Monday, October 19, 2009

ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံခဲ့သည့်ကိစ္စနှင့် ပါတ်သတ်၍ မြန်မာ့ဒီမိုအင်အားစုများအား ဦးမောင်မောင်မှ ပြန်လည်ရှင်းလင်းဆွေးနွေး


တိုကျို၊ အောက်တိုဘာ(၁၈)
သန့်မျိုးထွေး
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)နှင့် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်-ပြည်ထောင်စု မြန်မာနိုင်ငံ(FTUB)တို့. အထွေထွေအတွင်းရေးမှုးဦးမောင်မောင်သည် နျူကလီးယား အဆိပ်အတောက်များ လုံးဝကင်းစင်သော ငြိမ်ချမ်းသာယာသည့် ဒီမိုကရက်တစ်ဖယ်ဒရယ်ပြည်ထောင်စုသစ်ထူထောင်ရေးနှင့် စစ်အာဏာရှင်စနစ်ကိုကျားကန်ပေးမည့် (၂ဝဝ၈)ဖွဲ့စည်းပုံကို အခြေခံသည့် (၂ဝ၁ဝ)အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးတို့ကို ဆော်သြော်ရန် ၂ဝဝ၉ခုနှစ်၊အောက်တိုဘာလ(၆)ရက်နေ့က ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပါသည်။
ဂျပန်သို့ရောက်ရှိနေစဉ်အတွင်း ဂျပန်ဒု-နိုင်ငံခြားရေးဝန်ကြီး(Tetsuyo Fukuyama)နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် NCUBနှင့် FTUB ၏အထွေထွေအတွင်းရေးမှူးဦးမောင်မောင်က မြန်မာ့ဒီမိုကရေစီအရေးနှင့်ပါတ်သတ်၍ ဂျပန်အစိုးရသစ်၏သဘောထားနှင့် နအဖစစ်အစိုးရအပေါ်ဖိအားပေးနိုင်မှုအနေအထားတို့ကို ဂျပန်ရှိဒီမိုကရေစီအင်အား စုများနှင့်တွေ့ဆုံ၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံနှင့်တန်းတူ ဂျပန်အစိုးရအနေနှင့် နအဖနှင့်စီးပွားကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်သည့်အတွက် စီးပွားရေးပိတ်ဆို့မှုကို သဘောသိပ်မတူနိုင်ကြောင်းနှင့် မြန်မာ့ဒီမိုအင်အားစုများဘက်မှစီးပွားရေးပိတ်ဆို့မှုကို တောင်းဆိုရာတွင်လည်း လေယာဉ်အစိတ်အပိုင်းရောင်းချမှုမျိုးအစရှိသည့် နအဖအရှိုက်ထိစေမည့် စီးပွားရေးပိတ်ဆို့မှုမျိုးကိုတော့မဖြစ်မနေပြုလုပ်မှသာ ၄င်းတို့အဆိုပြုထားသော (National Reconsolidation)စကားဝိုင်းဆီသို့ စစ်အုပ်စုဘက်ကရောက်ရှိလာမှာဖြစ်ကြောင်း ဂျပန်အစိုးရကိုတိုက်တွန်းခဲ့ကြောင်း ဦးမောင်မောင်ကပြောကြားသည်။

