This is default featured post 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
This is default featured post 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Showing posts with label ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း ၁၃၂ မွေးနေ့အမှတ်တရ. Show all posts
Showing posts with label ကမ္ဘာ့ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်း ၁၃၂ မွေးနေ့အမှတ်တရ. Show all posts
Sunday, March 23, 2008
အင်္ဂလိပ်အစိုးရ၏ ရန်သူနံပါတ် ၁(အောင်ဗလ)
ပထမသခင်လှုပ်ရှားမှုနှင့်အဖမ်းခံရပြီး ထောင်မှလွတ်လာသော သခင်လူငယ်တစုတို့သည် မိမိတို့၏လှုပ်ရှားမှုများကို ပြန်လည်သုံးသပ် ကြသောအခါ ပြီးခဲ့သောတိုက်ပွဲတွင် ငွေရေးကြေးရေးအခက်အခဲကို ရင်ဆိုင်ခဲ့သဖြင့် လှုပ်ရှားမှုများ လိုအပ်သမျခရီးမပေါက်ခဲ့သည်ကို ဆန်းစစ် တွေ့ ရှိကြရသည်။ ထို့ကြောင့် နိုင်ငံရေးတိုက်ပွဲမစမှီ ရန်ပုံငွေရှာ ရန် သခင်ဗသောင်းကအဆိုပြုသည်။ သခင်သိန်းမောင်ကမူ သခင် လူငယ်များ ဆက်လက်ကိုယ် ကျိုးစွန့်၍လှုပ်ရှားပါက လူထုက ကူညီလေမည်ဟုယူဆသည်။ ဤတွင် သခင်အသင်းကွဲသွား ပြန်တော့သည်။ သခင်ဗသောင်းက တို့ဗမာ အစည်းအရုံးမှနှုတ်ထွက်ကာ ဆင်းရဲသားမင်း၊ ဆင်းရဲသားပါတီကို တည်ထောင်သေးသည်။ ကာလအနည်းငယ်ကြာသောအခါ နိုင်ငံရေး နယ်ကိုကျောခိုင်းကာ စာပေလောကသို့ပြောင်းရွေ့သွားခဲ့သည်။ရလဒ်မှာ စာပေလောကတွင် ဂန္တ၀င်စာပေများပေါ်ထွန်းလာခဲ့သည်။ သခင်ဗသောင်းမျိုးစေ့ချပေးခဲ့သော သခင်အဖွဲ့ကြီးသည်လည်း လမ်းစဉ်မှန်ပေါ်ရပ်တည်မိပြီဖြစ်သောကြောင့် အရှိန်အဟုန်ပြင်းစွာချီတက် နိုင်ခဲ့သည်။ သခင်ဗသောင်းစွန့်ခွာသွားပြီးနောက် တို့ဗမာအစည်းအရုံး စည်းရုံးရေးမှာ နှေးကွေးဆဲရှိသောကြောင့် အားမရနိုင်သဖြင့် ဆရာကြီးသခင်ဗသောင်းနေရာတွင် အခြားစာပေပညာရှင်နှင့်အစားထိုးရန် မဟာမိတ်ရှာပြီးစစ်ကူတောင်းတော့သည်။ ကဗျာဆရာကြီးသခင်ကိုယ်တော်မှိုင်းအားချည်းကပ်ကာ မိမိတို့သခင်များသည် နိုင်ငံ၏အရေးကိုသက်စွန့်ကျိုးပမ်းအားထုတ်နေပါသည်။ ဆရာကြီးက ကူညီတော်မူပါဟု ပန်ကြားကြလေသည်။ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးသည် မိမိ၏အမျိုးနှင့်တိုင်းပြည်ကို ချစ်သူများစာရင်းတွင် ထိပ်ဆုံးမှရှိနေသူဖြစ်သည်။
“ဝေးခရီးပေမဲ့
အရေးကြီးလျင်ဖြင့် သွေးနီးရာပါစမြဲပေမို့
ဆရာလည်းကွာ ပဌမအရင် ကနဦးဆီက
မြန်မာတခွင်မှာ သမတရှင်ဘုရင်မလူးခင်ပါ့
တဆင့်ထူးကို တမြည်မြည်သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေတို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့“
၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီးမှောက်ကာ အမျိုးသားပညာရေးစနစ်တည်ထောင်စဉ်က လိုအပ်ပါက မိမိကိုအသုံးပြုနိုင်ကြောင်း စာရင်းပေးကာ အမျိုသားရေးအတွက် လုပ်အားပေးခဲ့သူဖြစ်သည်။
ကျောင်းသားများက အမျိုးသားကောလိပ်တည်ထောင်ကြသောအခါတွင် သူရိယသတင်းစာအယ်ဒီတာအဖြစ်မှနှုတ်ထွက်ပြီး ရာဇ၀င်ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ အခြေအနေအရ ထိုကောလိပ်ကြီးပျက်သွားပြီးနောက် စာနယ်ဇင်းလောကတွင်းသို့ ပြန်လည်ကျက်စားနေစဉ် ဆရာကြီးအား သခင်လူငယ်များကစစ်ကူတောင်းကြသည်။ ထိုအချိန်က ဂျီစီဘီအေအဖွဲ့ကြီးကွဲပျက်သွားပြီးနောက် အုပ်ချုပ်ရေးစနစ်သစ်အလာတွင် မြန်မာနိုင်ငံရေးခေါင်းဆောင်များ ရာထူးလုကြကာ အကွဲအပြဲဖြစ်နေသဖြင့် ဆရာကြီးက စိတ်မချမ်းမသာဖြစ်နေချိန်ဖြစ်သည်။
“သြော် နှစ်ဂိုဏ်းမသင့်ပြန်တော့
စစ်ကိုင်းလွှင့်ချင်ပေါ့
မှိုင်းဖြင့်ဖြေကာ မကြည်သနှင့်
ပြေဌာနီ အခက်ကြုံဘို့လို့
နှစ်ဘက်စုံတွဲသွေးကြတော့
ဝေသာလီပျက်ပုံလည်း တွေးမိတဲ့ပြင်”
ဆရာကြီးသည် ရန်ကုန်မြို့တော်တွင်မနေလိုတော့ဘဲ စစ်ကိုင်းချောင်ကျောင်းသင်္ခမ်းသို့ပြေးရန်စိတ်ကူးမိခဲ့သည်။
”ဒေါင်းရောင်နေမှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌ အခိုက်အခွင့်မဟန်
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်”
အင်္ဂလိပ်၏သွေးခွဲစနစ်နှင့် အင်္ဂလိပ်အစိုးရရာထူးအတွက် ခွေးသို့ကိုက်နေကြသောနိုင်ငံရေးခေါင်းဆောင်များကို အားမလို၊ အားမရဖြစ်ကာ နိုင်ငံရေးကဗျာကြီးများ နိုင်ငံရေးစာအုပ်များနှင့်ပြင်းထန်စွာဆဲရေးဝေဖန်နေစဉ်တွင် သွေးသစ်သားသစ်လူငယ်များက လူငယ်ပီပီသစ္စာရှိရှိဆောင်ရွက်နေကြသည်ကိုမြင်ရသဖြင့် ဆရာကြီးကအားတက်သွားသည်။ အရေးကြီးသဖြင့် သွေးနီးရာသို့ပါလာခဲ့သည်။ ၁၉၄၃ မတ်လထဲတွင် ရေနံချောင်း၌ကျင်းပသော တို့ဗမာအစည်းအရုံး၏ပထမအကြိမ်မြောက်ညီလာခံသို့တက်ရောက်ကာ အစည်းအရုံးကြီး၏သဘာပတိအဖြစ်တာဝန်ယူခဲ့သည်။
”တို့ဗမာတခွင် သခင်ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်
မျို့ရတနာသဘင် အကြင်ဗြဟ္မစိုရ်ဗဟိုသော တနှိုင်းပေပ
ဇဗ္ဗူသမိုင်း ပျော်စရာ့အခြေ(အိုကွယ်) သခင်ကိုယ်တော်မှိုင်းရယ်လို့ ခေါ်ကြစေ”
ဆရာကြီး၏မူလကလောင်အမည်မှာ သူ၏နာမည်အရင်းအတိုင်း ဆရာလွန်းဟုရေးသားခဲ့သည်။ နောက်ပိုင်းသူရိယသတင်းစာတွင် ကြာဋီကာအမည်နှင့်ဆောင်းပါးခန်းဖွင့်ကာ နိုင်ငံရေးသရော်စာများရေးသောအခါ မစ္စတာမောင်မှိုင်းဟုအမည်ပြောင်းခဲ့သည်။၁၉၀၄ ခုနှစ်က မြန်မာစာပေလောကတွင် ထူးခြားသောဝတ္ထုတပုဒ်ထွက်ခဲ့သည်။ ၀န်စာရေးကြီးကရေးသားသော ချည်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထုကို လူကြိုက်များခဲ့သည်။ ဇာတ်ကောင်ချည်ပေါင်ရွက်သည်မောင်မှိုင်းသည် အမြို့မြို့အရွာရွာသို့လှည့်လည်ကာ မိမ္မသိုက်တူးနေသော လူရှုပ်လူပွေဖြစ်သည်။ ထိုခေတ်က လူဂုဏ်တန်မြန်မာလူကြီးလူကောင်းများသည် အင်္ဂလိပ်အမည်များကိုတုပကာ မိမိတို့အမည်များရှေ့မှ မစ္စတာများကိုသရော်လိုသဖြင့် ၀တ္ထုဇာတ်ကောင်လူရှုပ်၏အမည်နှင့်တွဲကာ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်တွင်ခဲ့သည်။
