ ဖြစ်မယ်။ တွေ့ကရာ အကုန်စားမယ်။ သူတို့နဲ့အတူ ရောဂါပိုးမွှားတွေ ပါလာမယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုဟာ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်ပြီး ပျက်စီးမယ်။ ဒီလို ယူဆနိုင်မယ် ထင်ပါတယ်။
ဟိုးတချိန်တုန်းက အလယ်ရိုးမဆိုတာ ၀ါး အင်မတန်ပေါတဲ့ တောကြီးပေါ့။ ကြွက်တွေရဲ့ တာဝတိံသာလို့ ဆိုရမှာပေါ့။ ပျဉ်းမနား ကြွက်ကြော်ဆိုတာလည်း နာမည်ကြီးရဲ့။ ဒီ အလယ်ပိုင်းဒေသမှာ ပလိပ်ရောဂါ ဖြစ်လို့ သေကြေခဲ့ရတာတွေလည်း ရှိပ။ တခါတရံ ကြွက်အုပ်တွေ ကျတတ်တယ်ဆိုတာလည်း ကြားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ပျဉ်းမနား, ကြတ်ပြေး နဲ့ ကြွက်ဆိုတာ သိပ်တော့ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။
ခုတော့ ကြတ်ပြေးက “ကြွက်ပြေး” ဖြစ်သွားပါပြီ။ ဒီအရပ် ဒီဒေသမှာ ကြွက်တွေ မှီခိုနေထိုင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငတ်ပြီ။ အစာရှိရာ အခြားအရပ်ကို ပြောင်းကြပြီ။ ပြဿနာက ကြွက်တွေ စွန့်ခဲ့တဲ့ ဒေသ မဟုတ်ဘူး။ ကြွက်တွေ ရောက်လာမယ့် ဒေသ ဖြစ်ပါတယ်။ ဒါကိုတွေးပြီး ကြတ်ပြေးမင်းကြီးကတော့ ကြိတ်ပြုံးနေမယ် ထင်ပ။ သူပြုံးနေချိန်မှာ အနီးအနား ဒေသရပ်ရွာတွေကတော့ “သရောကြီးခိုင်း”ရင် ဘယ်လို ပြေးရမလဲလို့ ရင်တမမ နေရတော့မယ့် အဖြစ်ပါပဲ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြွက်ပြေးချိန်မှာ ဆင်ဖြူ ဆိုတာက ပေါ်လာသဗျ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်မင်းကြီးများဟာ ဆင်ဖြူ ဆိုတာကိုတော့ အင်မတန် မက်မောတယ် ခင်ဗျ။ ဆင်ဖြူ မရှိသေးတော့ လေယာဉ်ပျံ ပိစိကွေးကို ဆေးအဖြူသုတ်ပြီး “ဆင်ဖြူတော်” လို့ အမည်ပေး စီးသတဲ့။ ကိုကြီးပေါ် သိတာကတော့ ဆင်ဖြူတော် ဆိုတာ မြေဖြူပါပဲ။
ဆင်ဖြူဆိုတဲ့ အကြောင်းအရာက ရှေးဟောင်းစာပေတွေမှာ ပါခဲ့လေတော့ အာရှယဉ်ကျေးမှုမှာ အတော် စိမ့်ဝင်နေတဲ့ ကိစ္စပါ။ ဆင်ဟာ လူကို အကျိုးပြုတဲ့ တိရစ္ဆာန်ဆိုတာ မှန်ပါတယ်။ ရှေးက ခရီးသွားဖို့, ကုန်ဆွဲဖို့, စစ်တိုက်ဖို့ ကိစ္စတွေမှာ ဆင်, မြင်း, နွား, ကျွဲ ဆိုတာတွေဟာ မရှိ မဖြစ်ပေါ့။ ဆင်က အင်အား အကြီးဆုံး ဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဆင်များများ ရှိလေ အင်အား ပိုရှိလေပေါ့။ ဒီတော့ ဆင်မွေးမြူရေးဟာ အရေးကြီးလာတယ်။ ဆင်ဟာ တိုင်းပြည်ရဲ့ အင်အားတရပ် ဖြစ်လာတာကြောင့် ရှင်ဘုရင်ရဲ့ ရတနာစာရင်းမှာ ဆင်ကို ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။
သာမန်အားဖြင့် ဆင်ဟာ မည်းပေမယ့် မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့် တချို့ဆင်ဟာ အရေပြားအရောင် ဖြူနေတတ်ပါသတဲ့။ အခြားသတ္တ၀ါတွေမှာလည်း ဒီသဘောအတိုင်း ရှိပါသတဲ့။ ရှေးကတော့ တွေ့ရခဲတဲ့ ဆင်ဖြူဆိုတာ ထူးခြားတယ်လို့ ထင်ခဲ့ကြတာပေါ့။ လူတွေဟာ ရှားပါးတာကို တန်ဖိုးထားတတ်ကြတယ် မဟုတ်လား။ ဒီတော့ ရှားပါးတဲ့ ဆင်ဖြူကိုလည်း နှစ်သက်မြတ်နိုးစရာ တခုလို သဘောထားခဲ့ကြတာပါပဲ။ ပတ္တမြား နီလာ စတဲ့ ကျောက်မျက်ရတနာတွေ လိုပဲ ဆင်ကိုလည်း သက်ရှိရတနာ တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အိမ်မွေးတိရစ္ဆာန် အကြီးစား ဆိုပါတော့။
ဒီမှာတင် ဆင်ဖြူကို ဋီကာချဲ့ပြီး ထမင်းအိုးချဲ့တဲ့ လူတွေ ပေါ်လာတော့တာပါပဲ။ ဆင် ဘာကြောင့် ဖြူတယ် ဆိုတာ သိပေမယ့် ကိုယ့်ရဲ့ ထမင်းအိုး ပျက်မသွားအောင် ဟိတ်လုံးမြှောက်လုံးတွေနဲ့ တန်ဆာဆင်ခဲ့ကြတာပါပဲ။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အရှိသား မဟုတ်လား။ ဆင်ဖြူထိန်းတဲ့ လူတွေက ရှင်ဘုရင်ကို ဆင်ဖြူပြပြီး ဗုံမြောက်ပေးကြတော့ ရှင်ဘုရင်တွေလည်း ဆင်ဖြူရှင် ဆိုရင် ဂုဏ်ရှိတယ်လို့ ထင်လာကြတော့တာပါပဲ။ အခြား ဘုရင်တွေတော့ ဘယ်လို ရှိတယ် မသိပေမယ့် ဗမာရှင်ဘုရင်တွေကတော့ ဆင်ဖြူ အတော် ရူးကြပါတယ်။ ဆင်ဖြူမ အသေကောင်ကို ၀ါးနဲ့ထောက် အဲဒီပေါ် တက်စီးပြီး ဆင်ဖြူရှင် အမည်ခံတဲ့ ပင်းယခေတ်က “တစီးရှင် သီဟသူ” ဆိုတာ ရှိခဲ့လေသပ။ ဆင်ဖြူ တကောင်မှ မရှိလည်းဘဲ စာရေးတော့ “ဆင်ဖြူများရှင် ဆဒ္ဒန်ဆင်မင်းသခင်” လို့ ရေးခဲ့ကြတာပါပဲ။
ဆင်အုပ်ထဲမှာ ဆင်ဖြူပါရင် အဲဒီ အဖြူကောင်ကို ကျန်တဲ့ အမည်းတွေက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒါကို ဆင်ဋီကာချဲ့သူတွေက ဆင်မည်းထက် ဆင်ဖြူက သာလွန်တယ်လို့ ဆိုပဲ။ တကယ်က ဗီဇဖောက်ပြန်မှုအရ ဆင်ဖြူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပါတယ်။ ဆင်တွေဟာ သူတို့အချင်းချင်း အားနည်းသူကို စောင့်ရှောက်တတ်တဲ့ သဘာဝ ရှိသူတွေပါ။ အမျိုးသမီးများနဲ့ ကလေးများကို ဦးစားပေးပါ ဆိုတာ လူထက် ဆင်က စောပါတယ်။ သူတို့သဘာဝအရ အားနည်းတဲ့ ဆင်ဖြူကို ကျန် ဆင်မည်းတွေက စောင့်ရှောက်ပေး တာပါ။ ဆင်ဖြူဟာ ဆင်မည်းထက် အသက် တိုလေ့ရှိပါတယ်။
ဆင်ဖြူကို လူကမွေးတော့လည်း အလုပ်မခိုင်းဘဲ တယုတယ ထားပါတယ်။ အမှန်က ဆင်ဖြူဆိုတာ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေက ဟန်သာရှိပြီး လက်တွေ့ အလုပ်မဖြစ်တဲ့လူကို white elephant လို့ တင်စားသုံးနှုန်းခဲ့ကြတာပါ။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆင်ဖြူဆိုတာ “အလကားကောင်” ဖြစ်နေပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုမှာတော့ ဆင်ဖြူဆိုတာ “အာဏာဝိသေသ” ဖြစ်နေရတာကိုက လောကရဲ့ သရော်ချက် တခုပါပဲ။
သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာမှ မကြာသေးဘူး၊ ဗိုလ်သန်းရွှေက ဆင်ဖြူ ရောဂါထပြီး ရခိုင်မှာ ဆင်ဖမ်းပါသတဲ့။ အခု ခြောက်လ တနှစ် ကြာတော့ တွေ့ပါပြီ။ အသက် ၃၈ နှစ်လောက် ရှိတဲ့ ဆင်မတဲ့။ ဓာတ်ပုံထဲ မြင်ရတာတော့ ဦးခေါင်းရိုး ငေါင်းစင်းစင်းနဲ့။ ဆင်အုပ်ကလည်း လေးငါးကောင်ပဲ ရှိတယ် ဆိုတော့ ဆင်တွေလည်း အငတ်ဘေးကို အတော်ခံစားနေရပုံ ရပါတယ်။
ရွှေပြည်တော်မှာ လူတွေက သဘာဝ ရာသီဥတုကို ဒုံရင်းအတိုင်း ရင်ဆိုင် နေထိုင်ကြရချိန်မှာ ကြွက်တွေ ဆင်တွေကတော့ သူတို့ သဘာဝ နေထိုင်မှုကို စွန့်ပြီး မြို့ရွာတွေထဲ နန်းတော်ထဲ ၀င်လာနေကြလေရဲ့။
ကိုကြီးပေါ်ကတော့ ဒီအဖြစ်သနစ်တွေကို ကြည့်ပြီး အမှားတွေ ပွားနေမိရဲ့။
ရွှေပြည်တော်မှာ ဗိုလ်ချုပ်မင်းကြီးက “ရေမြေအလုံးကို အစိုးရတော်မူသော” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် မြေတွင်း လှိုဏ်ခေါင်းတွေ နက်နက် တူးနေတာ အံ့မခန်းဆိုရဲ့။ ရလဒ်ကတော့ မြေတွင်းက ကြွက်တွေခမျာ နေစရာ မရှိ စားစရာ မရှိတော့လို့ ထွက်ပြေးနေရလေရဲ့။ အဲဒီ လှိုဏ်ခေါင်းတွေထဲမှာ လျှို့ဝှက် ထုတ်လုပ်နေတဲ့ ညူကလီးယား ဆိုတာကြီးက ဗုံးဖြစ်ဖို့ နေနေသာသာ လောက်စာလုံးတောင် မဖြစ်သေးဘူးလို့ ပညာသည်တွေက ပြောလိုက်တော့ ဗိုလ်ချုပ်မင်းကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ရပြန်ရဲ့။ သြော်.. “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မင်းကြီးရဲ့ ညူကလီးယားဆိုတာ “ဆင်ခေါင်း ခွေးချီ” ကြီးပါလား ဟရို့။

အခုချိန်မှာ အဖြစ်သင့်ဆုံးကတော့ မြေတွင်းအောင်းနေတဲ့ ဗိုလ်ချုပ်မင်းကြီးဟာ “ဆင်ဖြူရှင်” ဘွဲ့ကို အမြန်ဆုံး ခံလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆင်ဖြူဆိုတာ ဟန်သာရှိပြီး အဆန်မရှိတဲ့ အလကားကောင် မဟုတ်လား။ နအဖရဲ့ လုပ်ရပ် အရည်အချင်း အားလုံးကို ခြုံငုံနိုင်တဲ့ သင်္ကေတ ဖြစ်သွားတာပေါ့။
ဒါမှမဟုတ် သွားလေသူ ဗိုလ်ခင်ညွန့်ကို နမူနာယူ ပြောရရင် ဆင်ရေချိုးတဲ့လူ မြန်မြန် ဂျောင်းရလေသတဲ့။
ကိုကြီးပေါ်
Saturday, May 22, 2010
ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၃)-ကိုကြီးပေါ်
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာတော့ “ကဆုန် နယုန် ဆွေ့ဆွေ့ခုန်” ဆိုတဲ့ အတိုင်း နေအပူဒဏ်ကို အလူးအလိမ့် ခံနေကြရပါတယ်။ တနှစ်ထက် တနှစ် ပိုပိုပူလာတဲ့ နွေနေမင်းဟာ ရွှေပြည်တော်ကြီးကို အညှိုးတကြီးနဲ့ မီးလောင်တိုက်သွင်းနေသလား ထင်ရပါရဲ့။ မြေပေါ်မြေအောက်က ရေတွေကိုပါ ခန်းခြောက်အောင် အပူက စုပ်ယူသွားလေတော့ ရေအငတ်ဘေးနဲ့ ရင်ဆိုင်ရပါတော့တယ်။ ပိုဆိုးတာက မြေအောက်မှာ ရေရှိရင်တောင် စုပ်ယူစရာ လျှပ်စစ်မီး မရှိတာပါပဲ။ ရွှေပြည်တော်သားတွေဟာ ရေငတ် မီးငတ် ဘေးဒုက္ခအတိကို ငုတ်တုတ်ခံနေကြရတာပါ။ ရှေးစာတွေထဲမှာပါတဲ့ “မိုးခေါင်၍ ပြည်ပျက်သည်” ဆိုတာ ဒါကို ခေါ်တာပါလားလို့ ကိုကြီးပေါ်တော့ သံဝေဂ ရမိပါရဲ့။ဒီဒုက္ခတွေကြားမှာ လင်းလက် ပေါ်ထွန်းလာတာကတော့ ရွှေပြည်တော်သားတွေရဲ့ ပြည်သူအချင်းချင်း ယိုင်းပင်းကူညီကြတဲ့ စေတနာနဲ့ လုပ်ဆောင်မှုတွေပါပဲ။ “နွံထဲကကြာ” ဆိုပါတော့။ လှူဒါန်း ပေးကမ်းဖို့ ဆိုရင် ဘာသာရေးဖက်မှာပဲ အာရုံကျတတ်တဲ့ ရွှေပြည်တော်သားတွေဟာ အခုဆိုရင် လူမှုရေးဖက်ကို အာရုံစိုက်တတ်လာပြီလို့ သာဓုခေါ်ရမှာပေါ့။ ရေဘေး လေဘေး မီးဘေး နာဂစ်ဘေး ... စတဲ့ ဘေးအန္တရာယ် ပေါင်းစုံကြားက အသက်တွေကို ကယ်ဆယ်ဖို့ သာမန်ပြည်သူတွေက နိုးကြားတက်ကြွစွာနဲ့ လုပ်ကိုင်နေကြချိန်၊ မရှိမဲ့ရှိမဲ့ထဲက “ဖဲ့”လှူနေကြချိန်မှာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တော် မူကြကုန်သော ဗိုလ်ချုပ်မင်းကြီးများကတော့ ဖဲကြိုးဖြတ် မပျက်, မိန့်ခွန်းခြွေ မပျက်, အလှူငွေလက်ခံ မပျက်, ... မပျက်... မပျက်, ရွှေပြည်ကြီးကို “ဖဲ့”မပျက်... ပါခင်ဗျာ။
ဖောင်ဒေးရှင်းစတန့်
ရွှေပြည်တော်မှာ ရေအငတ်ဘေး ကြုံနေရသူတွေကို တပိုင်တနိုင် တစုတဖွဲ့ ၀ိုင်းဝန်း ကူညီနေကြချိန်မှာ မထော်မနမ်း ဗိုလ်ကျော်ဆန်း ဆိုသူက ဖောင်ဒေးရှင်း ဆိုတာကြီး တခုကို ထူထောင်တယ် ခင်ဗျ။ ရေငတ်တာ ကူညီဖို့တော့ မဟုတ်ပါဘူး။ စာဖတ်ဖို့လို့ ဆိုပါတယ်။ နာမည်က “ကျေးရွာ စာကြည့်တိုက် ဖောင်ဒေးရှင်း” ပါတဲ့။ ဒီလို ဖောင်ဒေးရှင်း ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်က မိုးပျံပူပေါင်းလေး တလုံးကို အပြေးအလွှား သတိရမိပါရဲ့။
ပြီးတော့ စာကြည့်တိုက်တို့ စာဖတ်ဖို့တို့ ဆိုပြန်တော့ သွားလေသူ ဗိုလ်နေ၀င်းရဲ့ စာတတ်မြောက်ရေး လှုပ်ရှားမှုကြီးကိုလည်း ပြန်ပြောင်း အောက်မေ့မိပါရဲ့။
