This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, July 24, 2010

စွန့်ဖို့လား၊ စားဖို့လား(အရှင်သံဝရာလင်္ကာရ -ဓမ္မပိယဆရာတော်))


မြန်မာတို့သည် အလှူရေစက် လက်နှင့်မကွာ ဟူသကဲ့သို့ သူ့ရာသီနှင့်သူ ၀ါဆိုလည်း ၀ါဆိုမို့၊ ကထိန်လည်းကထိန်မို့ လှူကြတန်းကြသည်။ သားရှင်ပြုပွဲ၊ ဒုလ္လဘရဟန်းခံပွဲစ သည်ဖြင့်လည်း အလှူအတန်းပြုကြသည်။ 'ဒါနံ နာမ ပရိစ္စာဂ လက္ခဏံ' ဟုဆိုသည့်အတိုင်း အလှူဒါနဟူသည် စွန့်ခြင်းပင်ဖြစ်သည်။

အလှူဒါနပြုရာ သက်ဆိုင်ရာ ကျောင်းတိုက်များသို့ လူနှစ်မျိုးလာသည်ကို တွေ့ရသည်။ တစ်မျိုးက စွန့်ဖို့လာသူများဖြစ်သည်။ တစ်မျိုးက စားဖို့လာသူများ ဖြစ်သည်။အလှူရှင်များက စွန့်ဖို့လာကြသည်။ ဖိတ်ကြားထားသည့် ဧည့်သည်များက စား ဖို့လာကြသည်။ သို့သော် စွန့်သူနှင့်စားသူ နှစ်ဦးနှစ်ဝ ကြည်ကြည်ဖြူဖြူ ရှိသဖြင့် စားသူ၌ မည်သည့်ပြောဆိုဖွယ်ရာမျှမရှိပေ။ စားသူသည် စားစေချင်လို့ လာစားခြင်းဖြစ်သည်။

စွန့်စားဟူသော မြန်မာဝေါဟာရ၌ စွန့်သာစွန့်၍ မစားသူများရှိသည်။ မစွန့်ဘဲနှင့်စားသူများလည်း ရှိသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများလည်း ရှိသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများလည်း ရှိသည်။ စွန့်တာက နည်းနည်း စားတာက များများ ဆိုသူများလည်း ရှိနိုင်သည်။ စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့်စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန်လူကောင်းသူ ကောင်းများ ဖြစ်ကြသည်။ မစွန့်လည်းမစွန့်၊ မစားလည်းမစားသူများသည် သာမန် အညတရလူများ ဖြစ်ကြသည်။ သူတို့သည် မစွန့်သော်ငြား မစားသည့်အတွက် မည်သည့် ပြဿနာမျှမရှိ။

မဟာပုရိသ-ယောက်ျားမြတ်၊ ပုရိသာဇည-ယောက်ျားအာဇာနည်ဟူသော ပုဂ္ဂိုလ်များ ရှိကြသည်။ ယောက်ျားမြတ်၊ ယောက်ျားအာဇာနည်တို့၏ အလုပ်သည် စားဖို့မဟုတ်၊ စွန့်ဖို့သာဖြစ်သည်။ ယောက်ျားမြတ်တို့၏ သဘော၌စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။ ယောက်ျားအာဇာနည်တို့၏ နှလုံးသား၌ စားဖို့မရှိ၊ စွန့်ဖို့သာရှိသည်။

ယောက်ျားအာဇာနည်သည် ဒုလ္လဘတစ်ပါး ဖြစ်သည်။ အာဇာနည်ယောက်ျားမြတ်သည် အခါခပ်သိမ်း၊ နေရာခပ်သိမ်း ဖြစ်ပေါ်နိုင်သည်မဟုတ်၊ ကာလဒေသ အကန့်အသတ်ရှိသည်။ အကြင်အခါ၊ အကြင်အရပ်၌ ယောက်ျားအာဇာနည် တစ်ယောက် ပေါ်ပေါက်လာသည်ရှိသော် ထိုအခါ ထိုဒေသသည် ချမ်းသာခြင်းသို့ ရောက်တော့၏။ ဓမ္မပဒ၌ ဘုရားဤသို့ဟောခဲ့သည်။
စွန့်သာစွန့်၍ မစားသူများသည် အာဇာနည်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မစွန့်ဘဲနှင့် စားသူများသည် အတ္တသမားများ ဖြစ်ကြသည်။ စွန့်လည်းစွန့်၊ စားလည်းစားသူများသည် သာမန် လူကောင်းသူကောင်းများ ဖြစ်ကြသည်။

အာဇာနည်ဟူသည်မှာ ရတောင့်ရခဲ ဒုလ္လဘတစ်ပါး ဖြစ်သည်။ အကြောင်းကား လောက၌ မစွန့်ဘဲနှင့် စားချင်သူ၊ စွန့်လည်းစွန့်၊ စားလည်းစား ဆိုသူက များနေသောကြောင့်ပင်။ လောက၌ သာသနာ့အာဇာနည်၊ ဘာအာဇာနည်၊ ညာအာဇာနည် စ သည်ဖြင့် လွယ်လွယ်လေး အမွှမ်းတင်နေကြသည်။ အာဇာနည်ဟူသည် စွန့်နိုင်သူမှ ဖြစ်သည်။ ဂုဏ်ကိုလည်း စွန့်နိုင်ရမည်။ လာဘ်ကိုလည်း စွန့်နိုင်ရမည်။ ပကာသန-ထင်ပေါ်ကျော်ကြားမှုကိုလည်း စွန့်နိုင်ရမည်။ ထိုသုံးမျိုးကို မုတ္တစာဂ-လွတ်လွတ် စွန့်နိုင်မှ အာဇာနည်ဖြစ်သည်။

အာဇာနည်ဟူသည် အာဇနီယ၊ အာဇာနေယျဟူသော ပါဠိကနေ ဆင်းသက်လာသည်။ အာဇာနည်ကို မြန်မာအဘိဓာန်က ဖွင့်ရာတွင် 'အကြောင်းဟုတ်သည်၊ မဟုတ်သည်ကို ကောင်းစွာသိသူ၊ သာမန်ထက် လက်ရုံးရည်၊ နှလုံးရည် ထူးကဲသာလွန်၍ အများအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူ'ဟု ဖွင့်သည်။

ဘုရားဟော ပါဠိတော်အရ အာဇာနည်ပုဂ္ဂိုလ်ဟူသည် ကိုယ်ကျင့်သီလ ပြည့်စုံရမည်။ စာရိတ္တမဏ္ဍိုင် ကျောက်စာတိုင်ကဲ့သို့ မြဲခိုင်ရမည်။ ဘက်လိုက်မှုကင်း၍ တရားမျှတရမည်။ အဂတိတရားများ ကင်းရှင်းရမည်။ လောဘစွန်း၊ ဒေါသစွန်းများ မထွက်စေရ၊ ကိုယ်ကျိုးစွန့်နိုင်ရမည်။ အများအတွက်ဆိုလျှင် အသက်ကိုပင် စွန့်နိုင်ရမည်။

ဝီရိယကောင်းရမည်။ ဇွဲကောင်းရမည်။ ဦးတည်ချက်ပန်းတိုင် ပြတ်သားရမည်။ ဦးတည်ချက်ပန်းတိုင်သို့ မရောက်မချင်း မရပ်မနေ ပြင်းပြင်းထန်ထန် ကြိုးစားဆောင်ရွက်ရမည်။ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတ ပြည့်စုံရမည်။ မိမိနှင့်အတူ မိမိနှင့်သက်ဆိုင်သူအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ဖူလုံပြည့်စုံအောင် ဖန်တီးဆောင်ရွက်ပေးနိုင်ရမည်။

အာဇာနည်၏ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမဆို ရွပ်ရွပ်ချွံချွံ လုပ်ကိုင်ဆောင်ရွက်နိုင်သော ဇွဲသတ္တိရှိသူပင် ဖြစ်သည်။ ဘားနပ်ရှောက ''ပါရမီရှင်ဆိုသည်မှာ သူတကာထက်ပို၍ ခံနိုင်ရည်သတ္တိ ရှိသူပင်ဖြစ်သည်။ သူတကာက လမ်းခုလတ်တွင် အား လျော့သွားသည့် အလုပ်ကို ပြီးစီးအောင် လုပ်နိုင်သော ဇွဲသတ္တိရှိသူပင်တည်း'' ဟုဆိုခဲ့သည်။