မစ္စတာမောင်မှိုင်းအမည်ကို စာဖတ်ပရိတ်သတ်ကလက်ခံထားကြသဖြင့် ထိုအမည်နှင့်ပင် ဆရာကြီးက သခင်ဘွဲ့ကိုခံယူခဲ့လေသည်။ သခင်ကိုယ်တော်မှိုင်းခေါင်းဆောင်ချိန်မှစတင်ကာ တို့ဗမာအစည်းအရုံးကြီးသည် ပီပြင်သောနိုင်ငံရေးလမ်းစဉ်များကိုချမှတ်ကာ နယ်ချဲ့အင်္ဂလိပ်တို့အား ထိုးနှက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေစသောကျောင်းသားခေါင်းဆောင်များလည်း တို့ဗမာအစည်းအရုံးသို့ပါဝင်လာကြကာ သခင်ဘွဲ့များခံယူကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ကြတော့သည်။ ထိုအခါတွင် စာရေးဆရာ ကဗျာဆရာကြီးဆရာမှိုင်းသည် အင်္ဂလိပ်အစိုးရက ဒေါက်ထောက်ကာကြည့်ရှုသော ရန်သူတော်ကြီးဖြစ်လာတော့သည်။ အင်္ဂလိပ်အစိုးရက ၀န်ကြီးများ၊ အတွင်းဝန်များ၊ ပုလိပ်အရာရှိကြီးများသိရှိရန် ထိပ်တန်းလျို့ဝှက်စာတန်းဖြစ်သော ဘားမားလစ်(Burma List)တွင် ဆရာကြီး၏အမည်ကို အမှတ် ၁ အဖြစ် ၁၉၄၀ ဇန်န၀ါရီလစာရင်းတွင် သတ်မှတ်ခဲ့ပါသည်။
စာမျက်နှာ ၈ မျက်နှာရှိသည့်ထိုစာတန်းတွင် ဆရာကြီးသည် အရပ် ၅ ပေ ၇ လက္မရှိကြောင်း၊ မျက်ခုံးမွှေးထူထူတွင် ညာဘက်မျက်လုံးကကွေးနေပြီး ဘယ်ဘက်ကအောက်ဖက်သို့လျောကျနေကြောင်းမှစတင်ကာ နိုင်ငံရေးလုပ်ဆောင်ချက်အားလုံးတို့ကို မှတ်သားဖော်ပြထားလေသည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြီးတွင် တို့ဗမာအစည်းအရုံးသည် အင်္ဂလိပ်တို့အား ထိရောက်စွာတိုက်နိုင်ဆုံးသောအဖွဲ့ဖြစ်လာကာ ဆရာကြီးအဖို့ သူတို့၏ရန်သူတော်နံပါတ် ၁ ဖြစ်လာခဲ့သည်။
စကားစပ်မိသဖြင့်ဆိုရလျင် အင်္ဂလိပ်အစိုးရပြုစုသောရန်သူ့စာရင်း ဘားမားလစ်(Burma List)တွင် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့သည် ထိပ်ဆုံးမှပါဝင်ခဲ့သည်ဟု သိရှိရပါသည်။ အင်္ဂလိပ်အစိုးရက သူတို့၏ရန်သူတော်ဟုသတ်မှတ်ခံသူများစာရင်းတွင် တပ်မတော်ခေါင်းဆောင်များက တဦးတယောက်မှမပါခဲ့ပါ။ ထိုစဉ်က သခင်ရှုမောင်(နေ၀င်း)တယောက်လည်း မပါရှိခဲ့ပါ။ သူ၏အဆင့်မှာ သခင်ဗစိန်၏ အိမ်စောင့်အဆင့်သာရှိခဲ့ပါသည်။ သူ၏လက်ချက်နှင့် သခင်ဗစိန်အဖမ်းခံခဲ့ရသဖြင့် အင်္ဂလိပ်သူလျိုဟု မသင်္ကာကြ၌ရသူဖြစ်ပါသည်။ ထိုကြောင့် အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ရေးတိုက်ပွဲတွင် လက်ရှိတပ်မတော်မှအရာရှိဆိုသူများ မပါခဲ့သည်မှာထင်ရှားပါသည်။
ဆရာမှိုင်း ‘မာန်‘နဲ့‘လှိုင်း‘(ရိုး-ခေတ္တရာ)

ဆရာမှိုင်းရဲ့
ကဗျာလှိုင်းမှာ
ရင်ပါးခဲ့တဲ့ ...၊
မထင်မရှား
ကဗျာသမားကလေး ... ကျနော်။
ဆရာမှိုင်းရဲ့ သက်တော်
၁၃၂ နှစ်မြောက် မွေးနေ့မှာ
ဆွေးမြေ့စွာ လွမ်းမော တသောသောနဲ့ ...။
တောင်းဆုပန်ခြွေ
ဒို့များ မြန်ပြေ(မြန်မာပြည်)
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ ...၊
မှိုင်း မာန်တစနဲ့ လှိုင်းတဖန် ထလို့
စစ်ကျွန်ဘ၀ ရုန်းထ လွတ်မြောက်ပါစေသော် ...။
(ဆရာကြီး သခင်ကိုယ်တော်မှိုင်း သက်တော် ၁၃၂ နှစ်မြောက် မွေးနေ့သို့ ...)
အဘမှိုင်းသို့ မှာတော်ပုံလေး(ကြိုင်လှမောင်မောင်)

အဘမှိုင်းရေ
တ,တိုင်းလဲ ရင်မမောလိုက်ပါနဲ့။ ။
အဘချစ်တဲ့ နိုင်ငံတော်မှာ
အဘကြံမြော်ခဲ့တဲ့ ၀ါဒ
အဘအခါခါပြခဲ့တဲ့လမ်းစဉ်
အဘမြင်ချစ်တဲ့ စံနစ်
အဘဖြစ်စေချင်တဲ့ စခန်း
အဘတမ်းတခဲ့တဲ့ ငြိမ်းချမ်းသာယာမှု
အဘတွေးရှုခဲ့တဲ့ အနာဂတ်နိုင်ငံဆီ
အခါမလပ် ပြိုင်စံမှီအောင်
ရည်ဆောင် နိုးကြားချက်တွေနဲ့
ကြိုးစားလျက်ပါ အဘရဲ့။
အဘခင်ဗျား…
ကြိုးစားကြံစည် အခွင့်မလပ်တွေးလို့
အမျိုးသားပြန်လည်သင့်မြတ်ရေးကို
စေ့စပ်ဆွေးနွေး အကောင်အထည်ဖော်ရန်
အောင်သွယ်တော်မလို တိုက်ရိုက်ရင်ဆိုင်
အမြင်လှိုင်လှိုင် ဖလှယ်ရေးလမ်းအတွက်
တကယ်တွေး ကမ်းလှမ်းချက်လဲ
ပေါ်ထွက် ဖော်ဆောင်ရည်လို့
တော်သင့်လျက် အောင်မည်
မြော်လင့်ချက်ရောင်ခြည် ပျို့ပျို့လဲလင်းနေပါပြီ
ရို့ရို့ရဲရဲ ထင်းနေပါပြီ။ ။
အမှန်တရားကို
ကြံအားပိုလျက်
စံထားလို ဒီမိုကရေစီအတွက်
အဘက်ဘက်က အာဃတ တွေ ဖြေ
သင်ပုန်းတွေချေလို့
အရင်တုန်းက အခြေအနေကို
သင်ခန်းစာယူကာ
ရွှင်လန်းစွာ ပျူငှာစိတ်ဓါတ်တွေနဲ့
မြင့်မြတ်ပေတဲ့ နာယကဂုဏ်အင်တွေ
စုံလင်တွေတဲ့ စံပြမျိုးချစ်ကြီးတွေက
ကဏ္ဍသမိုင်းသစ်ကို
ဝိုင်းဖွင့်ကြပါတော့မည်။ ။
အဘမှိုင်းရေ
တ တိုင်းလဲ
လှိုင်းထ ရင်ထက်
ရတက်မဖြာ စေချင်ပါ။ ။
ဒီမိုရွှေမန်းမှာ
ငြိမ်းချမ်းပန်းနဲ့
စိမ်းလန်းစိုပြေတင့်လို့
လူ့အခွင့်အရေး အပြည့်အ၀တွေ
အစေ့အငှ ဝေမျခံစားရတဲ့
စံစားရမဲ့ နိုင်ငံတော်သစ် တည်ဆောက်မှာမို့
ထောက်ကာမပြတ်ပ ပဏပြုသော်
ရောက်ရာအရပ်က သာဓုခေါ်ပါ
အဘ မှိုင်း ဆရာ။ ။
‘မှိုင်း‘နဲ့‘ဆန်း‘(မောင်စွမ်းရည်)


အဘိုးသခင်ကိုယ်တော်မှိုင်းနဲ့ အဖသခင်အောင်ဆန်းတို့ကို ကျနော်တို့သိမိလိုက်ကြတဲ့ မျိုးဆက်သာမက ကျနော်တို့ တူ သားမျိုးဆက်သစ်လူငယ်များက လေးစားကြည်ညိုမဆုံးကြ။ လူငယ်ကျောင်းသားလေးတွေ ဒုက္ခရောက်ကြရှာတော့ သူ တို့လေးစားကြတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ကို တိုင်တည်သီချင်းလုပ်ပြီး သံဗုံးကြီးတွေနဲ့ ရန်ကုန်တမြို့လုံးကို ရိုက်ခတ်လှုပ်ခပ်လိုက်တဲ့အခါ ကျနော်တို့မှာ ဘေးကရပ်မနေနိုင်တော့ဘဲ သူတို့နဲ့အတူ လမ်းပေါ်ထွက် ပြီး တမ်းတဟစ်ကြွေးခဲ့ကြတာကို ကျနော်တို့တသက်မေ့နိုင် တော့မှာမဟုတ်ပါ။ ပြည်သူလူထုရဲ့ရင်ထဲမှာ ‘မှိုင်းနဲ့ဆန်း’ ရုပ် ပုံလွှာက အမြဲထင်ရှားခိုအောင်းလျက်ရှိတာ သေချာပါတယ်။
ဥရောပနဲ့အမေရိကန်နိုင်ငံတွေကိုရောက်တော့ အထိမ်းအမှတ်ပြတိုက်၊ အိမ်ခန်း၊ ရုပ်တု၊ စာကြည့်တိုက်ဆိုတာတွေက မျက်စိနဲ့မှတ်အားလို့တောင်မတတ်နိုင်တော့။ အမ်စတာ ဒမ်မှာ မြို့တွင်းကို လှေနဲ့လှည့်ကြည့်ကြတော့ တိုးရစ်ဂိုက်အဖြစ် မမောနိုင်မပန်းနိုင် လိုက်လံရှင်းလင်းပြောပြသူကတော့ ဒေါက်တာမိုးမိုးနှင်းပါ။ လမ်းညွန်အမျိုးသမီးပြောပြတာတွေ ကျနော်နားမလည်လိုက်ရင် တူမမိုးမိုးနှင်းက မြန်မာလိုဖြည့်စွက်ပြောဆိုပေးပါတယ်။ ဒါက‘သူလျိုမကြီးမတာဟာရီရဲ့အခန်း‘၊ ဒါက‘ပန်းချီးဆရာကြီးဗင်ဂိုးပြတိုက‘်၊ ဘယ်ဂျီယံရောက်တော့လည်း ဒါက‘ရူဘင်ပြတိုက်‘၊ ဒါကဘယ်သူဘယ်ဝါရဲ့ကြေးရုပ်၊ ပြင သစ်ကိုလိုက်ပို့တော့လည်း အလေးဂရုပြုစရာတွေက ကုန်ပဲမကုန်နိုင်။ ကျနော်တို့မှာဘာရှိသလဲ။
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်၊ အောင်ဆန်းပြတိုက်၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ ဦးသန့်အုတ်ဂူ၊ ဒေါ်ခင်ကြည်အုတ်ဂူ၊ မိဘုရားကြီးအုတ်ဂူ၊ ဦးဝိစာရကျောက်တိုင်၊ မဆိုးဘူး လို့ အောက်မေ့ရပါတယ်။ နတ်မောက်က ဦးဖာ+ဒေါ်စုတို့ရဲ့အိမ်က မီးလောင်သွားခဲ့ပြီ ဆိုတာကိုတွေ့ရတော့ စိတ်မချမ်းသာ။
