Monday, February 9, 2009

ဂျပန်ရောက်တိုင်းရင်းသားများစုပေါင်း၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲကျင်းပဆင်နွှဲ


အခမ်းအနားမှူးများ(၀ဲ)နှင့် သဘာပတိအဖွဲ့ဝင်များ(ယာ)


ဖေဖေါ်ဝါရီ(၈)၊ တိုကျို
ညီညွတ်သောတိုင်းရင်းသားများအစည်းအရုံး(AUN)ဂျပန်မှ ဦးစီး၍ (၆၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနားကို တိုကျိုမြို့ရှိ အိုးစုခအရပ်ရှိ မိနာမိအိုးစုခခန်းမ၌ ဖေဖေါ်ဝါရီ(၈)ရက်(တနင်္ဂနွေနေ့)တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဂျပန်ရောက်ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသားများ အစုံအလင်တက်ရောက်ကြပြီး ပြည်ပရောက်တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသည့် ဦးတင်ဝင်း(ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၊ နိုင်ထော်မွန်(မွန်ပြည်သစ်ပါတီ)နှင့် (UNLD-LA)မှကချင်တိုင်းရင်းသားခေါင်းဆောင် Mahkaw Htun Saတို့မှအထူးဧည့်သည်တော်များအဖြစ်တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို(၂)ပိုင်းခွဲ၍ ပြုလုပ်ခဲ့ကြသည်။
ပထမပိုင်းအခမ်းအနားကို နေ့လယ် ၁၂း၃၀ နာရီမှ ၃း၃၀ နာရီအထိပြုလုပ်ခဲ့ပြီး ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကျင်းပရခြင်းရည်ရွယ်ချက်နှင့် လက်ရှိမြန်မာပြည်နိုင်ငံရေးအပေါ် သုံးသပ်ချက်များကိုပြောဆိုဆွေးနွေးခဲ့ကြသည်။

နအဖ၏ ၂ဝ၁ဝရွှေးကောက်ပွဲနှင့်ပါတ်သတ်၍ အထူးဧည့်သည်တော်အဖြစ်တက်ရောက်သူ (ဦး)နိုင်ထော်မွန်မှ ''ကျနော်တို့လည်း ကြေငြာချက်ထုတ်ထားတဲ့အတိုင်းဘဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဒီအတိုင်းဘဲမညှိမနှိုင်းဘဲ လက်မခံနိုင်ဘူး၊ ရွှေးကောက်ပွဲအပေါ်ဘယ်လိုလဲဆိုတာကိုတော့ ကျနော်တို့မပြောသေးဘူး၊ ဒီအတိုင်းမဟုတ်ဘဲ ပြုပြင်ပြောင်းလဲမယ်၊ လက်ခံနိုင်တဲ့အတိုင်းအတာအထိဖြစ်လာမယ်ဆိုရင်တော့ စဉ်းစားမယ်''ဟု မွန်ပြည်သစ်ပါတီ၏ သဘောထားနှင့်ပါတ်သတ်၍ ပြောပြသွားသည်။
ဂျပန်နိုင်ငံတွင် ကျင်းပသည့်ပြည်ထောင်စုနေ့အခမ်းအနားသို့ တတိယအကြိမ်မြောက်အဖြစ်တက်ရောက်သူ ကချင်တိုင်းရင်းသာခေါင်းဆောင်(ဦး)Mahkaw Htun Saမှ အဓိကအားဖြင့် ၂ဝဝ၈ခုနှစ် နအဖ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီနှင့်မကိုက်ညီကြောင်း၊ နိုင်ငံသားတွေရဲ့အခွင့်ရေးနဲ့ပါတ်သတ်၍ အာမခံမှုမရှိကြောင်းနှင့်၊ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးနှင့် ပါတ်သတ်၍ ကိုယ်ပိုင်ပြဌာန်းချက်တွေမရှိသည့်အပြင်၊ တိုင်းရင်းသားများ၏ အမျိုးသားရေးလက္ခဏာများကို တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားအောင်ရေးဆွဲထားသည့်အတွက် နအဖအခြေခံဥပဒေကို လက်မခံကြဖို့နှင့် နအဖကိုသုံးပွင့်ဆိုင်ဆွေးနွေးပွဲဆီသို့ ပါဝင်လာရေးကို ထည့်သွင်းဆွေးနွေးသွားခဲ့သည်။
နအဖ၏ ၂ဝ၁ဝ ရွှေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်တွင်းမှတိုင်းရင်းသားများနှင့်ပါတ်သတ်၍ ''သူတို့ကဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ်၊ သူတို့ရဲ့အတွင်းသဘောမှာ ဘယ်လိုရှိမယ်ဆိုတာမသိတဲ့အတွက် ကျနော်တို့က ဝေဖန်လို့မသင့်တော်ဘူး၊ သူတို့ဘာ့ကြောင့်၊ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ သိရင်တော့ မှားတယ်၊ မှန်တယ်ဆိုတာကို ဝေဖန်လို့ရမယ်ထင်တယ်''ဟု ယင်းကချင်တိုင်းရင်းသားခေါင်းဆောင်မှ နအဖနှင့်အပြစ်အခတ်ရပ်ဆဲထားပြီး ရွှေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်ပြည်တွင်းမှတိုင်းရင်းသားအဖွဲ့များနှင့် ပါတ်သတ်၍မဝေဖန်လိုကြောင်းကို ပြောပြသွားသည်။
ညနေ ၃း၅၀ နာရီမှ ပြန်လည်စတင်ခဲ့သော အခမ်းအနား ဒုတိယပိုင်းတွင် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်းများက ၎င်းတို့၏ ရိုးရာယဉ်ကျေးမှုအကနှင့် ပြည်ထောင်စုနေ့တေးသရုပ်ဖော်များကို ဝေေ၀ဆာဆာနှင့် ဖျော်ဖြေတင်ခဲ့ကြရာ တက်ရောက်လာကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများသာမက ဂျပန်လူမျိုးများပါ ကျေနပ်နှစ်သက်ကြသည်ကို တွေ့မြင်ခဲ့ရသည်။

ယခုကျင်းပသည့်အခမ်းနားသို့ ဂျပန်လူမျိုးများနှင့် မြန်မာလူမျိုးပရိတ်သတ်(၆ဝဝ)ကျော်ခန့်တို့တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုတိုင်းရင်းသားများ၏ အခွင့်အရေးနှင့်လွတ်လပ်ခွင့်တို့ကို ကိုလိုနီနယ်ချဲ့လက်အောက်မှ လွတ်မြောက်လာပြီး ပြည်ထောင်စုနေ့သည်လဲ (၆၂)နှစ်တိုင်သွားပြီဖြစ်သော်လည်း ယနေ့တိုင်တိုက်ယူနေရဆဲဘဲဖြစ်ကြောင်း သုံးသပ်ပြောဆိုသွားကြသည်။
Reported by ; Thant Myo Htway
Photo by: Min Nyo Wan

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More