This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, August 29, 2010

အလွမ်းများနှင့်ဧရာဝတီဇာတ်ကား ကြည့်ရှုအားပေးသူများပြား

ဧရာဝတီဒေသတွင် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ဒေသခံပြည်သူများ အတိဒုက္ခရောက်ခဲ့ရသည့် အခြေအနေအမှန်နှင့်အဖြစ် အပျက်များကို ဂျပန်ရှိအနုပညာရှင်များက စုစည်းကြိုးစားရိုက်ကူးထား သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားကို ယနေ့(သြဂုတ်လ ၂၉ ရက် တနင်္ဂနွေနေ့)ပြသရာ လာရောက်ကြည့်ရှုသူများပြားကြောင်း တွေ့ရှိရသည်။

ပထမဆုံးစပြသည့်ပွဲတွင် မြန်မာပရိတ်သတ်ထက် ဂျပန်ပရိတ်သတ်များပြားလျက်ရှိပြီး တိုကျိုနှင့်ဝေးလံသည့် အိုဆာကာဒေသမှ ဂျပန်များပင် ရှင်ကန်းဆန်(ကျည်ဆန်ရထား)စီးပြီး လာရောက်အားပေးကြည့်ရှုကြောင်း သိရသည်။



မည်သည့်အဖွဲ့အစည်းများမှ အကူအညီမယူဘဲ ကိုယ်ပိုင်ငွေကြေး ယန်းတစ်ရာ့ဆယ့်နှစ်သိန်းကျော်(ဒေါ်လာတစ်သောင်းနှစ်ထောင်)ခန့်ကို စိုက်ထုတ်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် မုန်းတိုင်းသင့်ပြည်သူတို့၏ ဘဝကိုစာနာသောစိတ်ဖြင့် တကမ္ဘာလုံးရှိလူများ အချက်အလက်အမှန်ကို ရသအပြည့်ဖြင့် သိရှိခံစားနိုင်အောင် ကြိုးစားရိုက်ကူးခဲ့ကြောင်း ဒါရိုက် တာသစ်သား(ပန်းချီဋ္ဌေးသစ်-ဦးဘသစ်၏သားဖြစ်သူ)က အဖွင့်အမှာစကားတွင် ပြောကြားသွားခဲ့သည်။

''ကျနော်ဒီဇတ်ကားမှာအဓိက,က ပရိတ်သတ်ကိုပေးသိချင်တာက ကျ နော်တို့နိုင်ငံမှာ ၂၀၀၈ မေလ ၂ ရက်နဲ့ ၃ ရက်နေ့တုန်း မြန်မာ့သမိုင်းမှာ တခါမှမကြုံဖူးတဲ့ အဆိုးဝါးဆုံးရာသီဥတုဘေးဒဏ်၊ ဒီလောက်ကြီးတဲ့ နာဂစ်လို့အမည်ရတဲ့ မုန်တိုင်းကြီး တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီ့မုန်တိုင်းကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ လူသိန်းကျော် သေဆုံးခဲ့ရတယ်။ မုန်တိုင်းဒဏ်ပြီးတဲ့အချိန်မှာတောင် နအဖစစ်အစိုးရက ကူညီ ပေးမယ့်အကူအညီတွေကို လက်မခံခဲ့ဘူး။ ပိတ်ပင်တယ်။ တားဆီးတယ်။ ထောက်ပံ့ခဲ့တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း သူတို့စစ်တပ်ကိုယ်ကျိုးအတွက် အသုံးပြုခဲ့တာများတယ်။ ကိုယ်တိုင်လည်း ထိထိရောက် ရောက် ဘာအကူအညီမှမပေးနိုင်ခဲ့ဘူး။ အဆိုးဆုံးက မုန်တိုင်းတိုက်ပြီးလို့ ကျန်ခဲ့တဲ့မိသားစုတွေ မိတကွဲ၊ ဖတကွဲနဲ့ဖြစ်နေချိန် အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲသွင်းဖို့ကြိုးစားတာကိုပဲ။ ဒါမျိုးလုပ်ရပ်ကို ဂျပန်လူမျိုးတွေကအစ နိုင်ငံတကာအထိပါ သိစေချင်တယ်။ ကလေးစစ်သားတွေစုဆောင်းတာ မျိုးပေါ့၊ ဝမ်းနည်းကြေကွယ်ဖွယ်အဖြစ်အပျက်ဇတ်လမ်းအမှန်လေးကိုခံ စားသိစေချင်တဲ့အတွက်ပါ''ဟု ၄င်းကဆက်လက်ရှင်းပြသည်။




အဆိုပါဇာတ်ကားကို လာရောက်ကြည့်ရှုအားပေးခဲ့သည့် နာမည်ကြီး ဂျပန်ရုပ်ရှင်ဒါရိုက်တာ `အာအိုးခိ ခန်းဂျိ`ဆိုသူက “ဇာတ်လမ်းကျောရိုးအနည်းငယ်ရှည်တာကလွဲလို့ စိတ်ဝင်စားဖို့တော့ကောင်းပါတယ်။ ရိုက်ကူးတဲ့သူတွေရော၊ သရုပ်ဆောင်တဲ့သူတွေပါ ပရော်ဖက်ရှင်နယ်တွေမဟုတ်ကြပေမယ့် အံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တာကိုတွေ့ရတော့ ချီးကျူးမိပါတယ်။ တည်းဖြတ်မှုအပိုင်းနှင့် တီးလုံးသံစဉ်များကို အနည်းငယ်ပြုပြင်လိုက်မယ်ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်”ဟု ဝေဖန်သုံးသပ်ခဲ့သည်။ မိမိအနေဖြင့် အမှတ်ပေးအဆင့်အတန်းအရ အကဲဖြတ်မည်ဆိုပါက ၇၀% ကောင်းသည်ပြောလိုကြောင်း မိုးသောက်ကြယ်သို့ ဆက်လက်ရှင်းပြသွားခဲ့သည်။

ဂျပန်တွင် မြန်မာ့ဒီမိုကရေစီအရေးလုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများထဲမှ တိုင်းရင်းခေါင်းဆောင်တစ်ဦးကတော့ “ကျနော့်အနေနဲ့ ကိုဌေးသစ်(ဒါရိုက်တာသစ်သား)ရဲ့လုပ်ဆောင်ချက်ဟာ ကျနော်တို့နိုင်ငံရေးလုပ်ဆောင်ချက်တွေထက် ပိုမိုထိရောက်တယ်လို့မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပမာနှိုင်းယှဉ်ပြီးပြောရရင် ဒုတိယကမ္ဘာစစ်ပြီးဆုံးဖို့အတွက် အမေရိကန်က ဖက်ဆစ်ဝါဒကျင့်သုံးနေတဲ့ ဂျပန်နိုင်ငံကို အနုမြူဗုံးကျဲလိုက်တော့ လူ ၁ သိန်း ၅ သောင်းကျော် သေဆုံးသွားခဲ့တယ်။ ဒါကို ယနေ့အချိန်အထိ ဂျပန်အစိုးရက ၀မ်းနည်းဖွယ်ရာအထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း ကျင်းပနေတယ်။ ကျနော်တို့နိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ နာဂစ်မုန်တိုင်းဒဏ်ခံရတယ်။ သို့ပေမယ့် အုပ်ချုပ်သူများက လျစ်လျူရှုထားတယ်။ အချိန်မီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်မယ်ဆိုရင် အသက်ကယ်နိုင်တဲ့သူတွေအများကြီးပါ။ ဒါတွေကိုမလုပ်ဘူး။ ကူညီမယ့်သူတွေကိုလည်း ပိတ်ပင်တယ်။ ဖမ်းဆီးတယ်ဗျာ။ ဒါကြောင့် လူပေါင်း ၂ သိန်းနီးပါးသေဆုံးသွားခဲ့ရတယ်။ ဒီလိုမျိုး ကျနော်တို့နိုင်ငံထဲမှာ အတိဒုက္ခရောက်နေတာတောင် မကူညီဘူး။ မကယ်ဆယ်ဘူး။ ဒါတွေဟာ လူ့အခွင့်အရေးချိုးဖောက်နေတာပဲ။ ဒီအချက်ကို ကိုဌေးသစ်က အနုပညာရှုထောင့်နဲ့ တင်ပြတယ်။ သမိုင်းမှတ်တမ်းကျန်အောင် လုပ်ဆောင်ခဲ့တယ်။ ဒါဟာ တနည်းပြောရရင် မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် တစ်ထောင့်တနေရာကနေ ကြိုးစားလုပ်ဆောင်နေတဲ့အတွက် ဒါကိုလေးစားလို့ လာကြည့်တာပါ..”ဟု ဖွင့်ဟပြောဆိုခဲ့သည်။

တိုကျိုမြို့၊ အိုးစုခရပ်ကွက်ရှိ မိနားမိအိုးစုခခန်းမတွင် နေ့လယ် ၂း၀၀ နာရီမှစ၍ ည ၈း၃၀ အထိ ၃ ကြိမ်ခွဲ၍ ရုံတင်ပြသခဲ့သည့် အလွမ်းများနှင့်ဧရာဝတီဇတ်ကားတွင် ဂျပန်ရောက်သရုပ်ဆောင်ဝါသနာရှင် (၇ဝ) ကျော် ပါဝင်သရုပ်ဆောင်ထားပြီး ပြသချိန်မှာ နှစ်နာရီကြာမြင့်ခဲ့သည်။

