This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 22, 2008

ဒလိုင်းလားမားနှင့် ဟူကျားကို ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားပေးအပ်မှုအပေါ် တရုတ်အစိုးရအကြီးဒေါ်ပွနေ



သွေးစွန်းနေသော ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီး ပြင်သစ်နိုင်ငံ၊ ပါရီမြို့သို့လှည့်လည်စဉ် အရှက်တကွဲဖြစ်ခဲ့ရရုံသာမက ပြင်သစ်သမတ ကိုယ်တိုင်ကလည်း အိုလံပစ်ဖွင့်ပွဲမတက်ရောက်ဘူးဟု တရားဝင်ပြောဆိုခဲ့မှုကြောင့် တရုတ်နိုင်ငံအတွင်း၌ ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများ တိုးတက်ဖြစ်ပေါ်နေစဉ်အတွင်း ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကောင်စီအဖွဲ့သည် တိဘက်ခေါင်းဆောင်ဘုန်းတော်ကြီး ဒလိုင်းလားမားအား ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ်ချီးမြှင့်ကြောင်း ဧပြီလ ၂၁ ရက်(တနင်္လာနေ့)က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
ဒလိုင်းလားမားနှင့်အတူ တရုတ်နိုင်ငံတွင် ဖမ်းဆီးအကျဉ်းချခံနေရသော ထင်ရှားသည့် လူ့အခွင့်အရေးခေါင်းဆောင် မစ္စတာဟူကျား (Hu Jia)ကိုလည်း ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့် ပေးအပ်လိုက်ပါသေးတယ်။


အခုလိုဂုဏ်ထူးဆောင်နိုင်ငံသားအဖြစ်ပေးအပ်ရခြင်းမှာ လူသားတိုင်း၌ရှိသင့်သော အခြေခံလူ့အခွင့်အရေးလွတ်လပ်ခွင့်နှင့် ရိုးသားစွာအသက်ရှင်နေထိုင်ခွင့်ကိုကာကွယ်သော တိဘက်လူမျိုးများအား ထောက်ခံသည့်အထိမ်းအမှတ်ဖြစ်သည်ဟု ပဲရစ်မြို့တော်ဝန်က ပြောဆိုပါတယ်။


၎င်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်အစိုးရက ပြင်သစ်အား အကြီးအကျယ်ဒေါ်သထွက်လျက်ရှိပြီး အခုလိုပြုလုပ်တာဟာ တိဗက်နိုင်ငံတွင်း ဆူပူအကြမ်းဖက်မှုများကိုပိုမိုအားပေးရာရောက်ကြောင်းပြောဆိုပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဂျင်းယူ(Jiang Yu)ကလည်း နှစ်နိုင်ငံဆက်ဆံရေးပျက်ပြားစေမည့်လုပ်ရပ်များကိုမပြုလုပ်သင့်ကြောင်းနှင့် ဒလိုင်းလားမားနှင့် ဟူကျားကိုပေးအပ် ထားသော ပဲရစ်မြို့၏ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို အလျင်အမြန်ပြန်လည်ရုတ်သိမ်းပေးဖို့ statement ထုတ်၍ တောင်းဆိုထား တယ်လို့ အေအက်ပီသတင်းများအရ သိရှိရပါတယ်။

Monday, April 21, 2008

Sunday, April 20, 2008

အသည်းကောင်းလို့ မဲတောင်းတဲ့ပွဲ ဂျပန်နိုင်ငံမှာလည်း ပြုလုပ်တော့မည်



နအဖရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပေးဖို့ကို ဧပြီလ ၂၆ ရက် (စနေနေ့) နှင့် ၂၇ ရက်(တနင်္ဂနွေနေ့)များတွင် နံနက် ၀၈း၃၀ နာရီမှ ညနေ ၁၈း၃၀ နာရီအထိ ၂ ရက်ဆက် တိုက်ပြုလုပ်မှာဖြစ်ပြီး ဂျပန်ရောက်မြန်မာများ တညီတညွတ်ထဲခေါ်ဝေါ်ပြောဆိုနေကြတဲ့ ‘နအဖဆက်ကြေးရုံး‘ မှာ ကျင်းပမှာဖြစ်ပါတယ်။

ဧပြီ ၂၆ ရက်(စနေနေ့)ဟာ သွေးစွန်းနေတဲ့ပီကင်းအိုလံပစ်မီးရှူးတိုင်ကြီးဟာ တိုကျိုမြို့နှင့်မိုင်ပေါင်းထောင်ချီ ဝေးကွာသော နာဂါနိုမြို့မှာ လှည့်လည်မှာဖြစ်ပါတယ်။

ဧပြီ ၂၇ ရက်(တနင်္ဂနွေနေ့)ဟာ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က နှစ်စဉ်စီးဦးကျင်းပနေကြ ၁၇ ကြိမ် မြောက် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုကျင်းပကြမှာဖြစ်ပါတယ်။

တိုက်ဆိုင်မှုလား… ဒါမှမဟုတ် မတိုက်တိုက်အောင် တမင်တကာပဲအကွက်ချပြုလုပ်တာလား…ဆိုတာကို မသိရပေမဲ့ အသည်းကောင်းလို့ မဲတောင်းပွဲရလာဒ်အဖြေများကိုတော့.....

ငွေရောင်စာမျက်နှာများပေါ်တွင် ဆက်လက်ရှုစားကြပါ

အိုလံပစ်မီးရှူးတိုင်လက်ခံဖို့ငြင်းဆန်ခဲ့တဲ့ဘုရားကျောင်း မှုတ်ဆေးဖြင့်ပျက်ဖြန်းခံရ

Temple sprayed with graffiti after withdrawing from Olympic torch relay(TODAY JAPAN NEWS)

NAGANO —

Graffiti was found on the main building of the Zenkoji Buddhist Temple in the city of Nagano on Sunday morning after the major temple declined Friday to serve as the starting point of the Japan leg of the Beijing Olympic torch relay, police said. Circles and lines were drawn with white spray paint at six points on wooden doors and columns of the main building, a national treasure, according to the investigation. They were sprayed at a height of about 1 meter from the floor.

The graffiti was not present when a monk in charge of security patrolled the area around 11 p.m. Saturday while walking through the temple grounds, which are open to the public 24 hours a day, and a security officer did not notice any suspicious individuals after that, police said. Following its announcement that it was declining to host the torch relay, Zenkoji said it had received about 100 phone calls a day expressing support or opposition to the decision. Zenkoji will increase its security personnel from the current five to about eight, light up the temple at nighttime and carry out a 24-hour patrol, the temple said. For the foreseeable future, Nagano police will also have about 10 officers guarding the temple.

