Saturday, September 10, 2011

ဂန္ထ၀င်ကဗျာ တစ်ပုဒ်အား ခံစားကြည့်မိခြင်း

မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊ မြစ်ရေ၀န်းလည်၊ မြိုင်တောဆီက၊
ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊
အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊
ဇမ္ဗူ့ ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊
ရွှေခြင်္သေ့မြွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သန်း၊
လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊
ဖူးမျှော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊
ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်၊ ရွှေပြည်ဌာန ဝေးသော်ကြောင့်။သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း၊ အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်၊
ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊
စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း ၊ ထစ်ထစ်ထွန်းဘိ၊ ချုံအတိနှင့် ၊
တောကြီးဆိတ်ညံ၊ ဆည်းကျံကျံဝယ်၊ ဓူဝံမပေါ်၊ မမျှော်ပါရ၊ နေကိုတလည်း၊
ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖန်ဖန်အံ့သြ၊
ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊
နေ့တိုင်းလွမ်းရှင့်၊ ကင်းစင့်တောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်၊
လေပြည်လာက အေးသော်ကြောင့်။

ပွဲခါညောင်ရေ၊ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဓါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာရပ်သူ၊
တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊
မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊
ဝန်းကာဝေ့သည်၊ တောင်ငွေ့ဝေေ၀၊ အထွေထွေနှင့်၊ လေလည်းရောရာ၊ မိုးမပါဘဲ၊
သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊
ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစင်္ကြာလည်း၊ ရောင်ဝါမထွန်း၊
ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊
ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မြည်သည်၊ နေခြည်ဖြာမှ နွေးသော်ကြောင့်။
(လက်ဝဲသုန္ဒရ)


“မဲဇာတောင်ခြေ” ရတု က မြန်မာဂန္တ၀င်ကဗျာတွေထဲမှာ လူသိများခဲ့သလို ကျောင်းသုံး စာအုပ်မှာပါ ဖော်ပြခံခဲ့ရတဲ့ ကဗျာပါ။ ဒီကဗျာကို ရေးခဲ့သူက လက်ဝဲသုန္ဒရအမတ်ကြီး ဦးမြတ်စံဖြစ်ပြီး အသက် ၄၅ နှစ်အရွယ်မှာ ဘုရင်ကအမြတ်တော်ရှ၍ မဲဇာတောင်သို့ ပို့ခံထားရသည့်အချိန် ကိုယ်စိတ်နှလုံး ဆင်းရဲခြင်းဖြစ်ပြီး “မဲဇာတောင်ခြေ” ရတုကို ရေးသားပြီး ဘုရင်ထံ ဆက်သစေတဲ့အတွက် ရှင်ဘုရင်က ဖတ်မိပြီး အမျက်ပြေခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ခံခဲ့ရတဲ့ ကဗျာတစ်ပုဒ်ဖြစ်ခဲ့တာမို့ ၊ ကဗျာရဲ့ စွမ်းပကားက လူတစ်ယောက်ရဲ့ အသက်ဘေးကိုတောင် ကယ်တင်နိုင်လောက်အောင် စွမ်းပကားကြီးလှပါတယ်။

ရတုရဲ့ နောက်ခံဇတ်ကြောင်းကို လူသိများသလို ရတုရဲ့ ရသအစွမ်းကလည်း စာဖတ်သူကို ရင်ထဲမှာ ၀မ်းနည်းဆွေ့မြေ့ စေရုံသာမက မိမိကိုယ်တိုင် မဲဇာတောင်ခြေကို ရောက်ရှိသွားသလို ခံစားစေနိုင်တယ်။ မြန်မာကဗျာ ဝေဖန်ရေးပညာရှင် ဦးဝင်းဖေ (မြဇင်)က မဲဇာတောင်ခြေ ရတုသည်။ မြန်မာဂန္တ၀င် ကဗျာများအနက် ပုဂ္ဂလိက ခံစားမူကို ထင်ဟပ်သော ရှားပါးသည့် မြန်မာဂန္တ၀င်ကဗျာအဖြစ် မှတ်ချက်ပေးခဲ့ဘူးသလို၊ ဆရာကြီး ဦးသိန်းဟန်ကလည်း “လက်ဝဲသုန္ဒရ၏ စာများအနက် မဲဇာတောင်ခြေရတုသည် အပြောင်မြောက်ဆုံးဖြစ်သည်။ ထိုရတု၏ ကဗျာဂုဏ်ရည်သည် အရောင်အလျံတို့ဖြင့် ဟုန်းဟုန်းထ၍ ရုတ်ခြည်း ငြိမ်းတတ်သော ဆီမီးတန်ဆောင်နှင့် တူလေသည်။ ဤရတုတွင် သနားစရာ၊ ကြည်နူးလွမ်းဆွတ်စရာတို့ကို ပြေပြစ်သာယာသော သဒ္ဒါလင်္ကာရဖြင့် လည်းကောင်း၊ ဆန်းကြယ်သော အတ္တာလင်္ကာရဖြင့်လည်းကောင်း သီကုံးဖွဲ့နွဲ့ထားသည်ဖြစ်ရာ ဖတ်ရှု ကြားနာရသူအပေါင်း၏ စိတ်နှလုံးသည် သိမ်းကြုံးယူငင်ခြင်း ခံရဘိသကဲ့သို့ ပျော့ပြောင်း ညွတ်နူးခြင်း ဖြစ်ရလေသည်” ဟု ဖွင့်ဆိုခဲ့ပါသည်။