မီးလောင်နိုင်တယ်ဆိုတာ အရင်ကကြိုမသိဘူးလား။ ကြိုတင်ကာကွယ်ထားပါတော့လား။ ခုမှတော့ပြောနေလို့မထူးတော့။ နောက်ထပ် ဘာတွေထိန်းသိမ်းစောင့်ရှောက်ရဦးမလဲ။ ခုကထဲက ကြည့်ထားကြရမယ်။ ဂုဏ်ယူစရာတွေ ကို နောင်လာနောင်သားတွေ ဂုဏ်ယူကြရမယ်။ ဒါမှလည်း ‘မှိုင်း’စိတ်ဓာတ်၊ ‘ဆန်း’စိတ်ဓာတ်မျိုးတွေ ဆက်ခံကြွယ်ဝလာပေလိမ့်မယ်။
ဟောဒါ‘သူရိယသတင်းစာတိုက်၊ ဒါက ‘မင်းသုဝဏ်အိမ်’၊ ဒါက‘ဖိုးစိန်ကြီးအိမ်’၊ ဒါက‘မြို့မငြိမ်းအိမ်၊ ဒါက‘ဖေမောင်တင်အိမ်စသဖြင့် ထိန်းသိမ်းစောင့်ရှောက်စရာရှိ တာတွေကို ခုကတည်းက ထိန်းသိမ်းစောင့်ရှောက်ထားရမှာကို အမျိုးသားရေးတာဝန်တရပ်ရယ်လို့ နားလည်ထားကြရပေလိမ့်မယ်။ အစိုးရတွေကတော့ အစမရိုးကြလေဘူး၊ နောက်လည်းရိုးမှာမဟုတ်ဘူး။ သူတို့အပူနဲ့သူတို့ ထားလိုက်ပါတော့၊ အများလူငယ် တွေက တာဝန်ယူကြရပေမယ်။
ဒီလ(ဇန်န၀ါရီ ၂၀၀၃)မှာလည်း တိုကျိုနဲ့ မကြာခဏ ဖုန်းအဆက်အသွယ်တွေရရှိပါတယ်။ တိုကျိုက ဂျပန်မိတ်ဆွေတဦးက သခင်အောင်ဆန်း ဂျပန်မှာရှိနေတုန်းက နေထိုင်သွား တဲ့ ဟမ္မားဆုက အိမ်ကလေးအကြောင်းကို ပြောပြတယ်။ သူပြောတာနားထောင်ရင်း ရင်ထဲမှာ ရှက်လာမိပါတယ်။ အဲဒီအိမ်ဟာ သာမာန်ဆင်းရဲသား ဂျပန်အမျိုးသမီးကြီးတ ယောက်ပိုင်တဲ့အိမ်ပါ။ ဒါဟာ မြန်မာ့လွတ်လပ်ရေးသူရဲကောင်းအောင်ဆန်းနေသွားတဲ့အိမ်ဆိုပြီး ကိုယ်ပိုင်အသိတရားနဲ့ ထိန်းသိမ်းစောင့်ရှောက်ထားသတဲ့။ လူတွေလည်း လာကြည့်ကြသတဲ့။ သူတို့အိမ်ဘေးမှာ ဟော်တည်ကြီးတခု ခမ်းခမ်းနားနားဆောက်လုပ်ဖွင့်လှစ်လာတော့ သူ့အိမ်ကလေးက မျက်စိနောက်စရာဖြစ်ပေ မယ့် သူကမဖယ်ဘူးလေ။ ဟိုတယ်ပိုင်ရှင်က ကျုပ်တို့မြန်မာနိုင်ငံမှာလို မြုနီစပယ်စည်ပင်ဆိုတာနဲ့ စစ်ဗိုလ်တွေကိုကပ်ရပ်ပြီး သိမ်းမယ်မကြံနဲ့ မရဘူးလေ။ ဒါပေမယ့် သူသေတော့ သူ့သားသမီးတွေကို မရောင်းနဲ့လို့ မှာကြားမိခဲ့ဟန်မတူဘူး။ သူ့သားသမီးတွေက ရောင်းစားပစ်သတဲ့ ဖြစ်ရလေ။ အဲဒါဂျပန်မှာပါ၊ ဟမ္မားဆုမှာပါ။
ကျိုတိုတက္ကသိုလ်ကိုတော့ မြန်မာတော်တော်များများရောက်ဘူးကြသတဲ့၊ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် သုတေသနလုပ်ဖို့ ပေးထားတဲ့ အခန်းတခန်းရှိသတဲ့၊ ဒေါ်အောင် ဆန်းစုကြည် နိုဘယ်ဆုရတော့ ဒီအခန်းကို ဘယ်သူကိုမှ အသုံးမချစေတော့ဘဲ “ဒါ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်း”လို့ ကမည်းထိုးလိုက်သတဲ့။ အဲဒီ အခန်းကို လာရောက်ကြည့်ရှုသူတွေ အမှတ်တရလက်မှတ်ထိုးဖို့ စာအုပ်တအုပ်လည်း ချထားသတဲ့။ ဂျပန်တွေက လေးလေးစားစားလာကြပေမယ့် တချို့မြန်မာတွေက အဲဒါရှိ မှန်းတောင်မသိဘူးဆိုတော့ ကျနော်စိတ်မချမ်းသာဖြစ်ရတယ်။ ဂျပန်ရောက် မြန်မာတိုင်းက မကြာခဏ သွားရောက်ဂါဝရပြုကြရပေမယ်။ လက်မှတ်ထိုးကြရပေမယ်။
သူတို့က လူမျိုးကြီးပီပီ ဂုဏ်ယူတတ်လို့ လုပ်ထားတဲ့အထိမ်းအမှတ်အခန်းကို အဲဒီ မှာရှိကြတဲ့ မြန်မာတွေသိတောင်မသိကြဘူးဆိုရင် အလိုလေး ဘယ်လောက်ရှက်စရာ ကောင်းသလဲ(တင်မိုးလာတုန်းက လိုက်မပို့ကြဘူးလား)။ ဒါတွေကို တယ်လီဖုန်းဆက်ပြောကြရင်းက ဂျပန်ရှိ ကျနော့်မိတ်ဆွေကို ကျနော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားတဲ့ကိစ္စကို ပြောပြလိုက်မိပါတယ်။ ဒီလိုပါ၊ ရန်ကုန် စမ်းချောင်းမြို့နယ်၊ ချမ်းသာလမ်း၊ အိမ်အမှတ် ၅ ကို မိတ်ဆွေတို့ ရောက်ဖူးပါသလား…´၊ အဲဒါဘယ်သူ့အိမ်လဲသိလား…´၊
“ချမ်းသာလမ်းဆိုတာ ပဲပြုတ်သည်တွေချည်းနေတဲ့လမ်းပါကွာ…”လို့ ဆရာကြီး မှိုင်းပြောခဲ့တဲ့လမ်းပေါ့။ အဲဒီအိမ်မှာ အဘိုးသခင်ကိုယ်တော်မှိုင်းရဲ့သမီးအရင်းနဲ့ ဆရာဇေယျ တို့ ဖူးစာဆုံပြီး မွေးဖွားထားတဲ့ သားသမီးသုံးယောက်နေပြန်ပါတယ်။ ကျနော့်ရဲဘော်ကြီး ကဗျာဆရာ‘တင်အောင်မှိုင်း’ဆိုတာ ဆရာဇေယျရဲ့သားအကြီးပေါ့။
အိမ်က အမွေဆိုင် အိမ်လေး။ ပျဉ်ထောင်အိမ်လေး။ ဒါကြောင့် တပည့်သခင်ကြီးတွေကပါ အခါ အားလျော်စွာ ငွေကြေးစိုက်ထုတ်ပြီး ပြင်ဆင်ထားကြရတယ်။ အမွေဆိုင်ဆိုတော့ မှိုင်း မြေးတယောက်က စီးပွားရေးကြပ်တည်းသမို့ ရောင်းချင်သတဲ့၊ ဒါနဲ့ မှိုင်းတပည့်သားမြေးတွေ ပြာယာခတ်သွားရှာတယ်။ ဆရာကြီးရဲ့ မြေးမလေးတယောက်က ကျနော့်တပည့်ပါ။ သူ့ခမျာလည်း စာရေးဆရာတယောက်နဲ့ ဖူးစာဖက်ထားလေတော့ ငွေကြေးမတတ်နိုင်ဘူး။ ဒီအိမ်ကို သူတို့ငွေစုပေါင်းပြီးတော့တောင် မအမ်းနိုင်ဘူး။ အဲဒါ သူတို့အ ကြပ်အတည်းပဲ။ ဒါကိုသတိရပြီး ဂျပန်ရောက်မျိုးချစ်ပုဂ္ဂိုလ်လေးကို ကျနော်ကသတင်းပေးလိုက်တော့ သူ့ခမျာလည်း ကျနော့်သောကတွေကူးပြီး စိတ်သောကတွေ ဖြစ်သွားရရှာတယ်။
“ဆရာရေ- ကျနော်တို့ ဂျပန်ရောက် အိုက်တိုးပဂေးစံ မျိုးချစ်ပုဂ္ဂိုလ်လေးတွေက သူတို့ကိုယ်တိုင် အိမ်ကောင်းကောင်း မရှိကြပေမယ့် အဘိုးမှိုင်းရဲ့အိမ်ကိုတော့ အသက် နဲ့လဲရမလားဆိုတဲ့ လူစားတွေပါ…”လို့ ကျနော်အားတက်အောင် ပြောပြရှာပါတယ်။ “ဆရာမပူနဲ့…၊ ကျနော်တို့ကြိုးစားမယ်…”လို့လဲ ကတိပြုရှာပါတယ်။


ကျနော်ကလည်း အမေရိကန်ရောက်စဆိုတော့ ဘယ်လိုလုပ်ပြီးအလှူခံရမှန်းမသိဘူး။ တယောက်တဆယ်ဆိုရင်ပဲ လူတရာလောက်အလှူခံမိရင် အတော်အားရှိမှာပဲ။ ကျနော့်ကိုလှမ်း ပြီးအားပေးရှာ တဲ့ ဂျပန်က ကေတီဆန်တို့နဲ့တကွ သူ့မြန်မာမိတ်ဆွေတွေ၊ ဂျပန်မိတ်ဆွေတွေ ကျနော့်စာကိုဖတ်မိပြီး ၀ိုင်းဝန်းကူညီနိုင်ကြအောင် ဒီဆောင်းပါးကို ချက်ချင်းထပြီး ပို့လိုက်ရပါတယ်။
မြန်မာမိတ်ဆွေများခင်ဗျား-
ဂျပန်ရှိ တိုယိုတာဖောင်ဒေးရှင်းက ဒေါ်အိဝါ(ခေါ်) အမကြီးအိဝါးမိုတို၊ အိုဆားကား တက္ကသိုလ်က နှမငယ်မီနန်မီဒါ(ခေါ်)မပန်းခက်၊ အိုနုတိုးရု၊ ယညဘူးရှိရို၊ မစန္ဒာ၊ မဆားမိ(ခေါ်)ဟာဒါတာစတဲ့ ဂျပန်မိတ်ဆွေများကိုလည်း မြန်မာပြည်ကို ဒီနှစ်အတွင်း အလည်သွားရင် မောင်စွမ်းရည်နဲ့တွေ့ရမှာမဟုတ်သေးဘူး။ အမေရိကန်ပြည်ထောင်စုကိုလာရင်တော့ ပန်တျာကျောင်းအုပ်ကြီးဟောင်း၊ စာရေး ဆရာ၊ ပန်းချီဆရာ၊ အဆိုတော်ဦး ၀င်းဖေကို မေးမြန်းစုံစမ်းပါလို့ ကျိုတိုတက္ကသိုလ်၊ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းအတွက်ကိုလည်း ဂျပန်မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်းပြောပြကြပါခင်ဗျား။
ဆရာမှိုင်းတမ်းချင်းကဗျာလေးချိုး(မောင်စင်ကြယ်)

(၁)
အောင်ပန်းတွေတကယ်မညှိုးပါဘု
အောင်ဆန်းတို့အဘိုးဟာ‘ဗိုလ်မင်းရောင်’ပါကွယ့်
မြို့လုလင်သာတဲ့အရပ်မှာပေါ့
အောင်တပ်ကိုသူချီတော့