တရုတ်လုံခြုံရေးသမားများကိုလက်မခံနိုင်ကြောင်း နာဂါနိုရဲများပြောဆို(JAPAN TODAY NEWS)


ဧပြီလ ၇ ရက်နေ့က ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် အိုလံပစ်မီးရှူးတိုင်ကို အပြာရောင်ဝတ်စုံအင်္ကျီတူညီဝတ်ဆင် ထားသောတရုတ်များက ၀ိုင်းရံထားပုံ(ဓါတ်ပုံ-အေအက်ပီ)


ပီကင်းအိုလံပစ်မီးရှူးတိုင်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ တရုတ်အစိုးရမှ လက်ရွေးစင် ရွေးချယ်သတ်မှတ်ပေးထားသော တရုတ်လုံခြုံရေးသမားများကို နာဂါနိုမြို့ရှိ ရဲတပ်ဝင်များက လက်ခံမှာမဟုတ် ကြောင်း ဧပြီလ ၁၉ ရက်(စနေနေ့)က ပြောကြားလိုက်ပါတယ်။


ဒါဇင်နဲ့ချီရှိသော အပြာရောင်ဝတ်စုံအင်္ကျီကိုတူညီဝတ်ဆင်ထားသည့် ပီကင်းအိုလံပစ်မီးရှူးတိုင်ကာကွယ်သူများ မှာ လုပ်ပိုင်ခွင့်ထက်ကျော်၍နိုင်ငံတနိုင်ငံ၏လုံခြုံရေးကို ကျူးလွန်တယ်လို့ယူဆတဲ့အတွက် လာရောက်ကြည့် ရှုကြမယ့် ဂျပန်ပြည်သူများဟာ အားပေးရာမရောက်ဘဲ ဝေဖန်ကဲ့ရဲ့မှာဖြစ်မည်ကိုမလိုလားတဲ့ အခုလိုတားမြစ် လိုက်ရခြင်းဖြစ်ကြောင်းလည်းဆိုပါတယ်။


ဂျပန်အစိုးရရဲ့ နံပါတ်(၂)အဆင့်ရှိသူလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူတဦးလည်းဖြစ်သော ၀န်ကြီးများရုံးဝန်ကြီး နောဘုနာကာ မချီမူရ(Chief Cabinet Secretary Nobutaka Machimura)ကလည်း `ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများဟာ ဥပဒေကိုနားလည်ကြသူများဖြစ်ပြီး၊ အိုလံပစ်ပွဲတော်ကိုလည်း ၂ ကြိမ်တိုင်တိုင်ကျင်းပခဲ့ သောနိုင်ငံတခုဖြစ်ကြောင်း၊ လာမည့် ၂၀၁၆ ခုနှစ်တွင်လည်း အိမ်ရှင်နိုင်ငံအဖြစ် နောက်တကြိမ်ထပ်မံ ကျင်းပမှာဖြစ်ကြောင်း၊ လုံခြုံရေးအကြောင်းပြဖြင့် တခြားနိုင်ငံမှဝင်ရောက်စွက်ဖက်တာကို လက်ခံမှာမဟုတ်ကြောင်း`ကိုလည်း ဧပြီလ ၁၇ ရက်(ကြာသာပတေးနေ့)က ပြောဆိုထားပါသေးတယ်။


ဧပြီလ ၂၆ ရက်နေ့ကျရင် အိုလံပစ်မီးရှူးတိုင်ဂျပန်နိုင်ငံသို့ဖြတ်သန်းမယ့်ကိစ္စအပေါ် နာဂါနိုမြို့ရှိ အထင်ကရ ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးများမှလက်ခံကြိုဆိုဖို့ငြင်းဆိုထားပြီး၊ ဂျပန်ပြည်သူအများစုက ၀မ်းပန်းတသာ ကြိုဆိုတဲ့အသွင်သဏ္ဍန်မပြသေးပဲ တိဗက်ဘုန်းတော်ကြီးများ အကြမ်းဖက်နှိပ်စက်ခံနေရမှု၊ အိုလံပစ်မီးရှူးတိုင် ကို နိုင်ငံတကာမှဆန့်ကျင်ကန့်ကွက်နေမှုများကိုသာ ဂျပန်တီဗွီဌာနများနှင့် သတင်းစာများမှာ နေ့စဉ်လိုလို အသားပေးဖော်ပြနေပါတယ်။

FREE BURMAတီရှပ်ဝတ်ဆင်၍ ဂျပန်အဆိုတော်များ ဖျော်ဖြေပွဲပြုလုပ်


၂၀၀၇ ခုနှစ်၌ မြန်မာပြည်တွင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာသံဃာသပိတ်ကို မမေ့ပျောက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဂျပန်အဆိုတော် Okuda Tamio Sanနှင့် Takaki Sanတို့က ယနေ့(၁၉ ရက်၊ စနေနေ့) ကျင်းပပြုလုပ်သည့် Earth Dayအထိမ်းအမှတ်ပွဲတွင် FREE BURMA တီရှပ်အင်္ကျီဝတ်ဆင်၍ ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါပွဲကို တိုကျိုမြို့၊ Yoyogiပန်းခြံ၌ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ NGOအဖွဲ့အစည်းများ၊ ဂျပန်ရှိ ကမ္ဘာ့ပါတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကမ္ဘာကြီးငြိမ်းချမ်းသာယာရေးဆိုသော ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်ပြခန်းများနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ တည်ခင်းရောင်းချကြခြင်း ဖြစ်ပြီး တိုးမပေါက်အောင်စည်ကားလှပါတယ်။


Okuda Tamio Sanနှင့် Takaki San၏ဂီတဖျော်ဖြေခြင်းအစီအစဉ်ကို နေ့လယ်(၂)နာရီမှ (၃)နာရီအထိ သီဆိုဖျော်ဖြေသွားခဲ့ပြီး ကျနော်တို့အခုလိုဖျော်ဖြေရတာကတော့ ဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာပြည် ထဲမှာ သံဃာတော်တွေဟာ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ အေးချမ်းစွာမေတ္တာပို့ခဲ့ကြတာကို မယုံကြည် နိုင်လောက်အောင် ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ အခု တီဗွီသတင်းမှာ နေ့စဉ်ဖော်ပြနေ တဲ့ တိဗက်သံဃာတော်တွေကို တရုတ်အစိုးရကအကြမ်းဖက်နှိမ်နှင်းသလိုမျိုးပါပဲ။ ကျနော်တို့ဂျပန် နိုင်ငံဟာလည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပါတယ်။ ဒါကြောင့် မြန်မာပြည်က ဗုဒ္ဓ သံဃာတော်တွေရဲ့ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ချက်တွေကို လေးစားတဲ့အနေနဲ့ FREE BURMA တီရှပ်ဝတ်ပြီးဖျော်ဖြေမှာပါ။ တီရှပ်အင်္ကျီတွေကိုလည်းဝယ်ယူအားပေးကြပါ။ အမြတ်ငွေတွေကိုလည်း နော်ဝေမှာရှိတဲ့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် အသံလွှင့်နေတဲ့ Democratic Voice of Burmaကို လှူ တန်းမှာဖြစ်ပါတယ်လို့ ဖျော်ဖြေပွဲမစတင်မှီ စင်ပေါ်ကနေ ပြောဆိုကြေငြာသွားခဲ့ပါတယ်။



