This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label သရော်စာများ(Comedy). Show all posts
Showing posts with label သရော်စာများ(Comedy). Show all posts

Sunday, September 11, 2011

လေချွန်နတ်နှင့် တွေ့ဆုံခြင်း

ရန်ကုန်-ပြည် ကားလမ်းမပေါ်က ကြို့ပင်ကောက်ဆိုတဲ့မြို့ကလေးကို ဖြတ်သွားမိရင် သူများတွေ ဘာတွေတွေးမိသလဲတော့ မသိဘူး။ ကိုယ့်ဘာသာတော့ ငယ်ငယ်တုန်းက အင်မတန် နံမယ်ကြီးတဲ့ လေချွန်နတ်ဆိုတာကို သွားသတိရပါတယ်။ သူက ရှေ့ဖြစ် နောက်ဖြစ် ဗေဒင်ယတြာတွေ ဟောတာမဟုတ်ဘူးဗျ။ ကွယ်လွန်သွားတဲ့လူတွေ တမလွန်မှာ ကျွတ်ကျွတ်လွတ်လွတ် ဖြစ်မဖြစ်၊ ဘယ်လိုဘ၀မျိုး ကူးပြောင်းသွားတယ် လို့ ဟောနိုင်ပြီး မကျွတ်မလွတ်သေးလို့ရှိရင် အလွမ်းပြေ ချတ်တင်ဝင်လို့ရသတဲ့။ စစ်ကိုင်းပြည်တို့ ရွာဦးမစိန်ကြာတို့လို အရုပ်မမြင်ရပေမယ့် ဂျီးတော်နဲ့ ချက်သလို အသံကလေးတော့ ကြားနိုင်သတဲ့။ သို့သော်ငြားလည်း မြန်မာပြည်ကွန်နက်ရှင်နဲ့ဆိုတော့ သိတဲ့အတိုင်းပဲလေ။ တရွှီရွှီနဲ့ လေချွန်သံတွေချည့်ပဲ ကြားနေရတာနဲ့ နတ်ကတော်လုပ်တဲ့ ဘွားတော်ကြီးက အင်တာပရက်တာ လုပ်ပေးရပါသတဲ့။ သူ့ခေတ်နဲ့သူ့အခါတုန်းကတော့ အင်မတန်မှန်တယ်တဲ့ဗျား။ ရွှေမန်းတင်မောင် ဘယ်ဘ၀ရောက်နေတယ်တို့ ဘာတို့တောင် အတိအလင်း ဟောနိုင်တယ်လို့ ပြောကြတာပေါ့။ ဗမာပီပိ ဗေဒင်မေး နတ်မေး၊ အတင်းတုပ်၊ အိမ်လည်ဆိုတာ ဘယ်သူမှ မနေနိုင်တဲ့ အမျိုးဆိုတော့ အပျင်းပြေ သွားမေးကြည့်ရင် မကောင်းဘူးလား။ လာ .. လိုက်ခဲ့။
ကျွနင်္ုပ် ။ အမေကြီး။ နေကောင်းလား။ အရင်လို ဟောနိုင်ပြောနိုင်တုန်းပဲလား။



လေချွန်နတ် ။ ကောင်းပ မောင်ရာ။ အရင်လောက်တော့ ဘယ်ဟောရတော့မလဲ။ ခေတ်ကာလသားသမီးတွေက သေသောသူ မကြာခင်မေ့ကုန်ကြလို့ အမေးအမြန်းသိပ်မထူတော့ဘူး။ သေတဲ့သူတွေကလည်း ရှေးကလို မြေကြီးထဲ ရွှေတွေမြှုပ်ပစ်ခဲ့တာမှ မရှိတော့တာ။



ကျွနင်္ုပ် ။ အမေကြီးက သေပြီးသားလူဆို ဘယ်လောက်ကြာကြာ ပြန်ခေါ်မေးးလို့ရတာပဲလားဗျ။



လေချွန်နတ် ။ ဘ၀မကူးသေးရင်တော့ ရတာပကွယ်။ မင်းတို့ ခုနှစ်ရက်သားသမီးတွေတောင် အနော်ရထာလက်ထက်က ဖျဉ်းဘရားသား ခေါ်ခေါ်ပြီး ပါတီပေးပေးနေကြတဲ့ဥစ္စာ။ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့။ ဘာလဲ။ ပညာစမ်းချင်လို့လား။ ငါ .. တယ် …။



ကျွနင်္ုပ် ။ ယုံပါပြီ အမေရယ်။ ယုံပါပြီ။ ခုခေတ်နတ်ကတော်တွေက ကွမ်ရင်မယ်တော်ကြီးတောင် ရအောင်ပင့်နိုင်တာ တွေ့ပါတယ်။ ဒါထက် စကားမစပ်ဗျာ။ သူတို့လို ဘာသာမတူတဲ့ လူမျိုးခြားနတ်တွေ ၀င်လာပြီး ပြောရင်လည်း အမေတို့က နားလည်တာပဲလား။



လေချွန်နတ် ။ တော်ပြောမှပဲ ကျုပ်တို့နတ်ကတော်တွေ ယူအက်ဖ်အယ်လ်ပြေးပြီး စပီကင်တက်ထားရမယ့်ပုံ။ နတ်တို့၏ ဘာသာစကားဆိုတာ မနောကပြောတာကွဲ့။ ထရန်စလိတ်တာ မလိုဘူး။ ချက်ဆို နားခွက်က မီးတောက်တယ်။ ဂွပ်ကနဲ့ဆို ဓါတ်ပြီးသား။ နပ်လွန်လွန်းလို့ နတ်ဖြစ်နေတာပေါ့ သားရယ်။



ကျွနင်္ုပ် ။ ပေါက်ပါပြီ အမေ။ ပေါက်ပါပြီ။ ပညာစမ်းတယ်တော့ မအောင့်မေ့ပါနဲ့။ မေးချင်သိချင်တဲ့စိတ်တွေ များလွန်းလို့ မစားနိုင်မအိပ်နိုင်ဖြစ်ခဲ့ရတဲ့ လူတစ်ယောက်ရှိပါတယ်။ သေတာတော့ နည်းနည်းကြာပါပေါ့။ အမေကြီးရဲ့ စက်တလိုက်ထဲမှာ ဘရောင့်ဇ်လုပ်ပေးပါဦး။ ရှိများရှိရင် မေးလိုက်ချင်ပါရဲ့။



လေချွန်နတ် ။ နံမယ်နဲ့ သေတဲ့ခုနှစ်ကို ပြောလေ။ ဒေတာ အန်းတားမလုပ်ပဲ ငါက ဘယ်လိုရှာရမှာတုန်း။ ဘယ်လိုသူငယ်ပါလိမ့်။ သတင်းစာထဲမှာ ယောက္ခမလွမ်းစာတွေ ထည့်ထည့်နေပုံထောက်ရင် ဘာတွေမေးချင်နေမှန်းမသိ။



ကျွနင်္ုပ် ။ ဟုတ်ပါဘူး အမေကြီးရယ်။ သေတဲ့ခုနှစ်ကလေး ပြန်စဉ်းစားနေလို့ပါ။ မှတ်မိပြီဗျ။ ခရစ်တော်မပေါ်ခင် ဘီစီ ၃၉၉ မှာ ကွယ်လွန်သွားတာ။ နံမယ်ကတော့ ဆော့ခရိတ္တိ လို့ခေါ်တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ပါတီအတွေးအခေါ် စာအုပ်တွေထဲမတော့ အင်္ဂလိပ် စာလုံးပေါင်းအတိုင်း ဗမာလိုအသံထွက်ပြီး ဆိုကရေးတီး လို့ ခေါ်ကြတယ်။



လေချွန်နတ် ။ သောက်ကျိုးနည်း။ လက်စသတ်တော့ နင်က ငါ့ကို ပညာစမ်းနေတာပေါ့လေ။ ရွှီဘွားတော်ဟဲ့။ သေမှာမကြောက်လို့ ပေတရာလျှောက်နေတာ။ နင့်အကောင် နတ်ဖြစ်နေလို့ကတော့ ခေါ်ပြလိုက်မယ်။ မေးစမ်းတော်။ အမုန်း။ ပြီးရင် နင့်ကိုပါ သူနဲ့ ပြန်ထည့်ပေးလိုက်မယ်။ @#$%..



+++++++++++++



ကျွနင်္ုပ် ။ ဟော … လာပြီ လာပြီ ဒေါ်သက်ရီ။ ဘယ်ရပ်ဘယ်ရွာကလာတဲ့ ဘယ်သူဘယ်ဝါဆိုတာကလေး အင်ထရိုလုပ်တော်မူပါဦးဖျာ့။



ဆော့ခရတ္တိ ။ အောင်မယ်။ ခေါ်တုန်းကခေါ်ပြီး။ အခုမှ မသိချင်ယောင်ဆောင်နေတယ်။ နံမယ်က ဆော့ခရိတ္တိ၊ အိုလံပပ်စ်တောင်တော်။ ခေါမပြည်ကလာတာ ။



ကျွနင်္ုပ် ။ သိပါပြီ ဆရာကြီးရယ်။ လေးစားလွန်းလို့ ပင့်ရဖိတ်ရတာပါ။ အော်မီသော်ဖော်( အမိတဘ) စိတ်မရှိပါနဲ့။ ပညာရှိစကားများ တမလွန်က ကြားရရင်တောင် အမှောင်ခွင်း အလင်းဆောင်နိုင်တယ်ဆိုလို့ပါ။ အမိုက်အမဲလေးတွေကို ဗွေမယူပါနဲ့။ ဆိုကျောင်းလောင် (ဆိုဆရာတော်)။



ဆော့ခရိတ္တိ ။ လေသံတွေ ကြားရတာကတော့ တရုတ်ပြည်ကြီးရဲ့ ပြည်နယ်တစ်ခုကမှတ်တယ်။



ကျွနင်္ုပ် ။ အညာကဆရော် လို့ နှုတ်ဆက်ရင် မြောက်ကိုရီးယားက လို့ မှတ်မှာလား အားပုဂျိရယ်။



ဆော့ခရိတ္တိ ။ အေးကွဲ့။ တောင်ကိုရီးယားစော်ကတော့ နည်းနည်းမှ မနံတာအမှန်။



ကျွနင်္ုပ် ။ လိုရင်းမရောက်ပဲ ချော်တောငေါ့သွားတော့မှာပဲ။ ဆရာကြီး ခင်ဗျား။ ဆရာကြီးကို အေသင်မြို့သူမြို့သားတွေက အဆိပ်ခွက် ကိုယ်တိုင်သောက်စေပြီး ကွပ်မျက်ခဲ့တယ်လို့ ကြားဖူးပါတယ်။ ဘာအမှုနဲ့များပါလိမ့်ခင်ဗျာ။



ဆော့ခရိတ္တိ ။ နတ်ဘုရားများကို ပူဇော်ပသခြင်းမပြုမှု၊ လူငယ်တွေကို ဘုရားတရားမကြည်ညိုအောင်၊ မိဘဆိုဆုံးမရခက်အောင် မြှောက်ထိုးပင့်ကော်လုပ်မှု၊ ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ မိုးအောက်မြေပြင် ဟိုဟာမှန်တယ်။ ဒီဟာမှားတယ်နဲ့ လျှောက်တွေးနေပြီး အဲသလိုတွေးထားတာတွေကို သူများတကာ နားလည်လက်ခံလာအောင် ပလီစိချောက်ချက်တွေ ဟောပြောရေးသားမှု ပါတဲ့ကွယ်။ လိုရင်းကို တစ်ခွန်းတည်း ပြောရရင် ယုံကြည်ချက်ကို မစွန့်လွှတ်နိုင်လို့ အသက်နဲ့လဲခဲ့တာပေါ့ကွ။



ကျွနင်္ုပ် ။ ကိုယ်နဲ့ယုံကြည်ချက်ချင်းမတူတာနဲ့ပဲ၊ ကိုယ့်သြဇာမတည်မြဲမှာ စိုးတာနဲ့ပဲ အပြစ်လို့ သတ်မှတ်ပြီး အဲဒီအပြစ်အတွက် သေဒဏ်စီရင်တယ်ဆိုတော့ အေသင်မြို့သူမြို့သားတွေဟာ တော်တော် ရက်စက်မိုက်မဲကြပုံ ရတယ်နော်။



ဆော့ခရိတ္တိ ။ အဲလို မပြောရဘူးကွ။ ဂျူရီလူကြီးပေါင်း ၅၀၀ က ဆုံးဖြတ်တာ။ အများစုက ဥပဒေနားမလည်တဲ့ အပျော်တမ်းဝါသနာရှင်တွေ၊ လူအိုလူမင်းနဲ့ ဒုက္ခိတတွေလည်းပါတယ်။ အိမ်မှာနေရတာပျင်းလို့ တနေ့ သုံးအိုဘို ရလည်း မနည်းဘူးဆို လာထိုင်နေတဲ့သူတွေလည်း ပါတယ်။ ဘာပဲ ဖြစ်ဖြစ် အေသင်နိုင်ငံသားစစ်စစ်တွေက စီရင်လိုက်တာဆိုတော့ ခံသာတာပေါ့ကွာ။ မင်းလည်း သိပ်အာချောင်မနေနဲ့။ အေသင်သားတွေ မင်းတို့ဆီ ၀င်စားတာ ဘယ်နှစ်ယောက်ရှိမှန်းမသိဘူး။



ကျွနင်္ုပ် ။ ဟုတ်မယ်။ ဟုတ်မယ်။ ကျွန်တော်တောင် တစ်ယောက်သိသေးတယ်ဗျ။ သူ့နံမယ်က အေသင်ချိုဆွေတဲ့။ ကလေးမလေးက ချစ်စရာလေးပါ။ ဒေါသတော့ ကြီးမယ့်ပုံနော်။ ဒီမှာ တင်းတယ် တင်းတယ်။ တင်းတယ် တင်းတယ် ဟေ့ …. ဆိုလား။



