Sunday, November 14, 2010

နိုဘယ်လ်ဆုရှင်များတွေ့ဆုံပွဲသို့ မြန်မာ့ဒီမိုသမားတဦးတက်ရောက်


 ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန်)၏ တာဝန်ခံတဦးဖြစ်သူ ကိုကျော်ကျော်စိုးတက်ရောက်ကြောင်းသိရှိရပါတယ်။
နိုဝင်ဘာ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၃ ရက်ကြာပြုလုပ်တဲ့အစည်းအဝေးမှာ နျူလက်နက်မပြန့်ပွားရေး၊ ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးကိစ္စများဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာပြည်အရေးနှင့်ပတ်သက်သည့်ကိစ္စများ ကို အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့် `ကိုကျော်ကျော်စိုး`ကိုလည်း သတင်းမီဒီသမားများက ၀ိုင်းဝန်းမေးမြန်းခဲ့ကြကြောင်းနှင့် အဆိုပါအချက်အလက်များကို ဟီရိုရှီးမားမြို့မှ ရေးသားပေးပို့လိုက်သော `ကိုကျော်ကျော်စိုး`၏ အီးမေးလ်မှ ပြန်လည်ဖော်ပြလိုက်ပါတယ်။

မှတ်တမ်းဓါတ်ပုံများကို framework.latimes.com, ctpost.com, nuclear-news.net, robertobaggio.com, daylife.com, dailymail.co.ukတို့မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

 Wu'er Kaixi, a former pro-democracy leader at the Tiananmen incident in 1989, left, holds shoulders of Kyaw Kyaw Soe, chirman of League for Democracy in Burma, during Nobel Peace Prize laureates and guests' boat tour at the 11th World Summit of Nobel Peace laureates inHiroshima, Japan, Saturday, Nov. 13, 2010. The release of one of the world's most prominent political prisoners came a week after an election that was swept by the military's proxy political party and decried by Western nations as a sham designed to perpetuate authoritarian control.

 လုပ်ဖော်ကိုင်ဘက်ရောင်းရင်းများခင်ဗျား
 

မြန်မာ့အရေးကိုစိတ်ဝင်စားသောသူတိုင်းက ယနေ့ဆွေးနွေးပွဲတွင် ကျနော့်အား “နောက်ဆုံး သတင်းဘာတွေကြားသိရသလဲ..?”ဟု မေးကြပါသည်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်မိန့်ထွက်သွားပြီဖြစ်ကြောင်းနှင့် သူမသည် နေအိမ်မှ ပြင်ပသို့မည်သည့်အချိန်တွင် ထွက်လာမည်နည်းဆိုသည်ကို အတိအကျ ပြောရန်ခက်ခဲလှပါ သည်ဟု ပြန်ဖြေခဲ့ပါသည်။
ယနေ့မနက်တွင် TV Tokyo   နှင့် အမေးအဖြေခန်းတခုကို ပြုလုပ်ခဲ့ရပါသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ညူကလီယားမပြန့်ပွားရေးကိစ္စနှင့်ပတ်သက်သော သဘောထား မည်သို့ရှိသည်ဟု ထင်ပါသနည်း။
သူမလွတ်မြောက်ပြီဆိုတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးအခြေအနေမည်သို့ဖြစ်လာမည် ဟုထင်ပါသနည်း။
ဟီရိုရှီးမားအနုမြူဗုံးဒဏ်ခံရသူတွေနဲ့ပတ်သက်တာ၊ ပြီးတော့ ဟီရိုရှီးမားကပြည်သူတွေနဲ့ ဂျပန်အစိုးရရဲ့ ညူကလီယားအရေးနဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေအပေါ် ဘယ်လိုမြင်သလဲ။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးဂျပန်ပြည်သူတွေအနေနဲ့ ဘယ်လိုမျိုး ကူညီပံ့ပိုးပေးသင့်သလဲ ဆိုတာ တွေကို မေးပါသည်။
ဒေါ်စုသည် ၁၉၉၅ ခုနှစ်ကတည်းက အရှေ့တောင်အာရှဒေသမှာ ညူကလီယားမပြန့်ပွားရေးဆိုတဲ့ကိစ္စကို စဉ်းစားတွေးတောထားခဲ့တာကို The Voice of Hope စာအုပ်ထဲမှာ Alan Clement က မေးထားတဲ့အပေါ် ပြန်ဖြေတဲ့အချက်ကို ကျနော် ကိုးကားပြီးဖြေခဲ့ပါသည်။

