Thursday, March 13, 2008

စိုင်းထီးဆိုင်၏ နောက်ဆုံးခရီး ပရိသတ်သောင်းချီပို့ဆောင်

(ဒီမိုကရက်တစ်မြန်မာ့အသံမှ)
နော်စေးဖော ၁၂-၃-၂၀၀၈




အဆိုတော် စိုင်းထီးဆိုင်ရဲ့ ဂူသွင်းဈာပနကို ဒီညနေ ၅း၀၀ နာရီ ရေဝေးသုသာန်မှာ ဆောင်ရွက်ပြီး ရုပ်ရှင်၊ စာပေ၊ ဂီတလောကသားတွေတက်ရောက်တယ်လို့ ဈာပနအခမ်းအနားသွားသူတဦးကပြောပါတယ်။

စိုင်းထီးဆိုင်ရဲ့နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ ပြင်ဆင်နေတဲ့ ဇနီးဒေါ်ခင်သန်းစိုးက “ဒီနေ့ကတော့ သူ့ကိုလည်းပြန်တွေ့ရမှာပေါ့နော်” လို့ ပြောပါတယ်။



ဈာပနအခမ်းအနားကို အဆိုတော်ဘိုဖြူက ဦးဆောင်စီစဉ်ပေးပြီး ရုပ်ရှင်၊ စာပေ၊ ဂီတလောက သားတွေအပါအ၀င် ပရိသတ် သောင်းချီတက်ရောက်တယ်လို့ အခမ်းအနားတက်ရောက်သူ တဦးက ပြောပါတယ်။

စိုင်းထီးဆိုင်ရဲ့ဈာပနကို ချစ်ကောင်း၊ ဂျက်မြသောင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ခင်မောင်တိုး၊ ဂျေမောင်မောင်၊ ကျော်သူ၊ ဘိုဖြူ၊ ဆုန်သင်းပါ၊ သန္တာဝင်း၊ တင်တင်မြ၊ ချိုပြုံး၊ ဆောင်းဦးလှိုင် စတဲ့ အနုပညာရှင်တွေ ပို့ဆောင်တာတွေ့ရတယ်လို့လည်း ပြောပါတယ်။

“လူဦးရေကတော့ တသိန်းလောက်ရှိတယ်လို့ ပြောတယ်ဗျ။ ၀င်ပေါက်နဲ့ ထွက်ပေါက် လုပ်ပေး ထားတယ်ဗျ။ တခါတည်းဝင်ပြီးတော့ ၅ ယောက်တသုတ်ဝင် ပြီးတော့ ပြန်ထွက်သွားပေါ့နော်။ အဲလို မျိုးတွေနဲ့ တောက်လျောက်လည်နေတယ်ဗျ။ ဘိုဖြူကတော့ မနက်စောကြီးကလာပြီး ညမအိပ်ရုံပဲပေါ့နော်။ သူပဲအကုန်စီစဉ်နေပါတယ်။ အထဲမှာ သူက မိုက်ကလေးတွေနဲ့လည်း အော်နေတယ်။ စည်းကမ်းရှိဖို့ ဘာညာပေါ့နော်။ ”

စိုင်းထီးဆိုင်ဟာ လွန်ခဲ့တဲ့ တနင်္လာနေ့(၁၀-၃-၂၀၀၈)မနက်မှာ အသည်းကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် လင်းခေးမြို့မှာ ၁၉၄၉ မှာမွေးဖွားတဲ့ စိုင်းထီးဆိုင် ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ခင်သန်းစိုး၊ သားတယောက်နဲ့ သမီး ၂ ယောက် ကျန်ရစ်ပါတယ်။
(ဘိုထီးရဲ့ ပုံတူပန်းချီကို ပန်းချီဆရာမင်းကျော်ခိုင်က ရေးဆွဲပေးထားခြင်းဖြစ်ပါတယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More