ထို့အပြင် နအဖတစ်ဖက်သက်ရေးဆွဲထားသည့် အတုအယောင် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံသည် Freedom of Association လွပ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်၊ Freedom of Expression လွပ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်စသည့် အခွင့်အရေးများမရှိသလို ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီကျသောဖွဲ့စည်းပုံဖြစ်လာစေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာထားသော ရွှေဂုံတိုင်ကြေညာချက်ပါ တောင်းဆိုချက်များကို စစ်အုပ်စုက လိုက်လျောခြင်း မရှိသေးသဖြစ် ၂ဝ၁ဝ ရွေးကောက်ပွဲပြုလုပ်မည်ဟု နအဖပြောဆိုမှုအပေါ် သတိထားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်ဟုသိရှိရသည်။
ဂျပန်အစိုးရအနေနှင့် ပြီးခဲ့သည့်လအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့်နအဖဝန်ကြီးဦးဥာဏ်ဝင်းတို့တွေ့ဆုံရာတွင် ပွင့်ပွင့်လင်းလင်းနှင့်အများပါဝင်ဖို့လိုကြောင်းနှင့် ၂ဝ၁ဝ ရွှေးကောက်ပွဲမတိုင်မှီ ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများအားလုံးပြန်လည်လွှတ်ပေးသင့်ကြောင်းနှင့် ဂျပန်နိုင်ငံတွင် အတိုက်အခံပါတီမှအာဏာရရှိလာခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ဂျပန်နိုင်ငံ၏မှုဝါဒပေါ်လစီအနေနှင့်အပြောင်းအလဲမရှိကြောင်း ပြန်လည်ရှင်းပြခဲ့ပြီး ၄င်း၏တင်ပြမှုကိုလက်ခံပါကြောင်းနှင့် ဂျပန်နိုင်ငံအနေနှင့်မြန်မာ့အရေးကို အမြဲပင်စိတ်ဝင်စားလျှက်ရှိသည်ဟု ဦးမောင်မောင်ကပြန်လည်ရှင်းပြသည်။
ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများအနေနှင့်လည်း နအဖ၏ နျူကလိယားအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်သည့် ကမ်းပိန်းတခုကို ဂျပန်တွင်ပြုလုပ်သင့်ကြောင်းတိုက်တွန်းပြောကြားသွားပြီး နအဖအနေနှင့်၂ဝ၁ဝ ရွှေးကောက်ပွဲကို မည်သို့ပင်ဝေဖန်မှုများရှိနေသော်ငြား မဖြစ်မနေလုပ်ဆောင်လိမ့်မည်ဖြစ်၍ တိုင်းရင်းသားများအတွက်လည်းရှင်းလင်းသော အခွင့်အရေးပြဌာန်းမှုများမပါရှိသည့်သလို ခိုင်မာသောဒီမိုကရေစီအခွင့်အရေးများမရှိသည့်အတွက် ရွှေးကောက်ပွဲဖြစ်မြောက် သွားစေကာမှု မိမိတို့၏ခိုင်မာသောဆုံးဖြတ်ချက်ကို လက်ဆုပ်လက်ကိုင်ပြုထားဖို့လိုကြောင်း ဦးမောင်မောင်ကတိုက်တွန်း ပြောဆိုသွားသည်။
စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်တစ်ခုမှာ ယခုအချိန်တွင် ဒီမိုကရက်တစ်အင်အားစုဂြိုလ်စီးနေသည့်ကာလဟု ပြောရလောက်အောင် အမေရိကန်၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့တွင် ဒီမိုကရက်တစ်ပါတီများမှ အာဏာရနေချိန်ကာလတွင် ကိုယ့်နိုင်ငံ ဒီမိုကရေစီအရေးအတွက် ဟန်ချက်ညီညီအသုံးပြုသွားကြဖို့အရေးကြီးကြောင်းနှင့် အခွင့်အရေးဟာ နှစ်ခါမလာဆိုသည့်ဆိုစကားအတိုင်း အားလုံး၏ညီညွတ်မှုနှင့် ကြိုးစားလုပ်ဆောင်လျင် အပြောင်းအလဲဖြစ်နိုင်ကြောင်းလည်း ရှင်းလင်းပြောဆိုသွားခဲ့သည်။
အိုးချနော့မိဇုအရပ်ရှိ Burma Office ရုံးတွင်ပြုလုပ်သည့်ဆွေးနွေးပွဲ ညနေ(၃)နာရီခွဲမှစတင်ပြုလုပ်ခဲ့ပြီး ဂျပန်ရှိဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်း သားအဖွဲ့များမှအစုံအလင်တက်ရောက်ခဲ့သည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More