Saturday, October 8, 2011
ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံး ဖြစ်နေသူများ
  အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှလှုံ့ ဆော်ခဲ့သူများမှာ ယခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ တွင် ချီးမြှင့်မည့် ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
     ယခုနှစ်တွင် ဆန်ကာတင်စာရင်းဝင်သူ ၂၄၁ ဦးအထိရှိကြောင်း နော်ဝေနိုဗယ်ဆု ရွေးချယ်ရေးကော်မတီက ထုတ်ပြန်ခဲ့သော်လည်း စာရင်းဝင်သူများကို  ထုံးစံအတိုင်း လှို့  ၀ှက်ထားခဲ့သည်။
     တူနီးရှား၊ အီဂျစ်၊ လစ်ဗျားတို့ တွင် အာဏာရှင်အစိုးရများပြုတ်ကျစေခဲ့မှု၊ ဆီးရီးယား၊ ယီမင်၊ ဘာရိန်းတို့ တွင် ကန့် ကွက်မှုများဖြစ်ပေါ်စေခဲ့မှုတွင် အွန်လိုင်းမှ စတင်လှူံ့ ဆော်ခဲ့သူများ၏ အခန်းကဏ္ဍမှာ ကြီးမားစွာပါဝင်ခဲ့သည်။
     နိုဗယ်ကော်မတီဥက္ကဌ သောဘ်ဂျိုယန်ဂျက်ဂ်လန်ကမူ “ဒီနှစ်အတွက်တော့ (ရွေးရတာ) သိပ်မခက်ပါဘူး။ ငြိမ်းချမ်းရေးကို တန်ပြန်နှောင့်ယှက်နေတဲ့အလားအလာတွေ အများကြီးရှိသလို အကောင်းဘက်ကိုသိသိသာသာ ရွေ့ ခဲ့တာတွေလည်း ရှိနေပါတယ်”ဟု ပြောကြားခဲ့သည်။
     ဂျက်ဂ်လန်သည် ၂၀၀၉ ခုနှစ်က နိုဗယ်ကော်မတီဥက္ကဌဖြစ်လာခဲ့ပြီးနောက် အငြင်းပွားဖွယ်ရွေးချယ်မှုများအဖြစ် သမ္မတဖြစ်ကာစ ဘာရက်အိုဘာမား၊ နောက်တစ်နှစ်တွင် တရုတ်နိုင်ငံမှ အကျဉ်းကျနေသောအတိုက်အခံ  လျူကျောင်းပိုတို့ ကို ရွေးချယ်ရာတွင်ဦးဆောင်ခဲ့သည်။
     တူနီးရှားမှ ဘလော့ဂါအမျိုးသမီးလီနာဘင်န်မီနီ၊ အီဂျစ်မှ ဧပြီ ၆ လှုပ်ရှားမှုကို စတင်တည်ထောင်သော ဆိုက်ဘာလှုပ်ရှားသူများဖြစ်သည့် အစ္စရာအဘ်ဒယ်ဖာတာနှင့် အာမက်မာဟာ၊ အီဂျစ်မှ ဂူဂဲလ်အမှုဆောင် တစ်ဦးဖြစ်သူ ၀ဲလ်ဂိုနင်မ်တို့ မှာ ဆုရရှိရန်အထူးရေပန်းစားသည်။
     လီနာဘင်န်မီနီ
     အသက် ၂၇ နှစ်အရွယ်ရှိ ဘလော့ဂါအမျိုးသမီးသည် တူနီးရှားစံပယ်ဖြူတော်လှန်ရေးကို Tunisia Girl အမည်ဝှက်ဖြင့်လှုံ့ ဆော်ပေးခဲ့သည်။ ဇန်န၀ါရီအတွင်း ဇိုင်အယ်လ်အဘီ ဒင်ဘီအလီ အစိုးရ၏ ဖိနှိပ်မှုများကို ဖွင့်ချဖော်ထုတ်ခဲ့သည်။ ၂၃ နှစ်ကြာအုပ်စိုးသော ဘင်အလီ နိုင်ငံမှထွက်ပြေးခဲ့ပြီး လှုပ်ရှားမှု အောင်မြင်ခဲ့သည်။
     ထောင် ၆ နှစ်ကျခံခဲ့ရသည့် လက်ဝဲယိမ်းနိုင်ငံရေးလှုပ်ရှားသူတစ်ဦး၏ သမီးဖြစ်သူလီနာသည် ၄င်း၏ ဘလော့တွင် ၂၀၀၇ ခုနှစ်မှစပြီး နိုင်ငံတွင်းလူ့ အခွင့်အရေးချိုးဖောက်မှုများကို ရေးသားခဲ့သည်။ ၄င်းသည် တူးနစ်တက္ကသိုလ်တွင် အင်္ဂလိပ်စာဆရာမလုပ်နေသူဖြစ်သည်။
