Saturday, April 5, 2008

သတင်းစာသတ္တိ(အောင်ဗလ)


“ကျနော်၏ သတ္တိကို ပြချင်ပါတယ် ဆရာ…“

လူငယ်သတင်းထောက်ကလေးတဦးက သူ၏မြို့နယ်၌ဖြစ်ပျက်နေသော အမှုကိစ္စများနှင့်စပ်လျဉ်း၍ မခံချိမခံသာဖြစ်စွာပြောရှာ၏။ သို့ပြောစဉ်က သူသည် လက်သီးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ် ထားသည်။ အံကျိတ်ထားရာမှ အနည်းငယ်တင်းလိုက်လျင် သူ့တကိုယ်လုံး မိုင်းဗုံးပမာ ပေါက်ကွဲ သွားလေမည်လားမသိ။

“သတ္တိတော့ရှိပါကိုယ့်လူ၊ ဒေါသကိုယ်တော့ရှောင်ပါ…”ဟု သူ့ကိုပြောပြရင်း သတင်းစာသမားတို့ ရှိသင့်သည်ဟုထင်ရသော သတ္တိသဘောတရားကို သူ့အားရှင်းပြမိသည်။

မိမိကိုယ်တိုင်ကလည်း နုစဉ်ကာလက သတ္တိပြလိုစိတ် အကြိမ်များစွာ ပေါ်လေ့ရှိ သည်။ မိမိသတ္တိကို မိမိဘာသာ စမ်းသပ်မိ သည်မှာလည်း မကြာခဏပင်။

လကွယ်နေ့ညတွင် သင်္ချိုင်းသို့ တဦးတည်းသွားကာ မိမိသတ္တိကို စမ်းသပ်ကြည့်မိပါသည်။ အိတ်ထဲ၌ သေနတ်ကို ထည့်ပြီး ဂျပန်ကင်ပေရုံးရှေ့၌ လူးလားခေါက်ပြန်လမ်းလျောက်၍ စမ်းသပ်မိခဲ့သည်။ သတ္တိဟူသည်မှာ ထိုအမှုကိစ္စမျိုး ဟုထင်ကာ အားတက်မိခဲ့သည်။

သတင်းစာလောကသို့ ရောက်ရှိလာ သောအခါတွင်လည်း ကြုံကြိုက်တိုင်း မိမိအယူအဆနှင့် မိမိသတ္တိ ကိုပြမိသည်။ ရိုက်ပုတ်ထိုးသတ်သည့်အကြားဝင်မိသည်။ ပြောဆိုရန်ကိစ္စရှိပါကလည်းဝင်မိသည်။ ကိုးကိုးကျွန်းသို့တသုတ်ပြီးတသုတ်ပို့နေချိန် ၁၉၅၈ ခုနှစ်က ကိုးကိုးကျွန်းဗိသုကာစစ်ဗိုလ်ကြီးတဦး၏ ရှေ့၌ စားပွဲကိုလက်သီးနှင့်ထုကာ ငြင်းခုံပြောဆိုမိသည်။

သတ္တိရှိမရှိ မိမိဘာသာစမ်းသပ်နေရာမှ ရံဖန်ရံခါနယ်ကျွံသွားမိသည်ကိုသတိပြုမိသည်။ နောက်ပိုင်း တွင်မှ မိမိမှန်သည်ထင်သည်ကိုပြောဝံ့သူ၊ ရေးဝံ့သူတို့၏ သတ္တိသဘောတရားကို ခပ်ရေးရေးတွေ့ မြင်လာခဲ့သည်။

တခေတ်က မြန်မာနိုင်ငံသတင်းစာ လောကကို ဗမာ့ခေတ်ဦးအုန်းခင်နှင့် နေးရှင်းဦးလောရုံတို့နှစ်ဦးက စိုးမိုးနေခဲ့ကြသည်။ တချိန်တွင် သူတို့နှစ်ဦးက အမေရိကန်မှ ပုံနှိပ်စက်ကြီးများကို အကူအညီရယူပြီး မြန်မာ့သတင်းစာအားလုံးကို စုပေါင်းပုံနှိပ်ရန်စီစဉ်ကြသည်။

မြန်မာနိုင်ငံသတင်းစာအသင်းညီလာခံတွင် ထိုကိစ္စကိုတင်ပြသောအခါ ဦးအုန်းခင်၊ ဦးလောရုံတို့၏ အ ဆိုပြုချက်သည် စာနယ်ဇင်းအားလုံး နိုင်ငံခြားသြဇာခံဘ၀သို့ ရောက်ရှိသွားနိုင်သည်ဟူသော အန္တ ရယ်ရှိကြောင်းသိကြသော်လည်း ကန့်ကွက်ပါ က မိမိတို့ အလုပ်ပြုတ်သည်အထိ နစ်နာနိုင်သဖြင့် ကန့်ကွက်သူမရှိဖြစ်နေသည်။

ဆောင်းပါးရှင်မှာ မိမိကိုယ်တိုင်က ဗမာ့ခေတ်သတင်းစာ၏ လခစားတဦးဖြစ်နေသဖြင့် ဦးအုန်းခင်၏ အလုပ်သမားတဦးသာဖြစ်သော်လည်း မခံမရပ်နိုင်သောကြောင့် အစည်းအဝေး၌ထကာ ကန့်ကွက် မိသည်။ ကန့်ကွက်ချက်ကိုထောက်ခံသူ ဦးတင်မောင်ကြီးတမဲသာရသည်။ အများစုထဲ၌ နှစ်ဦးတည်း သာရှိသော်လည်း အလုပ်ပြုတ်ချင်ပြုတ်ပေစေဟု သတ္တိပြခဲ့ရသောကြောင့် ကျေနပ်ခဲ့သည်။