'အာဇာနည်စိတ်'ဟု ခေါ်ထိုက်သည့် စိတ်မျိုးကား အဘယ်နည်း။ ကြီးကျယ်လှသော စိတ်မျိုးမဟုတ်ပါ။ ခိုင်မြဲသော စိတ်မျှသာဖြစ်ပါသည်။ ဇွဲသတ္တိသည် ခိုင်မြဲသော စိတ်ဓာတ်၊ ခိုင်မြဲသော စိတ်ဓာတ်သည် အာဇာနည်စိတ် ဖြစ်သည်။ ထို စိတ်ဓာတ်အ တွက် အရေးကြီးဆုံးအချက်က ရည်ရွယ်ချက်ပင်ဖြစ်သည်။ အာဇာနည်စိတ်ရှိသူသည် မိမိဘာကိုလို၍ ဘာကိုလုပ်ရမည်ကို သိသည်။ ရည်ရွယ်ချက် တိတိကျကျ ရှိသူဖြစ်သည်။ မိမိဘယ်စခန်းသို့ ရောက်အောင်သွားမည်ဟု စိတ်ပိုင်းဖြတ်ပြီးသူ ဖြစ်သည်။

ကျွန်ုပ်တို့ အားလုံး၌ စိတ်ဓာတ်အင်အားရှိသည်။ အာဇာနည်စိတ်ရှိသည်။ ထိုစိတ်ဓာတ်အင်အားမှာ စည်းရုံးခြင်း မရှိသေးသဖြင့် အင်အားနှင့်မတူအောင် ပျော့ညံ့ညံ့ဖြစ်နေလေ့ ရှိသည်။ အင်အားစည်းရုံးမှုရှိမှ ခိုင်မာသန်စွမ်းလာပေမည်။ ရည်ရွယ်ချက် ပြတ်ပြတ်သားသားရှိခြင်းသည် အင်အားစည်းရုံးမှုကို ဖြစ်စေသည်။ တစ်ခုခုကို မရမကလိုချင်နေလျှင် ရရမည် ဧကန်ပင်။ မရမက လိုချင် စိတ်(၀ါ)ပြင်းပြသော အာသာဆန္ဒ(၀ါ) ပြတ်သားသောရည်ရွယ်ချက် ရှိဖို့လိုပေသည်။ ရည်ရွယ်ချက်ကောင်းကောင်းရှာပါ။ ရည်ရွယ်ချက်ကောင်းသလောက် အာဇာနည်စိတ်ဓာတ် အဆင့်အတန်းမြင့်လာမည်။ အာဇာနည်စိတ် ဖွံ့ဖြိုးသလောက် အဆင့်အ တန်းမြင့်မည်။

အာဇာနည်စိတ် ထွန်းကားရေးတွင် မိမိကိုယ်ကိုယ်ယုံကြည်မှုသည် အရေးကြီးသည်။ အာဇာနည်စိတ်၏ ရေသောက်မြစ်မှာ ထူးခြားသော ရည်ရွယ်ချက်နှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှု၌ တည်ရှိသည်။ ရည်ရွယ်ချက်နှင့်အတူ မိမိကိုယ်ကို အသုံးဝင်သူဟု ထင်မြင်မှုသာ စွဲစွဲမြဲမြဲရှိပါမူ အာဇာနည်စိတ် ပေါ်ထွန်းလာပေမည်။

ရင့်သန်သော ပါရမီဆိုသည်မှာ အခြားမဟုတ်။ ခိုင်မာသောဇွဲ၏ အမည်ဝေါဟာရတစ်မျိုးပင် ဖြစ်သည်။ အောင်မြင်ရန် နည်းလမ်းမှာလည်း ယင်းဇွဲပင်ဖြစ်သည်။ အာဇာနည်စိတ် မွေးမြူရာ၌လည်း တည်ကြည်သော စိတ်ဖြင့် အလုပ်ကိုသာ စွဲစွဲမြဲမြဲလုပ်၍ ကျင့်ရပေသည်။ ပါရမီရင့်သန်သူတို့၏ တည်ကြည်ခိုင်မာသောစိတ်ကို မည်သည့်ကံ၊ မည်သည့်ကြမ္မာ၊ မည်သည့်ကုသိုလ်အကုသိုလ်မျှ တားဆီးခြင်းငှာ မစွမ်းနိုင်။

အာဇာနည်စိတ်သည် ကိုယ်ကျင့်တရား၏ အင်အားမျှသာ ဖြစ်ပေသည်။ ထက်မြက်သော စိတ်၏တန်ခိုးနှင့် ရင့်သန်သော ပင်ကိုဉာဏ်တို့မှာ တန်ခိုးကြီးသူတို့၏ အသက်သွေးခဲပင် ဖြစ်ပေသည်။ စိတ်၏တန်ခိုးကို မှန်းဆ၍ မရနိုင်။ လွန်စွာကြီးမားလှ၏။ လောကကြီးတွင် စိတ်တည်ကြည်ထက်သန်သော သူတို့အဖို့ မဖြစ်နိုင်သောအရာဟူ၍ မရှိသလောက် ရှားပါးလှ၏။
အာဇာနည်၏ အမှတ်လက္ခဏာ များစွာထဲတွင် အခြေခံအကျဆုံး အချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင် ဖြစ်သည်။

လောကကြီးသည် ပထမတန်းစားဉာဏ်ရည်ကို မလိုလှချေ။ ပထမတန်းစား 'ဇွဲ' ကိုသာ လိုပေသည်။ အာဇာနည်ဆိုသည်မှာ မည်သည့် အခက်အခဲများနှင့် တွေ့ကြုံနေသော်လည်း သံမဏိကဲ့သို့ ခိုင်မာတည်ကြည်သော စိတ်ထားနှင့် တွေ့ကြုံရသမျှ အ ခက်အခဲများကို ဂရုမပြုဘဲ အတင်းနှိမ်နင်းပစ်လိုက်ပြီးလျှင် မိမိလုပ်ရင်းအလုပ်ကို ပြီးမြောက်အောင်မြင်နိုင်သူကိုသာ ဆိုလိုသည်။ (အာဇာနည်စိတ်၊ တက်တိုး)

အာဇာနည်၏ အမှတ်လက္ခဏာများစွာထဲတွင် အခြေခံအကျဆုံးအချက်ကတော့ စွန့်နိုင်ခြင်းပင်ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တိုင်းသည် အများတွယ်တာမက်မောသော အရာအားလုံးကို စွန့်နိုင်ကြသူချည်းပင်ဖြစ်သည်။ ဘုရားအလောင်းတော်သည် သူယောက်ျားမြတ် ဖြစ်ကြောင်း၊ ယောက်ျားအာဇာနည်ဖြစ်ကြောင်းကို ဥစ္စာ၊ ကိုယ်အင်္ဂါ၊ သားသမီး၊ ဇနီး၊ အသက်ဟူသော စွန့်ခြင်းကြီးငါးပါးကို စွန့်ပြ၍ သက်သေသာဓက ထူခဲ့သည်။