ပီကင်းအိုလံပစ်ပွဲမကျင်းပမှီ လူ့အခွင့်အရေးလေးစားဖို့ဆိုတဲ့ရည်ရွယ်ချက်များနှင့် Amnesty International (Japan)မှ Sign Campaignပြုလုပ်နေစဉ်(၀ဲ) FREE BURMAတီရှပ်ဝတ်ပြီး လာရောက်အားပေးကြည့်ရှုကြသူများ


“ဒီပွဲကိုမြန်မာတွေအများကြီးလာပြီး အားပေးကြည့်ရှုသင့်တယ်…ဟု မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (People's Forum of Burma) မှ Miyazawa Sanက မြန်မာ့အရေးကို နိုင်ငံတကာမှစိတ်ဝင်စားသည့်အတိုင်း မြန်မာလူမျိုးများ လည်း စိတ်ပါဝင်စားဖို့လိုကြောင်းကို ယခုပွဲနှင့်ပါတ်သတ်၍ သူမ၏အမြင်ကိုပြောပြပါတယ်။

ယခုပွဲတွင် ဘေဂျင်းအိုလံပစ်ကိုဆန်ကျင်ကန့်ကွက်သည့် Sign Campaignကိုလည်း Amnesty International (Japan)မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး FREE BURMAတီရှပ်များကိုလည်း တစ်ထည်လျင် ယန်း(၃၉၀၀)ဖြင့်ရောင်းချ၍ ယင်းထဲမှ ယန်းတစ်ထောင်ကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သို့ ပေးပို့လှူတါန်းမှာဖြစ်ကြောင်း သိရှိရပါတယ်။

ပေးပို့သူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

အန်ကယ်စွမ်းရဲ့ အန်ကယ်တင်ရွှေ(မုံရွာတင်ရွှေ)အကြောင်းဆောင်းပါး ဖြည့်စွက်ချက်(ဌေးဇော်-အင်းဝ)


ရှစ်လေးလုံးအရေးတော်ပုံဖြစ်တော့ပါဝင်ခဲ့ပါတယ်။ အန်အယ်လ်ဒီဖွဲ့တော့ အန်တီရဲ့(၁၀)ဦးထဲမှာပါဝင်ခဲ့ပါတယ်။ မန္တလေးတိုင်းမှာ တိုင်းစည်းရုံးရေးမှူးအဖြစ်နဲ့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ (၁၉၉၀) ရှစ်လေးလုံးနှစ်ပတ် လည်မှာ မန္တလေး(၀င်းလိုက်ရုပ်ရှင်ရုံရှေ့)မှာ ဘုန်းကြီးတွေကိုဆွမ်းလောင်းခဲ့လို့ ပစ်ခတ်ဖမ်းဆီးခဲ့စဉ် ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။ နောက်စစ်ကိုင်းချောင်မှာတိမ်းရှောင်ခဲ့ပြီး သတင်းပေါက်ကြားသွားလို့ ကျနော့်အိမ်ကို ရောက်လာပါတယ်။ ဘုန်းကြီးတပါးလိုက်ပို့ပြီးကပ္ပိယလိုလာပါတယ်။ ကျနော်နဲ့တွေ့မှ ခေါင်းမှာပေါင်းထားတဲ့တ ဘက်ဖြေပြလို့မှတ်မိပြီး ချက်ချင်းအိမ်ပေါ်ကိုခေါ်တင်ထားလိုက်ပါတယ်။


နောက်အိမ်မှာ(၁၅)ခန့်နေပြီး တခြားနေရာပြောင်းချင်တယ်ပြောလို့ လက်ခံနိုင်မဲ့ရဲဘော်တွေဆီ ကျနော်စုံစမ်း ပါတယ်။ ကျောက်ဆည်ကလက်မခံရဲပါ။ ဒီနောက် စဥ့်ကိုင်ကအဖွဲ့ချုပ်(ဥက္ကဌ)(ယခုကွယ်လွန်)က လက်ခံမယ် ပြောလို့ နောက်နေ့မနက် အစောဆုံးကားနဲ့(ဝေလီဝေလင်းအချိန်)လိုက်ပို့ပါတယ်။ လက်ခံတဲ့ဥက္ကဌကလဲ သူ့ သမီးနေတဲ့စိုက်ပျိုးရေးလုပ်တဲ့ခြံကြီးထဲမှာ တောကလာတဲ့သူ့အမျိုးပုံစံနဲ့ထားပါတယ်။


တပတ်လောက်ဘဲကြာမယ်တယ်ထင်ပါတယ်။ သူကိုယ်တိုင်မလုံခြုံဘူးလို့ခံစားရလို့လား…။ သို့မဟုတ် လက်ခံတဲ့ သူတွေကိုအားနာလို့လား…။ သို့မဟုတ် အန်ကယ်ရဲ့စဉ်းစားချက်ကြောင့်လားမသိပါ(အန်ကယ်ရဲ့စဉ်းစားချက်က သူ့ကရှေ့နေတယောက်ဖြစ်လို့ သူ့အမှုကအများဆုံးကျခံရမှ ထောင်(၃)နှစ်အများဆုံးလို့တွက်ချက်ပြီး၊ သူ့ကိုယ်တိုင်အဖမ်းခံဖို့ဆုံးဖြတ်လိုက်ပါတယ်) ဒီနောက် စဥ့်ကိုင်ကထွက်ပြီး မန္တလေးအရှေ့တောင်မြို့နယ် (န၀တ)မှာ အဖမ်းခံသွားပါတယ်။ ”ကျနော် မုံရွာတင်ရွှေပါ…။ တွေ့ချင်ပါတယ်…”လို့ စာရေးကိုပြောခိုင်းတော့ (နဝေတိန်တောင်ဥက္ကဌ)က သူ့ထက်အရေးကြီးတဲ့သူတွေရှိလို့ မတွေ့နိုင်သေးဘူးပြောလို့ တနာရီလောက်ထိုင် စောင့်နေရပါတယ်။


တွေ့မဲ့သူမရှိမှတွေ့ရတော့ အကျိုးအကြောင်းပြောလိုက်မှ အန်ကယ်ကို ကျေးဇူးတင်ကြောင်းအကြိမ်ကြိမ်ပြော သတဲ့…။ အန်ကယ်သာပြန်သွားရင် သူလဲအလုပ်ပြုတ်တော့မှာဘဲတဲ့၊ ဒီလို လူတယောက်လုံးအဖမ်းခံတာတောင် ကိုယ့်အတွက်သာသိတဲ့ကောင်တွေဗျ၊ ဒီနောက်အန်ကယ်တင်ရွှေလဲ သူမှန်းတဲ့ထောင်(၃)နှစ်မကဘဲ (ရ)နှစ်ချ ခံခဲ့ရပါတယ်။ ထောင်ထဲမှာဆိုတော့ အသက်အရွယ်ကလဲထောက် ဘယ်ခံနိုင်မလဲ၊ သွေးတိုးနဲ့ ကွယ်လွန်သွား ရတာပါဘဲ။ တိုင်းပြည်အတွက် ကြယ်တွေလဲ တဖြောက်ဖြောက်ကြွေကျကုန်ရတာပါဘဲ။