ဗိုလ်နေ၀င်းရဲ့ တော်လှန်ရေးကောင်စီနဲ့ မဆလပါတီ လက်ထက်မှာ တတိုင်းပြည်လုံး စာတတ်မြောက်ရမယ် ဆိုပြီး အရေး အဖတ် အတွက် “အသုံးလုံး” စီမံချက်ကို အုတ်အုတ်ကျက်ကျက် လုပ်ခဲ့လေသပေါ့။ ကုလသမဂ္ဂရဲ့ အထောက့်အပံ့တွေလည်း အတော်များများ ရခဲ့လေရဲ့။ ယူနက်စကို ဆုတွေဘာတွေတောင် ရခဲ့သေး ထင်ရဲ့။ အဲသည်တုန်းက နွေရာသီ ကျောင်းပိတ်ပြီဆိုရင် အသုံးလုံး လုပ်အားပေးဆိုတာ ကောလိပ်ကျောင်းသားတွေ ကြားမှာ အတော် ခေတ်စားတာကိုး။ လူငယ် အများစုကတော့ ရပ်ဝေးခရီး သွားရ အတွေ့အကြုံသစ်တွေရ ဆိုတော့ ပျော်ကြတာပေါ့။ အဲ နည်းနည်းပါးပါး စပ်စုတတ်တဲ့ ကိုကြီးပေါ် တို့လို ကျောင်းသားတွေ အဖို့မှာတော့ အသုံးလုံးရဲ့ နောက်ကွယ်က “လိမ်ဆင်”တွေကိုပါ သိလာကြရတော့တာပါပဲ။
သတင်းစာတွေမှာတော့ ဘယ်မြို့ ဘယ်နယ်ကို ဘယ်ကျောင်းသားတွေ သွားရောက် စာသင်ပေးကြတယ်။ စာတတ်မြောက်မှု အောင်ပွဲတွေ ဘယ်လို ကျင်းပတယ်ဆိုတာတွေက ထိပ်တန်း သတင်းတွေပေါ့လေ။ လူအများ မသိလိုက်တာက ဒီလို လုပ်အားပေး သွားတယ်ဆိုတဲ့ နေရာတွေထဲမှာ ပြည်တွင်းစစ် ဖြစ်နေတဲ့ အနက်ရောင် အညိုရောင် နယ်မြေတွေ မပါဘူး ဆိုတာပါ။ လုံခြုံရေးအရ စိတ်ချရပြီးသား နေရာတွေကိုပဲ ကျောင်းသားတွေကို ခေါ်သွားတာပါ။ ဒါတောင် တချို့နေရာတွေဆို ရွာအပြင်မှာ စစ်တပ်ချထားပြီး ကန့်သတ်နယ်မြေ အပြင်ဖက်ကို လုံးဝ ထွက်ခွင့် မပြုပါဘူး။ ဆိုတော့ အသုံးလုံး စီမံချက်ဆိုတာ တပြည်လုံးအနှံ့ လုပ်နိုင်တာ မဟုတ်ဘူးလို့ အလွယ် သိနိုင်ပါတယ်။ ဒါပေမယ့် မဆလက ကြေညာတော့ ၉၈ ရာနှုန်း စာတတ်ပြီ ဆိုပဲ။
မှတ်သားစရာလေး တခုကို ပြောပြချင်သေးရဲ့။ ရွာတရွာမှာ လုပ်အားပေး စခန်းသိမ်းတော့ ခေါင်းဆောင်လုပ်တဲ့ ဆရာက နှုတ်ဆက် စကားပြောပါတယ်။ ရွှေပြည်တော်က တောသူရွာသားတွေဟာ ရိုးသား ခင်မင်တတ်သူတွေ ဆိုတော့ တလတာလောက် အတူနေခဲ့ကြတဲ့ ဧည့်သည်တွေကို ခွဲခါနီးမှာ ၀မ်းနည်းနေကြတာပေါ့။ ဒီခံစားမှုကို ပြေလျော့သွားအောင် ပျော်ပျော်ရွှင်ရွှင် နေတတ်ပြီး အာဝဇ္ဇန်းကောင်းတဲ့ ဆရာက ဟာသလေးတခု ထည့်ပြောလိုက်ပါတယ်။ “ကျနော်တို့ ဒီရွာရောက်စ ရက်တွေမှာ မနက်ဆိုရင် ကြက်တွန်သံ စည်နေအောင် ကြားရတယ်။ အခု ပြန်ခါနီး ရက်တွေမှာတော့ ကြက်တွန်သံ မကြားရတော့တာ သတိပြုမိပါတယ်။ ကျနော်တို့ ပြန်တာကို လူတွေက ၀မ်းနည်းပေမယ့် ကြက်တွေကတော့ ၀မ်းသာနေမယ် ထင်တယ်။” တဲ့။ တကယ်တော့ အဲဒီ ဟာသဟာ လက်တွေ့ ဖြစ်နေတာပါ။ လုပ်အားပေး ကျောင်းသားတွေ ပြန်ရင် ရွာမှာ တနှစ်စာ စုထားသမျှလည်း ပြောင်တာပါပဲ။ မဆလရဲ့ အသုံးလုံးဒဏ်ကို ခါးစည်းခံရတာကတော့ ကျေးရွာလူထုတွေပါပဲ။
တပြည်လုံး စာတတ်ပြီလို့ ဂုဏ်ယူနေတဲ့ ဗိုလ်နေ၀င်းဟာ ကမ္ဘာ့ဘဏ်ကနေ ငွေချေးလို့ မရတော့ အသုံးလုံး အလုပ်ကို ချက်ချင်း ရပ်ပစ်လိုက်ပါရောလား။ ဖြစ်ပုံက တတိယနိုင်ငံ အဖြစ်နဲ့ ငွေချေးတော့ ဟိုက - မင်းတို့က ၉၈ ရာနှုန်းတောင် စာတတ်တာ, ဒီရာနှုန်းဟာ ဒုတိယနိုင်ငံတွေ ထက်တောင် သာသေးတယ်, မူအရ ငွေချေးလို့ မရဘူး - လို့ ငြင်းလိုက်သတဲ့။ ဒီတော့မှ စာအတတ်လွန်သွားတဲ့ ဗိုလ်နေ၀င်း လေကျယ်တာ တထစ်လျော့သွားလေရဲ့။
ဟော အခု နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့...” လို့ ဆိုရတော့မယ်။ စာကြည့်တိုက်တဲ့။ ကျေးရွာ စာကြည့်တိုက် ဆိုပဲ။ ရွှေပြည်တော်မှာ အမျိုးသား စာကြည့်တိုက်ကို ဘယ်နား ဖွင့်ရမယ် နေရာမရလို့ တ၀ဲလည်လည် ဖြစ်နေချိန်မှာ ကျေးရွာစာကြည့်တိုက်တွေ ပလူပျံအောင် ဖွင့်တယ် ဆိုပါလား။ ကျေးရွာပေါင်း ၆၄,၉၈၉ အနက် စာကြည့်တိုက်ပေါင်း ၅၅,၇၅၅ ဖွင့်ပြီးပြီ ဆိုပဲ။ ဒီအထဲက ၂၉,၁၈၅ က အဆောက်အအုံနဲ့ စာကြည့်တိုက်မှူးနဲ့ အခိုင်အမာ ဖြစ်ပြီ ဆိုပဲ။ စာတတ်မြောက်မှုကလည်း ၉၄ ရာနှုန်းတဲ့။ အံ့ဖွယ်သရဲပါပဲ။
ရွှေပြည်တော်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာန ဆိုတာကို တည်ထောင်ပြီး နောက်မှာ ပြန်/ဆက် စာကြည့်တိုက် ဆိုတာတွေ ဖွင့်လာတာ တွေ့ရပါတယ်။ သတင်းစာ ဆောင်းပါးကို ၀ိုင်းဖွဲ့ဖတ်တဲ့ အကြောင်း ဓာတ်ပုံသတင်း ထည့်ရတာကလည်း ဖက်ရှင်တခု ဖြစ်လာပါတယ်။ အခု ကျေးရွာတိုင်းမှာ စာကြည့်တိုက် ဖွင့်နိုင်အောင် ဒီဖောင်ဒေးရှင်းက ဆက်လုပ်သွားမယ် ဆိုပါတော့။ ဖောင်ဒေးရှင်းကို လှူလိုက်ကြတဲ့ ငွေက ၇၂၀,၉၄၃,၅၀၀ ကျပ်။ သိန်း ၇,၂၀၀ ပေါ့။ ဒကာက ၃၅၄ ဦး။ သတင်းစာမှာ ဖော်ပြချက်အရ လှူတဲ့သူတွေက အဖွဲ့အစည်း, ကုမ္ပဏီနဲ့ စီးပွားလုပ်ငန်းရှင်တွေလို့ ဆိုပါတယ်။ သာမန် ပြည်သူတွေ မပါပါဘူး။ ရွှေပြည်တော်က သူဌေးသူကြွယ်တွေက “ရေအငတ်ဘေး” ထက် “စာဖတ်ဖို့အရေး” က ပိုအရေးကြီးတယ်လို့ ယူဆပုံ ရပါတယ်။
အသုံးလုံး လုပ်တာ, စာဖတ်တာ, စာကြည့်တိုက် ဖွင့်တာကို မကောင်းဘူး ပြောနေတာလားလို့ ကိုကြီးပေါ်ကို အပြစ်တင် မစောလိုက်ပါနဲ့ဦးနော်။ မှန်ပြောင်းထဲ ချောင်းကြည့်လို့ မြင်သမျှကို တင်ပြနေတာပါ။ လူတွေ စာတတ်တာ ကိုကြီးပေါ် ကြိုဆိုတာပေါ့။ သို့ပေမယ့် လူကြီးတွေ စာတတ်ဖို့ထက် ကလေးတွေ စာတတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိလို့ပါ။ စာကြည့်တိုက်တွေ ဖွင့်တာ ကောင်းတာပေါ့။ သို့ပေမယ့် လူတွေ စာလာဖတ်ဖို့က ပိုအရေး မကြီးဘူးလားလို့ တွေးမိတာပါ။ မိုးလင်း မိုးချုပ် စားဖို့အတွက် အလုပ်နဲ့လက် မပြတ်ကြရသူတွေက ဘယ်အချိန်မှာ စာလာဖတ်ကြမှာပါလဲ။ မိသားစု အရေးအတွက် ဘ၀ကို ဖဲ့ပေးနေရတဲ့ ကလေးအလုပ်သမားလေးတွေက စာကြည့်တိုက်ကို လာနိုင်မှာတဲ့လား။ စာသင်ကျောင်း မရှိ, ကျောင်းဆရာ မရှိတဲ့ ရွာမှာ စာကြည့်တိုက်ကြီး ဟီးနေတော့... ဟုတ်ကဲ့ ဟီးတာပေါ့ ခင်ဗျာ။
ကမ္ဘာမှာတော့ နိုင်ငံအဆင့် တက္ကသိုလ်အဆင့် စာကြည့်တိုက်တွေ ပြီးရင် ဒေသဆိုင်ရာ မြို့စာကြည့်တိုက်တွေ တည်ထောင်ထားကြပါတယ်။ ပြီးမှ ကျေးရွာ စာကြည့်တိုက်ဆိုတာ ဆက်လုပ်ကြပါတယ်။ အပေါ်ကနေအောက် အဆင့်ဆင့် သဘောပေါ့။ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာတောင် အများပြည်သူ သုံးနိုင်တဲ့ မြို့စာကြည့်တိုက် တခုမှ မရှိသေးဘဲနဲ့, အထက်တန်းကျောင်းတွေမှာတောင် စာကြည့်တိုက် စုံအောင် မရှိသေးဘဲနဲ့, ကျေးရွာကုန်စုံဆိုင်မှာတောင် စာအုပ်တင်ရောင်းတဲ့ ဓလေ့ မရှိသေးဘဲနဲ့ ကျေးရွာလုံးစေ့ စာကြည့်တိုက်တွေ ဖွင့်တယ် ဆိုတော့... ဟုတ်ကဲ့ ဗိုလ်နေ၀င်းရဲ့ အသုံးလုံး အလံရှူးကလေး တလူလူ ပျံလွင့်လာတာလို့ပဲ ကိုကြီးပေါ်က မြင်မိပါတော့တယ်။
စာပေစိစစ်ရေး ဆိုတဲ့ “စာပေကင်ပေတိုင်” ထားပြီး စာပေလွတ်လပ်မှုကို အဓမ္မချုပ်ကိုင်ထားသူတွေက ပြည်သူအများ စာဖတ်နိုင်ဖို့ စာကြည့်တိုက်ဖွင့်တယ်တဲ့။ လူသတ်သမားက ဘုရားတည်, သူခိုးက ကျောင်းလှူတဲ့ ခေတ်မှာ နှုတ်ပိတ်လက်ချိုး ကင်ပေတိုင်က စာကြည့်တိုက်ဖွင့်တာ ဆန်းမယ်တော့ မထင်။
န၀တခေတ်က တန်ခိုးထွားခဲ့တဲ့ ကုန်သွယ်ရေးဝန်ကြီး လုပ်တဲ့ ဗိုလ်ထွန်းကြည်ဟာ “ကရုဏာဖောင်ဒေးရှင်း” ဆိုတာလုပ်ပြီး တပြည်လုံးကို ကရုဏာ သက်ပြခဲ့ဖူးပါတယ်။ သူက “ရာသက်ပန် နာယက” လုပ်တယ်လေ။ အလှူငွေတွေ သောက်သောက်လဲ ရသပေါ့။ အရှင်မွေးတော့ နေ့ချင်းကြီးပေါ့။ လက်ညှိုးထိုးမလွဲ ကရုဏာဖောင်ဒေးရှင်း ဖြစ်ခဲ့သပေါ့။ မကြာပါဘူး။ ကိုယ်တော်ချောလည်း ရာထူးပြုတ်ကရော ဖောင်ဒေးရှင်းကြီးလည်း ဘုံးဘုံးလဲရော။ ခုတော့ စုန်းစုန်းမြုပ်သွားပါပြီ။ သူမသေခင် ဖောင်ဒေးရှင်းက မရှိတော့ဘူး ဆိုတော့ ဘယ်ဆီမှာများ ရာသက်ပန်နေတယ် မသိ။
အခု ပြန်ကြားရေးဝန်ကြီး မထော်မနမ်း ဗိုလ်ကျော်ဆန်းက ဖောင်ဒေးရှင်း ထောင်ပြီး နာယက လုပ်ပြန်ပြီ။ ဟိတ်လုံး ဟန်လုံး ကြွားလုံးတွေနဲ့ ကြားဖူးနာဝ မဆံ့မပြဲ စကားလုံးတွေ လျှောက်ပြော ပြန်ပါပြီ။ လုပ်တဲ့ အကြောင်းအရာသာ ကွာသွားပေမယ့် တွေးခေါ်စဉ်းစားပုံက ရှေ့က သွားလေသူတို့ အတိုင်း ဖ၀ါးခြေထပ်ပါပဲ။ ကဲ ဒီတော့ သွားလေသူတို့ သွားရာလမ်းအတိုင်း နိဂုံးမဆိုက်ရင် ဘယ်ကို ဆိုက်ပါ့မလဲ။
ရှေ့မှာ နပန်းဆံ သီချင်းထဲကလို “နောက်တခါ လာပြန်ပြီဟေ့” လို့ ဆိုရတော့မယ်လို့ ပြောခဲ့ပါတယ်။ အခု နောက်ပါဒလေး ဆက်ဆိုလိုက်ကြပါစို့လား။ “ဟေ ဟေ ၀ါး” လို့ပါ။
ကိုကြီးပေါ်
Wednesday, May 5, 2010
ချောင်းကြည့်သူရဲ့ အမှား (အမှတ် ၂၂)-ကိုကြီးပေါ်
ကိုကြီးပေါ် တို့ရဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ထစ်ခနဲဆိုတာနဲ့ “ရှုတ်ချပါတယ် ခင်ဗျ, ထောက်ခံပါတယ် ရှင့်” ဆိုတာတွေက တယ်လဲ စီစီညံတာပါပဲ။ သြော်... အကျင့်ပါလာတာက ရာစုဝက်တောင် ကျော်မှကိုး။ ဒီတော့လည်း ဘာကလေး ဖြစ်လိုက်ဖြစ်လိုက် ရှုတ်ချလိုက် ထောက်ခံလိုက် ဟိုလူ့ လက်ညှိုးထိုးလိုက် ဒီလူ့အပြစ်ဖို့လိုက်နဲ့ ကျင့်သားကို ကျနေတော့တာပါ။ဒီအကျင့်တွေ ကောင်းတာ မကောင်းတာကို ကိုကြီးပေါ် ဘာမှ မပြောလိုပါဘူး။ ထားပါတော့။ ခက်တာက အဲသလို အော်နေကြတာနဲ့ပဲ ပြဿနာကို တကယ်အဖြေရှာဖို့ ပျောက်ပျောက်သွားတာကို သတိပြုမိလို့ပါ။ အခုလည်း ကြည့်လေ။ ရွှေပြည်တော်ကြီးတခို ဟိုမှာဒီမှာ ဗုံးတွေပေါက်တော့ ချက်ချင်းဆိုသလို ထွက်ပေါ်လာတဲ့ အသံတွေက “အပြင်းအထန် ရှုတ်ချပါသည်” တဲ့ခင်ဗျ တဲ့။ အဲသလို ထအော်လိုက်ရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ်ဆိုရင် ကိုကြီးပေါ်လည်း လည်ချောင်းကွဲအောင် အော်လိုက်ချင်ပါရဲ့။
ဗုံး ဗုံး ဘယ်သူဖောက်
ရွှေပြည်တော်ကြီးမှာ ဗုံးပေါက်တယ် ဆိုတာ ကိုကြီးပေါ် အဖို့တော့ သိပ်မထူးတော့ပါဘူး လို့တောင် ပြောရမလိုပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဟိုးငယ်စဉ်ဘ၀ စာဖတ်တတ်ချိန်ကစလို့ ရွှေပြည်တော်က သတင်းစာတွေမှာ နေ့စဉ်ဖတ်နေရတဲ့ သတင်းတပုဒ်က “ဗုံးဖောက် မိုင်းထောင်” ဆိုတဲ့ သတင်းတွေပါ။ ပေါက်တဲ့ ဗုံးက နည်းနည်းကြီးရင် နောက်ကျောဖုံးမှာ ပါတယ်။ ပုံမှန်ဆိုရင်တော့ အတွင်းစာမျက်နှာမှာ ပါတယ်။ ဒီသတင်းတွေမှာ မပါမဖြစ် ပါတဲ့ စကားလုံးက “သောင်းကျန်းသူများ လက်ချက်” ဆိုတဲ့ စကားစုပါ။
.jpg)
ငယ်စဉ်တုန်းကတော့ ဒီသတင်းတွေ တွေ့ပြီး သြော်... သောင်းကျန်းသူတွေ ဆိုတာ ဒီလိုပဲ အမြဲ ဗုံးခွဲ နေသူတွေပဲလို့ ထင်ခဲ့မိတာပေါ့။ နည်းနည်းလေး လူပါးဝလာတော့မှ ဒီသတင်းတွေထဲမှာ လံကြုတ်တွေကော, သတင်းဟောင်းတွေကော, ဖြတ်ဆက်ကပ်တွေကော ပါတယ်လို့ သိခဲ့ရတာပါ။ အဲဒီက စပြီး ဗုံးသတင်းတွေကို စိတ်မ၀င်စားခဲ့တာ ကြာပါပြီ။ သို့သော်လည်း ထူးခြားတဲ့ ဗုံးသတင်းတွေ ပေါ်လာပြန်ရင်တော့ နားထင်ကြောတွေ ကားခနဲ ယားခနဲ ဖြစ်ရပြန်ပါရော။ နို့ မဖြစ်ခံ နိုင်ရိုးလား။ ပေါက်တဲ့ ဗုံးတွေက မြို့လယ်ခေါင် လူလယ်ခေါင်မှာ။ ကိုယ့်နောက်ကျော လာပေါက်နေသလိုလို။ သေကြကြေကြ ရတာလည်း မနည်း။ ပြီးတော့ “လုံခြုံရေး”ဆိုတဲ့ ဟာကြီးလည်း ရှိတဲ့ နေရာတွေ။