စွန့်စားဟူသည့်အတိုင်း လောက၌ စွန့်သူတို့သာ စားကြရသည်မှာ ဓမ္မတာ ဖြစ်သည်။ စွန့်လည်းစွန့်၊ စားလည်းစားဆိုသည်မှာ သဘာဝကျပါသည်။ တရားမျှတပါသည်။ ပြဿနာက မစွန့်ဘဲနှင့် စားခြင်းကြောင့် ပြဿနာအထွေထွေ ပွေရခြင်း ဖြစ်သည်။ အာဇာနည်ပုဂ္ဂိုလ်တို့ကတော့ စားလိုစိတ်မရှိဘဲ စွန့်လိုစိတ်သာ ရှိကြသည်။ မိမိတို့ အသီးသီး ဆိုင်ရာဆိုင်ရာအလုပ်တွေကို လုပ်နေကြသည်။ လုပ်ဖို့ ဟန်ပြင်နေကြသည်။ 'စွန့်လိုစိတ်နှင့်လား၊ စားလိုစိတ်နှင့်လား၊ စွန့်ဖို့လား၊ စားဖို့လား' ဆိုတာကတော့ မိမိကိုယ်ကို ပြန်မေးရလိမ့်မည်။ စွန့်ဖို့ဆိုလျှင် ပရဟိတဖြစ်သည်။ စားဖို့ဆိုလျှင် အတ္တဟိတ ဖြစ်သည်။ နိရောဓသစ္စာကို 'စာဂေါ- စွန့်ခြင်း၊ ပဋိနိဿဂ္ဂေါ-လွတ်လွတ်ကျွတ်ကျွတ်စွန့်ခြင်း' ဟု ဖွင့်သည်။ စွန့်ခြင်းသည် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်း ရာ နိရောဓသစ္စာ ဖြစ်သည်။ စားခြင်းသည် ကာမသုခလ္လိကာနုယောဂ အကျင့်ဖြစ်၍ အစွန်းတစ်ဖက်ထွက်သည်။ အလှူပွဲလာသူ သို့မဟုတ် ကျားချသူ၏ အတွေးမျိုးနှင့်တော့ အများအကျိုးသယ်ပိုးလို့ မဖြစ်ပြီ။
(Weekly Elevenဂျာနယ်မှ)

Monday, July 19, 2010

အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲကျင်းပ


တိုကျို၊ ဇူလှိုင်(၁၉)

သတင်း-သန့်မျိုးထွေး

ဇူလှိုင်(၁၉)ရက်နေ့တွင်ကျရောက်သည် (၆၃)နှစ်မြောက်အာဇာနည်နေ့အထိမ်အမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီနိုင်ငံတခုဖြစ်ပေါ်လာစေရန် မျှော်မှန်းထားချက်များနှင့် ယနေ့ခေတ်နအဖစစ်အစိုးရလက်ထက် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏အခြေအနေ ကွာခြားနေမှုများကို နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲအဖြစ် တိုကျိုမြို့၊ မိနားမိအိုးစုခ ခန်းမတွင် ဇူလှိုင်(၁၈)ရက်နေ့ညနေက ပြုလုပ်ခဲ့ကြသည်။

စာတမ်းဖတ်ပွဲ၏ ခေါင်းစဉ်ကို ``အာဇာနည်ခေါင်ဆောင်ကြီးများ မျှော်မှန်းခဲ့သည့် မြန်မာနိုင်ငံ´´ဟု ပေးထားပြီး လွန်ခဲ့သည့်နှစ် ၂၀ ကျော် ကာလများအထိဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်စိတ်ဓါတ်နှင့်အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်းကို သိရှိပြောဆိုနိုင်ခွင့်ရှိခဲ့သော်လည်း ယခုနအဖစစ်အစိုးရခေတ်လက်ထက်တွင် အာဇာနည်နေ့ကို မေ့ဖျောက်ပစ်ရန်ကြိုးစားနေသောကြောင့် မျိုးဆက်သစ်လူငယ်များမှာ အာဇာနည်နေ့နှင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို သိပ်မသိရှိကြတော့သည့်အတွက် အာဇာနည်နေ့ကို အမြဲအမှတ်ရစေရန်နှင့် ဂျပန်နိုင်ငံတွင်လည်း အာဇာနည်ခေါင်းဆောင်ကြီးများကို လေးစားအတုယူအားကျသော လူငယ်ခေါင်ဆောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးစာတမ်းဖတ်ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ဦးဆောင်စုစည်းကျင်းပပေးသည့် ဂျေအေစီ၏အမှုဆောင်တဦးဖြစ်သည့် ဦးလှအေးမောင်မှရှင်းပြသည်။

စာတမ်းဖတ်ပွဲတွင် ဂျပန်ရှိဒီမိုကရေစီအဖွဲ့အသီးသီးမှ ပြိုင်ပွဲဝင်(၁၁)ဦးက မိမိတို့ကိုယ်တိုင်ရှာဖွေစုဆောင်းထားသော အချက်အလက်များကို ကိုးကားထားသော စာတမ်းများကို ဖတ်ကြားတင်ပြသွားခဲ့ပြီး ယင်းတို့ထဲမှ ပထမ၊ ဒုတိယနှင့် တတိယတို့ကို FWUBC ကိုယ်စားပြုယှဉ်ပြိုင်သည့် ကိုစည်သူကျော်၊ BDA ကိုယ်စားပြုယှဉ်ပြိုင်သည့် မအေးနန္ဒာအောင်နှင့် DPNS(Japan)ကို ကိုယ်စားပြုယှဉ်ပြိုင်သည့် မကြည်ပြာဇောဝင်းတို့ကရရှိသွားခဲ့ပြီး ပထမဆုကို ယန်းသုံးသောင်း၊ ဒုတိယဆုကို ယန်းနှစ်သောင်းနှင့် တတိယဆုကို ယန်းတစ်သောင်းစီချီးမြှင့်ခဲ့သည်။

အကဲဖြတ်ဒိုင်တဦးဖြစ်သည့် ဦးလွင်အောင်စိုးက``ကျနော်တို့ဒီနေ့အကဲဖြတ် ဆုံးဖြတ်ရတဲ့နေရာမှာ အတော့်ကို ခက်ခဲခဲ့ပါတယ်။ တယောက်နဲ့တယောက်ကလည်း မတိမ်းမယိမ်းလေတွေဆိုတော့....။ အဓိကကတော့ မျိုးဆက်သစ်လူငယ်တွေဟာ ကျနော်တို့ မျှော်လင့်တာထက် အများကြီးကို တော်နေတာကိုတွေ့ရတယ်။ သတ္တိရှိတဲ့နေရာမှာတော်ပါတယ်။ မိမိဥာဏ်စွမ်းအားကို ထုတ်နိုင်တဲ့နေရာမှာ၊ သမိုင်းကြောင်းကို လေ့လာတဲ့အခါမှာတော်ပါတယ်။ အနာဂါတ်ကို မျှော်မြင့်ကြည့်တဲ့နေရာမှာလည်းတော်နေတာကို တွေ့ကြရတဲ့အခါမှာ ကျနော်တို့ ပြိုင်ပွဲဝင်တဲ့ ၁၁ ယောက်ကို အကဲခတ်တဲ့နေရာမှာ အင်မတန်မှကို ခက်ခဲခဲ့ပါတယ်။´´ဟု ပြောပြသွားသည်။

ပြိုင်ပွဲဝင်များကို ၀တ်စားဆင်ယင်မှု၊ အများပရိတ်သတ်ကို ဆွဲဆောင်နိုင်မှု၊ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းထားသည့် မြန်မာနိုင်ငံခေါင်းစဉ်အတိုင်း စာတမ်းတွင် ပါဝင်အောင် ထိထိမိမိတင်ပြနိုင်မှု၊ သတ်မှတ်ချိန်အတွင်း နိဒါန်း စာကိုယ်၊ နိဂုံးသုံးပါးစလုံးကို ပြည့်စုံခြုံငုံအောင် တင်ပြပြောဆိုနိုင်စွမ်းနှင့် လက်ရှိမျက်မှောက်ခေတ် မြန်မာနိုင်ငံရေးနှင့် ပါတ်သတ်သည့် ဗဟုသုတများကို တင်ပြပြောဆိုရာတွင် ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းထားချက်နှင့်ကွာခြားပုံတို့ကို တင်ပြပြောဆိုနိုင်စွမ်းတို့အပေါ်တွင် အမှတ်ပေးဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။

ပထမဆုရရှိသွားသူ ကိုစည်သူကျော်မှ``FWUBC အဖွဲ့ဝင်တဦးအနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများမျှော်မှန်းထားတဲ့ မြန်မာနိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးဖြစ်တယ်ဆိုတာ ပြောပြခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ်.....၊ ဒီပြိုင်ပွဲမကျင်းပခင် အင်တာနက်က ရှာဖွေစုဆောင်းခဲ့တဲ့ အချက်အလက်တွေနဲ့ ဖတ်ခဲ့တဲ့စာအုပ်စာတမ်းတွေကို ကိုးကားခဲ့ပါတယ်။ နောက်အခြားလူပုဂ္ဂိုလ်အနေနဲ့ကတော့ ကျနော်တို့ဥက္ကဋ္ဌဆီကလည်း အကြံဥာဏ်တောင်းခဲ့ပါတယ်....။ ဒီလိုအကောင်းဆုံးဆုရပြီးတဲ့နောက်မှာလည်း ကျနော်တို့ FWUBC အဖွဲ့ဝင်တယောက်အနေနဲ့ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ဆက်လက်ကြိုးစားသွားမှာပါ´´ဟု ၄င်း၏ ခံစားချက်ကိုပြောပြသွားသည်။