ဆော့ခရိတ္တိ ။ ၀ါသနာတွေက တားလို့ကို မရဘူး. ပေါ်ပေါ်လာပြီ။ မင့်မှာ ငါ့လို အမှန်တရားအတွက် ယုံကြည်ချက်အတွက် အသက်စွန့်ဝံ့တဲ့သတ္တိလည်း မရှိပဲနဲ့။ မရဲပဲ ကျွဲပြဲ မစီးချင်ပါနဲ့ကွယ်။ မင့်လောက်ကတော့ သေဒဏ်တောင် ပေးစရာမလိုဘူး။ ထောင်ရောက်တန်းရောက်နဲ့တင် ဇီဝိန်ကြွေသွားမှာ။ ဖောင်ကြီးဆန်တောင် မစားနိုင်ပဲနဲ့ ထောင်နှုတ်ခမ်းနင်းဦးမလို့လား။ ရယ်ချင်တယ်။



ကျွနင်္ုပ် ။ ဟုတ် ။ ဟုတ်။ သားသား ကြောက်ကြောက်ပါခင်ဗျ။ (တရုတ်ကလေးတွေခေါ်တဲ့ ကျောက်ကျောက် မဟုတ်ဘူးနော်) ဆရာကြီးကလည်း .. အနော်က ဘာတွေ လုပ်နေလို့တုန်းလို့။ ဟာပဲ .. ဟာပဲ။ ဟာဗျာ … ဟာဗျာ။



ဆော့ခရိတ္တိ ။ ငါတို့ အိုလံပပ်စ်တောင်တော်ကို နင်ရောက်နေတဲ့ အမ်းလို မှတ်နေလား။ ရေ၊ မီး၊ ဖုန်း၊ အင်တာနက် ၂၄ နာရီ။ ဒေါင်းချင်တိုင်းဒေါင်း ကောင်းမှကောင်း ကွန်နက်ရှင်နဲ့။ (နတ်တို့စံရာ တောင်တော်သာပေကိုး) ဖေ့စ်ဘုတ်ထဲ နင်ရေးထားတဲ့ ပေါက်တတ်ကရ အတွေးတွေကို ဟိုလူရှဲ ဒီလူရှဲနဲ့ ဗွက်ပေါက်နေတာ မသိပဲ ရှိပါ့မလား။ သောက်ညင်ကပ်လို့ မိတ်မဖွဲ့ ကွန်မန့်မပေးပဲနေတာ။ ဆွဲစိလိုက်လို့ နှဲမိအနောက်က တန်းစီနေရမယ်။



ကျွနင်္ုပ် ။ ကြောက်ပါတယ် ဆိုနေမှပဲ။ မရှင်းတာကလေးတစ်ခုတော့ မေးစမ်းပါရစေဦးဗျာ။ ဆရာကြီးရဲ့ အဆိုအမိန့်တွေထဲမှာ `ရွှေတွေငွေတွေ၊ ရာထူးဌာနန္တရတွေ ရှိတာ ကောင်းတော့ ကောင်းပါရဲ့။ ဒါပေမယ့် အဲဒါတွေ ရရှိပိုင်ဆိုင်လာခြင်းဟာ မျှမျှတတ မှန်မှန်ကန်ကန်ဖြစ်ခြင်း ဆိုတဲ့သဘောမပါရင် ကျက်သရေမင်္ဂလာရှိတဲ့ ကောင်းကျိုးချမ်းသာလို့ မဆို၊နိုင်ပေဘူး´ ဆိုတာကိုဖြင့် ခေတ်နဲ့ မလျှော်ညီတော့ဘူးလားလို့ သံသယဖြစ်မိပါတယ်။



ဆော့ခရိတ္တိ ။ ဒီသူတောင်းစားလေးကတော့ သူ့ဘာသာရိုက်ချင်တာ ငါ့ဆီတုတ်လာငှားနေပြီ။ ဒီအကြောင်းတွေက နင်သိသလို ငါသိသလို လူတကာအသိဟဲ့။ သူတို့ဘာသာလည်းသိပြီးသား။ မသိနားမလည်လို့ မလိမ္မာတခါမိုက်တယ်ထင်ပြီး တရားပြချင်နေတာလား။ သိသိကြီးနဲ့ လုပ်တယ်ကွာ။ ဘာဖြစ်သေးလဲ။ မင်းလိုပဲ သီချင်းဆိုပြလိုက်မယ်။ ` ချစ်လူမိုက် ချစ်လို့မိုက်ခဲ့တယ်…။ ချစ်လူမိုက် ချစ်လို့မိုက်ပါတယ် …။ ပြီးရော။



ကျွနင်္ုပ် ။ သဘောရိုး အမှန်ပါခင်ဗျာ။ ဆရာကြီးရဲ့ အေသင်မြို့သူမြို့သားတွေအပေါ် နောက်ဆုံးဝေဖန်ချက် `ပညာဥာဏ်နဲ့ အင်အားကြံ့ခိုင်မှုမှာ ကမ္ဘာကျော်ပါလျက် ငွေ၊ ဂုဏ် နဲ့ နံမည်နောက်ကို ကောက်ကောက်ပါနေတာ ရှက်စရာ၊ သစ္စာတရား၊ နားလည်မှုနဲ့ စိတ်ဝိညာဉ်ပြည့်စုံမှုကို မေ့လျော့ထားတာ ရှက်စရာ ´ ဆိုတာကလေးလည်း ရှင်းစမ်းပါဦး ခင်ဗျား။



ဆော့ခရိတ္တိ ။ သူ့အရိုးနဲ့ သူ့ပြန်ထိုးရတယ်ဆိုတဲ့ဗျူဟာအတိုင်း မင်းနားလည်လွယ်အောင် မင်းတို့ဆရာဝန်တွေထဲက ဥပမာနဲ့ပဲ ရှင်းပြမယ်။ သေသေချာချာ နားထောင်။ မင်းတို့ဆရာဝန်တွေဟာ ပညာဥာဏ်တွေ အတတ်ပညာပိုင်းတွေမှာ နိုင်ငံတကာက ဘယ်သူနဲ့ ယှဉ်ယှဉ်၊ မညံ့တဲ့လူတော်ကြီးတွေ တပုံတပင်ရှိတယ်လေ။ သို့သော်ငြားလည်း သားတွေ သမီးတွေ အမေရိကားမှာ စင်္ကာပူမှာ ကျောင်းသွားထားဖို့ ပူတူတူးလေးကို အိမ်တစ်ဆောင်မီးတစ်ပြောင်နဲ့ထားဖို့၊ ဒီလောကမှာ ငါကလွဲရင် ဘယ်သူမှ တတ်တဲ့သူမရှိစေရဘူးလို့ အောင်လံထူနိုင်ဖို့အတွက်နဲ့ ဟစ်ပိုခရိတ္တိကြီးရဲ့ အဆုံးအမတွေနဲ့ မလျှော်ညီစွာ ကျင့်ကြံနေမိလို့ရှိရင် ရှက်စရာမကောင်းပါလား။ ကိုယ့်ဘာသာ စဉ်းစားကြည့်ပြီး သဘောပေါက်ရင် ပါးစပ်ပိတ်၊ တိတ်တိတ်နေတော့။ ငါ့တုန်းကတော့ ဒီစကားတစ်ခွန်းနဲ့တင် အပြစ်ရှိတယ်လို့ ပေးတဲ့မဲ ၂၈၀ ကျော် ရလိုက်ပါသဗျား။ ဝေဖန်ရေးဆိုတာ ကိုယ်ကဝေဖန်ရရင်သာ ကောင်းတာ။ ကိုယ့်ကိုဝေဖန်ခံရရင် ဘယ်သူမှ မကြိုက်ကြဘူးကွဲ့။ မှတ်နော်။ မှတ်နော်။ မှတ်နော်။



ကျွနင်္ုပ် ။ တခါဆို အိုအောင်မှတ်ပါ့မယ်ခင်ဗျာ။ နောက်ဆုံးမေးချင်တာတစ်ခုက ဆရာကြီးရဲ့ နောက်ဆုံးသြ၀ါဒထဲမှာ `ခွဲခွာရမည့်အချိန်ကား နီးလာချေပြီ။ ကိုယ့်လမ်းသို့ ကိုယ်စီ သွားရပေလိမ့်မည်။ ငါမူကား သေလမ်းသို့ သွားတော့အံ့။ သင်တပည့်တို့သည် ရှင်လမ်းသို့ သွားကြကုန်။ ရှင်လမ်း နှင့် သေလမ်း ဘယ်ဟာက သာ၍ကောင်းသည်ဆိုခြင်းကို ဘုရားသခင်တစ်ပါးတည်းသာ သိတော်မူပေလိမ့်မည်။” လို့ ဆိုခဲ့တယ်မဟုတ်လား။ အခုလောက်ဆို ဆရာကြီးဟာ ရှင်လမ်းရော သေလမ်းပါ နှစ်လမ်းလုံး လျှောက်ခဲ့ပြီးပြီမို့ အတွေ့အကြုံကလေးများ အမိန့်ရှိပါဦး ခင်ဗျား။



ဆော့ခရိတ္တိ ။ ဒါကတော့ ဘယ်လိုရှင်နေသလဲ ဘယ်လိုသေသွားသလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့ကွာ။ အနှစ်သာရမရှိတဲ့ ရှင်သန်ခြင်း၊ ပြည်သူအသိန်းအသောင်း အသင်္ချေရဲ့ အရိုးပုံပေါ်မှာ ရပ်တည်ရခြင်းဆိုရင်တော့ မင်းတို့ဆီက ဆီးဘန်းနီဆရာတော် ရေးခဲ့တဲ့အတိုင်းနေလိမ့်မယ်။ ထန်းလျက်မြိုလို့ ချိုချင်ရင် လျှာဖျားကသာ ချိုနိုင်တော့မပေါ့ကွာ။ အကုသိုလ်စိတ်က ခြောက်လှန့်လာတဲ့အခါ အခေါဘဏီတပ်ကြီးရံထားပြီး ဘုံခုနှစ်ဆင့်ပေါ်တက်နေလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်ကန်ကန်တတ်သေးတယ်။ ဒီလိုပဲ သေတဲ့အခါမှာလည်း သန်းခေါင်သန်းလွဲ ကာရာအိုကေမှာ အမုန်းဆွဲပြီး မူးမူးရူးရူးနဲ့အပြန် သူများကို ကားနဲ့တိုက်ရင်းသေသွားတဲ့သူနဲ့ ဦးဝိစာရတို့ ဗိုလ်အောင်ကျော်တို့လို သေခြင်းမျိုးဟာ ဘယ်တန်ဖိုးချင်းတူပါ့မလဲ။ သေပြီးနောက် မျက်မှောက်ပြုရတဲ့ လားရာဂတိချင်းလည်း မတူနိုင်ဘူးဆိုတာ မင်းတို့ ဗုဒ္ဓဘာသာတွေက ပိုသိဖို့ကောင်းတာပေါ့။ တစ်ဘ၀ချမ်းသာကို တစ်သံသရာလုံးဝဋ်ကျွေးနဲ့ လဲယူရတဲ့သူတွေလောက် မိုက်လုံးကြီးတာ ရှိဦးမလား။ အခုဆို ငါသေတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာနီးလာပြီ။ ငါ့နံမယ် မင်းတို့ ကြားဖူးနေသေးတယ်။ မသေခင်မှာ ကလော်တုပ် အပုပ်ချဖို့ကလွဲလို့ နံမည်တောင် စကားထဲထည့်မပြောချင်လောက်အောင် ပြည်သူ့မေတ္တာခံယူနေတာ မမြင်ဖူးလို့လား။ ဦးဇင်းကျော်ဟိန်းလေသံနဲ့ ဆက်ဟောလိုက်မယ်။ သိချင်သေးလို့ .. မေးနေတာလား....။



ကျွနင်္ုပ် ။ ရှင်းပါပြီ ဆရာကြီးရယ်။ ရှင်းပါပြီ။ အကွင်းအကွင်း မုန့်တီဟင်းလိုပါပဲ။ အမိုက်ခံပြီး ဇက်ကောင်းလို့ ဓါးတောင်းနေတာ မဟုတ်ရပါဘူး။ အနေလည်းတတ်၊ အသေလည်းမြတ်အောင် ဝေခွဲတတ်ကြပါစေကြောင်း သပ္ပုရိသအပေါင်းတို့ကို ဆရာကြီးရဲ့ သြ၀ါဒကထာကလေးများ ပြန်လည်ဝေငှလိုခြင်းကြောင့် ကူးတို့ဆိပ်က မှို့အိပ်ဖွင့်လိုက်ရပါတယ်။ လေတင်လေအောက် ကြားကြားသမျှ အမျှ အမျှ အမျှယူတော်မူကြကုန်။



လေချွန်နတ် ။ ၀ါး .... ဘာပြောသွားသေးတုန်း။



(ဟိုစဉ်အခါက ကိုရင်တာ၏ စတိုင်သစ်မဂ္ဂဇင်းလာ ဆိုခရိတ္တိ နှင့် နှစ်ပါးသွားခန်းကို ဖတ်အပြီး မနေနိုင်မထိုင်ဖြစ်လာပါသဖြင့် ငွေမြိုင်ကို တုတ်နှင့်ထိုးမိပြန်ပါကြောင်း။)



စိုးမင်း

Sunday, September 4, 2011

လွှတ်တော်မှာ.. ဒီလို ဒီလို...