ကိုကြီးပေါ်က ရွှေပြည်တော်ကို အဝေးကနေ ချောင်းကြည့်ရသူမို့ ဗုံးတွေ ဘယ်ပုံဘယ်နည်း ပေါက်တယ်၊ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတာတွေကို မမြင်ရပါဘူး။ ဒီတော့ ဘယ်သူဘယ်ဝါလို့ စွပ်စွဲ မပြောချင်ပါဘူး။ ချောင်းကြည့်လို့ မြင်သလောက်ကိုပဲ ပြောရမယ် ဆိုရင် လူစည်စည်အရပ်မှာ ဗုံးပေါက်တဲ့ ဓလေ့က ရပ်ရွာအေးချမ်းသာယာရေးကို ဦးထိပ်ပန်ဆင်ထားတဲ့ နအဖခေတ်ရဲ့ ဖက်ရှင်များ ဖြစ်နေမလားလို့ ထင်မိတာပါပဲ။ ဘယ့်နှယ် ဗုံးပေါက်တာကို ဖက်ရှင်လို့ မင်းမို့ ပြောရက်တယ်လို့ ဒေါမခီးလိုက်ပါနဲ့ဦး။ ပြောချင်တဲ့ အဓိပ္ပာယ်က မကြာခဏ ဖြစ်တယ်၊ ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတဲ့ သဘောပါ။ ကိုကြီးပေါ် အပြောအဆို မတတ်ရင်လည်း ခွင့်လွှတ်ပေးပါဗျာ။
ရန်ကုန်မြို့တော်ရဲ့ လူစုလူဝေးထဲ ပေါက်တဲ့ ဗုံးတွေအနက် မဟာပါသာဏလှိုဏ်ဂူမှာ ပေါက်တာ အစောဆုံးလို့ ထင်မိတာပဲ။ ၁၉၉၅ ထဲမှာ ထင်ပါရဲ့။ တရုတ်ပြည်က စွယ်တော်ကို ဒုတိယအကြိမ် ပင့်ပြီး နအဖတို့ အကြီးအကျယ် “လုပ်စား”နေတဲ့ အချိန်ပေါ့။ လုံခြုံရေး ဆိုတာတွေ အထပ်ထပ်ကြားထဲက ပေါက်တာဆိုတော့ အတော်လေး တုန်လှုပ်အံ့သြ ဖြစ်ကြရတာ မှတ်မိပါရဲ့။ သို့လော သို့လောတွေလည်း မရေမတွက်နိုင်အောင်ပဲပေါ့။ အဲဒီ ဗုံးကြောင့် ဘယ်သူတွေ အမြတ်ထွက်ပြီး ဘယ်သူတွေ ထိခိုက်တယ် ဆိုတာ ကိုကြီးပေါ် မသိရိုး အမှန်ပါ။ ကိုကြီးပေါ် မှတ်သားမိတာ တခုပဲ ရှိပါတယ်။ အဲဒါက ရွှေပြည်တော် အနှံ့ မြို့တွေကို လှည့်လည်မယ်ဆိုတဲ့ စွယ်တော်ဟာ အစီအစဉ်တွေဖျက် ကသုတ်ကရက်နဲ့ တရုတ်ပြည် အမြန်ပြန်ကြွသွားရတာပါပဲ။ နအဖလည်း ဟဒ်ကော့ကြီးဖြစ်ပြီး တခွင်ပျက်သွားတော့တာပဲ။
နောက်တခုက ၉၆ ခုနှစ်တုန်းက မြို့တော်ဝန် မာရသွန် ပြေးပွဲမှာလို့ မှတ်ထားမိတယ်။ မဆလ လက်ထက်တုန်းက ဒီဇင်ဘာ လူထုအားကစားလ ဆိုပြီး “တင်း တောင် တင်း တောင် စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့...” ဆိုတာ အတော်ခေတ်စားတာပေါ့။ နအဖ လက်ထက်ရောက်တော့ ဒီအလုပ်ကို မြို့တော်ဝန်က လွှဲယူလိုက်တယ် ထင်ပ။ ရွှေပြည်တော်သားတွေ ဆိုတာကလည်း စွပ်ကျယ် နှစ်ထည်လောက် ရတာကို ရွှေစင်နှစ်ကျပ်သားလောက် ရတယ် အမှတ်နဲ့ ဂုဏ်ယူတတ်ကြလေတော့ မာရသွန်ပွဲမှာ သဲသဲလှုပ်လှုပ် ၀င်ပါကြတာပါပဲ။ ဒါမျိုးဆို နအဖက ဖိုးကျိုင်းတုတ် ဖြစ်တာပေါ့။ မီဒီယာကနေ အကြီးအကျယ် ၀ါဒဖြန့်တော့တာပါပဲ။ မကြာပါဘူး။ လူစုရပ်မှာ ဗုံးပေါက်တော့တာပါပဲ။ ဒီလိုနဲ့ မာရသွန်ပွဲတော်ကြီးလည်း ရန်ကုန်မြစ်က တဆင့် ပင်လယ်ထဲ မျောသွားပါလေရော။ဟော နောက်တပွဲ လာပြန်ပါပြီ။ လှေသဘင်ပွဲတဲ့။ နအဖ ဗိုလ်ချုပ်မင်းများက ရှေးမင်းတွေကို သိပ်အားကျတာ မဟုတ်လား။ ဆင်ပွဲ မြင်းပွဲ နွားပွဲ လှေပွဲ ဆိုတာတွေ အစုံ လိုက်လုပ်တာကိုး။ တခုပဲ ကျန်တယ်။ ကြက်ပွဲ။ တကယ်ဆိုရင် ကြက်ပွဲလည်း လုပ်သင့်တာပါပဲ။ တစ်လုံး နှစ်လုံး သုံးလုံးမှာ ထိပ်တန်းရောက်တဲ့ ရွှေပြည်တော်သားတွေ အတွက် လောင်းစရာ ရတာပေါ့။ ပြည်ပက လောင်းကစားတွေ လုပ်မဲ့အစား ကိုယ့်ပြည်တွင်းက ကိုယ့်လောင်းကစားကိုလုပ်တော့ ရိုးရာကိုလည်း ထိန်းသိမ်းရာရောက် ပြည်တွင်း အလုပ်အကိုင်လည်း တိုးတာပေါ့။ အဲ ကိုကြီးပေါ်လည်း လှေသဘင် အကြောင်းပြောတာ ကြက်ပွဲထဲ ရောက်သွားပြီ။ အဟဲ ထားပါတော့။
လှေသဘင်ပွဲကို ကန်တော်ကြီးမှာ တလကိုးသတင်း အကြီးအကျယ်လုပ် ပွဲတွေ ခြိမ့်ခြိမ့်ခံတဲ့အခါ ရွှေပြည်တော်သားတွေလည်း “နတ်ကရာ ကြည့်မော” တသောသောနဲ့ ၀င်နွှဲကြပြန်တာပါပဲ။ ဒီပွဲမှာလည်း နောက်တော်ပါ ရွှေဗုံးက အုန်းခနဲ မြည်အောင် ပေါက်ပြန်တော့ နအဖ လှေတွေကွဲပြီး ကန်တော်ကြီးထဲ နစ်ကုန်တယ် ထင်ပ။ လှေသဘင်ပွဲကြီးလည်း စုန်းစုန်းမြုပ်သွားပါတော့တယ်။
၂၀၀၅ ခုနှစ် မှာတော့ ထိုင်းကုန်စည်ပြပွဲနဲ့ ကုန်တိုက်တွေမှာ ဗုံးသုံးလုံး တပြိုက်နက် ပေါက်တယ်။ ဒိနောက်ပိုင်းမှာတော့ ဈေးရောင်းပွဲတွေ ကုန်စည်ပြပွဲတွေ မကြားရသလောက် ပါးလျားသွားတာ သတိပြုမိပါတယ်။
ဒီတခါတော့ သင်္ကြန်ပွဲ။ ရွှေပြည်တော်မှာက ပြည်သူလူထုတွေ လမ်းမပေါ်မှာ လွတ်လွတ်လပ်လပ် ပျော်ရွှင်လို့ ရတဲ့ပွဲဆိုလို့ သင်္ကြန်ပွဲ တခုပဲ ရှိတာ မဟုတ်လား။ တနှစ်လုံး အောင့်ထားသမျှ သင်္ကြန်ကျမှ ပွင့်ကန်ထွက်ကြတာလေ။ ရွှေပြည်တော်မှာ နိုက်ကလပ် မရှိလည်း ဘာအရေးလဲ။ သင်္ကြန်မှာ “ဒန့်”လို့ရတယ်ဟုတ်။ သောက်လို့ရတယ် ဟုတ်။ မူးလို့ရတယ် ဟုတ်။ လုပ်ချင်တာလုပ် ဟုတ်။ ပြီးတော့ သင်္ကြန်ဆိုတာ ပိုက်ဆံရှာလို့ သိပ်ကောင်း။ ရိုးရိုး ဈေးရောင်းတာကို ပြောတာ မဟုတ်ဘူးနော်။ မဏ္ဍပ်ပါမစ်, ရေ မီး ပါမစ် ဆိုတာတွေက နအဖမျိုးဆက်သစ်ကလေးတွေရဲ့ အာဏာပါဝါ ပြိုင်တဲ့ပွဲ။
ဖြစ်ချင်တော့ ဒီလို တနှစ်မှတခါ မီးကုန်ယမ်းကုန် ကဲမယ် ဖြဲမယ်လို့ မောင်းတင်ထားချိန်မှာ ရွှေမိန့်တော်ကြီးက ကျလာသဗျ။ အဆိုတော်တွေ အားလုံး ကြပ်ပြေးကို လာရမယ်။ ရန်ကုန်မှာ မဏ္ဍပ်ကြီးတွေ မရှိစေရတဲ့။ ရန်ကုန်သင်္ကြန် ပြန်ပေးဆွဲခံရတာ ဆိုပါစို့။ ဘိုးတော်ဘုရားက အချိန်အခါမဟုတ် သင်္ကြန်ကျခိုင်းတော့ ဦးပေါ်ဦးက ဒီအမိန့်ကို လူတွေကတော့ လိုက်နာမယ်၊ ခွေးနဲ့သစ်ပင်ကတော့ လိုက်နာမှာ မဟုတ်ဘူးလို့ ပြန်လျှောက်ကြောင်း ဖတ်ခဲ့ဖူးတာလေး ပြေးသတိရမိပါရဲ့။

သင်္ကြန် လုံခြုံရေးနဲ့ ယဉ်ကျေးမှု ထိန်းသိမ်းဖို့ ဆိုပြီး အမိန့်ထုတ်ထားပါသေးတယ်။ ဒီလို အမိန့်ထုတ်လိုက်ရင် အားလုံး ပြည့်စုံသွားရောဗျ။ မလုံ့တလုံ မ၀တ်ရ ဆိုတော့ ချွတ်ချင်ချွတ်ထား ဆိုတဲ့ သဘောပေါ့။ ရေဘောလုံးနဲ့ မပေါက်ရ ဆိုတော့ ဗုံးနဲ့ ပေါက်ချင်ပေါက် ဆိုတဲ့ သဘောပေါ့။ ဟုတ် တကယ်လည်း ဗုံးနဲ့ ပေါက်ပါတယ်။ အေးလေ ရန်ကုန်မှာ စည်စည်ကားကား မလုပ်ပါနဲ့ဆိုတာ နားမှ မထောင်တာကိုး။
အဲသည်မှာတင် ကိုကြီးပေါ် မှားတော့တာပါပဲ။ ဗုံးသတင်းတွေဟာ အင်တာနက် ကောင်းမှုနဲ့ မိနစ်ပိုင်းအတွင်း ပေါ်ထွက်လာပါတယ်။ တင်သမျှ သတင်းအားလုံး လိုလိုမှာ “အပြင်းအထန် ရှုတ်ချသည်” ဆိုတာကို နအဖသတင်းစာ အောက်ခြေက စာသားလို ညီတူညာတူ ထည့်ထားကြတာပါပဲ။ ကိုကြီးပေါ်က စဉ်းစားတယ်။ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ လက်သည်ကို ရှုတ်ချသည်လို့ ပြောလိုက်တော့ ဟိုသကောင့်သားက နောက်တွန့်သွားရောလား လို့ပါ။ ဒီဗုံးပေါက်ရင် ဒီစကားလာမယ်ဆိုတာ မသိတာမှ မဟုတ်ဘဲ။ လူတိုင်းသိတယ်။ အမေရိကားမှာနေတဲ့ အိုဘားမားတို့ ဘန်ကီမွန်းတို့က ရှုတ်ချသည်လို့ ပြောတာလည်း တကယ်တော့ သံတမန်စကား ၀တ္တရားအရ ပြောတာပါ။ ဗုံးပေါက်တာကို ခေတ်မီနည်းတွေနဲ့ ကူညီစစ်ဆေး ရှာဖွေပေးမယ်, လူနာကို ဆေးကုပေးမယ် ဆိုတာလောက်တောင် ပါတာ မဟုတ်ပါဘူး။
တို့ ရွှေပြည်တော်သားတွေရဲ့ ဆက်ဆံရေးက အတော်ကြီးကို သံတမန်ဆန်နေကြပြီလား မပြောတတ်ပါဘူး။ ရှုတ်ချသည် ဆိုတာကို သူများထက်ဦးအောင် လုပြောနေကြသလိုပါပဲ။ သြော် ဒါကလည်း နေ့စဉ်နေ့တိုင်း မီဒီယာတွေကနေ သံတမန်စကားတွေပဲ အမြဲကြားနေရတော့ အမူအကျင့်တွေ ရိုက်ခတ်သွားတယ် ထင်ပ။
ကိုကြီးပေါ် အမြင်ပြောရရင် တကယ် လက်တွေ့ကျကျ ပြောရမှာက ဗုံးတရားခံကို အမြန်ဆုံး ဖော်ထုတ် အရေးယူပေးဖို့ တာဝန်ရှိသူတွေကို တောင်းဆို ဖိအားပေးရမှာ မဟုတ်ဘူးလား။ သေဆုံး ဒဏ်ရာရသူတွေ မိသားစုတွေ စုပေါင်းပြီး ဒီကိစ္စကို ဖော်ထုတ်ဖို့ တောင်းဆိုရမယ်။ ပြစ်မှုကြောင်းအရ တိုင်တန်းတာ အပြင် နိုင်ငံကို အုပ်ချုပ်နေတဲ့ အမြင့်ဆုံး ဗိုလ်ချုပ်မင်းကြီးဆီကို စာရေးတောင်းဆိုရမယ်။ လုံခြုံရေး တာဝန်ရှိသူတွေကို အရေးယူရမယ်။ ဒီလို မဟုတ်ပေဘူးလား။ အခုတော့ တို့ ရွှေပြည်တော်သားတွေက မယောင်ရာ ဆနွင်းလူး ရှုတ်ချသည် စကားလုံးနဲ့ နှမ်းလိုက်ဖြူးနေကြလေရဲ့။တကယ်တော့ ရွှေပြည်တော်မှာ လူတွေကြား ပေါက်တဲ့ ဗုံးမှန်သမျှ လက်သည်အမှန်ကို တခုမှ မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ပြည်ထဲရေးဝန်ကြီးတို့ ရဲချုပ်တို့ စတဲ့ ဘယ်သူကမှလည်း မိမိတို့ လုံခြုံရေး အစီအမံ ညံ့ပါတယ်လို့ ၀န်မခံပါဘူး။ ရာထူးကလည်း နုတ်ထွက် မပေးပါဘူး။ ယုတ်စွအဆုံး ဘယ်တာဝန်ရှိသူကမှ ၀မ်းနည်းစကားလေးတောင် အားနားပါးနာ ပြောတာ မဟုတ်ပါဘူး။ ရန်ကုန်မှာ သင်္ကြန်တွင်း ဗုံးပေါက် လူသေလို့ ဆိုပြီး မန္တလေးနဲ့ ကြပ်ပြေးမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်လုပ်တဲ့ သင်္ကြန်မဏ္ဍပ် တခုလောက်ရှိရင် ကိုကြီးပေါ်ကို လက်တို့ပြောကြ စေချင်ပါတယ်။ အဟဲ ရှုတ်ချသည် ဆိုသူတွေလည်း အတက်နေ့ကျတော့ ပုံမှန်အတိုင်းပါပဲ။
နအဖပွဲတော်နဲ့ ဗုံး ဆိုတာ ငပိနဲ့ ငြုတ်သီးလိုပါပဲ။ နံတဲ့ ငပိဟာ စပ်တဲ့ ငြုတ်နဲ့ တွဲမှ စားလို့ရပါတယ်။ မယုံရင် ငပိကို သကြားနဲ့တို့စားကြည့်ပါလား။ နအဖရဲ့ ပွဲတော်တွေ အရှိန်တက်လာပြီ ဆိုရင် မကြာခင်မှာ ဗုံးပေါက်တော့မယ်လို့ တွက်ဆလို့ ရတာ ကြာပါပြီ။ ဘာကြောင့် ဒီလို ပြောနိုင်သလဲ ဆိုတော့ နအဖရဲ့ လုံခြုံရေး အစီအမံထဲမှာ ပြည်သူလူထု အတွက် လုံးဝမပါလို့ပါ။ အဲသလို ပြည်သူလူထုအတွက် လုံခြုံရေးကို မလုံမခြုံ ဖြစ်အောင် မကာမကွယ် ထားတာကိုက ဗုံးတွေကို လက်ယပ်ခေါ်နေတာပါပဲ။
ငယ်တုန်းက ဆိုခဲ့ဆော့ခဲ့ကြတာလေး မှတ်မိပါရဲ့။ “အီး အီး ဘယ်သူပေါက် - နင်ပေါက်” ဆိုတာလေ။ အခုတော့ “ဗုံး ဗုံး ဘယ်သူဖောက် - နင်ဖောက်” လို့ ပြောင်းဆိုရမှာပေါ့။ အီးတရားခံ အတွက် အီးနံ့က သက်သေခံနေသလို ဗုံးတရားခံ အတွက်လည်း ဗုံးနံ့က သက်သေခံနေမှာပါ။ ဒါပေမယ့် ဖောက်တဲ့သူက ဘယ်တော့မှ မှန်မှန် ပြောမှာ မဟုတ်ပါဘူး။ ဗုံးပေါက်ပြီးတိုင်း ဗိုလ်ချုပ်မင်းတွေက ဟိုလူ ဒီလူ လက်ညှိုးထိုးပြီး လက်ရဖမ်းလို့ မဖြစ်နိုင်သူတွေကို စွပ်စွဲ၊ ရွှေပြည်တော်သားတွေက ရှုတ်ချပါသည် ဆိုပြီး မျက်စိပိတ် အော်ကြ၊ ခဏနေတော့ မေ့မေ့လျော့လျော့နဲ့ ဗုံးဇာတ်လမ်းက လျှောမွေးဖြစ်၊ ဒီလိုဒီနည်း သံသရာလည်နေချိန်မှာ ဗုံးဆရာကြီးကတော့ မိန့်မိန့်ကြီး ပြုံးနေမယ် ထင်ပါရဲ့။ ။
ကိုကြီးပေါ်
Saturday, April 3, 2010
ချောင်းကြည့်သူရဲ့ အမှား(အမှတ် ၂၁)-ကိုကြီးပေါ်

ခုတလောမှာ ကိုကြီးပေါ် တယောက်ဖြင့် “မပြောဘဲနဲ့ ကြားကြားမိတယ် မကြည့်ဘဲနဲ့ကို မြင်မိပါတော့တယ်...” လို့ အုံ့ပုန်းချစ် သီချင်းထဲကလို ဆိုနေဖြစ်ရတာကတော့ ဒီလအတွင်းမှာ ပေါ်ထွက်လာတဲ့ “ဥပဒေ” တွေကြောင့်ပါပဲ။
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ အာဏာသစ်ငုတ် ဗိုလ်ချုပ်မင်းကြီးများရဲ့ ၀မ်းတော်နှလုံးက လေပုန်းမြူးသလို ယိုကျလာတဲ့ အနှီ ဥပဒေတော်ကြီးများက နာဂစ်မုန်းတိုင်းထက် အဆရာထောင် သာလွန် ပြင်းထန်လှပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပဒေမုန်တိုင်း တချက်တိုက် အပြီးမှာ ဘယ့်နှယ် ညာ့နှယ် သို့လော သို့လော လေမုန်တိုင်းများက တကမ္ဘာလုံးမှာ ဆက်တိုက် ဆက်လက် တိုက်ခတ်နေလို့ပဲ ဖြစ်ပါတယ်။ ဒီမုန်တိုင်းတွေကြားမှာ ကိုကြီးပေါ် တယောက် ချာလည်ချာလည်နဲ့ မူးနောက်နေရာက မှန်ပြောင်းနဲ့ မျက်စိ တည့်တည့်တိုးမိလို့ ချောင်းကြည့်လိုက်တော့မှ...