အန်ကယ်တင်ရွှေ ကောင်းရာသုဂတိလားပါစေလို့ သတိရတိုင်းဆုတောင်းလျက်ပါ။


ကဗျာဆရာ ကိုလေး(အင်းဝ)သားဖြစ်သူမှ ပေးပို့ခြင်းဖြစ်ပါသည်။

Saturday, April 19, 2008

ကြက်ခြေခတ်အမေ(ခန်းဒါအောင်လီ)



အမေ

သား…အိမ်ပြန်လာဖို့

ယတြာမချေနဲ့

ဗေဒင်မမေးနဲ့

န.အ.ဖပြုတ်ကျမှ

ပြန်လာနိုင်မှာဗျ။

စစ်တပ်ရဲ့

ညစ်ပတ်တဲ့ တဖက်သက်ဥပဒေ

‘မေ’မှာအတည်ပြု

လူထုကိုကျွန်လုပ်

တသက်လုံးအုပ်ချုပ်ကြတော့မယ် အမေ။

အမေရေ-

ဆန္ဒခံယူပွဲ

ရဲရဲဝံ့ဝံ့သွား

ပြတ်ပြတ်သားသားဆုံးဖြတ်

အဝေးရောက်သားရဲ့အမှာ

ကြက်ခြေခတ်လိုက်စမ်းပါ အမေ။

သွေးစွန်းနေတဲ့အိုလံပစ်မီးရှူးတိုင် လက်မခံနိုင်ကြောင်း ဂျပန်ဘုရားကျောင်း ပြောဆို

အေအက်ပီ

ဂျပန်နိုင်ငံ နာဂါနိုမြို့ရှိ မဟာယနဗုဒ္ဓဘာသာဘုရားကျောင်းတခုဖြစ်သော ဇန်ကိုဂျီကျောင်းတော်(Zenkoji Temple)သည် တိဗက်ဘုန်းတော်ကြီးများ၏ဆန္ဒပြမှုကို ကရုဏာသက်ထောက်ခံသည့်အနေဖြင့် ပီကင်းအိုလံ ပစ်မီးရှူးတိုင်ကို လက်ဆင့်ကမ်းလက်ခံယူမည့်အစီအစဉ်အားငြင်းဆန်ကြောင်း ဧပြီလ ၁၈ ရက်(သောကြာနေ့) က သတင်းစာရှင်းလင်းပွဲလုပ်ပြီးပြောကြားလိုက်ပါတယ်။


”ပီကင်းအိုလံပစ်မီးရှုးတိုင်ကို ကျောင်းတော်ကနေလက်ခံဖို့ငြင်းဆန်ရတာကတော့ တရုတ်အစိုးရဟာ တိဗက်ဘုန်းတော်ကြီးတွေကို အကြမ်းဖက်နှိမ်နှင်းသတ်ဖြတ်နေတယ်။ ဒါဟာ ဗုဒ္ဓသာသနာတော်ကို စော်ကားတာပါ။ ဒီလိုမျိုး အယူဝါဒမတူပေမဲ့ ဗုဒ္ဓသာသနာကိုစော်ကားနေတဲ့ တရုတ်အစိုးရရဲ့ ပီကင်း အိုလံပစ်မီးရှူးတိုင်ကို လက်ခံမယ်ဆိုရင် အားပေးရာရောက်နေပါတယ်။ ဒါကြောင့် လက်ခံဖို့ငြင်းဆန် ရတာပါ…”ဟု ဇန်ကိုဂျီကျောင်းတော်ရဲ့ ကျောင်းထိုင်ဆရာတော်တပါးဖြစ်သူ Shinsho Wakaomiက သတင်းထောက်များကို ရှင်းပြပါတယ်။



တရုတ်စစ်တပ်၏ ရက်စက်ရမ်းကားမှု တစိပ်တဒေသမှတ်တမ်းများ


ယခုလို ဇန်ကိုဂျီကျောင်းတော်မှ ဧပြီ ၂၆ ရက်နေ့ အိုလံပစ်မီးရှူးတိုင် လွှဲပြောင်းလက်ခံပွဲအတွက် စတင်လက်ခံမည့် နေရာအဖြစ် တာဝန်ယူရမည့် အစီအစဉ်ကို ငြင်းဆန်လိုက်သဖြင့် နာဂါနိုမြို့ရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ၊ ကူနီဟီကို ရှီနိုဟာရာ(Kunihiko Shinohara)က ဘုန်းတော်ကြီးများရဲ့ဆန္ဒကို လေးစားလိုက်နာသည့်အနေဖြင့် အစီအစဉ်ပြောင်းလဲမှာဖြစ်ကြောင်း ပြောဆိုပါတယ်။ ဂျပန်ဝန်ကြီးချုပ် ယဆုအို ဖူကုဒါ(Yasuo Fukuda)ကလည်း ”ဘုန်းတော်ကြီးတွေကိုယ်တိုင်က လက်ခံဖို့ငြင်းဆန်နေမှတော့ အတင်းအကျပ်တိုက်တွန်းလို့မရပါဘူး။ ဒါကြောင့်မို့လို့ လက်ခံနိုင်မယ့်နေရာကို အမြန်ဆုံးရှာဖွေ ဆုံးဖြတ်ဖို့ဘဲရှိပါတယ်…”ဟုဆိုပါတယ်။


အိုလံပစ်မီးရှူးတိုင်ကို ဇန်ကိုဂျီ ကျောင်းတော်မှစတင်ပြီး နာဂါနိုမြို့ကို ဖြတ်၍ ၁၈ ဒသမ ၅ ကီလိုမီတာခရီး လက်ကမ်းသယ်ဆောင်သွားရန် မူလ စီစဉ်ထားသော်လည်း ကန့်ကွက်ဆန္ဒပြမှုများကြောင့် မြို့လုံခြုံရေးနှင့် ဘုန်းတော်ကြီးများ၏ ညိုငြင်မှုဖြစ်မှာကို အထူးစိုးရိမ်ကြောင်းလည်း ပြောဆိုပါတယ်။