အဆိုပါစာတမ်းဖတ်ပွဲမှ လက်ရှိခေတ်မြန်မာ့နိုင်ငံရေး၊ ဗိုလ်ချုပ်အောင်ဆန်းတို့ရှိစဉ်အခါက တိုင်းပြည်ခေါင်းဆောင်များ လွပ်လပ်ရေးအတွက် ကိုယ်ကြိုးစွန့်ကြိုးစားခဲ့မှုများ၊ အာဏာရှင်စစ်အစိုးရလက်ထက် မြန်မာပြည်မှာ အဖက်ဖက်က ဆိုးဝါးကျဆင်နေသလို အထူးသဖြင့် တချိန်ကသဘာဝသယံဇာတများပေါကြွယ်ဝပြီး အလွန်အေးချမ်းသာယာဝပြောခဲ့သော မြန်မာနိုင်ငံသည် ယနေ့ခေတ်တွင် ကမ္ဘာ့ ဒုက္ခသည် တတိယအများဆုံနိုင်ငံအဖြစ်ရောက်ရှိသွားသည်အထိ ဆိုးဝါးနေပြီဖြစ်ကြောင်းကို စာတမ်းဖတ်ပွဲတက်ရောက်သူများပိုမိုသိရှိနားလည်နိုင်သွားလိမ့်မည်ဟု ဦးလှအေးမောင်က ဆက်လက်ရှင်းပြသွားသည်။

အာဇာနည်နေ့အထိမ်းအမှတ်ကို ပြည်တွင်းနှင့်ပြည်ပရှိဒီမိုကရေစီအရေးလှုပ်ရှားသူများက ၀မ်းနည်းတသစွာ မမေ့မလျှော့ဖြင့် ရောက်ရာနေရာဒေသမရွေး ကျင်းပကြသော်လည်း ၁၉၈၈ ခုနှစ်မှစ၍ လက်နက်ဖြင့် မတရားအာဏာသိမ်းထားသော နအဖစစ်အစိုးရမှာမှု နိုင်ငံတော်အဆင့်အခမ်းအနားဖြင့် ကျင်းပခြင်းမရှိသလို (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကိုလည်း မြို့တော်ဝန်အဆင့်သာတက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ဖခင်ဖြစ်သူအတွက် လွမ်းသူပန်းခွေချ၍ တက်ရောက်ကန်တော့ခွင့်မရရှိခဲ့ကြောင်းသိရသည်။

Wednesday, July 7, 2010

(၄၈)နှစ်ပြည့် ၇ ဇူလိုင် အထိမ်းအမှတ်အခမ်းအနားကျင်းပ(နန်းအိမွန်ချစ်)


မြန်မာနိုင်ငံတွင် စစ်တပ်မှအုပ်ချုပ်သော စစ်အာဏာရှင်စနစ်အား ပထမဦးစတင်ဆန့်ကျင်တော်လှန်ခဲ့သည် ဇူလိုင်လ (၇) ကျောင်းသားအရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားကို SHINAGAWA ရပ်ကွက်ရှိ နအဖ စစ်အခွန်ရုံးရှေ့တွင်ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံ မှဦးဆောင်ကာ ယနေ့ညနေ (၃) နာရီ မှ (၄း၃၀) အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားမှုးအဖြစ် ကိုမြတ်သူကတာဝန်ယူကျင်းပပေးခဲ့ပြီး ”ဇူလိုင်လ (၇) ရက်အရေး တော်ပုံသည် ဗမာပြည်သမိုင်းတွင် စစ်အာဏာရှင်စနစ်ကို တက်လျှင်တက်ချင်း အစောဆုံးဆန့်ကျင်ခဲ့သည့် သပိတ်တိုက်ပွဲဖြစ်ကြောင်း၊ စစ်အာဏာရှင်စနစ် အောက်တွင် ကျောင်းသားတို့ပထမဆုံးသွေးမြေကျခဲ့ ရသည့် ကျောင်းသားတိုက်ပွဲဖြစ်ကြောင်း ” ဟု ဇူလိုင်လ (၇) ရက်အရေးတော်ပုံအကြောင်းကိုရှင်းပြခဲ့ပါသည်။ အခမ်းအနားတွင် အဖွဲ့အစည်း အသီးသီးမှတာဝန်ရှိ ဇူလိုင်လ (၇) ရက်အရေး တော်ပုံနှင့်ပတ်သက် ရှင်းလင်းပြောကြားခဲ့ကြပါသည်။
ထို့ပြင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချပ် မှလည်း ” ၁၉၆၂ခုနှစ် မတ်လ (၂ ) ရက်နေ့မှစကာ ဗမာပြည်သူတရပ်လုံးဧ။် ဘဝများထဲသို့ စစ်အာဏာရှင် စနစ်ဒုက္ခ ဆိုးကြီး ကျရောက်ခဲ့သည်မှာ ယနေ့ ၂၀၁၀ တွင် နှစ်ပေါင်း (၄၈) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၆၂ ဇူလိုင်လ (၇) ရက်နေ့တွင် စတင်ခဲ့သော ဗမာပြည်ကျောင်းသားလှုပ်ရှားမှုဧ။် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲ သည်လည်း ယနေ့ ၂၀၁၀ တွင် နှစ်ပေါင်း (၄၈) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံအနှံ့ တိုင်းရင်းသားလူငယ် ကျောင်းသား ကျောင်းသူလူငယ် များအားလုံးသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့်အတူ ဗမာပြည်သူ တို့ အကျိုးအတွက် စစ်အာဏာရှင် စနစ်ဆက်လက်တည်တံ့မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဖြစ်ကြောင်း” ၂၀၁၀ ခုနှစ် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံ(၄၈)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ထုတ်ပြန်ကြေငြာ
ခဲ့ပါသည်။
အခမ်းအနားကို ” ကျောင်းသားသမဂ္ဂသီချင်း၊ ကမ္ဘာမကြေ သီချင်း” တို့ဖြင့်သီဆို ဂုဏ်ပြုကာ ” ကျောင်းသား ရှိလျှင် ကျောင်းသားသမဂ္ဂရှိရမည် “ဟုကြွေးကြော်ကာ ရုပ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ဇူလိုင် (၇) ရက် ကျောင်းသားအရေးတော်ပုံ(၄၈)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ လူအင်အား ၂၀၀ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

Monday, July 5, 2010

ချောင်းကြည့်သူရဲ့ အမှား (အမှတ်-၂၄)ကိုကြီးပေါ်

နွေဆို ရေခန်း, မိုးဆို ရေကြီးတဲ့ တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးမှာ ဒီနှစ်မိုးရာသီကို ရခိုင် ရေဘေးလေဘေးနဲ့ စဖွင့်လိုက်ပါပြီ။ တဆက်တည်းမှာပဲ ကချင်ပြည်နယ် ဖားကန့်မှာ ရေကြီးပါတယ်။ ဒီနှစ်မှာ အယ်နီညို မိုးလေ၀သဖြစ်စဉ် ရှိတာကြောင့် မိုးနှောင်းကောင်းမယ်လို့ ဆိုပါတယ်။ “မိုးနှောင်းကောင်းမယ်” ဆိုတာက နားဝင်ချောအောင် ပြောတာ။ အဓိပ္ပာယ်က မိုးအကုန် ဆောင်းအကူးမှာ ရေကြီးမယ်လို့ ဆိုလိုတာပါ။ နွေရာသီ စာရင်းပိတ်လက်ကျန် ကတော့ အင်းလေးကန်ကြီး ရေခမ်းခြောက်သွားတာပါပဲ။