ပါတီကင်ပေတိုင် နဲ့ ကောက်ရွေးပွဲ
ဒီမိုကရေစီ နတ်ပြည်ကြီးကို ဖန်ဆင်းတည်ဆောက်နေတဲ့ ဗိုလ်ချုပ်မင်းကြီးများက ၂၀၁၀ မှာ ကောက်ရွေးပွဲ လုပ်ပေးမယ် ဆိုတဲ့ ကတိကို ပေးထားခဲ့တာ အတော်ကြာနေပါပြီ။ ဘယ်တော့ လုပ်မယ်မှန်း မသိရပေမယ့် ဒီကောက်ရွေးပွဲသည်သာလျှင် ဒီမိုကရေစီ နတ်ပြည်သို့ သွားရာ နတ်စောင်းတန်း ဖြစ်ပေတယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူဆိုသည့် ပုဏ္ဏားဖြူညိုတွေက ဟောမိန့်တော်မူကြပါတယ်။ ဟပေးထားတဲ့ တံခါးပေါက်ကနေ တိုးဝင်ရမယ်လို့ ဆိုတဲ့သူများကလည်း ပါတီထောင်ပြီး အရံသင့်စောင့်နေကြပါတယ်။ ငါ, ငါ့မယား, ငါ့ညီ, ငါ့ယောက်ဖ, ငါ့ခယ်မ တို့နဲ့ ထူထောင်တဲ့ ပါတီတွေ ဆိုတော့ ပြည်သူများ အားကိုးလောက်မယ် ထင်ပါရဲ့။
ထိုထိုသော ပုဂ္ဂိုလ်များ မျှော်လင့်နေတဲ့ ဥပဒေတော်ကြီးများဟာ ဒီလမှာတော့ ရှူးခနဲ ရှဲခနဲ ပေါ်ထွက်လို့ လာပါပြီ။ ရှူးခနဲ ရှခနဲ ဖြစ်ရတဲ့ အကြောင်းကတော့ အလွန် စပ်လို့ပါ။ ကုလားအော်ငြုတ်ထက် စပ်တဲ့ ကမ္ဘာအော်ငြုတ်ပေါ့။ အမှန်ပဲ... တကမ္ဘာလုံးက ၀ိုင်းအော်လိုက်ကြတာ စီစီညံလို့။ ပါတီ ပါတီနဲ့ တတီတီ လုပ်နေသူတွေတောင် တီလို့ တွန့်သွားကြရသေးသပ။
ကမ္ဘာပေါ်မှာ ပုဒ်မ အများဆုံး ပါရှိတဲ့ ၂၀၀၈ နာဂစ် အခြေခံဥပဒေ အရ ဖွဲ့စည်းမယ့် လွှတ်တော်များ ပေါ်ပေါက်လာဖို့ အတွက် ဒီ ကောက်ရွေးပွဲတွေကနေ အစပြုရမှာပါတဲ့။ အနှီ လွှတ်တော်ကြီးများကို ဘယ်နည်း ဘယ်ပုံ ဖွဲ့စည်းမယ်ဆိုတာတွေ ကိုကြီးပေါ် မပြောတတ်ပါဘူး။ အလွန် ရှုပ်ထွေး ပွေလီလှတာမို့ ဖတ်မိလေတိုင်း အမယ်ဘုတ်ရဲ့ သူချည်ခင် ဖြစ်လို့ချည်း နေတော့တာ။ ကိုကြီးပေါ်က ခပ်ညံ့ညံ့ပေကိုး။ ဘယ်နားလည်ပါ့မလဲ။ သူ့ဥပဒေမှာက သမ္မတရယ်, စစ်ဦးစီးချုပ်ရယ်, ကာကွယ်ရေးဝန်ကြီးရယ် “ဗိုလ် ကျား သေနတ်” ပတ်လည်ရိုက်နေတာ။ ကလေးဘ၀တုန်းက ကျားဗိုလ်ဆွဲတန်း ကစားရတာ ပျော်စရာ အလွန်ကောင်း မဟုတ်လား။ နိုင်ငံတော် လူကြီးမင်းများလည်း ကျားဗိုလ်ဆွဲတန်း ကစားရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ တိုင်းပြည်အုပ်ချုပ်နိုင်အောင် ဗိုလ်ချုပ်မင်းကြီးများက စဉ်းစားစီစဉ်ထားပုံ ရပါတယ်။
ထားပါတော့။ ဒါက လွှတ်တော်ကြီး ပေါ်လာမှ ဒန် ဒန့် ဒန်... ရမှာ။ ကနဦး လုပ်ရမှာက ကောက်ရွေးပွဲ။ ဒီနေရာမှာ ကိုကြီးပေါ်က “ကောက်ရွေးပွဲ” လို့ ရေးတာ စာမှားရိုက်တာ မဟုတ်ပါဘူး။ အမှန်တကယ် ကောက်ရွေးပွဲမို့ ရေးတာပါ။ နို့ စကားအမှန်က “ရွေးကောက်ပွဲ” ပါ။ မင်းက ဘယ့်နှယ် ကောက်ရွေးပွဲ ရယ်လို့ ဖြစ်ရတာတုန်းလို့ စောဒက တက်ချင်မယ် ထင်ပ။ ကိုကြီးပေါ်မှာလည်း ဖြေစရာ အဆင်သင့် ရှိသပ။ မြန်မာစကားမှာ ရွေးကောက်ပွဲနဲ့ ကောက်ရွေးပွဲ အဓိပ္ပာယ်ချင်း လုံးဝ မတူပါဘူး။
ဟိုးရှေး ရှင်ဘုရင်ခေတ်တုန်းက “ကောက်” “တော်ကောက်” “ကောက်စား” ဆိုတဲ့ စကားတွေ ရှိခဲ့တယ် မဟုတ်လား။ ချောချောလှလှ မိန်းကလေးတွေကို ရှင်ဘုရင်က သဘောကျရင် မယားအဖြစ် သိမ်းပိုက်လိုက်တာကို “ကောက်”တယ် “တော်ကောက်”တယ်လို့ ခေါ်တာပါ။ အမှုထမ်း တယောက်ယောက်ကို အခွင့်အရေးတွေ အများကြီး ပေးလိုက်တာကို ရှင်ဘုရင်က “ကောက်စား”တယ်လို့ ခေါ်တာပါ။ အရှင်ကောက်စားလို့ တောက်ကြွားတယ် ဆိုတဲ့စကား ကြားဖူးတယ် ဟုတ်။ အခုလည်းပဲ ဗိုလ်ချုပ်မင်းကြီးက သူသဘောကျတဲ့သူတွေကို လွှတ်တော်ထဲ ၀င်စေ ဆိုပြီး “ကောက်”တော်မူမှာ ဖြစ်ပါတယ်။
လွှတ်တော်မှာ အမတ် ၂၅ ရာနှုန်းက ဗိုလ်ချုပ်မင်းကြီးက ခန့်အပ်စေလွှတ်မယ့် စစ်သားတွေ။ ကျန်တဲ့ အမတ် နေရာတွေအတွက် ဘယ်သူက ဘယ်ကနေ ၀င်ရောက် အရွေးခံလို့ ဗိုလ်ချုပ်မင်းကြီးက နေရာချထား စီစဉ်နေတာ အားလုံး သိကြားနေရတယ် မဟုတ်လား။ သူ ကောက်ပြီး နေရာချပေးထားတဲ့ သူကိုပဲ ပြည်သူတွေက ရွေးပေး ရမှာ မဟုတ်လား။ အခြားသူကို ရွေးခဲ့ရင်ကော ဗိုလ်ချုပ်မင်းကြီးက အသာ ကြည့်နေတော် မူမတဲ့လား။
“ရွေးကောက်”လို့ ပြောရင် ရွေးတာက အရင်။ အများထဲက တယောက်ကို ရွေးပြီး ဒီလူပဲလို့ ကောက်ပေးရမှာ။ “ကောက်ရွေး”လို့ ပြောရင် ကောက်တာက အရင်။ ကောက်ပြီးသားကိုပဲ ရွေးပေးရမှာ။ ဒါကြောင့် ကိုကြီးပေါ်က ကောက်ရွေးပွဲလို့ ရေးတာ ဖြစ်ပါတယ်။
ကိုကြီးပေါ်ကတော့ ဗိုလ်ချုပ်မင်းကြီးရဲ့ ကောက်ရွေးပွဲကို နဂိုကတည်းက သိပ်အာရုံမကျတော့ ကောက်ရွေးပွဲဥပဒေ ဆိုတာကြီးကိုလည်း သိပ်စိတ်မ၀င်စားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကိုကြီးပေါ်ကို ဗိုလ်ချုပ်မင်းကြီးက ကောက်မှာ မဟုတ်တာ သေချာနေတာကိုး။ သူသဘောကျမယ့် အရည်အချင်းမျိုး ကိုကြီးပေါ်မှာ ဘာမှ မရှိဘူးလေ။ တကယ်လို့ မျက်စိလည်ပြီး ကောက်မယ်သာဆို အဟဲ... ကိုကြီးပေါ်လည်း ယားကျိကျိ ဖြစ်မိမှာ အသေအချာ။
အဲ စိတ်ဝင်စားမိတာကတော့ ရွှေပြည်တော်ကြီးမှာ “ပါတီကင်ပေတိုင်”ကြီး ပေါ်လာတာကိုပါ။ ဥပဒေ ၁/၂၀၁၀ နိဒါန်းမှာ ဟောသလို ရေးထားပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ နိုင်ငံသားတိုင်းသည် လွှတ်တော်များသို့ ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်တို့ကို ကျင့်သုံးကြရာတွင် ကြီးကြပ်ပေးရန်နှင့် နိုင်ငံရေးပါတီများကိုလည်း ကြီးကြပ်ပေးနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် တရပ်ကို ဖွဲ့စည်းနိုင်ရေးအတွက် ... အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
ဒီဥပဒေရဲ့ အခန်း (၃) တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပုဒ်မ ၈ (ဋ) မှာ -
နိုင်ငံရေးပါတီများကို ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်ခြင်း, ကြီးကြပ်စေခြင်းနှင့် လမ်းညွှန်ခြင်း - လို့ ပါပါတယ်။
ပြီးတော့ ပုဒ်မ ၉ မှာ - ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ် ဖြစ်စေရမည် - တဲ့။
ကဲ... အဲဒါကြီးကို ပါတီကင်ပေတိုင် မခေါ်လို့ ဘာခေါ်ရမလဲ။
နောက်တခုက ဥပဒေ ၂/၂၀၁၀ မှာ ပါတီမှတ်ပုံတင်မယ် ဆိုရင် ပုဒ်မ ၆ အရ ၀န်ခံချက် ပေးရမယ်။ ၀န်ခံချက် ခြောက်ချက်အနက် (ဂ) မှာ - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး - လို့ ပါပါတယ်။
နိဂုံးချုပ်လိုက်တော့ ဗိုလ်ချုပ်မင်းကြီးက သူ့ကိုယ်စား ပါတီတွေကို နှိမ်နင်းဖို့ ကင်ပေတိုင်ကြီးကို ပေါ်တင် ဖွဲ့စည်းလိုက်တာပါပဲ။
ကဲ ဒီတော့လည်း လွှတ်တော်ထဲကနေ ဥပဒေကို တဖြည်းဖြည်း ပြင်ယူမယ်ဆိုပြီး စိတ်ကူးတယဉ်ယဉ် ဘ၀င်တလှပ်လှပ်နဲ့ ခေါင်းပေါင်း ဖုန်ခါနေတဲ့, ဆံတုံး ပန်းပန်နေတဲ့ နတ်စောင်းတန်း ခြေတော်ရင်းမှာ ဖ၀ါးတကြွကြွ ဖင်တကွကွ ဖြစ်နေသူများ ပါတီကင်ပေတိုင်ကြီးကို မည်သို့ရင်ဆိုင်ကြမည့်အကြောင်း ဆက်လက်၍ ချောင်းကြည့်ဦးမည် ဖြစ်ပါကြောင်း...။
ကိုကြီးပေါ်
Monday, March 1, 2010
ချောင်းကြည့်သူရဲ့ အမှား(ကိုကြီးပေါ်)
တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို ချောင်းကြည့်လိုက်တိုင်း ကိုကြီးပေါ် တယောက်မှာဖြင့် အမှားတွေ ဗရပွနဲ့ ဗွက်ထနေခဲ့တာ အတော်ကြာပေါ့။ ဒါပေမယ့်လည်း အဲသလို မှားလိုက်ရမှ အယားပြေလေရော့သလား မသိ။ ချောင်းမိတာလည်း အခါခါ။ မှားမိတာလည်း အခါခါ ဆိုပါတော့။အခုလို နှစ်သစ်ဆန်းတဲ့ ကာလမျိုးမှာတော့ ရွှေပြည်တော်ကြီးမှာ တီးတိုးတဖုံ ကျယ်ကျယ်တမျိုး ရင်အခုန်ကြဆုံးကတော့ ဆုတွေ, ဂုဏ်ထူးတွေ, လက်မှတ်တွေ ပေးအပ် ချီးမြှင့်တဲ့ အကြောင်းရပ်ပါပဲ။
မဟာငတာ
တိုင်းပြည်နိုင်ငံ အများမှာ နှစ်တနှစ် ကုန်ခါနီးရင် ဒီနှစ်အတွက် အထူးခြားဆုံးတွေ, အကောင်းဆုံးတွေ, အထူးချွန်ဆုံးတွေကို ရွေးချယ် ကြလေ့ရှိပါတယ်။ အင်မတန် စိတ်ဝင်စား ရင်ခုန်စရာ ကောင်းတဲ့ အလုပ်တွေပေါ့။ စာပေ, ဂီတ, ရုပ်ရှင်, အားကစား စတဲ့ လူတိုင်းကြိုက်တွေ သာမက စီးပွား, ပညာ, သိပ္ပံ စတဲ့ အလေးအနက်တွေလည်း ပါဝင်တတ်ပါတယ်။ တိုင်းကျိုးပြည်ကျိုး ဆောင်သူတွေကိုလည်း အထူးတလည် ဂုဏ်ထူးတွေ ပေးအပ်တတ်ကြပါတယ်။
ရွှေပြည်တော်မှာလည်း နိုင်ငံတကာ စံချိန်မီ အဲသလို လိုက်လုပ်ပါတယ်။ အဲ… ကွာခြားတာကတော့ နိုင်ငံတကာမှာ ဆုပေးတာက ရောက်ဆဲနှစ်အတွက် လတ်တလော ရွေးချယ်ပေးတာ။ ရွှေပြည်တော်ကြီးကတော့ လွန်ခဲ့တဲ့ တမြန်တနှစ် အတွက် ပေးတာ။ တနှစ်တာအတွင်းက အကောင်းဆုံးတွေကို ရွေးချယ်ဖို့ လူကြီးမင်းများက တနှစ်ကြီးများတောင် အချိန်ယူတယ် ဆိုတဲ့ သဘောပေါ့။
အကောင်းတကာ့ အကောင်းဆုံးကို အပြစ်အနာ အဆာမရှိအောင် အဆင့်ဆင့် စိစစ်ရွေးချယ်ရတာမို့ ဒီလောက် ကြာရပေတာပဲလို့ ကိုကြီးပေါ်က သဘောထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ သိပ်တော် သိပ်ကောင်းလို့ ဆုရမယ် မှန်းရင်တော့ နောက်တနှစ်အတွင်း မသေသေးနဲ့ဦးပေါ့။ ယတြာလေး ဘာလေး ချေထားပေါ့။ ရွှေပြည်တော်မှာ လာဘ်ထိုးရင် ဘာမဆို ဖြစ်တာပဲ။ သေမင်းကိုလည်း လာဘ်ထိုးထားပေါ့။

ဆုတွေထဲမှာ အကယ်ဒမီ လို့ခေါ်တဲ့ ရုပ်ရှင်ဆုကတော့ ပေါ်ပြူလာ အဖြစ်ဆုံးပါပဲ။ ရုပ်ရှင်က လူအများကြိုက်တဲ့ အနုပညာမို့ ရုပ်ရှင်အကယ်ဒမီကို လူတွေ စိတ်ဝင်စားတာ မဆန်းပါဘူး။ ပိုက်ဆံရှာကောင်းတဲ့ စီးပွားလည်း ဖြစ်ပေသကိုး။ အဲ ဆန်းနေတာက ရွှေပြည်တော်မှာ ရုပ်ရှင်ဆုကို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က ပေးတာမဟုတ်ဘဲ၊ ရုပ်ရှင်မကြည့်တဲ့ အာဏာသစ်ငုတ်တွေက ပေးတာ ဖြစ်နေတာပါပဲ။
နိုင်ငံတကာမှာ ရုပ်ရှင်ဆုကို ရွေးချယ်ဆုပေးတာက ရုပ်ရှင်နဲ့ ပတ်သက်ဆက်နွှယ်ပြီး လုပ်ကိုင်နေသူတွေ, ပညာသည်တွေ, ထင်ရှားကျော်ကြားသူတွေက ပေးတာ။ မရွေးခင်မှာ ပရိသတ်ရဲ့ ဆန္ဒမဲကိုလည်း တောင်းခံထားသေးရဲ့။ ဒီတော့ ရွေးလိုက်တဲ့ဆုဟာ ပရိသတ် ဆန္ဒကိုလည်း ထင်ဟပ်, ပညာရှင်များလည်း နှစ်သက်, အများလည်း ကြိုက်ပြီး ဟိုးဟိုးကျော်ပေတော့တာကိုး။ ရွေးစရာတွေကလည်း များလွန်းလို့ ကဏ္ဍတွေ ခွဲထားတာတောင် မူးနောက်နေတာပါပဲ။
ရွှေပြည်တော်မှာကတော့ လက်ဆယ်ချောင်း မပြည့်တဲ့ ရုပ်ရှင်ကားထဲကနေ ဆုတွေ ရွေးထုတ်လိုက်တာများ နည်းမှတ်လို့။ အဲ ရာထောင်ချီတဲ့ ဗီဒီယိုတွေကျတော့ ရုပ်ရှင် မဟုတ်ဘူး ဆိုပဲ။ ပြီးတော့ ရုပ်ရှင်မှာ တေးဂီတဆု ဆိုပြီး ပေးပေမယ့်၊ ရာနဲ့ချီ ထွက်နေတဲ့ တေးအဲယ်ဘမ်တွေကို ကျတော့ “ဂီတအကယ်ဒမီ” ဆုရယ်လို့ ဘယ်သူကမှ မပေးဘူး ခင်ဗျ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ရမယ်လို့ ပါးစပ်နဲ့ မဆံ့အောင် အော်နေပေမယ့် ဇာတ်သဘင်တို့, ဆိုင်းတို့လည်း အကယ်ဒမီ တန်းမ၀င်ဘူး ခင်ဗျ။ ပြိုင်ပွဲတွေ လုပ်နေတာပဲလို့ စောဒက တက်နိုင်ပေမယ့်၊ ပြိုင်ပွဲနဲ့ တကယ့်အလုပ်နဲ့က မတူဘူးလေ။
အခုဆိုရင် အကယ်ဒမီလိုချင်ရင် ဘယ်လိုကားကိုရိုက်, ဘယ်စရိုက်ကို သရုပ်ဆောင်, ဘယ်စကားကို ပြော, ဆုပေးမယ့်သူတွေနဲ့ ဘယ်လို နေထိုင်ဆက်ဆံ ဆိုတဲ့ ဖော်မြူလာတွေကို ရွှေပြည်တော်က တောရောမြို့ပါ ပရိသတ်အားလုံးက အလွတ်ရနေကြပါပြီ။ ကြိုသိနေကြလို့ သိပ်တောင် ရင်မခုန်ရတော့ပါဘူး။
ပရိသတ်အများက ရင်မခုန်ပေမယ့် တိုးတိုးတိတ်တိတ် ကြိတ်ပြီး ရင်ခုန်တဲ့ ဆုတွေလည်း ရှိသေးတယ် ခင်ဗျ။ အမျိုးသားစာပေဆုတို့, ဘာဓဇ ညာဓရ ဆိုတဲ့ ဂုဏ်ထူးတို့, ဘာထူးချွန် ညာထူးချွန် ဆိုတဲ့ တံဆိပ်တို့ ဆိုတာတွေပေါ့။ များလွန်းလို့ သတင်းစာမှာတောင် တပတ်လောက် ဆက်တိုက် ဖော်ပြရတာ။ ကိုကြီးပေါ်လည်း အလွတ် မမှတ်မိပါဘူး။ ဒီဆုတွေ တံဆိပ်တွေမှာလည်း ဖော်မြူလာ ကိုယ်စီ ရှိပြီးသား ခင်ဗျ။ အထုပ်ကလေး ပိုက်ပြီး အကွက်ကလေး ရိုက်လိုက်ရင် ဆုတခုကတော့ ဖုတ်ခနဲ ပြုတ်ကျလာတာပါပဲ။