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပ၊ မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်း၊ အဆိုပြုဆွေးနွေးခြင်း ဥပဒေကြမ်းအတည်ပြုခြင်း တင်သွင်းခြင်းများပြုလုပ် ယနေ့ နံနက် ၁၀ နာရီက လေပြည်တော် ပြည်သူ့လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ခမ်းမ၌ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ ဆက်လက်ကျင်းပရာ ဥက္ကဋ္ဌ ဦးရွှေပန်းနှင့် လွှတ်တော် အမတ်များ စုံညီစွာ တက်ရောက်သည်။  

အစည်းအဝေးတွင် ဇေယျာငပိ မဲဆန္ဒနယ်မှ ဦးလောက်ကောင်က… မိမိတို့ဒေသတွင် ကွမ်းယာများ၌ ထုံးပိုထည့်လေ့ရှိသည်ကို မိမိ စနစ်တကျ ကွင်းဆင်းလေ့လာခဲ့သဖြင့် သိရှိခဲ့ရကြောင်း၊ ကွမ်းယာတွင် ထုံးပိုထည့်သဖြင့် မလိုအပ်ပဲ ထုံးအလေအလွင့် ရှိနေခြင်းအပေါ် မည်သို့ ဆောင်ရွက်သင့်ပါသနည်းဟူသောမေးမြန်းချက်ကို တိုင်းရင်းဆေးဝန်ကြီးဌာန၀န်ကြီးက ထုံးပိုစားသဖြင့် ထုံးဓါတ်များပြီး အရိုးအဆစ် ခိုင်မာစေသဖြင့် ယခုအတိုင်း မသိကျိုးကျွံပြုသင့်ကြောင်းပြန်လည်တင်ပြပြီး အားလုံးတညီတညွတ်တည်း အတည်ပြုခဲ့ကြောင်း၊ ဖုံထူသိရိ မဲဆန္ဒနယ်မှ ဦးဝက်ကြီးက.. မြန်မာနိုင်ငံတွင် အလေးချိန်ဝင် စနစ်၍ အစိတ်သား ငါးဆယ်သား တပိသာဟု သုံးနှုန်းကြောင်း၊ သို့သော် အဆိပ်သားဆိုသည်မှာ မစားသင့်သော အစားဖြစ်သဖြင့် ခေတ်နှင့်မလျော်ညီတော့ပါသဖြင့် ပြုပြင်သင့်ကြောင်း တင်ပြဆွေးနွေးရာ နည်းပညာဝန်ကြီးမှ အစိတ်သားအစား ၂၅ ကျပ်သားဟု ခေါ်ရန်သင့်ကြောင်း ပြန်လည်ဆွေးနွေးရာ. .အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နှမ်းလုံးကြိုင်က.. ၂၅ကျပ်သားဆိုသည်မှာ သားဆိုသည့်စကားပါဝင်သဖြင့် အမျိုးသားများကို ဦးစားပေးရာ အခွင့်အရေးပိုယူရာရောက်နေကြောင်း၊ သို့ဖြစ်၍ ၂၅ကျပ်သားအစား ၂၅ ကျပ်သမီး ဟု ခေါ်ဝေါ်သင့်ကြောင်း ထပ်မံဆွေးနွေးရာ မဲခွဲဆုံးဖြတ်ခဲ့ရာ ၂၅ ကျပ်သမီး ဟူသောအခေါ်အဝေါ်ကို သုံးနှုန်းသင့်ကြောင်း မဲအပြတ်အသတ်ဖြင့် အနိုင်ရပြီး အတည်ပြုခဲ့ကြောင်း၊ 

ဆက်လက်၍ လဒသီရိ မဲဆန္ဒနယ်မှ ဒေါ်ကွက်ကျော်က ..မိမိတို့ ဒေသတွင် ငါးဝယ်တိုင်း အလေးခိုးမှုရှိနေကြောင်း၊ လူထုအတွင်း မရိုးမသားမှုကို ထင်ရှားစေသဖြင့် ငါးအလေးခိုးသူ ငါးစိမ်းသည်များအား အရေးယူသင့်ကြောင်းအဆိုကို တင်သွင်းအား တညီတညွတ်တည်း သဘောတူ ဆုံးဖြတ် အတည်ပြုနိုင်ခဲ့သည်။ ၀ါးယောက္ခမ မဲဆန္ဒနယ်မှ ဦးကျော်ကွန့်က .. မိမိတို့ဒေသတွင် ကလေးများကစားရာ၌ “၀ါဆိုဝါခေါင်ရေတွေကြီးလို့.. သပြေသီးမှည့်ကောက်စို့ကွယ်”ဟု သီဆိုကစားလေ့ရှိကြောင်း၊ ထို့ကြောင့် စာဆိုအတိုင်း ၀ါဆိုဝါခေါင်တွင် ရေကြီးနေကြောင်း၊ ၄င်းကိစ္စကို မည်သို့ဆောင်ရွက်သင့်ပါသနည်းဟု မေးမြန်းရာ ပညာရေးဝန်ကြီးက.. ရေကြီးသည့်ကိစ္စမှာ မိမိနှင့် မဆိုင်ကြောင်း၊ ဆည်မြောင်းဌာနမှ ဖြေရှင်းသင့်ကြောင်း ဘောလီဘောပုတ် လိုက်သဖြင့် လယ်ယာနှင့်ဆည်မြောင်းဝန်ကြီးက ၄င်းကိစ္စမှာ မိမိအနေဖြင့် ဖြေရှင်းရန် မတတ်နိုင် ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ငမူးရွှေပြည် မဲဆန္ဒနယ်မှ ဦးဘီယာက အရက်ချက်ခွင့်လိုင်စင်များနှင့်စပ်လျဉ်းပြီး အရက်လိုင်စင်များအား တတိုင်းတပြည်လုံး အတိုင်းအတာဖြင့် များများ ချပေးစေလိုကြောင်း၊ ပြည်တွင်းတွင် ဖေါဖေါသီသီ သောက်နိုင် ရုံမက ပိုလျှံလျှင် ပြည်ပသို့ တင်သွင်းနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မည်ဟု ယုံကြည်ပါကြောင်း ဗလုံးပထွေးဖြင့် တင်ပြဆွေးနွေးရာ လွှတ်တော်ဥက္ကဋ္ဌမှ တချက်လွှတ် အတည်ပြု ခဲ့ကြောင်း၊ ထို့နောက် ရန်းဖြီးမဲဆန္ဒနယ်မှ ဦးရွှေအာက.. ယနေ့တွင် မိမိ၏ ဇနီးမှ ကလေးမွေးဖွားကြောင်း၊ ထိုကလေးကို မည်သို့နာမည်ပေး သင့်ပါသနည်းဟု တင်ပြဆွေးနွေးရာ “ခင်လွှတ်တော်” “ဒသမလွှတ်တော်” “လွှတ်လွှတ်အာ”စသဖြင့် အမည်အမျိုးမျိုးပေးကြသော်လည်း အတည်မပြုနိုင်သဖြင့် နောက်တနေ့ညီလာခံတွင် ဆက်လက်ဆွေးနွေးရန် လွှတ်တော်ဥက္ကဋ္ဌမှ သတ်မှတ်လိုက်သည်။ 

ထို့နောက် လွှတ်တော်မဲဆန္ဒနယ်အသီးသီးမှ ရပ်ကွက်အတွင်း မဆင်မခြင် ရေစည်လှည်းတွန်းသဖြင့် လမ်းဘေးခွေးတကောင် ပေါင်ကျိုးသွားသည့်ကိစ္စ၊ တောက်တဲ့စီးပွားဖြစ်မွေးမြူရေးလုပ်ဆောင်သင့်သည့်ကိစ္စ၊ မယားငယ် ၂လုံးထီပေါက်သည့်ငွေကို မယားကြီးနှင့် ဆိုင်၊ မဆိုင်ကိစ္စ၊ အပျိုကြီးများ ယောင်္ကျားမယူမနေရဥပဒေပြဌာန်းသင့်ခြင်းကိစ္စ၊ ပဲပြုတ်နှင့် တွဲဖက်စားသုံးလျှင် အရသာရှိသည့် “နံပြား”မှာ မနံပဲ မွှေးသဖြင့် “နံပြား”ဟု မခေါ်ပဲ “မွှေးပြား”ဟု ခေါ်သင့်ကြောင်း ကိစ္စ စသဖြင့် တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်ကိုဦး ၄.၉.၁၁

Sunday, May 29, 2011

ထိုင္ခုံ(ေမာင္ပုည-ၾသစေၾကးလ်)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

(၁)
“အစည်းအဝေး။ အစည်းအဝေး...”
“မင်းပဲသွားလိုက်ပါမောင်လှရာ...။ ငါ ထမင်းချက် ကျန်ရစ်ခဲ့မယ်...”
“ဒါဆိုလဲရပါတယ်...”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?”
“မျိုးမနဲ့ တက်ပုလေ...”
“သြော်-သြော်-”

(၂)
“အစည်းအဝေး။ အစည်းအဝေး...”
“မင်းပဲသွားလိုက်ပါမောင်လှရာ။ ငါ နည်းနည်း နေမကောင်းလို့ပါ”
“ဒါဆိုလဲရပါတယ်...”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်လှ။ သဘာ ပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...?”
“မျိုးမနဲ့ တက်ပုပါပဲကွာ...”
“သြော်-သြော်-”

(၃)
“အစည်းအဝေး။ အစည်းအဝေး...”
“ငါ   ... ကွာ”
“ဟေ့မောင်မြ”
“ဒီတခါတော့ ငါကွာမနေနဲ့။ ဒီတခါမင်းတလှည့် ပဲ...”
“ဒါဆိုလဲရပါတယ်ကွာ”
“အစည်းအဝေးပြီးခဲ့ပြီလားမောင်မြ။ သဘာပတိနဲ့ အတွင်းရေးမှူးက ဘယ်သူတွေလဲ...”
“ထုံးစံအတိုင်းပါပဲ မောင်လှရာ”
“သြော်-ဒါကြောင့် သူတို့တွေလဲ ဖက်တွယ်ထားကြတာကိုး”

မောင်ပုည(သြစတြေးလျ)

Friday, May 20, 2011

ကျနော်လဲထိုနည်းလည်ကောင်း(သရော်စာ)

ရေးသားသူ-မောင်ပုည(သြစတြေးလျ)

(၁)
“ဘဘလား...”
“ဟုတ်တယ်နန်းစိန်ငွေ၊ ပြောစရာရှိပြော...”
“ဘဘနဲ့ကိုဒေါင်းကို သက်ဆိုင်ရာက ခုံအဖွဲ့ဝင်အဖြစ် လူတွေကိုစစ်ဆေးဖို့ ခန့်လိုက်တယ်ဘဘ..”
“ဗျာ-ဗျာ၊ သဲထိပ်ရင်ဖိုစရာတွေကောင်းလိုက်တာ...။ ပြန်ပြီးပြောစမ်းပါဦးနန်းစိန်ငွေ...”
“ဟုတ်တယ်ဘဘ။ ဘဘကခုံဥက္ကဌ၊ ကိုဒေါင်းက အဖွဲ့ဝင်၊ ကျန်အဖွဲ့ဝင်တဦးကိုတော့ ဘဘစိတ်ကြိုက် ရွေးနိုင်တယ်တဲ့..”
“ဒီခုံကိုဘယ်သူဖွဲ့တာလဲ။ ကုလသမဂ္ဂလား...၊ ဒေါ်အောင်ဆန်းစုကြည်လား...၊ ပြည်ပရောက် ဒီမိုကရေစီ အဖွဲ့တွေလား...၊ ပြောစမ်းပါဦး...”
“အစိုးရမဟုတ်တဲ့ NGOတဲ့ ဘဘရေ”
“အဲလေ- ဒီခေတ်က NGOခေတ်မဟုတ်လား၊ မျောက်ပြဆန်တောင်းNGO၊ အကြံအဖန်NGO၊ ပဲကြီးဟင်းသောက်NGOတွေလဲ ရှိလေတော့... ထားပါတော့လေ။ ဒါနဲ့ ဒို့က ဘယ်သူတွေကို စစ်လား ဆေးလား မေးလား မြန်းလား လုပ်ရမှာလဲနန်းစိန်ငွေ”
“ဟုတ်ကဲ့ဘဘရေ၊ ဒီမိုကရေစီရတာနဲ့ မြန်မာနိုင်ငံကို ပြန်မဲ့လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းကို ကောက်ယူဖို့ ဘဘကဦးဆောင်ပြီး အင်တာဗျူးလုပ်ရမယ်။ စာရင်းကောက်ရမယ်လို့ ကိုဒေါင်းကပြောတယ်ဘဘရဲ့”
“သြော်-ဒုက္ခ၊ ဒုက္ခ၊ ဆရာအောင်ခင်ပြောသလိုပဲ။ အချိုးအဆစ်တွေမပြေတာ၊ ကမောက်ကမတွေဖြစ်နေတာကိုက ဒုက္ခတွေပါပဲလား...”


(၂)
“ကဲ-ကိုဒေါင်းရေ၊ အလှည့်ကျတော့လဲ မနွဲ့ရဘူးတဲ့ ဟုတ်လား...”
“ဟုတ်တာပေါ့ဆရာ၊ ဆရာတို့ ကျနော်တို့ သြတြေးလျားမှာ ဖရီး(NGO)ဆွဲနေတာ ခြောက်နှစ် တောင်ရှိနေပြီ။ ဒီတခါတော့ ရေမုတ်တဘက်၊ မီးစ တဘက်NGOခိုင်းတာ လုပ်ရတော့မှာပေါ့ဆရာ...”
“ကဲ-ဒါဖြင့် တနေ့ဆယ်ယောက်လောက်ပဲ ဒို့ဗျူးကြမယ်။ ဒီနေ့ဆယ်ယောက်ထဲက မောင်ဒိုးနဲ့မောင်မျိုးညီအကိုကို ငါ့အခန်းထဲအရင်ပို့ချီ...”
“ဟုတ်ကဲ့ဆရာ...”