ပြသစဉ်အချိန်အတွင်း ဂျပန်ပရိတ်သတ်များနားလည်အောင် ဂျပန်စာတမ်းများထိုးပေးခဲ့ပြီး၊ အဆိုပါကိစ္စများကို ဂျပန်-မြန်မာစကားပြန် ၁၀ ဦးက ကြိုးစား၍ ကူညီပေးခဲ့ကြကြောင်းလည်း သိရသည်။ ယနေ့ပြသသည့်ပွဲမှ နာဂစ်အလှူငွေအဖြစ် ဂျပန်ယန်း ၁ သိန်း ၃ သောင်း ၅ ထောင်ကျော်ကောက်ခံရရှိပြီး အဆိုပါငွေများကို ပြည်တွင်းသို့ လှူတန်းသွားမည်ဟုလည်းသိရသည်။

ဂျပန်ရှိ မြန်မာသံရုံးမှ ဆန္ဒမဲပေးခြင်းလျှောက်လွှာများကို လူရွေး၍ပေးပို့နေ

မကြာမှီအချိန်တွင် ကျင်းပရန်ပြင်ဆင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ပသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား ဆန္ဒမဲပေးခြင်းဆိုင်ရာ လျှောက်လွှာများကို ဂျပန်နိုင်ငံရှိ မြန်မာစစ်အခွန်ရုံးမှ လူရွေး၍ တိတ်တဆိတ်ပေးပို့နေကြောင်းသိရှိရသည်။

လျှောက်လွှာစာရွက်များကို သံအမတ်ကြီးကိုယ်စား ပထမအတွင်းဝန် ကောင်စံလွင် လက်မှတ်ဖြင့် သြဂုတ်လ ၂၀ ရက် နေ့စွဲတပ်၍ ဂျပန်ရောက် မြန်မာနိုင်ငံသားတချို့ကို ဖြန့်ဝေပေးနေခြင်းဖြစ်ပြီး၊ ၎င်းလျှောက်လွှာထဲတွင် မဲဆန္ဒပေးလိုသူ၏ ကိုယ်ရေးအချက်အလက်များကို အတိအကျ ဖြည့်စွက်ရေးသား၍ နိုဝင်ဘာ (၁)နေ့အရောက် စာတိုက်မှတဆင့် တိုကျိုမြို့ ရှင်နာဂါဝါရပ်ကွက်ရှိ မြန်မာသံရုံး(စစ်အခွန်ရုံး)သို့ပေးပို့ပေးပါရန် မေတ္တာရပ်ခံထားသည်။

နအဖစစ်တပ်မှ ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံအခြေခံဥပဒေပါ နည်းဥပဒေ ၅၆(က)နှင့် ၅၇(က)မူအရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများတွင် မဲဆန္ဒများပေးနိုင်ရန်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ ဂျပန်သို့ရောက်ရှိနေကြသည့်မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာမဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများနှင့်ပတ်သက်သည့် ဖြည့်သွင်းရန်ပုံစံများပေးပို့ခြင်းဟုဆိုသော်လည်း လူတိုင်းကိုပေးပို့ခြင်းမရှိပေ။

လျှောက်လွှာစာရွက်ရရှိသူ ရှီဇူအိုအာမြို့ရှိ မြန်မာနိုင်ငံသားတစ်ဦးက “ကျနော်နဲ့အတူ ဒီကို(ဂျပန်နိုင်ငံသို့)ရောက်လာတဲ့ ကျနော့်သူငယ်ချင်းဆီကိုတော့ မရောက်သေးဘူးလို့သိရတယ်။ အခုအချိန်အထိ(သြဂုတ်လ ၂၉)ရက်နေ့အထိ မရောက်သေးဘူးဆိုရင် မရောက်ဖို့ရာခိုင်နှုန်းက သေချာနေပြီလေ။ သူ့ဆီမရောက်ပဲ ကျနော်ဆီရောက်လာတော့ ဇဝေဇ၀ါတော့ဖြစ်နေတယ်။ မဲပေးဖို့အတွက် ကိုယ်ရေးအချက်တောင်းတာဆိုတော့ ပေးလည်းမပေးချင်ဘူး။ မပေးပဲနေရင် ဘာဖြစ်နိုင်မလဲဆိုတာကိုလည်းမသိတော့ လောလောဆယ်ဘာလုပ်ရမှန်းမသိဘူးလေ။ နောက်ပြီး နိုဝင်ဘာ ၁ ရက်နေ့အရောက် စာတိုက်ကနေပေးပို့ရမှာဆိုတော့ အခုနေပေးပို့ရင်တောင် မီပါ့မလားပဲ…”ဟု ဆိုသည်။

လက်ရှိအချိန်ကာလအထိ ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား ၇,၇၈၉ ဦး နေထိုင်လျက်ရှိပြီး ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူ အသက် ၁၈ နှစ်ကျော်သူပေါင်း ၆,၀၀၀ ကျော်ရှိသည်။

Sunday, August 22, 2010

ရွေးကောက်ပွဲကို ဆန့်ကျင်သူများ မိမိတို့၏ သဘောဆန္ဒကို ထုတ်ဖေါ်နိုင်ပါသည်


အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး (Amnesty International (AI)) မှ မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် စစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေသည်။
ယင်းအစီအစဉ်အရ ကမ္ဘာ့နိုင်အသီးသီးရှိ AI အဖွဲ့များမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကို ဖော်ပြကြရန်ဖြစ်သည်။
AI အနေနှင့် ယင်း ဝန်ကြီးထံပေးပီု့သောစာကို ဘာသာစကား (၉) မျိုးဖြင့် ဖော်ပြထားခြင်းဖြစ်သည်။
သင့်အနေဖြင့် ဒီလင့် http://3freedoms.amnesty.org/ လေးကို နှိပ်ပြီး သဘောထားပေးပို့ခြင်းသည် စစ်အစိုးရ၏ မတရားသော ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းဖော်ပြရာ ရောက်ပြီး၊ အကျဉ်းထောင် အသီးသီးမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွတ်ခဲ့၍ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသော ယုံကြည်ချက်အတွက် အကျဉ်းကျနေသူများ (Prisoners of Conscience) အားလုံးကို အားပေးထောက်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ပြည်တွင်းဂျာနယ်ဈေးကွက်အတွင်း နိုင်ငံရေးဦးစားပေးဂျာနယ်များထက် အားကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအားကောင်း


၂၀၁၀ ပြည့်နှစ် ဂျာနယ်ဈေးကွက်အတွင်း ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုး ထွက်ရှိနေသည့် အနက် နိုင်ငံရေး ဦးစားပေး ဂျာနယ်များထက် အာကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအား ကောင်းနေလျက်ရှိသည်။ ထို့ပြင် ယခုလပိုင်းများအတွင်း၌ ဂျာနယ်အသစ်များ ထွက်ရှိလာခဲ့သော်လည်း ဂျာနယ်သစ်များ၏ အနေအထားမှာ အားယူနေရဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး ဦးစားပေးသော ဂျာနယ်များ၏ ရောင်းအားမှာလည်း သိသာစွာ တိုးတက်မှု မရှိကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ဂျာနယ်ဈေးကွက်အတွင်း၌ ထုတ်ဝေလျက်ရှိသော ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုးရှိနေသည့်အတွက် ၂၀၀၉ ခုနှစ်အတွင်းက ထွက်ရှိနေသော အပတ်စဉ်ထုတ်ဂျာနယ်အမျိုးအစားပေါင်း ၁၈၉ မျိုးနှင့် နှိုင်းယှဉ်ပါက ဂျာနယ်ထွက်ရှိမှုအရေအတွက်မှာကျဆင်းသွားသည်။ အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဂျာနယ် အမျိုးအစားပေါင်း ၁၅၀ ကျော်တွင် သတင်းဂျာနယ်များက အမျိုးအစား အများဆုံးဖြင့် ထုတ်ဝေနေသော်လည်း ဂျာနယ်ဈေးကွက်၏ ၀ယ်လိုအား အများစုကိုမူ အားကစားဂျာနယ်များက ဦးဆောင်နေဆဲဖြစ်ကြောင်း ဂျာနယ်လက်ကားအရောင်းဆိုင်များနှင့် ဂျာနယ်လက်လီအရောင်းဆိုင်များမှ တာဝန်ရှိသူများကဆိုသည်။

''သတင်းဂျာနယ်တွေ အတွက်ကတော့ သတင်းက အရေးကြီးနေတုန်းပါပဲ။ ပုံမှန်ဝယ်ဖတ်နေတဲ့ သူတွေ ရှိနေပေမယ့် သတင်းကောင်းမှ ၀ယ်ဖတ်သူတွေကလည်း ရှိနေပါတယ်။ ရောင်းအားကောင်းတဲ့ သတင်းဂျာနယ်တွေက စာဖတ်ပရိသတ် သိချင်တဲ့ သတင်းတွေကို များများဖော်ပြနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူ စိတ်ဝင်စားတဲ့ သတင်း ဖော်ပြနိုင်တဲ့ ဂျာနယ်တွေက ရောင်းအားတက်သွားကြတာပါပဲ။ ကျွန်တော် ဂျာနယ်ရောင်းခဲ့ရတဲ့ အတွေ့အကြုံကတော့ ကိုယ်လုပ်တဲ့ လုပ်ငန်း အပေါ်မှာ အာရုံစိုက်ပြီး စာဖတ်ပရိသတ်ကို စေတနာထားတဲ့ သူတွေက ရပ်တည်သွားနိုင်ကြတာပါပဲ'' ဟု မိုးကောင်းကင်စာပေမှ ဦးစိုးအောင်က ပြောကြားသည်။

စာဖတ်ပရိသတ်များ အနေဖြင့်လည်း သုံးစွဲနိုင်သော ငွေကြေးကို ချင့်ချိန်တွက်ချက်ပြီး ဂျာနယ်များကို ရွေးချယ်ဝယ်ယူ ဖတ်ရှုလာကြသည့် နည်းတူ ဂျာနယ်တစ်စောင်၏ ရပ်တည်မှု၊ ရိုးသားမှုနှင့် စာဖတ်ပရိသတ်အပေါ် စေတနာထားမှု စသော အချက်များကို ကြည့်ရှုပြီးမှ ဖတ်ရှုလာကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Bi Weekly Eleven နှင့်ခေတ်လူငယ်မှ

