This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label ကြေးမုံဦးသောင်းဆောင်းပါးများ(Kye Mone U Thaung Article). Show all posts
Showing posts with label ကြေးမုံဦးသောင်းဆောင်းပါးများ(Kye Mone U Thaung Article). Show all posts

Saturday, April 5, 2008

သတင်းစာသတ္တိ(အောင်ဗလ)


“ကျနော်၏ သတ္တိကို ပြချင်ပါတယ် ဆရာ…“

လူငယ်သတင်းထောက်ကလေးတဦးက သူ၏မြို့နယ်၌ဖြစ်ပျက်နေသော အမှုကိစ္စများနှင့်စပ်လျဉ်း၍ မခံချိမခံသာဖြစ်စွာပြောရှာ၏။ သို့ပြောစဉ်က သူသည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ် ထားသည်။ အံကျိတ်ထားရာမှ အနည်းငယ်တင်းလိုက်လျင် သူ့တကိုယ်လုံး မိုင်းဗုံးပမာ ပေါက်ကွဲ သွားလေမည်လားမသိ။

“သတ္တိတော့ရှိပါကိုယ့်လူ၊ ဒေါသကိုယ်တော့ရှောင်ပါ…”ဟု သူ့ကိုပြောပြရင်း သတင်းစာသမားတို့ ရှိသင့်သည်ဟုထင်ရသော သတ္တိသဘောတရားကို သူ့အားရှင်းပြမိသည်။

မိမိကိုယ်တိုင်ကလည်း နုစဉ်ကာလက သတ္တိပြလိုစိတ် အကြိမ်များစွာ ပေါ်လေ့ရှိ သည်။ မိမိသတ္တိကို မိမိဘာသာ စမ်းသပ်မိ သည်မှာလည်း မကြာခဏပင်။

လကွယ်နေ့ညတွင် သင်္ချိုင်းသို့ တဦးတည်းသွားကာ မိမိသတ္တိကို စမ်းသပ်ကြည့်မိပါသည်။ အိတ်ထဲ၌ သေနတ်ကို ထည့်ပြီး ဂျပန်ကင်ပေရုံးရှေ့၌ လူးလားခေါက်ပြန်လမ်းလျောက်၍ စမ်းသပ်မိခဲ့သည်။ သတ္တိဟူသည်မှာ ထိုအမှုကိစ္စမျိုး ဟုထင်ကာ အားတက်မိခဲ့သည်။

သတင်းစာလောကသို့ ရောက်ရှိလာ သောအခါတွင်လည်း ကြုံကြိုက်တိုင်း မိမိအယူအဆနှင့် မိမိသတ္တိ ကိုပြမိသည်။ ရိုက်ပုတ်ထိုးသတ်သည့်အကြားဝင်မိသည်။ ပြောဆိုရန်ကိစ္စရှိပါကလည်းဝင်မိသည်။ ကိုးကိုးကျွန်းသို့တသုတ်ပြီးတသုတ်ပို့နေချိန် ၁၉၅၈ ခုနှစ်က ကိုးကိုးကျွန်းဗိသုကာစစ်ဗိုလ်ကြီးတဦး၏ ရှေ့၌ စားပွဲကိုလက်သီးနှင့်ထုကာ ငြင်းခုံပြောဆိုမိသည်။

သတ္တိရှိမရှိ မိမိဘာသာစမ်းသပ်နေရာမှ ရံဖန်ရံခါနယ်ကျွံသွားမိသည်ကိုသတိပြုမိသည်။ နောက်ပိုင်း တွင်မှ မိမိမှန်သည်ထင်သည်ကိုပြောဝံ့သူ၊ ရေးဝံ့သူတို့၏ သတ္တိသဘောတရားကို ခပ်ရေးရေးတွေ့ မြင်လာခဲ့သည်။

တခေတ်က မြန်မာနိုင်ငံသတင်းစာ လောကကို ဗမာ့ခေတ်ဦးအုန်းခင်နှင့် နေးရှင်းဦးလောရုံတို့နှစ်ဦးက စိုးမိုးနေခဲ့ကြသည်။ တချိန်တွင် သူတို့နှစ်ဦးက အမေရိကန်မှ ပုံနှိပ်စက်ကြီးများကို အကူအညီရယူပြီး မြန်မာ့သတင်းစာအားလုံးကို စုပေါင်းပုံနှိပ်ရန်စီစဉ်ကြသည်။