ကိုယ့်ရပ် ကိုယ့်တပ်ကိုယ်ပြန်နင်းကြတဲ့
ဖျင်းလှတဲ့ကမြင်းမတပ်ဗိုလ်အချို့ကြောင့်
လေးတိုင်စင်အရပ်မှာ
ကြိုးကွင်းတပ်ကာဗိုလ်မင်းရောင်ကို
အသေသတ်ကြတယ်ကွယ့်
ဆရာမှိုင်း ကဗျာမှိုင်းက
လေးချိုးကဗျာစပ်ကာ
ရင်နာနာဖြင့်
‘မြို့လုလင်သာတဲ့ကွန်းဆီသို့
ဒို့သခင် စာဖွဲ့လို့ညွှန်းလိုက်မယ်ကွယ့်
ဒါနဲ့သာလွမ်းကြပေတော့ကွာ’ဆိုပြီး
နှစ်သိမ့်ခဲ့တာ။ ။
(၂)
သြော်- ကုန်းဘောင်အပျက်မှာလ
ဘုန်းရောင်စက်တွေက ၀င်လက်လို့မလာ
မြန်မာ့ဇာထာတော်ညှိုးပြီလား…
မြတ်သောပြည် ဓါတ်ကောလီပြန်ကာကြည့်တော့မှ
ဒေါင်းမြန်မာတဆင့်လှမ်းစေဖို့
အောင်ဆန်းနဲ့အောင်ပန်းကိုရယူရန်
ဇာတိမာန်ကဗျာရေးပါတဲ့
မဟာလေးချိုးကြီးကအသံသာ
ကဗျာမှိုင်း ဆရာမှိုင်းကတော့
အောင်ဆန်းတို့ရဲ့က၀ိဆရာ။ ။
(၃)
သြော်-‘အောင်ဆန်း‘ ‘အောင်ဆန်း‘နဲ့
လွတ်လပ်ရေးရောင်ခြည်တွေသန်းချိန်မှာ
သူ့ခေါင်းမှာလည်းအောင်ဆန်း
ကိုယ့်ခေါင်းမှာလည်းအောင်ဆန်း
တပြည်လုံးအောင်ပန်းမညှိုးခင်မှာ
မိမြန်မာအမှောင်သန်းပြီပေါ့
ပန်းကောင်းကိုအညွှန့်ချိုးတဲ့ပမာ
မျိုးသစ္စာဖောက်ယုတ်တမာ
အမိုက်အမှောင်ဖုံးပါလို့
အသက်ပါဆုံးရရှာတဲ့
မှိုင်းအချစ်ဆုံးအောင်ဆန်းအတွက်
သောကမျက်ရည်စက်တွေနဲ့
အာဇာနည်အုတ်ဂူမှာလေ
ဒေါင်းပုဝါ ခါခါအုပ်ပါလို့
ဆရာမှိုင်း ကဗျာမှိုင်းမျက်ရည်သုတ်ကာ
အလေးပြုရင်း နှုတ်ဆက်ရှာ။ ။
(၄)
အခေါင်အမြန်းတွေပါနဲ့နော…
အောင်ဆန်း အောင်ပန်းညှိုးလျချိန်မှာ
သူခိုး ဓါးပြလူလိမ်တွေက
အစိုးရ အစိုးရ
အစိုးရတွေကလည်း သူခိုး ဓါးပြ
တန်ခိုးတွေပြနေကြတော့
ဘုရား၊ တရား၊ သံဃာ‘တ’နေရတဲ့အချိန်မှာ
အာဏာ၊ ပါဝါ၊ ခွာနာတွေပြပြပြီး
စစ်ဓါးပြသူခိုးတွေ အခါခါအာဏာသိမ်းလေတော့
ထိန်းမရ သိမ်းမရ ကိန်းမလှဖြစ်ကာ
အမိဘ၀ ဒေါင်းအလှမှာလေ…
ခေါင်းကိုလည်းမကြွနိုင်
ဒေါင်းကိုလည်း မကနိုင်
စစ်ခေါင်းဓါးပြတွေမကောင်းသမျ
အကြောင်းမလှဖြစ်ကာ
မှိုင်းကတော့ ခေါင်းငုံ့လို့သာမှိုင်။ ။
(၅)
သြော်- အမိမြေသတိဝေပါစေတော့
ပျက်နေရင်အစဉ် ပြင်လိုက်ရင်တခဏပါဘဲ
အကောင်းမြင်ဒဿနတွေကဲပြီးတော့
ဒေါင်းအိုးဝေ ကောင်းမျိုးအထွေထွေ
ကောင်းကျိုးစေ သာစေကြောင်းရယ်နဲ့
မေ့သားငယ်မောင့်ရွှေသွေးတွေက
‘ပေး‘ ‘ပေး‘ ‘ဒီမိုကရေစီပေး‘
အရေးလို တေးဆိုကာတောင်းခဲ့ကြတယ်။်
သြော်- အပြစ်မြင်စစ်ဘုရင်
ယဇ်ပုလ္လင်လှုပ်ပြီလို့
ဇာတိရုပ်သူ့မှာထင်
အကောင်းမြင်သူ့မှာဝေးပြီမို့
ကျောင်းသားလူငယ်မောင့်ရွှေသွေးတွေရဲ့
‘သွေး‘ ‘သွေး‘ ‘သွေး‘တွေနဲ့ခြေကိုဆေး။ ။
(၆)
ခုအခါ မိမြန်မာ
လမသာ၊ နေမထွက်တဲ့
အခြေပျက်ကိန်းပုံအောင်
သန်းခေါင်ထက်တောင် ပိုလို့မှောင်မဲ
စစ်ဓါးပြသရဲတွေက ကြောက်စိတ်တွေကဲပြီး
‘ပြည်သူ့အသဲပန်း ရတနာစုတည်ရာ
ဒေါ်အောင်ဆန်းစုကြည်’ကိုသော်မှ
ငါးနှစ်ကျော် ခြောက်နှစ်မြောက်
အကြောက်ပြင်ပြင်
ထောင်ချောက်ဆင်ကာ အကျဉ်းအကျယ်
အချုပ်တွေနဲ့ဖမ်း…
အေး ထိုးမဲ့ဆင်ကတော့
နောက်ကိုဆုတ်ရမယ်ကွဲ့တလှမ်း
သားတပည့်လေးတွေကိုကွယ်
သနားဂရုဏာရှိရှိနဲ့
ဆရာမှိုင်းသာရှိရင်ဖြင့်
‘သတိ‘ ‘သတိ‘ နဲ့ က၀ိဆရာက
မင်းတို့လေးတွေကိုလေ သတိပေးမှာသိလား…။
အေး…ခုအခါမှာ
ကုစရာဆေးဝါးကလည်းနတ္ထိဝေးပါရဲ့
(သီဟမင်းတို့ရေ…)
မင်းတို့ဆရာဦးလေးကတော့
သက်ပြင်း သက်မတွေအခါခါချကာ
စာကဗျာတွေရေးရေးပြီး
တော်လှန်ရေး နိုင်ငံရေးအတွက်
သောကဖက်ကာ မဟာသံဝေဂတွေပွား
သြော်-မင်းတို့လေးတွေ အတွက်ကတော့ကွာ
ရှာဖွေလို့သာကြည့်ကြပါကွယ့်
နိုင်ငံရေးရဲ့အမှန်တရား။ ။
စာကြည့်တိုက်ထဲက ဆရာမှိုင်း(မောင်သစ်ဆင်း)


လောကရဲ့ပြတင်းတံခါးတစ်ချပ်
စာကြည့်တိုက်မှာ တပ်ထားတယ်။
အတိတ် ပစ္စုပ္ပန် အနာဂတ်
ထင်ဟပ်တဲ့ လက္ခဏာရေးသုံးပါး
စာကြည့်တိုက်များမှာ ၀ိပဿနာတင်ရှုနိုင်တယ်။
ဘားနပ် ပိဋကတ်တိုက်ရဲ့ကျေးဇူး
ဆရာမှိုင်းတို့ရခဲ့ဖူး။
ဘ၀ရဲ့အကောင်းဆုံးအချိန်များ
ပိဋကတ်တိုက်မှာ သုံးခဲ့ဖူး။
ကွမ်းတမြုံ့မြုံ့နဲ့
တငုံငုံလေ့လာ
ပြည်မြန်မာရှေ့ရေး
အတွေးတွေရ၊ အသစ်တွေရ။
လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး
စာကြည့်တိုက်မှာတွေး
စာကြည့်တိုက်မှာရေး။
စာကြည့်တိုက်ဆိုတာ
တသက်တာသင်ယူလေ့လာဖို့
မရှိမဖြစ်တဲ့နေရာ
ဆရာမှိုင်းအသေအချာသိခဲ့။
ပေးသလောက်ရဲတဲ့ ပညာရေးမလိုချင်
ယူသလောက်ရတဲ့ ပညာရေးပဲလိုချင်။
စာကြည့်တိုက်ကောင်းမှ
တက္ကသိုလ်ကောင်းမည်ပေကြောင်း။
ဒီအမြင်နဲ့
ဆရာမှိုင်းက
တိုင်းပြည်ရှေ့ရေးသည် ပညာရေးပါလို့
အထပ်ထပ်ဆိုခဲ့ရှာ
“သြော် အောင်မျို့အလှည့်
နောင်ဘို့တပည့်တွေနဲ့
အို ဖေမောင်တင်ရဲ့
မောင်တို့ရဲ့တက္ကသိုလ် သခင်ကျောင်း”
ဆရာကြီးမှိုင်းရဲ့ စာပေအရိပ်သြဇာ(တင်မိုး)
.jpg)
(၁)
“မှိုင်းဟဲ့နော်…
တိုင်းနဲ့ပြည်ကျော်ဖို့
ဖြေမနော် အဖက်ဖက်က စမ်းကြပါတော့
မပြေသော် တသက်နှစ်တမ်းပါပဲ…” တဲ့။
ဆရာမှိုင်းရဲ့စိန်ခေါ်သံ၊ ဗိုလ်တောင်းသံပါ။ အလွန်အားရဖွယ်ကောင်းလှတဲ့အသံ။ ကာရန်ကလဲကိုယ်တွင်းပြည့်၊ ဒီလို လက်မထောင်ပြီး ရင်ကော့လိုက်တဲ့အတွက် ဆရာကြီးမှိုင်းရဲ့စာပေဣနြေ္ဒ ပျက်မသွားတဲ့အပြင် အားရပါးရလက်ခုပ်တီးပြီး အားပေးချင်စိတ်တောင်ပေါက်မိပါ ရဲ့။ တဖက်သားနလန်မထူနိုင်အောင် အလံတလူလူ လွှင့်လိုက်တဲ့ ဇာတိမာန်လို့ပဲဆိုချင်ပါတယ်။
“မင်းတို့ဥာဏ်အမြင် တမိုက်တထွာမျှရယ်နဲ့ ငြင်းဖို့သန်လျင် မိုက်ရာကျပေလိမ့်” တဲ့။ စကားလုံးတိုင်း အဓိပ္ပာယ်ပါပြီး ပြောင်မြောက်တဲ့အပြင် ဆရာကြီးရဲ့ ကာရန်နဘေသံ ကလဲ စိန်ဗေဒါ့လက်သံ စိန်စိန်လန်နေအောင် ကောင်းလွန်းလှလို့ အရသာရှိလို့မဆုံး၊ ကြားရသူတိုင်းတပြုံးပြုံး။ ဆရာကြီးရဲ့ ကြီးမားလှတဲ့ကဗျာဥာဏ်က ကာရန်ရေတံခွန်များ တသွင်သွင်စီးကျလာပုံများမှာ သောက်သုံးခပ်ယူလို့မ၀နိုင်အောင်ကြွယ်လှချည့်။
(၂)
အခြားခြားသော စာဆိုကြီးတွေရဲ့ မဟာလေးချိုးကြီးတချို့ကို ဖတ်ဖူး၊ကြာနာဖူးပါရဲ့၊ ကာရန်မနိုင်တဲ့အတွက် မထိရောက်လှ။ ဒါကြောင့် ဆရာကြီးရဲ့ မန်ကြီးရွက်သပ် နဘေ ထပ်များလို လျောကနဲလျောကနဲမရ။ ဝေါကနဲဝေါကနဲမကျတဲ့အတွက် ပွဲမကျ။
ဆရာ ကြီးက သူ့ပင်ကိုယ်ဥာဏ်ကကြီးမားလှတဲ့အတွက် တမင်အားထုတ်မူမပြုရ၊ သူ့အလိုလို စီးဆင်းလာတဲ့ ကာရန်များမှာ အံ့သြဖွယ်ပင်ကောင်းလှပါပေ့၊ သူမတူတမူထူးတဲ့ ကဗျာ ၀ိဇ္ဇာာဓိုရ်တပါးပါတကား။
(၃)
