Thursday, September 15, 2011

မြစ်ဆုံရေကာတာနှင့် ပြည်တွင်းက လူငယ်တစ်ယောက်ရဲ့ ခံစားချက်

မနေ့ က နေပြည်တော် ရထားပို့ ဆောင်ရေးဝန်ကြီးဌာနမှာ လုပ်သွားတဲ့ ၀န်ကြီး ၅
ယောက်နဲ့  မီဒီယာများတွေ့ ဆုံပွဲမှာ အမှတ်(၁) လျှပ်စစ်စွမ်းအားပြည်ထောင်စု
ဝန်ကြီးရဲ့ မြစ်ဆုံရေကာတာစီမံကိန်း “နောက်မဆုတ်ဘူး၊ ဆက်လုပ်မယ်” ဆိုတဲ့ ချဲလင့်
 စကားလုံးတွေကို ဖတ်ရပြီး အသားတွေ တဆတ်ဆတ်တုန်၊
ဒေါသတွေ တချောင်းချောင်း ထွက်လာတော့ ရှေ့ မီနောက်မီ 
ပုဂ္ဂိုလ်ကြီးတစ်ယောက်က “စိတ်လျော့ပါ၊ နိုင်ငံရေးသမားဆိုတာ ဒေါသမထွက်ရဘူး၊ အခြေအနေကို စောင့်ကြည့်တတ်ရမယ်”လို့  ကျွန်တော့်ကို နားချရှာပါတယ်။ ဒီကိစ္စမှာ “ကျွန်တော်နိုင်ငံရေးသမားမဖြစ်ချင်ဘူး၊ ဖိုက်တာဘဲဖြစ်ချင်တယ်” လို့  လေသံမာမာနဲ့  ဆရာသမားကို ဘုတော ပိတ်လွှတ်လိုက်တယ်။ “မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်နဲ့ ပက်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက်ပိုပြီးတော့ အတွေ့ အကြုံရှိတဲ့လူ မရှိတော့ဘူး” ဆိုတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စကားဟာ ငါသိ၊ ငါတတ်၊ ဘယ်သူမှ ဘာမှ မ ဟနဲ့ ၊အားလုံး ရှပ်အောက့်၊ မြစ်ဆုံနဲ့ ပက်သက်လို့  အမြှီးကုတ် နားရွက် မထောင်ကြနဲ့ ဆိုပြီး သန်းခြောက်ဆယ်သောမန်မာပြည်သူတွေကို စိန်ခေါ်လိုက်တယ်လို့  ကျွန်တော်မြင်ပါတယ်။
ပြည်သူအကုန်လုံးဆိုတော့ သမ္မတကြီး အပါအ၀င် ပြည်ထောင်စုအစိုးရတစ်ဖွဲ့ လုံးလည်း ပါပါတယ်။ မြစ်ဆုံနဲ့ ပက်သက်ပြီး ၀န်ကြီးဦးဇော်မင်းစကားကို ခဏငှားသုံးရရင် မြစ်ဆုံရောဂါဆန်းနဲ့  ပက်သက်ပြီး အချက်အလက် ဒေတာ၊ ကောင်းကျိုးဆိုးပြစ် စတာတွေကို အစိုးရသတင်းစာထဲက ဆောင်းပါး သုံးလေးပုဒ်၊ အွန်လိုင်းသတင်းမီဒီယာတွေမှာ တင်ထားတဲ့ ဆောင်းပါးတွေနဲ့  ပြည်တွင်းပြည်ပက ပညာရှင်တွေ၊ မျိုးချစ် ပြည်ချစ်အနုပညာရှင်တွေရဲ့  သုံးသပ်ရေးသားပြောဆိုခဲ့သမျှကို ကျွန်တာ် နာယူမှတ်သားခဲ့တာ ခေါင်းတစ်ခု လုံးနဲ့  မဆန့် တော့ပါဘူး။ အဲဒီထဲက တချို့ ဆို ၀န်ကြီးနဲ့ ယှဉ်ပြီး ဒီဘိတ်ပုံစံမျိုး စကားစစ်ထိုးနိုင်လောက်တဲ့ အဆင့်ရှိကြတယ်လို့  ကျွန်တော်ယုံကြည်ပါတယ်။ အပြန်အလှန် ဟစ်ကြွေးနိုင်တဲ့ စင်မြင့်တစ်ခုကို လွတ်လွတ် လပ်လပ် ဖန်တီးပေးမယ်ဆိုရင် လက်ခမောင်း ထ ခတ်ကြမယ့်သူတွေ တန်းစီထွက်လာပါလိမ့်မယ်။ ကျွန်တော်ဟာ ဘူမိဗေဒနဲ့  ကျောင်းပြီးခဲ့တဲ့သူတစ်ယောက်ဆိုတော့ “မြစ်ဆုံနဲ့ ငလျင်အန္တရယ်” အပိုင်း လောက်ကိုဘဲ တွက်ဆတတ်ပေမယ့် မြစ်ဆုံကိစ္စဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတင် မဟုတ်သလို နိုင်ငံရေး မပြေလည်မှု အဆင့်အတန်းမှာတင် ရှုမြင်လို့  မရပါဘူး။ မဟာအမျိုးသားရေးကြီးပါ။ ဘုရားကျောင်းကန် တွေမှာ ဘိနပ်မစီးရ ဆိုသလိုပေါ့။ မြန်မာတစ်မျိုးသားလုံးရဲ့  အထွတ်အမြတ်ကိစ္စဆိုတော့ မှောင်နဲ့ မည်းမည်း ထဲမှာဘဲ နေချင်နေပါရစေ၊ အဲဒီ လုပ်လက်စနေရာမှာ ဆက်မလုပ်ဘဲ ရပ်ပစ်ပါ၊ နေရာရွှေ့လုပ်ပါလို့ ၀န်ကြီး ဦးဇော်မင်းကို စေခိုင်းရမှာဘဲ။ မေတ္တာမရပ်တော့ဘဲ၊ ငြင်ငြင်သာသာ မပြောတော့ဘဲ “ရောင်းသူဝယ်သူအသံတူ” လုပ်ပစ်ရတော့မှာဘဲ။ 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းကိုင်ဖခင်ကြီး ဦးနေ၀င်းရဲ့ ပါတီညီလာခံ နောက်ဆုံးမိန့်ခွန်းကို ပြေးပြီး သတိရဖြစ်တဲ့အထိ ၀န်ကြီးဦးဇော်မင်းရဲ့  စကားလုံးတွေက ရင့်သီးလွန်းလှတယ်လို့  ကျွန်တော်ခံစားမိ တယ်။ ဦးနေ၀င်းက “မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်” လို့  ထွက်ခတ်ခတ်သွားပြီး တိုင်းပြည်မှာ ဘာတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ၀န်ကြီးလည်း ကြားဖူးမှာပါ။ ပြည်ထောင်စုဝန်ကြီးဟာ နိုင်ငံရေးပို့ စ် နေရာ မှာ ရှိနေတည်နေတဲ့အတွက် မီဒီယာကတစ်ဆင့် ပြည်သူတွေကို မက်ဆေ့ပေးတဲ့အခါ စည်းရုံးဖျောင်းဖျရေး ပုံသဏ္ဍာန်နဲ့ လုပ်ရကိုင်ရပါတယ်။ အာဏာရှင်ဗိုလ်ချုပ်များလို ငါတကော ကော၊ ဒေါသသံနဲ့  လူထုကို မက်ဆေ့ ပေးမယ်ဆိုရင်တော့ ရှေ့ လျှောက် မမျှော်မှန်းနိုင်တဲ့ ဆိုးရွားမှုတွေ အုံနဲ့ ကျင်းနဲ့  ဖြစ်လာပါလိမ့်မယ်။ ကျွန်တော် ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ ပါတီကို မဲ မပေးခဲ့ပါဘူး။ အားလုံးကို ကြက်ခြေခတ်၊ ပယ်မဲ ဖြစ်အောင်လုပ်ခဲ့ပြီး ဒီနိုင်ငံရေးအခင်းအကျင်းကို No လုပ်ခဲ့ပေမယ့် ကျွန်တော့်ဆွေမျိုးအသိုင်းအ၀န်းနဲ့  တချို့  မိတ်ဆွေများရဲ့  