ဒေါ်စုလွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာ စစ်အစိုးရနဲ့ စစ်မှန်တဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခြေလှမ်းစတင်နိုင်တော့မည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်လုပ်ဆောင် ရာတွင် အပြန်အလှန်နားလည်မှုပေးပြီးလုပ်ဆောင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသားအားလုံး လက်တွဲလုပ်ဆောင်ပါက အကျပ်အတည်းတွေကျော်လွှားနိုင်မည်ဟု ယုံကြည်ကြောင်းပြောဆိုခဲ့သည်။

အနုမြူဗုံးဒဏ်ခံရသူ ဟီဘာကုရှာ့ တွေနဲ့ပတ်သက်ပြီး ညူကလီယားအရေးနှင့်ပတ်သက်ပြီး လှုပ်ရှားမှုနယ် ပယ်ကျဉ်းမြောင်းသည် ထိုထက်ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ရန်လိုအပ်သည်ဟု ထင်မြင်ပါကြောင်း ဟီရိုရှီးမားတမြို့တည်းတင်မက ဂျပန်တနိုင်ငံလုံးအထိ ကျယ်ပြန့်သောလှုပ်ရှားမှုပြုနိုင်ရန်လိုအပ်ကြောင်း ထိုမှတဆင့် ဂျပန်အစိုးရကိုယ်တိုင်က ကမ္ဘာနိုင်ငံများသို့ ညူကလီယားကိစ္စကို တိုးချဲ့လုပ်ကိုင်သင့် ကြောင်း ပြောဆိုခဲ့သည်။
ဂျပန်ပြည်သူများအနေဖြင့် မြန်မာ့အရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်နိုင်သည့်နည်းလမ်းတခုရှိကြောင်း၊ မိမိ တို့ဒေသ၏လွှတ်တော်အမတ်များကို မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး ဂျပန်အစိုးရက ထိရောက် သောရလဒ်တခုပေါ်ထွက်လာရေးအတွက် တွန်းအားပေး၊ ဖိအားပေးရန်လိုအပ်ကြောင်း၊ ထိုသို့လုပ်ဆောင် နိုင်ရန် ဂျပန်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေနှင့်ပတ်သက်သောသတင်းအချက်အလက်များ ကို သိရှိရန်များစွာလိုအပ်ကြောင်း၊ ထိုသို့သောသတင်းအချက်အလက်များကို အဲန်ဂျီအိုများ၊ ပြည်သူ့ရေးရာအဖွဲ့များမှ ဦးဆောင်ကာ ဂျပန်ပြည်သူများသိရှိစေရန်လုပ်ဆောင်နိုင်ကြောင်း ပြောဆိုခဲ့ သည်။ သို့မှသာ ဂျပန်အစိုးရသည် မြန်မာ့အရေးတွင် ထိရောက်စွာကူညီပံ့ပိုးပေးနိုင်မည်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။



မနက်ပိုင်းဆွေးနွေးပွဲ အစတွင် တောင်အာဖရိကသမတဟောင်း ဒီကလပ်က ဒေါ်အောင်ဆန်းစုကြည် ကို စစ်အစိုးရက လွှတ်မိန့်ထုတ်ပြန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲများတွင် သမတ ဒီကလပ်က အင်အားသုံးအကြမ်းဖက်မှုများ၊ တောင်အာဖရိကနိုင်ငံတွင်း ညူကလီယားထုတ်လုပ်နိုင်သည့်စွမ်းအားအဆောက်အအုံများ၊ အစီအစဉ်အားလုံးကို လုံးဝဖျက်သိမ်းနိုင်ခဲ့ သည့်အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင် အသားရောင်ခွဲခြားမှုစနစ်ကျင့်သုံးမှု ကာလအတွင်း အကြမ်းဖက်အင်အားသုံးမှုများကြောင့်ဖြစ်ခဲ့ရသည့် နောက်ဆက်တွဲအကျိုးသက်ရောက်မှု များကို အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းသည် အရေးကြီး သောအချက်ဖြစ်ခဲ့သည်ဟု ဆိုသည်။
ဘုန်းတော်ကြီးဒလိုင်လားမားက အကြမ်းမဖက်လှုပ်ရှားမှုဆိုသည်မှာ အချိန်ကာလကြာရှည်ပေးလုပ်ဆောင် ရကြောင်းဆိုသလို မာရီယာမက်ဂွိုင်ယား က အနုမြူဆိုင်ရာ ညူကလီယားဆိုင်ရာပညာရှင်များက လူအများ သေကြေပျက်စီးစေမည့်လက်နက်မျိုးကို မထုတ်လိုကြောင်း ငြင်းဆန်နိုင်သည့်အခွင့်အရေးရှိ ကြောင်း ပြောဆိုသည်။ ညူကလီယားအရေးလှုပ်ရှားသည့်အဖွဲ့တဖွဲ့၏ကိုယ်စားလှယ်ကလည်း သိပ္ပံပညာ ရှင်များအနေဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပေးနိုင်သည့်နေရာတွင်ရှိကြောင်း ထောက်ပြခဲ့သည်။

