Sunday, September 11, 2011

ဦးခွန်ထွန်းဦး၏ (၆၈) နှစ်မြောက်မွေးနေ့ ဂျပန်ရောက်သျှမ်းတိုင်းရင်းသားများ စုပေါင်းကျင်းပ




ယခု ၂၀၁၁ ၊ စက်တင်ဘာလ (၁၁)ရက်နေ့ သည် စစ်မှန်သောတရားမျှတခြင်းနှင့် လွတ်လပ်ခြင်း ၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အဖိနှပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးတို့ အတွက် သံတိုင်ကြားမှ ရဲရဲတောက်တိုက်ပွဲဝင်လျက်ရှိသော သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၏(၆၈) နှစ်မြောက်မွေးနေ့ မင်္ဂလာရက်မြတ် ဖြစ်သောကြောင့် ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော သျှမ်းတိုင်းရင်းသားများ၏ ဦးဆောင်မှုဖြင့် ဂျပန်နိုင်ငံ ၊ တိုကျို ရှိ တိုရှီးမားရပ်ကွက်တွင်ရှိသော SUGAMO အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် (IMBO) ဂျပန်ဌာနခွဲရုံးတွင် နေ့လယ် (၁၀) နာရီ မှ (၂)နာရီအထိ ကျင်းပခဲ့ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဦးခွန်ထွန်းဦး နေကောင်းကျန်းမာစွာဖြင့် အမြန်ဆုံးလွတ်မြောက်လာစေရန် နှင့်သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့်အတူ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရန်အတွက် ဆန္ဒပြုယင်းဖြင့် ဆုမွန်ကောင်းများတောင်းခဲ့ကြပါသည်။

ထို့အပြင် ဦးခွန်ထွန်းဦးအတွက် မွေးနေ့ဆုတောင်းစာများကိုလည်းတက်ရောက်လာသူများက အသီးသီးက မိမိတို့၏ဆန္ဒရှိရာကို ထုတ်ဖော် ရေးသားသည့် message ကိုဦးခွန်ထွန်းဦးထံသို့ တိုက်ရိုက်ပေးပို့မည်ဖြစ်ပါသည်။
၁၉၄၃ ၊ စက်တင်ဘာလ (၁၁)ရက်နေ့ ရှမ်းပြည်မြောက်ပိုင်း ၊သိန္ဒီမြို့တွင် အဖ စဝ်ကြာဇုံ နှင့် အမိစဝ်ရွှေယုံ တို့မှဦးခွန်ထွန်းဦးအားဖွားမြင်ခဲ့ပါသည်။ သီပေါစော်ဘွားမျိုးနွယ်ဖြစ်ပြီး ဖခင်စဝ်ကြာဇုံသည် ၁၉၆၂ အာဏာသိမ်းစဉ်ကပျောက်ဆုံးသွားသော သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အစ်ကိုဖြစ်သည်။ ဖခင်ဖြစ်သူစဝ်ကြာဆိုင်သည် ၁၉၆၀ ဖက်ဒရယ်မူ ရေးဆွဲရေးကော်မတီ၏ အတွင်းရေးမှူးဖြစ်ပြီး အာဏာသိမ်းစဉ်အဖမ်းခံခဲ့ရပါသည်။ အဖမ်းမခံရမီ ရှမ်းပြည်အစိုးရဌာနတွင် အတွင်းဝန်ကလေးမှစကာ ခရိုင်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါသည်။
၁၉၄၉ တွင်မေမြို့ St.Elbert ကျောင်းတွင် စတင်ကာ ပညာသင်ကြားခဲ့ပါသည်။ ၁၉၅၆တွင် တောင်ကြီးမြို့ ကမ္ဗောဇကောလိပ်တွင် ဆက်လက်ပညာဆည်းပူးခဲ့ပါသည်။ ၁၉၆၂ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့ပါသည်။ အထက်တန်းကျောင်းသားဘဝတွင် တောင်ကြီးမြို့ရှိ Tai Youth ခေါ် ရှမ်းလူငယ်အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့ပါသည်။
