Wednesday, March 12, 2008

လေးစားစံထားတဲ့ လေထီးဦးအုန်းမောင်

မောင်စွမ်းရည်


လေထီးဦးအုန်းမောင်ဟာ ကျနော်တို့ လေးစားစံထားသူတဦး ဖြစ်ပါတယ်။ ဦးအုန်းမောင်ဟာ ရာသက်ပန်နိုင်ငံရေးသမား တဦးဖြစ်ပြီး သူ့ယုံကြည်ချက်အတိုင်း တသက်လုံး မတွေမဝေ မယိမ်းမယိုင်ဘဲ နေထိုင်ကျင့်ကြံသွားသူ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီအောင် နေထိုင် စားသောက်လေ့ရှိပြီး ကိုယ်ကျင့်သိက္ခာအရာမှာလဲ အစွန်းအထင်းမရှိ နေထိုင်သွားလေ့ရှိသူတဦး ဖြစ်ပါတယ်။

ဦးအုန်းမောင်အကြောင်းကို ဟိုတစ ဒီတစ ဖတ်ဖူးတာကတော့ ငယ်စဉ်ကတည်းကပါပဲ။ ဦးသိန်းဖေမြင့်ရဲ့ "စစ်အတွင်းခရီးသည်" နဲ့ "မဟာမိတ်နဲ့ဗမာ့တမန်" စာအုပ်များ၊ သခင်မြသန်းနဲ့ မောင်ချစ်ရည်(ဦးစောလွင်)တို့ ရေးကြတဲ့ ကိုကိုးကျွန်းအကျဉ်းစခန်းအကြောင်း စာအုပ်များမှာ ဖတ်ခဲ့ရဖူးတာ ဖြစ်ပါတယ်။ နောင်အခါ ကျွန်တော် ရန်ကုန်ရောက်လာတော့ မိုးဂျာနယ်မှာ ဦးအုန်းမောင်ကိုယ်တိုင်ရေးတဲ့ စာတွေကို ဖတ်ရပြီး ပြည်ပရောက်တော့ ဗိုလ်ချုပ်ကျော်ဇောရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေမှာလဲ ဖတ်ရပါတယ်။ ဒီစာအုပ်စာတမ်းတွေ အပြင် ကာနယ်ချစ်ကောင်းရေးတဲ့ နှစ် ၂၀ စာအုပ်ကတော့ဖြင့် လွမ်းစရာအကောင်းဆုံးပါပဲ။ ဦးအုန်းမောင်ဟာ ဗမာ့ခေတ်သစ်သမိုင်း၊ ဗမာ့ လွတ်လပ်ရေးသမိုင်း၊ ဗမာတို့ရဲ့ဖက်ဆစ်တော်လှန်ရေးသမိုင်းမှာ ရှေ့ဆုံးက အသက်စွန့်ပါဝင်ခဲ့သူတဦးအဖြစ် အဲဒီစာအုပ်တွေက မီး မောင်းထိုးပြနေပါတော့တယ်။