မြန်မာနိုင်ငံသတင်းစာအသင်းညီလာခံတွင် ထိုကိစ္စကိုတင်ပြသောအခါ ဦးအုန်းခင်၊ ဦးလောရုံတို့၏ အ ဆိုပြုချက်သည် စာနယ်ဇင်းအားလုံး နိုင်ငံခြားသြဇာခံဘ၀သို့ ရောက်ရှိသွားနိုင်သည်ဟူသော အန္တ ရယ်ရှိကြောင်းသိကြသော်လည်း ကန့်ကွက်ပါ က မိမိတို့ အလုပ်ပြုတ်သည်အထိ နစ်နာနိုင်သဖြင့် ကန့်ကွက်သူမရှိဖြစ်နေသည်။

ဆောင်းပါးရှင်မှာ မိမိကိုယ်တိုင်က ဗမာ့ခေတ်သတင်းစာ၏ လခစားတဦးဖြစ်နေသဖြင့် ဦးအုန်းခင်၏ အလုပ်သမားတဦးသာဖြစ်သော်လည်း မခံမရပ်နိုင်သောကြောင့် အစည်းအဝေး၌ထကာ ကန့်ကွက် မိသည်။ ကန့်ကွက်ချက်ကိုထောက်ခံသူ ဦးတင်မောင်ကြီးတမဲသာရသည်။ အများစုထဲ၌ နှစ်ဦးတည်း သာရှိသော်လည်း အလုပ်ပြုတ်ချင်ပြုတ်ပေစေဟု သတ္တိပြခဲ့ရသောကြောင့် ကျေနပ်ခဲ့သည်။

တခါတွင်လည်း ဤကိစ္စပေါ်ပေါက်လာပြန်ရာ ဦးလောရုံအား ဝေဖန်ပြစ်တင်သော ဆောင်းပါး တစောင်ရေးမိသည်။ ထိုဆောင်းပါးကို နာမည်ရင်းဖြင့် လက်မှတ်ထိုးကာ ပုံနှိပ်ခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်ကွာ…”
ဟု ဦး လောရုံက ဆိုသည်။ “မောင်ရင်နဲ့ကိုယ်နဲ့ ဘယ်အခါမှ အယူအဆ မတူခဲ့ဘူး။ အယူအဆမတူတာကို မောင်ရင်က ပြန်တိုက်တဲ့အခါမှာ ‘မောင်ဖြူရေးသည်၊ မောင်မဲရေး သည်၊ အမှန်လိုလားသူတဦး ရေးသည်‘ဆိုပြီး နာမည်ဝှက်မသုံးဘဲ နာမည်ရင်းနဲ့ ရေးတဲ့သတ္တိကို ကျေးဇူးတင်ပါတယ်ကွာ...”ဟု သူကပြောပြသည်၊

တလောကအဖြစ်တရပ်ကြုံခဲ့သည်။ ဆောင်းပါးရှင်နှင့်များစွာရင်းနှီးသော ပုဂ္ဂိုလ်ကြီးတဦးသည် အစိုးရ ဌာနကြီးတခုတွင် အကြီးအကဲအဖြစ်ဆောင်ရွက်နေသည်။ သူသည် ဆောင်းပါးရှင်၏ စားအိမ် သောက်အိမ်ဖြစ်သည်။ နှစ်ပေါင်း ၂၀ မျှ သူ့ထံဝင်ထွက်သွားလာခဲ့သည်။

ထိုရွေ့ထိုမျှရင်းနှီးကြစေကာမူ သူ၏လုပ်ငန်းနှင့်ပတ်သက်၍ မူမမှန်ဟုထင်မိသောကိစ္စကို ဆောင်းပါး တပုဒ်ဖြင့်ဖွင့်ချကာ ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားလိုက်သည်။ နောက်တနေ့တွင် သူ၏ရုံးခန်းသို့ သွားဖြစ်အောင်သွားခဲ့သည်။

မိတ်ဆွေအရာရှိကြီးမှာ ဝေဖန်ချက်အတွက် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ဆောင်းပါးရှင်အား ပြင်းထန်ရင့်သီးစွာ ကြိမ်းမောင်းလေတော့သည်။ လူကြီးလူကောင်း ပညာရှင်တဦးဖြစ်သဖြင့် ကိုယ်ထိ လက်ရောက်မပြုသော်လည်း နှုတ်အားဖြင့်မူ လွန်ကျုးစွာ ပြောဆိုလာတော့သည်။