၁၉၆၄တွင် ရန်ကုန်ဝိဇ္ဇာ-သိပ္ပံ တကသိုလ်တွင် ဥပဒေဘာသာအထူးပြုဖြင့် ဒုတိယနှစ် အထိ တက်ရောက် ပညာသင်ကြားခဲ့ပါသည်။ရန်ကုန်တကသိုလ် တွင်တကသိုလ်များ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၁၉၆၇-၁၉၇၄ အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပါသည်။၁၉၇၅ တွင် မလေးရှားနိုင်ငံသံရုံးအမှုထမ်းဒေါ်ဝေဝေလွင်နှင့် လက်ထပ်ခဲ့ပါသည်။ ဖမ်းဆီးခံရသည့်အချိန်အထိ ဂျပန်နိုင်ငံမှ နိုင်ငံတကာ သတင်းစာဖြန့်ချီရေး (OCS)၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ် စတင်တာဝန်ထမ်းတောင်ခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင်အဖွဲ့ချုပ်၏ ဥကဌအဖြစ်စတင်တာဝန်ယူထမ်းဆောင်သည်။
၁၉၉၀ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင်သီပေါမဲဆန္ဒနယ်အမှတ်(၁)၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံခဲ့ရပါသည်။မြန်မာ့သမိုင်းတွင် ရှမ်းတိုင်းရင်းသားများအနေဖြင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အများဆုံးနှင့် ဒေသအနှံ့ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
၁၉၉၈ခုနှစ်၊စက်တင်ဘာ(၁၆)တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့်တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းများဖြစ်ကြသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်တို့က ၁၉၉၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲက တင်မြှောက်လိုက်သော “ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ”ကို(၁၈)ဦးဖြင့် ဖွဲ့စည်းခဲ့ရာတွင် ဦးခွန်ထွန်းဦးသည်အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့ပါသည်။
လွန်ခဲ့သော ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နှင့် (၉)ရက်နေ့များတွင် နအဖ က“ရှမ်းပြည်ပညာရှင်များအတိုင်ပင်ခံကောင်စီဖြစ်မြောက်ရေးကော်မတီ” ဖွဲ့စည်းခဲ့ကြောင်းဖြင့် စွပ်စွဲကာ ဦးခွန်ထွန်းဦးနှင့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် (၈)ဦး တို့အား ဖမ်းဆီးခံခဲ့ရပါသည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့တွင် စွဲချက်အမျိုးမျိုးနှင့် လျှို့ဝှက်တရားစီရင်ခြင် ခံခဲ့ကြရပါသည်။ြ မန်မာနိုင်ငံ အတွင်းတွင်အပြင်းထန်ဆုံး ပြဌာန်းထားသည့် ကြီးမားသော နှစ်ရှည်ထောင်ဒဏ်ကြီးများဖြင့် အရေးယူကာ ဥကဌ ဦးခွန်ထွန်းဦးအား ထောင်ဒဏ်(၉၃)နှစ်ဖြင့် ပူတာအိုထောင် ၊ နယကဗိုလ်ချုပ်ဆေထင်အားထောင်ဒဏ် (၁၀၆)နှစ်ဖြင့်ခန္တီးထောင်၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်အား ထောင်ဒဏ် (၈၅)နှစ်ဖြင့် ခလေးထောင်၊ အဖွဲ့ဝင် စိုင်းလှအောင်အား ထောင်ဒဏ်(၇၉ )နှစ်ဖြင့် ကျောက်ဖြူထောင်၊ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့ (တောင်ကြီး)မှ ဦးမြင့်သန်းအား ထောင်ဒဏ် (၇၉)နှစ်ဖြင့် သံတွဲထောင် (၂၀၀၆-မေလတွင် ထောင်တွင်း ကွယ်လွန်)၊ဦးထွန်းညိုအား ထောင်ဒဏ် (၇၉)နှစ်ဖြင့် ဘူးသီးတောင်ထောင်၊ စိုင်းမျိုးဝင်းထွန်းအားထောင်ဒဏ် (၇၉)နှစ်ဖြင့် မြင်းခြံထောင် နှင့် စိုင်းညီညီမိုးအား ထောင်ဒဏ် (၇၉) နှစ်ဖြင့် ပခုကူထောင် စသည်ဖြင့် သွားလာမှုခက်ခဲ့သည့် ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် တကွဲတပြားစီ ချုပ်နှောင်ခံခဲ့ကြရပါသည်။


နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော သျှမ်းခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေ မှာ ယခုနှစ်အတွင်းတွင် ချိုတဲ့မှုများလာကြောင်းနှင့် ဦးခွန်ထွန်းဦးတွင် ဆီးကျိတ်ရောင်ရောဂါရှိသည့်အပြင် အစာအိမ် ၊နှလုံး၊သွေးတိုးနှင့် အာရုံကြောအားနည်းပြီးနားအူသည့် ရောဂါပါခံစားနေရပါသည်။ ပူတာအိုဆေးရုံမှ အထွေထွေရောဂါကု ဆရာဝန် တစ်လတစ်ခါပဲဆေးလာစစ်ပေးကြောင်းသိရှိရပါသည်။
ကျန်းမာရေးချိုတဲ့နေသော်လည်း စိတ်ဓါတ်ရေးရာကြံ့ခိုင်မှုတွင် လေးစားချီးကျူးဖွယ်ကောင်းကြောင်းလည်းသိရှိရပါသည်။
ကျောက်ဖြူထောင်ရောက် ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့ ဦးထွန်းညိုမှလွဲလျှင် ခေါင်းဆောင်တွေအားလုံးကျန်းမာရေးမှာ ချိုးတဲ့လျက်ရှိပါသည်။
အကျဉ်းကျခေါင်းဆောင်များအနက်စိတ်ဓါတ်အကျဆုံးမှာ မြင်းခြံမြို့အကျဉ်းထောင်တွင် ထောင်ဒဏ်(၇၉)နှစ် ကျခံနေရသော စိုင်းမျိုးဝင်းထွန်းဖြစ်ပါသည်။
သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်ကို မေလ (၁၇) ရက်နေ့တွင် မိသားစုဝင်များအားအသိမပေးဘဲ အာဏာပိုင်များက မျက်လုံးခွဲစိတ် ကုသပေးလိုက်ကြောင်းနှင့်စစ်တွေမြို့သံဃာဆေးရုံတွင် (၅)ရက်ကြာဆေးဝါးကုသခွင့် ရရှိခဲ့ပြီး ယခုအခါတွင် မျက်စီအမြင်ကြည်လင်မှုရှိလာပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်းသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပုဒ် (၁၉)တွင်ထည့်သွင်းပြဌာန်းထားသော လူ့အခွင့်အရေးဖြစ်သည်။နိုင်ငံသားတိုင်း၏ အခြေခံ အခွင့်အရေးလည်းဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေအရ ဆိုလျှင်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံများတွင် ကျင့်သုံးနေသော အစဉ်အလာများအရဆိုလျှင် လည်း ကောင်း ဦးခွန်ထွန်းဦး အပါအဝင် ဗိုလ်ချုပ်ဆေထင်နှင့် သျှမ်းတိုင်းရင်းသားခေါင်းဆောင်များ ၊ မြန်မာနိုင်ငံရှိ အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအားလုံးတို့သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ၊စည်းရုံးစုဝေးခွင့်နှင့် အသင်းအဖွဲ့ဖွဲ့စည်းခွင့်တို့ကို သင့်တင့်လျောက်ပတ်သော အကန့်အသတ်နှင့် အညီ ကျင့်သုံးရန် ကြိုးပမ်းခြင်းသာဖြစ်သည်။မည်သည့် ပြစ်မှုတစုံတရာကျူးလွန်ထားခြင်းမရှိပါ။
ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်းဆောင်များအပါအဝင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတို့တွင် အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် ၁၉၈၂ ခုနှစ်ကတည်းက စတင်အကျဉ်းကျ ခံနေရ သောကရင်ရဲဘော်လေး တူးကီ တို့သည် ယနေ့ထိတိုင် မိမိတို့၏ ယုံကြည်ချက်အသီးသီးဖြင့် တိုက်ပွဲဝင် လျက်ရှိပါသည်။
နန်းအိမွန်ချစ်(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More