တခါတွင်လည်း ဤကိစ္စပေါ်ပေါက်လာပြန်ရာ ဦးလောရုံအား ဝေဖန်ပြစ်တင်သော ဆောင်းပါး တစောင်ရေးမိသည်။ ထိုဆောင်းပါးကို နာမည်ရင်းဖြင့် လက်မှတ်ထိုးကာ ပုံနှိပ်ခဲ့လေသည်။

“ကျေးဇူးတင်ပါတယ်ကွာ…”
ဟု ဦး လောရုံက ဆိုသည်။ “မောင်ရင်နဲ့ကိုယ်နဲ့ ဘယ်အခါမှ အယူအဆ မတူခဲ့ဘူး။ အယူအဆမတူတာကို မောင်ရင်က ပြန်တိုက်တဲ့အခါမှာ ‘မောင်ဖြူရေးသည်၊ မောင်မဲရေး သည်၊ အမှန်လိုလားသူတဦး ရေးသည်‘ဆိုပြီး နာမည်ဝှက်မသုံးဘဲ နာမည်ရင်းနဲ့ ရေးတဲ့သတ္တိကို ကျေးဇူးတင်ပါတယ်ကွာ...”ဟု သူကပြောပြသည်၊

တလောကအဖြစ်တရပ်ကြုံခဲ့သည်။ ဆောင်းပါးရှင်နှင့်များစွာရင်းနှီးသော ပုဂ္ဂိုလ်ကြီးတဦးသည် အစိုးရ ဌာနကြီးတခုတွင် အကြီးအကဲအဖြစ်ဆောင်ရွက်နေသည်။ သူသည် ဆောင်းပါးရှင်၏ စားအိမ် သောက်အိမ်ဖြစ်သည်။ နှစ်ပေါင်း ၂၀ မျှ သူ့ထံဝင်ထွက်သွားလာခဲ့သည်။

ထိုရွေ့ထိုမျှရင်းနှီးကြစေကာမူ သူ၏လုပ်ငန်းနှင့်ပတ်သက်၍ မူမမှန်ဟုထင်မိသောကိစ္စကို ဆောင်းပါး တပုဒ်ဖြင့်ဖွင့်ချကာ ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားလိုက်သည်။ နောက်တနေ့တွင် သူ၏ရုံးခန်းသို့ သွားဖြစ်အောင်သွားခဲ့သည်။

မိတ်ဆွေအရာရှိကြီးမှာ ဝေဖန်ချက်အတွက် ဒေါသအမျက်ချောင်းချောင်းထွက်ကာ ဆောင်းပါးရှင်အား ပြင်းထန်ရင့်သီးစွာ ကြိမ်းမောင်းလေတော့သည်။ လူကြီးလူကောင်း ပညာရှင်တဦးဖြစ်သဖြင့် ကိုယ်ထိ လက်ရောက်မပြုသော်လည်း နှုတ်အားဖြင့်မူ လွန်ကျုးစွာ ပြောဆိုလာတော့သည်။

ဆောင်းပါးရှင်က အပြုံးမပျက်ထိုင်နေမိသည်။ ပြုံးပင်ပြုံးရသော်လည်း တဘက်မှ ပြင်းထန်သော စကားလုံးများကြောင့် အပြုံး မှာ မချိပြုံးအဆင့်သို့ လျောကျနေလေတော့သည်။

ထိုစဉ်က ရောက်ရှိနေသော မိတ်ဆွေ တဦးက “လာပါဗျ လိုက်ခဲ့ပါ…”ဟု ဆောင်းပါးရှင်အား ဆွဲထုတ်လိုက်သည်။

“ခင်ဗျားသတ္တိကြောင်လှချည်လား။ မျက်နှာငယ်ကလေးနဲ့ ဘာလို့ငုံ့ခံရတာလဲ။ သူ့ဆီက နောက်ထပ် အခွင့်အရေးလိုချင်လို့လား”ဟု မိတ်ဆွေဖြစ်သူက မချင့်မရဲဖြစ်ပြီး ပြစ်တင် ရှုတ်ချပြန်တော့သည်။

“သတင်းစာသမားတဦးအဘို့ သတ္တိ ဆိုတာ မှန်တယ်ထင်တာကိုရေးဝံ့တာပါ။ ရေးဝံ့ရာမှာ တဦးဦးကို လွှဲမချဘဲ “ကျုပ် ရေးတာဗျို့…”လို့ ပြောဝံ့ဘို့လဲ သတ္တိလို တယ်။ ရေးရဲပြောရဲပြီး တဘက်မှာ ထိခိုက် သူရဲ့ ပြုသမျကို ပြုံးပြုံးကလေး ခံရဲတာက အရေးအကြီးဆုံးသတ္တိဗျ။ ခံရဲတာ သတင်း ထောက်ဗျ…”ဟု သူ့အား ရှင်းမပြတော့ ဘဲ သူကြိမ်းမောင်းသမျှ၊ သူအထင်လွဲသမျှ ကိုငုံ့ခံပြန်ကာ သတ္တိတမျိုး ပြခဲ့မိပြန်ပါသတည်း။

(၂၀၀၆ ခုနှစ်၊ မတ်လထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၃ တွင် ဖော်ပြခဲ့သော သတင်းစာဆရာကြီး ကြေးမုံဦးသောင်း၏ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More