ပထမသခင်လှုပ်ရှားမှုနှင့်အဖမ်းခံရပြီး ထောင်မှလွတ်လာသော သခင်လူငယ်တစုတို့သည် မိမိတို့၏လှုပ်ရှားမှုများကို ပြန်လည်သုံးသပ် ကြသောအခါ ပြီးခဲ့သောတိုက်ပွဲတွင် ငွေရေးကြေးရေးအခက်အခဲကို ရင်ဆိုင်ခဲ့သဖြင့် လှုပ်ရှားမှုများ လိုအပ်သမျခရီးမပေါက်ခဲ့သည်ကို ဆန်းစစ် တွေ့ ရှိကြရသည်။ ထို့ကြောင့် နိုင်ငံရေးတိုက်ပွဲမစမှီ ရန်ပုံငွေရှာ ရန် သခင်ဗသောင်းကအဆိုပြုသည်။ သခင်သိန်းမောင်ကမူ သခင် လူငယ်များ ဆက်လက်ကိုယ် ကျိုးစွန့်၍လှုပ်ရှားပါက လူထုက ကူညီလေမည်ဟုယူဆသည်။ ဤတွင် သခင်အသင်းကွဲသွား ပြန်တော့သည်။ သခင်ဗသောင်းက တို့ဗမာ အစည်းအရုံးမှနှုတ်ထွက်ကာ ဆင်းရဲသားမင်း၊ ဆင်းရဲသားပါတီကို တည်ထောင်သေးသည်။ ကာလအနည်းငယ်ကြာသောအခါ နိုင်ငံရေး နယ်ကိုကျောခိုင်းကာ စာပေလောကသို့ပြောင်းရွေ့သွားခဲ့သည်။
ရလဒ်မှာ စာပေလောကတွင် ဂန္တ၀င်စာပေများပေါ်ထွန်းလာခဲ့သည်။ သခင်ဗသောင်းမျိုးစေ့ချပေးခဲ့သော သခင်အဖွဲ့ကြီးသည်လည်း လမ်းစဉ်မှန်ပေါ်ရပ်တည်မိပြီဖြစ်သောကြောင့် အရှိန်အဟုန်ပြင်းစွာချီတက် နိုင်ခဲ့သည်။ သခင်ဗသောင်းစွန့်ခွာသွားပြီးနောက် တို့ဗမာအစည်းအရုံး စည်းရုံးရေးမှာ နှေးကွေးဆဲရှိသောကြောင့် အားမရနိုင်သဖြင့် ဆရာကြီးသခင်ဗသောင်းနေရာတွင် အခြားစာပေပညာရှင်နှင့်အစားထိုးရန် မဟာမိတ်ရှာပြီးစစ်ကူတောင်းတော့သည်။ ကဗျာဆရာကြီးသခင်ကိုယ်တော်မှိုင်းအားချည်းကပ်ကာ မိမိတို့သခင်များသည် နိုင်ငံ၏အရေးကိုသက်စွန့်ကျိုးပမ်းအားထုတ်နေပါသည်။ ဆရာကြီးက ကူညီတော်မူပါဟု ပန်ကြားကြလေသည်။ ကဗျာဆရာ၊ စာရေးဆရာ၊ သတင်းစာဆရာကြီးသည် မိမိ၏အမျိုးနှင့်တိုင်းပြည်ကို ချစ်သူများစာရင်းတွင် ထိပ်ဆုံးမှရှိနေသူဖြစ်သည်။
“ဝေးခရီးပေမဲ့
အရေးကြီးလျင်ဖြင့် သွေးနီးရာပါစမြဲပေမို့
ဆရာလည်းကွာ ပဌမအရင် ကနဦးဆီက
မြန်မာတခွင်မှာ သမတရှင်ဘုရင်မလူးခင်ပါ့
တဆင့်ထူးကို တမြည်မြည်သင်ခဲ့သမို့
ထီမထင် ကျောင်းတော်သားတွေတို့
အမည်အစဉ်မှာ ခေါင်းအပေါ်ဖျားတွင်မှ
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့“
၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီးမှောက်ကာ အမျိုးသားပညာရေးစနစ်တည်ထောင်စဉ်က လိုအပ်ပါက မိမိကိုအသုံးပြုနိုင်ကြောင်း စာရင်းပေးကာ အမျိုသားရေးအတွက် လုပ်အားပေးခဲ့သူဖြစ်သည်။