ကိုကြီးပေါ် တယောက် ရာသီဥတုကို စာရင်းလိုက်ကောက် နေရတာက အကြောင်းရှိပါတယ်။ ရွှေပြည်တော်ကြီးမှာ “စား ၀တ် နေ” ဆိုတဲ့ အရေးသုံးပါးအနက် နေရေးကိစ္စမှာ နေ့စဉ်နဲ့အမျှ ရာသီဥတုနဲ့ စီးချင်းထိုး နေရတာကြောင့်မို့ပါ။ ကိုကြီးပေါ်တို့ရဲ့ ရွှေပြည်တော်ကြီး ဆိုတာက အင်မတိအင်မတန် သဘာဝနဲ့ တသားတည်းကျအောင် နေထိုင်တဲ့ ပြည်တော်ကြီး မဟုတ်လား။ လူကဖန်တီးထားတဲ့ အရာတွေကို လုံးဝ ဆန့်ကျင်တယ်လေ။ လျှပ်စစ်မီး မသုံးဘူး။ လောင်စာစွမ်းအင် မသုံးဘူး။ သဘာဝ အလင်းရောင်နဲ့ နေတယ်။ သဘာဝကပေးတဲ့ စွမ်းအင်နဲ့ပဲ နေတယ်။ သဘာဝတရားကို အဲသလောက် ချစ်မြတ်နိုးစွာ အမြော်အမြင် ကြီးစွာ ထိမ်းသိမ်းထားတာကလား။

ဒီလို သဘာဝအတိုင်း နေထိုင်သူတွေ ဆိုတော့ သဘာဝ ရာသီဥတုနဲ့ တိုက်ရိုက် ထိတွေ့ခွင့် ရနေတာကိုက ဒုလ္လဘတရားပါပဲ။ ပူမယ်ဆို ပူလိုက်၊ အေးမယ်ဆို အေးလိုက်၊ လေတိုက်ချင် တိုက်ပစ်လိုက်၊ ရေကြီးချင် ကြီးပစ်လိုက်။ ရွှေပြည်တော်မှာ သဘာဝ ရာသီဥတုက လွတ်လပ်ခွင့် အပြည့်နဲ့ သောင်းကျန်းသမျှကို ရွှေပြည်တော်သားတွေက မေတ္တာမပျက် ခံယူလျက်ပါ။ ဒါတင်မက မိုးရွာလို့ ရေကြီးတာကို မြို့ထဲနေသူတွေ မခံစားလိုက်ရမှာ စိုးလို့ မြို့လယ်ခေါင်မှာကို ရေကြီးအောင် လုပ်ပေးထားတာ။ ရွှေပြည်တော်ကြီးရဲ့ ခေတ်ရှေ့ပြေးမှုကို ဘယ်သူတွေ လိုက်မီလိမ့်မလဲ။

အဲ… ခက်နေတာက ရွှေပြည်တော်မှာ ဖြစ်ပျက်သမျှကို လူတွေက အမီလိုက်နိုင်ပေမယ့် တိရစ္ဆာန်တွေက အမီမလိုက်နိုင်ရှာတော့ ခမျာတို့မှာ ကပ်ဘေးတွေနဲ့ ကြုံနေရရှာရဲ့…။

ကြွက်ရယ်, ဆင်ရယ်, လိုဏ်ခေါင်းရယ်


ဇွန်လကုန်ပိုင်းမှာ ထူးထူးခြားခြား ကြားလိုက်ရတဲ့ သတင်းက ကြတ်ပြေးနေပြည်တော်က ကြွက်တွေ ထောင်နဲ့ချီပြီး ရွှေ့ပြောင်းနေကြတယ် ဆိုတာပါပဲ။

ကြွက်ဆိုတာ မြေအောင်းသတ္တ၀ါ။ နေရာ အနှံ့အပြားမှာ ရှိနေတတ်ပါတယ်။ ဒါပေမယ့် အကောင်ရေ ထောင်သောင်းချီပြီး သွားလာနေတယ် ဆိုရင်တော့ ဒါ ပုံမှန် မဟုတ်တော့ဘူးပေါ့။ သဘာဝကို မှီခိုနေရတဲ့ တိရစ္ဆာန်တွေမှာ သူတို့ရဲ့ နေထိုင်မှုဟာ ဗီဇတုံ့ပြန်မှုကြောင့် အဓိက ဖြစ်လာရပါသတဲ့။ သဘာဝက တခုခု အပြောင်းအလဲ ဖြစ်လာရင် သူတို့လည်း အပြောင်းအလဲ ဖြစ်လာတယ် ဆိုတဲ့ သဘောပေါ့။ တချို့ ကိစ္စတွေမှာ သဘာဝက ပြောင်းလဲလာတော့မယ့် အခြေအနေနဲ့ လိုက်လျောအောင် တိရစ္ဆာန်တွေကလည်း ကြိုတင်ပြီး ပြောင်းလဲလာတတ်တယ်တဲ့။ ဒါကို တိရစ္ဆာန်တွေက ကြိုသိနေတယ်လို့ အလွယ် ပြောကြတာပေါ့။

ဆူနာမီတုန်းက အာချေးက တံငါရွာတရွာဟာ ရေလှိုင်းဒဏ်က လွတ်ခဲ့သတဲ့။ ဘာကြောင့်လဲ ဆိုတော့ ပုရွတ်ဆိတ်တွေ ကုန်းပေါ် ရွှေ့ပြောင်းတက်လာတာကို တွေ့တော့ သူတို့ ဘိုးဘွားတွေ အစဉ်အလာ မှတ်သားခဲ့တဲ့ စကားကို အမှတ်ရပြီး ရေလှိုင်းကြီးတွေ လာတော့မယ် ဆိုတာကို ကြိုသိနေသတဲ့။ ဒါကြောင့် ကုန်းပေါ်ကို အချိန်မီ ရွှေ့နေခဲ့နိုင်လို့ တရွာလုံး ဆူနာမီဒဏ်က လွတ်ခဲ့ပါသတဲ့။

ကဲ… ကြွက်တွေကတော့ ရွှေ့ကုန်ပြီ။ လူတွေက ဘယ်လို အဓိပ္ပာယ် ကောက်ကြမလဲ။ ကိုကြီးပေါ်တော့ ဒီကိစ္စမျိုး သိပ်မသိလို့ သိပ်မပြောတတ်ပါဘူး။ ဟို မြန်မာ့အရေး ကျွမ်းကျင်သူ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးငယ်တွေကို မေးကြည့်ရင် ကောင်းမယ် ထင်တာပဲ။ အတိုက်အခံ တွေကတော့ ကြွက်ပြေးတာ နအဖကြောင့်လို့ပဲ ကောက်ချက်ချမယ် ထင်ပ။ အဝေးရောက် ၀န်ကြီးတွေကတော့ ဒီကိစ္စကို နိုင်ငံတကာမိသားစုက ကြည့်မနေဖို့ တိုက်တွန်း သွားပါ့မယ်လို့ အင်တာဗျူးလုပ်ရင် ဖြေကြမယ် ထင်ပါရဲ့။ အချို့ကတော့ ကြွက်ကယ်ဆယ်ရေး ရန်ပုံငွေတွေ ဘာတွေများ ထူထောင်မယ်လား မသိ။

ဘိုးတော်တွေ ဗေဒင်ဆရာတွေကိုတော့ မမေးရဲဘူး ခင်ဗျ။ သူတို့ရဲ့ အတိတ်နိမိတ် ကောက်ယူပုံတွေကို ကိုကြီးပေါ် လုံးဝ နားမလည်လို့ပါ။ ဘိုးတော်နဲ့ ဗေဒင်ဆရာတွေ တော်ချက်က ဖြစ်ပြီးတာတွေ အကုန်မှန်ပြီး မဖြစ်သေးတာတွေ အကုန်မှားတာပါပဲ။ “ဒီမိုကရေစီရေးဆိုင်ရာ ဟောချက် အလွဲများ” ဆိုပြီး စာအုပ်ထုတ်ရင်တော့ တော်တော်ထူမယ့် သဘောရှိတယ်။ တမြန်နှစ်က ဒေါ်အောင်ဆန်းစုကြည် သီတင်းကျွတ်ရင် လွတ်ကိုလွတ်ရမယ်၊ မှားရင် အသေခံမယ်ဆိုပြီး “ပညာကျော်” ဆိုတဲ့ အမည်ဝှက်နဲ့ ခေတ်ပြိုင်မှာ ဟောတဲ့ ဗေဒင်ဆရာလည်း ဘယ်ဘုံဘယ်ဘ၀ ရောက်လေပြီ မသိ။ ကိုကြီးပေါ်ဖြင့် အမျှကလေးတောင် မဝေလိုက်ရပါဘူး။ ကျွတ်..ကျွတ်..။