ဖက်ဆစ်တော်လှန်ရေးကို ဗိုလ်ချုပ်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်နဲ့အတူ ဂျပန်တွေဝင်မလာခင်ကတည်းက ဗမာလူငယ်တွေက ပြင်ဆင်နေခဲ့ပြီဆိုရင် တချို့လူငယ်တွေက အံ့သြကြပါလိမ့်မယ်။ သခင်အောင်ဆန်းတို့ဟာ ပြည်ပကို မထွက်ခင်ကတည်းက ဖက်ဆစ်ကို ဖက်ဆစ်မှန်းသိခဲ့ကြပြီး ဖြစ်ပါတယ်။ ထွက်သွားကတည်းက ဂျပန်တွေဆီကိုသွားတာမဟုတ်ဘဲ ဂျပန်ကို ခုခံတော်လှန်နေပြီဖြစ်တဲ့ တရုတ် ကွန်မြူနစ်တွေဆီကိုသွားရင်း ဂျပန်က သခင်အောင်ဆန်းတို့ ဦးတည်သွားနေတဲ့ တရုတ်မြို့တွေကို သိမ်းပိုက်ပြီးဖြစ်နေလို့ အဆက်ပြတ် သွားခဲ့ရတာပါ။ ရဲဘော်သုံးကျိပ်တို့က အရှေ့ဘက်ကိုထွက်သွားသလို ရဲဘော်ရှစ်ကျိပ်(လောက်)ဟာလဲ အနောက်ဖက်ကို ထွက်သွားခဲ့ပါ တယ်။ အရှေ့ဘက်ကိုထွက်သွားသူတွေရဲ့ ခေါင်းဆောင်က သခင်အောင်ဆန်း။ အနောက်ဘက်ကို ထွက်သွားတဲ့ သူတွေရဲ့ ခေါင်းဆောင် က သခင်သိန်းဖေ။ တက်ဘုန်းကြီးသိန်းဖေခေါ် ကာလကတ္တား သခင်သိန်းဖေ။ သခင်အောင်ဆန်း၊ သခင်သိန်းဖေ၊ သခင်လှဖေ၊ သခင်ဗ ဟိန်းစတဲ့ သခင်လူငယ်တွေဟာ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်တည်ထောင်သူတွေလဲ ဖြစ်ကြပါတယ်။ သခင်အောင်ဆန်းရဲ့အုပ်စုဟာ ထွက်တာစောလို့ ထင်ပါတယ်။ လူဗျောက်သောက် ရောရာပါရှိပါတယ်။ သခင်သိန်းဖေရဲ့အုပ်စုကတော့ ကွန်မြူနစ်ပါတီဝင်တွေများပါ တယ်။ ကွန်မြူနစ်တွေလိုလိုချည်းပါပဲ။ ကွန်မြူနစ်မဖြစ်သေးသူတွေလဲ ကာလကတ္တားမှာပဲ "နီ" သွားကြပါတယ်။

၁၉၄၄ခုနှစ်မှာ သခင်ဗိုလ်ခေါင်းဆောင်တဲ့ ရဲဘော် ၉ဦးအဖွဲ့ဟာ အထက်အညာမှာ ဗဟိုပြုနေတဲ့ ဗိုလ်ဗထူးတပ်ရဲ့ အကူအညီနဲ့ မဲဇာ တကောင်းဘက်ကို ဖြတ်ပြီး အိန္ဒိယပြည်ရှိ သခင်သိန်းဖေဦးစီး စီမံခန့်ခွဲနေတဲ့ လေထီးသင်တန်းကို သွားတက်ဖို့ ဖြစ်ပါတယ်။ အဖွဲ့ဝင်တွေ ထဲမှာ မန်းဝင်မောင် (နောင်-သမ္မတ)၊ ကာနယ်ချစ်ကောင်း (နောင်-တောခို ကွန်မြူနစ်ခေါင်းဆောင်)၊ ရခိုင်ဦးကျော်ရင် (နောင်-မန္တလေးတ က္ကသိုလ် ပါမောက္ခချုပ်)၊ ဗိုလ်ဘညွှန့် (ပီကင်းပြန်၊ တောခို ကွန်မြူနစ်) အားလုံးခုနှစ်ဦး ဖြစ်ပါတယ်။ ဗိုလ်ဘထူးက လမ်းပြဖို့ ထည့်လိုက်တဲ့ ဗိုလ်လှဖေနဲ့ မောင်ကျောက်တို့ပါ ပေါင်းရင်အားလုံး ၇ ဦးပါ။ မဲဇာဘက်ရောက်မှ ဗိုလ်လှဖေ ငှက်ဖျားမိလို့ လူစုခွဲလိုက်ရပါတယ်။ ဦးအုန်း မောင်က ဗိုလ်လှဖေကို ပြန်ပို့ဖို့ နေရစ်ခဲ့ရပါတယ်။ ဒါကြောင့် မန်းဝင်းမောင်နဲ့အတူ နောက်မှ ပြန်သွားရပါတယ်။ အိန္ဒိယနဲ့ သီဟိုမှာ လေထီး သင်တန်း၊ စစ်သင်တန်းများကို မဟာမိတ် (အင်္ဂလိပ်၊ အမေရိကန်) တပ်တွေက ဦးဆောင်လေ့ကျင့်ပေးပါတယ်။ ပင်မစခန်းမှာတော့ သခင် သိန်းဖေကသူ့ရဲ့ဘုံရိပ်သာမှာ ကွန်မြူနစ် သဘောတရားရေးသင်တန်းတွေ ပေးပါတယ်။ သင်တန်းပြီးတော့ ဗမာပြည်ထဲကို လေထီးနဲ့ ခုန် ဆင်းပြီး ပြည်တွင်းက ဖက်ဆစ်တော်လှန်ရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရပါတယ်။