နအဖရွေးကောက်ပွဲကို နိုင်ငံတကာလှုပ်ရှားမှုပုံစံမျိုးကန့်ကွက်ဖို့ ဂျပန်ရောက် မြန်မာ့ဒီမိုအဖွဲ့အစည်းများဆွေးနွေး

မကြာမှီကာလအတွင်း ကျင်းပရန်ပြင်ဆင်ထားသည့် နအဖ၏ ၂၀၁၀ ရွေးကောက်ပွဲကို Global Action ခေါ်ယူ၍ ထိရောက်သောနည်းလမ်းများဖြင့် ကန့်ကွက်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်းသိရသည်။

ယနေ့ သြဂုတ်လ ၂၁ ရက်(စနေနေ့)ပြုသော ဆွေးနွေးညှိနှိုင်းပွဲကို တာကာဒါနိုဘာဘာရပ် ကွက်တွင် တည်ထောင်ဖွင့်လှစ်ထားသော ညီညွတ်သောတိုင်းရင်းများအဖွဲ့အစည်း(ဂျပန်) ရုံးခန်းတွင် ညနေ ၃ နာရီမှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးဖြစ်မြောက်အောင် စည်းရုံးခဲ့သူ ပလောင်တိုင်းရင်းသားခေါင်းဆောင် ကိုမိုင်ကျော်ဦးက “ကျနော်တို့အနေနဲ့ ဒီအချိန်မှာ တူတာတွေရော မတူတာတွေရော အားလုံးညီညီညာညာနဲ့လုပ်ရမယ့်အချိန်ရောက်နေပြီလေ။ ဒါကြောင့် ဂျပန်မှာရှိတဲ့ အဖွဲ့အစည်းအားလုံးကို မျက်နှာစုံညီအစည်းအဝေးခေါ်လိုက်တာပါ။ ခေါင်းစဉ်ကတော့ နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာလိုက်တဲ့ နအဖရဲ့ရွေးကောက်ပွဲကို ဘယ်လိုပုံစံမျိုးနဲ့ ကန့်ကွက်ကြမယ်ဆိုပြီးတော့ဆွေးနွေးကြတာပါ…”ဟု မိုးသောက်ကြယ်သို့ရှင်းပြသည်။

ညှိနှိုင်းအစည်းအဝေးတွင် နအဖစစ်အုပ်စုကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကို သပိတ်မှောက် ဆန့်ကျင်ကြောင်း ပြည်တွင်းရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အပေါ် ဂျပန်ရောက် မြန်မာဒီမိုကရေစီအင်အားစုများမှလည်း ထောက်ခံကြိုဆိုကြောင်းနှင့် အဖွဲ့ချုပ်၏မှန်ကန်သည့်ဆုံဖြတ်ချက်ကို ၀ိုင်းရံထောက်ခံ အားပေးသွားကြမည်ဖြစ်ကြောင်း၊ နအဖရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိသည့်အတွက် ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများပိုမိုသိရှိလာအောင် လှုံ့ဆော်စည်းရုံးကြဖို့နှင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မည့် နိုင်ငံတကာလှုပ်ရှားမှု Global Action ကိုအကောင်အထည် ဖေါ်ဆောင်သွားကြရန်အတွက် ညှိနှိုင်းဆုံဖြတ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် ဂျပန်အစိုးရ၏ရပ်တည်ချက်နှင့်ပတ်သက်ပြီး အစည်းအဝေးတက်ရောက်ခဲ့သူ Save Burma အဖွဲ့မှ တာဝန်ခံကိုလွင်အောင်စိုးမှလည်း “ခန့်မှန်းရရင် ၂၀၁၀ ရွေးကောက်ပွဲနဲ့ အခြားနိုင်ငံရေးကိစ္စတွေမှာ မြန်မာနအဖက လုပ်နေတာတွေအပေါ် ဒီမိုကရေစီ မဆန်တဲ့အတွက်ကြောင့် ဂျပန်အစိုးရက နှစ်သက်မှာ မဟုတ်ပါဘူး။ မြန်မာစစ်ခေါင်းဆောင်တွေကို အရင်ထက်ပိုပြီး အရေးယူဖို့ကိစ္စတွေ ဂျပန်က စဉ်းစားလာနိုင်ပါတယ်…”ဟုဆိုသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ကြောင်း သြဂုတ်လ ၂၀ ရက်(သောကြာနေ့)က ပြောဆိုလိုက်သည်။

ပလောင်တိုင်းရင်းသားခေါင်းဆောင် ကိုမိုင်ကျော်ဦးကတော့ “လက်ရှိတက်လာတဲ့ ဂျပန်အစိုးရရဲ့ မြန်မာပြည်အပေါ်ထားရှိတဲ့သဘောထားထုတ်ပြန်ချက်တွေအပေါ် ကျနော်တို့ တကယ့်ကိုအားရပါတယ်။ သို့ပေမယ့် သဘောထားထုတ်ပြန်ချက်တွေအပြင် ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေကိုပါ ပြုလုပ်ဖို့လိုနေပါသေးတယ်။ ဥပမာ နအဖက နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲကျင်းပခဲ့မယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့အရေးယူမယ်ဆိုတာမျိုးပေါ့လေ။ အဲဒီ့အဆင့်လောက်တော့ရရှိအောင် ကျနော်တို့အနေနဲ့ ဂျပန်အစိုးရကိုတောင်းဆိုသွားမှာပါ…”ဟုဆိုသည်။
မှတ်တမ်းဓါတ်ပုံများကို http://www.pnsjapan.org/မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

Saturday, August 21, 2010

Japan urges Myanmar to release Suu Kyi

နအဖရွေးကောက်ပွဲ တရားမျှတမှုမရှိဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြောဆို

TOKYO —

Japan has urged Myanmar to release political prisoners including pro-democracy leader Aung San Suu Kyi and conduct its general election slated for Nov. 7 in an open, free and fair manner, Foreign Minister Katsuya Okada said Friday.

The minister told a press conference that the Japanese government conveyed Thursday its concern over the November poll, which will be held for the first time in two decades, through Myanmar’s ambassador to Japan. ‘‘If Myanmar holds the general election without releasing political prisoners including Ms. Suu Kyi, it would not be a free, fair and open election that the international community has called for and thus would be regrettable,’’ Okada said.

နိုဝင်ဘာ (၇)ရက်နေ့တွင် ကျင်းပမည်ဟု ထုတ်ပြန်ကြေညာထားသော နအဖစစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အောင်ဆန်းစုကြည်ကို မပါဝင်နိုင်အောင်ပြုလုပ်ထားတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှုရှိမှာမဟုတ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးOkada Katsuya က သြဂုတ်လ ၂၀ ရက်(သောကြာနေ့)က ပြောဆိုလိုက်သည်။
၎င်းက မြန်မာစစ်အုပ်စုအနေဖြင့် ရွေးကောက်ပွဲမကျင်းပမှီ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းများအားလုံးကို လွတ်ပေးဖို့လိုအပ်ကြောင်းနှင့် အားလုံးပါဝင်နိုင်သည့် စစ်မှန်သောရွေးကောက်ပွဲတခုဖြစ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုက်သည်။
အနှစ်(၂၀)ကြာမှ ပထမဦးအကြိမ်ကျင်းပမည့် နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲကိစ္စနှင့်စပ်လျင်း၍ သြဂုတ်လ ၁၉ ရက်(ကြာသပတေးနေ့)က ဂျပန်နိုင်ငံရှိ နအဖ သံအမတ်ထံသို့ ပေးပို့ခဲ့သော တောင်းဆိုချက်၌ “အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးခြင်းမရှိပါက မြန်မာနိုင်ငံတွင်ကျင်းပမည့်ရွေးကောက်ပွဲသည် လူတိုင်းပါဝင်နိုင်ပြီး လွတ်လပ်၍ တရားမျှတမှုရှိမည်မဟုတ်သည့်အတွက် ဂျပန်နိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ထောက်ခံမှာမဟုတ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းများကလည်း ၀မ်းနည်းဖွယ်လုပ်ရက်အဖြစ် သတ်မှတ်ခြင်းခံမည်ဖြစ်ကြောင်း” ရေးသားပေးပို့ခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဘာသာပြန်သူ-မောင်အောင်ဌေး

Wednesday, August 18, 2010

မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော်အားမတရားဖမ်းဆီးမှုအတွက် ဂျပန်ရောက်ရခိုင်တိုင်းရင်းသားများ ကန့်ကွက်ဆန္ဒပြ



ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်နေ့တွင် နအဖ အာဏာပိုင်များက အတင်းဓမ္မအာဏာသုံးကာ မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းထိုင်ဆရာတော် ဦးပညာစာရအားဖမ်းဆီးချုပ်နှောင်ပြီး ဝိနည်းတော်နှင့်မညီပဲ လူဝတ်လဲစေကာ နှိပ်စက်ကလူပြုနေခြင်း၊ ရခိုင်လူမျိုးတို့၏ဘိုးဘွားပိုင် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းအမွေအနှစ်များကို နအဖ အာဏာပိုင်များက အာဏာအားကိုးဖြင့်သိမ်းယူသွားခြင်း၊ ယဉ်ကျေးမှုကိုပပျောက်စေပြီး အနာဂတ်ရခိုင်မျိုးနွယ်ကို ပျက်သုန်းစေမည့် Cultural Genocide ကိုကျူးလွန်လိုက်သည့် နအဖအားဆန့်ကျင်ခြင်းကိုယနေ့ သြဂုတ်လ (၁၈) ရက်နေ့ တိုကျိုမြို့ ရှီနာဂါဝရပ်ကွက်ရှိမြနှ်မာ့အကောက်ခွန်ရုံးရှေ့တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်) မှ ဦးဆောင်ကျင်းပခဲ့ရာ ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှတက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားမှုးအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်)မှ ကိုကျော်သန်းလှိုင်မှဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)၏သဘောထားထုတ်ပြန်ချက်ကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ-ဂျပန်) မှ ကိုလှရွှေက ဖတ်ကြားတင်သွင်းခဲ့ပါသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ-ဂျပန်)မှ ဥက္ကဌ ကိုလှအေးမောင်က “အသျှင်ဦးပညာစာရအားချက်ချင်းလွတ်ပေးရန်၊ ဆရာတော်ထံမှမတရားသိမ်းယူထားသော ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များကို ရခိုင်ပြည်သူများလက်တွင်းသို့ပြန်လည်အပ်နှံရန်၊ ဆရာတော်ဦးပညာစာရ၏ အရိပ်အာဝသ အောက်တွင်ခိုလှုံနေကြသော ရခိုင်ရင်သွေးငယ်များကို မိဘဆွေမျိုးအသိုင်းအဝိုင်းနှင့်ဝေးရာဖြစ်သော မကွေးတိုင်းမင်းဘူးသို့ လည်းကောင်း၊ မန္တလေးသို့လည်ကောင်းပို့ဆောင်ခဲ့ရာ ထိုကလေးများအားလုံးကို ရခိုင်ပြည်သို့ အမြန်ဆုံးပို့ဆောင်ပေးရန်၊ ရခိုင်ကလေးသူငယ်များအားထိုသို့ပြုလုပ်ခြင်းသည် လူမျိုးပျောက်အောင် ရည်ရွယ်လုပ်ဆောင်သည့် Genocide တစ်ခုဖြစ်သည်ဟု အခိုင်အမာကယုံကြည်ကြောင်း၊ ၁၁-၈-၂၀၁၀ နေ့ တွင် ပုဒ်မမျိုးစုံတပ်ကာ မတရားနှစ်ရှည်ထောင်းဒဏ်ချမှတ်ခံရသော ရခိုင်ကျောင်းသားလူငယ် (၁၁)ဦးအား ပြန်လည်လွတ်ပေးရန်တို့ ကိုတောင်းဆိုခဲ့ပါသည်။ သာသနာ့ဥသျှောင် မြန်မာရဟန်းတော်များအဖွဲ့ချုပ်၏ ဂျပန်ဌာနခွဲမှ ဆရာတော် အရှင် ဓမ္မဇောတိက မှ လည်း ဦးပညာစာရအား လူဝတ်လဲစေခြင်း သည် သံဃာတော်များနှင့်ဆိုင်သည့် ဝိနည်းဓမ္မဇက်လုပ်ထုံးလုပ်နည်းနှင့် အ ညီ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပဲ အဓမ္မဝါဒီကိုသုံးကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။ အခမ်းအနားကို ညနေ (၄) နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

Monday, August 16, 2010

ဂျပန် လ.၀.က တံခါးကြီး ဖွင့်တော့ထားသည်...(ရွှေမြိုင်အောင်)


''ပူနောင် ပူနောင် ဂျိမ်းဂျိမ် ဝါကာ ဝါ့ကာ ဟေး ဟေး'' သီချင်းက လေးနဲ့ ၄ နှစ်တကြိမ်ကျင်းပ နေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးလည်း ပြီးသွားခဲ့ပါပြီ။ ဒီသီချင်းကို ရွှေမြိုင်အောင်စကြားစဉ်က မြန်မာ့ နတ်ဆိုင်းကို ကော်ပီကူးထားသလိုထင်မိတာကြောင့် မြန်မာနိုင်ငံဂီတအစည်းအရုံးကို မူပိုင်ခွင့်အတွက် အဆိုတော်ရှက်ကီရာကို တရားစွဲလျော်ကြေးတောင်းဖို့ အကြံပေးရင်ကောင်းမယ်လို့တွေးနေတုန်း 'ဂိုးဒင်း ဆောင်း'ဆိုတဲ့ ကင်မရွန်း အဆိုတော်အဖွဲ့ရဲ့ 'ဇန်ဂျီ လဲဝါ'သီချင်းကို တစိတ်တပိုင်းကော်ပီကူးထားတယ် ဆိုပြီး လျော်ကြေးပေးဖို့ တရားစွဲထားတယ်ဆိုတော့ ရွှေမြိုင်အောင်ရဲ့အကြံကို အကောင်အထည်မဖော်ဖြစ်ခဲ့ တော့ပါဘူးခင်ဗျာ။ အော်-ကမ္ဘာ့ ဖလားဘောလုံးပြိုင် ပွဲသီချင်းလဲ ကော်ပီကြီးပါလားခင်ဗျား။
အဲဒီလိုကော်ပီကိစ္စတွေဟာ ဒီနှစ်ရဲ့ ရှန်ဟိုင်းကုန် စည်ပြပွဲမှာ တမျိုးပြီးတမျိုး၊ မထူးပေမဲ့ဆန်းအောင် တွေ့မြင်ကြားသိနေရပါတယ်။ ကုန်စည်ပြပွဲ မြှင့်တင် ရေးသီချင်းက ဂျပန်မူရင်းသီချင်းကိုကော်ပီလုပ်တာ၊ ပြပွဲရဲ့လာဘ် ကောင်ရုပ်ဟာ အမေရိကန်တီဗွီစီးရီးဇာတ်ကောင်အရုပ်ကို ပုံစံပြောင်းထားတာ၊ နောက်ပြီး တရုပ်ပြည်ကပြခန်းတခုရဲ့အဝင်မဏ္ဍပ်ပုံစံ ဟာ စပိန်ကုန်စည်ပြပွဲတုန်းက ဂျပန်ရဲ့မဏ္ဍပ်ပုံစံကို ကူးထားတာဆိုပဲ။ တော်တယ်ဗျာ။ အတုလုပ်တဲ့နေရာမှာတော့ တရုပ်ကအရမ်းတော်၊ အရမ်း မြန်ပါတယ်။ ဒီလိုတော်လွန်းလို့ ရွှေနိုင်ငံတော်က ကြက်ဆူဘုရင်ကြီးနဲ့ နောက်လိုက်တွေ ''တရုပ်ကိုရိုသေ နန်းသက်ရှည်''ဆိုတဲ့ယတြာကိုစွဲ ကိုင်လို့ နိုင်ငံအရင်းမြစ် တွေကို အထူးလျော့ဈေးနဲ့ပဏ္ဏဆက်နေလေရဲ့။ ဟုတ်တယ်ဟုတ်...
မြန်မာပြည်ကကြက်ဆူဘုရင်နဲ့အဖွဲ့ဟာ တရုတ်ကိုကိုးကွယ်ချိန်မှာ ဂျပန်အစိုးရကလည်း တရုတ်နိုင်ငံသားတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး အုပ်စု လိုက်အလည်အပတ်ဗီဇာ(Group Tourist Visa)ကို ကန့်သတ်ချက်တွေ အများကြီးလျော့ပေါ့လို့ လွယ်လွယ်ကူကူထုတ်ပေးလေရဲ့။
ခရီးသွားဧည့်သည်ဖလှယ်ရေးအစီအစဉ်ကို တရုတ်နိုင်ငံနဲ့ပြုလုပ်ပြီး ချိန်ကစလို့ တရုတ်နိုင်ငံသားတွေ ဝင်ရောက်လာခဲ့တဲ့စာရင်းကို ကြည့်ကြည့်ပါ။ မနှစ်ကဆိုရင် တမြန်နှစ်ထက် ၁၂%ပိုခဲ့ပြီး ဒီနှစ်ဆိုရင် လည်း မနှစ်ကထက် ၁၄.၈%တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်ခင်ဗျ။ တရုတ်ဘက်ကအဝင်ဦးရေတိုးလာပေမဲ့ အရင်တုန်းက ဂျပန်ကိုအလည် အပတ်များခဲ့တဲ့ တောင်ကိုရီးယားကတော့ စံချိန်ဟောင်း ၂၈.၅ ရာခိုင်နှိုန်းဝင်ရောက်ခဲ့ရာက ယခု ၂၃.၄ ရာခိုင်နှုန်းသာဝင်တော့သာကြောင့် ဂျပန်လည်း မြန်မာ လူရွှင်တော်ပြက်လုံးစကားလို 'တရားအားထုတ်-တရုပ်အားထား' နေရပြီလို့ ထင်ရပါတယ်။