ကိုကြီးပေါ် မှန်ပြောင်းထဲမှာ မြင်နေရတာကတော့ ဆုတွေ တံဆိပ်တွေ ဂုဏ်ထူးတွေ ဘယ်လိုပဲ ပြောင်းသွား ပြောင်းသွား ပေးသူကတော့ တယောက်တည်းပဲ ခင်ဗျ။ နအဖဆိုတဲ့ အာဏာသစ်ငုတ်တွေပေါ့။ ဆုပေးသဘင် ဆိုတာတွေကလည်း ရွှေပြည်တော်မှာ တနှစ်ပတ်လုံး ပြတ်တယ် မရှိပါဘူး။ သတင်းထဲ နေ့တိုင်းပါနေတော့ ဗိုလ်ချုပ်မင်းများ တတ်အပ်သော အဋ္ဌာရသထဲမှာ ဆုပေးအပ်ခြင်း ဆိုတာလည်း တပါးပါမယ် ထင်ပါရဲ့။
ဒီနှစ်ဆန်းမှာတော့ ဗိုလ်ချုပ်မင်းများက ရွှေပြည်တော်ကြီးမှာ ပေးအပ်နေကျ ဆုထူး ဂုဏ်ထူးတွေကို ပြုပြင်ပြောင်းလဲပါတယ်။ အနာဂတ်ခေတ်နဲ့ ညီအောင်လို့ ဆိုပဲ။ ၀ီရိယ ကဲတဲ့ သဘောပေါ့။ တကယ်တော့ ဟိုးယခင်ခေတ်က ပေးခဲ့ဖူတဲ့ သတိုးတို့, အဂ္ဂတို့, စည်သူတို့, ပျံချီတို့ စတဲ့ ဘွဲ့တွေကို ပြန်ပေးမယ်လို့ လုပ်တာပါ။
လွတ်လပ်ရေးရတော့ ဖဆပလ အစိုးရက ပါဠိဘာသာနဲ့ ရေးထားတဲ့ ဘွဲ့တွေ တီထွင် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းက ဆိုရှယ်လစ်ခေတ် လုပ်တော့ အဲဒါတွေကို ပဒေသရာဇ်စော် နံတယ် ဆိုပြီး ဖယ်ထားခဲ့ပါတယ်။ တကယ်တော့ ဖဆပလ လုပ်တာကို အမွေမခံဘူး ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အဲဒီ ဘွဲ့တွေက အရှိန်အ၀ါ အတော်ကြီးတယ် ခင်ဗျ။ အမည်ရှေ့မှာ တမြတ်တနိုးတပ်ခဲ့ကြလို့ နှောင်းလူတွေက အဓိပ္ပာယ်သာ ဘာမှန်းမသိ ရှိမယ် ဘွဲ့တွေနဲ့တော့ ရင်းနှီးနေကြတာပါ။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်, ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်, စည်သူ ဦးသန့် ဆိုတာမျိုးတွေပေါ့။
ဟော အခု၊ ဒီဘွဲ့တွေကို ပြန်ပေးမယ် ဆိုတာ ကြေညာပြီးတဲ့နောက်မှာ တေဇ နဲ့ ဇော်ဇော် ကို “သီရိပျံချီ” ဘွဲ့ပေးတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် ကြေညာချက်ကို လူသိအောင် မထုတ်ပြန်ဘူး။ တိုးတိုးတိတ်တိတ် ဆိုပဲ။ အင်… ဆုပေးတာ လူသိအောင် မဟုတ်ရင် ဘာလုပ်ဖို့ပါလိမ့်…။
ဒီမှာတင် ကိုကြီးပေါ် စမှားတော့တာပါပဲ။ ကိုကြီးပေါ်က တွေးမိလိုက်တာက ဆုတခုရဲ့ ဂုဏ်ဒြပ်ဟာ ဆုပေါ်မှာ တည်သလား, ပေးသူမှာ တည်သလား, ရသူမှာ တည်သလား ဆိုတာပါပဲ။ ပြီးတော့ လူသိဖို့ လိုသလား မလိုသလား။ ပေးတဲ့လူက တိတ်တိတ်လေးပေးတာကို ယူတဲ့သူက ဘမ်းဖော်ပြလို့ ဖြစ်ပါ့မလား။ ဆုရတာ မင်းနဲ့ငါပဲ သိတယ်။ ရှူး…တိုးတိုး။
တချိန်က သိပ်နာမည်ကြီးခဲ့တဲ့ “စတာလင်ဆု” တို့ “စကြာတံဆိပ်” တို့ ဆိုတာတွေ အခု ဘယ်လို ဖြစ်သွားကြပြီလဲ။ နအဖ ဗိုလ်ချုပ်ကြီးများ ပေးတဲ့ဆု ဆိုတာတွေကကော ဘယ်လို အဓိပ္ပာယ် ဖြစ်လိမ့်မလဲ။ ရတဲ့သူတွေကကော ဘယ်လိုလူတွေ ဖြစ်မလဲ။ ကိုကြီးပေါ်တော့ ချောင်းမိလေလေ မှားလေလေပါပဲ။
ဒီအဖြေတွေ အတွက် အားလုံး ကြားဖူုးပြီးသား ဇာတ်လမ်းကလေးက အဖြေပေးနိုင်မယ် ထင်ပါရဲ့။ ဒီလိုပါ။
ယောအတွင်းဝန် ဦးဘိုးလှိုင် ရေးတဲ့ စာပေတွေကို မြင်းထိန်း ငတာ ဆိုသူက - မင်းကြီးရေးတဲ့စာတွေ သိပ်ကောင်းတယ်, သိပ်အဖိုးတန်တယ် - လို့ လူထူထူရှိရင် ပြောလေ့ရှိသတဲ့။ ဒီသတင်းကို ယောမင်းကြီး ကြားတော့ ငတာကို ခေါ်ပြီး မေးတယ်။ မင်း ငါ့စာတွေကို သေချာ ဖတ်ဖူးသလား တဲ့။ ငတာခမျာ သေချာ မဖတ်ဖူးတော့ ဘာပြောရမှန်းမသိ အ အိ ဖြစ်နေတာပေါ့။ မင်းကြီးက ရွှေဒင်္ဂါး နှစ်ပြား ထုတ်ပေးပြီး - ရော့ ဒါယူပြီး လုပ်ကိုင်စား, နောက်ကို ငါ့စာကောင်းကြောင်း လျှောက်မပြောနဲ့, မင်းအရာ မဟုတ်ဘူး - လို့ ပြောလွှတ်လိုက်သတဲ့။
ရှင်ဘုရင် ပေးတဲ့ ရာထူး စည်းစိမ်ကိုတောင် စွန့်လွှတ်ဖို့ ၀န်မလေးတဲ့ ဦးဘိုးလှိုင်လို လူကတော့ ငတာလို မြင်းထိန်းတယောက်ရဲ့ ချီးမွမ်းမှုကို ဘယ် သာယာလိမ့်မလဲ။
ဒီကနေ့ ငတာတွေက ဗိုလ်ချုပ်တွေ ဖြစ်လာတော့ သူတို့ပေးတဲ့ “မဟာငတာဘွဲ့” တွေကို ငတာ့ နောက်က မြင်းချေးကျုံးသူတွေ ၀မ်းမြောက်ဝမ်းသာ အငမ်းမရ ဖြစ်ကြတာ ဆန်းမယ်တော့ မထင်။
ကိုကြီးပေါ်
Thursday, December 31, 2009
ချောင်းကြည့်သူရဲ့ အမှား(အမှတ် ၁၉)


ထူးမခြားနား - အရင်အတိုင်း
ဒါက သီချင်းခေါင်းစဉ် နှစ်ပုဒ်ပါ။ ထူးမခြားနား ဆိုတာက မဟာဂီတ။ အရင်အတိုင်းက ထူးအိမ်သင်ရဲ့ သီချင်း။ ဟုတ်ကဲ့။ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီး အကြောင်းပြောရင် ဒီသီချင်းခေါင်းစဉ် နှစ်ခုနဲ့တင် ပြည့်စုံပါတယ်လို့ ဆိုရမှာပါ။ ရွှေပြည်တော်ကြီးမှာ ဘာမှ မထူးပါဘူး။ အရာ အားလုံးဟာ အရင်အတိုင်း မခြားမနား ဆက်လက်တည်နေဆဲပါ။
အခုတလောမှာ ရွှေပြည်တော်ရဲ့ အကြီးအချုပ် ဗိုလ်ချုပ်မင်းကြီးဟာ ပုဂံရွှေမြို့တော်သို့ တိုင်းခန်းလှည့်လည်တော် မူပါတယ်။ စေတီပုထိုးတွေကို ထိုင်လျက်တမျိုး မတ်တပ်တဖုံ ကုန်းလျက်တနည်း ယီးတီးယောင်တ ဦးတော်ချပါတယ်။ အနှီ ဗိုလ်ချုပ်မင်းကြီးရဲ့ အပါးမှာ မျက်တောင်မခတ် နားရွက်မလှုပ် ငြိမ်ကုပ်၍ လိုက်ပါလာကြတဲ့ နောက်တော်ပါ ဗိုလ်ကြီး ဗိုလ်သေး ဗိုလ်ပေမှေး တို့ကလည်း ထိုအမူအရာအတိုင်း တသဝေမတိမ်း ယိမ်းတိုက်လျက် လိုက်လုပ်ကြပါတယ်။ ဤကား အနှစ်နှစ်ဆယ်ကျော် တနေ့မပျက် ကပြလာခဲ့သော နိုင်ငံတော် ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ ပဏာမ အော်ပရာ အခန်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ဗိုလ်ချုပ်မင်းကြီးဟာ ထိုထိုဤဤသော သင်တန်းဆင်းပွဲတွေကို တက်ရောက်ပြီး အလေးပြုခံလျက် မိန့်ခွန်းခြွေပါတယ်။ ဒီသင်တန်းတွေ ဆိုတာက ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ မျိုးဆက်သစ်ကလေးတွေ ဖြစ်ပါတယ်။ ဒေ၀ါလီရဲ့ မျိုးဆက်သစ်ဆိုတော့ “ကူလီ”ကလေးတွေပေါ့။ ရှေးအခေါ်အဝေါ်နဲ့ဆိုရင် “ကျွန်”ပေါ့။ ဒါမှမဟုတ် “သဘောက်”။ သို့မဟုတ် “အစေခံ”။ ဒါမှမကြိုက်သေးရင် “ခိုင်းဖတ်”။ ကဲပါလေ စကားလုံးတွေ ရှုပ်ကုန်ပါ့မယ်။ ခပ်လွယ်လွယ် “နွား”လို့ပဲ ဆိုလိုက်ကြပါစို့။
နွားဆိုတာက နွားဖြစ်ရုံနဲ့ ခိုင်းလို့ရတာ မဟုတ်သေးဘူး။ ခိုင်းနွား ဖြစ်ဖို့ “ထမ်းပိုးကျင့်” ပေးရပါသေးတယ်။ နွားကလေးတွေကို သုံးလေးနှစ် ထမ်းပိုးကျင့်ပြီးပြီ ဆိုတော့ ထမ်းပိုးတင်ပွဲကို မြက်ခင်းထဲမှာ ဘယ်ညာနင်းပြီး ကျင်းပပါတယ်။ ဒေ၀ါလီဇာတ်အဖွဲ့ရဲ့ မျိုးဆက်သစ်မိတ်ဆက် နွားရှုသဘင် သို့မဟုတ် မျက်နှာသစ်ယိမ်း ဆိုပါတော့။
ဒီလို မျိုးဆက်သစ်ကလေးတွေကို မိန့်ခွန်းခြွေတာက ဒေ၀ါလီဇာတ်အဖွဲ့ရဲ့ “ပြည်တည်ခန်း”လို့ ပြောရင် ရပါတယ်။ ဘုရင်တို့ ၀န်မင်းတို့ ပြည်တည်ခန်းမှာ ပြောကြဟောကြတဲ့ စကားဆိုတာ ပျားရည်ကို သကြားအုပ်ပြီး ဘုတ်အုပ်ထဲကအတိုင်း ရွတ်တာ မဟုတ်လား။ ကောင်းပေး ညွန့်ပေ့ လှပေ့ ခန့်ပေ့ ဆိုတဲ့ မစားရ ၀ခမန်းတွေပေါ့။ သို့သော်လည်း အဲဒီစကားတွေဟာ တကယ်ကတဲ့ ဇာတ်လမ်းနဲ့ သိပ်မဆိုင်လှတာလည်း အစဉ်အလာ တခုပါပဲ။
နှစ်ပါးသွား ရောက်ပါပြီ။ အမှန်တကယ်ကို ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကြီးကတော်တို့က သူတို့နှစ်ဦးတည်း လမ်းလျှောက်ပြ, စားသောက်ပြ, စကားပြောပြ, ထိုင်ပြ, မဲ့ပြ, ခေါင်းညိတ်ပြ ကြပါတယ်။ လောလောဆယ်တော့ မြိုင်ထခန်းပဲ ရှိပါသေးတယ်။ လွမ်းခန်း မရောက်သေးပါဘူး။ တကယ်လွမ်းရင်လည်း လွမ်းလောက်မယ် မထင်ပါဘူး။
ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ အခြားဇာတ်ဝင်ခန်းတွေမှာတော့ ၀န်ကြီး, မှူးမတ်, စစ်သူကြီး, လက်စွဲတော်, ပုဏ္ဏား, အာဏာပါးကွက်သား, လက်မရွံ, ကြာကူလီ, ကုန်းရုပ်, သူဌေး, မိန်းမစိုး, သူကြီး, လူမိုက်, အမူးသမား, ဖော်လံဖား အစရှိတဲ့ ရောင်မျိုးစုံ ဇာတ်ရုပ်တွေဟာ ဇာတ်ညွှန်းအတိုင်း ကပြ အသုံးတော်ခံ နေကြပါတယ်။ တနှစ်ပတ်လုံးကတာ ဒီဇာတ်သွား တခုတည်းပါပဲ။ သူဌေးက သူဌေး ဆက်ဖြစ်ပြီး သူဆင်းရဲက သူဆင်းရဲ ဆက်ဖြစ်ပါတယ်။ လူမိုက်က လူမိုက် ဆက်ဖြစ်ပြီး အဖမ်းခံရသူတွေက အဖမ်းခံရသူတွေ ဆက်ဖြစ်ပါတယ်။ စစ်သားက စစ်သား ဆက်ဖြစ်ပြီး စစ်ပြေးက စစ်ပြေး ဆက်ဖြစ်ပါတယ်။ ဇာတ်လမ်းမပြောင်း။ ဇာတ်ရုပ်မပြောင်း။ တီးလုံးမပြောင်း။
၂၀၀၉ ခုနှစ် ဇာတ်ရာသီမှာ ကပြခဲ့တဲ့ ပြဇာတ်တိုလေး တပုဒ်ကတော့ လူကြိုက် အတော်များပါတယ်။ “အရူးယက်တော” တဲ့။ ဘွားခနဲ ပေါ်လာပြီး ရုတ်ခနဲ ပျောက်သွားတဲ့ ဒီဇာတ်လမ်းမှာ မင်းသမီးကတော့ ပရိသတ်ရဲ့ ကရုဏာကို ဆက်လက်ယူသွားနိုင်ပါတယ်။ နှစ်အကုန်မှာတော့ ဒီဇာတ်လမ်းက မေ့တေ့တေ့တောင် ဖြစ်လုနေပါပြီ။
မှော်ဆရာကြီးရဲ့ ဇာတ်လမ်းတပုဒ်လည်း ကမယ်ကမယ်နဲ့ ပြင်ဆင်ပြီးကာမှ ရုံရက်မရလို့ ဆိုင်းထားရပါတယ်။ အိုဘားမားနဲ့ ကလင်တန်တို့ရဲ့ စမတ်ပါဝါဆိုတဲ့ ပေါ်လစီ အပြောင်းအလဲမှာ ထိပ်သီးချင်း စိန်ခေါ်ပွဲကို ၀ါရှင်တန်နဲ့ နေပြည်တော်မှာ အပြန်အလှန်ထိုးကြဖို့ ပွဲသွင်းသူတွေက စီစဉ်ပြီးပါပြီ။ ကတော့ မကရသေးပါ။ မျှော်…။
မနေ့တနေ့ကတော့ ကမ္ဘာကျော် နိုဗဲလ်ဆုရှင် စီးပွားရေးပညာရှင် စတစ်ဂလစ် ဆိုသူကြီး ရွှေပြည်တော် သွားပါတယ်။ စီးပွားရေးဆိုင်ရာ ဟောပြော အကြံပြုဖို့လို့ ဆိုပါတယ်။ သူဘာတွေ ပြောတယ်လို့ ကိုကြီးပေါ် အသေးစိတ် မသိပါ။ သူ့ကို ဒေ၀ါလီဇာတ်အဖွဲ့မှာ ပါဝင်ကပြဖို့ ငှားတယ်လို့တော့ ကြားမိပါတယ်။ သူက စီးပွားရေးနဲ့ နိုင်ငံရေးကို တွဲလျက်ကမှ ဖြစ်မယ်ပြောတာနဲ့ ဈေးမတည့် ဖြစ်ပြီး ပြန်သွားရတယ်လို့ ကြားပါတယ်။ သူပြန်တော့ ရွှေပြည်တော်ကြီးကနေ လက်ဆောင်တထုပ် ပေးလိုက်ပါတယ်။ အိမ်ရောက်လို့ ဖြည်ကြည့်လိုက်တော့ စာရွက်တရွက်မှာ စာတတန်းရေးထားတယ်။ “ကျွဲပါး စောင်းတီး” တဲ့။
နှစ်ကုန်မယ့် နောက်ဆုံးရက်သတ္တပတ် မှာတော့ ဗိုလ်ချုပ်မင်းကြီးက ၂၀၁၀ ကို ကြိုဆိုတဲ့အနေနဲ့ ရုရှားက အမ်အိုင်ဂျီ ၂၉ တိုက်လေယာဉ် အစီး ၂၀ ၀ယ်လိုက်ပါတယ်။ ဒေါ်လာ သန်း ၅၇၀ တန်ပါသတဲ့။ ကိုကြီးပေါ် အထင်တော့ ဒီ ပိုက်ဆံတွေဟာ ဒေ၀ါလီဇာတ်အဖွဲ့ကြီးရဲ့ နှစ်ချုပ်အမြတ်တွေ ဖြစ်မယ် ထင်တာပါပဲ။ ဒါမှမဟုတ် ရွေးကောက်ပွဲ အပြီးမှာ ပေါ်လာမယ့် လွှတ်တော်ဆိုတာကြီးကို လက်ဆောင်ပေးဖို့ ကြိုဝယ်ထားတာ ဖြစ်နိုင်ပါတယ်။
လာမယ့် နှစ်ဆန်းတစ်ရက်နေ့ကျရင် ဒေ၀ါလီဇာတ်အဖွဲ့ကြီးက အထူးတင်ဆက်မှုတခု လုပ်ဖို့ ရှိပါတယ်။ ကမ္ဘာပေါ်က အရေးအကြီးဆုံး ပုဂ္ဂိုလ်များကို အထူးဧည့်သည်တော်များ အဖြစ် ရွေးဖိတ်ထားပါတယ်။ ကိုကြီးပေါ်လည်း ဖိတ်စာရထားလို့ ရွှေပြည်တော် နှစ်သစ်ကူးပွဲကို သွားဖို့ အစီအစဉ် ရှိပါတယ်။
အဲဒီပွဲရဲ့ အထူးအစီအစဉ်ကတော့ လွန်ခဲ့သော နှစ်ပေါင်း ထောင့်ကိုးရာခန့်က ကျော်ကြားထင်ရှားခဲ့သော ရောမ နီရိုးဘုရင်ကြီးရဲ့ “တိုင်းပင်လယ်မီး” သီချင်းကို ဗိုလ်ချုပ်မင်းကြီးက သီဆိုပြီး သူရဲ့ မိဖုရားနဲ့ သမီးတော်များက စောင်းတီးလျက် သံပြိုင်လိုက်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဆက်လက်ရှုစားတော် မူကြပါကုန်။
ကိုကြီးပေါ်
Saturday, September 27, 2008
ခြောင်းကြည့်သူရဲ့ အမှား(အမှတ် ၈) ကိုကြီးပေါ်

ကိုကြီးပေါ် တယောက် ဒီတပတ် ခြောင်းကြည့်လိုက်တာ မှန်ပြောင်းက နည်းနည်း ချော်သွားတယ် ထင်တယ်။ ဗိုလ်ချုပ်မင်းများရဲ့ နန်းတော်ကြီးကို ကျော်ပြီး ဟိုဟိုဒီဒီ ရောက်သွားပါလေရော။ ဟိုဟိုဒီဒီ ဆိုတာကို ဘာပဲ ညာပဲလို့ အဓိပ္ပာယ် ဖွင့်တော်မူမယ် မကြံပါနဲ့။ ဟိုဟိုဒီဒီ ဆိုတာ ဂျာနယ် စာမျက်နှာတွေကို ပြောတာပါ။ ပြည်တွင်းက ဂျာနယ်စာမျက်နှာတွေ ဆိုတာလည်း ကိုကြီးပေါ်က အစုံအစေ့ လိုက်ကြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ဟဲ့ ဒါတော့ ဆန်းသကွဲ့… ဒါတော့ ထူးသတဲ့… လို့ သူများက လက်တို့ပြောမှ ကမန်းကတမ်း လိုက်ခြောင်းရတဲ့ ဘ၀ပါ။ ဟော တွေ့ပါပြီ။