ဗမာပြည်ကလွတ်လပ်ရေးရတော့ ၁၉၄၈မှာပဲ ကွန်မြူနစ်တွေလဲ ဖဆ-ဆိုရှုယ်အစိုးရရဲ့ တောခြောက်တာကို ခံရပြီး ပြည်တွင်းစစ်ဖြစ် ပွားခဲ့ပါတယ်။ ဦးအုန်းမောင်တို့လဲ တောခိုရပြီး ကွန်မြူနစ်ဗဟိုကော်မီတီဝင်တွေ ဖြစ်ကုန်ကြပါတယ်။ နောက်တော့ စစ်တပ်က ဖမ်းမိသွား တာလို့ ထင်ပါရဲ့ ထောင်ကျပြီး ကိုကိုးကျွန်းအကျဉ်းစခန်းကို နှစ်ခါပြန်ရောက်ရှိသွားခဲ့ရရုံမက လိပ်ကျွန်းအကျဉ်းစခန်းကိုလဲ အပို့ခံခဲ့ရတော့ ကျွန်းသုံးကျွန်းစံခဲ့ရသူ ဖြစ်သွားခဲ့ပါတယ်။ ကိုကိုးကျွန်းအကျဉ်းစခန်းမှာတော့ ဗန်းမော်တင်အောင်၊ မြသန်းတင့်တို့နဲ့အတူတူ အစာအငတ် ခံတိုက်ပွဲကို ခေါင်းဆောင်ဆင်နွှဲခဲ့သူတဦး အဖြစ်ထင်ရှားပါတယ်။ နောက်ဆုံးပါဝင်လှုပ်ရှားခဲ့တာကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးပါ။ ဦးအုန်းမောင်တို့အကြောင်းတွေကို ဖတ်ရတာဟာ ဒဏ္ဍာရီပုံပြင်တွေကို ဖတ်ရသလို မယုံနိုင်လောက်အောင် ထူးခြားဆန်းကြယ်လှပါ တယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေဟာ လူအများပြားပါဝင်တဲ့ တကယ့်သမိုင်းဝင်ဖြစ်ရပ်တွေပါပဲ။ ဗမာ့လွတ်လပ်ရေးသမိုင်း၊ ဖက်ဆစ်တော်လှန် ရေး သမိုင်းကြီးပါ။