ဆရာကြီးရဲ့လေးချိုးကြီးတွေဖတ်ပြီး ပီတိစိတ်ယိုဖိတ်ကာ ဆရာကြီးရဲ့နဘေထပ်များ ကို နောက်နှောင်းစာဆိုတို့က တုပရေးသားစီကုံးခဲ့ကြဖူးပါတယ်။ ဆရာကြီးကိုယှဉ်ပြိုင် ခြင်းမဟုတ်၊၊ အားကျခြင်း၊ ဆရာကြီးရဲ့စံကို အတုခိုးလိုခြင်း၊ ကြည်ညိုခြင်းစိတ်ဖြင့် စမ်း သပ်ကြည့်ကြခြင်းမျှသာ ဖြစ်ပါတယ်။
ကျနော်တို့တခေတ်မှာ လူငယ်ကဗျာဆရာများက ဆရာကြီးရဲ့လက်ရာမျိုးကို လက် ဖျားနဲ့မျှမတို့ရဲပေမဲ့ လူငယ်ဂီတစာဆိုတဦးကတော့ ဆရာကြီးရဲ့ နဘေထပ်အသွားတွေ ကို ကြိုးစားပမ်းစား အတုယူရေးဖွဲ့ဖူးတာကို သတိရမိပါတယ်။ သူကတော့ သူ့မူနဲ့သူ ကျော်ကြားထင်ရှားခဲ့တဲ့ ဂီတစာဆို၊ ရုပ်ရှင်မင်းသား ‘အကယ်ဒမီမြတ်လေး’ ဖြစ်ပါတယ်။
မြတ်လေးက ဆရာကြီးကိုလည်း လေးစားမြတ်နိုး၊ ဆရာကြီးရဲ့ စာပေအမွေအနှစ်ကိုလဲ အမွေခံယူချင်၊ ဆရာကြီးရဲ့ငြိမ်းချမ်းရေးလမ်းစဉ်ကိုလည်း နှစ်နှစ်ကာကာ ထောက်ခံခဲ့သူဖြစ်လေတော့ သူ့တေးကဗျာတွေအပေါ်မှာ ဆရာကြီးရဲ့ စာပေအရိပ်တွေ လွမ်းမိုးနေတာ ဆန်းတယ်လို့မဆိုတာပါဘူး။
(၄)
ကိုမြတ်လေးရဲ့ တေးသီချင်းတွေက အတွေးအခေါ်လဲဆန်းသစ်၊ အရေးအသားကလဲ တစခန်းလှစ်ပြီး လမ်းသစ်ထွင်ခဲ့ပုံကလေးတွေ တစေ့တစောင်းကြည့်ရအောင်…။
‘မခင်နှင်းဆီ’သီချင်းမှာ-
“သခါင်္ရကို အစဉ်ထာဝရမှတ်တော့ သင်အနာတရဖြစ်မည်…” တဲ့။
“အက္ခရာသင်္ချာနည်းနဲ့ တွက်ချက်ကြည့်တော့လည်း မက်စရာမမြင်ပါသည်…
အဲ ဒါပဲ အဖြေကွဲ့နှင်းဆီ…၊ ဘ၀နိယာမထဲသို့ ဘ၀င်နာနဲ့ဆင်းပြီ…” တဲ့။
‘ပင်လုံထိပ်ဦး’မှာ-
“လူ့လောက ဟန်ပန်အရေးနဲ့ ပျမ်းမျကြေးအဖြေ… ဥရောပဆန်ဆန်တွေးတဲ့ ရှမ်းမလေးရေ” တဲ့။
‘ကပြားမလေး ဂိုယာရမ်’မှာ -
“အလှဖုရားမလေး လိုရာဖက်လိုရာဖန်… ကပြားမလေး ညိုပြာညက်ဂိုယာရမ်” တဲ့
‘မင်္ဂလာဒုံက လက်ခုပ်သံများ’ သီချင်းမှာ-
“ဘ၀င်မှာတုန်စရာ့ စက်လှုပ်ပျံကစား မင်္ဂလာဒုံက လက်ခုပ်သံများ…ညီ” တဲ့။
‘တ-က-သ ငွေရတုသဘင်’ သီချင်းမှာ-
“ငွေခရုလွင်လွင်... ပြည်ခြိမ်းမဲ့ ထက်ဗဟို သောင်းခရီးတွင်… ငွေရတုသဘင် မြည် ဟိန်းလျက် တက္ကသိုလ်ကျောင်းကြီးတွင်” တဲ့။
‘မောင်းမကန် ကေသီဦး’ သီချင်းမှာ-
“ထိန်ဝှက်စကားတွင် အသက်ပါနေသမို့ စိတ်မှာစိတ်မှာ သူ့အကြောင်းရွယ်… အိပ်မက်များပင် မက်ပါစေလို့ ကြိတ်ကာ မှိတ်ကာ ဆုတောင်းတယ်…၊ အကြောင်းကံပြေမည် အထူးရွယ် စောင်းသံချွေသီခူးတယ်… မောင်းမကန်ကေ သီဦးရယ်…” တဲ့။
ကိုမြတ်လေးရဲ့ နဘေအရသာကလေးများကိုလဲ တမျိုးတဖုံ ခံစားကြည့်စေ ချင်ပါတယ်။ ကျနော့်နှလုံးသားထဲက နဘေထပ်ကတော့-
“ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်လို့ တွန်စေ ကစေသော” ပါခင်ဗျား။
တင်မိုး
(၁၁၊ ဖေဖေါ်ဝါရီ၊ ၂၀၀၆)
လန်ဒန်တိုင်းသတင်းစာ၌ ဖော်ပြခဲ့သော ဆရာကြီးသခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပတ္တိ
မောင်ထင် ဘာသာပြန်သည်
မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိသည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီးနောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။
ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကို
နန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌
ဝင်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ်သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာသောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နားလည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသား
ရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာသောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေးသည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။
ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေသည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင်
ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။
သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်းမပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာသတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်ကိုပေးသည်။
သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကိုလည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို
ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်
ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။
သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာအစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည်အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။
တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့်စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီးအဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။

မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။
ဘာသာပြန်သူ၏မှတ်ချက် - လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာ
မဟုတ်၊ လွတ်လပ်စွာရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။
ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြားတပါးသော နိုင်ငံတို့က ကြိုက်သည်လည်း
ရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။
မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀
တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင်စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်း
တို့၌ လွတ်လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာအာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြ
ပေသည်။
ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ
ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။
စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်း
သည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကိုလည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့သို့ ရေးသားဂုဏ်ပြုခံရ
သူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။
လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။
