``ရွှေပြည်ကြီး ကွာဝေးသကို၊ ကွာဝေးသကို၊ ကျနော်တို့ ရွှေပြည်ကြီး ကွာဝေးသကို၊ ကွာဝေးသကို…´´ လို့ နန်းတော်ရှေ့ဆရာတင်ရဲ့ တေးစာသားလေးနဲ့ တညည်းညည်း လုပ်နေရတဲ့ ကိုကြီးပေါ်ကို ဟိုမှဒီမှ ရင်းနှီးသူများက `ခြောင်းကြည့်လို့ မ၀သေးဘူးလားဗျ´ လို့ ထောမနာ ပြုကြပါတယ်။ မခြောင်းဘဲနဲ့လည်း သိတာပါပဲကွာလို့ ဆိုချင်ကြပုံ ရပါတယ်။ အဲသည်ထဲ မိုးသောက်ကြယ် အယ်ဒီတာမင်းက `ခြောင်းကြည့်လို့ မပြီးသေးဘူးလား´ လို့ ပြောလိုက်ရင်တော့၊ အဲဒါ အဓိပ္ပာယ်က တမျိုးပြောင်းသွားရော ခင်ဗျ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ၊ ခြောင်းလို့ပဲ သိသိ၊ မခြောင်းဘဲနဲ့ပဲ သိသိ၊ ကိုကြီးပေါ်မှာတော့ ခြောင်းကျင့်ပါနေပြီမို့ ခြောင်းမိနေတော့ တာပါပဲ။ အယ်ဒီတာမင်းရေ၊ ဒီတခါ ခြောင်းလိုက်တာ ဟိုး အင်းဝရာဇ၀င်အထိ ရောက်သွားပါရောဗျို့…။
ရွှေတိုက်စိုးများ
မြန်မာရွှေပြည်ကြီးက တကိုယ်တည်း သီးသီးသန့်သန့် နေတယ် ဆိုပေမယ်လို့၊ ဂလိုဘယ် ခေတ်ကြီးထဲကိုလည်း တယ် ၀င်ချင်တာကိုးဗျ။ နိုင်ငံတကာက လုပ်ကြတဲ့ စံချိန်စံညွှန်းတွေနဲ့လည်း သိပ် ကိုက်ညီချင်တာပေါ့။ အဲသတော့ ဟိုမှာဒီမှာ ကော်မတီတွေ ဘာတွေ ဖွဲ့တယ်ဆိုရင် ကိုကြီးပေါ်တို့ ရွှေပြည်က ဗိုလ်ချုပ်မင်းများကလည်း လိုက်လုပ်ကြတော့ တာပါပဲ။
ဒီကနေ့ခေတ်က `လူ့အခွင့်အရေးခေတ်´ လို့ ပြောရပေမယ်။ လူ့အခွင့်အရေး ဆိုတဲ့ ကိစ္စက သိပ်ကို ကြီးမား ကျယ်ပြန့်ပေတာကိုး။ ကုလသမဂ္ဂကြီးမှာတောင် လူ့အခွင့်အရေး ကော်မရှင် ကနေ ကောင်စီ ဆိုပြီး ပြောင်းသွားပါရောလား။ နိုင်ငံတိုင်းမှာလည်း လူ့အခွင့်အရေးကော်မရှင် ဆိုတာတွေ၊ အန်ဂျီအိုတွေဆိုတာ မရှိရင် ခေတ်မမီတော့ဘူးလေ။ ဒီတော့ နအဖ ဗိုလ်ချုပ်မင်းများကလည်း လူ့အခွင့်အရေး ကော်မရှင်ဆိုတာကို ဖွဲ့တော့တာပဲ ခင်ဗျ။ ကျနော်တို့လည်း လူ့အခွင့်အရေးကို အလေးထား ပါတယ်ပေါ့။
အဲ ဖြစ်ပုံက လူ့အခွင့်အရေး ကော်မရှင်ရဲ့ ဥက္ကဋ္ဌက `ပြည်ထဲရေးဝန်ကြီး´ ဆိုတဲ့ စစ်ဗိုလ်ချုပ်တဲ့။ အဖွဲ့ဝင်တွေက ရဲတို့၊ ထောက်လှမ်းရေးတို့၊ ပြည်ထဲရေးတို့က အရာရှိကြီးတွေတဲ့။