ဂုရုကြီး
သြဂုတ်လ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်မှာ ပါတဲ့ ``ဒိုင်ယာလော့ခ်သည် အလှတန်ဆာ ဆင်ခြင်းသာ ဖြစ်၍ အနှစ်သာရ မဟုတ်ပေ။ အလှတန်ဆာဆင်မှုကို စွဲမက်လွန်းလျှင် ဤအလှတန်ဆာဆင်မှုထဲ ချောင်ပိတ်မိပြီး ထွက်နိုင်မည် မဟုတ်ပေ။ အလှတန်ဆာဆင်မှုကို တရားသေကိုင်သည်မှာ မိုက်မဲသည်။´´ ဆိုတဲ့ စာသားတွေကြောင့် ပြည်ပမှာ ရှူးရှူးရှားရှား ဖြစ်သွားကြပါတယ်။ ဖြစ်ရတာက ဒီစကားကို ပြောတဲ့သူက မြန်မာ့နိုင်ငံရေးမှာ ပြောနိုင်ဆိုနိုင်သူတဦးဖြစ်တဲ့ ဂုရုကြီး မောင်စူးစမ်း ဖြစ်နေလို့ပါပဲ။
ဂုရုကြီးက အစဉ်အလာ အင်မတန်ကြီးပါတယ်။ နိုင်ငံရေးမှာ တောတွင်းမြို့တွင်း နှံ့အောင် ပေါက်ရောက်သူ ဖြစ်ပါတယ်။ တချိန်က ပါတီကြီးတခုကို ကိုယ်စားပြုပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ်တော်ကြီး အဖြစ် ကျော်ကြားခဲ့သူ၊ စစ်တမ်းတစောင်နဲ့ တိုင်းတုန်အောင် လှုပ်ခဲ့သူပါ။ ၉၀ လွှတ်တော်အမတ် တဦး ဖြစ်သလို၊ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်လည်း ဖြစ်ခဲ့သူပါ။ ယနေ့ထက်တိုင်အောင် စာတွေ အဆက်မပြတ်ရေးနေပြီး၊ နိုင်ငံရေး, ဒဿန, ဘောဂဗေဒ, ဘာသာဗေဒ, လူမှုသိပ္ပံ, မော်ဒန်, မော်ဒန်လွန်, အနာဂတ္တိ အစရှိသဖြင့် ဘာသာရပ် အတော်ကို စုံတာပါ။ အနှီလို ပုဂ္ဂိုလ်ကြီးရဲ့ အရေးအသား အပြောအဆိုတွေက မြန်မာနိုင်ငံသားတွေ အပေါ်မှာ တစုံတရာတော့ လွှမ်းမိုးနေနိုင်တာ သေချာတာပေါ့။ ဒါကြောင့်လည်း ဂုရုကြီးရဲ့ ဒီဆောင်းပါး ပါလာတော့ လှုပ်လှုပ်ရှားရှား ပြောကြဆိုကြနဲ့ အသံတွေ ဆူသွားခဲ့ရတော့တာပါ။
ဂုရုကြီးရဲ့ ဆိုလိုရင်းကို သူ့အတိုင်း ဖော်ပြရရင် — ``လက်ရှိ အခြေအနေ၌ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ထွန်းမှုသည် စပိ မြန်နှုန်းပြဿနာ (the matter of speed) သာ ဖြစ်မည်။ စင်ပြိုင်အစီအစဉ်၊ တခြား ရွေးချယ်စရာ အစီအစဉ်နှင့် ဖိုရမ် (alternative agenda and forum) တို့သည် ဖြစ်နိုင်ခြေ မရှိပေ။ ထို့ကြောင့် ဖြစ်နိုင်ခြေ တကယ်ရှိနေသည့် အစီအစဉ်ကို မြန်မြန်ဖြစ်အောင်သာ တိုက်တွန်းဖို့ ရှိသည်။ ထို့ကြောင့် စပိသည်သာ အဓိက ပြဿနာ ဖြစ်သည်။´´တဲ့။
ဒါရဲ့ ရှေ့နားမှာ — ယခု အခြေခံဥပဒေ ပြဋ္ဌာန်းပြီးသွားပြီ။ ရွေးကောက်ပွဲအသစ် လုပ်မည်။ ဒါကြောင့် လက်ရှိ အစိုးရက အိမ်စောင့်အစိုးရ သဘော ဖြစ်သွားပြီ — လို့ ဆိုထားပါသေးတယ်။
ဂုရုကြီးရဲ့ အဆိုအမိန့်ကို အနှစ်ထုတ်ကြည့်လိုက်တော့ ကိုယ်က ဘာမှ မလုပ်နိုင်ဘူး၊ ဒါကြောင့် သူလုပ်တဲ့အတိုင်း ရေဆုံးရေဖျား လိုက်သွား၊ မြန်မြန်ရောက်အောင် မြန်မြန်သာတွန်း လို့ ဆိုလိုဟန် တူပါတယ်။ ပြီးတော့ ဖြစ်ထွန်းလာတဲ့ ကိစ္စတွေကို တရားတာ မတရားတာ, မှန်တာ မမှန်တာ ပြန်မကြည့်တော့ဘဲ၊ ဖြစ်လာတဲ့အတိုင်း လက်ခံလိုက်တဲ့ သဘောထားကို တွေ့ရပါတယ်။
တကယ်တော့ ဒီအယူအဆက ဂုရုကြီးရဲ့ အခုမှ ပေါ်လာတဲ့ အယူအဆ မဟုတ်ပါဘူး။ ဟိုး လွန်ခဲ့တဲ့ အနှစ် ၅၀ ကတည်းက ကိုင်စွဲလာတဲ့ နည်းဗျူဟာ အဟောင်းကြီးလို့ ကိုကြီးပေါ်တော့ ထင်မိတာပဲ။ ချမ်းအေးစစ်တမ်း ထဲမှာလည်း တောထဲက ကွန်မြူနစ်တွေ လက်နက်စွန့်ပြီး ပါလီမန်ထဲ ၀င်နွှဲကြလို့ ဆိုခဲ့တာပါပဲ။ ဒီတုန်းကတော့ တိုင်းပြည်မှာ ဒီမိုကရေစီ ရှိနေသေးတော့ ဒီစကားကို မှားတယ်လို့ အပြတ် မဆိုသာဘူး။ သို့ပေမယ့် ကွန်မြူနစ် လူ့ဘောင် ဆိုတာကြီးကို စိတ်ကူးယဉ်နေကြသူတွေ အဖို့တော့ ဆတ်ဆတ်ခါ နာရတာပေါ့။ ပြီးတော့ တော်လှန်ရေးကောင်စီရဲ့ စီးပွားရေး စီမံကိန်းတွေကို သြဘာပေးခဲ့တာလည်း ဂုရုကြီးပါပဲ။ နောက်တော့လည်း အိုးစားခွဲရပြန်ရော။
ရှစ်ဆယ့်ရှစ်မှာ အဖွဲ့ချုပ်ပေါ်လာတော့ ဂုရုကြီးတို့က ဗဟိုကော်မတီဝင်ပေါ့။ တိုင်းပြည်အတွက် ပါဝင်လှုပ်ရှားကြတာကို ကိုကြီးပေါ်က အားပေးပါတယ်။ လေးလည်း လေးစားပါတယ်။ အဲသည်တုန်းက ဂုရုကြီးရဲ့ အတွေးအခေါ်တွေက ထက်မြလှပါတယ်။ လွှတ်တော် ပေါ်လာရေးသာ အဓိကတဲ့။ အာဏာယူဖို့ လောမကြီးနဲ့တဲ့။ ဒါပေမယ့် ဂုရုကြီး စကားကို အများက နားလည်ခဲ့ကြဟန် မတူဘူး။ ဒီလိုနဲ့ အမျိုးသားညီလာခံခေတ် ရောက်တော့ ဂုရုကြီးက ညီလာခံကို မြန်မြန်ပြတ်အောင် ဖြတ်လိုက်လို့ မိန့်ပါတယ်။ ဒါပေမယ့် ညီလာခံကလည်း ဆယ့်ငါးနှစ်လောက် မျောသွားပြန်ရော။ ဟောအခု- ညီလာခံလည်း ပြီး, ဥပဒေလည်း အပြီးမှာ ရွေးကောက်ပွဲ မြန်မြန် ဖြစ်အောင်လုပ်လို့ တိုက်တွန်း ပြန်ပါပြီ။ ရွေးကောက်ပွဲပြီးရင် နိုင်ငံရေးသစ်နဲ့ ကစားကြမယ်တဲ့။
ဂုရုကြီးရဲ့ ရွာရောက်အောင် မြန်မြန်ပို့တဲ့ ဗျူဟာက ကောင်းပါတယ်။ ပြဿနာက အဆုံးမှာ ရွာတွေ့ရင်တော့ ကောင်းတာပေါ့။ ရွာမတွေ့ဘဲ သင်္ချိုင်းတွေ့တော့ ဘယ့်နှယ် လုပ်ကြရမလဲ။ ဂုရုကြီးရဲ့ နည်းအတိုင်း ဖြစ်လာတာကို လက်ခံလိုက်, အဲဒါကို မြန်မြန်လိုက်လုပ်လိုက်, နောက်တခု ထပ်ပေါ်လာရင် ထပ်ပြီး လက်ခံလိုက်, ထပ်ပြီး မြန်မြန်လိုက်လုပ်လိုက်… ဆိုရင်…၊ နအဖကလည်း စိတ်ကြိုက် မတွေ့သေးသရွေ့ ကွင်းအသစ်တွေ တကွင်းပြီး တကွင်းထွင်, ဂုရုကြီးကလည်း မြန်မြန်ဝင်ကစားကြဖို့ ဆော်သြ, ကစားသမားတွေကလည်း တကွင်းပြီးတကွင်း မမောတမ်း လိုက်ကစား… ဟုတ်ကဲ့ နောက်ဆုံးတော့ နေ၀င်မိုးချုပ်။
ဂုရုလေး
ပြည်တွင်းက ဂုရုကြီးက တမျိုးဆော်သြနေချိန်မှာ ပြည်ပ ဂုရုလေးကလည်း တစခန်းကတယ် ခင်ဗျ။ ဒေါက်တာ လွဏ်းဆွေ ဆိုတဲ့ ဂုရုလေးက ယခုတလောမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်တွေကို ပစ်ပစ်နှစ်နှစ်ကြီး ဝေဖန်နေတာ တွေ့ရပါတယ်။
နာဂစ်အလွန် ဆန္ဒခံယူပွဲအပြီး ကာလမှာ ပိုမို ပေါက်ကွဲလာဟန် တူပါတယ်။ ဂုရုလေးရဲ့ အယူအဆကို အနှစ်ချုပ်လိုက်တော့ အနှစ်နှစ်ဆယ်လုံးလုံး ဒီမိုကရေစီ ရေစုန်မျောရတာဟာ အဖွဲ့ချုပ်ခေါင်းဆောင် မျိုးချစ်ရဲဘော်ဟောင်းများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်း ဖြစ်ခဲ့သမျှရဲ့ လက်သည် တရားခံဟာ ဒီလူကြီးတွေကြောင့်တဲ့။ ဒေါ်စုကို မလှုပ်နိုင်အောင် နအဖနဲ့ လက်ဝါးရိုက်ပြီး အတွင်းအပြင် ညှပ်ထားတာတဲ့။ ဂုရုလေးရဲ့ စာသားတွေကို ဖတ်ကြည့်ပါဦး။
``အနှစ်နှစ်ဆယ်အတွင်း အပြင်မှာ တလျှောက်လုံးနီးပါး ဦးဆောင်ခွင့်ရခဲ့တုန်းကလည်း မျိုးချစ်ရဲဘော်ဟောင်းကြီးတွေ အနေနဲ့ ဘာမှ လောက်လောက်လားလား ဦးဆောင်မှု မပေးနိုင်ခဲ့တာကို အတိတ်ဖြစ်ရပ်တွေက သက်သေပြနေပါပြီ။
သေချာတာကတော့ မျိုးချစ်ရဲဘော်ဟောင်း ဗဟိုကော်မတီကြီးတွေရဲ့ အနေအထားက ကြာလေလေ ပိုရှင်းလေလေ ဆိုသလိုပါပဲ။ ဘာတွေဘယ်လို ပိုရှင်းလာသလဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်ကစပြီး နအဖနဲ့ NLD - CEC မျိုးချစ်ရဲဘော်ဟောင်းကြီး (ဘောင်းဘီဝတ်နဲ့ ဘောင်းဘီချွတ်) တွေကြား လက်ဝါးချင်းရိုက် လုပ်ဆောင်ခဲ့၊ လုပ်ဆောင်နေတာတွေကို ပိုပိုပြီး ရှင်းရှင်းလင်းလင်း မြင်တွေ့လာရတာကို ပြောတာပါ။
အဲဒီတော့ ပြန်ကြည့်ရင် အနှစ်နှစ်ဆယ်အတွင်းမှာ အပြင်မှာတလျှောက်လုံး ဦးဆောင်ခွင့်ရခဲ့တဲ့ မျိုးချစ်ရဲဘော်ဟောင်းတွေဟာ တိကျပြတ်သားတဲ့ ဦးဆောင်မှု ဘာတခုမှ မပေးနိုင်ဘဲ နအဖအလိုကျ အလိုက်သင့် ကခုန်နေခဲ့ကြတာကိုပဲ တွေ့ရပါတယ်။ ဘာတိုက်ပွဲမှ မဖော်ဆောင်ဘဲ မျက်နှာပြောင်ပြောင်နဲ့ ကြေညာချက်တွေပဲ ထုတ်လာလိုက်တာ အခုဆိုရင် အထူးကြေညာချက်အဆင့်ကို ရောက်နေပါပြီ။ ၂၀၁၀ ရောက်တဲ့အထိလည်း မြန်မာပြည်က လက်ဖက်ရည်တွေလို ရှယ်၊ ထူးရှယ်၊ ရှယ်တကာ့ရှယ်ဆိုတဲ့ ကြေညာချက်တွေပဲ ထုတ်ရင်း ငုတ်တုတ်ထိုင်နေတော့မယ် ထင်ပါရဲ့။
တဖက်က ပြန်စဉ်းစားကြည့်လျှင်လည်း နအဖအနေနဲ့ မျိုးချစ်ကြီးတွေကို အနှစ်နှစ်ဆယ်လုံးလုံး မဖမ်းမဆီးဘဲ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားတာဟာ သူတို့စစ်အုပ်စုအတွက် အကျိုးအမြတ်တွေ တသီကြီးရနေလို့ဆိုတာ ရှင်းပါတယ်။ အစွမ်းအစမရှိတဲ့ မျိုးချစ်ကြီးတွေ အန်အယ်လ်ဒီကို ဦးဆောင်ခိုင်းထားခြင်းအားဖြင့် စစ်အုပ်စုအနေနဲ့ အန်အယ်လ်ဒီကို ဖျက်သိမ်းစရာမလိုတော့ဘဲ ကမ္ဘာကိုလည်း မျက်နှာပြရတာ ကောင်းသွားတယ်။ မြန်မာပြည်မှာ အတိုက်အခံအဖွဲ့အစည်း တရားဝင် ရပ်တည်ခွင့်ပေးထားပါတယ် ဆိုရုံလေးပေါ့။ နောက်ပြီး နအဖဟာ သူတို့စကားကို နားလည်းထောင်၊ ကြောက်လည်းကြောက်တဲ့ မျိုးချစ်ကြီးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် မလှုပ်သာမရှားသာအောင် အတိုင်အဖောက်ညီညီ လူညှပ်ကစားရတာကို တော်တော်လည်း ခြေတွေ့ပုံပေါ်တယ်။ မျိုးချစ်ကြီးတွေနဲ့ အနှစ် နှစ်ဆယ်လုံးလုံး အပေးအယူမျှခဲ့မှတော့ ခြေတွေ့တာ မဆန်းဘူးပေါ့လေ။´´
ဂုရုလေးက လာမယ့် ရွေးကောက်ပွဲ မဖြစ်အောင် တားဆီးနိုင်ဖို့ ဆော်သြတာပါ။ ဒီလူတွေနဲ့တော့ မရတော့ဘူး၊ လုပ်ကြပါဦးလို့ ဟစ်ထားတာပါ။ ဆော်သြတဲ့ စေတနာကိုတော့ နားလည်ပါရဲ့။ ဒါပေမယ့် ဂုရုလေးရဲ့ `ဆွဲချ´လုပ်ချက်က အဖွဲ့အစည်းတခုရဲ့ ရပ်တည်မှုကို ထည့်မတွက်လေရော့သလား။ မျိုးချစ်ကြီးတွေ မှားချင်မှားမှာပေါ့။ သို့ပေမဲ့ သူတို့လုပ်ဆောင်ချက်က အဖွဲ့ချုပ်တခုလုံးကို ကိုယ်စားပြုနေတာ။ သူတို့ကို မှားတယ် ပြောမှတော့ အဖွဲ့ချုပ်တခုလုံး မှားတယ်လို့ ပြောတာနဲ့ ဘာထူးတော့မှာလဲ။ ဒီလိုတော့လည်း ဂုရုလေး မပြောရဲဘူး ထင်ပါရဲ့။ ဂုရုလေးက ဒေါ်စု, ဦးတင်ဦး နဲ့ ဦးဝင်းတင် တို့ မပါဘူးလို့ ဆိုတယ်လေ။ အဖွဲ့အစည်းတခုရဲ့ အမှုဆောင်အဖွဲ့က လူတွေကို အခုလို ခွဲခြားပြီး စီရင်ချက်ချလိုက်တဲ့ ဂုရုလေးရဲ့ မဟာပညာကို ရွှေချထားလိုက်ချင်သပ။ အကယ်၍များ ဒေါ်စုတို့က မျိုးချစ်ကြီးတွေ လုပ်တာမှန်တယ်လို့ ပြောလာခဲ့ရင် ဂုရုလေး ဘာများ ထပ်ပြောမလဲ ကြားချင်သေးသပ။
ဝေဖန်တယ်ဆိုတာ လွတ်လပ်စွာ ဝေဖန်လို့ရတာမို့ ကိုယ့်သဘောပေါ့လေ။ သို့သော် ကိုယ့်ဝေဖန်ချက်ကို ကာယကံရှင်တွေက ပြန်လည်ဆွေးနွေး ချေပနိုင်ဖို့ အခွင့်အလမ်း ရှိမရှိဆိုတာတော့ ဂုရုလေး ထည့်တွက်ဖို့ မေ့သွားတယ် ထင်ပါရဲ့။ ဂုရုလေးရဲ့ စာက ပြည်ပက ခေတ်ပြိုင်မှာ ပါလာတာနော်။ အကယ်၍ ဒီလို အရေးအသားမျိုး ပြည်တွင်းက မြန်မာ့အလင်းမှာ ပါလာရင် ဂုရုလေး ဘယ်လို သဘောထားမလဲ ကိုကြီးပေါ် သိချင်လိုက်ပါဘိ။
အနှစ်ချုပ်လိုက်တော့ ဂုရုကြီးက ဒိုင်ယာလော့ခ်ကို စွဲကိုင်တာ မိုက်မဲတယ်တဲ့။ ဆိုတော့ ဒေါ်စုက မိုက်မဲတယ်ပေါ့။ ဂုရုလေးက မျိုးချစ်ကြီးတွေ ညံ့တယ်တဲ့။ ဟုတ်ကဲ့… ဂုရုကြီး နဲ့ ဂုရုလေး တို့ရဲ့ အမိန့်တော်အရဆိုရင် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုက သုည ဖြစ်သွားပြီ။ အနာဂတ်မှာ ဘာအဖြေ ထွက်လာမလဲ စောင့်ကြည့်ကြပါစို့။
အဟဲ… ကိုကြီးပေါ်ကတော့ အနာဂတ် မြန်မာ့အရေး အဖြေထက် ဂုရုကြီး နဲ့ ဂုရုလေးကို ပေါင်းကြည့်လိုက်ရင် ထွက်လာမယ့် အဖြေကို ပိုစိတ်ဝင်စားမိတာပါပဲ ခင်ဗျာ။
ကိုကြီးပေါ်
Sunday, August 24, 2008
ခြောင်းကြည့်သူရဲ့ အမှား (ကိုကြီးပေါ်)

ဆယ့်ရှစ်ရာစုက ပေါ်ခဲ့တဲ့ Jonathan Swift ရဲ့ Gulliver’s Travels ဆိုတဲ့ ၀တ္ထုဟာ ကျော်ကြား လူသိများပါတယ်။ ဆရာကြီး မောင်ထင် က `ဂါလီဗာ၏ ခရီးစဉ်´ ဆိုပြီး ဘာသာပြန်ခဲ့တယ်လေ။ ၀တ္ထုထဲမှာ ကမောက်ကမနိုင်လှတဲ့လူတွေအကြောင်း သရော်ထားတာ အလွန်ပီပြင်လှပါတယ်။ အခု နှစ်ဆယ့်တစ်ရာစုမှာတော့ အလားတူ ၀တ္ထုတပုဒ် ပေါ်လို့နေပါပြီ။ နာမည်ကလည်း ခပ်ဆင်ဆင်ပါ။ Gambari’s Travels ပါတဲ့။ `ဂမ်ဘာရီ၏ ခရီးစဉ်´ပေါ့။ သူသွားတဲ့ နိုင်ငံကတော့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီးတဲ့ ခင်ဗျ။