မြန်မာ့နိုင်ငံရေးနိုးကြားသော ခေတ်ဦး၌လည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးသို့ ရှေ့ရှုသော ခေတ်၌လည်းကောင်း၊ အလွန်သြဇာတိက္ကမ ကြီးမားသော သခင်ကိုယ်တော်မှိုင်းသည် လွန်ခဲ့သော ကြာသာပတေးနေ့က ရန်ကုန်မြို့တွင် ကွယ်လွန်အနိစ္စရောက်သည်။ ကွယ်လွန်သောအခါ အသက် (၈၉) နှစ်ရှိလေပြီ။သခင်ကိုယ်တော်မှိုင်းသည် လှည်းသမားတဦး၏ သားဖြစ်သည်။ ပြည်မြို့အနီး ရွာတရွာတွင် မွေးဖွားသည်။ ထိုရွာမှာ မြန်မာမင်းဆက်တို့၏ လွတ်လပ်သော နိုင်ငံတော်နှင့် ဗြိတိသျှတို့ သိမ်းပိုက်လိုက်သော ပဲခူးနယ်စပ်ကြားတွင် တည်ရှိသည်။ ရိုးရာဓလေ့အတိုင်း ငယ်စဉ်က မိမိဖွားရာဇာတိရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ယူခဲ့ပြီးနောက် မန္တလေး ရွှေမြို့တော်၌ ဆက်လက်ပညာသင်ယူခဲ့၏။ထိုအခါ သခင်ကိုယ်တော်မှိုင်းသည် ဗြိတိသျှတို့က နောက်ဆုံးမင်းဆက် မြန်မာဘုရင်ကို
နန်းချသည့် အရေးအခင်း၌ ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရသည်။ ၁၈၉၄ ခုနှစ် တွင် စာပုံနှိပ်စက်တခု၌
ဝင်ရောက် အလုပ်လုပ်ရန် ရန်ကုန်မြို့သို့လာခဲ့သည်။ ထိုအချိန်၌ ဆရာလွန်းဟု တွင်သည်။ ထိုအမည်မှာ မူလအမည်ကို အနည်းငယ်လွှဲပြောင်းထားသော အမည်ဖြစ်သည်။ (အင်္ဂလိပ်တို့၌ အမည်ရှေ့တွင် မောင်၊ ကို၊ ဦး၊ ဆရာစသော ဂုဏ၀ုဒ္ဓိကို ဖော်ပြသည့်အလေ့အထမရှိ။ ထို့ကြောင့် ငယ်စဉ်ကမောင်လွန်း၊ လူပျိုအရွယ်၌ ကိုလွန်း၊ အသက်ကြီးလာသောအခါ ဦးလွန်း၊ ဆရာသမား ဖြစ်လာသောအခါ ဆရာလွန်းဟူ၍ အမည်အမျိုးမျိုး ပြောင်းလဲလာပုံကို အင်္ဂလိပ်သတင်းစာဖတ် ပရိသတ်တို့ ရုတ်တရက်နားလည်ရန်ခက်သည်။ ထို့ကြောင့် ဆရာလွန်း အကြောင်းကိုရေးသား
ရာ၌ ထိုအမည်သည် အနည်းငယ်ပြောင်းလဲလာသောအမည်ဟု သိလွယ်အောင်ရေးခြင်းဖြစ်သည်။ ဘာသာပြန်သူ) ထို့နောက် ဆရာလွန်းသည် ပြဇာတ်များကိုရေးသည် သူရေးသော ပြဇာတ်များမှာ ပုဒ်ရေ (၈၀) ခန့်ရှိသည်။
ဆရာလွန်းသည် နဘေထပ်ကာရန်များနှင့် ကဗျာသီကုံးရေးသားရာ၌ အလွန်သွက်သွက်လက်လက် ရေးတတ်သည် ဖြစ်ရကား၊ ယင်းအရည်အချင်းသည် သူ သတင်းစာလောကထဲသို့ ၀င်ရောက်ရာ၌ များစွာအထောက်အပံ့ ဖြစ်လေသည်။ သတင်းစာလောကထဲသို့ ၀င်လာခါစ၌ မော်လမြိုင်တွင်
ထုတ်ဝေသော သတင်းစာတွင် ပထမဆောင်ရွက်သည်။ သို့သော် မကြာမီ ၁၉၁၁ ခုနှစ်တွင် ရန်ကုန် မြို့၌ ထုတ်ဝေသော သူရိယသတင်းစာတွင် ၀င်ရောက်လုပ်ကိုင်ရာ နိုင်ငံရေးကို စိတ်ပါဝင်စား လာလေသည်။
သခင်ကိုယ်တော်မှိုင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် ကြီးပြင်းခဲ့သူ ဖြစ်သည့်အလျောက် အင်္ဂလိပ်စာကို သင်ယူခြင်းမပြုခဲ့ချေ။ တသက်ပန်လုံး မြန်မာ့အဂ္ဂိရတ်ပညာတွင် ထထကြွကြွ လိုက်စားခဲ့သည်။ သူရိယသတင်းစာသည် မြန်မာသတင်းစာတို့တွင် နိုင်ငံရေးဆိုင်ရာ အရေး အသားတို့ကို ပထမဦးဆုံးရေးသားထားသော သတင်းစာဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းနှင့် ရေးဘော်ရေးဘက်တို့သည် ထိုစဉ်က ဟုမ္မရူး ကိုယ်ပိုင်အုပ်ချုပ်ရေး အကြောင်းကို သတင်းစာထဲ၌ဆွေးနွေးလေ့ရှိရာ ယင်းသို့ဆွေးနွေးသည်ကို သဘောတူ၍ ကြိုဆိုသည်။ အင်္ဂလိပ်တို့၏ အပြုအမူကို ခုံမင်၍ မြန်မာအမည်ရှေ့တွင် မစ္စတာဟု ခေါင်းတပ်သော သူတို့ကို သရော်သောအားဖြင့် ထိုခေတ်က ကျော်ကြားသော မြန်မာဝတ္ထုတပုဒ်၌ ပါသောအမည် တခုကိုယူ၍ မိမိကိုယ်ကိုမိမိ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်ကိုပေးသည်။သူရိယသတင်းစာတွင်လုပ်ကိုင်နေသော ဆယ်နှစ်တာအတွင်းဝယ် မြန်မာတို့သည် အတိတ်၌ ဇာတိဂုဏ်ရောင် ထွန်းပြောင်ခဲ့သည်ကို ပြန်လည်သတိရစေခြင်းငှာ “ဋီကာ” အဖွဲ့များကို ရေးသား သည်။ ထို့ပြင် မြန်မာစာပေများကိုလည်း ပြုစုသည်။ ထိုအရေးအသားများကို နိုင်ငံအစိုးရက အရေးယူခြင်းမပြုသော်ငြားလည်း ထိုအရေးအသားတို့သည် အခြားတပါးသောသူတို့က တိုက်ရိုက်ရေးသားသော အရေးအသားများထက်ပို၍ မြန်မာနိုင်ငံရေး အတွေးအခေါ်တို့ကို
ဖြန့်ချီရာ၌ အဆင့်အတန်းမြင့်မြင့်နှင့် ထိရောက်သည်။ သခင်ကိုယ်တော်မှိုင်းသည် ထိုခေတ်က နိုင်ငံရေးသမားများ ကိုယ်ကျိုးရှာ၍ အရည်အချင်းမပြည့်မ၀နှင့် ပျော့ညံ့ညံ့ အလုပ်လုပ်သည်
ကိုလည်း ရှုတ်ချဝေဖန်လေ့ရှိသည်။
သခင်ကိုယ်တော်မှိုင်းသည် ၁၉၃၄ ခုနှစ်တွင် ပါတီသစ်တပါတီအနေဖြင့် ထင်ရှားလာသော တို့ဗမာ အစည်းအရုံးကို သူ၏ သြဇာတိက္ကမနှင့် ၀င်ရောက်အားပေးကူညီရာ၊ ၁၉၃၆ ခုနှစ်တွင် နာယက ဖြစ်လာလေသည်။ ထိုအခါ တို့ဗမာအစည်းအရုံးဝင်တို့၏ ဓလေ့ကိုလိုက်၍ မိမိကိုယ်တိုင် သခင် နာမည်ကို ခံယူသည်။ ဤသည်တွင် ကွယ်လွန်သည်အထိ သခင်ကိုယ်တော်မှိုင်းအမည်ဖြင့် ထင်ရှား သည်။
တို့ဗမာအစည်းအရုံး၌ ဆောင်ရွက်သောအခါ နောင်အခါတွင် ခေါင်းဆောင်ဖြစ်လာကြမည့် ခေတ် လူငယ်များကို အကြံအဥာဏ်တို့ဖြင့် အားပေး အားမြှောက်ပြုရာ ထိုလူငယ်များတသိုက်တွင် မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတို့နှင့်စေ့စပ်၍ ရအောင် ယူခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သော ဦးနုတို့ အပါအ၀င်ဖြစ်သည်။ မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်စဉ်က သခင်ကိုယ်တော်မှိုင်းသည် ၀န်ကြီးအဆင့်အတန်းရှိသော ရာထူးဌာနန္တရတခု၌ ခေတ္တ၀င်ရောက်လုပ်ကိုင်ခဲ့ပြီးနောက် စစ်ကြီးပြီးသောအခါ ထိုရာထူးမှထွက်၍ အငြိမ်းစားနေထိုင်ခဲ့သည်။

မြန်မာစာပေကို အကြောင်းပြု၍ သခင်ကိုယ်တော်မှိုင်းအား အင်္လကာကျော်စွာဘွဲ့ကို အပ်နှင်းသည်။ သခင်ကိုယ်တော်မှိုင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ဝင်တဦး ဖြစ်သည့်အားလျော်စွာ ၁၉၅၄ ခုနှစ်တွင် စတာလင် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အချုပ်အချယ် ပြုမည့် ရာထူးဌာနန္တရတို့ကို ငြင်းပယ်၍ တသက်ပတ်လုံး မြန်မာ့လွတ်လပ်ရေး အကျိုးငှာသာလျှင် ဆောင်ရွက်ခဲ့လေသည်။
ဘာသာပြန်သူ၏မှတ်ချက် - လန်ဒန်တိုင်းသတင်းစာသည် ပါတီဂိုဏ်းဂဏ သြဇာခံသတင်းစာ
မဟုတ်၊ လွတ်လပ်စွာရေးသားသည့် ပေါ်လစီကို လက်ကိုင်ပြုသည့် သတင်းစာဖြစ်သည်။
ထို့ကြောင့် ထိုသတင်းစာ၏ အာဘော်ကို အခြားတပါးသော နိုင်ငံတို့က ကြိုက်သည်လည်း
ရှိလိမ့်မည်။ မကြိုက်သည်လည်းရှိလိမ့်မည်။
မြန်မာနိုင်ငံကို ဂျင်နရယ်ပရင်ဒါဂတ် ၀င်ရောက်သိမ်းပိုက်စဉ်က လန်ဒန်တိုင်းသည် အင်္ဂလိပ် စစ်တပ်တို့၏ အပြုအမူကို ပြစ်တင်ရှုတ်ချသော သတင်းများရေးသားသည်။ သို့ရာတွင် မြန်မာ နိုင်ငံသည် ဗြိတိသျှနိုင်ငံဖြစ်လာသော အခါမူကား ဗြိတိသျှတို့၏ အကျိုးစီးပွားကိုငဲ့၍သာ ရေးသားသည်။ မြန်မာနိုင်ငံ အုပ်ချုပ်ရေး အပြောင်းအလဲစီမံကိန်းများ ပေါ်ပေါက်သော ၁၉၂၀