ကိုကြီးပေါ် ထင်တာ ပြောရရင်တော့ ငတ်လို့ ပြေးတယ် ထင်တာပါပဲ။ ငတ်တယ်ဆိုတာက မူလနေရာမှာ စားစရာ ရှားလာလို့ရယ်၊ အခြားနေရာမှာ စားစရာ ပေါတာကြောင့်ရယ် နေရာသစ်ကို ရွှေ့တဲ့သဘောပေါ့။

ဝါးပွင့်ရင် ကြွက်အုပ်ကျတတ်တယ်လို့ ဆိုစမှတ် ရှိတယ်။ ၀ါးဆိုတာ ပွင့်ခဲတယ်။ ၀ါးပွင့်ကို ကြွက်က အလွန်ကြိုက်တယ်။ ဒါကြောင့် ၀ါပွင့်ရာကို ကြွက်တွေအုပ်လိုက် ရောက်လာ, ၀ါးပွင့် သာမက အခြား သီးနှံတွေကိုပါ စားသောက်ပစ်တော့ အဲဒီ အရပ်မှာ စားစရာ ရှားပါး ငတ်ပြတ် ဖြစ်ရတယ်လို့ မှတ်သားရပါတယ်။ မနှစ်ကတုန်းက ချင်းပြည်နယ်မှာ ၀ါးတွေပွင့် ကြွက်အုပ်တွေ ကျလို့ စိုက်ခင်းတွေ ပျက်စီးပြီး အစားအစာ ရှားပါးခဲ့တာ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။

စာတွေပေတွေထဲမှာလည်း ကြွက်အုပ်တွေကျလို့ မြို့ရွာတွေ ပျက်စီးရတယ် ဆိုတာမျိုး ဖတ်မှတ်ရဖူးပါတယ်။ ဒီတော့ ကြွက်အုပ်ကျရင် သေချာတာက အဲသည် ကြွက်တွေက ငတ်နေတဲ့ ကောင်တွေ ဖြစ်မယ်။ တွေ့ကရာ အကုန်စားမယ်။ သူတို့နဲ့အတူ ရောဂါပိုးမွှားတွေ ပါလာမယ်။ လူတွေရဲ့ စားသောက်နေထိုင်မှုဟာ အချိန်တိုအတွင်း ကမောက်ကမ ဖြစ်ပြီး ပျက်စီးမယ်။ ဒီလို ယူဆနိုင်မယ် ထင်ပါတယ်။

ဟိုးတချိန်တုန်းက အလယ်ရိုးမဆိုတာ ၀ါး အင်မတန်ပေါတဲ့ တောကြီးပေါ့။ ကြွက်တွေရဲ့ တာဝတိံသာလို့ ဆိုရမှာပေါ့။ ပျဉ်းမနား ကြွက်ကြော်ဆိုတာလည်း နာမည်ကြီးရဲ့။ ဒီ အလယ်ပိုင်းဒေသမှာ ပလိပ်ရောဂါ ဖြစ်လို့ သေကြေခဲ့ရတာတွေလည်း ရှိပ။ တခါတရံ ကြွက်အုပ်တွေ ကျတတ်တယ်ဆိုတာလည်း ကြားနာခဲ့ရဖူးပါတယ်။ ဒါကြောင့် ပျဉ်းမနား, ကြတ်ပြေး နဲ့ ကြွက်ဆိုတာ သိပ်တော့ ခွဲခြားထားလို့ မရကောင်းတဲ့ အရာပါ။

ခုတော့ ကြတ်ပြေးက “ကြွက်ပြေး” ဖြစ်သွားပါပြီ။ ဒီအရပ် ဒီဒေသမှာ ကြွက်တွေ မှီခိုနေထိုင်နိုင်တဲ့ အခြေအနေ မရှိတော့ဘူး။ ငတ်ပြီ။ အစာရှိရာ အခြားအရပ်ကို ပြောင်းကြပြီ။ ပြဿနာက ကြွက်တွေ စွန့်ခဲ့တဲ့ ဒေသ မဟုတ်ဘူး။ ကြွက်တွေ ရောက်လာမယ့် ဒေသ ဖြစ်ပါတယ်။ ဒါကိုတွေးပြီး ကြတ်ပြေးမင်းကြီးကတော့ ကြိတ်ပြုံးနေမယ် ထင်ပ။ သူပြုံးနေချိန်မှာ အနီးအနား ဒေသရပ်ရွာတွေကတော့ “သရောကြီးခိုင်း”ရင် ဘယ်လို ပြေးရမလဲလို့ ရင်တမမ နေရတော့မယ့် အဖြစ်ပါပဲ။


တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ကြွက်ပြေးချိန်မှာ ဆင်ဖြူ ဆိုတာက ပေါ်လာသဗျ။ အင်တာနက်ကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထိန်းချုပ်ထားတဲ့ ဗိုလ်ချုပ်မင်းကြီးများဟာ ဆင်ဖြူ ဆိုတာကိုတော့ အင်မတန် မက်မောတယ် ခင်ဗျ။ ဆင်ဖြူ မရှိသေးတော့ လေယာဉ်ပျံ ပိစိကွေးကို ဆေးအဖြူသုတ်ပြီး “ဆင်ဖြူတော်” လို့ အမည်ပေး စီးသတဲ့။ ကိုကြီးပေါ် သိတာကတော့ ဆင်ဖြူတော် ဆိုတာ မြေဖြူပါပဲ။

ဆင်ဖြူဆိုတဲ့ အကြောင်းအရာက ရှေးဟောင်းစာပေတွေမှာ ပါခဲ့လေတော့ အာရှယဉ်ကျေးမှုမှာ အတော် စိမ့်ဝင်နေတဲ့ ကိစ္စပါ။ ဆင်ဟာ လူကို အကျိုးပြုတဲ့ တိရစ္ဆာန်ဆိုတာ မှန်ပါတယ်။ ရှေးက ခရီးသွားဖို့, ကုန်ဆွဲဖို့, စစ်တိုက်ဖို့ ကိစ္စတွေမှာ ဆင်, မြင်း, နွား, ကျွဲ ဆိုတာတွေဟာ မရှိ မဖြစ်ပေါ့။ ဆင်က အင်အား အကြီးဆုံး ဆိုတော့ ပိုအသုံးဝင်တာပေါ့။ ဆင်များများ ရှိလေ အင်အား ပိုရှိလေပေါ့။ ဒီတော့ ဆင်မွေးမြူရေးဟာ အရေးကြီးလာတယ်။ ဆင်ဟာ တိုင်းပြည်ရဲ့ အင်အားတရပ် ဖြစ်လာတာကြောင့် ရှင်ဘုရင်ရဲ့ ရတနာစာရင်းမှာ ဆင်ကို ထည့်သွင်း ထားရတာ ဖြစ်ပါတယ်။

သာမန်အားဖြင့် ဆင်ဟာ မည်းပေမယ့် မျိုးဗီဇ ဖောက်ပြန်ပြောင်းလဲမှုကြောင့် တချို့ဆင်ဟာ အရေပြားအရောင် ဖြူနေတတ်ပါသတဲ့။ အခြားသတ္တ၀ါတွေမှာလည်း ဒီသဘောအတိုင်း ရှိပါသတဲ့။ ရှေးကတော့ တွေ့ရခဲတဲ့ ဆင်ဖြူဆိုတာ ထူးခြားတယ်လို့ ထင်ခဲ့ကြတာပေါ့။ လူတွေဟာ ရှားပါးတာကို တန်ဖိုးထားတတ်ကြတယ် မဟုတ်လား။ ဒီတော့ ရှားပါးတဲ့ ဆင်ဖြူကိုလည်း နှစ်သက်မြတ်နိုးစရာ တခုလို သဘောထားခဲ့ကြတာပါပဲ။ ပတ္တမြား နီလာ စတဲ့ ကျောက်မျက်ရတနာတွေ လိုပဲ ဆင်ကိုလည်း သက်ရှိရတနာ တခုအဖြစ် သတ်မှတ်ခဲ့ကြတာပါ။ အိမ်မွေးတိရစ္ဆာန် အကြီးစား ဆိုပါတော့။