ဇန်ကိုဂျီကျောင်းတော်ဟာ ၁၉၉၈ ခုနှစ်၊ နာဂါနိုအိုလံပစ်ပွဲတော်(1998 Nagano Games)နှင့် ၁၉၆၄ ခုနှစ်၊ တိုကျို နွေရာသီအိုလံပစ်ပွဲတော်(1964 Tokyo Summer Olympics)ကျင်းပနိုင်ဖို့အတွက် အိုလံပစ်မီးရှူးတိုင်ကို လက်ခံထွန်းငြိကျင်းပခဲ့တဲ့ ကျောင်းတော်ဖြစ်ပါတယ်။ အဆိုပါကျောင်းတော်ကို ၇ ရာစုကတည်းက တည်ဆောက်ထားခဲ့တာဖြစ်ပြီး နှစ်စဉ် လူ ၆ သိန်းကျော် လာရောက်ဝတ်ပြုဆုတောင်းနေတဲ့ အထင်ကရဘုရားကျောင်းတော်တခုဖြစ်ပါတယ်။


ဥရောပနှင့် အမေရိကတို့တွင် အရှက်တကွဲနှင့်မျက်နှာငယ်ခဲ့ရသော ပီကင်းအိုလံပစ်မီးရှူးတိုင်ဟာ အာရှနိုင်ငံသို့လှည့်လည်နေပြီဖြစ်ပြီး ယခုအခါမှာတော့ ထိုင်းနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ပါတယ်။

Friday, April 18, 2008

ဒို့သူငယ်ချင်း၊ ဒို့ခေါင်းဆောင်၊ မုံရွာတင်ရွှေ(မောင်စွမ်းရည်)


မုံရွာတင်ရွှေဆိုတာ အများပေးတဲ့ကလောင်နာမည်ပါ။ ကျနော်တို့က အမည်ရင်းအတိုင်း ‘ကိုတင်ရွှေ‘လို့ဘဲခေါ်ပါတယ်။ သူကလဲကျနော့်ကို နာမည်ရင်းအတိုင်း ‘ကိုဝင်းဖေ‘လို့ပဲ ခေါ်ပါတယ်။ သူကမုံရွာကဆိုပေမယ့် ကျနော်မန်းတက္ကသိုလ်ကိုရောက်တဲ့နှစ်မှာ ရန်ကုန်တက္ကသိုလ်က ပြောင်းလာတာပါ။ ကျနော်က မြင်းခြံက ဆယ်တန်းအောင်လာခဲ့တာပါ။ သူဘယ်ဘာသာ ယူလို့ ဘယ်အတန်းတွေတက်နေမှန်း ခုစာရေးမယ်လို့စဉ်းစားတော့မှ တယောက်နဲ့တယောက် ကျောင်းစာကိစ္စတွေဘာမှမပြောခဲ့ဖူးတာကိုပြန်ပြီးစဉ်းစားမိပါတယ်။

ကျောင်းသားကကျောင်းစာမပြောရင် ဘာပြောကြသလဲဆိုတော့ ကျောင်းသားဘ၀နဲ့ ပညာရေးဘ၀နိမ့်ကျနေပုံ၊ နယ်တွေမှာမိဘတွေက ပြည်တွင်းစစ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြပုံတွေကိုပဲဆွေးနွေးမိကြပါတယ်။ စစ်တပ်မှာ တပ်ရင်းတခုရဲ့စားရိတ်က မကွေးကောလိပ်လို ကောလိပ်ကျောင်းတကျောင်းရဲ့ စားရိတ်ထက် ကုန်ကျနေပါတယ်။ ပညာရေးစရိတ်ထက် စစ်ရေးစရိတ်ကကြီးလေးနေပါတယ်။ ပြည်တွင်းစစ်ဒဏ်တွေကြောင့် ဖြစ်ရတာတွေပါ။

မုံရွာသားတယောက်ကိုတွေ့ရင် အခြားတယောက်ဟာ မြင်းခြံသားဖြစ်ဖို့များပါတယ်။ မြင်းခြံသားတွေနဲ့ မုံရွာသားတွေအတွဲများပါတယ်။ စရိုက်တွေလည်းတူကြပါတယ်။ ရန်ကုန်တက္ကသိုလ်ရောက်သွားရင် မုံရွာ-မြင်းခြံသားတွေဟာ ရန်ကုန်ကကျောင်းသားတွေနဲ့ နေထိုင်ဆက်ဆံပုံခြားနားကြတာတွေ ပိုပေါ်လွင်ပါတယ်။ ကိုတင်ရွှေက ရုပ်ရောစရိုက်ပါ အညာသားပုံစံပါ။ အောက်သားတွေက ကျနော်တို့ကို အလက်စန္ဒြားဒူးမားရဲ့ ‘သူရဲကောင်းသုံးယောက်‘၀တ္ထုထဲကေ‘ဂ်ါစတွန်နယ်သားတွေ‘လို့ခေါ်လေ့ရှိပါတယ်။ အင်္ဂလိပ်လိုပြောတော့ခံသာတာပေါ့။ အမှန်ကတော့ တောကတက်လာတဲ့လူလည်တွေလို့ပြောတာပါပဲ။ ကိုတင်ရွှေက အသားညိုညို၊ အရပ်ခပ်ပျပ်ပျပ်၊ မျက်မှန်နဲ့ပါ။ ဗိုလ်အောင်ကျော်ရုပ်မျိုးပါ။ မျက်နှာမှာပြုံးယောင်ယောင်ရှိပေမဲ့ ဟက်ဟက်ပက်ပက်ရယ်ခဲပါတယ်။ ကျနော်တို့ အတူသွားလာနေပေမဲ့ ကိုသာနိုး၊ ကိုဘဂျမ်း (တင်မိုး)၊ ကိုမိုးသူတို့နဲ့ ကျနော်တို့ နေသလို ဖက်လှဲတကင်း နေလေ့မရှိပါဘူး။

မုံရွာသားတော်တော်များများက အဆို အက အတီးအမှုတ်၊ အဟောအပြော ၀ါသနာထက်သန်ကြပါတယ်။ ကိုတင်ရွှေတယောက်ကတော့ အဲဒါတွေဘာမှမလုပ်ပါဘူး။ ဒါပေမယ့် စိတ်ထိခိုက်လွယ်ပြီး ခံစားမှုပြင်းပါတယ်။ မန်းတက္ကသိုလ်အကြိုပွဲတော်မှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လူစုံတက်စုံပါစေချင်လို့တဲ့…။ ပွဲဆပ်ကော်မတီတွေမှာ ဆိုရှယ်လစ်ကျောင်းသားဒီအက်စ်အိုတွေကို သူကဖိတ်ခေါ်ထည့်သွင်းထားပါတယ်။ သဘောတရားအရကောင်းပါရဲ့။ ဒါပေမဲ့ အလွန်အရေးကြီးတဲ့အချိန်မျိုးတွေမှာ အကျပ်ကိုင်ပြီး ပွဲပျက်အောင်လုပ်တာမျိုးခံရတော့ သူမျက်ရည်ကျပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဗိုလ်အောင်ကြီးခလောက်ဆန်ပြီး ဒေါ်စုကိုဝန်းရံနေတဲ့ကွန်မြူနစ်တွေကိုထုတ်ပေးရမယ်လို့ ညီညွှတ်ရေးပျက်မတတ်လုပ်ကြံခံရတဲ့အခါမှာလဲ သူခံပြင်းပြီး မျက်ရည်ကျခဲ့ရှာတယ်လို့ကြားသိရပါတယ်။ ခုဒါတွေပြန်တွေးမိတော့ လူထုအပယ်ခံတွေကို ကိုယ်ကသဘောထားကြီးကြီးနဲ့ မြောင်းပုပ်ထဲကဆယ်တင်ခဲ့ပေမဲ့ အဆယ်မတော်ရင်လဲ ဒုက္ခပေးတတ်ပါကလားလို့ သင်ခန်းစာယူမိပါတယ်။