လူ့အခွင့်အရေး ပြဿနာဆိုတာက တကယ်တော့ အာဏာပိုင်အဖွဲ့နဲ့ ယင်းရဲ့ လက်အောက်ခံတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေကနေ သာမန် အရပ်သားတွေ အပေါ် ကျူးလွန်တာတွေကို ဆိုလိုတာပါ။ အရပ်သား အချင်းချင်း ကျူးလွန်ရင် ကာကွယ်တားဆီးဖို့ ရာဇသတ်ဥပဒေ ဆိုတာ ရှိတယ်။ ကာကွယ်ပေးရမယ့် ရဲတို့ တရားရုံးတို့ ရှိတယ်။ အာဏာပိုင်တွေနဲ့ သူ့လူတွေက ကျူးလွန်တာကျတော့ အခွင့်အာဏာအရ လုပ်တာလိုလို ဘာလိုလိုနဲ့ ရောကြိတ်လို့ ရနေတယ်လေ။ လက်နက်ကိုင်တွေဆိုလည်း ဒီလိုပဲပေါ့။ ဒါကြောင့် အာဏာပိုင်တွေဖက်က လူတွေရဲ့ အခြေခံ အခွင့်အရေးကို မကျူးလွန်ရအောင် လူ့အခွင့်အရေး ဆိုတာနဲ့ ကာကွယ်ထားရတာပါ။
ခပ်လွယ်လွယ် ပြောရရင် အစိုးရက လူထုအပေါ် ဖိနှိပ် ညှဉ်းပန်းမှုတွေ မလုပ်ရအောင် ကာကွယ်ပေးထားတာပါ။ ဒါကြောင့်လည်း အခြေခံ လူ့အခွင့်အရေး ရပိုင်ခွင့်တွေကို နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေမှာ ထည့်သွင်း ထားကြ ရတာပေါ့။ နိုင်ငံတွေမှာ လူ့အခွင့်အရေး အတွက် ကြီးကြပ်ဆောင်ရွက်ဖို့ အဖွဲ့အစည်းတွေ ဖွဲ့ကြတာက၊ အစိုးရနဲ့ လူထုအကြား သမာသမတ် ရပ်တည်ပေးဖို့နဲ့၊ နိုင်ငံအတွင်း လူ့အခွင့်အရေး အသိအမြင် ဖွံ့ဖြိုးလာစေဖို့ပါ။ တနည်းပြောရင် လူ့အခွင့်အရေး ကော်မရှင်ဆိုတာ တရားရေး မဏ္ဍိုင်ရဲ့ အကိုင်းအခက် တခုပါပဲ။
နအဖတို့ လုပ်ချလိုက်ပုံကတော့၊ လူ့အခွင့်အရေး အတွက် အကြီးဆုံးလူက ပြည်ထဲရေး ၀န်ကြီးတဲ့ဗျာ။ ပြည်ထဲရေး ၀န်ကြီးဆိုတာ ရဲတပ်၊ လုံထိန်းတပ်၊ ထောင်၊ ထောက်လှမ်းရေး စတာတွေရဲ့ အကြီးအချုပ်ပါပဲ။ ပြီးတော့ အုပ်ချုပ်ရေး အဆင့်ဆင့်ကို ကွပ်ကဲရသူ။ အဲဒီလူတွေက လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ဦးဆောင်ကြတယ် ဆိုတော့၊ ဒါ သူခိုးကို ရွှေတိုက်စိုး ခန့်တာပဲ ဖြစ်မှာပါ။
မြန်မာ ရာဇ၀င်မှာ ကြားဖူးကြမှာပါ။ အင်းဝဘုရင် သတိုးမင်းဖျားလက်ထက်မှာ သူခိုး ငတက်ပြား ဆိုတာ အတော် သောင်းကျန်းတော့၊ ဘုရင်က စီမံကိန်းချပြီးကို ဖမ်းဆီးရေး လုပ်ရတယ်။ ဖမ်းမိတော့ သေဒဏ်စီရင်ခါနီးမှာ ဘုရင်က `မင်း မသေခင် ဘာလိုချင်လဲ´ မေးတယ်တဲ့။ ငတက်ပြားက `အရှင့် မိဖုရား စောဥမ္မာကို လိုချင်တယ်´ ပြန်ပြောသတဲ့။ ဘုရင်က ဒီကောင် သတ္တိ မခေဘူး၊ ငါ့အတွက် အသုံးကျလောက်တယ် ဆိုပြီး၊ မသတ်တော့ဘဲ ရွှေတိုက်စိုး ခန့်ထားလိုက်သတဲ့။
ရာဇ၀င်မှာတော့ သူခိုး ငတက်ပြား ကနေ ရွှေတိုက်စိုး ဖြစ်ပြီးနောက်ပိုင်း ဘာတွေ ဆက်ဖြစ်တယ်ရယ်လို့ သိပ် မသိရပါဘူး။ ဘုရင့် အမှုတော်ကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်လေသည် လောက်သာ ပါပါတယ်။ မှန်ပါတယ်။ ရွှေတိုက်စိုး ငတက်ပြားဟာ ဘုရင့်အတွက်တော့ အတော် အသုံးတည့်မှာပါ။ ဒါက ဘုရင်ခေတ်ပေကိုး။
