This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, April 16, 2008

စစ်အစိုးရရဲ့ ညစ်မျိုးတစ်ရာ့တပါး(တင်မိုး)


သမိုင်းပါရဂူ ဒေါက်တာသန်းထွန်း
လေလှိုင်းကမေးခွန်းတခုကြောင့်
အစွန်းရောက်စစ်ဝါဒီတွေက
မသတီစရာ
စာရေးခွင့်ပိတ်လိုက်ပါသတဲ့…။


ဆင်ဖြူတော်ရှစ်ခိုးခြင်း…တဲ့
တိရိစ္ဆာန်လောက်မှ အသိဥာဏ်မမြင့်ဘူး
အနက်ဖွင့်ရမှာပေါ့။

ဆရာသန်းထွန်း
မှန်လွန်းတဲ့စကားကြောင့်
ဗိုလ်ချုပ်များအရှက်ရ
အမြက်ရှတော်မူတယ်ဆိုပဲ။

ဗာလာနံတွေအနားက
ပြာရာပြာရာနဲ့
မှန်ပါ့ဘုရားတွေကတော့
ကျန်သမျစားကြွင်းစား
ဖားရင်းဖားနေကြပေမဲ့
တရားကိုမြတ်နိုး
အမှန်ကိုရှစ်ခိုးသူတွေကတော့
ကလောင်ရိုက်ချိုးခံကြရမှာပဲ။

ခေတ်သူခါးဓါးပြ
စစ်အစိုးရခေတ်မှာ
ညစ်မျိုး တရာ့တပါးနဲ့
ကြုံရမှာချည်းပါဘဲဗျာ။

တင်မိုး
၂၆ ၃ ၂၀၀၃

ဘီလူးနှင့်သူ၏နိုင်ငံတော်(သန်းထူးဝင်း)


အရင်းအနှီးတော့ များလာပြီ။

ဘီလူးကို ကျောသပ်၊ ချော့သူချော့ဆဲ
တချို့… အဲဒီဘီလူးနဲ့ အရက်ဝိုင်းဖွဲ့
တချို့… အဲဒီဘီလူးကို တကိုယ်လုံးပုံအပ်
တချို့… အဲဒီဘီလူးကို သိဒ္ဓိတင်
တချို့…အဲဒီဘီလူးနဲ့ စည်းဝါးရိုက်
တချို့… အဲဒီဘီလူးဖျားယောင်းမှုအောက် ဦးစောက်ကျမ်းသဒ္ဓါလန်
တချို့… အဲဒီဘီလူးစာ ဖြစ်သွားကြတော့တယ်။


တချို့… မသိချင်ယောင်ဆောင် ငြိမ်သက်
တချို့… နံနက်ခင်းအတုနဲ့ လင်းလို့ပျော်လို့
တချို့… အိမ်မက်တခုရမလား ထပ်ထပ်တိုးအိပ်
တချို့… မျက်စိပိတ်လည်းမှောင် ဖွင့်လည်းမှောင်
ဒါတောင် တမိုးသောက်ပြီလို့ ထ ထ ကုန်းအော်။

လမ်းကို သက်တောင့်သက်သာ သွားရသူလည်းရှိရဲ့
တချို့… လမ်းကိုဆန်တက် ကြမ်းတမ်းကျော်ဖြတ်
ခုချိန်ထိလည်း ယုံကြည်ချက်ကို သေကောင်ပေါင်းလဲ ဖက်တွဲထားဆဲ
လူထုအကျိုးဆိုတာ ကြားလေသွေး ဝေးတဲ့အမျိုးအစားမှမဟုတ်တာပဲ။

တချို့… အသေအလဲပေါင်းစပ်
အတ္တ ပရ
ရေ နဲ့ မီး
ဖက်ဆစ်နဲ့ ငြိမ်းချမ်းရေး
ပေါင်းစပ် ပေါင်းစပ်
သိက္ခာအပွန်းခံ အပဲ့ခံပေါင်းစပ်
အဲဒီမှာ အညံ့ခံတဲ့ စိတ်ဓါတ်တခုပဲရမယ်။

တချို့… စိတ်ရှည်သည်းခံဖို့နားချ
တချို့… စိတ်ရှည်ရှည်ထားရင်း
ဘ၀တိုတိုသွားရ။

အက္ကောဓ၊ အ၀ိဟေသ၀ါဒကိုဆုပ်ကိုင်ပြီး
‘သစ္စာဂြဟ’ကြတဲ့
ဟုတ်ကဲ့-
တခေတ်တခါက ငြိမ်ချမ်းရေးပုဂ္ဂိုလ်ကြီးတွေတော့ အားနာပါရဲ့
သူ့ခေတ်နဲ့သူ့ရန်သူ ဟုတ်ချင်ဟုတ်လိမ့်မယ်
ဒီနေ့ ဟိရိသြတ္တပသုညမှာပြနေတဲ့ စစ်ဘီလူးအောက်ကလူထုလား
နှလုံးရည်ဆိုတာ လက်ဖက်ရည်လောက်
အလုပ်မဖြစ်မှန်း သိ သိလာကြတယ်။

စိုးရိမ်တတ်ရင်ပြောပါတယ်…
လူထု‘တောက်’ခေါက်သံ
ပိုပြီးကျယ်လာတယ်။


စိုးရိမ်တတ်ရင်ပြောပါတယ်…
သေသူတို့က နားစွင့်နေမယ်ဆိုတာ
လူထုသိထားတယ်။


စိုးရိမ်တတ်ရင်ပြောပါတယ်…
စစ်ကိုချစ်တဲ့ပြည်သူ မရှိပါဘူး။
သို့ပေမယ့်လည်း မြန်မြန်ထက်ထက်
အာဏာရှင်အောက်က လွတ်မြောက်ဖို့အတွက်ဆို
ဘက်ပေါင်းစုံက ကြိုးပမ်းသမျှ
သူတို့ကြိုဆိုကြလိမ့်မယ်။


သူတို့သွေးနဲ့အားဖြည့်သွန်းလောင်း
သုတ်သင်ပေးလိမ့်မယ်။

စိုးရိမ်တတ်ရင်ပြောပါတယ်။


Tuesday, April 15, 2008

အခြေခံဥပဒေနဲ့ နအဖ



Monday, April 14, 2008

လူထုဒေါ်အမာဝမ်းနည်းခြင်းအထိမ်းအမှတ် ဂျပန်၌ပြုလုပ်


ကိုသန်းဆွေ(မြေနီကုန်း)မှ ၀မ်းနည်းစကားပြောကြားနေစဉ်(၀ဲ)နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများ(ယာ)

ယခုလ(၇)ရက်နေ့တွင် မန္တလေးမြို့၌ နှလုံးရောဂါဖြင့်ကွယ်လွန်သွားသော စာရေးဆရာ။ သတင်းစာဆရာမကြီး လူထုအဒေါ်အမာအား ၀မ်းနည်းဂုဏ်ပြုခြင်း အမှတ်တရပွဲကို တိုကျိုမြို့၊ တာကာဒါနိုဘာဘာရှိ ရီဆိုင်ကယ်စင်တာတွင် ညနေ(၆)နာရီ၌ကျင်းပခဲ့ကြသည်။
ယင်းအမှတ်တရပွဲကို ဂျပန်ရှိ သစ္စာတော်လှန်ရေးမဂ္ဂဇင်း၊ အာဟာရစာစောင်နှင့် အလင်းအိမ်မဂ္ဂဇင်းတို့မှဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး၊ ‘ရှင်သန်နေသောအမေ(သို့) မန်တောင်ရိပ်ငို‘ခေါင်းစဉ်ဖြင့်ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါဝမ်းနည်းခြင်းအထိမ်းအမှတ် ဂါရ၀ပြုပွဲသို့ လုထူအဒေါ်အမာကိုချစ်မြတ်နိုးသူ စာဖတ်ပရိတ်သတ်များ၊ ဂျပန်ရောက်မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြပြီး ၈၈မျိုးဆက်ကျောင်းသားများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂနှင့် နိုင်ငံရေးအဖွဲ့အစည်းများမှပေးပို့သော ၀မ်းနည်းကြောင်း သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

လူထုဒေါ်အမာရေးသာထားသော လက်ရာများထဲမှအချို့နှင့် အဒေါ်အမာအတွက်ရေးစပ်ထားသော နံမည်ကျော်စာရေးဆရာများ၏ ဆောင်ပါးများနှင့်ကဗျာများကို အမှတ်တရအဖြစ် ယခုပွဲတွင် ဖတ်ကြားခဲ့ကြကြောင်းသိရသည်။ ကွယ်လွန်သွားခဲ့ပြီးဖြစ်သူ သတင်းစာဆရာကြီးလူထုဦလှနှင့် သားသမီး(၅)ဦးထွန်းကားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက်(၉၃)နှစ်ရှိပြီဖြစ်ကာ ပြည်လူထုထူချစ်မြတ်နိုးသောကြယ်တပွင့်္ဓေကလွင့်သွားခဲ့ခြင်းဖြစ်သည်။

သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)၊ မှတ်တမ်းဓါတ်ပုံ-(မိုးသောက်ကြယ်)

Sunday, April 13, 2008

ဆရာဇော်ဂျီနှင့်လူထုဦးလှ(မောင်စွမ်းရည်)



မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၅ မှ

ဒီဆောင်းပါးမှာ ဆရာဇော်ဂျီနဲ့ လူထုဦးလှ စာရေးဆရာကြီးနှစ်ဦးရဲ့ မြန်မာ့စာ ပေတိုးတက်ရေး ပူးတွဲဆောင်ရွက်ချက်တခု ကို ဖော်ထုတ်တင်ပြချင်ပါတယ်။

မန္တလေးကလူထုဦးလှ+ဒေါ်အမာ၊ ရန်ကုန်ကဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ဟာ ကျနော်တို့ မှီခို အားထားလေးစားကြရတဲ့ ကျောက်ထီးမဏ္ဍိုင်ကြီးတွေဖြစ်ပါတယ်။ အကြေအညာ တနေရာစီနေကြပေမယ့် စာရေးပေရေး၊ နိုင်ငံအရေးတို့မှာ ဆရာဇော်ဂျီဟာ မိတ်ဆွေဦးနု၊ ဦးသန့်တို့ နဲ့အတူ ဒီမိုကရေစီ ပြန့်ပွားရေးလုပ်ငန်းများကို အားသွန်လုပ်နေပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကလဲ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့အတွက် အစွမ်းကုန်အားထုတ်နေပါတယ်။ လူထုဦးလှကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လှုပ်ရှားမှုခရီးစဉ်၊ မိန့်ခွန်း၊ တရားပွဲ၊ ကြေညာချက်စတာတွေကို ဓါတ်ပုံတွေနဲ့တကွ လူထုသတင်းစာမှာ မှတ်တမ်းတင်ဖော်ပြခဲ့ပါတယ်။

လူထုဦးလှက ဆရာကြီးသခင်ကိုယ်တော်မှိုင်းကိုယ်တိုင်ရွေးချယ်စီစဉ်ပြီး ထုတ်ဝေဖို့တာဝန်ပေးလာတဲ့ လေးချိုးပေါင်းချုပ်၊ ကဗျာစာအုပ်ကြီးကို ၁၉၅၅ ခုနှစ်မှာ ထုတ်လိုက်ပါတယ်။ ဆက်လက်ပြီးတော့ လဲ ဒေါင်းဋီကာသစ်၊ ဘွိုင်းကောက်ဋီကာ၊ ဗိုလ်ဋီကာ စသည်တို့ကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေပါတယ်။

ဆရာဇော်ဂျီကလဲ ၁၉၅၅ ခုနှစ်မှာပဲ သခင်ကိုယ်တော်မှိုင်းဋီကာကိုထုတ်လိုက်ပါတယ်။ ဆရာကြီးရဲ့ ၀တ္တုတို ကဗျာတို့ကိုဖွင့်ဆိုတဲ့စာစုဖြစ်ပါတယ်။ အဲဒီစာအုပ်နဲ့ စာပေဗိမာန်ဆုရခဲ့ပါတယ်။ စာဆိုနဲ့စာ၊ ဘ၀နဲ့ကဗျာ တွဲဖက်လေ့လာချက်စာအုပ်အဖြစ် မြန်မာစာပေသမိုင်းမှာ ပထမဆုံး ထူးထူးခြားခြားပေါ်ထွက်လာတဲ့ စာပေ ဂုဏ်မြောက် စာအုပ်တအုပ်ဖြစ်ကြောင်း စာပေသမိုင်းပညာရှင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်က မြန်မာနိုင်ငံ၊ သုတေသနအသင်းဂျာနယ်ကနေ အင်္ဂလိပ်ဘာသာနဲ့ ဝေဖန်ချီးကျူးစာရေးသား ချီးမြှင့်တာကို ခံယူခဲ့ရပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ အတ္တုပ္ပတ္တိကို ကိုလိုနီခေတ်က ရေးသားပြုစုခဲ့သူ ဦးသိန်းဖေမြင့်ကလဲ “ကျနော်မစွမ်းနိုင်တဲ့အလုပ်ကို စွမ်းဆောင်နိုင်သူပေါ်ပေါက်လာလို့ ၀မ်းမြောက်ကြောင်း…”ရေးသားဂုဏ်ပြုပါတယ်။ ဒီနည်းနဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ဗဟိုထားပြီး ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး ပင်မရေစီးကြီးထဲမှာ ပေါင်း စည်းပါဝင်ခဲ့ကြပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်ပါတယ်။ စစ်အာဏာရှင်စနစ်ထူထောင်သူ ဗိုလ်နေ၀င်းဟာ ၁၉၆၂ မှာ ဒီမိုကရေစီအစိုးရကိုဖျက်ပြီး အာဏာသိမ်းလိုက်ရုံမက ပြည်သူတွေက တခဲနက်ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိုလဲ ပိတ်ဆို့ဖျက်ဆီးပစ်ပြီး ငြိမ်းချမ်းရေးတောင်းဆိုကြတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်စက်ထောင်ချ၊ ကိုကိုးကျွန်းပို့တာတွေ ဆက်တိုက်လုပ်ပါတယ်။
ငြိမ်းချမ်းရေးခေါင်းဆောင် နိုင်ငံရေးသမားတွေ၊ သတင်းစာဆရာတွေ စာရေးဆရာတွေအားလုံးက ဘကြီးသခင်ကိုယ်တော်မှိုင်းခေါင်းဆောင်တဲ့ ပြည်တွင်းငြိမ်း ချမ်းရေးအဖွဲ့မှာ ပါဝင်လှုပ်ရှားနေသူတွေချည်းဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ “ငါမသေခင် ငြိမ်းချမ်းရေးရသွားတာမြင်ချင်သကွာ…”လို့ တဖွဖွတမ်းတရေရွတ်ရင်း ဆရာကြီးကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီးရဲ့တပည့်တွေကို ဖမ်းဆီးထောင်ချနေချိန်မှာ လူထုဦးလှနဲ့ဆရာဇော်ဂျီတို့ဟာ တို့ဗမာအစည်းအရုံးဝင်သခင်ဟောင်းကြီးတွေနဲ့အတူ ဆရာကြီးရဲ့ဈာပနအခမ်းအနားကို ပဒုမ္မာကွင်းကြီးမှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။ လူထုဦးလှက ဆရာကြီးရဲ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုဦးဆောင်ခဲ့ပုံ နိုင်ငံရေးဘ၀ကိုအထူးပြု ဟောပြောပြီး၊ ဆရာဇော်ဂျီက ဆရာကြီးရဲ့စာပေတွေကို ဖွင့်ဆိုဟောပြောခဲ့ပါတယ်။
ဆရာမင်းသုဝဏ်က လေးချိုးကြီးတွေကို ခေတ်အလိုက်စီစဉ်ပြီးဖွင့်ဆိုရင်း ဆရာဖွင့်ဆိုတဲ့ လေးချိုးတပုဒ်ချင်းကို ဦးသုခ၊ ဦးရန်အောင်၊ ရွှေဥဒေါင်း၊ အခုဆိပ်ကမ်းအမတ် ဒေါ်စန်းစန်းရဲ့ဖခင်အငြိမ်းစားရဲအရာရှိဦးဘသော်၊ ဇာဂနာရဲ့ဖခင်နန်းညွှန့်ဆွေ၊ ဒေါ်စောမုံညင်းစတဲ့ ပညာရှင်များ စာဆို များက ရွတ်ဆိုကြပါတယ်။

