Monday, June 25, 2012

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ

  ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ   လက်ရှိ ဒေါ်အောင်ဆန်းစုကြည် တဦးတည်း ပိုင်ဆိုင်နေထိုင်ရာ အိမ်ကို ဦးအောင်ဆန်းဦးကို တဝက်ခွဲပေးလိုက်ဖို့ တရားစီရင်ချက်အပေါ် အခုလို ရှုမြင် သုံးသပ်မိပါတယ်။ 


  မိသားစု ပုဂ္ဂိုလ်ရေးအရ ဦးအောင်ဆန်းဦးအနေနဲ့ မိသားစုရဲ့ တဦးတည်း ကျန်ရှိနေတဲ့ ညီမငယ်အပေါ်မှာ တရားစွဲဆို အမွေခွဲဝေ တောင်းခံတာမျိုး မလုပ်သင့်ပါဘူး။ ထင်ရှားကျော်ကြားပြီး စံနမူနာယူထိုက်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ မိခင် ဒေါ်ခင်ကြည်တို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ထား ငဲ့ညှာသင့်ပါတယ်။   မြန်မာနိုင်ငံ ဥပဒေကြောင်းအရ မှန်ကန်သင့်လျော်မှု မရှိပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားဖြစ်တယ် ဆိုတဲ့ အကြောင်းပြချက်ဟာ ဘက်လိုက်မှု ဖြစ်တာကြောင့် ဥပဒေကို မျက်ကွက်ပြုရာ ရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး အကျိုးပြုလုပ်ငန်းတွေကို မနာလို မရှုစိမ့်တဲ့အနေနဲ့ တားဆီးပိတ်ပင် နှောင့်ယှက်ဖို့ ဖြစ်နေပါတယ်။  

 အထက်ပါ (၁) နဲ့ (၂) ကတော့ အများပြည်သူ အလွယ်တကူ သဘောပေါက် ရှင်းလင်းပြီးသား အချက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်း အချက်တွေကိုတော့ ရှင်းပြချင်ပါတယ်။   ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောာင် ဦးနေဝင်း အစိုးရလက်ထက်မှာ အိုးအိမ်စီးပွားတွေ စွန့်လွှတ်ပြီး ပြည်ပကို ထွက်ပြေးသွားသူတွေ ရှိပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသားအဖြစ်ကို စွန့်လွှတ်ပြီး အခြားနိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ကြပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံသား မဟုတ်တော့တဲ့အတွက် မြန်မာနိုင်ငံမှာ စွန့်လွှတ်ခဲ့တာတွေကို ဘယ်တော့မှ ပြန်ရယူနိုင်ဖို့ မရှိကြတော့ပါဘူး။   အခုအမှုမှာ ဦးအောင်ဆန်းဦးလို မြန်မာနိုင်ငံသား မဟုတ်တော့သူတဦးကို သူနေထိုင်ခဲ့ဖူးရာ အိမ်တဝက်ကို ပိုင်ဆိုင်ခွင့် ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တရားဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဖြစ်လာရတော့မယ်။ နိုင်ငံခြားကနေ မြန်မာနိုင်ငံသားဟောင်း များစွာတို့က သူတို့ ပိုင်ဆိုင်ခဲ့ဖူးတာတွေ ပြန်တောင်းတဲ့ အမှုတွေကို မြန်မာနိုင်ငံဘက်က ရင်ဆိုင်ရပါတော့မယ်။   

 အမှုတခုမှာ ဘယ်သူဘယ်ဝါရဲ့ သားသမီးဖြစ်လို့ အကျိုးခံစားပိုင်ခွင့် ရှိစေ ဆိုတဲ့ အကြောင်းပြချက်ဟာ ကျင့်သုံးရမယ့် တရားစီရင်ရေးစနစ် မဖြစ်ထိုက်ပါဘူး။ ဒီလိုသာ ခွင့်ပြုချက်ကို ပေးခဲ့ရင် မိဘအရှိန်အဝါ အားကိုးပြီး ရာဇဝတ်မှု ကျုးလွန်သူတွေအားလုံးကို တရားစီရင်ရေးဘက်က မျက်ကွယ်ပြုရာ၊ အားပေးရာ ရောက်သွားပါမယ်။ တရားစီရင်ရေးစနစ်က သြဇာတိက္ကမ ကြီးသူတွေရဲ့ သားသမီးတွေ ရာဇဝတ်မှု ကျူးလွန်ဖို့ အနေအထားတွေကို ခွင့်ပြုရင် ဒါဟာ အာဏာကို အလွဲသုံးစားမှုလည်း ဖြစ်သွားပါတယ်။   နောက်ဆုံးအချက်ကတော့ အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ တရားစီရင်ရေး မဏ္ဍိုင်အပေါ် လွှမ်းမိုးမှု ရှိနေလားလို့ သံသယ ဖြစ်စရာ အခြေအနေပါပဲ။ ဒါဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင် နိုင်ငံရေးလုပ်တာ မြန်မာတနိုင်ငံလုံးရော တကမ္ဘာလုံးကပါ ကောင်းကောင်းသိထားပြီး ဖြစ်ပါတယ်။

 နိုင်ငံရေး လုပ်တာတောင်မှ နိုင်ငံအကျိုးပြု၊ ပြည်သူလူထု အကျိုးပြု နိုင်ငံရေးကိုသာ သတ်သတ်မှတ်မှတ် လုပ်နေမှန်း အများက သိကြပါတယ်။   မြန်မာနိုင်ငံရေးအပေါ် အမြင်တိမ်းစောင်းတဲ့ ကိုယ်ကျိုးရှာသူ မဆိုစလောက် လူနည်းစုတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ဖျက်လိုဖျက်ဆီး လုပ်တတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်မှာ နိုင်ငံတကာက အစိုးရခေါင်းဆောင်တွေနဲ့ အခြား နိုင်ငံခြား ဧည့်သည်တွေ ဝင်ထွက်သွားလာနေတာကို သူတို့က မနာလို မရှုဆိမ့် ဖြစ်နေပုံရပြီး နိုင်ငံရေး အကျိုးပြု လုပ်ငန်းတွေ လုပ်နေတယ်လို့ မမြင်တတ်ကြပါဘူး။   ဒါတွေအားလုံးဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ နိုင်ငံရေးလမ်းကြောင်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက် ဟန့်တားနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကောက်ချက်ချလိုက်ပါတယ်။  

 တဆက်တည်းမှာပဲ ဦးအောင်ဆန်းဦးကိုသာမက အမြော်အမြင်မဲ့ ဥပဒေကြောင်းနဲ့မညီတဲ့ တရားစီရင်ချက်ကိုပါ လူထုတရပ်လုံးက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင် ကန့်ကွက်တဲ့ ကမ်ပိန်းတွေ လုပ်သင့်ပါတယ်။  

 လွင်အောင်စိုး 
၂၄-၆-၂ဝ၁၂

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More