ဂျိုဒီဝီလီယမ်စ် က လူတွေသည် အခြားလူများကို သတ်ဖြတ်ရန် လက်နက်များကိုတီထွင်အသုံးပြုနေကြ ကြောင်းဆိုသည်။
အတိတ်ကအဖြစ်အပျက်များကို မေ့ပျောက်ရန်မသင့်၊ သို့သော် ခွင့်လွှတ်သင့်ကြောင်း၊ လက်ရှိကာလနှင့် အနာဂတ်အရေးကို တွေးတောလုပ်ဆောင်ရန်လိုအပ်ကြောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များ၏သဘော ထားကို ဆွေးနွေးမှုများတွင် သိမြင်ခဲ့ရသည်။

ဂျိုဒီဝီလီယမ်စ်က အင်အားသုံးအကြမ်းဖက်မှုများ၊ ညူကလီယားလက်နက်တီထွင်လုပ်ဆောင်နေမှုများ အပေါ် နှုတ်ဆိတ်နေလျှင် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရာရောက်ကြောင်းသူမ၏ အမြင်ကို ထုတ်ဖော် ပြခဲ့သည်။
သမတဒီကလပ်က နိုင်ငံများတွင် ကမ္ဘာပေါ်တွင် လမ်းပေါ်စီးကရက်မလွှင့်ပစ်ရ၊ အမှိုက်မပစ်ရဆိုသည့် စည်းကမ်းများမှ အစ အမိန့်၊ ဥပဒေများကို လူ့အသိုင်းအ၀ိုင်းက လိုက်နာရန် ထုတ်ပြန်ထားသော်လည်း ညူကလီယားလက်နက်နှင့်ပတ်သက်ပြီး အစိုးရများအနေဖြင့် လိုက်နာရမည့်ဥပဒေများမရှိကြောင်း ထောက်ပြသည်။
အီရန်လူမျိုး ရှေ့နေအမျိုးသမီး ရှီရင်အယ်ဘာဒီက မြောက်ကိုရီးယား၊ ပါကစ္စတန်၊ အိန္ဒိယ ကဲ့သို့သော နိုင်ငံများတွင် ညူကလီယားလက်နက်အတွက်ဒေါ်လာသန်းပေါင်း များစွာအကုန်အကျခံသုံးစွဲနေသော် လည်း ၄င်းတို့နိုင်ငံများတွင် ပြည်သူများအတွက် စားနပ်ရိက္ခာများလုံလောက်စေရန် မထောက်ပံ့ပေးနိုင် ခြင်း၊ သဘာဝဘေးအန္တရာယ်များကျရောက်သည့်အခါ အခြားနိုင်ငံများမှတောင်းခံခြင်း၊ ဆင်းရဲချမ်းသာ အလွန်ကွာဟနေခြင်းများရှိနေသည်ဟု ဆိုကာ အဆိုပါနိုင်ငံများကို ဝေဖန်ပြောဆိုသွားခဲ့သည်။
ဒလိုင်လားမား၏ ပြောဆိုချက်များထဲတွင် မှတ်သားစရာကောင်းသောစကားတခွန်းအား မျှဝေပေးလိုပါ သည်။ ထိုစကားသည် နအဖစစ်အာဏာရှင်များအား ဦးတည်ပြောဆိုသည့်အလား ကျနော်အနေဖြင့် ခံစား မိပါသည်။