ငြိမ်းချမ်းရေးပွဲဖျက်၊ အာဏာသိမ်းချိန်မှာ ဗိုလ်နေ၀င်းက ဖမ်းလားဆီးလားလုပ်နေတဲ့ကြားက ဆရာကြီးရဲ့ဈာပနာအခမ်းအနားကို ရဲရဲဝံ့ဝံ့ဦးဆောင်မှုပေးခဲ့ကြသူတွေထဲမှာ ထိပ်ဆုံးကတွဲဖက်ပါဝင်သူ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ကို အမြဲသတိရပြီး ဂါဝရပြုဖို့ ကျနော်တို့မမေ့ကြပါဘူး။ ခုလို အမျိုးသားစာပေခေါင်းဆောင်ကြီးနှစ်ဦးဖြစ်တဲ့ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့ဟာ ကျနော်တို့ မျိုးဆက်သစ်လူငယ်တွေ စာပေလောကထဲကိုရောက်လာတဲ့ကာလကျမှ တွဲမိကြတယ်လို့ တချို့ကထင်နေကြပါတယ်။ ဒီအချက်ဟာလုံးဝမှားပါတယ်။ ဒီဆရာကြီးနှစ်ဦးဟာ ကျနော်တို့မမွေးခင်ကတည်းက စာပေထမ်းပိုးကြီးကို ၀ဲနဲ့ယာ၊ အတိုင်နဲ့အလှည့် အတူထမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဦးလှဟာ ၁၀ တန်းမအောင်ခင် ရန် ကုန်အစိုးရအထက်တန်းကျောင်းသားဘ၀ မှာကတည်းက ဆရာဇော်ဂျီတို့ကိုမွေးထုတ်ရာ မြို့မကျောင်းကို လူငယ်များကြီးပွားရေးအသင်း၊ စည်းရုံးရေးအနေနဲ့ အကြိမ်ကြိမ်လာရောက်ဆော်သြခဲ့တယ်လို့ ‘ငဘ’၀တ္တုရေးဆရာကြီးမောင်ထင်ဘွဲခံ သတင်းစာဆရာကြီးဦးထင်ဖတ်က အမှတ်တရရေးသားခဲ့ဖူးပါတယ်။
၁၉၃၃ ခုနှစ်ကျတော့ နောင်လူထုဦးလှဖြစ်လာမယ့် ကြီးပွားရေးဦးလှဟာ လူငယ်များတိုးတက်ရေးကိုအလေးထားပြီး ‘ကြီးပွားရေးမဂ္ဂဇင်း‘ကိုထုတ်ဝေပါတယ်။ သူကိုတက္ကသိုလ်တက်ဖို့ သူမိဘကထောက်ပံ့တဲ့ငွေကို တက္ကသိုလ်တက်ချင်တဲ့သူငယ်ချင်းအတွက်ပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ မြူနီစပယ်ရုံးကြီးမှာ ရာဖြတ်စာရေးဝင်လုပ်ရင်း တဖက်က ကြီးပွားရေးမဂ္ဂဇင်းကိုထုတ်ဝေတာပါ။ ဒီအချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲကထုတ်ဝေတဲ့ ဂန္ဓလောကမဂ္ဂဇင်းစင်မြင့်ပေါ်မှာ ကလောင်သွေးရင်း ပြင်ပစာပေလောကကို ခေါင်းပြူလာကြတဲ့ တက္ကသိုလ်က ခေတ်စမ်းစာပေအုပ်စုတခုလုံးကို ဦးလှရဲ့ကြီးပွားရေးမဂ္ဂဇင်းက စင်ပြောင်းပြီးယူလိုက်ပါတယ်။
သိပ္ပံမောင်ဝဆိုရင် နာမည်ဝှက် ၄-၅ မျိုးနဲ့ဝင်ရေးပါတယ်။ ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်မောင်သန့်စင်၊ မြကေတု၊ မောင်ထင်၊ ကုသတို့ကစပြီး သပိတ် မှောက်ကျောင်းသူမအမာတို့အထိ ပါဝင်ရေးသားကြပါတယ်။
၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယအကြိမ်ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်ခဲ့ပါတယ်။ ကိုနု၊ ကိုအောင်ဆန်းတို့ကစခန်းထခဲ့ကြပါတယ်။ အင်းလျား ကျောင်းဆောင်သူမအုန်း၊ မအမာတို့လဲ ရွှေတိဂုံဘုရားရင်ပြင် ဟောပြောဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြပါတယ်။ တက္ကသိုလ်မှာဆရာဖြစ်နေပြီဖြစ်တဲ့ ဆရာဇော်ဂျီနဲ့မင်းသုဝဏ်တို့လဲ ကြွရောက်ပြီး အော်တိုစာအုပ်ထဲမှာ အမှတ်တရအားပေးကဗျာတွေ ချီးမြှင့်ခဲ့ကြပါတယ်။ ကြီးပွားရေးဦးလှကလဲ စာရေးဆရာကြီးမဟာဆွေနဲ့ ကြွရောက်အားပေးခဲ့ကြပါတယ်။

အဲဒီခေတ်ဦး နိုင်ငံရေးစစ်မျက်နှာမှာ ကတည်းက ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးလှ၊ ဒေါ် အမာတို့ဟာ အမျိုးသားရေးအတွက် သွေးစည်းခဲ့ကြပါပြီ။ အဲဒါ ကျနော်တို့မမွေး ခင်ကတည်းကပါ။ ဆရာဇော်ဂျီကျောင်း သားဘ၀က ရန်ကုန်တက္ကသိုလ်နယ်မြေ အတွင်းမှာထုတ်ဝေတဲ့ ဂန္ဓလောကမဂ္ဂဇင်း မှာ ကဗျာတွေရေးဖွဲ့ရင်း၊ စာပေဝေဖန်စာ တွေလဲ ရေးခဲ့ပါတယ်။ ကြီးပွားရေးမဂ္ဂဇင်း မှာလဲ ကဗျာတွေရေးရင်းက စာပေဝေဖန် ရေးကို ၀င်ရေးပါတယ်။ ဦးလှက ကြီးပွား ရေးမဂ္ဂဇင်းမှာ စာပေဝေဖန်ရေးတွေ အမျိုး မျိုးဖွင့်ထားပါတယ်။ လူငယ်တွေအတွက် စာပေဝေဖန်ရေး စာပြိုင်ပွဲတောင်လုပ်ပါ တယ်။
၁၉၃၇ ခုနှစ်မှာတော့ ‘ယခုခေတ်မြန်မာစာပေအရေးတော်ပုံဆိုတဲ့ ခေါင်းစီးနဲ့ စာပေဝေဖန်ရေးကဏ္ဍတခုကို ဖွင့်လိုက်ပါတယ်။ အရင်ကဏ္ဍတွေမှာ သိပ္ပံမောင်ဝက အမည်အမျိုးမျိုးနဲ့ ရေးခဲ့တာပါ။ အခုဆရာဇော်ဂျီက ‘အရေးတော်ပုံဆိုတဲ့စကားလုံးကို ပထမဆုံးအကြိမ် တခမ်းတနားသုံးပြီး ဝေဖန်တာပါ။ မြန်မာစာပေသမိုင်းမှာ ၀တ္တုဗေဒကို စနစ်တကျအသုံးပြုပြီး မြန်မာလိုင်းအကျယ်အပြန့်ဝေဖန်ရေးလုပ်ခဲ့တာဟာ ဆရာဇော်ဂျီနဲ့ ကြီးပွားရေးဦးလှတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ထင်ရှားတဲ့တပည့်နှစ်ဦးဟာ စာပေလောကမှာပူးပေါင်းခဲ့ကြတာဟာ ဆရာကြီးကွယ်လွန်တော့ နှစ်ပေါင်း ၃၀ လောက်ရှိ ပါပြီ။ ကြီးပွားရေးမဂ္ဂဇင်းက ၁၉၃၃ ခုနှစ်မှာ ထုတ်ပါတယ်။ ဆရာကြီးကွယ်လွန်တာက ၁၉၆၄ ခုနှစ်မှာပါ။
စာပေသမားတွေဟာ ဆရာဇော်ဂျီနဲ့လူထုဦးလှတို့လို တသက်လုံးညီညီညာညာလက်တွဲပြီး ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် အားကျိုးမာန်တက် ဆောင်ရွက်သွားနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်…“

စာပေကောင်းကျိုး(တင်မိုး)


ဆရာဇော်ဂျီ၊ ငါ မျော်ရည်၍
အဉ္စလီ မျက်ကြုတ်၊ ချီ လက်အုပ်။

ဆရာ ဇေယျ၊ ငါ ဦးချ၍
အေးမြဓာတ်ခံ၊ စာပေသံကို
ရောင်ပြန်ဆင့်ကူး၊ လက်စုံဖူး။

ဆရာမင်းသုဝဏ်၊ စာပေမွန်ကို
ဝန္ဒနာဦးခိုက်၊ လက်ကိုပိုက်။

စာပေပညာ၊ ရိုသေစွာလျင်
လိုက်နာမှတ်သား၊ ဥာဏ်ဆင့်ပွားလျက်
တတ်အားသမှု၊ ငါပြုစုခဲ့
ဥာဏ်နုပါသေး၊ ငါ့အရေးကို
ငါတွေး၍ပြင်၊ ငါသုတ်သင်ခဲ့
မစင်မကြယ်၊ မဖွယ်မရာ
တွေ့ရှိပါက၊ ပညာရစေ
ညွှန်ပြလေလော့…
စာပေကောင်းကျိုး၊ တို့မျော်ကိုး။