ကျောင်းသားများက အမျိုးသားကောလိပ်တည်ထောင်ကြသောအခါတွင် သူရိယသတင်းစာအယ်ဒီတာအဖြစ်မှနှုတ်ထွက်ပြီး ရာဇ၀င်ပါမောက္ခအဖြစ်ဆောင်ရွက်ခဲ့သည်။ အခြေအနေအရ ထိုကောလိပ်ကြီးပျက်သွားပြီးနောက် စာနယ်ဇင်းလောကတွင်းသို့ ပြန်လည်ကျက်စားနေစဉ် ဆရာကြီးအား သခင်လူငယ်များကစစ်ကူတောင်းကြသည်။ ထိုအချိန်က ဂျီစီဘီအေအဖွဲ့ကြီးကွဲပျက်သွားပြီးနောက် အုပ်ချုပ်ရေးစနစ်သစ်အလာတွင် မြန်မာနိုင်ငံရေးခေါင်းဆောင်များ ရာထူးလုကြကာ အကွဲအပြဲဖြစ်နေသဖြင့် ဆရာကြီးက စိတ်မချမ်းမသာဖြစ်နေချိန်ဖြစ်သည်။
“သြော် နှစ်ဂိုဏ်းမသင့်ပြန်တော့
စစ်ကိုင်းလွှင့်ချင်ပေါ့
မှိုင်းဖြင့်ဖြေကာ မကြည်သနှင့်
ပြေဌာနီ အခက်ကြုံဘို့လို့
နှစ်ဘက်စုံတွဲသွေးကြတော့
ဝေသာလီပျက်ပုံလည်း တွေးမိတဲ့ပြင်”
ဆရာကြီးသည် ရန်ကုန်မြို့တော်တွင်မနေလိုတော့ဘဲ စစ်ကိုင်းချောင်ကျောင်းသင်္ခမ်းသို့ပြေးရန်စိတ်ကူးမိခဲ့သည်။
”ဒေါင်းရောင်နေမှေးသကို အခိုက်တွင်မှ
ခေါင်းဆောင်တွေ ရှေးနဂိုမလိုက်ပြန်တော့
အရေးထိုထို၌ အခိုက်အခွင့်မဟန်
ခွေးလိုကိုက်ချင်တဲ့ စရိုက်အကျင့်တန်”
အင်္ဂလိပ်၏သွေးခွဲစနစ်နှင့် အင်္ဂလိပ်အစိုးရရာထူးအတွက် ခွေးသို့ကိုက်နေကြသောနိုင်ငံရေးခေါင်းဆောင်များကို အားမလို၊ အားမရဖြစ်ကာ နိုင်ငံရေးကဗျာကြီးများ နိုင်ငံရေးစာအုပ်များနှင့်ပြင်းထန်စွာဆဲရေးဝေဖန်နေစဉ်တွင် သွေးသစ်သားသစ်လူငယ်များက လူငယ်ပီပီသစ္စာရှိရှိဆောင်ရွက်နေကြသည်ကိုမြင်ရသဖြင့် ဆရာကြီးကအားတက်သွားသည်။ အရေးကြီးသဖြင့် သွေးနီးရာသို့ပါလာခဲ့သည်။ ၁၉၄၃ မတ်လထဲတွင် ရေနံချောင်း၌ကျင်းပသော တို့ဗမာအစည်းအရုံး၏ပထမအကြိမ်မြောက်ညီလာခံသို့တက်ရောက်ကာ အစည်းအရုံးကြီး၏သဘာပတိအဖြစ်တာဝန်ယူခဲ့သည်။
”တို့ဗမာတခွင် သခင်ထိုအကျော်အမော်ဂိုဏ်းတွင်ဖြင့်
မျို့ရတနာသဘင် အကြင်ဗြဟ္မစိုရ်ဗဟိုသော တနှိုင်းပေပ
ဇဗ္ဗူသမိုင်း ပျော်စရာ့အခြေ(အိုကွယ်) သခင်ကိုယ်တော်မှိုင်းရယ်လို့ ခေါ်ကြစေ”
ဆရာကြီး၏မူလကလောင်အမည်မှာ သူ၏နာမည်အရင်းအတိုင်း ဆရာလွန်းဟုရေးသားခဲ့သည်။ နောက်ပိုင်းသူရိယသတင်းစာတွင် ကြာဋီကာအမည်နှင့်ဆောင်းပါးခန်းဖွင့်ကာ နိုင်ငံရေးသရော်စာများရေးသောအခါ မစ္စတာမောင်မှိုင်းဟုအမည်ပြောင်းခဲ့သည်။
၁၉၀၄ ခုနှစ်က မြန်မာစာပေလောကတွင် ထူးခြားသောဝတ္ထုတပုဒ်ထွက်ခဲ့သည်။ ၀န်စာရေးကြီးကရေးသားသော ချည်ပေါင်ရွက်သည်မောင်မှိုင်းဝတ္ထုကို လူကြိုက်များခဲ့သည်။ ဇာတ်ကောင်ချည်ပေါင်ရွက်သည်မောင်မှိုင်းသည် အမြို့မြို့အရွာရွာသို့လှည့်လည်ကာ မိမ္မသိုက်တူးနေသော လူရှုပ်လူပွေဖြစ်သည်။ ထိုခေတ်က လူဂုဏ်တန်မြန်မာလူကြီးလူကောင်းများသည် အင်္ဂလိပ်အမည်များကိုတုပကာ မိမိတို့အမည်များရှေ့မှ မစ္စတာများကိုသရော်လိုသဖြင့် ၀တ္ထုဇာတ်ကောင်လူရှုပ်၏အမည်နှင့်တွဲကာ မစ္စတာမောင်မှိုင်းဟု ကလောင်အမည်တွင်ခဲ့သည်။