ကျွန်တော်ရန်ကုန်ကို ရောက်လာတာက ၁၉၇၀ခုနှစ်ကျော်မှပါ။ ကျွန်တော် မန္တလေးမှာနေကတည်းက ဆက်သွယ် ကျွမ်းဝင်နေတဲ့ စာကြည့်တိုက်မှူးဟောင်း ယဉ်ကျေးမှုဗိမာန် ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွတ် (ဆရာတိုက်စိုး) အိမ်ကို မကြာခဏ ရောက်တတ်ပါတယ်။ ဆရာတိုက်စိုးက "ခုပဲ ကိုအုန်းမောင်ပြန်သွားတယ်" "တော်ကြာရင် ကိုအုန်းမောင်လာလိမ့်မယ်" စသဖြင့် ပြောလေ့ရှိပါတယ်။ ဆရာတိုက် စိုးနဲ့ ဦးအုန်းမောင်ဟာ ဖျာပုံသားတွေဖြစ်ကြပြီး မူလတန်းကတည်းက တွဲလာတဲ့သူငယ်ချင်းတွေပါတဲ့။ ရုပ်ရည်အရ ပြောရရင် အမွှာမွေးလို တူကြပါတယ်။ ဆရာတိုက်စိုးက သူ့အထက်က ၀န်ကြီး(ဗိုလ်ချုပ်သောင်းဒန်) တို့ကို ကြိုတင်ရှင်းပြပြီး ဦးအုန်းမောင်ကို ငယ်သူငယ်ချင်းအ ဖြစ် သူ့ရုံးကိုတောင် ဖိတ်ခေါ်တွေ့ဆုံခဲ့ပါတယ်။ အထူးသဖြင့်တော့ ရှေးဟောင်းနှောင်းဖြစ်နဲ့ စာကြောင်းပေကြောင်းတွေ ပြောကြတာပါပဲ။

ကျွန်တော် ရန်ကုန်ရောက်လာတဲ့အခါ ဆရာတိုက်စိုးက သူ့အိမ်ကို ဦးအုန်းမောင်၊ သခင်အုန်းမြင့်၊ ဒဂုန်တာရာ၊ စတဲ့ မိတ်ဆွေများကို ဖိတ်ခေါ်ပြီး စကားဝိုင်းဖွဲ့လေ့ရှိပါတယ်။ ကျွန်တော့်ကိုလဲ ဆရာတိုက်စိုးက ဖိတ်လေ့ရှိလို့ သူတို့ဝိုင်းမှာ ပါနေပါတယ်။ အထူးသဖြင့် ရှေး ဟောင်းနှောင်းဖြစ်တွေကိုပဲ ပြောလေ့ရှိပါတယ်။ ကျွန်တော်က သူတို့အထ္တုပ္ပတ္တိတွေကို တပိုင်းတစစီပဲ သိသူဖြစ်လို့ ကျွန်တော်မသိသေးတဲ့ ကွင်းဆက်တွေကို ၀င်မေးပါတယ်။ စာကြောင်းပေကြောင်းကတော့ အားလုံးကရှေ့မီ နောက်မီချည်းဆိုတော့ ပြောလို့လဲကောင်း၊ နား ထောင်မှတ်သားဖို့လဲ ကောင်းပါတယ်။

ကျွန်တော်တို့ ပုံမှန်တွေ့ဆုံလေ့ရှိတဲ့ အခြားနေရာတွေကတော့ မွေးနေ့ပွဲတွေနဲ့ ကွယ်လွန်သူတွေရဲ့ နှစ်လည်ပွဲတွေပါပဲ။ လေထီး ဦးအုန်းမောင်က ဖျာပုံသားဆိုတော့ ဆရာဇော်ဂျီမိသားစုနဲ့လဲ ရင်းနှီးပါတယ်။ ဆရာဇော်ဂျီကွယ်လွန်ခြင်း ၁၀နှစ်ပြည့်ပွဲမှာ သင်္ဘောတစီး လုံးငှားပြီးသွားကြတော့ ဦးအုန်းမောင်တို့၊ သခင်အုန်းမြင့်တို့လဲ ပါကြပါတယ်။ ပွဲမှာ သူတို့ စကားပြောခွင့်မရကြပါဘူး။ မုံရွာတင်ရွှေ၊ ဗိသု ကာ ကျော်မင်း၊ ကိုသိန်းမောင်(အဖွဲ့ချုပ်၊ တိုင်းစည်းရုံးရေးမှူး) ဟာဂျီမြသန်း(ကိုမင်းဇင်တို့ အဖေ)၊ ဆရာမြသန်းတင့် စသူတို့ရဲ့ နှစ်လည် ဆွမ်းကျွေးပွဲ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ်လည်ဆွမ်းကျွေးပွဲတို့မှာလဲ ဆုံလေ့ရှိကြပါတယ်။ အမေလူထု ဒေါ်အမာ မွေးနေ့ပွဲမှာ တော့ သခင်အုန်းမြင့်၊ သခင်သိမ်းမောင် (၀ါးခယ်မ)၊ ဦးထွန်းတင် (သခင်ကိုယ်တော်မှိုင်း ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး)၊ တော် ဘုရားလေး၊ ဦးချမ်းအေး စသူများတွေနဲ့ နှစ်စဉ်ဆုံကြတယ်။ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေလဲ ပါတယ်။ အများအားဖြင့် စစ်အစိုးရက မျက် စိဒေါက်ထောက်ကြည့်တာ ခံရသူတွေ တနိုင်ငံလုံးက ဆိုသလို လာကြတာပါ။ ဘယ်မှာဆုံဆုံ ဒီလူတွေချည်းပါပဲ။ ဒါပေမဲ့ ဒီလူတစုဟာ လက်ရှိ အစိုးရအကြောင်းကို အထူးပြောဆိုနေလေ့မရှိပါဘူး။ (ပြောစရာမှ မလိုဘဲ)။ ခုဟာက အချင်းချင်း အလွမ်းပြေ တွေ့ဆုံကြ အားပေး ကြတဲ့ သဘောထက်မပိုလှပါဘူး။