“ကိုယ့်ရဲ့လုပ်ကိုင်နိုင်စွမ်းအားကို တခြားသူများအားဖျက်ဆီးပစ်ရန်အသုံးမချပါနှင့်၊ ကိုယ်ကိုယ်တိုင် တိုးတက်မှုများရရှိရန် သုံးစွဲပါ…”

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီဆိုသောသတင်းထွက်ပေါ်လာသည်နှင့် ကျနော်သည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထိပ်သီးအစည်းအဝေးတာဝန်ခံ ရောမမြို့ဝန်ဟောင်း ဝေါ်လ်တာ ဗီထရိုနီအား ပြောပြခဲ့သလို၊ ဘောလုံးသမား ရောဘတ်တို ဘက်ဂျီယိုအားလည်း ၀မ်းသာစရာ သတင်းကို ပြောပြခဲ့သည်။ ဒေါ်စုလွတ်လာပြီဆိုသည့်သတင်းကြောင့် ကျနော့်အား ၀မ်းသာအားရဖြင့် လာရောက်နှုတ်ဆက်ကြသည်။ ဒေါ်စု၏အရှိန်အ၀ါမည်မျှကြီးမားသည်ဆိုသည်ကို လာရောက်နှုတ်ဆက် သည့်အနေအထားက ကောင်းကောင်းဖော်ပြနေပါသည်။
နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထိပ်သီးအစည်းအဝေးကို သတင်းလာယူကြသည့် သတင်းမီဒီယာအားလုံး ကျနော့်ကို ပတ်လည်ဝိုင်းနေခဲ့ပြီး ဒေါ်စုလွတ်မြောက်သည့်သတင်းကြားရသည်နှင့် မည်သို့ခံစားရသနည်း ဟု အရင်ဆုံးမေးပါသည်။ နှစ်ကျော်စောင့်မျှော်ခဲ့ရသည့်သတင်းဖြစ်သည့်အတွက် အလွန်ပင်ဝမ်းမြောက် မိကြောင်း ဖြေကြားခဲ့ပါသည်။ ဒေါ်စုလွတ်မြောက်လာသည့်သတင်းကို မြန်မာပြည်သူပြည်သားအားလုံးသာ မက တကမ္ဘာလုံးကပါ ၀မ်းမြောက်ကြိုဆိုကြမည်ဟု ယုံကြည်ကြောင်းဆိုခဲ့ပါသည်။

တချိန်တည်းမှာပင် ကျနော်၏စိတ်အတွင်း ဒေါ်စု၏လှုပ်ရှားမှုများကို စစ်အာဏာရှင်များက ကန့်သတ် ချုပ်ချယ်မှုများထပ်မံလုပ်ဦးမည်လောဆိုသည့် စိုးရိမ်စိတ်များလည်း တချိန်တည်းတွင်ဖြစ်ပေါ်မိခဲ့ကြောင်း သို့သော်လည်း အားလုံးက ၀မ်းမြောက်ဝမ်းသာစွာဖြင့်ကြိုဆိုနေသောအချိန်ကာလတွင် မြန်မာနိုင်ငံ အနာဂတ်အတွက် ဒေါ်စုအပါအ၀င်နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားလူမျိုးစုများ၊ စစ်အာဏာပိုင်များ အနေဖြင့် အနာဂတ်မြန်မာနိုင်ငံအရေးကို မျှော်တွေးကာ စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှုလုပ်ရန်လိုအပ် ကြောင်း ကျနော်၏သဘောထားအမြင်ကိုထုတ်ဖော်ပြောဆိုခဲ့သည်။
အားလုံးတွင် စိုးရိမ်စိတ်၊ မလုံခြုံစိတ်များရှိမည်မှာသေချာသော်လည်း ထိုစိတ်များလျော့နည်းပပျောက်စေ ရေးအတွက် အရေးကြီးသောလုပ်ဆောင်ချက်မှာ အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုများဖြင့် အပေးအယူပြုလုပ်နိုင်ရေးပင်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အနာဂတ်မြန်မာ့နိုင်ငံရေးအတွက်မျှော်မှန်းကာ အဆိုပြုချက် တခုခုကို ပြုလုပ်လိမ့်မည်ဟု ကျနော့်အနေဖြင့် မျှော်မှန်းတွက်ဆမိကြောင်းကိုလည်း ပြောဆိုခဲ့ပါသေးသည်၊
မည်သို့ပင်ဖြစ်စေကာမူ အခုလိုအခိုက်အခန့်အခါသမယတွင် နိုင်ငံရေးတွင် အရေးကြီးသောနေရာတွင် ရောက်ရှိနေသည့်အင်အားစုအားလုံး(စစ်အာဏာရှင်များအပါအ၀င်) အခွင့်ကောင်းကိုအမိအရဆုပ်ကိုင်ပြီး အနာဂတ်မြန်မာနိုင်ငံအတွက် စုပေါင်းလက်တွဲလုပ်ကိုင်ရန်လိုအပ်ကြောင်းကိုပါ ပြောဆိုခဲ့သည်။