အခုတော့ အရပ်သားတွေ အပေါ် လူ့အခွင့်အရေး တိုက်ရိုက် ကျူးလွန်နေတဲ့ ဌာနက ၀န်ကြီးက လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဆိုပြီး လုပ်တော့၊ သေချာတာပေါ့။ သူ့အစိုးရ အတွက်တော့ အတော့်ကို အသုံးတည့်ပေမှာပဲ။ အောက်ခြေကနေ လူ့အခွင့်အရေး ကျူးလွန်မှုတွေ ဘယ်လောက်ပဲ တိုင်တိုင် ကော်မရှင်ရောက်ရင် အကုန်ပျောက်ပေါ့။
အဲသလို သူခိုးကြီးက ရွှေတိုက်စိုး ရာထူးပါ ရယူထားရုံ မကဘူးခင်ဗျ။ အာဆီယံ နိုင်ငံတွေကရဲ့ လူ့အခွင့်အရေး ဆိုင်ရာ သဘောတူညီချက် ဆိုတာကြီးကိုပါ နအဖက လက်မှတ်ရေးထိုးတော် မူလိုက်ပါတယ်။ လက်မှတ်ထိုးဖို့ အတွက် အဲသည် အာဆီယံချာတာ ဆိုတာကြီးကို အဲသည် ကော်မရှင်ဆိုတာကြီးက လေ့လာတော် မူသေးသတဲ့။ အင်း… တယ်လဲဟုတ်ပ။ သူခိုးကြီးများ ခေါင်းညိတ်တာကို သူခိုးကိုယ်စားလှယ် မောင်ဉာဏ်ဝင်းက စင်္ကာပူမှာ လက်မှတ်သွားထိုးပေးတယ်။ အဲဒါကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ကောင်းခြီးပေးတယ် ခင်ဗျ။ အာဆီယံက သိသိကြီးနဲ့ သူခိုးကို လက်ကမ်းတယ် ဆိုတော့ သူတို့လည်းပဲ သတိုးမင်းဖျားလို တွေးနေကြတယ် ထင်ပါရဲ့။
ပြောမယ့်သာ ပြောရတယ်။ ရွှေပြည်ကြီးမှာတော့ ဒါမျိုးတွေက သိပ်ဆန်းလှတာတော့ မဟုတ်ပါဘူး။ ဖြစ်ရိုးဖြစ်စဉ် လို့တောင် ပြောလို့ ရနိုင်ပါတယ်။ နိုင်ငံတခုရဲ့ ဥပဒေ ရေးဆွဲရေးမှာ ဥက္ကဋ္ဌလုပ်သူက တရားသူကြီးချုပ်တဲ့။ ပြီးတော့ သူကပဲ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ လုပ်လိုက်သေးတယ်။ အဓမ္မလုပ်အား ခိုင်းစေမှု ပပျောက်ရေး ဗဟိုအဖွဲ့ဆိုတာ ဖွဲ့တယ်၊ ဥက္ကဋ္ဌက အလုပ်သမားဝန်ကြီးတဲ့။ အဲသည် အဖွဲ့လည်း ဖွဲ့ပြီးရော မီဒီယာပေါ်မှာ `စေတနာ လုပ်အား´ ဆိုတဲ့ အသုံးအနှုန်း ပေါ်လာတော့တာပါပဲ။ ဟုတ်ကဲ့၊ အင်မတန် တော်ချက်ပါ။ အဓမ္မလုပ်အား ဆိုတာ ပပျောက်သွားအောင် စေတနာလုပ်အား ဆိုတာနဲ့ အစားထိုးလိုက်တာ၊ လုံးဝ ပျောက်သွားရော မဟုတ်လား။
အဲသလိုပေါ့လေ၊ သူခိုးကို ရွှေတိုက်စိုး ခန့်တဲ့ အလေ့က ရွှေပြည်ကြီးမှာ အလွန်ခေတ်စားသကိုး။ ခက်တာက ငတက်ပြား က ရွှေတိုက်စိုး ဖြစ်တော့ သူခိုးအလုပ်ကို ဆက်မလုပ်တော့ဘူး ခင်ဗျ။ နအဖခေတ်က ရွှေတိုက်စိုးများကတော့ … သူခိုးအလုပ်ကို ဆက်လုပ်သလား မလုပ်သလား…၊ အဲ အဲ ဒါတော့ ကိုကြီးပေါ် ဆက်လက် ခြောင်းကြည့် သွားရဦးမည် ဖြစ်ပါကြောင်း…။
0 comments:
Post a Comment