ဆောင်းပါးရှင်က အပြုံးမပျက်ထိုင်နေမိသည်။ ပြုံးပင်ပြုံးရသော်လည်း တဘက်မှ ပြင်းထန်သော စကားလုံးများကြောင့် အပြုံး မှာ မချိပြုံးအဆင့်သို့ လျောကျနေလေတော့သည်။

ထိုစဉ်က ရောက်ရှိနေသော မိတ်ဆွေ တဦးက “လာပါဗျ လိုက်ခဲ့ပါ…”ဟု ဆောင်းပါးရှင်အား ဆွဲထုတ်လိုက်သည်။

“ခင်ဗျားသတ္တိကြောင်လှချည်လား။ မျက်နှာငယ်ကလေးနဲ့ ဘာလို့ငုံ့ခံရတာလဲ။ သူ့ဆီက နောက်ထပ် အခွင့်အရေးလိုချင်လို့လား”ဟု မိတ်ဆွေဖြစ်သူက မချင့်မရဲဖြစ်ပြီး ပြစ်တင် ရှုတ်ချပြန်တော့သည်။

“သတင်းစာသမားတဦးအဘို့ သတ္တိ ဆိုတာ မှန်တယ်ထင်တာကိုရေးဝံ့တာပါ။ ရေးဝံ့ရာမှာ တဦးဦးကို လွှဲမချဘဲ “ကျုပ် ရေးတာဗျို့…”လို့ ပြောဝံ့ဘို့လဲ သတ္တိလို တယ်။ ရေးရဲပြောရဲပြီး တဘက်မှာ ထိခိုက် သူရဲ့ ပြုသမျကို ပြုံးပြုံးကလေး ခံရဲတာက အရေးအကြီးဆုံးသတ္တိဗျ။ ခံရဲတာ သတင်း ထောက်ဗျ…”ဟု သူ့အား ရှင်းမပြတော့ ဘဲ သူကြိမ်းမောင်းသမျှ၊ သူအထင်လွဲသမျှ ကိုငုံ့ခံပြန်ကာ သတ္တိတမျိုး ပြခဲ့မိပြန်ပါသတည်း။

(၂၀၀၆ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၃ တွင် ဖော်ပြခဲ့သော သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

Saturday, March 15, 2008

သတင်းစာဆရာကြီး ကြေးမုံဦးသောင်းရဲ့ဆုံးမစကားလက်ရေးမူ



၂၀၀၆ ခုနှစ် ဇူလိုင်လအတွင်းက သတင်းစာဆရာကြီး ကြေးမုံဦးသောင်း အသက် ၈၀ ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲ ဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့စဉ်က မိုးသောက်ကြယ်အဖွဲ့သားများနှင့်တကွ ဂျပန်နိုင်ငံရှိ စာပေထုတ်ဝေနေကြသူများကို သွန်သင်ဆုံးမခဲ့သော လက်ရေးမူစာဖြစ်ပါတယ်...။

ဆရာကြီး ကြေးမုံဦးသောင်း ကွယ်လွန်သွားပြီဟု မှားယွင်းစွာသတင်းဖော်ပြခဲ့မှုအတွက် ပြည်တွင်း၊ ပြည်ပရှိ စာဖတ်ပရိသတ်များအားလုံးကို အနှုးအညွတ်တောင်းပန်ပါကြောင်း...

ဝေဖန်အကြံပြုချက်များကို နာခံပြုပြင်လျက်-

မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ
အီးမေးလ်- moethaukkye@gmail.com

သတင်းတို့၏စေတသိတ်

(ကြေးမုံဦးသောင်း)



သတ္တလောကသား သက်ရှိသတ္တ၀ါတို့၏နယ်ပယ်ဖြစ်သော လောကကြီးသုံးပါးတွင် စိတ်သည် အမြန်ဆုံးသောအရာဖြစ်ပြီး အစွမ်းထက်လှသဖြင့် တန်ခိုးအာဏာအကြီးဆုံးအရာဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓ၏သွန်သင်မှုကိုလက်ခံသော ဗုဒ္ဓဘာသာဝင်တို့က စိတ်၏အသိဓါတ်ပိုမိုမြင့်မားရေး၊ စိတ်၏အသိဉာဏ်ကို နိုင်နင်းစွာအားထုတ်ရေးကို အမြဲကြိုးစားရလေ့ရှိကြ၏။