တကယ်ဆိုရင် ဂျပန်ဟာ ကမ္ဘာပေါ်မှာ အခြေကျနေ ထိုင်သူတွေကို နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီးမရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံပါ။ ၂ဝဝ၆ ခုနှစ်ကဆို နိုင်ငံခြား သား ၇ သိန်း ၅ သောင်းကျော်ဟာ ဂျပန်မှာ ကျွမ်းကျင်လုပ်သား ပညာရှင်တွေနဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။ ဒီပမဏာ ဟာ ဂျပန်တနိုင်ငံလုံးမှာအလုပ်လုပ်နေတဲ့ လုပ်သား အင်အားရဲ့ ၁.၁%သာရှိတယ်ဆိုတော့ အခြေကျနေ ထိုင်တဲ့ ကျွမ်းကျင်လုပ်သားအင်အား၈.၅%ရှိတဲ့ ဂျာမဏီ၊ ၁၅.၆%ရှိတဲ့ အမေရိကန်တို့နဲ့နှိုင်းယှဉ်ကြည့် ရင် ဂျပန်ရဲ့အနေအထားကိုသိနိုင်ပါတယ်။
ဂျပန်အစိုးရက လာမဲ့ဆယ်နှစ်အတွင်းမှာ ယခုရှိနေ တဲ့ ကျွမ်းကျင်လုပ်သားပမဏထက် လူဦးရေ ၂ သိန်း လောက်အထိတိုးပြီး ခွင့်ပြုဖို့ပြင်ဆင်နေပါတယ်လို့ ပြောလာပါတယ်။ နိုင်ငံခြားသားကျွမ်းကျင်လုပ်သား အင်အားတိုးချဲ့ခန့်ထားဖို့တခုတဲမဟုတ်ပဲ နောက် ၁ဝ နှစ်ဖြစ်တဲ့ ၂ဝ၂ဝ ခုနှစ်မှာ တိုးရစ်အယောက်ပေါင်း သန်း ၂ဝ ကနေ ၂၅ သန်းအထိ ဝင်ရောက်လာနိုင်ဖို့ စီမံကိန်း ချမှတ်ပြီး လုပ်ဆောင်နေတယ်လို့လည်း ဆိုလာပြန်ပါ တယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ကဝင် ရောက်ခဲ့တဲ့ တိုးရစ်အရေအတွက်ထက် ၄ ဆလောက်ပို လာမယ်မဟုတ်ပါလားခင်ဗျား။ အဲဒီ ၂၅ သန်းလောက်ရှိတဲ့တိုးရစ်တွေ ဂျပန်ကိုဝင်လာရင် သူတို့ကြောင့်ရလာမယ့် ၁ဝ တြီလျံယန်းရနိုင်ပြီး အလုပ် အကိုင်အခွင့်အလန်း ၅ သိန်း ၆ သောင်းလောက်ပေါ်လာမယ်လို့ မျှော်လင့်ချက်တွေနဲ့ ကြိုးစားနေပါသတဲ့။ ကောင်းလှပါဘိ။
ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကစလို့ ဂျပန်မှာအခြေကျနေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲပေးခဲ့ပါတယ်။ အဲဒီလိုပြင်ဆင်ပေးခဲ့တဲ့အတွက် အရင်ကဥပဒေ ၁၈ ခုသာရှိခဲ့ရာမှ ယခုဆို ၂၇ ခုထိ တိုးလာခဲ့တယ်တဲ့ခင်ဗျ...
ပြင်ဆင်တိုးချဲ့လိုက်တဲ့အထဲက အများစိတ်ဝင်စားနှစ်သက်ခဲ့တာက ဗီဇာသက်တမ်းကိစ္စပါ။ အရင်ကဆို အခြေကျနေထိုင်ခွင့်ဗီဇာကို အများဆုံး သက်တမ်း(၃)နှစ်သာခွင့်ပြုခဲ့ပေမဲ့ အခုဆိုရင် ဥပဒေသစ်အရ ၅ နှစ်အထိ သက်တမ်းခံစားခွင့်ရှိလာမှာဖြစ်တဲ့အကြောင်းရယ်၊ နောက်တခုက ဂျပန် နိုင်ငံကနေ တခြားနိုင်ငံတခုခုကိုခေတ္တထွက်ခွာသွားခဲ့ရင် 'Re Entry' ပါ ပစ်ယူစရာမလိုပဲ ဝင်ထွက်သွားလာနိုင်တယ်ဆိုတဲ့ အချက်တွေပါတဲ့ခင်ဗျ။
စိတ်ပျက်စရာဥပဒေပြင်ဆင်ချက်က နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စပါ။ သိတဲ့အတိုင်း အရင်ကဆို နိုင်ငံခြားသားစီစစ်ရေးကဒ်ကို သက်ဆိုင်ရာမြို့ နယ်ရုံးက တာဝန်ယူပြုလုပ်ပေးပေမဲ့ ဥပဒေသစ်အရ လ.ဝ.ကရဲ့ ရာနှုန်းပြည့် ထိန်းချုပ်မှုနဲ့ပြုလုပ်မယ်ဆိုတာပါပဲခင်ဗျ။
ဂျပန်နိုင်ငံမှာရှိတဲ့ ဒေသဆိုင်ရာလ.ဝ.ကရုံးတွေမှာ နေ့စဉ် 'Re Entry' ပါပစ်ကိစ္စနဲ့ ဗီဇာသက်တမ်းတိုးကိစ္စပေါင်း အမှု ၅ဝ ကနေ ၁ဝဝ အထိ လက်ခံဖြေရှင်းပေးနေကြဖြစ်ပါတယ်။ အခုပြောင်းလဲလိုက်တဲ့ ဥပဒေ သစ်အရဆိုရင် လ.ဝ.ကနဲ့အလုပ်တွေနည်းသွားပြီမဟုတ်လား။ ဂျပန်တ နိုင်ငံလုံးမှာရှိတဲ့ဒေသတွေက လ.ဝ.ကဝန်ထမ်း ၃,၅ဝဝ ဦး အလုပ်တာဝန် တွေလျော့နည်းသွားလို့ ရွှေနိုင်ငံတော်ကြီးက ဝန်ထမ်းတွေကို လက်ဖက် ရည်ဆိုင်ထိုင် ချဲတွက်လုပ်ဖို့အချိန်တွေရှိလာမလားလို့မထင်ပါနဲ့ခင်ဗျာ။ 'ဂိုင်းဂျင်းကဒ်'လို့ခေါ်တဲ့ နိုင်ငံခြားသားစီစစ်ရေးကဒ်ကိစ္စကို ပိုပြီး တာဝန်ယူ ဆောင်ရွက်ရမှာဖြစ်ပါသတဲ့။ လုံးဝမအားစေရပါခင်ဗျာ။ ဂျပန်လေ ဂျပန်...။
သြော် ဂျပန်လေ ဂျပန်ဆိုလို့ ဒီအသုံးအနှုန်းကို ရွှေမြိုင်အောင် ''၂ဝ၁ဝ ရွေးကောက်ပွဲနဲ့သူတို့''ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ်ရေးခဲ့စဉ်က သုံးခဲ့ဖူး ပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းက ကရင်ဒုက္ခ သည်တွေကို ဂျပန်မှာအခြေချနေထိုင်ရန်အစီအစဉ်နဲ့ တနှစ်ကို အယောက် ၃ဝ နှုန်းနဲပ ၃ နှစ်စီမံကိန်း အယောက် ၉ဝ ခေါ်ဖို့ လုပ်နေတဲ့အကြောင်းပါ။ အဲဒီဆောင်းပါးထဲမှာ ဂျပန်အစိုးရက မယ်လဒုက္ခသည် စခန်းထဲမှာရှိတဲ့ ဒုက္ခသည်သိန်းချီရှိအထဲက သူတို့အင်တာဗျူးပြီး လူသား ချင်းစာနာခံရလို့ ရွေးပြီးကောက်ခဲ့တဲ့ ဖထီးသားလေးတွေကို သဘာဝဘေးအန္တရာယ်ထပ် ပြောရာ နာဂိုနိုခရိုင်မှာ အခြေကျနေထိုင်နိုင်အောင် စီစဉ်နေတယ်လို့ရေး သားခဲ့ပါတယ်။ အခုတော့ လူ ၃ဝ မဟုတ်တော့ပဲ ၃၂ ယောက်ပါတဲ့။ တိုးလာတဲ့ ၂ ဦးလည်း ဂျပန်အစိုးရရဲ့ လူသားချင်းစာနာခံလိုက်ရတဲ့ ကံထူးရှင်ပေါ့လေ။ မကြာမှီ အောက်တိုဘာလအတွင်းမှာ ဂျပန်ကိုရောက် လာမယ့် ဖထီးသားလေး မိသားစု ၆ စုဟာ ဂျပန်ရောက်ရင် အရင်ဆုံး တိုကျိုမှာ ၆ လလောက် ဂျပန်စကားနဲ့ရိုးရာဓလေ့ထုံးစံတွေကို သင်ကြားရ မှာဖြစ်ပြီး သူတို့ကို ဂျပန်ပြည်ထဲက ဘယ်မြို့ရွာ၊ ဘယ်ဌာနကိုပို့မယ်ဆိုတဲ့ ကိစ္စကို အလျင်စလိုမဆုံးဖြတ်သေးကြောင်း သတင်းထုတ်ပြန်လိုက်တယ် လို့ ကြားသိရပါတယ်။
ဟုတ်ကဲ့... ဂျပန်လ.ဝ.ကရဲ့တံခါးကြီးကတော့ ဖွင့်တော့ထားပါတယ်။ အဲဒီ့ဝင်ပေါက်ဟာ ဂျပန်မှာအခြေကျနေထိုင်စေချင်တဲ့ ကျွမ်းကျင်လုပ်သား နိုင်ငံခြားသားအတွက်လား...။ သို့တည်းမဟုတ် ၂ဝ၂ဝ ခရီးသွားနှစ်မှာ ဝင်ငွေကောင်းအောင်အတွက်လားဆိုတာကိုတော့...စာဖတ်သူများသာ ဆုံးဖြတ်တော်မူကြပါ။

နယ်ခြားစောင့်တပ်(ကာတွန်း)

ချောင်းကြည့်သူရဲ့ အမှား-အမှတ် ၂၅(ကိုကြီးပေါ်)

