Monday, February 14, 2011

(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဂျပန်ရောက်တိုင်းရင်းသားများကျင်းပ

ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်ခဲ့သည့် (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား နှင့်တိုင်းရင်းသား လူမျိုးပေါင်းစုံ ယဉ်ကျေးမှုကပွဲ ၊ဂီတပဒေသာပွဲများ ကို ယနေ့ ဖေဖော်ဝါရီလ  (၁၃ ) ရက်နေ့ တိုကျိုမြို့အိုးစုက အရပ်တွင်ရှိသော (Minami ostuka Hall)တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) ၏ ဦးဆောင်မှုဖြင့် နေ့လည် (၁)နာရီ မှ ည (၈ )နာရီ အထိ အခမ်းအနားကို နှစ်ပိုင်းခွဲကျင်းပခဲ့ရာ ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှတာဝန်ရှိသူများနှင့် တိုင်းရင်းသားပေါင်းစုံတို့တက်ရောက်ခဲ့ကြပါသည်။
 
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံစုစည်းနေထိုင်သောနိုင်ငံဖြစ်၏ ။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ်ဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံတွင် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ နိုင်ငံရေးတန်းတူညီတူရှိမည့် ပြည်ထောင်စုမူတရပ်ကိုချမှတ်နိုင်ခဲ့သည့် နေ့တနေ့လည်းဖြစ်သည်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များတည်ထောင်ခဲ့သည့် ပြည်ထောင်စုကြီးသည် (၆၄)နှစ်တိုင်ခဲ့သော်လည်း ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မျှော်မှန်းထားသော ပြည်ထောင်စုမြန်မာနိုင်ငံကိုမတည်ဆောက်နိုင်သေးပါ။ အမျိုးသားခေါင်းဆောင်ကြီးများ မျှော်မှန်းထားခဲ့သော လွတ်လပ်ရေး၊ တန်းတူညီမျှရေးဟူသောအခြေခံမူများကို ယနေ့တိုင်ဖြည့်ဆည်းနိုင်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော အာဏာကို မတရားရယူထားသည့် စစ်အာဏာရှင်ဝါဒနှင့် စနစ်ဆိုးတို့ နှစ် (၅၀)နီးပါး စိုးမိုးမင်းမူနေခြင်းကြောင့်ဖြစ်သည်။
 
အခမ်းအနား ပထမပိုင်း အစီအစဉ် ကို နေ့လည် (၁)နာရီ မှ (၄)နာရီ အထိကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် (PNS-JP) မှ ဦးမိုင်ကျော်ဦး နှင့်အတူ (PMNS-JP) မှ ကိုဇော်မျိုးဦးတို့က ဆောင်ရွက်ခဲ့ကြပြီး ဘာသာပြန်အဖြစ် မြန်မာ့ဒီမိုအရေး ကိုအစဉ်အားပေးကူညီနေသော ဆရာဦးရွှေဘ (ခ) ဝါတာနာဘေ ကဆောင်ရွက်ခဲ့ပါသည်။ (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား တွင် သဘာပတိအဖွဲ့ အဖြစ် ဥိးဇော်မင်းခိုင် (ရခိုင်)၊ ဦးလှဟန် (NLD-LA)(JB)၊ဦးခင်မောင်ကြည်(အဝေးရောက်သံတမန်တဦး) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ပြည်ပ)နှင့် ဦးသန်းရွှေ(NDB –Japan)တို့က တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး တိုင်းရင်းသားပေါင်းစုံတို့မှ သဘာပတိအဖွဲ့ဝင်များအဖြစ်ဆောင်ရွက်ခဲ့ကြပါသည်။
တိုင်းရင်းသားပေါင်းစုံမှ ပြည်ထောင်စုအလံကိုသယ်ဆောင်ကာ(၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။ သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ အထူးဧည့်သည်တော် ဦးခင်မောင်ကြည် (အဝေးရောက်သံတမန်တဦး) နာယက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ)မှလည်း“ ပင်လုံစာချုပ်ကြောင့် ပြည်ထောင်စုပေါ်ပေါက်လာရခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်တက်လာတဲ့အစိုးရတွေက ပြည်ထောင်စုအနှစ်သာရကိုဖျောက်ပြီး တပြည်ထောင်စနစ်ကျင့်သုံးလာကြောင်းနှင့် ထိုတပြည်ထောင်စု စနစ်နှင့်မရပ်သေးပဲ တပါတီအာဏာရှင်နစ်ကိုကျင့်သုံးကာ ယခုလောလောဆယ် သူခိုးဓါးပြလမ်းစဉ်ကို ကျင့်သုံးလျက်ရှိကြောင်း၊ စာထဲမှာပါတဲ့ဥပဒေကတမျိုး၊ လုပ်နေတဲ့လုပ်ရပ်ကတမျိုး ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းစဉ်ကပင် ယနေ့အချိန်အထိ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုဆိုတဲ့ နိုင်ငံမှာ တရားလက်လွတ်ဖြစ်နေတာ ကမ္ဘာကပင် သိနေပါတယ်။“ ဟုပြောကြားခဲ့ပါသည်။
ထို့နောက်အဖွဲ့အစည်းအသီးသီးမှအတာဝန်ရှိသူများကလည်း (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနား နှင့်ပတ်သက်သော မိန့်ခွန်းများကို ပြောကြားခဲ့ကြပါသည်။ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာ ဗွီဒီယို ပြသကာ အခမ်းအနား ပထမပိုင်းအစီအစဉ် ကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
 
အခမ်းအနား ဒုတိယပိုင်းဖြစ်သော (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့ ဖျော်ဖြေ ရေးအစီအစဉ် ကို ညနေ (၄) နာရီ တွင် စတင်ကျင်းပခဲ့ရာ အစီအစဉ်မှူးအဖြစ် ကျော်သန်းလှိုင် (ALD-EXILE) မှ တာဝန်ယူဆောင်ရွက်ပြီး အခမ်းအနားမှူးများအဖြစ် မကေသီ (PMNS –Japan) နှင့် အတူ ကိုသိန်းရယ် (KNC –Japan) မှဆောင်ရွက်ခဲ့ပါသည်။(SND-Japan)မှ နန်းချိုဝင့်မွန် ကဘာသာပြန်အဖြစ်တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ AUN မောင်မယ်များမှ (ပြည်ထောင်စုလူငယ်) တေးသီချင်း ဖြင့် ဒုတိယပိုင်းဖျော်ဖြေရေးအစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
တိုင်းရင်းသားလုမျိုးပေါင်းစုံတို့၏ ယဉ်ကျေးမှုအကနှင့်အတူ(NLD-LA-JB)မှ ဖက်ဖူးစင်ယိမ်းအက၊ အောင်မြင်ပါစေ မြန်မာရိုးရာနှစ်ပါးသွားအကဖြင့်လည်းကောင်း ၊ ကိုဝင်းအောင်-မြန်မာ့ဒီမိုကရေစီအင်အားစုအဖွဲ့မှ (အောင်ဆန်းလမ်းစဉ်) သီချင်းဖြင့် ဂီတပဒေသာပွဲများ ကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ ဖျော်ဖြေ ရေးအစီအစဉ်ကို AUN မောင်မယ်များ၏ (ပြည်ထောင်စုနေ့ )တေးသီချင်းဖြင့် (၆၄)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာ  ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More