ကျနော်တို့ဗိုလ်အောင်ဆန်းဟာ ဗမာ့သမိုင်းမှာ ဘေးရောက်သွားတဲ့ပုဂ္ဂိုလ်ကျော်တွေကို ဗမာ့လွတ်လပ်ရေးအတွက် သဘောထားကြီးကြီးနဲ့ ပြန်လည်သိမ်းသွင်းခဲ့ဖူးတယ်။ ဒေါက်တာဘမော်ဆိုရင် သခင်အောင်ဆန်းအတွင်းရေးမှူးလုပ်တဲ့ တို့ဗမာအစည်းအရုံးကြီးက ၁၃၀၀ပြည့်အရေးတော်ပုံကြီးမှာ “ဒေါက်တာဘမော် အို့-အို့၊ မီးဒုတ် မီးဒုတ် ရှို့-ရှို့”လို့အော်ပြီး ဖြုတ်ချခဲ့တာပါ။ ဘကြီးဘဖေဆိုရင် ဆရာကြီးမှိုင်းက “တောင်ကျရေ နွားနှစ်ကောင်မ၀သလိုပ၊ မောင်ဘဖေငါးထောင်ရသောကြောင့်”လို့ကော်တုပ်ခံခဲ့ရပြီး ၀ံသာနုအရေးတော်ပုံကြီးရဲ့ဘေးကို ရောက်သွားသူပါ။ ဦးဘဖေဟာ အခွင့်အရေးတွေ အလွဲသုံးစားလုပ်တာ လက်ပူးလက်ကြပ်လုပ်တာအမိခံခဲ့ရလို့ ဗိုလ်ချုပ်အောင်ဆန်းကပဲ ထုတ်ပယ်ပစ်ခဲ့ရပါတယ်။ ဒေါက်တာဘမော်ကတော့မဆိုးပါဘူး။ ဖက်ဆစ်တော်လှန်ရေးလုပ်ကြတာကို သိပေမယ့် လုံးဝသစ္စာမဖေါာက်ခဲ့ရှာပါဘူး။ သဘောထားကြီးတဲ့အလုပ်တွေဟာ ကောင်းပေမယ့် သတိကြီးကြီးထားရမှာပါ။ ဒုက္ခပေးရင် ဗိုလ်အောင်ကြီးလိုလူတွေက အလွန်ဆိုးပါတယ်။ ကိုတင်ရွှေမျက်ရည်ကျခဲ့ရလောက်အောင် ဆိုးခဲ့တာ ခုတော့ သမိုင်းက ရက်တိုတိုလေးအတွင်းမှာပဲ ဘယ်သူ ဘီလူးမ၊ ဘယ်သူမိခင်ရင်းဆိုတာ ခွဲခြားပြသွားခဲ့ပါပြီ။

ကိုတင်ရွှေမှာ တခုထူးခြားတာက ကျနော်တို့နဲ့တွဲနေတုန်းက တွေ့မြင်ရသလောက်ဆိုရင် လုံးဝအသောက်အစား အပျော်အပါးမရှိ၊ လူကြီးဆန်ဆန်နေတတ်တဲ့စရိုက်ပါပဲ။ သူနဲ့ ကိုသာနိုးနဲ့ဆိုရင် ရွယ်တူတွေပါ။ တခါတလေ ကိုသာနိုးက သူ့ကို ‘ဘော်ရွှေ‘လို့ အမှတ်မထင် ခေါ်လိုက်တတ်ပါတယ်။ ”ဘာလဲဗျဘော်ရွှေဆိုတာ…”လို့ ကျနော်တို့မေးတော့ နှစ်ယောက်လုံး စပ်ဖြဲဖြဲပဲ လုပ်နေကြပါတယ်။ ဘေးလူတယောက်က ”ဘော်ရှီဗစ်တင်ရွှေ…”ပေါ့ဗျာ လို့ ၀င်ဖြေပါတယ်။ ဟုတ်လေသလားမသိပါ။ ရွယ်တူသူငယ်ချင်းတွေ ဖြစ်ပေမယ့် ကိုသာနိုးနဲ့ကျနော်တို့တကသရဲဘော်တပ်ဦးရဲဘော်တွေကို ကိုတင်ရွှေက ဆူပြူုကိမ်းမောင်းတတ်တာတွေရှိပါတယ်။

တခါက တန်ဆောင်မုန်းလပြည့်ညပွဲတော်တခုမှာ ကျနော်တို့တတွေ စစ်ကိုင်းတောင်ရိုးမှာ ခပ်ထွေထွေနဲ့သီဆိုကခုန်နေကြပါတယ်။ ကိုတင်ရွှေနဲ့ကိုဘဂျမ်း(တင်မိုး)တို့က မသောက်မစားတဲ့ လူမင်းသားတွေပ။ ကျနော်တို့ကို ဆူပူကြိမ်းမောင်းပြီး ထမင်းဆိုင်မှာတောင် ကျနော်တို့နဲ့ အတူမစားပဲ တခြားစားပွဲမှာ ခွဲစားပါတယ်။
တက္ကသိုလ်တွေမှာ အဲဒီတုန်းက ကျောင်းသားညီညွှတ်ရေးတပ်ဦး (Student United Front-အတိုကောက် SUF)ဆိုတာရှိပါတယ်။ ကိုတင်ရွှေက တခါတလေ ရန်ကုန်မူနဲ့ ဆပ်ဖ်လို့ ပြောရင် ဘာပြောမှန်းမသိလိုက်ပါဘူး။ ကျနော်တို့ကကျောင်းသားသစ်တွေကိုး။ တဖက်ကခေါ်တာက မြေပေါ်ကွန်မြူနစ် ပမညတအဖွဲ့ကမွေးထားတဲ့ကျောင်းသားတွေတဲ့။ ကျနော့်ကိုတော့ ဘယ်အဖွဲ့ကမှ မွေးမမွေးမသိခဲ့ရိုးအမှန်ပါ။ ကိုယ်မသိဘဲနဲ့ အမွေးခံနေရသလားတော့မသိပါ။ ဒါပေမယ့် စစ်စုံထောက်မှတ်တမ်းတွေမှာတော့ အမှန်အတိုင်းပါနိုင်ပါတယ်။ တခြားတဖက်မှာ ရွေးကောက်ပွဲ အမြဲရှုံးနေတဲ့ အတိုက်အခံအဖွဲ့အစည်းကတော့ (Democratic Student Organization အတိုကောက်DSO )ပါတဲ့။ ဖဆပလအစိုးရအဖွဲ့ထဲက ဆိုရှယ်လစ်တွေမွေးထားလို့ အဆိုရှိပါတယ်။ ဒါတွေအားလုံးအကြောင်းကို မောင်သာရရဲ့ ကျန်တုပ်ခံဝံ့၊ မခံဝံ့ ၀တ္ထုမှာ ဖတ်ကြည့်ပါလေတော့။