တ၀ိုက်ခေတ်၌မူကား လန်ဒန်တိုင်းသည် မြန်မာကိုယ်စားလှယ် ဦးဘဘေ၊ ဦးသိန်းမောင်စသော ပုဂ္ဂိုလ်တို့ကို ကူညီ၍ မြန်မာ့အာဘော်ကို တင်ပြပေးသည်။ ဤသဘာဝကား ကမ္ဘာ့အရေးအခင်း
တို့၌ လွတ်လပ်စွာ စဉ်းစားဆင်ခြင်၍ လွတ်လပ်စွာ အဆုံးအဖြတ်ပေးသော သဘာဝပင်ဖြစ်သည်။ ထို့ကြောင့် ထိုသတင်းစာအာဘော်ကို ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ အများက လေးစားကြ
ပေသည်။
ထင်ရှားသော ပုဂ္ဂိုလ်တို့ ကွယ်လွန်သောအခါ လန်ဒန်တိုင်းသည် နာရေးသတင်းကဏ္ဍ၌ ကွယ် လွန်သူ ပုဂ္ဂိုလ်တို့၏ အတ္ထုပ္ပတ္တိကို ဖော်ပြလေ့ရှိသည်။ ဤသို့ဖော်ပြရာ၌လည်း တော်ရုံတန်ရုံ ပုဂ္ဂိုလ်တို့ကို ဖော်ပြလေ့မရှိချေ။ ၀ိဇ္ဇာပညာရေးရာ၊ သိပ္ပံပညာရေးရာ၊ စာပေရေးရာ၊ အနုပညာ
ရေးရာ၊ ကမ္ဘာ့ရေးရာတို့တွင် ကမ္ဘာ့ဂန္တ၀င်ထဲ ၀င်ထိုက်သည်ဟု ယူဆမှသာလျှင် ဖော်ပြလေ့ရှိသည်။ ယင်းသို့ဖော်ပြရာ၌လည်း ကမ္ဘာနှင့်စပ်ဆိုင်သော ပုဂ္ဂိုလ်ဖြစ်လျှင် ရန်သူမိတ်ဆွေဟူ၍ သဘော မထားဘဲ တတ်နိုင်သမျှ တိတိကျကျ လေ့လာစုံစမ်း၍ ဖော်ပြလေ့ရှိသည်။
စစ်စစ် ဗြိတိသျှအင်ပါယာဝါဒ မျက်စိနှင့်ကြည့်လျှင် သခင်ကိုယ်တော်မှိုင်းသည် အင်ပိုင်ယာ နယ်ချဲ့ သမားတို့၏ အဓိကရန်သူ ဖြစ်ပေသည်။ သို့ပါလျက်နှင့် လန်ဒန်တိုင်းသည် သခင်ကိုယ်တော်မှိုင်းကို ရန်သူကဲ့သို့မကြည့်၊ မျိုးချစ်စာပေပညာရှင်တဦးကဲ့သို့သာမြင်သည်။ ဤအမြင်ဖြင့် ရေးသားခြင်း
သည် အရေးခံရသူကို ဂုဏ်ပြုသည်နှင့်အမျှ ရေးသူကိုလည်း ဂုဏ်တက်စေသည်။ ကျနော်လေ့လာ ကြည့်၍ရသမျှနှင့် ပြောရမည်ဆိုပါက မြန်မာခေါင်းဆောင်တို့တွင် ဤကဲ့သို့ ရေးသားဂုဏ်ပြုခံရ
သူမှာ သခင်ကိုယ်တော်မှိုင်းသာလျှင် အာဒိ (ရှေးဦး) ပုဂ္ဂိုလ်ဖြစ်သည်။
လန်ဒန်တိုင်းသတင်းစာတွင် ဖော်ပြခဲ့သော ရက်စွဲမှာ ၁၉၆၄ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ဖြစ်သည်။
သခင်ကိုယ်တော်မှိုင်း (သို့) ငြိမ်းချမ်းရေးကလောင်(၁၈၇၆-၁၉၆၄)
ဆရာကြီးမှိုင်းကို အဖဦးစံဒွန်း နှင့် အမိဒေါ်အုန်း တို့မှ ၁၈၇၆၊ မတ်လ (၂၃) ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်။ မြန်မာ(ကောဇာ)သက္ကရာဇ် အားဖြင့် ၁၂၃၇၊ တပေါင်းလပြည့်ကျော် (၁၄) ရက်၊ ကြာသပတေးနေ့ပါ။ ငယ်ငယ်က မောင်လွမ်းမောင် ရယ်လို့ ခေါ်ဆိုကြပြီး၊ ကျီးသဲလေးထပ် ဆရာတော်ကြီးရဲ့ တပည့်ရင်းလို့ ဆိုနိုင်ပါတယ်။ ကုန်းဘောင်ခေတ်နှောင်းရဲ့ အဘိုးမဖြတ်နိုင်တဲ့ ပညာမွေတွေကိုတော့ နာမည်ကျော် မန္တလေးမြို့မြတောင်ကျောင်းတိုက်မှာ ဆည်းပူးခဲ့တာပါ။ အရွယ်က ၇နှစ်၊ ဘွဲ့တော်က ပဏ္ဍိတ။ ဘွဲ့တော်နှင့်လိုက်အောင်လည်း နောင်တချိန် “ပဏ္ဍိတ” ဖြစ်လာခဲ့သူပါ။ဘ၀ရဲ့အချိုးအဆစ် တခုအဖြစ် ၁၈၈၅ခု၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မှာ သီပေါဘုရင်နှင့် အလယ်စုဖုရား ပါတော်မူတာကို စာတော်ဝန်ဦးခဲ ကျောင်းပေါ်မှ တွေ့ခဲ့ရတယ်လို့ အဆိုလေးလည်းရှိပါတယ်။ အစိုးရက စစ်တဲ့ ၇တန်းစာမေးပွဲကိုအသက် ၂၂ နှစ်မှာအောင်မြင်ခဲ့ပြီး မော်လမြိုင်မြို့ မြန်မာတိုင်း သတင်းစာမှာ ပဏ္ဍိတလေး ဆိုတဲ့ကလောင်အမည်နှင့် စာပေဘ၀ စတင်ခဲ့ပါတယ်။
ရန်ကုန်ကို ရောက်ပြီး စာပြင်ဆရာလေးအဖြစ် ဘ၀ဖြတ်သန်းတော့အသက် ၂၄နှစ် ရှိပါပြီ။ ၁၉၀၃ခုနှစ်မှာ ပွဲစားကြီး ဦးနုရဲ့သမီး မရှင်နှင့်အကြောင်းပါပြီး အိမ်ထောင်စတင် တည်ထောင်ခဲ့ပါတယ်။
နောက်တော့ ရန်ကုန်သတင်းစာမှာ ဇာတ်စာတွေရေးရာက နာမည်ရလာကာ မော်လမြိုင် မြန်မာတိုင်း သတင်းစာမှာ အယ်ဒီတာ ဖြစ်လာပါပြီး မောင်သမာဓိ ဆိုတဲ့ ကလောင်သစ်နှင့် လက်စွမ်းပြခဲ့ပါတယ်။
၁၉၀၅ခုနှစ်မှာ မောင်လွမ်းမောင် ရဲ့စာပေစာမျက်နှာသစ် ပွင့်လာခဲ့ပါတယ်။ အဲဒါကတော့ မော်လမြိုင်ရာဇ၀င် ကို ရွှေတောင်မောင်လွမ်း အနေနှင့်ထုတ်ဝေနိုင်ခဲ့လို့ပါ။ ကဗျာသာရမဉ္ဇူ နှင့် ပရမတ္တသံခိပ်အဖြေ(ဒုတွဲ) ဆိုသည့် ကျမ်းကြီးနှစ်ဆောင် ကို ပြုစုရေးသားခဲ့တာလည်း ဒီကလောင်နှင့် ပါပဲ။ ထူးဆန်းတာကတော့ မော်လမြိုင်နတ်လမ်းညွှန် ကို မစောညွှန့် ဆိုတဲ့ ကလောင်အမည်နှင့် ရေးသား ဖြစ်ခဲ့တာပါ။
အဲ့ဒီနောက် ကဗျာသာရတ္တသဂြိုလ်၊ မြန်မာရာဇ၀င်ချုပ်၊ ရွှေနတ်တောင်ဘုရားသမိုင်း စတဲ့ စာအုပ်တွေကို ရွှေတောင်ဆရာလွန်း ဆိုတဲ့အမည် နှင့် ဆက်လက်ရေးသားခဲ့ပြီး သူရိယသတင်းစာ စထွက်တော့ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြန်ပါတယ်။ သူရိယသတင်းစာရဲ့ နာမည်ကျော် ကြာဋ္ဋီကာ ဆောင်ပါးတွေကိုရေသားခဲ့တဲ့ မစ္စတာမောင်မှိုင်းဆိုတာလည်း ရွှေတောင်ဆရာလွန်းပါပဲ။ လက်မှုပညာဋ္ဋီကာနှင့် နိုင်ငံခြားသာသနာပြု လေးချိုးကိုရေးသားတော့လည်း မစ္စတာမောင်မှိုင်း ဆိုတဲ့အမည် ကို ဆက်လက်အသုံးပြု ခဲ့ပါတယ်။ ဗိုလ်ဋ္ဋီကာ ဆောင်းပါးတွေကို ရေးပြီး၊ ဆောင်းပါး ပေါင်းချုပ်ကြီး ထုတ်ဝေနေစဉ်မှာ ချစ်ဇနီး ဒေါ်ရှင် အနိစ္စရောက်ခဲ့ပါတယ်။၁၉၁၆ခုနှစ်မှာ နောင်တချိန် လျှမ်းလျှမ်းတောက် ကျော်ကြားလာမည့် မှာတော်ပုံ ၀ထ္ထုကြီးကို စတင်ရေးသားခဲ့ပြီး၊ မဏိဟတ် နန်းတွင်းဇာတ်တော်ကြီးကို တည်းဖြတ်ထုတ်ဝေ ခဲ့ပါတယ်။ အီနောင် နန်းတွင်းဇာတ်တော်ကြီး၊ ကေလာသီရိ နန်းတွင်းဇာတ်တော်ကြီး နှင့် ဓမ္မစေတီမင်း ၀ထ္ထုတို့ကိုတော့ ဆရာလွန်း အနေနှင့် ပြန်လည်ရေးသားပါတယ်။
၁၉၁၉ခုနှစ်မှာ ပဲခူးရာဇ၀င် နှင့် မှာတော်ပုံ(ဒုတွဲ) တို့ကို ရေးသားနေစဉ် ဦးဘဖေ၊ ဦးပု နှင့် ဦးထွန်းရှိန်တို့ ဘိလပ်သွား အရေးဆိုတော့ သြဒိဿပတ္တနာ လေးချိုးကြီး ဖြင့်ကောင်းချီးပေးခဲ့ပြန်ပါတယ်။
ဗြိတိသျှအင်ပါယာရဲ့နန်းမွေခံ ဝေလမင်းသား မြန်မာနိုင်ငံကို တိုင်းခန်းလှည့်လည်စဉ်က၊ အထူးဧည့်ခံ ရန် ဂုဏ်ပြုရတု စပ်ဖို့ ဦးမေအောင်မှ ပန်ကြားသောအခါ၊ “တို့နိုင်ငံကို ကျွန်ပြုတဲ့ ဘုရင်မမြေးကို ချီးမကျူး” ဟု ကြီးစွာသောမျိုးချစ်စိတ်ဖြင့် ငြင်းပယ်ခဲ့ပါတယ်။ စုံနံသာမြိုင် နှင့် မျောက်ဋ္ဋီကာကိုတော့ ၁၉၂၂ခု မှာရေးဖွဲ့ခဲ့ပြီး၊ ကျော်ကြားတဲ့ မှန်နန်းရာဇ၀င်တော်သစ် ကို လည်းတည်းဖြတ် ထုတ်ဝေခဲ့ပါတယ်။ မျောက်ဂဏ္ဌိ၊ မစ္စတာမောင်မှိုင်း ဆောင်းပါးပေါင်းချုပ် (ပတွဲ)၊ ရွှေကလေးဘွဲ့၊ မြင်းဋ္ဋီကာ၊ ဆွာရက်ဋ္ဋီကာ၊ ခွေးဋ္ဋီကာ၊ ရာဇ၀င်နီတိ၊ တဆူဋ္ဋီကာ၊ ဆယ်ကဋ္ဋေကျော်ဋ္ဋီကာ၊ အစရှိတဲ့ နာမည်ကျော်စာပေများကို ဒဂုန်မဂ္ဂဇင်း အယ်ဒီတာ ဘ၀ဖြင့် ဆက်တိုက် ရေးသားခဲ့ပြီး၊ အရမ်းကာရ၀ိသောဓနိဆောင်းပါး၊ ဘိုင်းကောက်ဋ္ဋီကာ၊ တရုပ်ဒီပနီ၊ စံဖဲ နှင့် ပုံတောင်နိုင်ဆောင်းပါး တို့ကို ဗြိတိသျှဘားမားမဂ္ဂဇင်း အုပ်ချုပ်ရေးမှုး အဖြစ်တာဝန်ထမ်းဆောင်ရင်း ရေးသားခဲ့ကာ ကိုလိုနီခေတ် အမျိုးသားစာပေကို ဦးဆောင်လာပါတော့တယ်။