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ မိုးဥတုဟာ အရေးပါတဲ့ ကာလတခု ဖြစ်လေ့ရှိပါတယ်။ ဆန်စပါးကို အဓိက အားထားရတဲ့ ရွှေပြည်တော် ဖြစ်တာမို့ မိုးအခါမှာ လယ်ယာလုပ်ငန်းကို အားစိုက်ခွန်စိုက် လုပ်ကြရလေ့ ရှိပါတယ်။ မိုးမှာ စိုက်မှ ဆောင်းမှာ ရိတ်နိုင်မှာ မဟုတ်လား။ မိုးလွန်မှ ထွန်ချလို့ မရဘူးလေ။
အဲသည့် မိုးအခါမှာပဲ မြန်မာ့နိုင်ငံရေး မုန်တိုင်းတွေ ထန်ခဲ့လေသပေါ့။ ရွေးကောက်ပွဲ နှစ်ပတ်လည်, ဒေါ်စုမွေးနေ့, ဆဲဗင်းဇူလိုင်, အာဇာနည်နေ့, ရှစ်လေးလုံး, စက်တင်ဘာ ၁၈, ရွှေဝါရောင် စတာတွေ စီကာစဉ်ကာပါပဲ။ ဒီလို နိုင်ငံရေး မုန်တိုင်းထန်ချိန်မျိုးမှာ နိုင်ငံအုပ်ချုပ်တဲ့ ဗိုလ်ချုပ်မင်းကြီးများကတော့ ရွှေပြည်တော်ကြီး တိုးတက် သာယာ ဖွံ့ဖြိုး ကြီးထွား ပေါက်ပြဲ နေပုံများကို တိုင်းခန်းလှည့်လည် ကြည့်ရှုတော်မူတတ်ပါတယ်။
ဒီနှစ်မှာတော့ ကြပ်ပြေးလိုဏ်ခေါင်းများကို အစိုးရတော်မူသော ဗိုလ်ချုပ်မင်းကြီးက မဇ္စျိမဒေသသို့ တိုင်းခန်းလှည့်လည်တော် မူတယ်ခင်ဗျ။ ကိုကြီးပေါ်လည်း တရုတ်-၀ုခုန်းရဲ့ မဇ္ဈိမခရီးနဲ့ ရွှေ-၀ုခန်းရဲ့ မဇ္စျိမခရီး ဘယ်လိုနေသလဲလို့ ချောင်းကြည့်လိုက်မိတယ် ခင်ဗျ။

ဆင်ဖြူယောင် ဂါတဲ့အခါ
ရွှေပြည်တော် အနောက်ဖက်က ဒီမိုကရေစီ နိုင်ငံကြီး ဆိုတဲ့ ကုလားပြည်ဟာ ဗိုလ်ချုပ်မင်းကြီးများနဲ့ နှစ်ပြည့်တပြည် ပလူးပလဲ လုပ်နေတာ နှစ်အတော်ကြာပါပြီ။ အရင်တုန်းကတော့ ဒီမမိုရင် ကရေ မစီဘူး ရယ်လို့ ခတ်တင်းတင်း နေခဲ့လေသပေါ့။ ဒါပေမယ့် ဗိုလ်မင်းများကို အရှေ့ဖက် တရုတ်ကြီးက “ပေါက်ဖော်” လုပ်တော့ အနောက်ဖက် ကုလားကြီးကလည်း “ဆွေမျိုး” လုပ်လာရတာပါပဲ။ အဲ… ကြားထဲက နအဖကို တရုတ်နဲ့ ကုလားက တယောက်တဖက် ဆွဲနေကြပေမယ့် သူတို့ချင်းတော့ လက်ချင်းတိုက်ရိုက် ဆွဲမဆွဲ မသေချာဘူး ခင်ဗျ။

အခု ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ကို ဒုတိယမ္ပိ ကြွတော်မူတာကို “ချစ်ကြည်ရေး”လို့ ခေါင်းတပ်ထားတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ခေါင်းတပ်တပ်ပါလေ နောက်ဆုံးတော့ ဆွေမျိုး-ပေါက်ဖော် ပြဇာတ်ကကြတာပဲ ဆိုတာ အားလုံး သိပြီးသားရယ်ပါ။ ဒီခရီးမှာ သဘောတူ စာချုပ်တွေ, နားလည်မှု စာချွန်လွှာတွေ တထပ်ကြီး လက်မှတ် ရေးထိုးကြပါတယ်။ တရုတ်ဖက်က ကြိုးတချောင်း တင်းရင် ကုလားဖက်ကလည်း ကြိုးတရစ် တင်းရပေမပေါ့။
ဒီခရီးမှာ နိုင်ငံရေးအရ ဘာညာဘာညာ ဆိုတာတွေထက် အများသူငါ စိတ်ဝင်စားတာကတော့ “ငွေရောင်ပ၀ါ” ဖက်ရှင်နဲ့ “ဂန္ဒီဂျီးဗိမာန်”ကို ဂါရ၀ါပြုတာပါပဲ။
ဗုဒ္ဓဂါယာမှာ ဗိုလ်ချုပ်မင်းကြီးနဲ့ မင်းကတော်တို့ ဘုရားဖူးကြတဲ့အခါမှာ ငွေရောင်ပ၀ါ လည်မှာ စုံချထားတဲ့ ဖက်ရှင်အသစ်ကို တွေ့လိုက်ရပါတယ်။ အင်း… ဘုရားဖူးတဲ့အခါ ပခုံးပေါ်မှာ တင်တဲ့ အ၀တ်ဆိုတော့ တဘက် ခေါ်ရမလားပဲ။ သို့သော် တဘက်ဆိုရင် ပခုံးတဖက်တည်းမှာ တင်ချင်တင် ဒါမှမဟုတ် ညာချိုင်းအောက်ကနေ ဘယ်ပခုံးထက်ကို ရစ်သိုင်းပြီး လက်ကတော့ထိုးရင်ထိုး ဒီလို လုပ်ကြလေ့ ရှိတယ် မဟုတ်လား။ ခုနှယ် လည်ပင်းမှာ ဘယ်ညာစုံချထားတော့ ပ၀ါလား မာဖလာလား တဘက်လား ဘယ်လို ခေါ်ရမယ် မသိ။ ထားပါတော့။ ဒီဇိုင်း အသစ်လို့ပဲ ဆိုကြပါစို့။
အဲသည် ဒီဇိုင်းအသစ် ဖျတ်ခနဲ ပေါ်လာတာနဲ့ ဗိုလ်ချုပ်မင်းကြီးကို အရိပ်တကြည့်ကြည့် ကြည့်နေတဲ့ ရွှေပြည်တော်သားတွေက လှစ်ခနဲ မြင်ပြီးသားပဲ။ မြင်လျှင်မြင်ချင်းပဲ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ ဆက်တိုက် ပေါ်လာတာပါပဲ။ ဒါ ယတြာချေတာ…။ ငွေရောင်ဆိုတာ ဘာလဲ…။ ဘာလို့ လည်မှာ စုံချတာလဲ…။ လဲ လဲ လဲ … အောက်မလေး ဖွင့်ဆိုချက်တွေ မေးခွန်းတွေ တသီကြီးကို ထွက်လာတော့တာပါပဲ။ ကိုကြီးပေါ်တောင် မူးနောက်သွားတယ်။
ဟိုလိုဒီလို ပြောကြတာတွေကို ကိုကြီးပေါ် ပြန်ပြောမနေတော့ပါဘူး။ သိချင်ရင် ရှာသာဖတ်ကြည့် လက်တို့မေးကြည့် ကြပါတော့။ မိုးသောက်ကြယ် ပရိသတ်ကိုတော့ သို့လောသို့လောတွေ အတွေးပွား မနေရအောင်လို့ ကိုကြီးပေါ်က တခါတည်း ပြောလိုက်ပါ့မယ်။ မှတ်ထားလိုက်ကြပေတော့။
တကယ်က ဗိုလ်ချုပ်မင်းကြီး မောင်နှံ ငွေရောင်ပ၀ါ လည်မှာ စုံချတာဟာ “ငါတို့ ဆင်ဖြူသခင်” ဖြစ်ပြီလို့ သင်္ကေတနည်းနဲ့ ဖော်ပြလိုက်တာပါပဲ။ ဆက်စပ်ကြည့်လေ။ မကြာသေးခင်က ဆင်ဖြူရတယ်လို့ ကြေညာတယ် မဟုတ်လား။ ဆင်ဖြူသခင် ဖြစ်ကြောင်း ကြွားဖို့ရာ ကြံနေတုန်းမှာ ကုလားပြည် သွားဖို့ကိစ္စ ပေါ်လာတယ်လေ။ ကုလားပြည်ဆိုတာလည်း ဆင်ဖြူရောဂါ ကိုယ်တွင်းပါ နိုင်ငံပဲ မဟုတ်လား။ ဒီကုလားတွေကိုတော့ ငါဟာ ဆင်ဖြူသခင်ပဲဟေ့လို့ ပြောမှဖြစ်မှာပေါ့။
အင်း… ခက်တာက ဆင်ဖြူရကြောင်း ပေါ်တင်ကြီး ပြောရမှာလည်း နည်းနည်း ခက်သလေ။ ဒီတော့ သင်္ကေတနည်းနဲ့ ပြမှပဲဆိုပြီး ငွေရောင်ပ၀ါကို လည်မှာ စုံချလိုက်တာပေါ့။ ငွေရောင်ဆိုတော့ ကြည့်လိုက်ရင် ဆင်စွယ်နှစ်ဖက်လို ထင်ရတာပေါ့။ ဘုရားကန်တော့တဲ့အခါ ခေါင်းလေးအငုံ့ ပ၀ါနှစ်ဖက် ဖျတ်ခနဲအမ ဆိုရင် ဆင်တကောင်အလား တသားတည်းပေါ့။
အဲသလို ဗိုလ်ချုပ်မင်းကြီးက ဆင်ဖြူရှင်ဖြစ်ကြောင်း သင်္ကေတ ပြလိုက်တာကို ဟို ကုလားတွေကလည်း ရိပ်မိတယ် ခင်ဗျ။ သြ… ဒင်းက ဆင်ဖြူရှင်ဆိုပြီး ငါတို့ကို လာကျောတာပေါ့လေ၊ ဒါမျိုးတော့ ဘယ်ရမလဲ၊ ဒီကောင့်ကို ပြန်ဦးနှိမ်မှလို့ ကုလားကလည်း ပြန်တွက်တာပေါ့။ ဒီမှာတင် မဟတ္တမ ဂန္ဒီဂျီးဗိမာန်ကို ဂါရ၀ ပြုဖို့ စီစဉ်လိုက်တော့တာပါပဲ။