၁၂၊ ၄၊ ၂၀၀၀
တနင်္လာ နံနက်ခင်း

အမျိုးသားစာပေ ပညာရှင်ကြီး ဆရာဇော်ဂျီ ရဲ့၁၀၁ ကြိမ်မြောက် မွေးနေ့အမှတ်တရ(ပျူနိုင်ငံဘလောက်မှ)


သင်သေသွားသော် သင်ဖွားသောမြေ၊
သင်တို့ပြည်သည် အခြေတိုးမြှင့်၊
ကျန်ကောင်းသင့်၏ ။
(ဆရာဇော်ဂျီ)

ထိန့်လိုက်တဲ့ အိုးစည်
ပီကလည်း ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလည်း ပါသဟေ့
ကျောပေါ်မှာ ကော်ဇော
အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်း
နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း …. ။
(ဆရာဇော်ဂျီ ၏ ‘တခုသော သင်္ကြန်အခါ‘ ကဗျာ ထဲမှ ‘နွေဦး ကျက်သရေ‘ စာပိုဒ်။)
အမျိုးသား စာဆိုကြီး မြန်မာစာပေ ပညာရှင် ဆရာဇော်ဂျီ တယောက် မြန်မာပြည်တွင် မွေးဖွား




ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၀၁ နှစ်မြောက်ခဲ့ပါပြီး။ ဆရာဇော်ဂျီ ခေါ် ဆရာကြီး ဦးသိန်းဟန်
ကို ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ မှာ အဖ ဦးယော အမိ ဒေါ်စိန်ညွန့် တို့ က ဧရာဝတီတိုင်း
ဖျာပုံ မြို့နယ် မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၉ ဦးအနက် အကြီးဆုံး ဖြစ်ပါတယ်။

ငယ်စဉ်က ဘုန်းတော်ကြီးကျောင်း၊ တိုင်းရင်းမြန်မာကျောင်း၊ အင်္ဂလိပ်မြန်မာ အစိုးရ ကျောင်း
များတွင် အခြေခံပညာ သင်ယူခဲ့ပါတယ်။ သတ္တမတန်း အရောက် ၁၉၂၀ ပြည့် ပထမ ကျောင်း
သားသပိတ် တွင် ပါဝင်ခဲ့ပါတယ်။ ကျောင်းသပိတ်ကြီး ပြီးဆုံးချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ဖျာပုံ
အမျိုးသား ကျောင်းမှ ဆက်လက် ပညာသင်ကြားခဲ့ပါတယ်။ ထိုနောက် ရန်ကုန် မြို့မအမျိုးသား
ကျောင်း (ယနေ့ခေတ် ဒဂုံ အထက ၂) မှာ ၁၁ တန်း အောင်မြင် ခဲ့ပါတယ်။၁၉၃၀ မှာ ရန်ကုန်
တက္ကသိုလ်မှ ၀ိဇ္ဇာ ဘွဲ့ ရရှိခဲ့ပြီး ၁၉၃၁ မှ ၁၉၃၄ အထိ မြို့မ အမျိုးသားကျောင်းမှာ ဆရာ အဖြစ်
တာဝန် ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၃၁ မှာ ဖျာပုံမြို့နယ် က ထုတ်ဝေတဲ့ ‘မြန်မာ့ အာဇာနည်‘
ဂျာနယ် မှာ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်မှု ကနေ စာပေ နယ်မြေ သို့ စတင် ၀င်
ရောက်ခဲ့ ပါတယ်။ ၀ိုင်အမ်ဘီအေ အသင်းကြီး ရဲ့ ဟောပြောပွဲ မှာ အင်္ဂလိပ်စာတမ်း အဖြစ်
‘Eighteenth Century Poets in Burma‘ ကို ဆရာ က တင်သွင်း ဖတ်ကြားခဲ့ပါတယ်။ ယင်း
ဆောင်ရွက်မှုကို ရန်ကုန် တိုင်းမ် အင်္ဂလိပ်ဘာသာ သတင်းစာ က ဖော်ပြခဲ့ရာ ရန်ကုန်
တက္ကသိုလ် အင်္ဂလိပ်စာ ပါမောက္ခ ရုခ် က အလွန် နှစ်သက်ပြီ ဆရာဇော်ဂျီ အား မဟာဝိဇ္ဇာ
တန်း တက်ရန် တိုက်တွန်းခဲ့ပါတယ်။ ထိုကြောင့် မြို့ မ ကျောင်း ၏ ကျောင်းဆရာ အဖြစ်မှ
ထွက်ခါ ရန်ကုန် တက္ကသိုလ် တွင် ၁၉၃၆ မှာ မဟာဝိဇ္ဇာ ဘွဲ့ ရရှိခဲ့ပါတယ်။၁၉၃၈ တွင် မန္တလေး
ဥပစာ ကောလိပ် တွင် မြန်မာစာ နည်းပြ ဆရာအဖြစ် တာဝန် ထမ်းဆောင်ပါတယ်။ ၁၉၄၀ မှာ
အင်္ဂလန် နိုင်ငံ ဒဗ်ဗလင် တက္ကသိုလ် မှ စာကြည့်တိုက် ဒီပလိုမာ ဘွဲ့ လက်မှတ် ကို ရရှိခဲ့ပါ
တယ်။ ၁၉၄၁ ရန်ကုန် တက္ကသိုလ် စာကြည့်တိုက်မှူး တာဝန် ထမ်းဆောင်ချိန်မှာ မြို့မ အမျိုး
သား ကျောင်း က ဆရာမ ဒေါ်စောရင် နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ် ဂျပန်
ခေတ် နှင့် ၁၉၄၆ လွတ်လပ်ရေး မရခင် စစ်ပြီး ကာလတွေ အထိ ရန်ကုန်တက္ကသိုလ် မှာ စာပေ
နှင့် စာကြည့်တိုက် ဌာန တွင် အဆင့်မြင့် တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၄၇-၄၈ ခုနှစ်
များမှာ တိုင်းပြုပြည်ပြု လွှတ်တော်ရုံး၊ ရွေးကောက်ပွဲ ကော်မရှင် အထူးအရာရှိ၊ အခြေခံဥပဒေ
အချောကိုင် ကော်မတီ တို့မှာ တာဝန်ထမ်းဆောင် ခဲ့ပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း အပါအ၀င် ဖဆပလ အဖွဲ့ချုပ်ကြီးရဲ့ တန်းဖိုးထားမှုကို ရရှိခဲ့ပါတယ်။ ၁၉၄၈ မှာ
အာဏာရ ဖဆပလ အစိုးရ က ၀ဏ္ဏ ကျော်ထင်ဘွဲ့ အပ်နှင်း ခဲ့ပါတယ်။ ၁၉၅၁ မှ ၅၇ အထိ
ကျောင်းသုံး စာအုပ်ပြုစုရေး မှာ ညွှန်ကြာရေးဝန် နှင့် ၁၉၅၉ မှာ မြန်မာနိုင်ငံ သမိုင်းကော်မရှင်
ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင် ခဲ့ပါတယ်။ ၁၉၆၁ မှာ အာဏာရ ပထစ အစိုးရ က ‘သီရိပျံချီ‘
ဘွဲ့ အပ်နှင်းခဲ့ပါတယ်။ ၁၉၆၅ မှ ၁၉၇၅ အထိ ပညာရပ်ဆိုင်ရာ ဝေါဟာရ ကော်မတီ ဥက္ကဋ္ဌ
နှင့် အမျိုးသား စာပေဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

၁၉၆၇ မှာ တက္ကသိုလ်များ စာကြည့်တိုက် မှူး အဖြစ်မှ အငြိမ်းစား ယူပြီး မြန်မာနိုင်ငံ သုတေ
သန အသင်းမှာ ဥက္ကဋ္ဌ တာဝန် များ ဆက်လက် ဆောင်ရွက်ခဲ့ပါတယ်။ ‘သခင်ကိုယ်တော်မှိုင်း
ဋီကာ‘ စာအုပ်ဖြင့် ၁၉၅၅ မှာ စာပေ ဗိမာန် စာပဒေသာဆု၊ ‘နင်လာဟဲ့ ချစ်ဒုက္ခနှင့် အခြားဝတ္တု
တိုများ‘ စာအုပ်ဖြင့် ၁၉၇၉ မှာ ဘာသာပြန် အမျိုးသား စာပေဆု၊ ‘ရှေးခေတ် ပုဂံ ကဗျာများနှင့်
အခြားကဗျာများ‘ စာအုပ်ဖြင့် အမျိုးသား ကဗျာ ဆု တို့ကို ရရှိခဲ့ပါတယ်။ ဆရာဇော်ဂျီသည်
အသက် ၈၃ နှစ် အရွယ် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