(၃)
“ဆရာ။ မောင်ဒိုးနဲ့မောင်မျိုးတို့ညီအကိုပါဆရာ...”
“မင်းတို့ညီအကိုက ရုပ်ချင်းကလဲဆင်၊ လုံးတူ ဒေါက်တူလဲဆိုတော့ ဘယ်သူကမောင်ဒိုး၊ ဘယ်သူ ကမောင်မျိုးဆိုတာ ခွဲလို့ကိုမရဘူး...”
“ကျနော်ကမောင်ဒိုးပါဆရာကြီး။ ကျနော်ညီ သူက မောင်မျိုးပါ”
“သြစတြေးလျားကိုရောက်တာ ဘယ်လောက် ကြာကြပြီလဲ...”
“ဟုတ်ကဲ့ပါဆရာကြီး။ ဆယ်နှစ်စီရှိပါပြီ”
“ဒါဖြင့် အလုပ်အကိုင်ကရော”
“ကျနော်က အလုပ်လက်မဲ့ဖြစ် Dole(ထောက်ပံ့ကြေး)လဲစား တယ်။ အစိုးရမသိအောင် ခိုးလဲစားတယ်။ အဲ အဲ ခိုးပြီးလဲ အလုပ်လုပ်တယ်ဆရာကြီး”
“ကောင်းပါ့ကွယ် ကောင်းပါ့။ ဒါနဲ့ မောင်မျိုးကရော ဘာလုပ်သလဲ...?”
“ကျနော်ကတော့ ကျနော့်ဒိုးစားရင်း ကလေးငါးယောက်ရနေလို့ အလုပ်လုပ်ဖို့မလိုတော့ဘူး ဆရာကြီး...”
“ဘာ ဘာ.. မင်းတို့ညီအကိုက ဒိုးလဲစားတယ်။ ခိုးလဲစားတယ်။ မျိုးလည်းပွားတယ်ပေါ့ဟုတ်လား...”
“ဟုတ်ပါတယ်ဆရာကြီး...”
“ကဲ-ဒါဖြင့် မြန်မာပြည်ဒီမိုကရေစီရရင် အမိနိုင်ငံကို ပြန်ကြမယ်မှုတ်လား...”
“ရှစ်ကြီးခိုးပါတယ်ဆရာကြီး၊ ကျနော်တို့ ပြန်လို့မဖြစ်ပါဘူး...”
“ကိုယ့်နိုင်ငံကိုယ်ပြန်တဲ့ကိစ္စ၊ ဘာဖြစ်လို့ မဖြစ်ရမှာလဲ...။ ကဲ- ပြောပါဦး....”
“မြန်မာပြည်မှာ ဒီမိုကရေစီရလည်း ဒိုးကမရှိဘူး ဆရာကြီး။ ခိုးစားရင်လဲ ထောင်ကကျဦးမယ်။ မောင်မျိုးလိုလဲ ကလေးတယောက်ရတိုင်း ဒေါ်လာ တထောင်လဲမရနိုင်ဘူး။ ဒါကြောင့် မပြန်ပါရစေနဲ့ ဆရာကြီး...”
“ဟုတ်ပါတယ် ဆရာကြီး။ မောင်ဒိုးပြောသလိုပဲ ကျနော်တို့ကို အတင်းပြန်မပို့ပါနဲ့၊ တောင်းပန်ပါ တယ်ဆရာကြီး...”
“တယ်လဲ ငါ့ကိုအထင်ကြီးကြသကိုး။ မင်းတို့ကို အဓမ္မပြန်ပို့ဖို့ ငါ့မှာ ဘာအာဏာမှမရှိဘူး။ ရေမှုတ်တဘက်၊ မီးစတဘက်NGOကြောင့်သာ မင်းတို့ရဲ့ဆန္ဒကို ငါမေးနေရတာ။ သွားကြ သွားကြ ကိုယ့်နိုင်ငံဒီမိုကရေစီရတာတောင် မပြန်ချင်တဲ့ကောင်တွေ။ သွားကြ”

(၄)
“ဆရာ။ ဒီနေ့ဗျူးဖို့စောင့်နေတဲ့အထဲမှာ ဆတ်စလူးစိန်တို့သားအမိနဲ့ အိုင်းသား(Either)နဲ့ နိုင်းသား (Neither)တို့ညီအမလဲ ပါလာကြတယ်ဆရာ”
“ဟဲ့ ကိုဒေါင်း၊ အဲဒီ အိုင်းသားနဲ့ နိုင်းသားညီအမဆိုတာ ဘယ်သူတွေလဲ...”
“ဆရာကလဲဗျာ၊ အိုင်းသားအော်(Either or) နိုင်းသားနော်(Neither nor)ဆိုတာ ဟို- ဗိုက်သားတွေဖော်ထားတဲ့ ညီအမပေါ့ဆရာရယ်...”
“သြော်-ဆရာအောင်ခင်ပြောတဲ့ ကမောက်ကမဆိုတဲ့ ဒုက္ခတွေရောက်လာပြန်ပြီကိုး။ အေးလေ ကိုဒေါင်းသင့်မယ့်သူတွေသာ အခန်းထဲပို့လိုက်ပါ”
“ဟုတ်ကဲ့ဆရာ၊ သူလေးက အိုင်းသားပါဆရာ။ ဒါလေးကတော့ နိုင်းသားပါဆရာ...”
“ဘာတွေလျှောက်ပြောနေတာလဲ လို့။ သမီးက သူဇာ၊ ညီမလေးက မူယာပါဆရာကြီး”
“အေး-အေး၊ ကိုဒေါင်းနားကြားမှားတဲ့အတွက် ဆရာတောင်းပန်းပါတယ်ကွယ်။ ဒါနဲ့ မြန်မာ ပည်ဒီမိုကရေစီရရင် ပြန်ကြမယ်မှုတ်လား...”
“သမီးတို့မပြန်တော့ဘူးဆရာကြီး...”
“ဘာဖြစ်လို့လဲ။ ကိုယ့်နိုင်ငံကိုယ်ပြန်တာပဲကွယ်...”
“ပထမတော့ သမီးတို့က ယဉ်ကျေးမှုဓါတ်လိုက်ခံရတယ်။ ခုတော့ ယဉ်ကျေးမှုပေါင်းစုံအိုးကြီးထဲ စိမ့်ဝင်သွားပြီဆရာကြီး...”
“သမီးတို့ ဘာကိုပြောချင်ကြတာလဲ...”
“ဒီလိုပါဆရာကြီး...၊ သမီးတို့ ဂျင်းပင်နဲ့ စကတ်ပဲ ဝတ်တက်ပါတော့တယ်။ လုံချည်ထမီတွေ လုံးဝမ ဝတ်တတ်တော့လို့ပါဆရာကြီး။ ခွင့်လွှတ်ပါ ဟီး ဟီး”
“ကိုဒေါင်းရေ၊ မောင်ဒိုးနဲ့မောင်မျိုးညီအကိုက ဘဝဓါတ်လိုက်ခံကြရတယ်ကိုဒေါင်းရဲ့။ အိုင်းသားနဲ့ နိုင်းသားကတော့ ယဉ်ကျေးမှုဓါတ်လိုက်ခံရတယ်။ ဆရာအောင်ခင်ပြောတဲ့ အမြီးအမောက်မတည့်မှုတွေဟာ အားလုံးဒုက္ခတွေပါပဲလား...”
“ဟုတ်ကဲ့ပါဆရာ...”

(၅)
“ကဲ ကိုဒေါင်း၊ ဒီမိုကရေစီရရင် မြန်မာပြည်ပြန်မဲ့ လူစာရင်းနဲ့ မပြန်မဲ့လူစာရင်းတွေ ပေါင်းကြည့်ပါဦး”
“ဟုတ်ကဲ့ဆရာ၊ ပေါင်းထားပြီးပါပြီ။ ဒီမှာပါဆရာ”
“ဟယ်-ဒီမိုကရေစီရရင် ပြန်မဲ့လူတယောက်မှမရှိပါလား...။ ဒါဆိုရင် ကိုယ်တို့နှစ်ယောက်ပဲ ဆန္ဒခံယူဖို့ရှိတော့တာပေါ့...”
“ဟုတ်ကဲ့ဆရာ- ကျနော်တို့နှစ်ယောက်ဆန္ဒကိုမယူခင် ရွှေမန်းဦးတင်မောင်ရဲ့သီချင်းကို နားထောင်ကြည့်ပါဦးဆရာ...”
“ဒါဆိုလဲ ကိုဒေါင်း ဖွင့်လိုက်လေ”
“ကျနော်လဲထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း၊ စီးပွားရေးအခြေအနေကောင်းဖို့ ဆုတောင်း ပါမယ်...”

မောင်ပုည(သြစတြေးလျ)
၂ဝဝ၃၊ ဧပြီလထုတ်
မြန်မာဂျာနယ် အတွဲ ၂၊ အမှတ် ၄ မှ

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။
မောင်ပုည(သြစတြေးလျ)ရေးသားခဲ့သော သြစတြေးလျနိုင်ငံထုတ် ဒဿနပန်းခင်းစာစောင်၊ ဂျပန်နိုင်ငံထုတ် အာဟာရစာစောင်၊ မြန်မာဂျာနယ်၊ Voice of Burma၊ မိုးသောက်ကြယ်ဂျာနယ်နှင့် တောင်ကိုရီးယားနိုင်ငံထုတ် ထောင်စုပြတင်းသတင်းဂျာနယ်များထဲမှ သရော်စာများကိုစုစည်း၍ “ချက်ကြီးလိုလူစား ဘယ်လောက်များပြီလဲနှင့် အခြားဝတ္ထုတိုများ”ခေါင်းစည်းဖြင့် မကြာမှီကာလအတွင်း မိုးသောက်ကြယ်စာကြည့်တိုက်မှ ဖြန့်ချိပါမည်။

Sunday, October 31, 2010

ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း(သရော်စာ)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

(နိဒါန်း)
ကျွန်ုပ်ကို လူထုက ဘုရင်ရူး၊ မင်းတြားရူး၊ မယားကြောက်ရူး၊ အာဏာရူး၊ ယတြာရူး။ ပါဝါရူး၊ ဥစ္စရူး စသဖြင့် အရူးပဒေသာဘွဲ့ကို ပေးအပ်ထားရုံသာမက ပေါတာကြီး၊ မြုံစိစိနဲ့ ထုံပေပေကြီး လူရမ်းကားကြီး စသဖြင့် လည်း ထောပနာပြုကြပေသည်။ ကျွန်ုပ်သည် စစ်တိုက်ဖို့နဲ့ လွှတ်မိုက်ဖို့ပဲ သိသူအဖြစ် ထင်ရှားလင့်ကစား ကျွန်ုပ်၏ ရင်တွင်းဝယ် အနုပညာစိတ်လည်း ကိန်းအောင်းနေပေသည်တမုံ့။ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်း၊ ကြွက်နှင့်ကြောင် ကာတွန်းကားကို တရှိုက်မက်မက်ကြည့်ရှုအားပေးခြင်းသာမက ရံဖန်ရံခါ တေးသီချင်း ရေးစပ် ခြင်း စာကဗျာရေးစပ်ခြင်းကိုလည်း ၀ါသနာထုံကြောင်းကိုကား သိသူ အလွန်နည်းပေသည်။

ကျွန်ုပ်သည် မကြာတော့သော အချိန်ကာလတွင် ဘ၀နေ၀င်ချိန်ရောက်ရှိတော့မည့်အဖြစ်ကို ကစင့်ကလျား သတိပြုမိခြင်းနှင့်အတူ မင်းတြားကြီး အဖြစ်မှ မကြာမီ သိုးဆောင်းစကားဖြင့် (ရီတိုင်းယာ)ခေါ် အနားယူ  အနိုင်ပိုင်းတော့မည်ဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပေသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ကျွန်ုပ် ဤလောကမှ အနားယူသင့်ပြီမှန်သော်လည်း ကျွန်ုပ်ဖြစ်ချင်သော အရာတခုက ရှိနေပေသည်။ ယင်းမှာ ကျွန်ုပ်သည် ဆင်ဖြူငါးစီးကို ပိုင်ဆိုင်ထားလင့်ကစား ဆင်ဖြူခြောက်စီး သာ ပိုင်ဆိုင်ခဲ့သော် ရှေးရှေး မင်းတို့ ထက်သာလွန်အောင် ခြောက်စီးရှင် မင်းတြားကြီး ဟု သမုတ်ခေါ်ဝေါ်ခံလိုချင်းဖြစ် ပေသည်။ ပမာပြရသော် အကယ်ဒမီ ငါးဆုရထားသူက ၆ ဆုရယူလိုသည့်ဆန္ဒကဲ့သို့သာတည်း။ ကျွန်ုပ်ကို အများ က “ခြောက်စီးရှင် မင်းတြားကြီး” “ခြောက်စီးရှင် မင်းတြားကြီး” ဟု ခေါ်ဝေါ်ခဲ့သော် မည်မျှ နားဝင်ချိုပေမည်နည်း။ မည်မျှ နားအရသာရှိပေမည်နည်းဟု “ခြောက်စီးရှင် မင်းတြားကြီး” ဘ၀ကို ဖြစ်လိုသည့် အာသီသ ရှိကြောင်းကို  ၀န်ခံလိုပေသည်။ (စကားချပ်)

ရှိစေတော့..။ “ခြောက်စီးရှင် မင်းတြားကြီး” ဖြစ်မို့ဆိုသည်မှာ မျှော်လင့်ချက် အလွန်နည်းပေသည်။ ရာဇ၀င်တွင် ငါးစီးရှင်မင်းတြားတို့သည် ငါးစီးပိုင်ဆိုင်ပြီး မကြာမီ ထီးနန်းစွန့်ရသူချည်းဖြစ်ပေရာ ကျွန်ုပ်လည်း ထီးနန်းစွန့်ရ တော့မည့်အဖြစ်ကို သဘာဝကျကျ နားလည်လက်ခံထားပြီးဖြစ်ပေသည်။

ထိုသို့ ထီးနန်းမစွန့်ခင် ကျွန်ုပ်အကြောင်းကို နောင်လာနောင်သားများ ပြောဆိုကြရာတွင် “ငါးစီးရှင်ကျော်စွာ” သည် ကာချင်းများကို ရေးသားခဲ့သလို “ငါးစီးရှင် ကျောက်ဆည်” သည်လည်း ကာချင်းများရေးသားခဲ့ပေသည် ဟု သမိုင်းတွင်ချင်သဖြင့် ကျွန်ုပ်သည် ကဗျာများကို လေ့လာဖတ်ရှုကာ ကာချင်းများရေးသားနိုင်အောင် အားထုတ် ခဲ့ ပေသည်။ ပင်းယခေတ်တွင် ကာချင်းပေါ်ခဲ့သလို မင်းရွ ခေတ်တွင်လည်းကာချင်းပေါ်ခဲ့ချင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ပါသည်။

မင်းရွခေတ် ငါးစီးရှင် ကျောက်ဆည်မင်း ရေးသားသော ကာချင်းကို အောက်ပါအတိုင်း မှတ်တမ်းတင်အပ်ပါသည်။ အယ်ဒီတာမင်းတို့ ဖေါ်ပြကြပါကုန်။ (စာမူခလည်း ပေးကြပါကုန်။ ဤကား စကားချပ်-ဟီဟိ)


ကာချင်ကိုရွတ်ဆိုရာတွင်  ဇာတိမာန်တက်ကြွအောင်  ရှေးက လက်တဖက်က ကာကိုကိုင်၍ အခြားလက်တ ဖက်တွင် ဓါး၊ လှံကိုကိုင်ကာ သီဆိုခဲ့ပေရာ ရဲတော်တို့က သေနတ်ကိုင်၍ သီဆိုကြပါကုန်..။

