Monday, June 2, 2008

ကရင်ခေါင်းဆောင် ဖဒိုစောဘသင်စိန် အောက်မေ့ဖွယ်အခမ်းအနား ဂျပန်နိုင်ငံတွင်ပြုလုပ်


တိုကျို-ဇွန်(၁)
ပြီးခဲ့သည့် မေလ(၂၂)ရက်နေ့ မဲဆောက်မြို့နေအိမ်၌ ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားသော အသက်(၈၂)နှစ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဥက္ကဌဖြစ်သူ ဖဒိုစောဘသင်စိန်အတွက် အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားကို ဂျပန်နိုင်ငံ ရောက် ကရင်အမျိုးသားများမှဦးဆောင်၍ ဇွန်လ(၁)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

တိုကျို အိခဲဘုကိုရိုရှိ တိုရှိးမားကုစင်တာ(၅)ထပ်တွင် သဘောပတိအဖြစ် စောမျိုးခိုင်ရှင်းမှ ဆောင်ရွက်၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး တက်ရောက်လာကြသည့် ဂျပန်ရောက်တိုင်းရင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းအသီးသီးမှ လွမ်းသူပန်းခွေများပေးအပ်ခဲ့ကြသည်။ ဝမ်းနည်းခြင်းအထမ်းအမှတ်အဖြစ် ကရင်အမျိုးသား အလံတော်တစ်ဝက်လွှင့်ထူခဲ့ကြပြီး မေလ(၁၅)ရက်နေ့က ဖဒိုစောဘသင်စိန်ပြောကြားခဲ့သော အမှတ်တရဗီဒီယိုခွေကိုပြသခဲ့သည်။
''ဖဒိုစောဘသင်းစိန်ကျဆုံးခြင်းဟာ KNUခေါင်းဆောင်တစ်ယောက် ကျဆုံးခြင်းတင်မကဘူး…။ ကျနော်တို့ ဒီမိုကရေစီ တော်လှန်ရေးရဲ့ ခေါင်းဆောင်တစ်ယောက်ကျဆုံးခြင်းလည်းဖြစ်တယ်''ဟု (NLD-LA Japan))၏ဒု-ဥက္ကဌဦးလင်အောင်မှ ဖဒိုစောဘသင်စိန်ကျဆုံးခြင်းသည် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်း တက်ရောက်ပြောကြားခဲ့သည်။
ကရင်အမျိုးသားကိုစောသောမတ်စ်မှ ''ဖဒိုစောဘသင်စိန်ကျဆုံးခြင်းဟာ ကရင်အတွက်ဘဲကျဆုံးတာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ဖဒိုဟာတပ်ပေါင်းစုမှာလည်းပါတယ်၊ DABတို့မှာလည်းပါတယ်၊ အဲ့တော့ မြန်မာ့ဒီမိုကရေစီအရေးတွက် ခေါင်းဆောင်တစ်ယောက်ကျဆုံးခြင်းဘဲ ဖြစ်တယ်လို့ပြောချင်တယ်''ဟု ရှင်းပြသည်။
ထင်ရှားလှသော KNUခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးစောဗိုလ်မြဟာ ယမန်နှစ်ဇန်န၀ါရီလအတွင်းကကွယ်လွန်သွားခဲ့ပြီး၊ အထွေထွေအတွင်းရေးမှူးဖဒိုမန်းရှာလဖန်းနှင့် ဖဒိုစောဘသင်စိန်တို့ဟာလည်း ယခုနှစ်များအတွင်း ဆက်တိုက်ကွယ်လွန်သွားခဲ့သော် လည်း ကရင်အမျိုးသားတော်လှန်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးတို့မှာ နှောင့်နှေးတုံ့ဆိုင်းရပ်တန့်သွားမည်မဟုတ်ဘဲ ယင်း ခေါင်းဆောင်ကြီးများမှာ များပြားလှသောအတွေ့အကြုံရှိသူများဖြစ်ပြီး မူဝါဒများချမှတ်၍ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင် နေသူများဖြစ်သည့်အတွက် ထိုမူဝါဒများအတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဆိုပါက ဒီမိုကရေစီတော်လှန်ရေးမှာ မလွှဲမသွေ အောင်မြင်မှာဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။
''ဖဒိုဟာ KNUခေါင်းဆောင်ကြီးဖြစ်ပေမဲ့ ချွတ်ခြုံချွေတာတဲ့အနေနဲ့ ဆံပင်ညှပ်တာတောင် ပိုက်ဆံကုန်မှာစိုးရိမ်လို့ ရဲဘော် လေးတစ်ယောက်ကိုခေါ်ပြီး ဖြစ်သလိုညှပ်တယ်၊ ရဲဘော်လေးတွေကိုလည်း ကိုယ်ကခေါင်းဆောင်ကြီးဖြစ်ပေမဲ့ ညီရင်းအကိုလိုဆက်ဆံ တယ်၊ တန်းတူရည်တူသဘောထားတယ်၊ ခွဲခြားပြီးဆက်ဆံတာမျိုးမရှိဘူး…''ဟု ဖဒိုစောဘသင်စိန်၏ ခေါင်းဆောင်ကောင်းပီသမှု၊ စိတ်ဓါတ်အရည်အချင်းတို့နှင့်ပါတ်သတ်၍ ဧပြီလနောက်ဆုံးအပါတ်တွင် ဖဒိုစောဘသင်စိန်မကျဆုံးမှီ မဲဆောက်မြို့နေအိမ်သို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့သူ ကိုသောမတ်စ်မှပင် ဆက်လက်ရှင်းပြသည်။
ဖဒိုစောဘသင်စိန်သည် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(NDF)၏ဥက္ကဌ၊ တိုင်းရင်းသာူလူမျိုးများကောင်စီ(ENC)ဥက္ကဌနှင့် ၂ဝဝဝ ပြည့်နှစ် (၁၂)ကြိမ်မြောက် KNUကွန်ဂရက်တွင် ဥက္ကဌအဖြစ်စတင်ရွေးချယ်ခံရ၍ ကွယ်လွန်ချိန်အထိ KNUဥက္ကဌတာဝန်ကို ထမ်း ဆောင်ခဲ့ပြီး တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီအရေးတို့ကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။
Reported By : Thant Myo Htway (Moe Thauk Kye)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More