လက်ရှိအစိုးရအပေါ်သဘောထားတွေကို နားစိုက်မိတဲ့အခါ နည်းနည်းလက်ခံလာတဲ့ပုံကို တွေ့ရပါတယ်။ ကျွန်တော်မကြိုက်ပေမယ့် ကြိုက်တဲ့သူတချို့  တိုရည်ရှားရည် ရှိလာတာ ဦးသိန်းစိန်အစိုးရရဲ့  လူထုဆီ လှမ်းလာတဲ့ ခြေလှမ်းတွေကြောင့်လို့  သူတို့ က ပြောကြတယ်။ မြစ်ဆုံအရေး၊ စစ်ပွဲရပ်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးမှာတော့ သူတို့ လည်း ကျွန်တော်နဲ့  တစ်သဘောထဲဖြစ်နေတာ တွေ့ ရပြန်ပါ တယ်။ လျှပ်စစ်ဝန်ကြီးရဲ့  မာရည်ကြောရည် တုန့် ပြန်သံကြောင့် ကိုင်းညွတ်လာစ သူတို့ စိတ်တွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်ပါတယ်။ ဦးဇော်မင်းကြေင့် ဦးသိန်းစိန်အစိုးရရဲ့  လှတပတဖြစ်လာလေးတွေ သဲထဲရေသွန်ဘ၀ ရောက်ပြီး ဒုံရင်းပြန်ဆိုက်မယ့်ကိန်းပါဘဲ။ ရွှေဝါရောင်တော်လှန်ရေးရဲ့ နိဒါန်းဟာ စက်သုံးဆီဈေး မြှင့်တင်လိုက်တာက စ ခဲ့တယ်ဆိုတာ မမေ့သင့်ပါဘူး။ အခု ထောင်ထဲရောက်နေတဲ့သူတွေဟာ မဟုတ်မခံစိတ်ဓာတ်အရာမှာ စံနမူနာပြုထိုက်တဲ့ သူရဲကောင်းတွေပါ။ သူတို့ စိတ်ဓာတ်တွေရဲ့ တစ်စိတ်တစ်ပိုင်းလောက်ကို ရင်ထဲထည့်ပြီး မြစ်ဆုံကိစ္စကို ကျွန်တော်တို့ ဆက်လုပ်သွား ဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ အားလုံးရဲ့ ပခုံးပေါ်ကို အမျိုးသားရေးတာဝန်ကြီးတစ်ခု ရောက်လာပြီလို့  ခံယူဖို့  အချိန်ကျပါပြီ။ “၀န်ကြီးက ဆက်လုပ်မယ်၊ ကျွန်တော်တို့ က ဆက်မလုပ်နဲ့ ” ဆိုတဲ့ ဆန့် ကျင်ဘက်လှုပ်ရှားမှု နှစ်ခုဟာ ထိပ်တိုက်တိုးနေပါပြီ။ “ညွှန်ချုပ်.. မင်းရေးတယ် ပြောလိုက်၊ ငါရေးတယ် မပြောနဲ့ ” လို့  ကိုယ်ရေးတာ ကိုယ်ဝန်မခံရဲတဲ့ လျှပ်စစ်ဝန်ကြီးရဲ့  စိတ်ထားကို ကျွန်တော်တို့က ဘယ်လိုယုံရမှာလဲ။ ၀န်ကြီးဦးဇော်မင်းရဲ့  ပြောဆိုချက်တွေကို လူထုစိန်ဝင်း၊ ဂျူး၊ မောင်ဝံသ၊ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာ မြင့်မြင့်ခင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာအေးမောင်၊ ဒေါက်တာသိန်းမြင့်နဲ့  ပါတီခေါင်းဆောင်တချို့ ရဲ့  ချက်ချင်း တုန့် ပြန်လိုက်သံတွေကလည်း သိသိသာသာ ရေချိန်မြင့်လာတာကိုလည်း တွေ့ ရပါတယ်။ ဒီ့ ထက်ပိုပြီး ပြင်းထန် ပေါက်ကွဲလာနိုင်ပါတယ်။ မြစ်ဆုံနဲ့ ပက်သက်တဲ့ ကြိတ်မနိုင်ခဲမရဖြစ်နေတာတွေဟာ ဟောပြောပွဲတွေ၊ လက်ဘက် ရည်ဆိုင်တွေ၊ စကားဝိုင်းတွေကတစ်ဆင့် လမ်းမတွေပေါ်အထိ လျှံကျစီးဆင်းလာနိုင်ပါတယ်။ မောင်စိန်ဝင်း၊ ဦးထွန်းလွင်၊ ကိုတာ၊ ကိုမြင့်ဇော်တို့ ရဲ့  မြစ်ဆုံအရေး မှတ်ချက်တွေကလည်း ကြောက်ခမန်းလိလိ ဖြစ်လာပါပြီ။ တေးရေးမြင့်မိုးအောင် အင်တာဗျူးတစ်ခုမှာ ပြောသလိုပေါ့။ “အချက်အလက်တွေ မသိပါဘူး၊ မကြိုက်တာဟာ ရင်ဘတ်ထဲက လာတာမို့  မကြိုက်တာဘဲပေါ့ဗျာ” ဆိုတာလေးကို ကိုင်ပြီး ပြောရရင် ကျွန်တော်မကြိုက်တာ ဆိုတာလည်း ရာဇ၀င်အရ၊ သမိုင်းကြောင်းအရ မကောင်းခဲ့တာ၊ စုတ်ပြတ်ဆင်းရဲခဲ့ရတာ၊ လိမ်ညာဖြီးဖြန်းခဲ့ကြတာ၊ ပြည်သူလူထုကို ဖုတ်လေတဲ့ငပိ ရှိတယ်လို့ တောင် မထင်ခဲ့တာ၊ ငါဘုရင် ဘယ်နှစ်ပတ်လှည့်လှည့် ကြည့်ကောင်း ကွနဲ့  ထင်ရာစိုင်းခဲ့တာ၊ အာဏာနဲ့ မြန်မာကို အပေးအယူလုပ်ခဲ့တာ တုတ်ထမ်းပြီး ပြောတောင် မကုန်နိုင်ပါဘူး။ ဘယ်လောက်ချေးချွတ်သန့် စင်ရေးတွေ ပြဲနေအောင်လုပ်လုပ် အတိတ်က ဒဏ်တွေကိုတော့ ထိုက်သင့် သလောက်ခံနေရဦးမယ့်အနေအထားမှာ “မြစ်ဆုံအရေး” ကို တာဝန်အရှိဆုံး ပြည်ထောင်စုဝန်ကြီးဦးဇော်မင်းက ဖြစ်ပျက်ခဲ့တာတွေကို၊ ဖုံးဖိထားသမျှတွေကို ကန်လန့် ကာကြီးဆွဲလှန်ပြလိုက်သလို လက်ကုန်မထုတ်ပြဘဲ ဒီရေကာတာကြီးဘဲ ပြီးအောင်ဆက်မဆောက်ရရင် မြန်မာပြည်ကြီး ဖုန်တွေသဲတွေ လူးသွားရမလောက် အကြောက်အကန်ဖြစ်နေတာ ရုပ်ဆိုးလှပါတယ်။ ေ
နာက်ကွယ်မှာ မလွန်ဆန်နိုင်တဲ့ တစ်စုံတစ်ခုများ ရှိနေမလား ဆိုပြီး ကောက်ချက်ချရတော့မှာဘဲ။ အားလုံးလည်း ဒီလိုဘဲ မြင်မိကြမှာ မြေကြီးလက်ခတ်မလွဲပါဘဲ။ သမ္မတကြီးဦးသိန်းစိန်အနေနဲ့  ၀န်ကြီးဦးဇော်မင်းကို ၂၀၀၈ ဖွဲ့ စည်းပုံအရ အစိုးရအဖွဲ့ က ထုတ်ပယ်ပစ်လို့ ရလား မရလားဆိုတာ ကျွန်တော် သဲသဲကွဲကွဲ မသိပါဘူး။ မြစ်ဆုံကိစ္စနဲ့ ပက်သက်ပြီး သူ့ ကို ဖယ်ရှားလိုက်ရင်တော့ သမ္မတကြီးကို ပြည်သူတွေ ပိုပြီး အုံနဲ့ ကျင်းနဲ့  သဘောကျလာကြမှာ သေချာလောက်ပါရဲ့ ။ အေးချမ်းချင်ပါရဲ့ ။ 
အောင်မျိုးထွန်း 
၁၂- ၉- ၂၀၁၁ 
ဓာတ်ပုံမှာ မြစ်ဆုံရေကာတာတည်ဆောက်နေသည့်ပုံ ဖြစ်သည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More