မိုးက စိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမ တွင်
ပျံကြ ၀ဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏ မှတ်မိ၏။

ထိုနေ့၌ပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ ပန်းသည်
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏
မြေခသတင်း၊ မိုးကြိုးခွင်း သို့
အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌
မချင့်မရဲ၊ ၀မ်းနဲ ခံခက်
မျက်စီ မျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။

(ဆရာဇော်ဂျီ က ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်တွင် စပ်ဆိုခဲ့သော ‘ပြောလိုက်ပါဘိ၊
ဟောပါဘိ‘ ကဗျာမှ ‘ငါ့ညီပြောင်းဝင်း‘ သို့ ကဗျာ အပိုဒ်။)

Saturday, April 12, 2008

အရင် ဒိုင်, အခု ထိုးသား(၀င်းပေါ်မောင်)


ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲသည် အနှစ်သာရအားဖြင့် စစ်အစိုးရ ဖြုတ်ချရေး ပြည်လုံးကျွတ် ဆန္ဒပေးပွဲ အဖြစ်သို့ တရွေ့ရွေ့ အသွင်ပြောင်းလာနေပြီ ဖြစ်သည်။

မြန်မာ့နိုင်ငံရေးဖြစ်စဉ်များကိုကြည့်လျှင် စစ်တပ်မှ လွှမ်းမိုးချုပ်ကိုင်လုပ်ဆောင်သည့် ကိစ္စရပ်တိုင်း၌ ပြင်ပအသွင်သဏ္ဌာန်နှင့် အတွင်းအနှစ်သာရတို့ အမြဲတစေ ကွဲပြားနေလေ့ ရှိသည်ကို တွေ့နိုင်ပါသည်။ အရေးပါသည့် ကိစ္စရပ်များ ဖြစ်သည့် ၁၉၅၈, ၁၉၆၂, ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းမှုများ၊ ၁၉၆၀, ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲများနှင့် ၁၉၇၃ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတို့တွင် အသွင် နှင့် အနှစ် ကွဲပြားနေသည်ကို အထင်အရှား တွေ့မြင်နိုင်ပါသည်။

စစ်တပ်က အာဏာသိမ်းမှုတိုင်းတွင် `ယိုယွင်းနေသော တိုင်းပြည်အခြေအနေအရ မလွှဲမရှောင်သာ အာဏာယူရခြင်း´ ဖြစ်ကြောင်း မွဲပြာပုဆိုး အကြောင်းပြချက်ကို ထပ်တလဲလဲ ပေးခဲ့မြဲ ဖြစ်သည်။ အမှန်မှာ `အာဏာ´ကို လိုချင်၍ `သိမ်း´ခြင်းသာ ဖြစ်ပါသည်။

စစ်တပ်က လုပ်ပေးသော ပါတီစုံ ရွေးကောက်ပွဲများတွင် လွတ်လပ်၍ တရားမျှတစွာ ယှဉ်ပြိုင်နိုင်ရန် ကြီးကြပ်ပေးသည်ဟု အသံကောင်းဟစ်သော်လည်း၊ လက်တွေ့တွင် စစ်တပ်က ၄င်းတို့ လိုလားသည့်ဘက်မှ ပင်းခဲ့မြဲ ဖြစ်သည်။

တပါတီစနစ်ကျင့်သုံးမည့် အခြေခံဥပဒေ ဆန္ဒခံယူပွဲမှာ ပြိုင်ဘက်မရှိဘဲ တယောက်တည်း ဟန်ရေးပြသည့် `လုပ်ပွဲ´တခုသာ ဖြစ်ပါသည်။

သို့ရာတွင် စစ်တပ်က ဘယ်လိုပင် အကြောင်းပြပြ၊ ဘယ်လောက်ပင် အသံကောင်းဟစ်ဟစ် မြန်မာလူထုက အသွင်နှင့် အနှစ်ကို ကောင်းစွာ ခွဲခြား နားလည်ပြီးသား ဖြစ်သည်။ ချက်ဆို နားခွက်က မီးတောက်ပြီး ဖြစ်သည်။ စကားလုံး အကြီးအကျယ် အလှအပများနှင့် ဘယ်လိုပင် တန်ဆာဆင် ပြောနေစေကာမူ အတွင်းအနှစ်သာရကို ဇတ်ခနဲ ဆွဲထုတ် ကောက်ယူပြီး ဖြစ်သည်။

မေလတွင် ကျင်းပမည်ဟု ကြေညာထားသည့် အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ၏ အနှစ်သာရကိုလည်း မြန်မာလူထုက အတော်စောစောကပင် ကောက်ယူပြီး ဖြစ်သည်။ စစ်တပ် လုပ်ဆောင်ချက်အပေါ် မြန်မာလူထု၏ ဘာသာပြန်ချက်က နိုင်ငံရေး ဆန်ချင်မှ ဆန်မည်။ သို့သော် ရှင်းလင်းသည်။ စကားလုံး လှချင်မှ လှမည်။ သို့သော် တိကျသည်။

ဆန္ဒခံယူပွဲကို လူထု အဓိပ္ပာယ်ဖွင့်ပုံက “ဒါ သူတို့ ဆင်းမပေးဖို့ လုပ်တာ” ဟူ၍ ဖြစ်ပါသည်။

၁၉၉၀ ဒိုင်

ဗိုလ်နေ၀င်း ဦးဆောင်သည့် အိမ်စောင့်အစိုးရက ၁၉၆၀ ဖေဖော်ဝါရီလတွင် `တတိယအကြိမ် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲ´ ကို ၄၇ အခြေခံဥပဒေနှင့်အညီ ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲတွင် ဒိုင်ဖြစ်သည့် အိမ်စောင့်အစိုးရ (စစ်တပ်) က တည်မြဲဖဆပလ ဘက်မှ ပင်းခဲ့သည်။ ယင်းသို့ ပင်းခဲ့ကြောင်း သက်သေထူသည့်အချက်မှာ ရွေးကောက်ပွဲအတွင်း မသမာမှုများတွင် တာဝန်ရှိသည်ဟုဆိုကာ တပ်မှူးကြီး ၁၃ ယောက်ကို ဗိုလ်နေ၀င်းက ဖြုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

၁၉၉၀ တွင် ဗိုလ်စောမောင် ဦးဆောင်သည့် န၀တ စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ထိုရွေးကောက်ပွဲမှာ အခြေခံဥပဒေ တခုမျှ မရှိသည့် အခြေအနေတွင် ကျင်းပခြင်း ဖြစ်သည်။ ထိုရွေးကောက်ပွဲကို ၁၉၄၇ ကကဲ့သို့ `တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ´ ဟုလည်း အတိအလင်း မဆိုထား။ အာဏာလွှဲပြောင်းရေးကိုလည်း တိတိကျကျ မပြဋ္ဌာန်းထား။ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင် “လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်။” ဟူ၍ ပြဋ္ဌာန်းထားသော်လည်း လွှတ်တော် ခေါ်ယူရေးအတွက် အချိန်ကာလ တိတိကျကျ မသတ်မှတ်ထား။

ထိုသို့ ပျော့ကွက်များ ရှိနေသော်ငြား န၀တ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး စောမောင်က “ပါတီစုံ ရွေးကောက်ပွဲ ပြီးရင် ဘာလုပ်ကြမလဲ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဖို့ပဲ ဖြစ်တယ်။ … အခြေခံ ဥပဒေကို အရွေးခံရတဲ့ ပါတီအဖွဲ့အစည်းတွေက လွှတ်တော်ကိုယ်စားလှယ်တွေ ညှိနှိုင်းပြီး လုပ်ကြရမယ့် ကိစ္စ” ဟူ၍ ရွေးကောက်ပွဲ မတိုင်မီကရော ရွေးကောက်ပွဲ အပြီးတွင်ပါ ကမ္ဘာသိ ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအပြီး နှစ်လအကြာတွင် ထုတ်ပြန်သည့် ၁/၉၀ ကြေညာချက်တွင် စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးရေးကို တာဝန်ခံပြီး၊ လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ရေးဆွဲရေးကို တာဝန်ယူရန် ထပ်မံ အတည်ပြုခဲ့သည်။

ထိုအချက်များအရ စစ်အစိုးရက မိမိကိုယ်ကိုယ် အိမ်စောင့်အစိုးရကဲ့သို့ သဘောထားကာ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်နိုင်ပါသည်။ ပြည်သူလူထု အများစုကလည်း ဤသို့ပင် ရှုမြင်ခဲ့ကြပါသည်။ စစ်အစိုးရက ဒိုင် ဖြစ်သည်။