ဒီမှာတင် ဆင်ဖြူကို ဋီကာချဲ့ပြီး ထမင်းအိုးချဲ့တဲ့ လူတွေ ပေါ်လာတော့တာပါပဲ။ ဆင် ဘာကြောင့် ဖြူတယ် ဆိုတာ သိပေမယ့် ကိုယ့်ရဲ့ ထမင်းအိုး ပျက်မသွားအောင် ဟိတ်လုံးမြှောက်လုံးတွေနဲ့ တန်ဆာဆင်ခဲ့ကြတာပါပဲ။ “ဆင်ဖြူတော်မှီပြီး ကြံစုတ်” ဆိုတဲ့ စကား အရှိသား မဟုတ်လား။ ဆင်ဖြူထိန်းတဲ့ လူတွေက ရှင်ဘုရင်ကို ဆင်ဖြူပြပြီး ဗုံမြောက်ပေးကြတော့ ရှင်ဘုရင်တွေလည်း ဆင်ဖြူရှင် ဆိုရင် ဂုဏ်ရှိတယ်လို့ ထင်လာကြတော့တာပါပဲ။ အခြား ဘုရင်တွေတော့ ဘယ်လို ရှိတယ် မသိပေမယ့် ဗမာရှင်ဘုရင်တွေကတော့ ဆင်ဖြူ အတော် ရူးကြပါတယ်။ ဆင်ဖြူမ အသေကောင်ကို ၀ါးနဲ့ထောက် အဲဒီပေါ် တက်စီးပြီး ဆင်ဖြူရှင် အမည်ခံတဲ့ ပင်းယခေတ်က “တစီးရှင် သီဟသူ” ဆိုတာ ရှိခဲ့လေသပ။ ဆင်ဖြူ တကောင်မှ မရှိလည်းဘဲ စာရေးတော့ “ဆင်ဖြူများရှင် ဆဒ္ဒန်ဆင်မင်းသခင်” လို့ ရေးခဲ့ကြတာပါပဲ။

ဆင်အုပ်ထဲမှာ ဆင်ဖြူပါရင် အဲဒီ အဖြူကောင်ကို ကျန်တဲ့ အမည်းတွေက ၀ိုင်းဝန်း စောင့်ရှောက်ကြပါတယ်။ ဒါကို ဆင်ဋီကာချဲ့သူတွေက ဆင်မည်းထက် ဆင်ဖြူက သာလွန်တယ်လို့ ဆိုပဲ။ တကယ်က ဗီဇဖောက်ပြန်မှုအရ ဆင်ဖြူဟာ ခန္ဓာကိုယ် ကြံ့ခိုင်မှု အားနည်းပါတယ်။ ဆင်တွေဟာ သူတို့အချင်းချင်း အားနည်းသူကို စောင့်ရှောက်တတ်တဲ့ သဘာဝ ရှိသူတွေပါ။ အမျိုးသမီးများနဲ့ ကလေးများကို ဦးစားပေးပါ ဆိုတာ လူထက် ဆင်က စောပါတယ်။ သူတို့သဘာဝအရ အားနည်းတဲ့ ဆင်ဖြူကို ကျန် ဆင်မည်းတွေက စောင့်ရှောက်ပေး တာပါ။ ဆင်ဖြူဟာ ဆင်မည်းထက် အသက် တိုလေ့ရှိပါတယ်။

ဆင်ဖြူကို လူကမွေးတော့လည်း အလုပ်မခိုင်းဘဲ တယုတယ ထားပါတယ်။ အမှန်က ဆင်ဖြူဆိုတာ အလုပ်ကြမ်း မလုပ်နိုင်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်လူမျိုးတွေက ဟန်သာရှိပြီး လက်တွေ့ အလုပ်မဖြစ်တဲ့လူကို white elephant လို့ တင်စားသုံးနှုန်းခဲ့ကြတာပါ။ အနောက်တိုင်း ယဉ်ကျေးမှုမှာ ဆင်ဖြူဆိုတာ “အလကားကောင်” ဖြစ်နေပေမယ့် အရှေ့တိုင်း ယဉ်ကျေးမှုမှာတော့ ဆင်ဖြူဆိုတာ “အာဏာဝိသေသ” ဖြစ်နေရတာကိုက လောကရဲ့ သရော်ချက် တခုပါပဲ။

သုံးစားလို့မရတဲ့ ဆင်ဖြူကို ရေချိုးပေးတဲ့ ဗိုလ်ခင်ညွန့်တယောက် ဘုန်းတန်းခိုး တက်ဖို့ နေနေသာသာ ရာထူးပြုတ်ပြီး မြောင်းထဲရောက်သွားတာမှ မကြာသေးဘူး၊ ဗိုလ်သန်းရွှေက ဆင်ဖြူ ရောဂါထပြီး ရခိုင်မှာ ဆင်ဖမ်းပါသတဲ့။ အခု ခြောက်လ တနှစ် ကြာတော့ တွေ့ပါပြီ။ အသက် ၃၈ နှစ်လောက် ရှိတဲ့ ဆင်မတဲ့။ ဓာတ်ပုံထဲ မြင်ရတာတော့ ဦးခေါင်းရိုး ငေါင်းစင်းစင်းနဲ့။ ဆင်အုပ်ကလည်း လေးငါးကောင်ပဲ ရှိတယ် ဆိုတော့ ဆင်တွေလည်း အငတ်ဘေးကို အတော်ခံစားနေရပုံ ရပါတယ်။

ရွှေပြည်တော်မှာ လူတွေက သဘာဝ ရာသီဥတုကို ဒုံရင်းအတိုင်း ရင်ဆိုင် နေထိုင်ကြရချိန်မှာ ကြွက်တွေ ဆင်တွေကတော့ သူတို့ သဘာဝ နေထိုင်မှုကို စွန့်ပြီး မြို့ရွာတွေထဲ နန်းတော်ထဲ ၀င်လာနေကြလေရဲ့။

ကိုကြီးပေါ်ကတော့ ဒီအဖြစ်သနစ်တွေကို ကြည့်ပြီး အမှားတွေ ပွားနေမိရဲ့။

ရွှေပြည်တော်မှာ ဗိုလ်ချုပ်မင်းကြီးက “ရေမြေအလုံးကို အစိုးရတော်မူသော” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ညီအောင် မြေတွင်း လှိုဏ်ခေါင်းတွေ နက်နက် တူးနေတာ အံ့မခန်းဆိုရဲ့။ ရလဒ်ကတော့ မြေတွင်းက ကြွက်တွေခမျာ နေစရာ မရှိ စားစရာ မရှိတော့လို့ ထွက်ပြေးနေရလေရဲ့။ အဲဒီ လှိုဏ်ခေါင်းတွေထဲမှာ လျှို့ဝှက် ထုတ်လုပ်နေတဲ့ ညူကလီးယား ဆိုတာကြီးက ဗုံးဖြစ်ဖို့ နေနေသာသာ လောက်စာလုံးတောင် မဖြစ်သေးဘူးလို့ ပညာသည်တွေက ပြောလိုက်တော့ ဗိုလ်ချုပ်မင်းကြီးခမျာ ရင်ကွဲပက်လက် ဖြစ်ရပြန်ရဲ့။ သြော်.. “ဆင်ဖြူတော်မှီပြီး ကြံစုပ်” ဖို့ ကြိုးစားနေတဲ့ ဗိုလ်ချုပ်မင်းကြီးရဲ့ ညူကလီးယားဆိုတာ “ဆင်ခေါင်း ခွေးချီ” ကြီးပါလား ဟရို့။