၁၉၂၈ခု နှင့် ၁၉၂၉ခု များမှာ ဗြိတိသျှအစိုးရက တောပုန်းကြီးဗိုလ်စံဖဲကို ကြိုးမိန့်ချသောအခါ ဆရာကြီးမှိုင်း မှ ကမကထပြု၍ အယူခံဝင်ပေးခဲ့ပါတယ်။ တိုင်းတပါးသားများက မြန်မာများကို စီမံပိုင်ခွင့်မရှိ ဟုယူစပုံလည်း ရပါတယ်။ ၁၉၃၀ခုနှစ်မှာ သာယာဝတီ ဂဠုန်ဆရာစံ ဗိသိတ်ခံ တော့ ဂဠုန်ပျံဒီပနီဋ္ဋီကာ ဆောင်းပါးများနှင့် ဂုဏ်ပြုခဲ့ပါတယ်။ ဒေါင်းဂဏ္ဌိ၊ ညီညွတ်ရေးရာဇ၀င်၊ ရာဇ၀င်နီတိ အစရှိတဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး စာပေများ ဆက်တိုက်ရေးသားခဲ့ပြီး၊ ၁၉၃၄ခုနှစ် နိုဝင်ဘာ ၃၀ရက် မှာ ကျင်းပတဲ့ တက္ကသိုလ်အမျိုးသားနေ့ အခမ်းအနားရဲ့ သဘာပတိအဖြစ် တာဝန်ယူခဲ့ကာ မျိုးဆက်သစ်လူငယ်များကို ဦးဆောင်မှု ပြုခဲ့ပြန်ပါတယ်။တကယ်တော့ ၁၉၃၄ခုနှစ်ဟာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ရေးကဏ္ဍသစ်ကို စတင်ပေးခဲ့တဲ့နှစ်ပါ။


ရေနံချောင်းမြို့မှာကျင်းပခဲ့တဲ့ ပထမအကြိမ် သခင်များညီလာခံမှာ ကြည်ညိုလေးစားသူများ၏ တင်မြှောက်မှုကြောင့် နာယကကြီးဖြစ်လာကာ လွတ်လပ်ရေးကျိုးပမ်းမှု ရဲ့ ဦးဆောင်မှုများမှာ ပါဝင် လာခဲ့ပါတော့တယ်။ အဲဒီနောက်၊ စွယ်တော်စစ်တမ်း၊ အမျိုးနှင့်စာပေ၊ မြန်မာလူမျိုး၊ အစရှိတဲ့ စာတမ်းကြီးများရေးဖွဲ့၍ ကလောင်စွမ်းဖြင့် တိုက်ပွဲဝင်ခဲ့ပါတယ်။၁၉၃၆ခု၊ ဇွန်လ၊ မြင်းခြံမြို့ မှာကျင်းပတဲ့ တို့ဗမာအစည်းအရုံး ရဲ့ ဒုတိယအကြိမ်ညီလာခံကို တက်ရောက်ခဲ့ပြီး ဗြိတိသျှတို့ရဲ့(၉၁)ဋ္ဌာနအုပ်ချုပ်ရေးကို ခွေးဂဏ္ဌိ နှင့်သရော်ခဲ့ပါတယ်။
၁၉၃၇-၃၈ ကာလများမှာတော့ သုတေသနဒီပနီ၊ ခေတ်ကာလပြုပြင်ပြောင်းလဲရေး၊ ၀သုန်ဤမြေ၊ စွယ်တော်ဂဏ္ဌိ၊ သခင်ဋ္ဋီကာ တို့ကိုရေးဖွဲ့ခဲ့ပါတယ်။ ၁၉၃၈ခု၊ ဧပြီလ ၂၂ရက်နေ့မှာတော့၊ “လွတ်လပ်ရေးကို လက်ဝါးနှင့် တောင်းယူ၍မရ၊ သူပုန်ထရမည်။” လို့ ပုသိမ်မြို့တရားပွဲမှာ လျှမ်းလျှမ်းတောက်တောက် ဟောပြောခဲ့ပြန်ပါတယ်။၁၉၃၉ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက် ရန်ကုန်မြို့လူထုအစည်းအဝေးကြီးမှာ အရင်းရှင်စနစ်ကိုရှုတ်ချခဲ့ပြီး၊ ဇွန်လ ပုသိမ်မြို့မှ “တို့ငတ်နေတာ ဗြိတိသျှတွေကြောင့်” လို့ ဟောပြောပြန်တဲ့အတွက် ချောင်းရိုက်တာ ခံခဲ့ရတဲ့အပြင် နှစ်လတရားဟောခွင့်လည်း ပိတ်ခံရပါတယ်။
အဲဒီနှစ် ဒီဇင်ဘာလမှာပဲ ကြည့်မြင်တိုင် လူထုအစည်းအဝေးကြီးမှာ ဆိုရှယ်လစ်ဝါဒကို ဗုဒ္ဓတရားတော်နှင့် ချိန်ထိုးပြသခဲ့လို့ နောင်အနာဂါတ် မြန်မာ့နိုင်ငံရေးလောကမှာ ကွန်မြူနစ်ကြီး ဆိုပြီး လူတချို့ရဲ့ အထင်ခံခဲ့ရပါတယ်။ ဗမာ့ထွက်ရပ်ဂိုဏ်းကြီး ကို အောက်တိုဘာလမှာ ဖွဲ့စည်းတော့လည်း ဆရာကြီးရဲ့ ဦးဆောင်မှု တွေနှင့်ပါ။၁၉၄၀၊ ဇန်န၀ါရီလဆန်းမှာကျင်းပသည့် တောင်သူလယ်သမား အစည်အရုံး နှစ်လည်ညီလာခံမှာ ဗြိတိသျှနယ်ချဲ့စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ်စနစ်ဖြင့် နိုင်ငံပြုပြင်ရန် အတည့်အလင်းတိုက်တွန်းခဲ့ လို့ ဗြိတိသျှအစိုးရက ရန်သူတော်အဖြစ်သတ်မှတ်ခဲ့ပါတော့တယ်။
အဲဒီနှစ်မှာသားတပည့်တွေဖြစ်တဲ့ သခင်အောင်ဆန်းတို့ မြေအောက်တော်လှန်ရေးစတင်တော့ ဆရာကြီးလည်းမြေလျှိုးခဲ့ရတာ ၁၉၄၂ခု လောက်အထိပါ။ဂျပန်ခေတ် ဖက်ဆစ်စနစ်ရဲ့ အနိထ္ထရုံတွေကို ကြုံရတော့ မိမိရဲ့ သားတပည့် ဗိုလ်ချုပ်အောင်ဆန်းကို “အောင်ဆန်းရယ်၊ နင်တို့ပင့်လာတဲ့ ဘုရားများကလဲ သောင်းကျန်းလိုက်တာကွယ်” လို့ ကရုဏာဒေါသော နှင့် သတိပေးခဲ့ ဖူးပါတယ်။ ဂျပန်တွေ ဆရာကြီး လက်ဝဲယိမ်း မှန်းရိပ်မိလာတဲ့အခါ မြေထပ်လျှိုးခဲ့ရပြန်ပါတယ်။
၁၉၄၅ခုမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးတော့ ဆရာကြီး တို့ဗမာအစည်းအရုံး ရဲ့ ဥက္ကဋ္ဌ ပြန်ဖြစ်လာခဲ့ပါတယ်။ ၁၉၄၇ခု၊ ဇူလိုင်လ မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် လုပ်ဖေါ်ကိုင်ဖက်တွေ ကျဆုံးတော့ အာဇာနည်ဗိမာန်ဋ္ဋီကာ နှင့် ငိုချင်းချခဲ့ ပါ တယ်။
လွပ်လပ်ရေးခေတ်၊ ၁၉၅၀ခု၊ ဇန်န၀ါရီလ မှာတော့ ဆရာကြီးကို နိုင်ငံတော်က အင်္လကာကျော်စွာ ဘွဲ့ဖြင့် ကျေးဇူးဆပ်ခဲ့ပါတယ်။ ၁၉၅၂ခု မှ ၁၉၅၇ခု များအတွင်းမှာ မြန်မာ-နိုင်ငံတကာ ငြိမ်းချမ်ရေးအတွက် ခရီးများစတင်ခဲ့ပါတယ်။ ထိုစဉ်က ကျော်ကြား ခဲ့သည့် ခရူးရှော့ (Nikita Khrushchov)၊ မော်စီတုန် (Mao Tse-tung)၊ ဟိုချီမင်း (Ho Chi Minh) တို့ကပါ အရေးတယူ ဂါရ၀ ပြုခဲ့ကြပါတယ်။




၁၉၅၅ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စုမှ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခဲ့ပါတယ်။ ၁၉၆၀ခုနှစ်၊ အရှေ့ဂျာမနီနိုင်ငံ၌ ဆေးကုသရန်သွားစဉ်က Hamburg University မှလည်း ဂုဏ်ထူးဆောင် ပညာရေးပါရဂူဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။မြန်မာ့ငြိမ်းချမ်ရေး၊ ကမ္ဘာငြိမ်းချမ်ရေး တို့ကို ကျိုးပမ်းရင်း ၁၉၆၄ခုနှစ်၊ ဇူလိုင်လ ၂၃ရက်နေ့မှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သူချစ်သည့် မြန်မာပြည်ကို မျက်ကွယ်ပြုသွားခဲ့ပါတယ်။


ဆရာကြီးရုပ်ကလပ်ကို ကန်တော်မင်ပန်းခြံ ဂူဗိမာန်သို့ ပို့ဆောင်ဂူသွင်းခဲ့ကြပါတယ်။ ဘ၀တလျှောက်လုံး အမျိုးသားရေး အတွက်နှစ်မြုပ်ခဲ့ပြီး၊ တိုင်းပြည်လွတ်လပ်သည့်အခါမှာလည်း မည်သည့်ရာထူးမျှ မခံစားပဲ အိမ်အိုလေးထဲမှာပဲ ခေါင်းချသွားခဲ့သည့်၊ ပြည်သူတို့ချစ်သည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း အနိစ္စရောက်သွားခဲ့သော်လည်း ဆရာကြီးရဲ့ တော်လှန်ရေးနှင့် စာပေ၀ိဉာဉ် ကတော့ မြန်မာတို့ရင်ထဲမှာ ထာဝစဉ်ရှင်သန်နေစဲဖြစ်ကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါတယ်။
အဘိုးမှိုင်း ကောင်းရာသုဂတိလားပါစေ။
(မှတ်တမ်းဓါတ်ပုံများမှာ ၁၉၉၆ ခုနှစ်၊ မတ်လထုတ် စာပေဂျာနယ်၊ အတွဲ ၃၊ အမှတ် ၇ မှ သုံးစွဲဖော်ပြခြင်းဖြစ်ပါသည်)


