စစ်အစိုးရက ဒိုင်နေရာကို ယူခဲ့သော်လည်း ကစားပွဲကို အဆုံးသတ်အောင် မဆောင်ရွက်ပါ။ အကြောင်းမှာ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲ ရလဒ်က မိမိလိုလားသည့်အတိုင်း မဟုတ်တော့၍ ဖြစ်ပါသည်။ စစ်အစိုးရအနေနှင့် ရွေးကောက်ပွဲတွင် ဘယ်ပါတီမှ ပြတ်ပြတ်သားသား အနိုင်ရလိမ့်မည် မဟုတ်ဟု တထစ်ချ တွက်ဆထားခဲ့ပုံ ရပါသည်။ ပါတီများအချင်းချင်း အားပြိုင်နေလျှင် စစ်တပ်က အဆုံးအဖြတ်ပေးနိုင်သည့် အုပ်စု ဖြစ်လာမည်ဟု ထင်မြင်ထားပုံ ရပါသည်။ သို့မဟုတ် စစ်တပ် ထောက်ခံသည့် ပါတီက အသာစီးရလာမည်ဟု ယူဆထားပုံ ရပါသည်။ ထိုယူဆချက်မှာ ဗိုလ်နေ၀င်း၏ အိမ်စောင့်အစိုးရခေတ် ယူဆချက်နှင့် ထပ်တူနီးပါး ဖြစ်ပါသည်။

ဗိုလ်နေ၀င်းခေတ် ရွေးကောက်ပွဲတွင် သိသိသာသာ ဘက်လိုက်ခဲ့သည့်တိုင် စစ်တပ်အားပေးသည့် ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဗိုလ်စောမောင်ခေတ် ရွေးကောက်ပွဲတွင်လည်း စစ်တပ် လိုလားသည့်ဘက်က ခွက်ခွက်လန်အောင် ရှုံးခဲ့ပြန်သည်။

ဘက်လိုက်၍ မနိုင်သောအခါ ဗိုလ်နေ၀င်းသည် နောင်နှစ်နှစ်အကြာတွင် အာဏာသိမ်းခဲ့သည်။ လိုလားသည့်ဘက်က မနိုင်သောအခါ ဗိုလ်စောမောင်သည် လွှတ်တော်ခေါ်ပေးရန် ငြင်းဆန်လိုက်တော့သည်။

ထိုရွေးကောက်ပွဲ နှစ်ခုစလုံးတွင် ပြည်သူလူထုက စစ်တပ်လွှမ်းမိုးမှုကို မလိုလားကြောင်းနှင့် ဒီမိုကရေစီကိုသာ လိုလားကြောင်း ထင်ထင်ရှားရှား ဖော်ပြခဲ့သည်။ သို့ရာတွင် ပြည်သူလူထု ဆန္ဒနှစ်ခုစလုံးကို စစ်တပ်က ဆန့်ကျင် ပစ်ပယ်ထားဆဲ ဖြစ်သည်။

စစ်အစိုးရသည် မြတ်မလားလို့ ဒိုင်ကိုင်ခဲ့သည်။ သူဘက်လိုက်ထားသည့် ထိုးသားနှင့် ဝေစားမျှစား လုပ်ရန် ပြင်ဆင်ထားသည်။ သို့သော် ရလဒ်က သူလိုချင်သည့်အတိုင်း မဟုတ်တော့သောအခါ ယခု သူကိုယ်တိုင် ထိုးသား အဖြစ် ၀င်ရောက်လာတော့သည်။

၂၀၀၈ ထိုးသား

၉၀ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ပါတီစုံ ရွေးကောက်ပွဲများအနက် မဲလိမ် မဲခိုးမှု အကင်းရှင်းဆုံး ဖြစ်ခဲ့သည်။ ပါတီချင်း အုပ်စုချင်း ဥပဒေမဲ့ တိုက်ခိုက်မှုများ ကင်းစင်ခဲ့သည်။ စစ်တပ်နှင့် အာဏာပိုင်များ၏ အလွန်အကျူး ဖိအားပေးမှုများ လျော့နည်းသွားသည်။ သို့သော် လုံးဝ လွတ်လပ်၍ တရားမျှတသည်ဟုတော့ မဆိုနိုင်ပါ။ တင်းကျပ်သော အကန့်အသတ်များကြားမှ စည်းရုံးလှုပ်ရှားခဲ့ရခြင်း ဖြစ်ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကို အားလုံးက `လွတ်လပ်၍ တရားမျှတ´ သည်ဟု အသိအမှတ် ပြုခဲ့ကြပြီး၊ ရလဒ်ကိုလည်း တရားဝင် အတည်ပြုခဲ့သည်။

ထိုအချိန်က စစ်တပ်ပိုင်ပါတီ မရှိပါ။ စစ်တပ်ပိုင်ပါတီ အဖြစ်မှ ဈာန်လျောလာသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသာ ရှိပါသည်။ အာဏာကို လက်လွှတ်ခဲ့ရသည့် မဆလ တဖြစ်လဲ တစညပါတီသည် ငွေအင်အား လူအင်အား အတောင့်တင်းဆုံး ဖြစ်သည်။ အင်အားကြီးပါတီ ဖြစ်၍ ရွေးကောက်ပွဲတွင် အနိုင်ရမည်၊ သို့မဟုတ် အဓိက အတိုက်အခံ ဖြစ်လာမည်ဟု စစ်တပ်က တွက်ဆထားပုံရပါသည်။ ထိုသို့ ဖြစ်လာလျှင် တစညနှင့် စစ်တပ် လက်ချင်းချိတ်ထားနိုင်မည်။ စစ်တပ်အနေနှင့် ကိုယ်ပိုင်ပါတီ မရှိသော်လည်း မဟာမိတ်ပါတီ ရှိနေမည့် သဘောဖြစ်သည်။

သို့သော် သမိုင်းက ထိုသို့ မဖြစ်ခဲ့ပါ။ ဒိုင်ကိုင်သူ စစ်တပ်သဘောကို နောကျေအောင် သိနေသော လူထုက လွှတ်တော်အတွင်း ပါတီချင်းအားပြိုင်မှု မပေါ်ပေါက်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တခုတည်းကို ပုံအော၍ မဲပေးခဲ့သည်။ တစညမှာ သူရသည့်မဲများကို စုပေါင်းလိုက်လျှင် အဖွဲ့ချုပ်နောက်မှ ဒုတိယလိုက်သည် မှန်သော်လည်း အမတ်နေရာ ၁၀ ခုသာရ၍ လွှတ်တော်တွင်း၌ အတိုက်အခံနေရာကိုပင် မရနိုင်တော့ပါ။

ရွေးကောက်ပွဲအပြီးတွင် စစ်အစိုးရသည် တစညနှင့် အိုးစားခွဲကာ၊ ထာဝရ အာဏာဆွဲကိုင်ရေး လမ်းစဉ်ကို သူ့နည်းသူ့ဟန်ဖြင့် စတင်ခဲ့တော့သည်။ ပါတီတခုခုနှင့် မဟာမိတ်လုပ်ကာ အာဏာခွဲစားမည့် လမ်းစဉ်မှ စစ်တပ်ကိုယ်တိုင် နိုင်ငံရေးနယ်တွင် လွှမ်းမိုးချုပ်ကိုင်ရေး လမ်းစဉ်သို့ ပြောင်းလဲခဲ့သည်။

“နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုသည့်အချက်ကို ပြောင်ပြောင်တင်းတင်း တောင်းဆိုလာသည်။ ဤအချက်ကို တောင်းဆိုနိုင်ရေးအတွက် `အမျိုးသားညီလာခံ´ကို ဇွတ်တရွတ် ဖန်တီးခဲ့သည်။ တချိန်တည်းမှာပင် တောင်းဆိုချက်ကို ထောက်ခံပေးမည့် `ကြံ့ဖွံ့´ကို စစ်တပ်ပိုင်အဖွဲ့အစည်း အဖြစ် မဟားဒရား တည်ဆောက်ခဲ့သည်။

နအဖသည် လွှတ်တော်ခေါ်ယူရေးကို ငြင်းဆန်၍ အမျိုးသားညီလာခံကို ကျင်းပနိုင်ရန် သုံးနှစ်မျှ အချိန်ယူခဲ့ရသည်။ ညီလာခံကို အတွင်းအပြင် ဖိအားပေးခြင်းနှင့် အချိန်ဆွဲဆန့်ခြင်း ဗျူဟာများဖြင့် ကိုင်တွယ်ခဲ့သည်။ စင်စစ် ၉၆ ခုနှစ်တွင် အဖွဲ့ချုပ် နုတ်ထွက်လိုက်ချိန်မှ စ၍ အမျိုးသားညီလာခံမှာ အသက်မရှိသော အဆာသွပ်ရုပ်လုံးသက်သက် ဖြစ်သွားပြီ ဖြစ်သည်။