အခုချိန်မှာ အဖြစ်သင့်ဆုံးကတော့ မြေတွင်းအောင်းနေတဲ့ ဗိုလ်ချုပ်မင်းကြီးဟာ “ဆင်ဖြူရှင်” ဘွဲ့ကို အမြန်ဆုံး ခံလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဆင်ဖြူဆိုတာ ဟန်သာရှိပြီး အဆန်မရှိတဲ့ အလကားကောင် မဟုတ်လား။ နအဖရဲ့ လုပ်ရပ် အရည်အချင်း အားလုံးကို ခြုံငုံနိုင်တဲ့ သင်္ကေတ ဖြစ်သွားတာပေါ့။

ဒါမှမဟုတ် သွားလေသူ ဗိုလ်ခင်ညွန့်ကို နမူနာယူ ပြောရရင် ဆင်ရေချိုးတဲ့လူ မြန်မြန် ဂျောင်းရလေသတဲ့။

ကိုကြီးပေါ်

Sunday, July 4, 2010

ခမောက်ရောင်းသမားနဲ့ မျောက်သန်းရွှေ


တစ်ခါတုန်းက ခမောက်ရောင်းသမားတစ်ယောက်ဟာ သူ့အိမ်ကထွက်ပြီး ဈေးကိုသွားရောင်းတယ်….။

ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့လျှိုပြီးထမ်းလာတယ်…။

နေပူလို့ ခမောက်တစ်လုံးကို သူဆောင်းထားတယ်…။လမ်းတစ်ဝတ်မှာညောင်ပင်ကြီးတစ်ပင်အောက်သူရောက်
လာတယ်…။

ခြင်းတောင်းကြီးနှစ်တောင်းကို နေပူထဲမှာ ထမ်းလာရတော့ သူအလွန်မောနေပြီး…။

ညောင်ပင်ကြီးရဲ့ အရိပ်အောက်ရောက်တော့ အေးမြသွားတယ်..ခေတ္တထိုင်နားချင်စိတ်ပေါက်သွားတယ်…။ ခြင်းတောင်းကြီးကို ပစ်ချပြီးညောင်ပင်ကြီးကို မှီနားလိုက်တယ်…။ ခြေပစ်လက်ပစ် အနားယူရင်းသူအိပ်ပျော်သွားတယ်…။ အိပ်ယာက နိုးလို့ ကြည့်လိုက်တော့..သူ့ခြင်းတောင်းထဲမှာခမောက်တွေ တစ်လုံးမှမရှိတော့ဘူး..။

သူ့ရင်ဘတ်မှာကပ်ထားတဲ့သူ့ခမောက်ပဲကျန်တော့တယ်…။ခမောက်တွေဘယ်ပျောက်သွားသလဲလိုက်ရှာတော့ ညောင်ပင်ပေါ်ကမျောက်တစ်အုပ်ရဲ့ခေါင်းတွေပေါ်ရောက်ကုန်တယ်…။ အဲဒီခမောက်တွေ သူပြန်ရအောင်
ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး အကြံထုတ်တယ်…။ သူက အားတဲ့အချိန်မှာအမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီးစဉ်းစားဖြေရှင်းတတ်တယ်…။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်…။

သူ့လက်ထဲက ခမောက်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီးမျောက်တွေမြင်သာတဲ့နေရာကို ထွက်လိုက်တယ်…။
မျောက်တွေမြင်လောက်ပြီထင်တော့မှ ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်ပြတယ်…။မျောက်တွေကလည်း သူ့ကို အတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ်…။ဒါနဲ့ပူလွန်းလို့ ခမောက်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ခမောက်ကိုမြေကြီးပေါ်ကို ပစ်ချလိုက်တယ်…။ မျောက်တွေကလည်း သူလုပ်တာမြင်ပြီးသူတို့လက်ထဲက ခမောက်တွေကို ပစ်ချလိုက်ကြတယ်…။ ဒီတော့မှ သူဟာမျောက်တွေပစ်ချတဲ့ခမောက်တွေ အလျင်အမြန်ကောက်ပြီးခြင်းထဲထည့်လိုက်တော့တယ်…။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ခမောက်အားလုံးကို သူပြန်ရလိုက်သတဲ့…။

နောင်နှစ်ပေါင်း (၂၀)ကြာတဲ့အခါစောစောကဦးထုပ်သည်ကြီးရဲ့မြေးကလေးကခမောက်အရောင်းထွက်သတဲ့…။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ညောင်ပင်ကြီးအောက်ရောက်တော့ခမောက်တောင်းကိုချပြီး အနားယူပြန်သတဲ့….။ ခြေပစ်လက်ပစ်နားရင်းအိပ်ပျော်သွားတယ်…။

အိပ်ရာက နိုးတော့ခြင်းထဲက ခမောက်တွေမရှိတော့ဘူး…။ ညောင်ပင်ပေါ်ကမျောက်တွေခေါင်းပေါ်ရောက်နေတယ်…။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီးသူ့အဘိုးနည်းအတိုင်း ခမောက်တွေပြန်ရအောင် ကြိုးစားတယ်…။ သူက
ခမောက်ကိုချွတ်ပြီး ခေါင်းကုတ်တယ်..။ မျောက်တွေကလည်းသူ့လိုလိုက်လုပ်တယ်..။ သူက ခမောက်တွေနဲ့ ယပ်ခတ်ပြပြန်တယ်…။မျောက်တွေကလည်း သူတို့ခမောက်တွေနဲ့ ယပ်ခတ်ကြပြန်တယ်…။

နောက်ဆုံးမှာ သူကလက်ထဲက ခမောက်ကိုလွှင့်ပစ်လိုက်တယ်…။ ပြီးတော့သူ့လိုခမောက်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကို မော့ကြည့်တယ်…။ဘယ်မျောက်မှ ခမောက်ကို ပစ်မချကြတော့ဘူး…။ လက်ထဲမှာအသေဆုပ်ကိုင်ထားကြတယ်…။သူလည်းအံ့သြငေးမောကြည့်နေတုန်း မျောက်တစ်ကောင်က
သူပစ်ချလိုက်တဲ့ခမောက်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့…။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ်…။

´´မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ´´ တဲ့…..။

အခက်အခဲတစ်ခုခု တွေ့ကြုံလို့ လုပ်နေကျ နည်းဟောင်းအတိုင်း ဖြေရှင်းဖို့တွေးမိတဲ့အခါ ဒီပုံပြင်လေးကို အမှတ်ရပါစေ…။


ဒီပုံပြင်လေးလိုဘဲ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀)က မဆလ မျောက်ဘိုးအေကြီး ဦးနေ၀င်း ဦးစောမောင်က (၁၉၉၀)ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြုလုပ်ပေးခဲ့တုန်းက ပြဿနာတစ်ခုကို ခေါင်းအေးအေးထားပြီး အမျှော်အမြင်ရှိလှတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ခေါင်းဆောင်တွေဦးဆောင်မှုကြောင့် ပြည်သူလူထုအပြည့်အ၀ထောက်ခံခဲ့တဲ့ ခမောက်ဆောင်းတဲ့ Nld (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ဟာ အပြတ်အသတ်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ နအဖဟာ ဂတိချိုးဖောက်ပြီး ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုအာဏာလွှဲပြောင်းမပေးဘဲ လုပ်ချင်သလိုဖိနှိပ်ချုပ်ချယ် လုပ်နေခဲ့ပါတယ်။

အခု နှစ်ပေါင်း(၂၀)လွန်မြောက်ပြီး တဖတ်သတ်ရေးဆွဲထားတဲ့အခြေခံဥပဒေနဲ့တရားမျှတမှုမရှိတဲ့(၂၀၁၀) ရွေးကောက်ပွဲကိုလုပ်ပါတော့မယ်။အရင်တခါ(၁၉၉၀)ကလို(ခမောက်)တွေပြန်လည်အနိုင်ရယူခဲ့တာကို အဖြစ်မခံနိုင်တဲ့ သစ်ပင်ပေါ်ကဆင်းလာတဲ့ မျောက်သန်းရွှေ က" မင်းတို့လူတွေမှာလည်းအဘိုးရှိသလို ငါတို့မျောက်တွေမှာလည်း မျောက်အဖိုးရှိတယ်ကွ"လို့ပြောပြီး နအဖအာဏာတည်မြဲရေးအတွက် (ခမောက်)ကို မတရားလုယူပါတော့တယ်.......

ဒေါင်းမာန်ဟုန်

Twitter Delicious Facebook Digg Stumbleupon Favorites More