ဟုတ်ပါရဲ့။ ဂမ်ဘာရီ ခမျာ ဒီခရီးကို သွားလေတိုင်း ဖြစ်ရပ်ဆန်းတွေ ဇာတ်လမ်း အတိုအရှည်တွေနဲ့ တိုးလို့ချည်း နေတော့တာကိုး။ ၂၀၀၆ နိုဝင်ဘာ ပထမဆုံး အခေါက်တုန်းကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူယှဉ်တွဲ ရိုက်ကူးထားတဲ့ ဓာတ်ပုံက ထိပ်တန်းသတင်းဓာတ်ပုံ အဖြစ် ကမ္ဘာကို ပြန့်ခဲ့တယ်လေ။ ၂၀၀၇ ကျပြန်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတစောင်ကို ဂမ်ဘာရီက တိတ်တဆိတ် သယ်ဆောင်လာပြီး ထုတ်ပြန်ပေးလိုက်ပုံက တကယ့် သည်းထိတ်ရင်ဖို ဇာတ်လမ်းတပုဒ်ပါပဲ။ အဲ ဒီနှစ်ထဲကျတော့ ဂမ်ဘာရီခမျာ အပြင်က လူတွေက ကန့်ကွက်လိုက်, ပြစ်တင်လိုက်၊ ဟိုရောက်တော့လည်း အဆူခံလိုက်ရ အငေါက်ခံလိုက်ရနဲ့ သွားပေါ်အောင်တောင် ဖြဲမပြနိုင်ရှာတော့ပါဘူး။ ဒီတခေါက်မှာတော့ဖြင့်…
လော်နဲ့ခေါ် မော်တောင်မကြည့်
သြဂုတ်လ ၁၈ ရက်နေ့က ဂမ်ဘာရီ ရွှေပြည်ကြီးကို ရောက်ပါတယ်။ သက်ဆိုင်ရာတို့က ဂမ်ဘာရီသည် မည်သူမည်ဝါတို့နှင့် မည်သည့်နေရာတွင် တွေ့လေသတည်း… လို့ သတင်းတွေ ထုတ်ပေးပါတယ်။ သို့သော်လည်း ဟိုလူ ဒီလူ ဘယ်သူ ဘယ်ဝါတွေနဲ့ တွေ့တယ်ပဲ ပြောပြော၊ ထမင်းလက်ဆုံစားတယ် ဆိုဆို ဂေါက်သီးပဲ အတူရိုက်ရိုက်၊ အဲဒါတွေကို ဘယ်သူကမှ စိတ်မ၀င်စားပါဘူး။ စိတ်ဝင်စားတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့သလား။ တွေ့ပြီးတော့ ဘာပြောသလဲ။ ဗိုလ်သန်းရွှေနဲ့ တွေ့သလား။ သူကကော ဘာပြောသလဲ။ အဲဒါတွေပါ။
မထင်မှတ်တဲ့ ဖြစ်ရပ်က ၂၀ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားပေမဲ့ ဒေါ်စု ရောက်မလာဘူးလို့ ဆိုပါတယ်။ အဲသည်နောက် နာရီပိုင်းအတွင်းမှာ တွေ့ခဲ့ကြတဲ့ အဖွဲ့ချုပ် လူကြီးတွေတောင် ဒီကိစ္စကို ဂဃနဏ မသိရဘူး ဆိုတော့၊ ဘယ်လိုမှ မထင်မှတ်တဲ့ `ရှော့ခ်´ တခု ဖြစ်တယ်လို့ ဆိုရမှာပါ။ နေမကောင်းလို့လား။ ကြိုတင်မသိလို့လား။ ကားပျက်နေလို့လား။ စိတ်ကောက်တာလား။ တွေးစရာတွေက အများသား။
ဒီလို ဖြစ်လာတဲ့အခါ ရွှေပြည်တော်ကြီးက မောင်မင်းကြီးသားများက အခက်အခဲကို အလွယ်တကူပဲ ဖြေရှင်းလိုက်ပါတယ်။ ဘယ်လို ဖြေရှင်းသလဲ ဆိုတော့ ဒေါ်စုအိမ်ရှေ့ကနေ `ဂမ်ဘာရီက တွေ့ချင်လို့ပါ ခင်ဗျာ´ ဆိုပြီး လော်နဲ့ အော်ခေါ်သတဲ့လေ။ ပြီးတော့ ဂမ်ဘာရီရဲ့ လက်ထောက်နှစ်ယောက်ကလည်း အိမ်ရှေ့မှာ ရစ်ဝဲရစ်ဝဲ စောင့်နေကြသတဲ့။
ကိုကြီးပေါ် စဉ်းစားကြည့်တယ်။ ဒေါ်စုကို အိမ်ချုပ်ချထားပြီး လုံခြုံရေးကို အပြည့်ချထားတယ်လို့ ဆိုတယ်။ ဒီတော့ ဒေါ်စုဆီကို ဘယ်သူကမှ အဆက်အသွယ် လုပ်တာ မရှိတော့လို့လား။ အရင့်အရင်တုန်းက ဂမ်ဘာရီနဲ့ တွေ့တာတို့၊ ဦးအောင်ကြည်နဲ့ တွေ့တာတို့မှာ ကျတော့ကော ဒီလိုပဲ အိမ်ရှေ့ကနေ `တွေ့ချင်လို့ပါ ခင်ဗျား´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ မကြာခင်ကပဲ ရှေ့နေ ဦးကြည်ဝင်း တို့၊ ဆရာဝန် ဦးတင်မျိုးဝင်း တို့ ဒေါ်စုဆီ သွားတာ ကျတော့ရော ဒီလိုပဲ `ရှေ့နေ ဦးကြည်ဝင်း ရောက်နေပါပြီ ခင်ဗျား။ တံခါးဖွင့်ပေးပါ´။ `ဒေါက်တာ တင်မျိုးဝင်း ရောက်နေပါပြီခင်ဗျား။ ဆေးစစ်ချင်လို့ပါ´ ဆိုပြီး လော်နဲ့ အော်ခဲ့တာပဲလား။ ဒေါ်စုကို အချုပ် တနှစ် ထပ်တိုးတုန်းကကော ဒီလိုပဲ အိမ်ပေါက်ဝက လော်နဲ့ အော်ခဲ့တာပဲလား။
ရွှေပြည်တော်မှာကတော့ ``ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ။ မနက်ဖြန် စနေနေ့ လုပ်အားပေးသို့ တအိမ်တယောက် မပျက်မကွက် လာရောက်ကြပါရန်… ´´ ဆိုပြီး လော်နဲ့ အော်တာက ကျင့်သားရနေပြီ မဟုတ်လား။ အဲ နောက်ဆက်တွဲ ရှိသေးတယ် ``မလာရောက်က ပြင်းထန်စွာ အရေးယူမည် ဖြစ်ကြောင်း…´´ ဆိုပါလား။ ကိုကြီးပေါ်လည်း ကြားပါများတော့ အလွတ်တောင် ရနေပြီ။ အခု ဒေါ်စုကို လော်နေ အော်တော့ရော ``မတွေ့ပါက ပြင်းထန်စွာ အရေးယူမည်…´´ ဆိုတာ ပါသေးလား မသိ။
ရွှေပြည်တော်သားတွေကတော့ အကျင့်ပါနေလို့ ထားပါတော့။ ဟို ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်ကြီးက သူ့လက်ထောက် နှစ်ယောက်ကိုပါ လော်အဖွဲ့ထဲ ထည့်ပေးလိုက်တာ စဉ်းစားစရာပါပဲ။ တကယ်ဆို လာမတွေ့သူကို လော်နဲ့ အော်ရတယ် ဆိုတာ ဂမ်ဘာရီ လက်တွေ့ တွေ့နေပြီပဲ။ သူတွေ့ချင်တဲ့ ဗိုလ်သန်းရွှေကိုလည်း အဲသလို လော်နဲ့ သွားအော်ဖို့ ကောင်းတာပေါ့။ ``ဗိုလ်ချုပ်မှူးကြီးခင်ဗျား၊ ကျနော် ဂမ်ဘာရီပါ၊ တွေ့ပါရစေ ခင်ဗျား…´´ ဘာညာပေါ့။ သူ့တိုင်းပြည်ရောက်ရင် သူ့ဓလေ့အတိုင်းတော့ ကျင့်ရမှာပေါ့။ မတွေ့ တွေ့တွေ့ ကိုယ်ဖက်က အော်စရာရှိတာတော့ အော်သင့်တာပေါ့။ ဟုတ်ဘူးလား။ ဒေါ်စုကိုတောင် လော်နဲ့ အော်သေးတာ။ ဗိုလ်သန်းရွှေကိုလည်း လော်နဲ့ အော်ပေါ့။
ဘာကြောင့်လဲဆိုတော့ ဂမ်ဘာရီရဲ့ အလုပ်က အဲသည်နှစ်ယောက် မျက်နှာချင်းဆိုင်ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်နေလို့ပါပဲ။
အရင်တခေါက်ကလည်း ဂမ်ဘာရီက တွေ့ တွေ့ တွေ့ ဆိုတာတွေ လုပ်ပေမယ့် အရေးပါသူ ဗိုလ်သန်းရွှေကို မတွေ့ရခဲ့ရဘူး။ ဒီတခေါက်လည်း တွေ့ဖို့ အလားအလာ မရှိပါဘူး။ ဒါကို သိတဲ့ ဒေါ်စုက အကြောင်းထူးနိုင်စရာ မရှိတာမို့ မတွေ့ဘဲ နေလိုက်တာပဲလို့ ကိုကြီးပေါ်က ကောက်ချက်ချပါတယ်။ ဒါက ကိုကြီးပေါ်ရဲ့ ကောက်ချက်ပါ။ လွဲချင်လည်း လွဲမှာပေါ့ နော။ အဖွဲ့ချုပ်ကိုတောင် တွေ့တယ်ဆိုရုံလေး ထုံးတို့လို့၊ အဖွဲ့ချုပ်က ခပ်ပြင်းပြင်း ပြောလိုက်တော့မှ နောက်ထပ် ဆွေးနွေးဖြစ်တာ။ ဒါလဲ ဆွေးနွေးပွဲ တန်းလန်းကြီးနဲ့ ဂမ်ဘာရီ-ပြန်ပါပြီ ဖြစ်သွားရတာပါပဲ။
ဒီတခေါက်မှာ ထူးတာလေး တခု ရှိသဗျ။ ကုလအတွင်းရေးမှူးချူပ် ဘန်ကီမွန်း ဒီဇင်ဘာမှာ ရွှေပြည်တော်ကြီးကို သွားမယ် ဆိုပဲ။ နိုင်ငံရေးကိစ္စ သက်သက်တဲ့။ ကိုကြီးပေါ် ပြောခဲ့သားပဲ။ `မွမ်းမံသင်တန်း´ ဆိုတဲ့ ခေါင်းစဉ် အောက်မှာလေ။ မပူပါနဲ့ ဘန်ကီမွန်းလည်း အချိန်တန်ရင် သွားမှာပါလို့။ ဟော… အခု သွားတော့မယ်။ ဂမ်ဘာရီက လေးငါးခေါက် ရှိပြီဆိုတော့ အရည်အချင်းတွေ တော်တော် တောက်ပြောင်သွားပြီ။ မယုံရင် သူ့မျက်နှာကို ကြည့်ပါ။ မည်းပေမဲ့ ပြောင်ပါတယ်။ အခု ဘန်ကီမွန်း အလှည့်။ လာတော့မယ်။
ဘန်ကီမွန်းအတွက် တခုတော့ ကြပ်ကြပ်မှာလိုက်ချင်သပ။ လက်ကိုင် လော်စပီကာ ကောင်းကောင်း တခုတော့ မပါ ပါအောင် ဆောင်သွားပါ။ ရွှေပြည်တော်ကြီးရောက်လို့ ``သူနဲ့ မတွေ့ချင်ဘူး ဟူး ဟူး´´ ဆိုတဲ့အခါ အဲဒီ လော်စပီကာက အသုံးတည့်ကောင်း တည့်ပါလိမ့်မယ်။ အကယ်၍ မတွေ့ရင်တောင်မှ ရွှေပြည်တော်ရဲ့ အကျင့်စရိုက်အတိုင်း ကျင့်သုံးခဲ့တာမို့ ၀ိနည်းလွတ်နိုင်ပါတယ်။
နှစ်ဆယ့်တစ်ရာစုမှာပေါ်တဲ့ `ဂမ်ဘာရီ၏ ခရီးစဉ်´ ဇာတ်လမ်းတွဲဟာ လူထူးလူဆန်းတို့နေတဲ့ ရွှေဗာရာ မြန်မာဏသီ တိုင်းပြည်ကြီး တခုနဲ့တင် ဂန္ထ၀င်မြောက်နေမှာ အသေအချာပါ။
ကိုကြီးပေါ်
Thursday, May 15, 2008
ဓားစာခံများကို ကယ်တင်ပါ(၀င်းပေါ်မောင်)

မသမာမှုအပေါင်းဖြင့် ဖုံးအုပ်ထားသည့် စစ်အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲသည် မေလ ၁၀ ရက်နေ့က စိတ်ပျက်ဖွယ်အတိဖြင့် ပြီးဆုံးသွားခဲ့သည်။
လူအများ တွက်ဆထားသည့်အတိုင်း အာဏာပိုင်အဆင့်ဆင့်၏ မဲလိမ်မဲခိုးမှုများကြောင့် နအဖအနေနှင့် ထောက်ခံမဲအများစု ရရှိကြောင်း ကြေညာနိုင်ရန် အသင့်အနေအထားသို့ ရောက်ရှိခဲ့ပြီ။ မဲပေးပြီး ငါးရက်အကြာတွင် နအဖက ထောက်ခံမဲ ၉၂.၄ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း ကြေညာလိုက်ပြီ ဖြစ်သည်။
နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူ တစ်သိန်းကျော်ကို မသဂြုင်္ိဟ်ရသေးခင်မှာပင် မြန်မာနိုင်ငံသား သန်းငါးဆယ်ကျော်၏ ဆန္ဒကို နအဖက သဂြုင်္ိဟ်လိုက်ခြင်း ဖြစ်သည်။
သို့ရာတွင် တရားနည်းလမ်း မျှတစွာ ရရှိလာသည့် ရလဒ်မဟုတ်ဘဲ၊ မဲခိုးမဲလိမ်ပြီးမှ ရရှိလာသော ထိုရလဒ်က မြန်မာ့နိုင်ငံရေး ပြဿနာများကို ပြေလည်စေနိုင်ပါ့မလား။
မဲလိမ်မဲခိုး
ယခုနှစ် ဖေဖော်ဝါရီလက အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ကျင်းပမည်ဟု ကြေညာလိုက်ချိန်မှာပင်၊ နောက်နှစ်နှစ် အကြာ၌ ရွေးကောက်ပွဲ ကျင်းပမည်ဟု နအဖက တပါတည်း ကြေညာခဲ့သည်။ ထိုသို့ ကြေညာပုံကို ထောက်ချင့်၍ နအဖသည် ဥပဒေကို မရ ရသည့်နည်းဖြင့် အတည်ပြုလိမ့်မည်ဟု လူအများက သတိပြုမိကြပါသည်။ မရ ရအောင်လုပ်မည် ဆိုလျှင် မတရားနည်းလမ်းများ သုံးလိမ့်မည်ဟုလည်း တွက်ဆမိကြပါသည်။
ထိုသို့ တွက်ဆနိုင်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က — ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေ, နည်းဥပဒေတို့တွင် လွတ်လပ်မှုနှင့် တရားမျှတမှု မရှိကြောင်း — အထူးကြေညာချက်အမှတ် ၇ ကို ဧပြီလ ၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက် အပိုဒ် ၂ တွင် “ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေ တို့မှာလည်း စံချိန်စံညွှန်း မမီသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများကို တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားပြီး၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ ပုဂ္ဂိုလ်များသည် ၄င်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖောက်ဖျက်ခြင်း၊ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များကို ချိုးဖောက်ခြင်းတို့အတွက် တားမြစ်ချက်နှင့် ပြစ်ဒဏ်များ သတ်မှတ်ထားခြင်း လုံးဝမရှိပါ။ ဤသည်မှာ တဖက်သတ်ကျလွန်းပါသည်။” ဟူ၍ ပါရှိပါသည်။
အပိုဒ် ၃ တွင် ရပ်ကွက်/ကျေးရွာ အဆင့်မှ ဗဟိုအဆင့်အထိ မဲစာရင်းများ ရေတွက်စာရင်းပြုရာတွင် ပြည်သူလူထု စောင့်ကြပ်ကြည့်ရှုခွင့် မရဘဲ၊ ပွင့်လင်းမြင်သာမှု မရှိသဖြင့် မမှန်မကန် လုပ်နိုင်သော အခွင့်အရေး ရရှိစေကြောင်း ဖော်ပြထားပါသည်။
အဆိုပါ ထောက်ပြချက်များအရ စစ်အစိုးရ အာဏာပိုင် အဆင့်ဆင့်နှင့် ၄င်းတို့က ခန့်အပ်သော ကော်မရှင်အဖွဲ့များ, မဲရုံအဖွဲ့များ, အခြားလက်ပါးစေများက မဲလိမ်ခြင်း, မဲခိုးခြင်း, ခြိမ်းခြောက်ခြင်း, အကြပ်ကိုင်ခြင်း, တားမြစ်ခြင်း တို့ကို အပျော်တပါး လုပ်ကြတော့မည်ဟု ယုံကြည်ရပါသည်။ အမှန်တကယ်လည်း ထိုအတိုင်း လုပ်ခဲ့ကြပါသည်။
“ကျနော့်ကို ညီလေးနာမည်ပြော မှတ်ပုံတင်နံပါတ်ပြော ဆိုပြီး ပြောတာနဲ့ ပြန်ခဲ့ရတယ်။ ဘာမဲမှ မထည့်လိုက်ရဘူး” ဟု တိုက်ကြီးမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။ (ဧရာဝတီ)
“ကျမကို အမှန်ခြစ်ပြီးသား မဲလက်မှတ်ထုတ်ပေးတယ်။ အဲဒါနဲ့ ပြန်လဲပေးပါဆိုတော့ နောက်တခု ထပ်ထုတ်ပေးတယ်။ ဒါလည်း အမှန်ခြစ်ထားတာပဲ။ ပြီးတော့ ညည်းမကျေနပ်ရင် အမှားခြစ်ပေါ့ အဲဒါ ပယ်မဲဖြစ်မှာပဲလို့ လက်ထောက်မဲရုံမှူးက ပြောပြီး ရယ်နေကြတယ်” ဟု ရန်ကုန်တိုင်းအတွင်းရှိ ကျေးရွာတရွာမှ အမျိုးသမီးတဦးက ပြောပြသည်။ (ဧရာဝတီ)
"ပဲခူးတိုင်း၊ သာယာဝတီမှာ မဲရုံတာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေက မဲလာပေးတဲ့သူတွေကို မဲပေးပုံ၊ ပေးနည်းရှင်းပြတဲ့နေရာမှာ အမှန်ခြစ်ပုံကိုပဲ ရှင်းပြပြီး အမှန်ပဲထည့်ခိုင်းပါတယ်။” (အာအက်ဖ်အေ)
သတင်းများမှ ကောက်နုတ်ချက် အချို့ ဖြစ်ပါသည်။ မဲလိမ်မဲခိုးမှုများ နိုင်ငံအနှံ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်မှာ ယုံမှားစရာ မရှိပါ။ ဒေသ အများစုတွင် ကြိုတင်မဲများကို အတင်းအဓမ္မ ကောက်ယူထားသည်။ အချို့ဆိုလျှင် ကြိုတင်မဲတောင် မထည့်ရဘဲ မဲထည့်ပြီး ဖြစ်နေသည်ကို တွေ့ရသည်။ ကြိုတင်မဲ အားလုံးမှာ ထောက်ခံမဲများ ဖြစ်တော့သည်။ ကြိုတင်မဲများကို ကော်မရှင်နှင့် အာဏာပိုင်များလက်သို့ အပ်လိုက်ရကတည်းက သူတို့စိတ်ကြိုက် လဲလှယ်ပြင်ဆင်ထားလိုက်ပြီ ဖြစ်သည်။