မစ္စတာမောင်မှိုင်းအမည်ကို စာဖတ်ပရိတ်သတ်ကလက်ခံထားကြသဖြင့် ထိုအမည်နှင့်ပင် ဆရာကြီးက သခင်ဘွဲ့ကိုခံယူခဲ့လေသည်။ သခင်ကိုယ်တော်မှိုင်းခေါင်းဆောင်ချိန်မှစတင်ကာ တို့ဗမာအစည်းအရုံးကြီးသည် ပီပြင်သောနိုင်ငံရေးလမ်းစဉ်များကိုချမှတ်ကာ နယ်ချဲ့အင်္ဂလိပ်တို့အား ထိုးနှက်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကိုနု၊ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုဗဆွေစသောကျောင်းသားခေါင်းဆောင်များလည်း တို့ဗမာအစည်းအရုံးသို့ပါဝင်လာကြကာ သခင်ဘွဲ့များခံယူကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ငန်းများကို ဆက်တိုက်လုပ်ကိုင်ကြတော့သည်။ ထိုအခါတွင် စာရေးဆရာ ကဗျာဆရာကြီးဆရာမှိုင်းသည် အင်္ဂလိပ်အစိုးရက ဒေါက်ထောက်ကာကြည့်ရှုသော ရန်သူတော်ကြီးဖြစ်လာတော့သည်။ အင်္ဂလိပ်အစိုးရက ၀န်ကြီးများ၊ အတွင်းဝန်များ၊ ပုလိပ်အရာရှိကြီးများသိရှိရန် ထိပ်တန်းလျို့ဝှက်စာတန်းဖြစ်သော ဘားမားလစ်(Burma List)တွင် ဆရာကြီး၏အမည်ကို အမှတ် ၁ အဖြစ် ၁၉၄၀ ဇန်န၀ါရီလစာရင်းတွင် သတ်မှတ်ခဲ့ပါသည်။
စာမျက်နှာ ၈ မျက်နှာရှိသည့်ထိုစာတန်းတွင် ဆရာကြီးသည် အရပ် ၅ ပေ ၇ လက္မရှိကြောင်း၊ မျက်ခုံးမွှေးထူထူတွင် ညာဘက်မျက်လုံးကကွေးနေပြီး ဘယ်ဘက်ကအောက်ဖက်သို့လျောကျနေကြောင်းမှစတင်ကာ နိုင်ငံရေးလုပ်ဆောင်ချက်အားလုံးတို့ကို မှတ်သားဖော်ပြထားလေသည်။ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကြီးတွင် တို့ဗမာအစည်းအရုံးသည် အင်္ဂလိပ်တို့အား ထိရောက်စွာတိုက်နိုင်ဆုံးသောအဖွဲ့ဖြစ်လာကာ ဆရာကြီးအဖို့ သူတို့၏ရန်သူတော်နံပါတ် ၁ ဖြစ်လာခဲ့သည်။
စကားစပ်မိသဖြင့်ဆိုရလျင် အင်္ဂလိပ်အစိုးရပြုစုသောရန်သူ့စာရင်း ဘားမားလစ်(Burma List)တွင် သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်သန်းထွန်းတို့သည် ထိပ်ဆုံးမှပါဝင်ခဲ့သည်ဟု သိရှိရပါသည်။ အင်္ဂလိပ်အစိုးရက သူတို့၏ရန်သူတော်ဟုသတ်မှတ်ခံသူများစာရင်းတွင် တပ်မတော်ခေါင်းဆောင်များက တဦးတယောက်မှမပါခဲ့ပါ။ ထိုစဉ်က သခင်ရှုမောင်(နေ၀င်း)တယောက်လည်း မပါရှိခဲ့ပါ။ သူ၏အဆင့်မှာ သခင်ဗစိန်၏ အိမ်စောင့်အဆင့်သာရှိခဲ့ပါသည်။ သူ၏လက်ချက်နှင့် သခင်ဗစိန်အဖမ်းခံခဲ့ရသဖြင့် အင်္ဂလိပ်သူလျိုဟု မသင်္ကာကြ၌ရသူဖြစ်ပါသည်။ ထိုကြောင့် အင်္ဂလိပ်လက်အောက်မှလွတ်မြောက်ရေးတိုက်ပွဲတွင် လက်ရှိတပ်မတော်မှအရာရှိဆိုသူများ မပါခဲ့သည်မှာထင်ရှားပါသည်။
0 comments:
Post a Comment