     အစ္စရာအဘ်ဒယ်လ်ဖာတာနှင့် အာမက်မာဟာ
     အသက် ၃၃ နှစ်ရှိ အမျိုးသမီးအစရာနှင့် အသက် ၃၀ အရွယ်ရှိ အာမက်တို့ သည် အီဂျစ်တွင် ဧပြီ ၆ လှုပ်ရှားမှုကို ပူးတွဲတည်ထောင်ခဲ့ပြီး မူဘာရက်အစိုးရကို ကန့် ကွက်ရေးတွင် လူငယ်များနိုးထလာရေး လှုံ့ ဆော်နိုင်ခဲ့သည်။ တဟီရာရင်ပြင်၌ စုရုံးကန့် ကွက်မှုများဖြစ်ပေါ်ရာတွင် အဓိကဦးဆောင်မှုပေးခဲ့သည်။
     ဂူဂဲလ်၏အီဂျစ်အမှုဆောင်တစ်ဦးဖြစ်ပြီး အီဂျစ်တွင် “ဖေ့စ်ဘွတ်ခ်တော်လှန်ရေး”၏ ပြယုဂ်တစ်ယောက်ဖြစ်ခဲ့ကာ လူငယ်များကို လှုံ့ ဆော်ဦးဆောင်နိုင်ခဲ့သည်။ ၁၂ ရက်ကြာထိန်းသိမ်းခံရပြီးနောက် ရုပ်သံဆွေးနွေးပွဲ တစ်ခုတွင် ပြန်ပေါ်လာခဲ့ပြီး အထူးထင်ရှားခဲ့သည်။ နောက်တစ်ရက်တွင် တဟီရာရင်ပြင်သို့ ပြန်လာခဲ့ရာတွင်
သူရဲကောင်းတစ်ဦးအဖြစ်ကြိုဆိုခံခဲ့ရသည်။
     ရုရှားလူ့ အခွင့်အရေးအုပ်စု Memorial ကို ပူးတွဲတည်ထောင်သူ စဗက်လာနာဂန်နက်ရှ်ကီနာနှင့် အာဖဂန်အမျိုးသမီးများအခွင့်အရေးအတွက် တိုက်ပွဲဝင်သည့်ဆရာဝန်အမျိုးသမီး ဆီမာဆမ်မာတို့ လည်း ရေပန်းစား
သည့်စာရင်းတွင်ပါဝင်သည်။
     ငြိမ်းချမ်းရေးနိုဗယ်ဆုကို ၁၉၀၁ ခုနှစ်တွင် စတင်ချီးမြှင့်ခဲ့ရာ အမျိုးသမီး ၁၂ ဦးသာ ရရှိခဲ့ဖူးသည်။
     ငြိမ်းချမ်းရေးနိုဗယ်ဆုရရျိခဲ့သည့် အမျိုးသမီးများ
     ၁၉၀၅ - ဘာသာဘွန်ဆက်တ်နာ ( သြစတြီးယား - ဟန်ဂေရီ )
     ၁၉၃၁ - ဂျိန်းစ်အဒမ်စ် ( အမေရိကန် )
     ၁၉၄၆ - အီမီလီဂရီဘယ့်လ်ခ်ျ ( အမေရိကန် )
     ၁၉၇၆ - ဘက်တီဝီလျံ ( ဗြိတိန် )
     ၁၉၇၆ - မေရိဒ်ကော်ရီဂန် ( ဗြိတိန် )
     ၁၉၇၉ - မာသာထရီဇာ ( မက်ဆီဒိုးနီးယားနှင့် အိန္ဒိယ )
     ၁၉၈၂ - အယ်လ်ဘာမီရ်ဒယ် ( ဆွီဒင် )
     ၁၉၉၁ - ဒေါ်အောင်ဆန်းစုကြည် ( မြန်မာ )
     ၁၉၉၂ - ရီဂိုဘာတာမန်ချူး ( ဂွာတီမာလာ )
     ၁၉၉၇ - ဂျိုဒီဝီလျံ ( အမေရိကန် )
     ၂၀၀၃ - ရှီရင်အီဘာဒီ ( အီရန် )
     ၂၀၀၄ - ၀န်ဂါရီမာထိုင်း ( ကင်ညာ )
                    Ref - AFP
( Bi weekly ELEVEN  အတွဲ ၂၇၊ အမှတ် ၄  “အာရပ်နွေဦးဖြစ်စဉ်တွင် အွန်လိုင်းမှ လှုံ့ ဆော်ခဲ့သူများ
             ငြိမ်းချမ်းရေးနိုဗယ်ဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေ” မှ ကူးယူဖော်ပြပါတယ် )
0 comments:
Twitter Delicious Facebook Digg Stumbleupon Favorites More