ညီလာခံက လျှောမွေးလေး ဖြစ်သွားချိန်တွင် ကြံ့ဖွံ့က ဘီလူး ဖြစ်လာခဲ့သည်။ သို့နှင့် ၁၄ နှစ်အကြာတွင် စစ်အစိုးရ၏ တောင်းဆိုချက်သည် ညီလာခံ၏ အခြေခံမူအဖြစ် မွေးဖွားလာပြန်သည်။

ယခု အဆိုပါတောင်းဆိုချက်ကို လူထုဆန္ဒခံယူခြင်းသည် စစ်အစိုးရကိုယ်တိုင် `ထိုးသား´ ဖြစ်လာခြင်းပင် ဖြစ်သည်။ စစ်အစိုးရ ဒိုင်ကိုင်စဉ်က ပါတီများကို လွှတ်တော်သက်တမ်း `တကြိမ်စာ´ အတွက် ယှဉ်ပြိုင်ခိုင်းခဲ့သည်။ စစ်အစိုးရကိုယ်တိုင် ထိုးသားဝင်လုပ်သည့် ယခုအခါတွင် လွှတ်တော်သက်တမ်း `တသက်စာ´ အတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်သည်။ ပြင်ဆင်နေသည့် ဆန္ဒခံယူပွဲသည် ပြင်ပအသွင်သဏ္ဌာန်အားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေး” ဖြစ်ပြီး၊ အတွင်းအနှစ်သာရအားဖြင့် “စစ်တပ်အုပ်ချုပ်မှုဥပဒေ အတည်ပြုရေး” ဖြစ်နေပါသည်။

ထိုးသားဖြစ်လာသည့် နအဖသည် အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံကို အိတ်သွန်ဖာမှောက် ထုတ်သုံးမည် အသေအချာ ဖြစ်သည်။ ဘယ်နည်းနဲ့ နိုင်နိုင်, နိုင်ရင်ပြီးရော ဆိုသည့် စိတ်နှင့် မတရားမှုအပေါင်း သရဖူဆောင်းကြမည် ဖြစ်သည်။ ထိုကိစ္စအားလုံးကို ကြံ့ဖွံ့အမည်ခံ၍ လုပ်ကိုင်နေကြပြီ ဖြစ်သည်။

ကန့်ကွက်မဲအလွန်

ယခုပွဲတွင် `ဒိုင်´ မရှိတော့ပါ။ အကြောင်းမှာ နအဖသည် `သူပဲ ဒိုင်, သူပဲ ထိုးသား´ အဖြစ် ရယူထားသောကြောင့် ဖြစ်သည်။ ဆန္ဒခံယူပွဲအတွင်း တစုံတရာ ပြဿနာပေါ်ပေါက်ပါက တိုင်ကြားဖြေရှင်းရန် `တရားရုံး´ လည်း မရှိတော့ပါ။ အကြောင်းမှာ နိုင်ငံတော်တရားသူကြီးချုပ် ကိုယ်တိုင် ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ နေရာယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဆန္ဒခံယူပွဲသည် တဖက်နှင့်တဖက် `ပွဲပြတ်´ ဖြစ်ကိုဖြစ်မှရမည့် အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ ပွဲမပြတ်လျှင် အခြေအနေက ပိုမိုရှုပ်ထွေးနိုင်ပြီး `ကင်ညာ ပြီးတော့ မြန်မာ´ ဖြစ်သွားနိုင်ပါသည်။

ထိုအချက်ကို နအဖကလည်း လက်ခံထားပုံရသည်။ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားသူ ကိုယ်တိုင် ထောက်ခံမဲထည့်ရေး စည်းရုံးနေသည်ကို ထောက်လျှင် သူတို့ဘက်က ထောက်ခံမဲ အပြတ်ရရေးအတွက် မသေချာသေးဟု တွက်ဆနိုင်ပါသည်။ သို့မဟုတ် စိတ်ချသေချာအောင် ၀ါယမစိုက်ထုတ်နေသည်ဟုလည်း ဆိုနိုင်ပါသည်။ သို့မဟုတ် ဒီတကြိမ် ရှုံးလျှင် ငါတို့ ဇီဝိန်ချုပ်လိမ့်မည်ဟု စစ်အစိုးရ လိပ်ပြာလန့်နေတာလည်း ဖြစ်နိုင်ပါသည်။

ညီလာခံက ချမှတ်လိုက်သော အခြေခံမူ၏ အဓိကကျသော အချက်နှစ်ချက်ကို အခြေခံဥပဒေ မူကြမ်းတွင် ပြင်ထားလိုက်ခြင်းက နအဖသည် အလွန်အမင်း ကြောက်စိတ်ဝင်နေကြောင်း ဖော်ပြနေသည်။ ပုဒ်မ ၄၄၁ တွင် အခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၂၆ ရာခိုင်နှုန်းလိုအပ်ကြောင်း ပြဋ္ဌာန်းထားပြီး၊ ပုဒ်မ ၄၃၆ (က) တွင် အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲ (ရာနှုန်း ၁၀၀) လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါသည်။ ထိုအချက်များမှာ ဒီမိုကရေစီစနစ်နှင့် ညီညွတ်ဖို့ နေနေသာသာ အမျိုးသားညီလာခံက ချမှတ်ပေးလိုက်သော အခြေခံမူနှင့်ပင် မညီညွတ်တော့ပါ။ ထိုအချက်က နဂိုက ထောက်ခံချင်သူများကိုပင် ကန့်ကွက်အောင် တွန်းပို့ပေးလိုက်နိုင်ပါသည်။

မြန်မာလူထု အများစုက စစ်အစိုးရကို မလိုလားတာ အသေအချာ ဖြစ်သည်။ သို့သော် ထောက်ခံရမှာလား ကန့်ကွက်ရမှာလား မသဲမကွဲ ဖြစ်နေသည်။ လူထုအနေဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချရန် အချက်အလက် ပြည့်ပြည့်စုံစုံ မရသေးပါ။ ရသည့်တိုင်အောင် အချိန် မလုံလောက်ပါ။ လုံလောက်သည့်တိုင်အောင် ရှင်းလင်းဆွေးနွေးခွင့် ရနိုင်မည် မဟုတ်ပါ။ ယခု ဧပြီ ၂ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုကို ကန့်ကွက်မဲထည့်ရန် အတိအလင်း နှိုးဆော်လိုက်ပြီ ဖြစ်၍ သဲသဲကွဲကွဲ ဖြစ်သွားပြီ ဖြစ်သည်။ မှောက်ရေး မည်းရေး ကိစ္စလည်း အဆုံးသတ်ပြီဟု ဆိုနိုင်ပါသည်။ သပိတ်မှောက်စရာ ရှိခဲ့လျှင် ကန့်ကွက်မဲထည့်ပြီးမှ မှောက်ကြရန် ပြင်ဆင်ထားဖို့ ဖြစ်သွားပါသည်။

ကန့်ကွက်မဲလှုပ်ရှားမှု ကျယ်ပြန့်လာသည်နှင့်အမျှ လူထုယုံကြည်မှုနှင့် ဆုံးဖြတ်ချက် ပီပြင်ခိုင်မာလာမည် ဖြစ်ပါသည်။ လူထုအနေနှင့် ပွဲပြတ်မှ ဖြစ်မည်ကို သိလာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ ကန့်ကွက်မဲသည် ဒီမိုကရေစီကို အပြီးသတ် ဆွတ်ချူပေးမည် မဟုတ်သည့်တိုင် ပန်းတိုင်ဆီသို့ တိုး၍လျှောက်လှမ်းလိုက်သည့် ခြေတလှမ်း ဖြစ်သည်။ ထိုအချက်ကို လူထုအနေနှင့် ကောင်းစွာ နားလည်လာလေလေ ကန့်ကွက်မဲတွေ များလာလေလေ ဖြစ်ပါသည်။ အရေးကြီးဆုံး အချက်မှာ ဆန္ဒမဲလက်မှတ်ကို လုံခြုံလွတ်လပ်စွာ ရေးခြစ်နိုင်ခွင့် ရဖို့ပင် ဖြစ်ပါသည်။