ကျနော်တက္ကသိုလ်ရောက်စက ကျောင်းသားသမဂ္ဂရုံးခန်း၊ ၀ါးကပ်တဲလေးကို နေ့စဉ်လောက်သွားပြီး စာနယ်ဇင်းတွေဖတ်ပါတယ်။ ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုအောင်ကျော်တို့သမိုင်းနဲ့ ကျနော်တို့က ကြီးပြင်းလာခဲ့ရတာမဟုတ်လား။ တကသမှာ ရုပ်ပုံဆိုလို့ သခင်ဗဟိန်းရဲ့ပုံလေးတပုံပဲရှိပါတယ်။ ဒါပေမယ့် ကျနော်က ကျေးတောသားတယောက် နတ်ကွန်းနတ်စင်သွားသလို သွားနေခဲ့တာပါ။ တကသရုံးခန်းမှာ တံမျက်စီးလှည်းတယ်။ သောက်ရေအိုးလှယ်တယ်။ စားပွဲကြီးပေါ်မှာ ဆေးတွေ၊ စုတ်တွေ ညစ်ပေနေတာတွေ့ရင် ဆေးကြောသန့်ရှင်းတယ်။ စုတ်တွေညစ်ပတ်အောင် အမြဲလုပ်သူက ခုအခါ ပန်းချီဆရာအမည်ခံနေတဲ့ ဒါရိုက်တာမောင်မိုးသူပါ။ တကသထဲက လူတွေနဲ့လဲ ကျနော်ဘယ်သူနဲ့မှ မသိပါဘူး။ ထောက်လှမ်းရေးလုပ်နေသလားလို့ အထင်ခံရနိုင်တာလဲ ကျနော်သတိမထားခဲ့ပါဘူး။ ဒါပေမယ့် ကိုတင်ရွှေတကသအတွင်းရေးမှူး အရွေးခံရတဲ့နှစ်မှာပဲ ကျနော်လဲမယောင်မလယ်နဲ့ တကသစာကြည့်တိုက်မှူးရာထူးကြီးကို ရလိုက်ပါတော့တယ်။

၁၉၅၈ ရောက်တော့ မောင်သာနိုး၊ မောင်မိုးသူတို့နဲ့ တခါအမှုဆောင်ထပ်ဖြစ်ပြန်ပါတယ်။ အဲဒီနှစ်က စစ်အစိုးရစပြီးတက်တဲ့ အိမ်စောင့်အစိုးရခေတ်ဆိုတော့ ပွဲကြမ်းတဲ့နှစ်ပါပဲ။ ကိုတင်ရွှေနဲ့ အမှုဆောင်အဖွဲ့မှာ ပါဝင်နေစဉ်မှာပဲ ပွဲတော်တွေတော်တော်များများ ဖြစ်ပါတယ်။ အမှုဆောင်တွေ ဘယ်သူတွေဆိုတာ ကိုးကားစရာ နှစ်လည်မဂ္ဂဇင်းမရှိတော့ သိပ်မမှတ်မိတော့ဘူး။ မန္တလေးသီးခြားတက္ကသိုလ်အကြိုပွဲ၊ မန္တလေးကောလိပ် ငွေရတုပွဲ၊ မန်းရာပြည့်ပွဲ (၁၉၅၉-မောင်ပေါက်စည်၊ ဥက္ကဌ၊ မောင်စွမ်းရည်က ရွေးကောက်ပွဲ အရာရှိ)။ ဒီပွဲတွေမှာ ရန်ကုန်က တေးရေးအဆိုတော် မြတ်လေး၊ စန္ဒရားချစ်ဆွေ၊ အဆိုတော်မင်းနောင်၊ ပန်းချီမောင်ငွေထွန်း၊ ဘောလုံးသမား ကောလိပ်ဂျင်နေ၀င်း စတဲ့ ရဲဘော်များကို ကျနော်တို့က ဆက်တိုက်ဧည့်ခံကျွေးမွေးရလို့ သူတို့နဲ့ သိကျွမ်းရင်းနှီးသွားခွင့်ကြုံခဲ့ပါတယ်။ သူတို့ဆီကိုလဲ တခေါက်တပြန်ရောက်ခွင့်ကြုံပါတယ်။ ကျနော်တို့ အမှုဆောင်အဖွဲ့ဝင်တဦးအဖြစ် မှတ်မိနေတာကတော့ မန္တလေးအမျိုးသားကျောင်းဆရာဟောင်း၊ ဦးချစ်ရဲ့သမီးဆိုတဲ့ မမြဆွေပါပဲ။ ရန်ကုန်တက္ကသိုလ် ပညာရေးနှီးနှောဖလှယ်ပွဲသွားကြတော့လည်း အတူတူပဲ။ သူက ဘီအီးဒီတက်ဖို့ ရန်ကုန်ပြောင်းသွားတော့ မမြသူလို့နာမည်ပြောင်းသွားတယ်။ ကိုတင်ရွှေ မမြသူနဲ့ ဖူးစာဖက်သွားတော့ ကိုတင်ရွှေက ဆွေ၊ မဆွေ စသဖြင့် မူလနာမည်နဲ့ပဲ ခေါ်တာ သတိထားလိုက်ခဲ့မိပါတယ်။ ဒါကြောင့် သူတို့ဇနီးမောင်နှံဟာ နှစ်ယောက်လုံး ကျနော့်သူငယ်ချင်းတွေပါပဲ။

