Thursday, November 11, 2010

ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်တောင်းဆိုခြင်း


၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နှင့်(၉ ) ရက် နေ့များတွင် နအဖ စစ်အုပ်စု၏ မတရားစွပ်စွဲချက်များနှင့်အတူပုဒ်မအမျိုးမျိုးတပ်ကာသွားလာမူခက်ခဲသည့်ဒေသအသီးသီးရှိအကျဉ်းထောင်များတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြရသော ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်းဖြစ် သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥကဌ လည်းဖြစ်သူ ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် (၈)ဦး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား များလွတ်မြောက်ရေးအတွက် တောင်းဆိုခြင်းကို ယနေ့ နိုဝင်ဘာလ (၉) ရက်နေ့ တွင် ဂျပန်ရောက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (ဂျပန်) (AUN – JAPAN )၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)(SND-JAPAN ) နှင့်အတူ သျှမ်းပြည်နယ်တိုင်းရင်းသားမျာဒီမိုကရေစီအဖွဲ့ (ဂျပန်) (SSND- JAPAN) တို့၏ပူးပေါင်းဦးဆောင်မှုဖြင့် TOKYO ရှိ SHIBUYA ရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ပြီးခဲ့သည့်စက်တင်ဘာလတွင်အသက် (၆၇)နှစ်ပြည့်ခဲ့ပြီဖြစ်သော ဦးခွန်ထွန်းဦးသည် ချမ်းအေးလှသော မြန်မာနိုင်ငံမြောက်ဖျား ၊ ကချင်ပြည်နယ် ပူတာအိုမြို့တွင် ထောင်ဒဏ် (၉၃)နှစ် ဖြင့် ဆက်လက်ထိန်းသိမ်းခြင်းခံနေရပြီး အခြားသျှမ်းတိုင်းရင်းသားခေါင်းဆောင်များမှာလည်း သွားလာမှုခက်ခဲသည့်ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ထောင်ဒဏ် (၇၅) နှစ်မှ (၁၀၆) နှစ်အထိ ဆက်လက်ချုပ်နှောင်ခြင်းခံနေကြရသည်။
နိုင်ငံရေးအကျဉ်းချထားခြင်းခံနေရသော ရှမ်းပြည်နယ်မှခေါင်းဆောင်အများစုမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်သော ကြောင့် သူတို့၏ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေပါသည်။ ထို့အပြင် ထောင်တွင်းရှိ သူတို့၏ကျန်းမာရေးအခြေအနေ များကိုဆရာဝန်များနှင့် သေချာစစ်ဆေးပြသခွင့်မရသလို အိုင်စီအာရ် စီအပါအဝင် မည်သည့် NGO နှင့် ကျန်းမာရေးအဖွဲ့  အစည်းမှ အကျဉ်းထောင်သို့ သွားရောက်လည်ပတ်ကြည့် ရှု စစ်ဆေးခြင်းမရှိခဲ့ခြင်းတို့ကြောင့် ရောဂါဝေဒနာဒဏ်ကို ထောင်တွင်း တွင် ခံစားနေရမည်မှာ သေချာမလွဲပင် ဖြစ်ပေလိမ့်မည်။
စစ်မှန်သောတရားမျှတခြင်းနှင့် လွတ်လပ်ခြင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အဖိအနှိပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေးတို့အတွက် သံတိုင်ကြားမှ ရဲရဲတောက်တိုက်ပွဲဝင်လျှက်ရှိ သော ဦးခွန်ထွန်းဦး၊ သျှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်း သားများလွတ်မြောက်ရန် အတွက် တောင်းဆိုမှုများကို လစဉ်လတိုင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
နန်းအိမွန်ချစ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More