မင်းရွခေတ်-- ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

ချာဝတိံသာ နန့်ရွာလော ငရဲရွာလော ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး
ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး
ကြပ်ပြေးဟူသည် ပူသည်ပူသည်။
ကြပ်ပြေးနေပြည် ပူအိုက်နေ ကာရာအိုကေ အရက်ပေါကြွယ်
စစ်ဗိုလ်မူးမူး ခွေးကမြူး ဖုန်ထူဖာပေါတယ် ဖာပေါတယ်
ညချမ်းခါကို ပါတီဆို ခွက်ပုန်းမော့ကြမယ် မော့ကြမယ်
လျှပ်စစ်မီးဆို ထိန်ထိန်ပို တို့တွေပျော်ကြတယ် ပျော်ကြတယ်
တပ်မတော်နေ့ဆို ကညာပျို မော်ဒယ်မလေးရယ် မလေးရယ်
ကမြူးဟစ်ခုန် ကဲကြပုံ တော်သလင်းလသို့နှယ် လသို့နှယ်။
စုကြ၀ိုင်းအုံ ကတော်စုံ ပိုကာဆွဲကြတယ် ဆွဲကြတယ်။
သားနှင့်မြေးစုံ ပျော်ကြပုံ ရာဘဆေးချတယ် ဆေးချတယ်။
မကောင်းလော မသိလော မတွေ့လော..။

တိုင်းပြည်တွင်းမှာ ဆူသည် ဆူသည်။
မုန်းတိုင်းတိုက်လေ ရေကြီးလေ လူတွေသေကြတယ် သေကြတယ်။
မြို့ရွာအနှံ့စုံ မကြာမကြာကို အလွန်ဗုံးပေါက်တယ် ဗုံးပေါက်တယ်။
သွေးလွန်တုပ်ကွေး ကြက်တုပ်ကွေး လူနာတွေပေါကြွယ်
ဝမ်းလျှောဖျားနာပုံ ရောဂါစုံ အလွန်ထိတ်လန့်ဖွယ် ထိတ်လန့်ဖွယ်
သူခိုးဓါးပြစုံ ခါးပိုက်နှိုက်အစုံ လူလိမ်တွေပေါကြွယ် အလွန်ပေါကြွယ်
ဘုန်းကြီးဆွမ်းခံ မြင်ရပြန် လှူရန် ရှားလှတယ် ရှားလှတယ်
မြို့ရောတောမကျန် မီးကမမှန် မှောင်နဲ့မည်းမည်းရယ် မည်းမည်းရယ်
စားနေ၀တ်ဒဏ် အလူးအလဲခံ ထမင်းရည်သောက်ကြတယ် သောက်ကြတယ်
မကောင်းလော မသိလော မတွေ့လော..။

ရွေးကောက်ပွဲမှာ လိမ်သည် လိမ်သည်
ရွေးကောက်ပွဲသံ ဆူညံညံ လူတွေရယ်ကြတယ်။
ချော့ခြောက်ပေးဘုန်း မဲစည်းရုံး ကြံ့ဖွတ်လုပ်နေတယ် လုပ်နေတယ်
လမ်းတ၀က်ခင်းကာ မဲထည့်ပါ မဲရမှလမ်းခင်းပေးမယ် ခင်းပေးမယ်
မဲပေးကြလျှင် ဗလီပင် ယခုပင် ဆောက်ပေးမယ် ဆောက်ပေးမယ်
မဲမပေးလျှင် သိစေချင် အလုပ်တွေ ဖြုတ်ပစ်မယ် ဖြုတ်ပစ်မယ်
မဲမပေးကြရန် အတိုက်အခံ ပြောရင် ဖမ်းချုပ်မယ် ဖမ်းချုပ်မယ်
လမ်းခွဲထွက်သွား ဒီမိုသမား ညစ်သမျှ ခံရတယ် ခံရတယ်
ကြံ့ဖွတ်ဆိုလျှင် လူတိုင်းချဉ် မိုက်ရင်မဲပေးကွယ် မဲပေးကွယ်
မလိမ်လော မညာလော မညစ်လော

တို့တိုင်းပြည်ရွာ တို့မြန်မာတို့ စစ်ကျွန်ဖြစ်ကာ မစည်းရုံးပါ၍ ခံရသည်ချည်း ခံဖက်တည်း။


ငါးစီးရှင် ကျောက်ဆည်

Sunday, October 17, 2010

အာရုဏ်ဦးမှာရူးသည့်မျောက်(ဒေါက်တာဂွတို ကျီစယ်သည်)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

ကြားဖူးမလားတော့မသိဘူး။ တခါတုန်းကပေါ့ဗျာ..။ အလွန်သာယာပြီး စိမ်းလန်းစိုပြေတဲ့ တောနက်ကြီးရှိခဲ့သတဲ့။ လူသူ မနီးတဲ့ နေရာဆိုတော့ သစ်ပင်တွေပြည်ပခုတ်ရောင်းလို့ သစ်တောပြုန်းတီးတာတွေ၊ တာတမံ ဆည်တွေဆောက်လို့ ပတ်ဝန်း ပျက်ဆီးတာတွေ၊ မတရားလုပ်အားပေးခိုင်းစေတာတွေလည်း မရှိဘူးပေါ့လေ။ အဲဒီတောအုပ်ထဲမှာ အရှေ့ပိုင်းမှာ ဆင်အုပ်ကြီး တအုပ်နေထိုင်သလို အနောက်ပိုင်းမှာတော့ ဆိတ်အုပ်ကြီး တအုပ်နေထိုင်သတဲ့။ ဆင်ဖြူတော် စိတ်ဝင်စားသူတွေက ဆင်တွေ ထဲမှာ ဆင်ဖြူတွေပါသေးလား လို့ တော့မမေးနဲ့ပေါ့ဗျာ။ ပုံပြင်ထဲမှာ အဲဒါထည့်မရေးထားတော့ ကျနော်လည်း မပြောတတ်ဘူး။ အဲ.. ဆိတ်တွေထဲမှာတော့ ဆိတ်ဖြူတွေ ပါတာပေါ့ဗျာ။ ဆိတ်ဖြူတော်ဆိုပြီး တခန်းတနား ဂုဏ်ယူချင်သူတွေ ကိုးကွယ်ချင်သူ တွေရှိလာရင်တော့ ဆိတ်ဖြူတွေလည်း ရှားကုန်မယ်ထင်ပါ့။

ထားပါတော့ဗျာ။ ကျနော်ပြောချင်တာက ဆင်ဖြူတော်တွေ ဆိတ်ဖြူတော်တွေ အကြောင်းမဟုတ်ပါဘူး။ ဆင်တွေ ဆိတ်တွေ ပြသနာဖြစ်ကြတဲ့အကြောင်းပြောချင်တာပါ။ အဖြစ်အပျက်က ဒီလို..။

အဲဒီတောထဲမှာ ဆင်တွေကလည်း ဆင်တွေကျက်စားရာ နေရာမှာနေ၊ ဆိတ်တွေကလည်း ဆိတ်တွေကျက်စားရာ နေ ရာမှာနေပြီး သူ့စည်း ကိုယ့်စည်း နေထိုင်ခဲ့တာ တည်ငြိမ်အေးချမ်းသာယာဖွံဖြိုးခဲ့တယ်ပေါ့ဗျာ။ တနှစ်မှာတော့ ရာသီဥတုက ဖေါက်လွဲဖေါက်ပြန်ဖြစ်ပြီး မိုးခေါင်လို့ ရေတွေခမ်း၊ သစ်ပင်တွေ နွမ်းဖြစ်ကုန်သတဲ့။ အစာရေစာ ရှားပါးတာလည်း ဖြစ်လာတယ် ပေါ့ဗျာ။ ဒီအခါ ဆင်တွေက စဉ်းစားတယ်။ ဆင်စာရှားပါးမှုကို ဖြေရှင်းတဲ့အနေနဲ့ ဆင်တွေဟာ စားနေကျ အစာတွေမစားပဲ ဆိတ်တွေလို တွေ့ကရာ သေးသေးမွှားမွှားလေးတွေကအစ စားမယ်ပေါ့။ဆိတ်တွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ တို့ဆိတ်တွေ ဆင်တွေလို အရွက်ကြမ်း အပင်ကြမ်းတွေ စားသောက် ရင်ဖြင့် အိုကေမယ်ပေါ့လေ..။

ဒါနဲ့ ဆင်တွေကလည်း ဆိတ်အစာတွေ စားကုန်တော့သလို ဆိတ်တွေကလည်း ဆင်စာတွေ စားကြတယ်ဆိုပဲဗျ။ စားတဲ့အပိုင်းမှာ ပြသနာက သိပ်မရှိပေမယ့် မစင်စွန့်တဲ့အခါမှာတော့ ပြသနာတွေ တတ်ကုန်ပါရော..။ ဒီလိုလေ.. ဆင်တွေက အကောင်ကြီးသလောက် မစင်လေးတွေက ဆိတ်မစင်လို သေးသေးလေးတွေတဲ့။ ဆင်တွေထက် ဆိုးတာက ဆိတ်တွေပဲ။ ဘယ့်နှယ်ဗျာ သေးသေးလေးတွေ မစင်စွန့်နေကြ ဆိတ်တွေခမျာ ဆင်တွေလောက် မစင်တုန်းကြီးတွေ စွန့်ရတော့.. တွေးသာ ကြည့်ပါတော့ဗျာ။

မတန်မရာတွေ လုပ်ကြ ဖြစ်ကြတာပြောပါတယ်။ တော်တော် ရယ်ရတဲ့ကောင်တွေ။ ကိုယ့်အလုပ် ကိုယ်မလုပ်တော့ ဆိတ်ချေးလောက်ယိုတဲ့ဆင်တွေနဲ့ ဆင်ချေးလောက်ယိုတဲ့ဆိတ်တွေကို ခင်ဗျားတို့တော့ ဘယ်လိုမြင်တယ်မသိဘူး။ ကိုယ့် အလုပ် ကိုယ်မလုပ်ပဲ မတန်မရာတွေ လုပ်နေကြတာမြင်တိုင်း ကျုပ်ကတော့ ဒါကိုပဲ သတိရနေမိတယ်။ တော်တော်ရယ်ရတဲ့ တိရိစ္ဆာန်တွေပဲဗျ။ နော်။ အေးလေ.. တိရိစ္ဆာန်ဆိုတော့လည်း တိရိစ္ဆာန်လိုပဲ ဖြစ်နေတော့တာပေါ့..။

တိရိစ္ဆာန်တွေ တိရိစ္ဆာန်တွေနဲ့ သုံးနှုံးပြောဆိုနေလို့ ဘယ်သူ ဘယ်အဖွဲ့ကို စောင်းပြောနေတာလဲဆိုပြီးတော့လည်း မ တွေးပါနဲ့ဗျာ။ သူများကို ဒီလိုမစော်ကားပါဘူး။ တကယ်ပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်ကိုယ်တိုင်ကလည်း တိရစ္ဆာန်လေ ဗျာ။ အဲ.. ဒါပေမယ့် ကျနော်က ဆင်လည်းမဟုတ်သလို ဆိတ်လည်းမဟုတ်ဘူး.. မျောက်ဗျ။ ကျနော်ကတော့ ဆိတ်တွေ ဆင် တွေလို မတန်မရာတွေမလုပ်ဘူးဗျ။ ကျနော်အလုပ်အကြောင်းမပြောခင် ကျနော့်အကြောင်း ပြောပြမယ်ဗျာ..။ အင်း….။

တိတိကျကျ ပြောရရင် ကျုပ်က မျောက်အဖွဲ့ရဲ့ ခေါင်းဆောင်၊ မျောက်ဥက္ကဌပေါ့ဗျာ။ လူနဲ့အနီးစပ်ဆုံး သတ္တ၀ါလို့ သတ်မှတ်ထားကြသလိုပဲ..။ ကျနော်တို့မှာလည်း လူတွေလို ဒုဥက္ကဌတို့၊ တွင်း ၁ တို့၊ တွင်း ၂ တို့ ရှိသလို တိုင်းမှူးတွေ ၀န်ကြီးတွေလည်း ရှိတယ်။ မျောက်စစ်တပ်တောင်ရှိသေး။ အဲ.. ကျနော်က မျောက်ဥက္ကဌဖြစ်သလို  မျေက်တပ်မတော်ရဲ့ စစ်ဦးစီးချုပ်ကလည်း ကျနော်ပဲပေါ့ ဗျာ။ ကျနော်တို့မှာ အခြေခံဥပဒေလည်းရှိတယ်။ ရွေးကောက်ပွဲတောင်ရှိသေး။ မျောက်အခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီး မျောက်ရွေးကောက်ပွဲ ကြီး လူအထင်ကြီးအောင် (အဲ) မျောက်အထင်ကြီးအောင် ကျင်းပ။ နောက်ဆုံးတော့လည်း ကျနော်ပဲ ဥက္ကဌပြန်ဖြစ်ပေါ့ဗျာ..။ ဟေး ဟေး…။

မျောက်အခြေခံဥပဒေတို့၊ မျောက်ရွေးကောက်ပွဲတို့ ၊ မျောက်လွှတ်တော်အမတ်တို့ ဘာတို့ညာတို့အကြောင်းတော့ စကားရှည်မှာစိုးလို့နောက်မှပြောပြမယ်ဗျာ..။ လိုရင်းကို ဆက်ပြောမယ်ဗျာ..။

ကျနော်က မျောက်ခေါင်းဆောင်ကြီး မျောက်တပ်မတော်အကြီးအကဲ မျောက်အေးချမ်းသာယာရေးနဲ့ ဖွံဖြိုးရေး ဥက္ကဌ .. ဘာညာ ရာထူးတွေလည်း ကြီးသလောက် တာဝန်တွေကလည်းများသကိုးဗျ။ မျောက်ဝန်ကြီးတွေ လာဘ်စားတာကိုလည်း ဖြေရှင်းရသလို မျောက်စစ်တိုင်းမှူးတွေ ဝေစုမတဲ့တာလည်း ရှင်းပေးရတယ်။ မျောက်မြို့တော်ဝန်တွေ မျောက်မော်ဒယ်မတွေနဲ့ ရှုပ်လို့ ပြသနာ တတ်တာလည်း မသိကျိုးကျွန်ပြုသင့်တာပြုရသလို မျောက်တပ်မတော်သားတွေကိုလည်း မြှောက်သင့်တာ မြှောက် ခြောက်သင့် တာခြောက် ခိုင်းစေရတယ်။ စုံလို့ပေါ့ဗျာ။