စိတ်သည် မြင်သိခြင်း၊ ကြားသိခြင်း၊ နံ့ သိခြင်း၊ စားသိခြင်းနှင့် ထိသိခြင်းဟူသော အာရုံငါးပါးကိုခံစားသော ကိရိယာဖြစ်သ ဖြင့် စိတ်၏တည်ငြိမ်မှုရရှိရန် ထိန်းသိမ်းကြ ရသည်မှာ ခက်ခဲသည်။
ပြဿနာမှာ သတ္တ၀ါတို့အဖို့ အာရုံတခုနှင့်တွေ့သည်နှင့် တမဟုတ်ခြင်း သူ၏ရင်ညွန့်မှ ဦးနှောက်သို့ ဆက်တိုက်သိရှိလိုက်သောစိတ်သည် သူတဦးတည်းလာလေ့မရှိ၊ အဖေါ်တဦးအမြဲပါလာလေ့ရှိသည်။ ထို အဖော်ကို ‘စေတသိက်‘ဟုခေါ်ကြ၏။

မြင်သောအရာ၊ ထိသောအာရုံ၊ ရှုသောရနံ့ စသည့်အာရုံတခုကိုတွေ့သ် နှင့် စေတသိတ်ကသာယာ၏။ သာယာမှုရှိ၏။ နှစ်သက်၏၊ နှစ်သက်မှုမရှိ၏ကို ဝေ ဖန်သုံးသပ်လေ့ရှိသည်။

အလားတူပင် သတင်းတို့သည် စာဖတ်သူတို့ ဖတ်ရှိသိရှိသည်နှင့် ချစ်မိခြင်း၊ နှစ်လိုခြင်း၊ မုန်းတီးခြင်းစသည့်စေတသိတ်များ အမြဲကပ်လျက်ဖြစ်ပေါ်မြဲဖြစ်သည်။
သတ္တ၀ါတို့၏စိတ်များနှင့်အတူ ဆန်းစစ်သောသတင်းစေတသိတ်သည် စိတ် စေတသိတ်ကဲ့သို့ လျင်မြန်မှုမရှိခြင်း၊ သတင်းတို့သည်နက်နဲတတ်ခြင်း၊ သတင်းတခု၏ ကျောထောက်နောက်ခံအဖြစ်အပျက်များပါ ပြည့်စုံစွာသိရှိမှသာ စာဖတ်သူတို့ အမှန်တရားကိုသိရှိနိုင်မည်ဖြစ်သောကြောင့် သတင်းဝေဖန်သူတို့က အကြောင်းစုံတင်ပြ၍ ဝေဖန်သမှုပြုကြရမြဲဖြစ်သည်။

တနေ့၌ နံနက်စောစော ဆိုင်ကြီးတခု သို့သွား၍ စားသောက်စဉ်တွင် စားပွဲပေါ် ၌ချထားသည့် သတင်းစာများကိုလှန်မိသည်။ မှတ်မှတ်ရရ ဖတ်မိသောသတင်းသုံးပုဒ်သည် စာဖတ်သူတို့အဖို့ သတင်းဝေဖန်ရန် တာဝန်ယူထားသော သတင်းစာဆရာတို့၏ အကူအညီကိုမလိုဘဲ ဝေ ဖန်ချက်တို့သည် မိမိတို့ဖာသာ သတင်း ၏စေတသိတ်များအဖြစ် တမဟုတ်ချင်း ဖြစ်ပေါ်လာကြသည်ကို သတိပြုမိသည်။

အခြားစားပွဲတို့တွင်ထိုင်ကြရင်း သ တင်းစာကိုကိုင်မိသူတို့သည်လည်း တူညီ သောစေတသိတ်ကို ဖြစ်ပေါ်လာကြသည် ကို သတိပြုမိသည်။
အမေရိကန်ပြည်၊ မြို့ငယ်တမြို့မှ စားသောက်ဆိုင်တွင်ဖတ်ရသဖြင့် သတင်းသံး ပုဒ်သည် အမေရိကန်သတင်းများသာဖြစ်၏။

ပထမသတင်းမှာ အမေရိကန် ဖလော်ရီဒါပြည်နယ်ရှိ အစုစပ်စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီး ၉၀ တို့ကို အုပ်ချုပ်ကွပ်ကဲသော ဦးစီးအရာရှိကြီးများ ခံစားစံစားရသော အထူးအခွင့်အရေးဆုတော် ငွေစာရင်းကို သတင်းစာက စုံစမ်းတင်ပြသော သတင်းဖြစ်ပါသည်။

