Saturday, June 30, 2012

Burma မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည် ထပ်မံသတိပေးခံရ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ အပါအ၀င် ဥရောပခရီးစဉ်များ၌ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲပြောဆိုနေခြင်းနှင့် ပတ်သက်ပြီး မသုံးစွဲရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတိပေး လိုက် သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်နှင့်အညီ Myanmar ဟု သုံးစွဲရန် ဖြစ်ကြောင်း၊ NLD သည် ပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ “ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရေး”ဆိုသည့် အချက်အား ပါတီ မှတ်ပုံတင် လျှောက်ထားစဉ်ကပင် ၀န်ခံချက်ပြုထားပြီး ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ သတိပေး ထုတ်ပြန်ချက်ကို ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလကုန်ပိုင်းက ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ညီလာခံ(WEF)၌ မိန့်ခွန်းပြောကြား ရာတွင် မြန်မာနိုင်ငံကို “Burma”ဟု သုံးနှုန်းပြောဆိုသွားသောကြောင့် ဇွန်လ ၁ ရက်နေ့က အသိပေးထားပြီးဖြစ်ကြောင်း၊ သို့သော် လက်ရှိသွားရောက် နေသည့် ဥရောပခရီးစဉ်အတွင်း မိန့်ခွန်းများပြောကြားရာတွင်လည်း မြန်မာနိုင်ငံကို “Burma”ဟု ဆက်လက် သုံးနှုန်းပြောဆိုနေခြင်း ကြောင့် ထပ်မံသတိပေးရခြင်း ဖြစ်ကြောင်းလည်း သတင်းစာက ဆိုသည်။
NLD ပြောခွင့်ရသူ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကမူ“Burma လို့ သုံးနှုန်းလိုက်တာနဲ့ အခြေခံဥပဒေကို မလေးစားတဲ့ သဘော မသက်ရောက် ပါဘူး”ဟု AP သတင်းဌာနသို့ ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်က စတင်၍ ဥရောပ နိုင်ငံများသို့ သွားရောက်နေခြင်းဖြစ်ပြီး ယနေ့တွင် ခရီးစဉ် ပြီး ဆုံး၍ မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။
NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်ကလည်း “ဥက္ကဌ (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင်လာမှ သူ ဘယ်လိုကြောင့် Burma လို့ သုံးတယ်၊ ဘယ်နေရာမှာ သုံးတယ်ဆိုတာ ပြောလိမ့်မယ်လို့ ထင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခင် န၀တ စစ်အစိုးရက ၁၉၈၉ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံ၏ အမည်ကို Burma ဟု သုံးစွဲနေခြင်းမှ Myanmar ဟု ပြောင်းလဲ သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ယခင် ရန်ကုန်မြို့ကို Rangoon ဟု သုံးစွဲနေခြင်မှ Yangon ဟုလည်းကောင်း၊ ရန်ကုန်မြို့ရှိ တခြား အင်္ဂလိပ် အမည် မှည့်ခေါ်ထားသော လမ်းအမည်များကိုလည်း မြန်မာ အမည်သို့ ပြောင်းလဲခဲ့သည်။
ဇွန်လ ၁၇ ရက်က နော်ဝေ နိုင်ငံတွင် ပြုလုပ်သည့် အော်စလို ဖိုရမ် တွင် ဒေါ်အောင်ဆန်းစုကြည်က န၀တ စစ်အစိုး၏ နိုင်ငံ အမည် ပြောင်းလဲလိုက်သည့် ပုံစံကို မကြိက်နှစ်သက်၍ Burma ဟု ဆက်လက် သုံးစွဲနေခြင်း ဖြစ်ကြောင်း ပြောဆိုထားသည်။
“ကျမ ဗမာနိုင်ငံလို့ ဆက်လက် ခေါ်နေရတာဟာ မြန်မာနိုင်ငံဆိုတဲ့ နာမည်ကို မကြိုက်လို့ မဟုတ်ပါဘူး။ ပြောင်းလိုက်တဲ့ ပုံစံကို မကြိုက် လို့ပါ။ SLORC (နဝတ) အစိုးရဟာ ဘယ်သူ တဦးတယောက်ကိုမှ မတိုင်ပင်ပါဘဲနဲ့ ပြည်သူ့ အခွင့်အရေးတွေကို ချိုးဖောက် ပြောင်းလဲလိုက်တဲ့ လုပ်နည်းလုပ်ဟန်ကို မနှစ်သက်လို့သာ ဗမာနိုင်ငံလို့ ဆက်လက်ခေါ်ဆိုနေတာပါ။ မိမိတို့ နိုင်ငံအပေါ် ကမ္ဘာကြီး က ဘယ်လိုနာမည်နဲ့ တွဲ သိမလဲဆိုတာ စိတ်တိုင်းကျ ရွေးချယ်ဖို့ အခွင့်အရေး ပြည်သူမှာ ရှိနေတာကို နဝတ အစိုးရက ချိုးဖောက်ခဲ့တာ၊ ဥပက္ခာပြုခဲ့တာပါ”ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

သတင်း :ဧရာဝတီ  
 



0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More