Sunday, February 15, 2009

''(၉၄)နှစ်ပြည့်ဒို့ဖခင်ဗိုလ်ချုပ်မွေးနေ့''ခေါင်းစဉ်ဖြင့် ကဗျာနှင့်ဟောပြောပွဲကျင်းပ

တိုကျို၊ ဖေဖော်ဝါရီ ၁၅ ရက်




လွတ်လပ်ရေးဖခင်နှင့်မြန်မာတို့၏ မြင့်မြတ်သောခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖေါ်ဝါရီ(၁၃)ရက် နေ့တွင် ကျရောက်သည့်(၉၄)နှစ်ပြည့်ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ကဗျာနှင့်ဗိုလ်ချုပ်အောင်ဆန်းအကြောင်းဟောပြောပွဲကို တိုကျိုမြို့၊ တာကာဒါနိုဘာဘာရှိ ''ရီဆိုက်ကယ်စင်တာ''လေးထပ်ခန်းမတွင် ပြုလုပ်ကြကြောင်းသိရသည်။
လူငယ်အများအပြားတက်ရောက်ခဲ့သော အဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိကို ဖတ်ကြားခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓါတ်ပုံများနှင့် မိန့်ခွန်းများကို ထုတ်လွင့်ပြသခြင်းအပါအဝင် ''အောင်ဆန်းပေးတဲ့ မြန်မာပြည်''ခေါင်းစဉ်ဖြင့် ကိုစိုးသီဟမှလည်းကောင်း၊ ''သူ(သို့)အောင်ဆန်း''ခေါင်းစဉ်ဖြင့် ကိုမျိုးစောမှ လည်းကောင်း၊ ''အောင်ဆန်းနဲ့လွတ်လပ်ရေး''ခေါင်းစဉ်ဖြင့် ကိုထွန်းငြိမ်းမှလည်းကောင်း၊ ''ဗိုလ်ချုပ်နှင့် သူ၏မြန်မာနိုင်ငံ''ခေါင်းစဉ်ဖြင့် ကိုဝင်းအောင်-၂ မှလည်းကောင်း၊ အသီးသီးပြောဆိုသွားခဲ့ကြသည်။ နံမည်ကျော်ကဗျာဆရာရဲရင့်သက်ဇွဲမှ ''မြန်မာပြည်မြေပုံဟာသူဖြစ်တယ်''ကဗျာများရွတ်ဆိုသွားခဲ့ကြသည်။
မြန်မာနိုင်ငံသားအလုပ်သမားသမဂ္ဂဥက္ကဋ္ဌဦးတင်ဝင်းမှ ဗိုလ်ချုပ်အောင်ဆန်းကို နအဖစစ်အစိုးရမှ မြန်မာ့သမိုင်းနှင့် ရာဇဝင်တွင်လည်းကောင်း၊ မျက်မှောက်ခေတ်တွင်လည်ကောင်း ဖျောက်ဖျက်ပစ်ရန်ကြိုးစားနေပြီး၊ တဖက်မှလည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများကဗိုလ်ချုပ်အောင်ဆန်းသာလျှင် တိုင်းပြည်ရဲ့ဖခင်အမှန်ဖြစ်ကြောင်း ဖေါ်ထုတ်နေကြတယ်လို့ ပြောကြားသွားသည်။
''ကျနော်ခံစားလိုက်ရတာတခုက ၈၈အရေးတော်ပုံတုန်းက လူထုကဗိုလ်ချုပ်ပုံလေးတွေနဲ့ ဆန္ဒပြကြတယ်၊ အဲ့ဒိအထိ စစ်အာဏာရှင်တွေက ဂရုမပြုကြသေးဘူး၊ သြဂုတ်(၂၆)ရက်နေ့ ရွှေတိဂုံဘုရားမှာဒေါ်စုက 'ဖေဖေ'ကလို့ ပြောလိုက်တော့မှ ဗိုလ်ချုပ်ကို ဂရုပြုလာပြီး ဗိုလ်ချုပ်ရဲ့ Legacy (အမွေအနှစ်)ကိုဖျောက်ဖို့ ကြိုးစားလာကြတာ၊ အခုအချိန်အထိဘဲ''ဟု ဗိုလ်ချုပ်ကို မျက်မှောက်ခေတ်တွင်ဖျောက်ဖျက်ပစ်ရန် နအဖစစ်အစိုးရမှ စတင်စိတ်ဝင်စားခဲ့ရသည့်အကြောင်းကို ဟောပြော ဆွေးနွေးသွားသည်။
ယင်းအခမ်းအနားကို မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများအဖွဲ့(BDA)မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ပရိတ်သတ်(၁၅၀)ခန့် တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

Reported by; Thant Myo Htway (Moethaukkye)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More