ဧပြီလ ၇ ရက်နေ့က ရာထူးမှနှုတ်ထွက်သူ ဘာဂါကင်း ဟန်ဗါးဂါကုမ္ပဏီကြီး ၏အကြီးအကဲသည် ကုမ္ပဏီတွင် ၁၈ လ သာအလုပ်လုပ်ခဲ့သော်လည်း နစ်နာကြေး အဖြစ် ဒေါ်လာ ၃.၀၉ သန်း၊ ဆုငွေအဖြစ် ဒေါ်လာ ၂.၀၆ သန်းကို ထပ်လောင်းပေးရ ကြောင်း၊ အလားတူပင် အောဖစ်ဒီပို့စ်ကုမ္ပ ဏီဥက္ကဋ္ဌကြီး ရာထူးမှထွက်လျင် ဒေါ်လာ ၄၁.၇၄ သန်း လျော်ကြေးပေးပါမည်။

ထို့ အပြင် အစုငွေတန်ဖိုး ဒေါ်လာ ၂၆.၄၅ သန်းတန် အစုရှယ်ယာနှစ်သန်း ၀ယ်ယူ ခွင့်ပေးရမည်ဖြစ်ကြောင်း၊ စီးကရက်ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌလစာမှာ ၃,၇၃၉,၅၀၁ လစာအမြင့်ဆုံးဖြစ်ကြောင်း၊ စသည်ဖြင့်ဖော်ပြထားသည်။

မိမိက ထိုသတင်းစာများကိုဖတ်နေစဉ် တဖက်စားပွဲမှ ဖတ်မိသူတဦးက သူ၏အဖော်ကိုပြသပြီး ကုမ္ပဏီအကြီးအကဲများကို လွန်စွာလောဘကြီးသည်ဟု ပြစ်တင်ပြောဆိုသည်။ အဖော်နှစ်ဦးကလည်း လုပ်ငန်း ရှင်အကြီးအကဲများကို ပိုမိုဒေါသကြီးစွာ ပြစ်တင်ရှုံ့ချသည်ကို ကြားလိုက်ရသည်။

“ခွေးမသား-ဒါလောက်တောင်သ၀န်ကြောင်ရသလား”ဟု နောက်သတင်းတ ပုဒ်ကိုလှန်မိကြသည်နှင့် စားပွဲသုံးဝိုင်းမှစေတသိတ်အသံတမျိုး ထွက်လာကြသည်။

“ခွေးမသားက ကိုယ့်အမျိုးသမီးကို နိုင်အောင်ထိမ်းပါလား…”ဟု ဆဲဆိုမိသူ ၏အသံကိုလည်း ကြားလိုက်ရသေး၏။

သတင်းမှာ ညသန်းခေါင်တွင် အသက် ၄၅ နှစ်ရှိသူမိခင်နှင့် အသက် ၂၃ နှစ်ရှိသမီးတို့ အတူနေအခန်းသို့ သမီး၏အဆက်ဟောင်းက သမီးနှင့်တွေ့ရန်ရောက်ာ ၏။ သူ၏အဆက်ဟောင်းက မိမိ၏အမျိုးသမီး နောက်လူတွေ့နေသဖြင့် အပြင်သွား နေသည်ဟုသိရှိသဖြင့် မတော်လိုက်ရသောယောက္ခမကြီးကို ပါလာသည့်သေနတ်နှင့်ပစ်သတ်သော လူသတ်မှုဖြစ်၏။

သတင်းကိုတွေ့သူတို့က စိတ်ဆိုးကြ စေကာမူ ဗုဒ္ဓဘာသာဝင် စာဖတ်သူကမူ ‘စိတ်နှင့်စေတသိတ်တို့သည် လျင်မြန်စွာ ဖြစ်ပေါ်လေ့ရှိပါတကား…’ဟု ကရုဏာ ပွားမိသည်။


နောက်ဖတ်ရသောသတင်းကိုမူ ဖတ် မိသူတိုင်းက ‘ဖဥထုတ်ယမပင့်ဘဲ ဖစ်မှဖစ် ရလေခြင်း‘ဟု စားပွဲဝိုင်းအားလုံးက ဟက်ဟက်ပက်ပက်ရယ်မိကြသည်။