ကန့်ကွက်မဲတွေ အများစု ဖြစ်ပြီဆိုလျှင်…


အချို့က ကန့်ကွက်မဲထည့်လိုက်လျှင် နအဖက ဒီအတိုင်း ဆက်လက်အုပ်ချုပ်သွားလိမ့်မည်ဟု ပြောကြပါသည်။ ထိုစကားမှာ ထောက်ခံမဲထည့်ရန် မလှိမ့်တပတ် စည်းရုံးသော စကားသာ ဖြစ်ပါသည်။ အချို့က ဒီဥပဒေကို ကန့်ကွက်လျှင် နောက် ဥပဒေတခုကို ထပ်ရေးလိမ့်ဦးမည်၊ အချိန်ဆွဲထားလိမ့်ဦးမည်ဟု ပြောကြပါသည်။ ထိုစကားမှာလည်း ထောက်ခံမဲရရန် ဆင်ခြေပေးခြင်း တမျိုးသာ ဖြစ်ပါသည်။ ထိုစကားမျိုး ပြောသူတို့မှာ ရှေ့ဘာဖြစ်မည် အသေအချာ မသိဘဲ ကိုယ်ထင်ရာ ဗရမ်းဗတာ လျှောက်ပြောခြင်းသာ ဖြစ်ပါသည်။

ကန့်ကွက်မဲအလွန်တွင် ဘာတွေဖြစ်မည်ကို မည်သူမျှ တပ်အပ် မပြောနိုင်ပါ။ ကန့်ကွက်မဲ ဖြစ်ခဲ့လျှင် ဘာလုပ်မည်ဟု ရေးသားထားသော ဥပဒေလည်း မရှိ။ ယုံကြည်ရလောက်သည့် အခြေအနေမျိုးလည်း မရှိ။ နအဖကလည်း ဘာမျှ မပြော။

သို့သော် ပြောနိုင်တာတခုတော့ အသေအချာ ရှိပါသည်။ ယင်းမှာ “မြန်မာပြည်သူလူထုက စစ်အစိုးရတောင်းဆိုချက်ကို အကြွင်းမဲ့ ပယ်ချလိုက်သည်” ဟု ကမ္ဗည်း မော်ကွန်း စိုက်ထူနိုင်မည်။ လက်နက်ကိုင် စစ်အစိုးရကို လက်နက်မဲ့ ပြည်သူများက နှလုံးရည်ဖြင့် အောင်နိုင်မည်။ နအဖသည် လူထုမလိုလား လက်မခံသော တရားမ၀င် အစိုးရဖြစ်ကြောင်း ဒုတိယအကြိမ် ကြေညာနိုင်မည်။

ဒါ နောက်ဆုံးလား

လူထု ထည့်မည့် ကန့်ကွက်မဲသည် `အခြေခံဥပဒေကို ကန့်ကွက်ခြင်း´ ဆိုသည်ထက် ပိုလွန်စွာ “စစ်အစိုးရ ဖြုတ်ချရေး ဆန္ဒမဲ” အဖြစ်သို့ ရောက်ရှိသွားတော့မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူထုကန့်ကွက်မဲ အများစုရခဲ့လျှင် နအဖ၏ ဖ၀ါးခုနစ်လှမ်း နိုင်ငံရေး အစီအစဉ်ကြီးသည် တုံ့ခနဲ ရပ်တန့်သွားမည် ဖြစ်သည်။ လူထုက `ရပ်´ ဟု တားမြစ်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် စစ်အစိုးရ တောင်းဆိုထားသည့် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ကို မြန်မာလူထုက `ခွင့်မပြု´ ဟု အဓိပ္ပာယ်ထွက်ပါသည်။

ဤတွင် အဖွဲ့ချုပ်၏ ပြည်သူသို့ ပန်ကြားချက်ပါ အပိုဒ် ၄ ကို အထူးသတိပြုသင့်သည်ဟု ထင်ပါသည်။

၎။ နိုင်ငံတော်ကို အုပ်ချုပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူလူထု ထောက်ခံမှု မရရှိလျှင် တည်တံ့ခိုင်မြဲခြင်း မရှိနိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက် ရှိသည်။

ထိုအချက်က ဆန္ဒခံယူပွဲသည် ဥပဒေကိစ္စမျှသာ မဟုတ်၊ စစ်အစိုးရ ဆက်လက် တည်ရှိရေး မရှိရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်ဟု ဖော်ပြနေပါသည်။ ဥပဒေထဲတွင်ပါသည့် အနာဂတ်၌ စစ်တပ် ဦးဆောင်မှုကို လူထုက မထောက်ခံဘူး ဆိုသည်မှာ၊ ယခု အုပ်ချုပ်နေသည်ကိုလည်း လက်မခံဟု ဆိုလိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူထုအနေဖြင့် ဥပဒေကို ကန့်ကွက်မဲ ပေးခြင်းသည် `နအဖ အလိုမရှိ´ဟု ကြွေးကြော်လိုက်ခြင်းပင် ဖြစ်သည်။ မဲစာရွက်များဖြင့် ဖော်ပြလိုက်သော ကြွေးကြော်သံက စစ်အစိုးရ ဆက်လက်တည်မြဲမှုကို အကြီးအကျယ် ကိုင်လှုပ်နိုင်မည်ဟု အဓိပ္ပာယ် ကောက်ယူနိုင်ပါသည်။

အကယ်၍ စစ်အစိုးရကို စိမ်ခေါ်နိုင်လောက်သည့် ကန့်ကွက်မဲ မရလျှင် `အဆိုးဆုံး´ အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိပါသည်။ အလုံးစုံ ပျက်သုဉ်းရေးလား၊ အလုံးစုံ ပြောင်းလဲရေးလား ဝေခွဲရန် မလွယ်သေးပါ။ ဒီတပွဲမှာ လူထုဘက်က စွန့်စားရမှာတွေ အများအပြား ရှိသလို၊ နအဖဘက်မှာလည်း စွန့်စားစရာတွေ ဒုနှင့်ဒေး ရှိနေပါသည်။

လောလောဆယ်တွင် နအဖက ဖ၀ါးခုနစ်လှမ်း လမ်းစဉ်အတိုင်း အပြင်းအထန် ချီတက်နေပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုပွဲကို အရန်လမ်းစဉ် သို့မဟုတ် ချွေးသိပ်သည့်လမ်းစဉ် အဖြစ် လုပ်ဆောင်နေသည်။ အကယ်၍ ကန့်ကွက်မဲကြောင့် သူ့အစီအစဉ်ကို ဖ၀ါးလေးလှမ်းမြောက်တွင် ရပ်ပေးရလျှင် အရန်လမ်းစဉ်ကို ပိုမိုချဲ့ထွင်၍ အခြေအနေကို ထိန်းထားနိုင်အောင် ကြိုးစားမည်ဟု ယူဆရပါသည်။

နိုင်ငံတကာနှင့် မြန်မာ့သမိုင်းတွင် ဖြစ်လေ့ဖြစ်ထ ရှိခဲ့သည်မှာ အစိုးရတရပ်သည် အလွန်အမင်း အကြပ်အတည်းနှင့် ရင်ဆိုင်ရလျှင် အပြောင်းအလဲ တခုကိုတော့ လုပ်ကြရစမြဲ ဖြစ်သည်။ မှောက်ထားသော ရေခွက်ကို ဆွဲလှန်လိုက်သလို အားလုံး ပြောင်းသွားမည်ဟု မမျှော်လင့်ပါ။ သို့သော် အလွန်ခေါင်းမာသော စစ်ဗိုလ်ချုပ်ကြီးများသည် သူတို့ အဖေကြီး ဗိုလ်နေ၀င်း၏ လမ်းစဉ်မျိုးလောက်တော့ ပြောင်းနိုင်ကောင်းသည်ဟု မရဲတရဲ ယူဆမိပါသည်။

အမြင့်ဆုံး အပြောင်းအလဲမှာ ဗိုလ်သန်းရွှေနှင့် ထိပ်ပိုင်းလူအချို့ ကန့်လန့်ကာနောက်သို့ ၀င်သွားခြင်းမျိုး ဖြစ်နိုင်ပါသည်။ အနိမ့်ဆုံး အပြောင်းအလဲမှာ ဆန္ဒခံယူပွဲကို တာဝန်ခံရသူတို့ ဓားစာခံအဖြစ် ထိုးကျွေးခံရဖွယ် ရှိပါသည်။ ပြယုဂ်ဖြစ်သည့် လူအပြောင်းအလဲများနှင့်အတူ နိုင်ငံရေး အစီအစဉ်သစ်တရပ်ရပ် ပေါ်ထွက်လာနိုင်ပါသည်။ သို့သော် ရှေ့သို့လမ်းစဉ်လား၊ နောက်သို့လမ်းစဉ်လား ဆိုသည်ကတော့ တိုင်းပြည်၏ ကံကြမ္မာပေါ်တွင် မူတည်နေပါသည်။

ကံကြမ္မာကို ကန့်ကွက်မဲက မွေးဖွားပေးမည်ဟု ယုံကြည်မိပါသည်။ ။

2008 သင်္ကြန်စာကာတွန်း



Thursday, April 10, 2008

အမေလူထုဒေါ်အမာသို့(မင်းကျော်ခိုင်)




Twitter Delicious Facebook Digg Stumbleupon Favorites More