ဂန္ဒီ ဆိုတာက လက်နက်မကိုင်တဲ့ ငြိမ်းချမ်းရေးသမား။ နအဖ စစ်ဗိုလ်ချုပ်နဲ့ ဘာမှ မဆိုင်ပါဘူး။ ဗိုလ်ချုပ်မင်းကြီးကလည်း လက်နက်မဲ့ ငြိမ်းချမ်းရေးသမားကို အထင်ကြီး လေးစားတာ မဟုတ်ပါဘူး။ သိပ်တော့ သွားချင်တာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဂန္ဒီဂျီးကို “ဂါ”လိုက်ရင် “ခွင်”တည့်မယ် ဆိုတာနဲ့ သွား ဂါတာပါ။
ရွှေပြည်တော်မှာ ဘာလုပ်ချင်သလဲ၊ သက်ဆိုင်တဲ့ “အဘ”ကို “ဂါ”လိုက်၊ အားလုံး အိုကေ။ အဘ ဆိုတာက စစ်ဗိုလ်ချုပ်ကြီးများကို ဆိုလိုတာ။ ဂါတယ် ဆိုတာက ဂါရ၀ ရဲ့ အတိုကောက်။ “ကျနော် အဘကို ဂါရ၀ ပြုချင်လို့ပါ” ဆိုပြီး အဘကတော် ဆီမှာ အထုပ်လိုက်, အချောင်းလိုက်, အတံလိုက်, အပွင့်လိုက် ဂါရတယ်တဲ့။ အမလေး ကိုကြီးပေါ်ကို မဟုတ်တယုတ်တွေ ရေးတယ်လို့ ချော်မတွေးနဲ့နော်။ အထုပ်လိုက် ဆိုတာ ပိုက်ဆံ၊ အချောင်းလိုက် ဆိုတာ ရွှေ၊ အတံလိုက် ဆိုတာ ကားသော့ အိမ်သော့၊ အပွင့်လိုက် ဆိုတာ စိန် ကိုပြောတာပါ။
ကုလားပွဲစားက ဂန္ဒီဂျီးကို ဂါလိုက်ပါလို့ တိုက်တွန်းတာနဲ့ သွားဂါကြတာ။ သူတို့က ရွှေပြည်တော်မှာလိုပဲ ခွင်တည့်ချင်ရင် အရင် ဂါရမယ် အမှတ်နဲ့ သွားဂါတာ။ သူ့အတွေးနဲ့သူ အိုကေ။ အဟဲ… ကုလားကလည်း သူ့အကြောင်းနဲ့ သူပါပဲ။ ဂန္ဒီဂျီးက ပွဲကြီးလမ်းကြီးတွေဆိုရင် ဆင်စီးပြီး သွားလေ့ ရှိတယ်လေ။ ဒီအချက်ကိုတော့ ဂိမ်းဆော့ဖို့နဲ့ ကွမ်းဝါးဖို့လောက်ပဲ ၀ါသနာပါတဲ့ ဗိုလ်ချုပ်မင်းကြီးတို့ ဘယ်သိပါ့မလဲ။ သူ့နားက လူတွေလည်း မသိပါဘူး။ ဂန္ဒီဆိုတဲ့ နာမည်တောင် ကြားဖူးတာမှ မဟုတ်တာ။ ဒီတော့ ဆင်ဖြူယောင် ဖန်ဆင်းပြတဲ့ ဗိုလ်ချုပ်မင်းကြီးကို ဆင်စီးတဲ့ ဂန္ဒီရှေ့မှာ ဦးညွှတ်ခိုင်းလိုက်တာက ကုလားရဲ့ တန်ပြန် ယတြာပါတဲ့ ခင်ဗျား။
ပြီးတော့မှ ဂန္ဒီက သူ့မြေး လူမမယ်လေးအတွက် ရေးပေးခဲ့တဲ့ ဆုံးမစာကို ဗိုလ်ချုပ်မင်းကြီး ဆင်မောင်နှံကို လက်ဆောင်ပေးတယ်တဲ့။ ရွှေပြည်တော်ကြီးမှာ သွားလေရာ လမ်းညွှန်, ရောက်လေရာ သြ၀ါဒပေး, ရွှေပြည်သားတွေ စည်းကမ်းရှိဖို့ နေ့စဉ် ဆုံးမနေတော်မူတဲ့ အပူဇော်ခံ အကန်တော့ခံ ဗိုလ်ချုပ်မင်းကြီး ကုလားပြည်ရောက်မှ ၀ဋ်လည်တော့တာပါလား။ ဆုံးမစာ လက်ခံခဲ့ရသတဲ့။ သြ… မလိမ်မိုး မလိမ်မာ လေးတွေမို့ ကုလားက ဆုံးမယ်တယ် ထင်ပါရဲ့။ အဲ… ဆုံးမစာက လူမမယ် မြေးအရွယ် အတွက်ရေးခဲ့တာ ဆိုတော့… ကောင်လေးနဲ့ ကောင်မလေး မင်းတို့ ကလေးပဲ ရှိသေးတယ်လို့များ ဆိုချင်လေသလား။
ကဲ… ကိုကြီးပေါ် ချောင်းကြည့်လိုက်တာ အမှားတွေ တသီချည်းပါပဲလား။ ဒီတခေါက် ကုလားရဲ့ လုပ်နည်းကားက တွေးစရာလေးတွေ ချန်ထားခဲ့လေတော့ နောက်တခါ တရုတ်ပြည်ကို သွားတဲ့အခါ ဆင်မောင်နှံ အဖို့ ဆွန်ယက်ဆင်တို့ မော်စီဒုံးတို့ရဲ့ ဆုံးမစာကလေးတွေများ လက်ဆောင် ရလိမ့်ဦးမလား ထင်မိပါရဲ့။
ကိုကြီးပေါ်

Thursday, August 12, 2010

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဂျပန်ရောက်မြန်မာများတောင်းဆိုဆန္ဒပြ




တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးကိုဆောင်ရွက်နေသော မြန်မာဒီမိုကရေစီခေါင်းဆောင်၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အုပ်စုမှ မတရားအမှုဆင်ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ဆက်လက်ထိန်းသိမ်းထားသည်မှာ ယနေ့သြဂုတ်လ(၁၁)ရက်နေ့တွင် (၁)နှစ်ပြည့်ြ့ပီ ဖြစ်သောကြောင့် တိုကျိုမြို့၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းများပူးပေါင်းကာ ရှီနာဂါဝရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင် တောင်းဆိုဆန္ဒပြပွဲတခု ဆောင်ရွက်ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားမှုးအဖြစ်ဆောင်ရွက်ခဲ့သော ကိုမြတ်သူက “လက်နက်တွေ၊ မတရားတဲ့အမိန့် အာဏာတွေကိုကိုပိုင်ဆိုင်ထားတဲ့ နအဖစစ်တပ်တစ်တပ်လုံးက ဘာလက်နက်မှမကိုင်ထားတဲ့ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့် မတရားအမှုဆင်ဖမ်းဆီးပြီးနေ အိမ်အကျယ်ချုပ်ထပ်မံချထားသည်မှာ (၁)နှစ်ပြည့်ပြီဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျနော်တို့အားလုံးရဲ့အမျိုးသားခေါင်းဆောင်ဖြစ်တဲ့အပြင်၊ တိုင်းပြည်တည်ငြိမ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်ဆောင်ပေးနိုင်သော နိုင်ငံတကာအသိအမှတ်ပြု ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တဦးဖြစ်တာကြောင့် အမြန်ဆုံးပြန်လည်လွတ်မြောက်လာရန်တောင်းဆိုရခြင်းဖြစ်ကြောင်း”ပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေဂျပန်ဌာနခွဲ)မှဦးမြသိန်းက “ကျနော်တို့နိုင်ငံရဲ့နိုင်ငံရေးဟာ နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ အဖြေရှာလို့မရပါဘူး။ “အမျိုးသားပြန်လည်သင့်မြတ်ရေး၊စည်းလုံးညီညွတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး” တို့ကိုပြုလုပ်သင့်ကြောင်း၊ ထိုအခြေခံ(၃)ချက်ကိုဖော်ထုတ်ပြီးမှသာလျှင် ရွေးကောက်ပွဲကိုလုပ်သင့်ကြောင်း၊ သို့မဟုတ်ပါက မြန်မာနိုင်ငံသူ/သားတွေအတွက် ဒုက္ခရောက်စေနိုင်မဲ့ ရွေးကောက်ပွဲဖြစ်သောကြောင့် ၂၀၁၀ ရွေးကောက်ပွဲအားဆန့်ကျင်ကြောင်း၊ မတရားဖမ်းဆီးထိန်းသိမ်းထားသော လူထူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များနှင့် ရဟန်းသံဃာတော်များကိုလည်း အမြန်ဆုံးလွတ်ပေးရန်တောင်းဆိုကြောင်း ပြောဆိုသွားခဲ့ပါသည်။
နေ့လယ် ၃ နာရီမှ ညနေ ၄ နာရီအထိကျင်းပပြုလုပ်သော ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲသို့ အဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များလည်း လာရောက်ခဲ့ကြပြီး ကြွေးကြော်သံများနှင့်ရုပ်သိမ်းခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

Monday, August 9, 2010

ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် ဂျပန်ရောက်တိုင်းရင်းသားများဆန္ဒပြတောင်းဆို


ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ်(၉၃)နှစ် အဖြစ် မတရားအကျဉ်းကျခံနေရသည့် သျှမ်းတိုင်းရင်းခေါင်းဆောင်ဦးခွန်ထွန်းဦးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲကို ရှီဘူယရပ်ကွက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN-Japan)၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SND- Japan)နှင့်သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SSND-Japan)တို့မှဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။
မွန်းလွဲ(၃)နာရီမှ(၄)နာရီအထိကျင်းပခဲ့သော အဆိုပါတောင်းဆိုဆန္ဒပြပွဲကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှလည်း လာရောက်ပူးပေါင်းခဲ့ကြပါသည်။ အခမ်းအနားမှုးအဖြစ် သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) (SSND-Japan)မှစိုင်းကျန်မွန်းက တာဝန်ယူဆောင်ရွက်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SND- Japan) မှကိုခင်ဇော်ဦးက ဦးခွန်ထွန်းဦး၏ကိုယ်ရေးရာဇဝင် ကိုဖတ်ကြားခဲ့ပါသည်။
တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ကြပြီး၊ သျှမ်းတိုင်းရင်းခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနေရသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာသည်အထိ လစဉ် ၉ ရက်နေ့တိုင်း တောင်းဆိုဆန္ဒပြမှုများကို ပြုလုပ်သွားမည်ကြောင်း သိရပါသည်။
အခမ်းအနားကို“FREE BURMA ” “FREE DAW AUNG SAN SU KYI” “ FREE U KUN TUN OO”စသည့်ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

Sunday, August 8, 2010

၂၂ နှစ်မြောက် ရှစ်လေးလုံးနှစ်ပတ်လည်နေ့ ဆန္ဒပြမှု

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပေဒကို ရှစ်လေးလုံးနှစ်ပါတ်လည်နေ့တွင် အပြင်းအထန်ကန့်ကွက်
သတင်း-သန့်မျိုးထွေး၊
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)
နအဖစစ်အာဏာရှင်များစိတ်ကြိုက်ရေးဆွဲအတည်ပြု ပြဋ္ဌားန်းထားသည့် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ရွေးကောက်ပွဲကို ရှစ်လေးလုံးနှစ်ပါတ်လည်နေ့တွင် ဂျပန်ရောက် ဒီမိုကရေစီလိုလားသူ မြန်မာများက လမ်းလျှောက်ချီတက်ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

၂၀၁၀ ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် ရှစ်လေးလုံးနှစ်ပါတ်လည်နေ့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တော်ရှိ Gotanda ပန်းခြံတွင် နေ့လည်(၁)နာရီမှစတင်စုရုံး၍ ချီတက်ဆန္ဒပြကြခြင်းဖြစ်ပြီး အဆိုပါဆန္ဒပြပွဲတွင် နှစ်ပါတ်လည်နေ့နှင့်တိုက်ဆိုင်စွာ မကြာမှီနအဖမှကျင်းပတော့မည့် ၂၀၁၀ရွေးကောက်ပွဲနှင့် ၂၀၀၈ အခြေခံဥပဒေကို အပြင်းအထန်ကန့်ကွက်လိုက်ကြခြင်းဖြစ်သည်။




၂၂ နှစ်မြောက်သွားခဲ့သည့် ရှစ်လေးလုံးနှစ်ပါတ်လည်နေ့တွင် ၈၈ အရေးတော်ပုံကာလတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအနေနှင့် ကိုယ်တိုင်ပါဝင်ခဲ့သည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေးကို လှုပ်ရှားနေသည့် ကိုဖုန်းမြင့်ထွန်းက ၁၉၇၄ခုနှစ်အခြေခံဥပဒေကြောင့် တစ်ပါတီမဆလအာဏာရှင်စနစ် ပေါ်ပေါက်ခဲ့ပြီး ပြည်သူများစားဝတ်နေရေးကျပ်တည်းမှုနှင့် ဒီမိုကရေစီလိုလားသော ပြည်သူများကြောင့် ၁၉၈၈ ခုနှစ်တွင် သြဂုတ်လတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးပေါ်ပေါက်လာခဲ့ပြီး ဦးနေ၀င်းဦးဆောင်သည့် တစ်ပါတီအာဏာရှင်စနစ်ကို အပြီးပြတ်ဖြုတ်ချနိုင်ခဲ့ခြင်းကြောင့် ယခုနှစ်ပါတ်လည်နေ့တွင် ၂၀၀၈ဖွဲ့စည်းပုံနှင့် ၂၀၁၀ရွေးကောက်ပွဲကို အပြင်းအထန်ကွန့်ကွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

၎င်းက``အခု၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲကို လုပ်မှာမို့လို့ နိုင်ငံရေးအခြေအနေရ ၂၀၁၀ ရွေးကောက်ပွဲဟာ ကျနော်တို့တိုင်းပြည်ရဲ့ စစ်မှန်တဲ့အဆုံးအဖြတ်မဟုတ်ဘူး၊ ကျနော်တို့တိုင်းပြည်ရဲ့အဆုံးအဖြတ်ဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖစစ်ခေါင်းဆောင်းတွေ တွေ့ဆုံဆွေးနွေးမှသာ တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာကို ဖန်တီးနိုင်မှာဖြစ်တယ်၊ အဲ့ဒါကြောင့် ၂၀၁၀ရွေးကောက်ပွဲကို အတိုင်အခံတွေသဘောဆန္ဒမပါဘဲ တဖက်သတ်လုပ်သွားမယ်ဆိုရင် တိုင်းပြည်ဟာ ဘယ်တော့မှငြိမ်းချမ်းမှာ မဟုတ်ဘူး၊ တိုင်းရင်းသားတွေရော၊ နိုင်ငံရေးသမားတွေအတွက်ရော ဘယ်တော့မှငြိမ်းချမ်းရေးရမှာမဟုတ်ဘူးဆိုတာကို ၂၀၀၈ဖွဲ့စည်းပုံနဲ့၂၀၁၀ရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်´´ဟု ပြောကြားသွားသည်။

မြန်မာပြည်ပြင်ပလွတ်မြောက်နယ်မြေတွင် လူစုလူဝေးဖြင့် အများဆုံးသော အင်အားဖြင့် ဆန္ဒပြမှုဟုဆိုနိုင်သည့် ယနေ့ရှစ်လေးလုံး ၂၂ ပြည့်နှစ်ပါတ်လည် ဆန္ဒပြပွဲတွင် ဂျပန်မီးရထားအလုပ်သမားသမဂ္ဂအပါအ၀င် ဂျပန်၌ဖွဲ့စည်းထားသည့် မြန်မာ့ဒီမိုကရေစီးလှုပ်ရှားသူအဖွဲ့အစည်းများအပါအ၀င် အင်အား ၁၁၀၀ ကျော်က နအဖရွေးကောက်ပွဲနှင့်ဖွဲ့စည်းပုံကို ဆန့်ကျင်ကွက်ကြခြင်းဖြစ်ပြီး ဆန္ဒပြသူများသည် စတင်ထွက်ခွာရာ Gotanda ပန်ခြံမှတဆင့် ရှီနာဂါဝါရှိမြန်မာသံရုံးကို ဖြတ်သန်း၍ Gotenyama ပန်းခြံတွင် အဆုံးသတ်ခဲ့ကြသည်။

လမ်းလျှောက်ချီတက်ဆန္ဒပြရာတွင် ဂျပန်ဘာသာဖြင့် တောက်လျှောက်ဟစ်အော် တောင်းဆိုခဲ့ကြသလို မြန်မာသံရုံးအရှေ့သို့အရောက်တွင် ရှစ်လေးလုံးစိတ်ဓါတ်အပြည့်ဖြင့် မြန်မာဘာသာဖြင့် ၂၀၁၀ရွေးကောက်ပွဲအလိုမရှိကြောင်း၊ ရှစ်လေးလုံးစိတ်ဓါတ်ဖြင့် နအဖအာဏာရှင်စနစ်ကို တိုက်ဖျက်ပစ်စသည့်ကြွေးကြော်သံများကို ပိုမိုပြင်းထန်းစွာ ဟစ်အော်တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြတောင်းဆိုမှုများနှင့်ပါတ်သတ်၍ ဂျပန်အစိုးရ၏တုံ့ပြန်မှုများကို ကိုဖုန်းမြင့်ထွန်းက ``ကျနော်တို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ဂျပန်အစိုးရကို ထိုးဖောက်ဖိအားပေးနိုင်ဖို့ လုပ်နေပါတယ်၊ ကျနော်တို့ ပြည်သူ့လွှတ်တော်ထဲလည်း ၀င်ပါတယ်၊ လွှတ်တော်အမတ်တွေကနေတဆင့်လည်း ပြောပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနကိုလည်း သွားပါတယ်၊ အဲ့လိုမျိုးနဲ့ဗမာပြည်ကြီး လွတ်မြောက်ရေးအတွက် လှုပ်ရှားနေတာဟာ ဒီနေ့လူပေါင်းထောင့်တစ်ရာလာတာထက် ပိုမိုပြီးတော့ လာနိုင်မယ်ဆိုရင် ဂျပန်အစိုးရကို ပိုမိုဖိအားပေးနိုင်မယ်၊ ဂျပန်မှာရှိတဲ့ မြန်မာလူမျိုးတိုင်း ပူးပေါင်းပါဝင်လာမယ်ဆိုရင် တိကျတဲ့တစုံတရာသောအတိုင်းအတာနဲ့ဖိအားကို ဂျပန်အစိုးရကို ပေးနိုင်လိမ့်မယ်ထင်ပါတယ်´´ဟု အနည်းငယ်ရှင်းလင်းဖွင့်ဆိုပြောပြသွားခဲ့သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More