ထို့အပြင် ၂၀၁၀ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် လျိုရှောင်ဘိုအတွက်လည်း ကျနော့်အနေဖြင့် မှတ်ချက် ပေးပြောဆိုခဲ့ပါသေးသည်။ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်များထဲတွင် အကျဉ်းချခံနေရသူ ဦးသာရှိသည့် အနက်တဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီဖြစ်ရာ နောက်ထပ်တဦးသာကျန်တော့ သည်၊ ထို့ကြောင့် လျိုရှောင်ဘိုလွတ်မြောက်ရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် တရုတ် အစိုးရအား အားကောင်းသောတိုက်တွန်းမှုများပြုလုပ်ကြရန်လိုအပ်သည်ဆိုသည့်အချက်ဖြစ်ပါသည်။

ယခု ဟီရိုရှီးမားအစည်းအဝေးတွင် တိဘက်အရေးလှုပ်ရှားသူများနှင့် တိန်အန်မင်မျိုးဆက်(ကျနော်တို့ရဲ့ ရှစ်လေးလုံးမျိုးဆက်ကဲ့သို့ပင်)များနှင့် ရင်းနှီးသည့်အဆက်အသွယ်ရခဲ့ပါသည်။ လျိုရှောင်ဘို၏ကိုယ်စား လှယ်အဖြစ် တိန်အန်မင်မျိုးဆက်တဦးဖြစ်သည့် Wuer Kaixi ၀ါခိုင်ရှီ အပါအ၀င်အခြားသူများနှင့်တွေ့ဆုံခဲ့ ပါသည်။ ၀ါခိုင်ရှီသည် ထိုင်ဝမ်တွင် နေထိုင်လျက်ရှိပြီး လွန်ခဲ့သောနှစ်က တရုတ်ပြည်သို့ ဟောင်ကောင် မှတဆင့်ဝင်ရောက်ရန်ကြိုးပမ်းခဲ့စဉ်က တရုတ်အာဏာပိုင်များက လက်မခံပဲ နှင်ထုတ်ခံခဲ့ရသူတဦးဖြစ် ပါသည်။ 


ဒေါ်စုလွတ်မြောက်လာပြီးနောက် ကျနော်အား သတင်းထောက်များက ၀ိုင်းဝန်းမေးမြန်းခဲ့ပြီး နောက် ကျနော်က ၀ါခိုင်ရှီကို ဖိတ်ကြားခဲ့ရာ ၀ါခိုင်ရှီက ဒီမိုကရေစီနှင့်လူ့အခွင့်အရေးလှုပ်ရှားသူများ အကြား မည်မျှပင်ဝေးကွာနေစေကာမူ ယုံကြည်ချက်ခံယူချက်များမှာ တသားတည်းဖြစ်ကြောင်းသူက ပြောဆို ပါသည်။ ကျနော်က လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် နိုင်ငံ၊ လူမျိုးခွဲခြားမရသလို နယ်နိမိတ် လည်းမရှိ ကြောင်း လူ့အခွင့်အရေးသည် ပြည်တွင်းရေးမဟုတ် လူတိုင်းဝင်ရောက်စွက်ဖက်လုပ်ကိုင်ရမည် အဘယ် ကြောင့်ဆိုသော် လူ့အခွင့်အရေးဆိုသည်မှာ လူသားအပေါ်အခြေခံသည့်အတွက် လူ့အခွင့်အရေးနှင့် ပတ်သက်လျှင် လူတိုင်းပါဝင်စွက်ဖက်ပြောဆိုလှုပ်ရှားပိုင်ခွင့်ရှိသည်ဟု ဖြည့်စွက်ပြောဆိုခဲ့ပါသည်။

လေးစားစွာဖြင့်

ကျော်ကျော်စိုး
နိုဝင်ဘာ ၁၃. ၂၀၁၀ ခုနှစ်  

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More