ကျနော့်အကြောင်းပြောကြတာတော့ အစုံပေါ့ဗျာ။ မျောက်တပ်ချုပ်ကြီးက မထုံတတ်တေးနဲ့။ အူကြောင်ကြောင်နဲ့။ မျောက်အာဏာရှင်ကြီး။ မျောက်အိုကြီးဖြစ်နေပြီ အနားမယူသေးဘူးလားဆိုတာမျိုးပေါ့။ သူတပါးပြောတာ ခံရတာ တော်ပါးသေး တယ်။ ကျုပ်လက်ထောက် ဟိုမျောက်ငမူးက အဆိုးဆုံး။ ထားပါတော့ဗျာ..။ ဒါတွေပြောရတာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေမယ်လေ။ အဲ.. ကျနော့်ကို ပြောမရတာဆိုလို့ မိန်းမကိစ္စ.. အဲ .. မျောက်မကိစ္စတခုပဲ ရှိတယ်။ ဒါကလည်း ရှင်းတယ်လေ။ အိမ်က မျောက်အိုမကြီးကလည်း ကျနော်သွားလေရာတကောက်ကောက်။ ကျနော်ဘာလုပ်လုပ် သူပဲ စီမံနေကျ။ ကျနော် ဘာ ပြောပြော သူ့ပဲတိုင်ပင်နေကျ ငယ်နိုင်ဆိုတော့..။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ။ ကျနော်ကတော့ ကျနော်လုပ်ချင်တာကို အခုထိ လုပ်နေနိုင်တာအမှန်ပဲ။ ကျနော် ကောင်းစားဖို့ ကျနော့်မိန်းမ မျောက်အိုမကြီးကောင်းစားဖို့၊ ကျနော့် မျောက်သားသမီးတွေ ကောင်းစားဖို့ ၊ ကျနော့် မြောက်မြေးလေးတွေ ကောင်းစားဖို့ ကျနော် အခုထိ မျောက်တပ်ချုပ်ကြီးအဖြစ်နဲ့ ရပ်တည်နေနိုင်မြဲပါပဲ။

သြော်.. ကျနော့်အကြောင်းတွေ ပြောနေတာနဲ့ ခင်ဗျားတို့ကို ပြောပြချင်တာလေး မေ့တော့မလို့။ ကျနော်တို့ နေထိုင် ကျက်စားတဲ့ ဥယျာဉ်ကြီးမှာ ဥယျာဉ်မှူးကြီးနဲ့ ဟိုနေ့က တွေ့တယ်ဗျ။ သူကတော့ ခင်ဗျားတို့လို လူသားပေါ့ဗျာ။ သူက နက္ခတ် ပွဲသဘင် သွားကြည့်မလို့ဆိုလား။ စတိတ်ရှိုးဆိုလား။ မော်ဒယ်ရှိုးဆိုလား သွားချင်လို့တဲ့။ သူကြိုက်တဲ့ နိုင်ငံခြားသွားတာ ဆန္ဒပြ ခံရလို့ နာမည်ကြီးသွားတဲ့ ကောင်မလေးလည်းပါမယ်ဆိုလား ပြောသေးသဗျာ။ အံမယ် ဘာတဲ့ စန္ဒီမျောက်လွင်ဆိုလား ကောင်မ လေးကလည်း စကတ်တိုတိုလေး အင်္ကျ`်လည်ဟိုက်လေးနဲ့ ကမှာဆိုပဲ။ ပြောနေတာတော့ မြိန်ရည်ရှက်ရေဗျ။ ကျနော်တောင် စိတ်ဝင်စားတယ်။ ထုံးစံအတိုင်း လူတွေလုပ်တဲ့ ဘာဘာညာညာရံပုံငွေပွဲ ပေါ့ဗျာ။

သူက အဲဒီပွဲကို သွားချင်သတဲ့။ အဲဒီပွဲမှာ မီဒီယာသမားတွေ သတင်းထောက်တွေကလည်း အများကြီးလာမှာဆိုပဲ။ ဒါ ကတော့ မဆန်းပါဘူးဗျာနော့။ အခုခေတ်မှာ ကင်မရာလေးတကိုင်ကိုင်၊ အသံဖမ်းစက်လေးတကြွကြွနဲ့ မီဒီယာသမားတွေက လည်း ရိုက်သတ်လို့တောင် ကုန်မယ်မထင်ဘူး။ (အဲ.. ကျနော်တို့ မျောက်ပြည်မှာတော့ ဒါမျိုးဘယ်ရမလဲ။ နိုင်ငံခြားသားတောင် ကင်မရာလေးကိုင်ပြီး ကားကနဲ ကြွသွားတာ.. ဟား ဟား)

စိတ်တော့မရှိနဲ့ဗျ။ ကျနော်က စကားပြောရင် ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ မျောက်စိတ်အတိုင်းပဲ။ အင်းလေ.. မျောက်ပါဆိုမှ.. မျောက်စိတ်ပေါ့နော်။ ပြောနေရင်းကကို စကားက ဘေးချော်ချော်သွားပြန်ပြီ။ အဲ.. ခုန စကားပြန်ဆက်ရရင် ဥယျာဉ်မှူးက ပွဲသွားချင်တယ်။ ဥယျာဉ်ကြီးကို ထိန်းသိန်းပြုပြင် ရေလောင်းဖို့ကလည်း နိစ္စဓူဝ တာဝန် ဖြစ်လေတော့ သူ့ခမျာ လက်မှိုင်ချနေတာပေါ့ဗျာ။ ဒီတော့ ကျနော်က ဘယ်နေမလဲ။ သိတယ်မဟုတ်လား။ ကျနော်တို့ မျောက်တပ်မတော်က တာဝန်ယူ မယ်ဗျာလို့ ပြောလိုက်တယ်။ သူလည်း ၀မ်းသာသွားတာပေါ့။ ယုံယုံကြည်ကြည်နဲ့ကို လွှဲအပ်ခဲ့ပါလေရော..။ (မျောက်တပ်မတော် ရဲ့ စေတနာမှန်ကို သူတယောက်ပဲ သဘောပေါက်သေးတယ်။)

ဒါနဲ့ပဲ ဥယျာဉ်တော်ရဲ့ တာဝန်အရပ်ရပ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ ကျနော်တို့ မျောက်တပ်မတော်က ယာယီ တာဝန်ယူလိုက်တယ်ပေါ့ဗျာ။ (အချိန်တန်ရင်တော့ ကျနော်တို့က မျောက်တန်းလျားပြန်မှာပါ။ ခင်ဗျားတို့လူတွေလို ပြောပြီး ကတိမတည်တာတော့ မဟုတ်ပါဘူး)

အင်း.. ဒီလိုနဲ့ ကျနော်တို့ ဥယျာဉ်တော်ကြီး အေးချမ်းသာယာပြီး ခေတ်မှီတိုးတက်တဲ့ ဥယျာဉ်တော်ကြီးဖြစ် အောင်၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တာဝန်ယူ စောင့်ရှောက်လျက်ရှိနေပါတယ်။ အခုလို ဖွံ့ဖြိုးတိုးတက် အေးချမ်းသာယာ လှပပြီး ခေတ်မှီ ဥယျာဉ်တော်ကြီး ဖြစ်အောင် ကျနော်တို့ စီမံဆောင်ရွက်ခဲ့ပုံတွေကို ပြချင်ပါတယ်။ လိုက်ပြီးလေ့လာပေါ့ဗျာ။ ကျနော် တို့ မျောက်တပ်မတော်သားတွေကို အသုံးချပြီး ကြိုးပမ်းနေတာတွေကို လေ့လာပါ။ လာပါဗျာ.. ခင်ဗျားက မျောက်ရင်းတွေ (အဲ) လူ ရင်းတွေပဲ..။

ဟောဟိုမှာတွေ့လား။ လမ်းတွေဖေါက်တယ်ဗျာ။ တံတားတွေဆောက်တယ်ဗျာ။ အဲ..အပင်တွေ ရေလောင်းနေတာ တွေ့တယ်မဟုတ်လား။ ဘယ်လောက်ခေတ်မှီ အဆင့်မြင့်ပြီး ပညာဥာဏ် အမျှော်အမြင်ရှိသလဲဗျာ။ သစ်ပင်တွေကို အားကုန် စိုက်ပြီး နှုတ်တဲ့သူက နှုတ်၊ တူးဆွတဲ့သူက တူးဆွ၊ ပြန်စိုက်တဲ့သူက ပြန်စိုက်၊ ရေလောင်းတဲ့သူက ရေလောင်း။

ဘာလုပ်နေတာလဲ မသိဘူးလား။ အာ.. ခင်ဗျား တော်တော်ပိန်းတာပဲ.. အေးလေ.. ကျနော်တို့ မျောက်တပ်မတော် အာဏာပိုင် အကြီးအကဲတွေလို တော်တဲ့တတ်တဲ့သူမှ မရှိတာကိုး။ ခင်ဗျားကို သေချာရှင်းပြမယ်ဗျာ.. ဒါက ဒီလိုရှိတယ်ဗျ။ သစ်ပင်ဆိုတာ အမျိုးမျိုးလေ။ ဘယ်အပင်က ရေများများလောင်းရမယ်။ ဘယ်အပင်က ရေနည်း နည်းပဲ လောင်းရမယ်ဆိုတာ ဒီအတိုင်း ကြည့်ရုံနဲ့ ဘယ်သိနိုင်မလဲ။ ရမ်းသမ်းပြီး လောင်းလို့လည်း မဖြစ်ဘူးလေ။ ကျနော်တို့က တိတိကျကျ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန်နဲ့ လက်တွေ့ အကောင်အထည်ဖေါ်နေတာလေ။ ဒီတော့.. အပင်တွေ ရေဘယ်လိုလောင်းရမလဲလို့ ကျနော် ကောင်တွေက မေးတယ်။ ဒီတော့ ကျနော်က လိုအပ်တာတွေကို ခေါင်းဆောင်ကောင်းပီပီ  အမျော်အမြင်ရှိရှိ ကြည့်ရှု ညွှန်ကြား လိုက်တယ်ဗျာ။

အပင်တွေကို တူးကြည့်၊ နှုတ်ကြည့်။ အမြစ်တိုရင် ရေနည်းနည်းလောင်း။ အမြစ်ရှည်ရင် ရေများများလောင်းလို့။ ကဲ… ကျနော် ဘယ်လောက်တော်သလဲ..။ နော်။ ကျနော်တို့ မျောက်တပ်မတော် ခေါင်းဆောင်တွေက အစစ သိတတ် ကျွမ်းကျင် လိမ်မာတာကို ခင်ဗျားမြင်ပြီမဟုတ်လား။

ကဲ… အနာဂတ် ဥယျာဉ်တော်ကြီး သာယာလှပဖို့ ကျနော်တို့ ကြိုးပမ်းမှု အသီးအပွင့်တွေကို စောင့်ကြည့် ပေတော့ဗျို့..။



(ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ ၅၅၀ ဇာတ်တော်တွေထဲက အာရာမဒူသကဇာတ်ကို မှီးပါတယ်)



ဒေါက်တာဂွတို
(မိုးသောက်ကြယ်အတွက် ရေးသည်)

Sunday, September 26, 2010

ဂျပန်တွင် နတ်ကန္ဒားပွဲကြီး ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သတင်းများထွက်ပေါ်လျက်ရှိ

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

ဖူဂျီတောင်ခြေမှာ..

          ဂျပန်ရောက် မြန်မာများ၏ စီစဉ်ကျင်းပမှုဖြင့် ဂျပန်နိုင်ငံ ဖူဂျီတောင်ခြေတွင် မြန်မာ့ရိုးရာ နတ်ကန္ဒားပွဲ တော်ကြီးကို ချိမ့်ချိမ့်သဲ ကျင်းပတော့မည်ဟု သိရှိရသည်။ ဂျပန်တွင် မြန်မာခေတ်ပေါ် စတိတ်ရှိုး၊ အငြိမ့်၊ ပြ ဇာတ်၊ ရုပ်သေးပွဲ စသည်တို့  မကြာခဏကျင်းပလေ့ရှိခဲ့ရာ ယခုကဲ့သို့  နတ်ကန္နားပွဲကျင်းပခြင်းမှာ ပထမဆုံး ဖြစ်သည်။

ဂျပန်ကတော့ ပထမပါပဲ

          ဂျပန်ရောက်မြန်မာများသည် နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး စသည့်ကိစ္စများတွက် အမြဲတမ်း လက်မနှေးပဲ ထိပ်ဆုံးက ရှိတက်သည့်အားလျော်စွာ ယခု နတ်ကန္ဒားပွဲကိုလည်း ၂၁ ရာစုအတွင်း ပြည်ပနိုင်ငံများတွင် ဟိုးလေးတကြော် ကျင်းပမည့် ပထမဆုံးပွဲဖြစ်ကြောင်း သိရှိရသည်။

နိပွန်းဘိရုမာ ဘန်ဆိုင်း

          ထူးခြားချက်မှာ ယခုနတ်ကန္နားပွဲကို ဂျပန်မြန်မာချစ်ကြည်ရေးအဖြစ် ကျင်းပမည်ဖြစ်ရာ မြန်မာ အတွင်း ၃၇ မင်း၊ အတွင်း ၃၇ မင်း၊ အလယ် ၃၇ မင်း စသည့်နတ်များအပြင် ဂျပန်ရိုးရာနတ်များလည်း ပူးပေါင်းပါဝင်ကြမည်ဟု သိရသည်။