ကျွန်တော်တို့တတွေ ဦးအုန်းမောင်ရဲ့ အိမ်ကိုလည်း အလည်ရောက်လေ့ရှိတယ်။ လူငယ်လေးတွေက အဘဦးအုန်းမောင်အိမ်ဆိုရင် လိုက်ပို့ချင်လေ့ရှိတယ်။ သူတို့ရဲ့ အဘဦးအုန်းမောင်နဲ့ ကျနော်တို့ စကားပြောကြတာကို နားထောင်ချင်ကြလို့တဲ့။ ကျနော်က သူတို့ကို ကိုကိုးကျွန်းမှာ အချင်းချင်းစောင့်ရှောက်ကြပုံ၊ စိတ်ဓာတ်မြှင့်တင်ကြပုံ၊ အပျင်းဖြေကြပုံ၊ နိုင်ငံရေးလေ့လာကြပုံ၊ သမိုင်းလေ့လာကြပုံတွေ ကို ကိုယ်လဲကြားချင် လူငယ်တွေလည်း ကြားစေချင်ပါတယ်။ ကျနော်ကြားဖူးတဲ့ ပုံပြင်လေးကို ကျနော်ပြန်မေးဖူးတယ်။ အဘထောင်က (ကျွန်းက) လွတ်လာတော့ အိမ်ကိုပြန်လာတယ်။ အိမ်ပေါက်ဝမှာ သူ့သမီးကလေးကိုတွေ့တော့ သမီးက အဖေကို စိမ်းနေတယ်။ "သမီးအ ဖေလေ" လို့ပြောတော့ သမီးလေးက "အမေရေ အဖေဆိုတဲ့လူကြီးလာနေတယ်"လို့လှမ်းအော်သတဲ့။ တချို့က ဒီပုံပြင်လေးကိုကြားရရင် မျက်ရည်ကျကြပါတယ်။ "အဘက တိုက်ပွဲမှာ ခြေထောက်ကို သေနတ်မှန်လို့ အဖမ်းခံရတာဆို" "လေထီးတပ်သားကြီးကို ကန်ဖူးတယ်ရှိ အောင်ဆိုပြီး စစ်စုံထောက်တွေကကန်လို့ နံရိုးကျိုးဖူးတယ်ဆို" စသဖြင့် သူတို့က ၀င်မေးကြတာတွေလည်းရှိပါတယ်။ သူတို့ရဲ့ အဘက လည်း ကြွားဝါတဲ့လေသံ၊ အာဃာတပါတဲ့လေသံ မပါပဲ၊ ပုံမှန်ပြန်ပြောလေ့ရှိပါတယ်။ လူငယ်နိုင်ငံရေးသမားတွေကို ထောင်ချရင် ထောင် ထဲမှာ ဦးအုန်းမောင်တို့လို နိုင်ငံရေးသမားကြီးတွေနဲ့ အတူထားလေ့မရှိတာဟာ အဲသလို လူငယ်တွေက တွေ့ဆုံမေးမြန်းရင်း နိုင်ငံရေး အမြင်၊ သမိုင်းအမြင်တွေရင့်ကျက် မြင့်တက်ကုန်ကြလို့ပါပဲ။ လူကြီးတွေကလည်း လူငယ်မျိုးဆက်သစ်တွေကြောင့် အားသစ်လာကြရ ပါတယ်။ ဦးအုန်းမောင်တို့ကိုယ်တိုင်က လူကြီးလူငယ်မခွဲခြားဘဲ အပြန်အလှန်လေးစားမှုနဲ့ ဘ၀အသိ၊ ဘ၀အားမာန်တွေ ဖလှယ်ကြပါ တယ်။ ထောင်ကို ဘ၀တက္ကသိုလ် ဖြစ်စေခဲ့ကြပါတယ်။ အဘဦးအုန်းမောင်ဟာ အသက် ၈၂နှစ်အရွယ် ၂၀၀၀ပြည့်နှစ်၊ ဒီဇင်ဘာ ၂၈မှာ ကွယ်လွန်တယ်။ ဦးအုန်းမောင်ရဲ့အိမ်ကိုလည်း ရောက်ပါတယ်။ ဈာပနလည်း လိုက်ပို့ပါတယ်။ လိုက်ပို့ကြတဲ့ လူထုဟာ မနည်းပါဘူး။ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်)နဲ့ သခင်အိုကြီးတွေ၊ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဘကောင်းနဲ့ ကျောင်းသားခေါင်းဆောင် ဟောင်းတွေ၊ ရှစ်လေးလုံး အရေးတော်ပုံခေါင်းဆောင်တွေ၊ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ လာရောက်ကြပါတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ စာရေးဆရာမ ဒေါ်ခင်ဆွေဦးတို့ကိုလဲ တွေ့လိုက်ရပါတယ်။