ဤထင်ရှားတဲ့ “မဲဇာတောင်ခြေ” ရတုအား သမိုင်းပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ်၊ (ဝေဠု)၊ ဒေါက်တာဦးဘဟန်နှင့် ဦးခင်ဇော်တို့က အင်္ဂလိပ်လို အသီးသီး ဘာသာပြန်ဆိုခဲ့ကြဖူးပြီး အစောဆုံးအင်္ဂလိပ်လို ဘာသာပြန်ခဲ့သူကတော့ သမိုင်းပါမောက္ခ ဂျီ၊ အိပ်ခ်ျ၊ လုစ်၊ (ဝေဠု) ဖြစ်ပြီး ၁၉၁၆ ခုနှစ်ထုတ် မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ ၆၊ ၊ အပိုင်း ၁ မှာ ပုံနှိပ်ဖော်ပြခံခဲ့ရပါသည်။ ဒေါက်တာဦးဘဟန်က ၁၉၂၀ခုနှစ် ၀န်းကျင်ကတည်းက အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့ပြီး မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် အတွဲ ၁၂၊ ၊ အပိုင်း ၁(ဧပြီလ၊ ၁၉၂၂)တွင် ပုံနှိပ်ဖော်ပြခံခဲ့ရသလို၊ မြန်မာများထဲမှ အင်္ဂလိပ်စာ အရေးအသားထူးချွန်ပြီး ဂီတသုတေသနပညာရှင် ဦးခင်ဇော်က ၁၉၃၅ ခုနှစ်တွင် “မဲဇာတောင်ခြေ” ရတုအား အင်္ဂလိပ်လို ထပ်မံ ဘာသာပြန်ခဲ့ပြီး ၁၉၃၅ ခုနှစ်ထုတ် မြန်မာနိုင်ငံသုတေသန အသင်းဂျာနယ် အတွဲ ၂၅၊ ၊ အပိုင်း ၃ မှာ ထပ်မံ ပုံနှိပ်ဖော်ပြခံခဲ့ရပါသည်။

ဒေါက်တာဦးဘဟန်က ၁၉၆၄ ခုနှစ်တွင် “သျှင်ဥတ္တမကျော်တောလား၊ လက်ဝဲသုန္ဒရ ရတုများ” (Shin Uttamagyaw's Tawla and Letwethondara's Radus) အမည်ဖြင့် ပထမဦးဆုံး အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ အဲဒီစာအုပ်မှာ ရန်ကုန်သက္ကသိုလ် စာကြည့်တိုက်မှူး ဦးသိန်းဟန် (ဆရာဇော်ဂျီ)က လက်ဝဲသုန္ဒရ လူနှင့်စာဆို လေ့လာချက်` အဖြစ် မြန်မာလိုရေး၍ ဒေါက်တာဦးဘဟန်က အင်္ဂလိပ်လို ဘာသာပြန်ခဲ့တာပါ။


ကမာနီလာ

ကိုးကားများ။။

မြန်မာရတုပေါင်းချုပ်၊
ခေတ်ဆန်းဂျာနယ်၊ အမှတ်-၅၊ မတ်လ၊၂၀၀၄၊
ကမ္ဘာသိ မြန်မာစာအုပ်များ (မောင်ဇေယျာ)

Twitter Delicious Facebook Digg Stumbleupon Favorites More