နတ်တွေ ဗီဇာရပြီးပြီလား

          မြန်မာပြည်က နတ်လောကတွင် ပေါ်ပြူလာ ဖြစ်နေသည့် နတ်တပါးအား မိမိတို့ သတင်းဌာနမှ ဆက်သွယ်မေးမြန်း ကြည့်ရာ.. “ဟုတ်ပါတယ်။ ဂျပန်ကို သွားမှာလေ။ ဗီဇာတောင်ရပြီးပြီ.. အဲ.. ရွေးကောက်ပွဲ နီးနေတော့ မဲပေးပြီးမှ သွားခွင့်ရမယ်လို့ လည်းကြားတယ်..။ နတ်တွေလည်း ဒီရွေးကောက်ပွဲကြောင့် စိတ်ညစ်နေရတယ် ”ဟု ဆိုသည်။

          တောင်ပြုံးဖက်တွင် ခရီးလွန်နေသည့် နတ်ကတော်တဦးက.. “ဒီမှာကလည်း ပွဲဆက်တွေများတဲ့ကြားက ဂျပန်က လှမ်းဖိတ်တော့လည်း သွားရမှာပေါ့။ သိတယ်မဟုတ်လား.. နတ်လောက စည်ပင်သာယာတိုးတက်ပြီး နိုင်ငံတကာ အဆင့်ရောက်ဖို့  သွားရမှာပေါ့..”ဟု နတ်သံနှော၍ ပြောပြသည်။

နတ်နောက်မှာ အရိပ်တွေပါတယ်

          ယခုနတ်ကန္နားပွဲသို့ လာရောက်မည့် နတ်များနှင့်အတူ နတ်အလုပ်အကျွေး၊ နတ်ထိန်း၊ နတ်အဖေါ်၊ နတ် တပည့်။ နတ်စပယ်ယာ၊ နတ်အရံ စသည်တို့ လိုက်ပါလာမည်ဖြစ်ရာ အချို့ လည်း ဂျပန်တွင် နေခဲ့ပြီး မပြန်မည့် သူ များရှိနေနိုင်ကြောင်းလည်း ခန့် မှန်းပြောဆိုနေကြသည်။

“ဒီမှာက နေရတာ ရင်တမမလေ.. ဘယ်နေ့  ဗုံးပေါက်မလဲ။ ဘယ်နေ့ မီးလောင်မလဲနဲ့ စိုးရိမ်နေရတာ.. ဒီကြားထဲ မီးကပျက်၊ ရေကကြီး၊ ရောဂါကထူ၊ မဲပေးဖို့  ကလည်း တပူပူနဲ့ .. နိပွန်းမှာ ပန်းကန်ပဲဆေးရဆေးရ .. သန့် ရှင်းရေးပဲ လုပ်ရလုပ်ရ… ဒီမှာထက်တော့ စိတ်ချမ်းသာမယ်ထင်တယ်လေ.. ဒီတော့လည်း ဒါတွေရှိနိုင်တာပေါ့ …တချို့ ဆို ဟိုရောက် ရင် အာလျှောက်ဖို့  အခုထဲက “အာလျှောက်နည်းသင်တန်း” တောင် တက်နေပြီကြားတယ်“ဟု နတ်မယ်တော်ကြီးတဦးက တွေးတွေးဆဆ ပြောသည်။       

ဂျပန်ထက် မြန်မာက သာပါတယ်

မြန်မာနတ်ကန္နားပွဲများမှာ “အိုးကလေးလှုပ်ပါဟေ့.. ရေအိုးလေး လှုပ်ပါဟေ့”ကဲ့သို့ ဟစ်ဟော့သီချင်းများပါ မကျန် ထည့်သွင်းတီးမှုတ်ကခုန်နေသည်ဖြစ်ရာ အလွန် ခေတ်မှီသည့်အတွက် ဂျပန်နတ်များမှာ နောက်ကောက် မကျန်ခဲ့ ရန် အပြင်းအထန် လေ့ကျင့်ပြင်ဆင်နေရသည်ဟုလည်း သတင်းရရှိသည်။

လက်မှတ်ဝယ်ရတာတော့ နာတယ်ရှင်

          ပွဲတော်ကို သေသပ်ကျစွာ ကျင်းပနိုင်ရန် ပြင်ဆင်လျက်ရှိနေပြီး ကြိုတင်လက်မှတ်များလည်း ရောင်းချ လျက်ရှိရာ မြန်မာစတိုးဆိုင်များနှင့် မြန်မာများအဓိက စုရုံးရာ မြန်မာအခွန်ရုံးတ၀ိုက်တွင် ၀ယ်ယူနိုင်ကြောင်းလည်း သိရှိရသည်။ လက်မှတ်လေးတကိုင်ကိုင်နှင့် ငိုမဲ့မဲ့ဖြစ်နေသူ တဦးက..

          “အခုပွဲမှာ တို့ ကလည်း ကမှာလေ။ တို့ ပါမယ့်ပွဲမှာ တို့ ကိုယ်တိုင်က လက်မှတ်ပေးဝယ်ရမယ်တဲ့။ ဟွန်း. ဒါတော့လွန်တာပေါ့နော်“ဟု ဆိုသည်။



အာရမလား သိချင်ရင်

          နတ်ကန္နားပွဲတွင် “အလုပ်အကိုင်အဆင်ပြေပါ့မလား“ “အလုပ်ဘယ်တော့ပြန်ရမလဲ “ “ဘယ်တော့ အာကျမှာလဲ“ “အာကြီးလား။ အာလေးလား” .. စသည် စသည် တို့ ကိုလည်း နတ်မေးနိုင်ကြောင်း သတင်းရရှိသလို နတ်ကန္နားပွဲတွင် ဈေး ဆိုင်ဖွင့်လှစ်ရောင်းချလိုသူများလည်း ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။



ဆက်ဆက်လာခဲ့ကြနော်

          ယခုပွဲတော်မှာ တမူထူးခြားသဖြင့် ဂျပန်ရောက်မြန်မာများ အထူးစိတ်ဝင်တစား အားပေးလိမ့်မည်ဟု ပွဲစီစဉ်သူများ က မျှော်လင့်လျက်ရှိသည်။ သူမက…

          “သမီးတို့ ခေါ်တဲ့နတ်တွေက ကြာဇာတ်လမ်း.. အဲ “အာရုံဦးမှာ ဟိုဒင်းဖြစ်သည့်ကြာ” ဇာတ်ကားထဲမှာ မပါဘူးလေ။ သန့် သန့် လေးတွေဆိုတော့ ဆန္ဒပြခံရမှာလည်း ပူစရာမလိုဘူး။ လက်မှတ်ပြန်အမ်းရမှာလဲ ပူစရာမလိုဘူး။ အေးဆေးပဲ “ ဟုလည်း ဆိုသည်။



ဘယ်နေ့ လဲ…

စနစ်တကျ ပြင်ဆင်နေလျက်ရှိနေသော ဂျပန်မြန်မာ ချစ်ကြည်ရေး  ခြိမ့်ခြိမ့်သဲ နတ်ကန္နားပွဲကြီးကို ကျင်းပမည့်နေ့  မှာ ဂျပန်ရောက် မြန်မာအဖွဲ့အစည်းများ ညီညွတ်သည့်နေ့ ဖြစ်ကြောင်း သတင်းရရှိပါသည်။



ဒေါက်တာ ဂွတို

Wednesday, February 27, 2008

ခေတ်ပေါ်နားပန်ဆံသီချင်း



ဘဘောကျလို့ ဘလောက်ပေါ်တင်ပေးလိုက်ပါတယ်...


နားထောင်ကြည့်ရင် ကျနော်တို့လိုပဲ သဘောကျသွားပါလိမ့်မယ်လို့ ယူဆမိပါတယ်...

Tuesday, February 26, 2008

ဒါဝင်ကိုသနားတယ်…


ပေတိုးကား ကျန်ုပ်နှင့်ဆယ်တန်းတွင် အတူကျောင်းတက်ခဲ့သော ငယ်သူငယ်ချင်း ဖြစ်၏။ သူသည် ငယ်စဉ်က ဘုန်းကြီးကျောင်းတွင် ပညာသင်၏။ ပေတိုးသည် စာမျိုးစုံ ဖတ်၏။ သိပ္ပံနှင့်ပတ်သက်သောစာပေများ၊ ကားလ်မတ်စ်နှင့် အိန်ဂျယ်တို့၏ ကွန်မြူနစ်စာပေ၊ အနုပဋိလောမရုပ်ဝါဒစသည်တို့ကိုလည်းဖတ်၏။ မြတ်စွာဘုရား၏ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာတို့ကိုလည်းဖတ်၏။
ဖတ်ရုံနှင့်မပြီး။ သူငယ်ချင်းအပေါင်းအသင်းတစု လ္ဘက်ရည်ဆိုင်ထိုင်လျင် သူ့အတွေး အခေါ်အယူအဆတို့ကို လေဖောင်ဖောင်နှင့်ဟော၏။ ပြော၏။ မှန်သည်လည်းပါ၏။ မှားသည်လည်းပါ၏။ ကျန်ုပ်တို့က သူ့အား ဗဟုသုတစုံသောသူဟု ယူဆကြ၏။ သူ့ အား ကျန်ုပ်တို့သူငယ်ချင်းတစုတွင် ခေါင်းတလုံးမြင့်သူဟု ယူဆကြ၏။သူသည် ယခုအခါ ဂျပန်နိုင်ငံတွင်ရှိနေသည်။ တနေ့က သူသည် ကျန်ုပ်အိမ်သို့ ရောက်လာသည်။ ရှေးဟောင်းနှောင်းဖြစ်များပြောကြရင်း ပေတိုးက “ဒါဝင်ကိုသနားတယ်ကွာ…”ဟု ပြောလာသည်။