ဈာပနအပြီးမှာ လေထီးဦးအုန်းမောင် အမှတ်တရ စာတမ်းများကို စာအုပ်ထုတ်ဖို့ စာမူတွေစုဆောင်းကြပါတယ်။ အဘဦးအုန်းမောင် ရဲ့ ဇနီး (မမမြင့်)နဲ့ သမီးကပါ ကျနော့်ကို အမှတ်တရ စာအုပ်တည်းဖြတ် ထုတ်ဝေရေးမှာ ပါဝင်ကူညီဖို့ သဘောတူထားပါတယ်။ ဆရာ တိုက်စိုး၊ အဘဦးအုန်းမြင့်၊ အဘသခင်သိမ်းမောင်(၀ါးခယ်မ)၊ ဆရာဒဂုန်တာရာ စတဲ့ ဆရာကြီးများကို ကြီးကြပ်ဖို့ မေတ္တာရပ်ခံပြီး "စာအုပ်ဈေး" စာအုပ်တိုက်ပိုင်ရှင် ဦးမော်လင်းကို ထုတ်ဝေရေး တာဝန်ယူပေးဖို့ အပ်ပါတယ်။ ဆက်လက်ပြီး လေထီးဦးအုန်းမောင် ကိုယ် တိုင်ရေးခဲ့တဲ့ စာတွေကို စုပေါင်းထုတ်ဝေဖို့လဲ ဆုံးဖြတ်ထားကြပါတယ်။ ကျနော်က ဒီစာအုပ်ကို သမိုင်းစာအုပ်တအုပ်အဖြစ်နဲ့ မြန်မာနိုင်ငံ သမိုင်းသုတေသနအဖွဲ့ (ဗိုလ်ချုပ်နေ၀င်းရဲ့ဇနီး )ညွှန်ကြားရေးမှူးချုပ် ဒေါ်နီနီမြင့်ထံ တင်ပေးဖို့ကို တာဝန်ယူထား ရဖူးပါတယ်။ အဲဒီ အဖွဲ့ မှာက အဘဦးအုန်းမောင်ရဲ့ ငယ်သူငယ်ချင်း ဦးသန်းထွတ်(ဆရာတိုက်စိုး) လဲအမှုထမ်းနေလေရဲ့ဆိုတာကို အများသိကြတော့ သမ္မတကြီး မန်းဝင်းမာင်ရဲ့လက်ထက်မှာ လေထီးသင်တန်းတက်ဖက် ရဲဘော်ကာနယ်ချစ်ကောင်း ထောင်ချကြိုးပေး ပြစ်ဒဏ်ခံရပုံကို သွားပြီးသတိရ ကြပါတယ်။ ဦးအုန်းမောင်စာအုပ်ကို ဦးသန်းထွတ်တို့က ဖတ်ရှုတည်းဖြတ်ကြရမှာပါ။ ဒါပေမဲ့ ဦးသန်းထွတ်မှာ ထုတ်ဝေခွင့်ပေးနိုင်တဲ့ အာဏာလုံးဝမရှိရှာတာကို သူငယ်ချင်းဦးအုန်းမောင်က နားလည်ထားပြီးသားပါ။ ခုလို ဒေါ်နီနီမြင့်တို့လက်ထဲ သူ့စာမူအပ်ရတာကိုလဲ မနှစ်မြို ရှာပါဘူး။ သူမသေဆုံးခင် ထုတ်ဝေခွင့်ရမယ်လို့လဲ မမျှော်လင့်ခဲ့ပါဘူး။ ဒေါ်နီနီမြင့်ကတော့ ထုတ်ဝေခွင့်(ချပေးခဲ့) ထောက်ခံပေးခဲ့ သတဲ့။ စာပေစိစစ်ရေး စစ်ထောက်လှမ်းရေးသမားတွေက ထုတ်ဝေခွင့်မပေးခဲ့ပါဘူး။ (ဒီကိစ္စက ဦးအုန်းမောင် မကွယ်လွန်မီ ကတည်းက ကြုံခဲ့တာပါ။)