ဝန်ထမ်းများကို ကြိုတင်မဲ ပေးခိုင်းရာတွင်လည်း အရာရှိများရှေ့တွင် ဗြောင်ဆန္ဒမဲ ပေးခိုင်းပြီး ထောက်ခံမဲကို အဓမ္မ ယူထားလိုက်ကြသည်။ မဲရုံများတွင် အမှန်ခြစ်ပြီးသား စာရွက်ထုတ်ပေးကာ မဲထည့်ခိုင်းသည်က နယ်ဒေသများတွင် အများစု ဖြစ်သည်။
အားလုံးကို ခြုံကြည့်လျှင် လူထုကို မိမိဆန္ဒအတိုင်း စာရွက်ပေါ်တွင် ရေးခြစ်ခွင့် လုံးဝ မပေးတော့ဘဲ အဓမ္မ စာရင်းဖြည့်, မဲစာရွက်ဖြည့် လုပ်လိုက်ခြင်း ဖြစ်သည်။
ဘာကြောင့် ကန့်ကွက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထုကို ကန့်ကွက်မဲ ထည့်ရန် လှုံ့ဆော်သည်။ တချိန်တည်းမှာပင် ဆန္ဒခံယူပွဲမှာ လွတ်လပ်၍ တရားမျှတမှု မဖြစ်နိုင်ကြောင်း ကြေညာထားသည်။ ဘာကြောင့်လဲ။
ပြည်သူလူထု၏ ဒီမိုကရေစီ ကျင့်သုံးပိုင်ခွင့်၌ ဆန္ဒခံယူပွဲ, ရွေးကောက်ပွဲတို့မှာ အရေးပါသော ကိစ္စများ ဖြစ်သည်။ လူထု၏ တိုက်ရိုက်ကျင့်သုံးပိုင်ခွင့် ဖြစ်သည်။ ထိုအခွင့်အရေးကို မရယူဘဲ သပိတ်မှောက်ခြင်းထက် ရယူခြင်းက ဒီမိုကရေစီအခြေခံနှင့် ပိုမို ဆီလျော်ပါသည်။
ထို့ပြင် ပြည်သူလူထုက ထုတ်ပြန်ထားသော ဥပဒေများအတိုင်း လိုက်နာပြီး၊ အာဏာပိုင်များဖက်က ဥပဒေကို တဖက်သတ် ချိုးဖောက်ခြင်း ဖြစ်ကြောင်း သက်သေအပြည့်နှင့် ဖော်ထုတ်နိုင်မှသာလျှင် အခြေခံဥပဒေ အတည်ပြုရေးကို ဆက်လက်ဆန့်ကျင် သွားနိုင်မည် ဖြစ်သည်။
ဆန္ဒခံယူပွဲ ရွေးကောက်ပွဲများတွင် ပါဝင် သက်ဆိုင်သူများက `လွတ်လပ်၍ တရားမျှတသည်´ ဟု လက်မခံသမျှ ယင်းရလဒ်ကို အတည်မပြုနိုင်ကြောင်း နိုင်ငံတကာ အတွေ့အကြုံများက မီးမောင်းထိုးပြနေပါသည်။ ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းသောနည်းမှတပါး အခြားနည်းကို ကိုင်စွဲ၍ မရနိုင်သည့် အခြေအနေတွင် ကိုယ့်ဖက်က တရားမျှတမှုကိုသာ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားရမည် ဖြစ်ပါသည်။
ယနေ့ နအဖ၏ ကြေညာချက်တွင် -
မဲပေးခွင့်ရှိသူ ၂၂,၇၀၈,၄၃၄ (နှစ်ဆယ့်နှစ်သန်း ခုနှစ်သိန်းကျော်)
ဆန္ဒမဲပေးသူ ၂၂,၄၉၆,၆၆၀ (နှစ်ဆယ့်နှစ်သန်း ငါးသိန်းနီးပါး)
ထောက်ခံမဲ ၂၀,၇၈၆,၅၉၆ (သန်း နှစ်ဆယ်ကျော်)
ကန့်ကွက်မဲ ၁,၃၇၇,၄၈ဝ (တစ်သန်း သုံးသိန်းကျော်)
ပယ်မဲ ၃၃၄,၅၈၈ (သုံးသိန်းကျော်)
ထောက်ခံမဲရာနှုန်း ၉၂.၄ %
- ဟူ၍ ဖော်ပြထားပါသည်။ ချန်ထားသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း ၄၇ မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅ သန်းကျော် ရှိသည်ဟု ဆိုပါသည်။ ထိုစာရင်းကို ကြည့်လျှင် မဲပေးခွင့်ရှိသူ အနက် ၉၉ ရာခိုင်နှုန်းက မဲပေးခဲ့သည်ဟု တွေ့ရပါသည်။ အလွန်ကို ယုတ္တိကင်းလှသည့် လိမ်လည်မှု ဖြစ်ပါသည်။ ဘယ် ဆန္ဒခံယူပွဲမှာမှ ကိုးဆယ်ကိုးရာနှုန်း မဲပေးသည်ဟူ၍ မဖြစ်နိုင်ပါ။ အနိုင်ယူချင်လျှင်လည်း ယုတ္တိတန်အောင်လုပ်၍ အနိုင်ယူဖို့တော့ ကောင်းပါသည်။ အခုတော့ နအဖ လိမ်လည်ချက်က ရယ်လိုက်ရတာ ဖတ်ဖတ်မော ဆိုသည့်ကိန်း ဖြစ်နေပါသည်။
ဤစာရင်းကို ထောက်ချင့်၍ နအဖက ပျက်ကွက်မဲကို ထောက်ခံမဲနှင့် အစားထိုးရုံမက၊ ကြိုတင်မဲ အားလုံးကို ထောက်ခံမဲ လုပ်ထားကြောင်း အလွယ်တကူ ကောက်ချက်ချနိုင်ပါသည်။ ထိုကောက်ချက်ကိုလည်း အများစုက ယုံကြည်ကြမည် ဖြစ်သည်။ ထိုအချက်က လူထု၏ ကန့်ကွက်လိုသော ဆန္ဒကို အဓမ္မဖယ်ရှားခံလိုက်ရကြောင်း ခိုင်မာသောသက်သေ ဖြစ်ပါသည်။
မုံရွာသူတဦးက “နှမ်းတစေ့နဲ့ ဆီမဖြစ်ဘူး ဆိုရင်တောင် ကျမဟာ နှမ်းဆိုတာကို အကုန်သိစေရမယ် ဆိုပြီး အမှားခြစ်ပဲ ခြစ်ခဲ့တယ်” ဟု ပြောခဲ့သည်။ ထိုစကားအတွင်းမှာပင် နအဖက မတရားလုပ်မည်ကို ကြိုတင်သိနေပြီးဖြစ်ကြောင်း အဓိပ္ပာယ်ပေါ်လွင်နေပါသည်။ နှမ်းတစေ့က ဆီမဖြစ်သော်လည်း နှမ်းအစုအပေါင်းက ဆီဖြစ်ပါသည်။ ကန့်ကွက်မဲ စာရွက်များကိုသာ ဖယ်ရှားပစ်၍ ရပါမည်၊ နှလုံးသားထဲက ကန့်ကွက်ဆန္ဒများကိုမူ ဖယ်ရှားပစ်၍ မရနိုင်ပါ။ ထိုဆန္ဒများသည် အချိန်တန်လျှင် ပေါ်လာပါလိမ့်မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆန္ဒခံယူရလဒ်ကို လက်မခံနိုင်ဟု ယတိပြတ် ပြောဆိုလိုက်ပြီ။
"ဒီဆန္ဒခံယူပွဲဟာ ပြည်သူဆန္ဒမပါဘူးဗျ။ ပြည်သူ့ဆန္ဒမပါတဲ့အတွက် အတည်ဖြစ်သွားရင်လည်း တရားဥပဒေအရ တရားမဝင်ဘူး။"
နာဂစ်နဲ့အတူ
မေလ ၂ ရက်နှင့် ၃ ရက်က တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းက ကြမ်းတမ်းပြင်းထန်လှသည်။ ထို့အတူ လာမည့် နှစ်နှစ်အတွင်း ဆက်လက်တိုက်ခတ်မည့် မြန်မာ့နိုင်ငံရေး မုန်တိုင်းက နာဂစ်ကဲ့သို့ပင် ကြမ်းတမ်းပြင်းထန် ပါတော့မည်။
ယနေ့ အခြေခံဥပဒေကို ထောက်ခံလိုက်ကြပြီဟု နအဖက ကြေညာသော်လည်း၊ အာဏာတည် အသက်ဝင်ဦးမည် မဟုတ်ပါ။ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပရဦးမည်။ ရွေးကောက်ပွဲတွင် အနိုင်ရ အမတ်များက ပြည်ထောင်စုလွှတ်တော် စတင်ကျင်းပသည့်နေ့ကျမှ စတင် အာဏာတည်မည် ဖြစ်သည်။ ထိုအချိန် မရောက်မချင်း မြန်မာ့နိုင်ငံရေးသည် ဖြစ်နိုင်ချေ အများအပြားကြားတွင် လွန်းထိုးနေဦးမည် ဖြစ်သည်။
ဤအတောအတွင်း နအဖက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက် ရုတ်သိမ်းနိုင်မလား။
ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုလျှင် `၁၉၈၉ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ´ ပုဒ်မ ၁၁ ဖြင့် ကော်မရှင်က အမတ်တဦးချင်းစီအတွက် ပယ်ဖျက်ရပါမည်။ အမတ် တယောက်မျှ မရှိအောင် လုပ်ရမည့်သဘော ဖြစ်ပါသည်။ လွှတ်တော် ခေါ်ယူထားခြင်း မရှိသဖြင့် လွှတ်တော် ဖျက်သိမ်းရန် အကြောင်းမရှိပါ။ အခြားတနည်းမှာ ရွေးကောက်ပွဲအသစ် အတွက် ဥပဒေပြဋ္ဌာန်းပြီး ဥပဒေအဟောင်းနှင့် ယင်းရလဒ်ကို တပေါင်းတည်း ရုတ်သိမ်း ပစ်လိုက်နိုင်ပါသည်။
၉၀ ရလဒ်ကို ဖျက်ပစ်လိုက်သည့်တိုင်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်ပစ်၍ မရနိုင်ပါ။ ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်ရဟုလည်း တားမြစ်၍ မရနိုင်ပါ။ လူထုထောက်ခံမှု ရှိနေသမျှ အဖွဲ့ချုပ် တည်ရှိနေနိုင်ပါသည်။ နောက်ထပ် ဒီမိုကရေစီရေး လှုပ်ရှားမည့် ပါတီများလည်း ပေါ်လာနိုင်ပါသေးသည်။
သို့ရာတွင် မြန်မာပြည်၏ ယနေ့ အခြေအနေမှာ အဆိုးဝါးဆုံး ပေါက်ကွဲလုလု မီးတရဲရဲ ဖြစ်ပါသည်။ နာဂစ်မုန်တိုင်းကြောင့် မြန်မာ့စပါးကျည်ဖြစ်သည့် ဧရာဝတီတိုင်း အောက်ပိုင်းတခုလုံး ပျက်သုဉ်းသွားသည်။ မြို့တော်ရန်ကုန်က မြို့ပျက်နီးနီး ဖြစ်သွားသည်။ သေဆုံးသူပေါင်း တသိန်းကျော်သည်။ အချို့က နှစ်သိန်းကျော်ဟု ဆိုသည်။ နအဖစာရင်းအရ ခြောက်သောင်းကျော်နေပြီ။ လေဘေး ဒုက္ခသည် နှစ်သန်းခွဲခန့် ရှိသည်။
စစ်အစိုးရက ဒုက္ခသည်များကို ကူညီရမည့်အစား နိုင်ငံတကာနှင့် ပြည်တွင်းအကူအညီများကို ဆို့ပိတ်ဟန့်တားနေသည်။ တတ်ကျွမ်းသူများ မလာရ။ သတင်းသမား မလာရ။ ကူညီလိုလျှင် ငါတို့ကို ပေးဟူ၍ လုပ်နေသည်။ သူတို့လက်သို့ ပေးလာသမျှကို ကိုယ်ကျိုးရှာ အလွဲသုံးစား လုပ်ပစ်နေသည်။ နအဖ လုပ်နေပုံက `ခွေး ထန်းလျက်အိုးတွေ့သလို´ ဖြစ်သည်။ တကယ်တော့ လေဘေးဒုက္ခသည်များကို နအဖက ဓားစာခံများအဖြစ် ပြုမူနေခြင်းပင် ဖြစ်ပါသည်။
နအဖက မုန်တိုင်းဒဏ်ကို ကယ်ဆယ်ရမည့်အစား ထိုအချိန်ကို အခွင့်ကောင်းဟု သဘောထား၍ လူထုဆန္ဒကို အဓမ္မ ရယူလိုက်သည်။ ပြည်သူအားလုံး ၀မ်းနည်းပူဆွေး ဒုက္ခပင်လယ် ဝေနေချိန်တွင် စစ်ဗိုလ်ချုပ်များက မျက်နှာပုပ်ကြီးများနှင့် ကိုယ်မဲကိုယ်ပြန်ထည့်နေကြသည်။ လူ့အသက်ကယ်ရန် အလွန်ဖင့်နှေးသလောက် အာဏာဖင်မြဲရေးအတွက် ခြေသွက်လက်သွက် နေကြသည်။ လူငါးသန်း၏ ဆန္ဒကို မသိရသေးခင်မှာပင် ငါတို့နိုင်ပြီဟု ၀င့်ကြွားနေကြပြီ။
နအဖသည် မြန်မာပြည်သူလူထု အားလုံးကို ပြန်ပေးဆွဲထားခြင်း ဖြစ်တော့သည်။ မြန်မာပြည်သူများသည် နအဖ စစ်ဗိုလ်ချုပ်များ အာဏာကျင့်သုံးနိုင်ရေးအတွက် သေနတ်ထောက်ခံထားရသော ဓားစာခံများ ဖြစ်ပါသည်။
အနိမ့်ကျဆုံး
ယနေ့အခြေအနေကို မြန်မာ့သမိုင်းတလျှောက် အနိမ့်ကျဆုံးကာလဟု သတ်မှတ်နိုင်ပါသည်။
အကြီးမား အပြင်းထန်ဆုံး သဘာဝဘေးရန်ကြောင့် နိုင်ငံ၏ ရေမြေ ငါးရာခိုင်နှုန်း ပျက်စီးသွားသည်။ နိုင်ငံ့ သဘာဝရင်းမြစ်များကို ရောင်းချစားသောက်နေသည့် စစ်ဗိုလ်များက ဘာမှမဖြစ်ပါဘူးဟု ပြောဆိုနေသည်။
ထိုဒေသတွင် မှီတင်းနေသော လူနှစ်သန်းကျော် ရုတ်တရက် မွဲတေသွားသည်။ ဘ၀ရပ်တည်မှု အနေအထားမှာ နောင် နှစ်အတန်ကြာ ပုံမှန်ပြန်ဖြစ်လာဖို့ အတော်ခဲယဉ်းသည်။ စစ်ဗိုလ်ချုပ်များက တစ်သက်စာ စစ်အာဏာ တည်မြဲရေးအတွက် လူထုကို အတင်းအကျပ် ထောက်ခံမဲ ထည့်ခိုင်းနေသည်။
သေဆုံးသူ တသိန်းကျော်ကို စာရင်းလည်း မပြုစုနိုင်၊ မီးရှို့မြေမြှုပ် သဂြုင်္ိဟ်ခြင်းလည်း မလုပ်နိုင်၊ မြင်မြင်သမျှ သုဿန်လိုဖြစ်နေသည်။ စစ်ဗိုလ်ချုပ်များက တီဗီကင်မရာ ရှေ့တွင် ပြဇာတ်မင်းသားဟန်ဖြင့် လက်ညှိုးတထိုးထိုး လုပ်နေတုန်း ဖြစ်သည်။
အစာရေစာ ပြတ်လပ်နေသူ နှစ်သန်းကျော်က လက်ဝါးတဖြန့်ဖြန့် တောင်းရမ်းနေရသည်။ နိုင်ငံတကာမှ ပေးသော ပစ္စည်းများကို စစ်တပ်က အပြင်ထုတ်ရောင်းသည်။ ငို့ဘနှင့် ၀ိသမလောဘသမားများက ပူးပေါင်း အမြတ်ရှာနေကြသည်။
ဒုက္ခသည်များအတွက် ရေရှည် ပြန်လည်ထူထောင်ရေးကို အသာထားဦး၊ လတ်တလော နောက်ဆက်တွဲ ပြဿနာများ တိုးမလာအောင် ရင်တမမ ဖြစ်နေရသည်။ စစ်တပ်က အကူအညီပေးသူများကို ရန်သူသဖွယ် စစ်ဆေးဟန့်တား ပစ္စည်းလုယူ နေကြသည်။
နိုင်ငံတကာက ကျွမ်းကျင်မှု ငွေကြေး ပစ္စည်းတို့ကို အလုံးအရင်းနှင့် ထိထိရောက်ရောက် ပေးကူနိုင်အောင် ကြိုးစားနေကြသည်။ နအဖ လက်ကိုင်တုတ်နှင့် စစ်ခွေးများက ၀ါးစိမ်းတုတ်ခုတ်ကာ လူရိုက်နည်း လေ့ကျင့်နေကြသည်။
စစ်အာဏာရှင်တစု၏ ယုတ်မာညံ့ဖျင်းမှု, နောက်လိုက်ခွေးများ၏ မိုက်ရိုင်းစုတ်ပဲ့မှု, ၀ိသမသမားများ၏ ကောက်ကျစ်အစွယ်ပြူးမှု တို့ကြောင့် မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာမှာ များစွာ ယုတ်လျော့ ကျဆင်းသွားရပြီ ဖြစ်သည်။
ဆင်းရဲမွဲတေမှု၏ အဆုံး, စိတ်ဓာတ် အနိမ့်ကျဆုံး၏ အစွန်တွင် အေးချမ်းတိုးတက်မှုဟူ၍ စိုးစင်းမျှ မရှိနိုင်ပါ။ မွဲတေမှုနှင့် နိမ့်ကျမှုတို့က ပေါက်ကွဲမှုများကိုသာ ဖန်တီးနိုင်စွမ်း ရှိပါသည်။ မြန်မာပြည်သည် အဆိုးဆုံး အခြေအနေမှ ထို့ထက်ပိုဆိုးသော အခြေအနေသို့ ဦးတည်ရွေ့လျားနေသည်ဟု ဆိုနိုင်ပါသည်။
မြန်မာ့အရေးလေ့လာသူ ဦးအောင်နိုင်ဦးက စစ်အစိုးရ ထုတ်ပြန်သော ကိန်းဂဏန်းကို အယုံအကြည်မရှိကြောင်း ပြောဆိုလိုက်ပြီး မြန်မာပြည် အနာဂတ်အတွက် ရေရှည်ပြဿနာဆီ ဦးတည်နေသည်ဟု မဇ္ဈိမသတင်းဌာနသို့ ပြောပါသည်။
"အခုလို ဆိုင်ကလုန်းကြောင့် လူတွေအများကြီး သေဖို့ဖြစ်နေတဲ့ကိစ္စမှာ အများကြီးနိုင်တယ် ဆိုပြီး လိမ်တဲ့ကိစ္စကတော့ တော့တော့ကို ကျနော်တို့နိုင်ငံရဲ့ ရေရှည်ပြဿနာ ဖြစ်နိုင်တယ်"
မြန်မာပြည်တွင် ဓားစာခံ ဖြစ်နေသော နိုင်ငံသားများကို ကယ်တင်ဖို့ အရေးတကြီး လိုအပ်နေသည်။ ဓားစာခံများ လွတ်မြောက်ရေးအတွက် မည်သည့်ဆောင်ရွက်ချက်မဆို တရားသည်။ မည်သူမဆို လုပ်ပိုင်ခွင့် ရှိသည်။ ထိုအထဲတွင် မြန်မာနိုင်ငံသားတိုင်းလည်း ပါဝင်ပါသည်။ ။