ကျန်ုပ်။ ။ လင်းစမ်းပါဦးကွာ။ မင်းဟာက အရင်းမရှိ၊ အဖျားမရှိနဲ့
ပေတိုး။ ။ ဒါဝင်ဟာ သုတေသနမျိုးစုံလုပ်ပြီး လူဟာမျောက်ကဆင်းသက်လာတယ်
လို့ ပြောခဲ့တယ်ကွာ။ တဖြေးဖြေးနဲ့ တရွေ့ရွေ့ဖြစ်စဉ်ပြောင်းလဲခြင်း
(Evolution)ဖြစ်တာဆိုပြီး ကမ္ဘာကိုတင်ပြခဲ့တယ်ကွာ။ ကမ္ဘာသိပ္ပံပညာ
ရှင်တွေက လက်ခံတယ်ကွာ။ ရေသတ္တ၀ါကနေ၊ တွားသွားသတ္တ၀ါတွေဖြစ်၊
အဲဒီကနေ နို့တိုက်သတ္တ၀ါ၊ မျောက်လူဝံတို့ဖြစ်ပြီး အဲဒီကမှတဆင့် လူဖြစ်
လာတယ်လို့ဆိုတယ်ကွာ။ Fitness of the Survival(တော်သူနေ၊
မတော်သူသေ)၊ ပါတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေနေနိုင်
တဲ့သတ္တ၀ါတွေ ကျန်ခဲ့တာကွာ။ အဲဒီသီအိုရီထုတ်ခဲ့တယ်ကွာ…
အဲဒီလိုဘဲ- ကမ္ဘာကြီးရဲ့အပူအအေး၊ ရာသီဥတုအခြေအနေ အပြောင်းအ
လဲမျိုးစုံကို ကြံ့ကြံ့ခံပြီး၊ အခုလက်ရှိ ရှိနေခဲ့ကြတဲ့ ရေနေ၊ ကုန်းနေသတ္တ၀ါ
အားလုံး လူအပါအ၀င်ပေါ့ကွာ နေခဲ့ကြတယ်။ အဲဒါ ကမ္ဘာကြီးရဲ့အခြေအနေ
အရပ်ရပ် ပြောင်းလဲမှုမျိုးစုံကို လိုက်လျောညီထွေဖြစ်အောင်နေရင်းနဲ့ အခု
လက်ရှိ ‘သတ္တလောကကြီး’ဖြစ်လာတယ်လို့ ပြောတယ်ကွာ…
အဲဒီတော့ မင်းကိုငါပြောမယ်။ သတ္တ၀ါမျိုးစုံက ကမ္ဘာကြီးရဲ့ ပြောင်းလဲနေတဲ့
အခြေအနေအားလုံးနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး၊ မိမိတို့အ
သက်ရှင်ရပ်တည်ရေးနဲ့ မျိုးဆက်ပြန့်ပွားရေးအတွက် ကြိုးပမ်းကြရင်း အ
ရည်အချင်းတိုးတက်လာကြတယ်လို့ ဒါဝင်ကဆိုလိုတယ်။ အဲဒါကို ငါလက်
ခံသလောက် လက်ခံပါတယ်ကွာ။ ဒါပေမဲ့ လိုနေတဲ့ အချက်တွေရှိနေသေး
တယ်ကွာ။ သူတို့အနောက်တိုင်းက မသိသေးတာတွေကို တို့အရှေ့တိုင်း
ကသိခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်ကွာ
ကျန်ုပ်။ ။ မင်းကတော့လုပ်ပြီ၊ ငယ်ငယ်ကအကျင့်တွေမပျောက်သေးဘဲကိုး…
ပေတိုး။ ။ မဟုတ်ဘူးကွ။ အနောက်တိုင်းရဲ့ဒဿန၊ အနောက်တိုင်းရဲ့သိပ္ပံပညာတွေ
မှာ လိုနေတာတွေအများကြီးရှိသေးတယ်။ အဲဒါတွေကို ငါက ဘုန်းကြီး
ကျောင်းသားဖြစ်ဖူးလို့သိတာကွ…
ကျန်ုပ်။ ။ မင်းဟာက ဟုတ်ပါ့မလားကွာ…၊ ကြည့်လုပ်ပါအုံးဆရာရဲ့
ပေတိုး။ ။ ငါပြောမယ် ‘တကျမ်းမြင်ရုံ၊ ကျမ်းမစုံ၊ အာရုံတယ်၍မတင်းနှင့်’တဲ့။ အခု
ကမ္ဘာကြီးမှာ ပြဿနာတွေဖြစ်နေတာ တကျမ်းထဲကို အာဂုံဆောင်ပြီး စွတ်
ရွတ်လုပ်နေ ကြလို့ ပြဿနာပေါင်းသောင်းခြောက်ထောင်ဖြစ်နေတာ။
ဘက်စုံနားလည်၊ ဘက်စုံရှု ဒေါင့်ကကြည့်၊ ဘက်စုံအမြင်နဲ့ဆုံးဖြတ်မှ အမှန်
နဲ့အနီးစပ်ဆုံးဖြစ်မယ်
ကျန်ုပ်။ ။ ဘုန်းကြီးကျောင်းသားကလဲ၊ လေရှည်နေလိုက်တာ။ ပြောစရာရှိ တဲ့တဲ့ ပြောတာမဟုတ်ဘူး၊
ဘေးရောက်ကုန်ပြီ။ မင်းပြောခဲ့တဲ့ ဒါဝင်အကြောင်းဆက်ပါအုံးæ
ပေတိုး။ ။ အဲဒါကိုပြောချင်လို့ အစချီနေတာပေါ့ကွာ။ ဒါဝင်ဟာ သတ္တ၀ါတွေ တရွေ့
ရွေ့နဲ့ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာလိုက်တာ နောက်ဆုံး လူဆိုတဲ့
အသိဉာဏ် အရှိဆုံးသတ္တ၀ါမွေးဖွားလာတယ်လို့ဆိုတယ်။ ဒါဝင်ကိုသနား
တာက ဒါဝင်ဟာ မြန်မာဘုန်းကြီးကျောင်းနေခွင့်မရ၊ အဘိဓမ္မာသင်ခွင့်မရ၊
ဗုဒ္ဓဘာသာအတွေးအခေါ် တွေးခွင့်မရခဲ့လို့ သူ့အယူအဆဟာ တ၀က်
တပျက်ဘဲမှန်ခဲ့တယ်။ ဒါဝင်ဘုန်းတော်ကြီးနေခွင့်မရတာကို သနားတာ
ကျန်ုပ်။ ။ ဒါဝင်ဘုန်းကြီးကျောင်းနေခွင့်မရတာနဲ့ ဘာဆိုင်လို့သနားရတာတုန်း…
ပေတိုး။ ။ သူမသိဘူး…၊ ကမ္ဘာကြီးမှာ စင်္ကြာဝဠာကြီးမှာ ‘တက်ကပ်‘ရှိသလို ‘ဆုပ်ကပ်‘
ရှိတာ သူမသိဘူး။ သူ တက်ကပ်ကိုဘဲသိတယ်။ ဆုတ်ကပ်ကိုသူမသိဘူး။
မင်းမှတ်ထား- လောကကြီးမှာ အမှောင်ရှိရင် အလင်းရှိတယ်။ အပေါင်းရှိ
ရင်အနှုတ်ရှိတယ်။ အပူရှိရင်အအေးရှိတယ်။ အဖိုရှိရင်အမရှိတယ်။ အဖြူရှိ
ရင် အမဲရှိတယ်။ အဲဒါကြောင့် တက်ကပ်ရှိရင် ဆုတ်ကပ်ရှိတယ်။ ဆန့်ကျင်
ဖက်တရားတွေဟာ အမြဲရှိတယ်။ အဲဒါဟာနိယာမတခုဘဲ…
ကျန်ုပ်။ ။ ငါလက်ခံပါတယ်ကွာ။ အဲဒါနဲ့ မင်းဒါဝင်ကိုသနားတာနဲ့ ဘာဆိုင်လို့လဲ…
ပေတိုး။ ။ ဒါဝင်ဟာ သတ္တ၀ါတို့ရဲ့တိုးတက်မှုဖြစ်စဉ်ကိုသာ အလေးပေးပြီး တဖက်
စွန်းတွေးခေါ်ခဲ့တယ်။ သတ္တ၀ါတို့ရဲ့ဆုတ်ယုတ်မှုအကြောင်းကိုတော့ အ
လေးမပေးခဲ့ဘူး။ အဲဒါကြောင့် ငါသနားတာ။ ငါဆက်ပြောမယ်- ငါကဘုန်း
ကြီးကျောင်းသားဘ၀ကလာခဲ့တဲ့ သိပ္ပံကျောင်းသား။ ဒါဝင်ရဲ့သီအိုရီအရ
လူသည် မျောက်ကဆင်းသက်လာသည်လို့ဆိုတယ်။ ငါက ဗမာပြည်ရဲ့
လောလောဆယ်ဖြစ်နေတဲ့အခြေအနေတွေကိုကြည့်ပြီး မကြာခင် ကမ္ဘာကို
ထုတ်ပြန်ကြေငြာလိုက်တော့မယ်…
ကျန်ုပ်။ ။ မင်းက ကမ္ဘာနဲ့ချီပြီးကိုင်နေပြီလား..
ပေတိုး။ ။ မရတော့ဘူးကွာ။ ဗမာပြည်အကြောင်းကို ကမ္ဘာနဲ့ချီပြီး ကိုင်ရတော့မယ်။
ဒါဝင်ရဲ့သီအိုရီကိုလည်း ပြောင်းပြန်လှန်ပစ်ရတော့မယ်။ ဒီမှာ ငါပြောပြ
မယ်။ သတ္တလောကကိုကြည့်။ ပိုးကောင်မွှားကောင် ကလေးတွေကို ကြက်
ငှက်တွေကစားကြတယ်။ ကြက် ငှက်တွေကို မြေ၊ ၀ံပုလွေ၊ မြေ ခွေးတို့က
စားကြတယ်။ တခြားဥပမာတွေအများကြီး။ အဲဒီတော့ တိရစ္ဆာန်လောက
မှာ Might is Rightဆိုပြီး ‘အင်အားသည်အမှန်တရား‘၊ ‘ခွန်အားသည်အ
မှန်တရား‘။ ‘နိုင်ရင်အမှန်၊ နိုင်ရင်တရားတယ်‘။ ကိုယ့်အသက်ရှင်ရပ်တည်
ရေးအတွက် ကိုယ်နိုင်တဲ့အကောင်တွေကို နင်းနင်းချေချေ၊ သတ်သတ်စား
စား၊ လုပ်ချင်သလိုလုပ်။ တရားတယ်၊ မှန်တယ်၊ နိုင်တဲ့ ကောင်ရဲ့အောက်
မှာ ရှုံးတဲ့ကောင်တွေက ပြားပြားဝပ်၊ မော်မကြည့်နဲ့။ ထွက်ပြေး အမြဲအစား
ခံ။ နိုင်တဲ့ကောင်ရဲ့တရားစီရင်ဆုံးဖြတ်တာကိုခံ။ အဲသလိုကိုးကွ။ ဒါက
တိရစ္ဆာန်လောကလေ…
အဲဒီ Might is Rightဆိုတာ တိရစ္ဆာန်လောကရဲ့ ဥပဒေသကွ။ လူသား
ရဲ့ဥပဒေသမဟုတ်ဘူး။ အဲဒီဥပဒေကို လူ့လောကမှာလာသုံးရင် လူ့လော
ကဟာ တိရစ္ဆာန် လောကနဲ့မခြားတော့ဘူးကွ။ အဲဒါကို ငါပြောချင်တာ…
ကျန်ုပ်။ ။ မင်းဟာက နဲနဲစိတ်ဝင်စားစရာကောင်းလာပြီ။ ဆက်ပြော ဆက်ပြော…
ပေတိုး။ ။ လာမယ်၊ ဒီထက်ကောင်းတာတွေလာမယ်။ ကမ္ဘာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့
ဖူးပါပြီကွာ။ နိုင်ရင်တရားတယ်ဆိုတဲ့ တိရစ္ဆာန်စိတ်နဲ့လုပ်ခဲ့တဲ့ ဟစ်တလာ
တို့၊ မူဆိုလိုနီတို့၊ စတာလင်တို့ဆိုတာတွေဟာ Might is Right (မှန်ရင်
တရားတယ်၊ မှန်ကန်ခြင်းဟာခွန်အား)ဆိုတဲ့ ဥပဒေသရဲ့အောက်မှာ ကျ
ဆုံးသွားခဲ့ပါပြီ
ကျန်ုပ်။ ။ ဒါတော့ဟုတ်ပါတယ်။ ဒါနဲ့ ဒါဝင်ကိုသနားတာနဲ့ ဘာဆိုင်လဲ
ပေတိုး။ ။ ငါ့စကားမဆုံးသေးဘူးæ၊ သေသေချာချာနားထောင်ပါကွ။ တို့ဗမာပြည်
မှာ အခု Might is Rightဆိုပြီးအင်အားကြီးတဲ့သူမှန်တယ်၊ နိုင်ရင်တရား
တယ်ဆိုတဲ့ ပုပ်သိုးဆွေးမြေ့နေတဲ့ဝါဒ ကြီးစိုးနေသေးတယ်။ အဲဒီလိုကြီးစိုးခဲ့
တာ ၁၉၆၂ ခုနှစ်က စခဲ့တာပေါ့ကွာ။ နောက်နောင် သာလို့တောင် ဆိုးဝါး
လာတာ မင်းတို့ငါတို့အသိ။ တခုသက်သေပြုရမှာက လောကမှာ သူ့နိ
ယာမနဲ့သူဖြစ်နေတာ။ ဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူး။ မနက်မှာနေ
ထွက်၊ ညမှာနေ၀င်။ ကမ္ဘာဟာ ၀င်ရိုးပေါ်မှာ ၂၄ နာရီမှာတပတ်လည်၊
ကမ္ဘာဟာ နေကို ၃၆၅ ရက်မှာ တပါတ်ပတ်မိ။ E=MC2စတာတွေဟာ
သူ့နိယာမနဲ့သူဖြစ်နေတာ။ ဗုဒ္ဓမြတ်စွာကဖန်ဆင်းတာမဟုတ်ဘူး။ လော
ကရဲ့နိယာမတရားတွေကို မြတ်စွာဘုရားသော်မှ မလွန်ဆန်ခဲ့ပါဘူး…
အဲဒီတော့ တိရစ္ဆာန်လောကရဲ့ Might is Rightကို ခံယူကျင့်သုံးခဲ့တဲ့
န.၀.တဖြစ်လဲ န.အ.ဖ(နွားအဖွဲ့)ဟာ တိရစ္ဆာန်လောကကို အလိုလိုကျဆင်းသွား
ပါပြီကွာ။ မယုံမရှိပါနဲ့…
ဘဒ္ဒကမ္ဘာမှာ ရှေးကပွင့်ခဲ့ဘူးတဲ့ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားလေးဆူရဲ့ ဓါတ်
တော်မွေတော်တွေဌာပနာထားတဲ့ ရွှေတိဂုံစေတီတော်ကြီးရှိရာ ရန်ကုန်မြို့
တော်ကြီးကနေ ပျဉ်းမနားမြို့နဲ့ တော်တော်ကြီးဝေးတဲ့ တောစပ်တနေရာကို
န.အ.ဖဟာ ထွက်ပြေးသွးပါပြီ။ အဲဒီလူတွေဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အ
စည်းကနေပြီး တိရစ္ဆာန်တွေနေတဲ့ တောနားကို ပြောင်းရွှေ့သွားခြင်းဟာ
မကြာခင်မှာဘဲ သူတို့ရဲ့နောက်မျိုးဆက်များဟာဆုတ်ကပ်အတိုင်း နောက်
ကိုတရွေ့ရွေ့နဲ့ တဖြည်းဖြည်းဆုတ်ပြီး ဆုတ်ကပ်ဖြစ်စဉ်သဘောတရား
အရ လူဝံလိုလို မျောက်လိုလိုဘ၀ကိုရောက်ပြီး Jungle of the apes
(မျောက်တို့ရဲ့တောကြီး)အဖြစ် ပြောင်းသွားလာလိမ့်မယ်
ကျန်ုပ်။ ။ ဟ- မင်းဟာက ဒါဝင်ကိုသနားတာနဲ့က…
ပေတိုး။ ။ လာမယ်လေကွာ- မင်းကလဲ။ သည်းခံပြီးနားထောင်ပါဦး။ နောင်လာမဲ့
အနာဂတ်မှာ ‘မျောက်သည်လူမှဆင်းသက်လာသည်’လို့ ပျဉ်းမနားတော
တွင်းမှ ကျောက်ဖြစ်ရုပ်ကြင်းတွေကို သက်သေပြပြီး ကမ္ဘာမှာ သီအိုရီတ
ရပ်ထွက်လာလိမ့်မယ်။ အားလုံးကလည်းလက်ခံကြလိမ့်မယ်။ အဲဒါကြောင့်
ငါက ဒါဝင်ကိုသနားတာ။ သူဗမာပြည်မှာမနေခဲ့ဖူးဘူး။ ဘုန်းကြီးကျောင်း
စာမသင်ခဲ့ဖူးဘူး။ မ.ဆ.လ၊ န.၀.တ၊ န.အ.ဖ မကြားဖူး၊ မကြုံခဲ့ဖူးဘူး။ ဆိုလိုချင်
တာက ဒါဝင်ဟာ ကျမ်းမစုံခဲ့ဘူး။ ဒါကြောင့် သူ့သီအိုရီဟာ ရာနှုန်းပြည့်
မမှန်ဘူး။ ငါကတော့ ခုကထဲက အကိုးအကားတွေ အထောက်အထား
တွေကို သေသေချာချာရေးပြီး ‘မျောက်သည်လူကဆင်းသက်လာသည်’
လို့ နောင်လာနောင်သားတွေအတွက်ရေးပြီး Time Capsuleထဲထည့်
မြုပ်ထားခဲ့မယ်။ ငါ့နာမည်‘ပေတိုး’နဲ့ ကမ္ဗည်းထိုးခဲ့မယ်။ နောင်အနာဂတ်
မှာ ဒါဝင်ကို ဘယ်သူမှသိတော့မှမဟုတ်ဘဲ ကမ္ဘာမှာ ပေတိုးသာလျင် မ
သိသူမရှိဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဒါဝင်ကိုငါသနားတာကွ…
ကျန်ုပ်လည်း ပေတိုး၏စကားများကိုနားထောင်ပြီးနောက် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းတ၀ိုက်တွင်ရှိသော ကျန်ုပ်၏အမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများကို ဖြစ်သည့် နည်းနှင့် ရန်ကုန်သို့ပြောင်းရွေ့ရန် အမြန်ဆုံးအကြောင်းကြားလိုက်ပါတော့သည်။
ရေးသားသူ-မောင်သန်းဝင်း
(မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၂ မှ)
မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

ရုပ်ပြောင်ဓါတ်ပုံကို အင်တာနက်မှတဆင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊

Twitter Delicious Facebook Digg Stumbleupon Favorites More