သတင်း၏ဇာတ်လိုက်မှာ အသက် ၆ နှစ်သာရှိသေးသူ မိုက်ကယ်ဖြစ်သည်။ ထိုနေ့သည် မိုက်ကယ်၏မွေးနေ့ဖြစ်သည်။ အသက် ၂၃ နှစ်ရှိ မိခင်မွန်ရိုနှင့် ဖွားအေကြီးတို့က မိုက်ကယ်ကို အရူးအမူးချစ်ကြသည်။ ထို့ကြောင့် နာမည်ကျော်စားသောက်ဆိုင်ကြီး၌ မွေးနေ့ပွဲကျင်းပသည်။
မိုက်ကယ်၏ညီ မောင်နှမများ၊ ကစားဖော်ကစားဖက်များနှင့် ဦးလေးများ၊ အဒေါ်များကိုပါ စည်ကားစွာဖိတ်၍ကျင်းပသည်။

ကလေးများရော မိဘဆွေမျိုးများပါ ကြာမြင့်စွာ တပျော်တပါးစားသောက်ကြသည်။ နောက်ဆုံးအစီအစဉ်အရ “သား မိုက်ကယ်ကလေး ပျော်ရွင်သောမွေးနေ့ ဖြစ်ပါစေ”ဟု ပရိသတ်အားလုံးတို့ သံပြိုင် ဆုတောင်းပြုပြီးနောက် လူစုခွဲကြသည်။

ပွဲပြီး၍ လူစုခွဲကြစဉ်တွင် ကလေးများ က သူ့ကားငါစီး ငါ့ကားသူစီး ပြောင်းလဲစီး ကြသဖြင့် ကြာမြင့်စွာလူစုခွဲရသည်။
အားလုံးပြန်သွားပြီး ဆိုင်ပိတ်ချိန်တွင်မှ မွေးနေ့ရှင်မိုက်ကယ်တယောက် ကျန်ရစ်နေသည်ကို ဆိုင်ရှင်တို့ကတွေ့ရသည်။ ကလေးတို့အတွက် အထူးဆိုင်ဖြစ်သဖြင့် ကလေးကစားခန်းတခုထားရှိသည်။ မိုက်ကယ်ကတယောက်ထဲကစားနေသည်။
ညဥ့်နက်၍ အချိန်လွန်သဖြင့် ဆိုင်ရှင်တို့က ရဲတို့ကိုခေါ်ကာ ကလေးကိုအပ်ရသည်။ မိုက်ကယ်၏မိဘများသည် နောက်တနေ့မိုးလင်းသည်အထိ သားပျောက်သည်ကိုမသိ။ သားဖြစ်သူသည် အဖွား(သို့)ဦးလေးအဒေါ်များအိမ်လိုက်သွားသည်ဟုယူဆကာ စိတ်ချလက်ချအိပ်နေခဲ့သည်။
နံနက်လင်း၍ ရဲတို့ကလာရောက်၍ ကလေးကိုပြပြီး စစ်ဆေးမေးမြန်းသည်။
“ကျမဘယ်သိမလဲ- အကြီးကောင်တွေကို ရှောစီးပွဲပို့နေရတာကိုး…”ဟု ထွက်ဆိုသည်။

ဇာတ်ပေါင်းသောအခါ သားငယ်မှာ ဘေးမသီရန်မခ မိခင်နှင့်တွေ့ကြရသည်ဟု သတင်းဆုံးသဖြင့် စာဖတ်သူတို့ကရယ်ကြသည်။ ရဲအရာရှိတို့ကမူ-
“ဒီလိုဇာတ်သိမ်းလို့မရဘူး။ ကလေးမိခင်က သားကိုစောင့်ရှောက်ရန်ပျက်ကွက်မှုနှင့် အရေးယူရမည်…”ဟု မိခင်ကို အမှုဖွင့်နေလေသည်။
ဤကား သတင်းသုံးပုဒ်၏ သတင်းစေတသိတ်သုံးရပ်တည်း…။

(၂၀၀၆ ခုနှစ်၊ အောက်တိုဘာလထုတ် မိုးသောက်ကြယ်ဂျာနယ်အတွဲ ၃၊ အမှတ် ၁၀ အတွက် ဆရာကြီးကြေးမုံဦးသောင်းရေးသားပေးပို့ခဲ့သော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ ဆရာကြီးဦးသောင်း ဆုံးပါးသွားပြီဟု မှားယွင်းစွာဖော်ပြခဲ့မှုအပေါ် အနူးအညွတ်တောင်းပန်ပါကြောင်း…)

Twitter Delicious Facebook Digg Stumbleupon Favorites More