ထူးဆန်းတဲ့ ကံကြမ္မာကို သတိရလို့ ဆက်ပြောလိုက်ချင်ပါတယ်။ ဆရာတိုက်စိုးနဲ့ အဘလေထီးဦးအုန်းမောင်တို့ဟာ မူလတန်းမှာ ကတည်းက သက်တူရွယ်တူ ရုပ်ချင်းတူ သူငယ်ချင်းတွေဖြစ်ကြောင်း ကြီးတော့လဲ "သန်းထွတ်၊ အုန်းမောင်"လို့ ငယ်ငယ်ကလိုပဲ ခေါ်ကြပြီး အမြဲမပြတ် တွေ့ဆုံလေ့ရှိခဲ့ကြကြောင်း အသိုင်းအ၀န်ကြီးတခုလုံးက သိထားကြပါတယ်။ စစ်စုံထောက်တွေလည်း သိထားကြ တာပါပဲ။ ဆန်းတာက သူတို့နှစ်ဦးလုံးဟာ အသက် ၈၂နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားကြတဲ့ အချက် ပါပဲ။ နှစ်ဦးလုံးဟာ လည်ပင်းညာဖက် အခြေမှာ ကင်ဆာအကြိတ်နှစ်လုံးပေါ်လာပြီး ဒီအနာနဲ့ပဲ ကွယ်လွန်သွားကြရှာပါတယ်။ ငယ်သူငယ် ချင်း နှစ်ယောက် နောင်ဘ၀မှာ လွတ်လွတ်လပ်လပ် ရာသက်ပန် ချစ်ခင် လက်တွဲ သွားခွင့်ကြုံရပါစေသော်လို့ ကျနော်တို့ ဆုတောင်းလိုက် ကြပါစို့။


မောင်စွမ်းရည်

၂၀၀၈ မတ် ၇

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More