နောက်တော့ ကိုတင်ရွှေတယောက် ရန်ကုန်ကို ပြန်ပြောင်းသွားပြန်တယ်။ ဥပဒေဘွဲ့ ဘီအယ်လ်တက်ဖို့ ဖြစ်မယ်။ ဟိုခေတ်က ကျောင်းသားကြီးတွေဟာ ကိုနု၊ ကိုအောင်ဆန်းတို့ အစဉ်အလာအတိုင်း နိုင်ငံရေးဆက်လုပ်ဖို့ ဥပဒေဘွဲ့ယူလေ့ရှိကြပါတယ်။ ဦးချမ်းအေး(မောင်စူးစမ်း)၊ ဦးဘကောင်း၊ ဦးကိုယု၊ ဆရာမြသန်းတင့်၊ ဒေါ်မြင့်မြင့်ခင် စတဲ့ကျောင်းသားတွေဟာ ဥပဒေတက်ခဲ့ကြသူတွေပါ။ နောင်မှသိရတာက ကိုတင်ရွှေဟာ ရန်ကုန်တက္ကသိုလ်မှာ ပထမတကြိမ်တက်စဉ်ကပဲ နောင်ပီသုံးလုံးခေါင်းဆောင် ဦးခင်မောင်မြင့်၊ အိမ်မဲအမတ်ဖြစ်လာတဲ့အဖွဲ့ချုပ်ဦးတင်ထွတ်(ခုသြစတြေးလျ)တို့ဟာ ပင်းယဆောင်မှာ အတူနေခဲ့ကြပြီှးရ္မ ခေါ် သဟာယနဲ့စာဖတ်သင်းမှာ အမှုဆောင်တွေအတူလုပ်ခဲ့ဖူးသတဲ့။ ကိုတင်ရွှေက အတွင်းရေးမှူးတဲ့။ သူတို့တဖွဲ့လုံး ရှစ်လေးလုံးမှာ ပြန်ဆုံကြလေရဲ့တဲ့။
ကိုတင်ရွှေ ‘ရိုး,အ’ ရာမှာတော့ ရန်ကုန်မန္တလေးတက္ကသိုလ်နှစ်ခုစလုံးမှာ ကျော်ကြားခဲ့ပါတယ်။ အညာသားအတတဆိုတဲ့ ပုံတိုပတ်စမှန်သမျ မုံရွာသားပုံပြင်လို့နာမည်တပ်ပြီး ကိုတင်ရွှေကို ချစ်စနိုးနောက်ကြတာဖြစ်ပါတယ်။ အထူးသဖြင့် သူနဲ့ အနီးကပ်နေတဲ့ မင်းလှညွှန့်ကြားက ဒီလိုပုံပြင်တွေကို တီထွင်ရာမှာ အာဝဇ္ဇန်းအရွှင်ဆုံးမို့ တကသခေါင်းဆောင်တွေက သိပ်မနောက်ပါနဲ့လို့ မေတ္တာရပ်ခံရဖူးပါသတဲ့။ ကိုတင်ရွှေဖို့ မုံရွာသားပုံပြင်တပုဒ်ကို ကျနော်ကြားဖူးတာ နမူနာပြောပြ ချင်ပါသေးတယ်။ ကိုတင်ရွှေ တကသခေါင်းဆောင်အဖြစ်နဲ့ တရုတ်ပြည်ကဖိတ်ကြားလို့သွားရဖူးတယ်။ နိုင်ငံခြားခရီးသွားသူတွေရဲ့ထုံးစံအတိုင်း ဘောင်းဘီရှည်တထည်နဲ့ လည်စည်းတခုအဖတ်တင်ကျန်တယ်။ တနေ့တော့ အဲဒီဘောင်းဘီရှည်ဝတ်ပြီး နေ၀င်ဆည်းဆာချိန်မှာ အင်းလျားကန်ဘောင်အတိုင်း လမ်းလျှောက်ထွက်လာသတဲ့။ ရင်းနှီးတဲ့ကျောင်းသူတစုနဲ့ မျက်နှာချင်းဆိုင်မှာတွေ့ကြတော့ ”ဒို့ရဲဘော်ကြီး ကိုတင်ရွှေတယောက် ချောလို့လှလို့ပါလား…”လို့ နှုတ်ဆက်သတဲ့။ ဒီတော့ ကိုတင်ရွှေက ”ချောမှာ လှမှာပေါ့ဗျာ၊ ဆီးစပ်အောက်မှာကိုး…”လို့ ပြန်ပြောလိုက်သတဲ့။ ဒီပုံပြင်လေးက ဟာသမြောက်ပါတယ်။ ဒါပေမယ့် ကျနော်တို့ မန်းတက္ကသိုလ်ကျောင်းသားတွေရှေ့မှာ ပြောကြတော့ ကျနော်က ဖြည့်စွက်လိုက်ပါတယ်။ ဒီအညာသား ကိုတင်ရွှေဟာ ဆည်းဆာနဲ့ ဆီးစပ်တော့ မမှားနိုင်ဘူး။ အောက်သားတွေသာ စကားပီသအောင်မပြောတတ်လို့ မှားနိုင်တာလို့။

နောက်တခု ခေတ်စားခဲ့တဲ့ပုံပြင်တပုဒ်ကတော့ ကိုတင်ရွှေကိုယ်တိုင်လိုလို၊ သူ့ဘကြီးတယောက်လိုလို ဓားပြအတိုက်ခံရတဲ့ အကြောင်းပါပဲ။ ဇာတ်ကောင်က တရွာတပုဒ်ဆန်းဖြစ်နေပါတယ်။ တခါတုန်းက တောလမ်းတခုလူပြတ်တဲ့နေရာမှာ မုံရွာသား ဦးကြီးတယောက် ဓားပြတိုက်ခံရသတဲ့။ ဓားပြက သူ့ကိုယ်ပေါ်ကိုအနှံ့ စမ်းသပ်နှိုက်ချွတ်ပြီး ပိုက်ဆံရှာပေမယ့် မတွေ့တော့ စိတ်ပျက်တာနဲ့ ”ဒီမုံရွာသားကမွဲလိုက်တာကွာ၊ ဘယာကြော်တကွင်းဖိုးတောင်မပါဘူးဟ…”လို့ ထုတ်ဟပြောဆိုလိုက်သတဲ့။ ဒီမှာတင် ဓားပြတိုက်ခံရတဲ့ မုံရွာသားက မခံနိုင်ဖြစ်လာပြီး ”အောင်မယ်၊ ကိုယ့်လူက ဓားပြလုပ်ပြီးတယ်ညံ့တာကိုး။ ဖိနပ်ကြားထဲမှမရှာဘဲ၊ ဘယ်တွေ့မလဲကွ…”လို့ ပြန်အော်သတဲ့။ မုံရွာသားရဲ့မာနပေါ့လေ။ ငွေပါချင်ပါသွားပစေ။ သိက္ခာကျတော့မခံဘူးတဲ့။ ဒါနဲ့သူ့ငွေလည်း ဓားပြလက်ထဲပါသွားရောတဲ့။ ဒီလို မုံရွာသားပုံပြင်တွေအများကြီးပါ။ ကိုတင်ရွှေရိုးတာလဲ အမှန်ပါပဲ။

ကိုတင်ရွှေ ရန်ကုန်ရောက်သွားပြီးနောက် ကိုသာနိုး၊ ကိုတင်မိုးနဲ့ မေမြို့မိုးကြည်တို့လဲ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ရန်ကုန်ကိုပြောင်းသွားကြတယ်။ သူတို့အားလုံး လူထုသတင်းစာနဲ့ရော အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းနဲ့ရော အဆက်မပြတ်ကြဘူး။ ကိုတင်ရွှေက ၁၉၆၀-၁၉၆၃ အတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးအဖွဲ့မှာ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာတယ်။ သူတို့က ဆရာကြီးကို ကမ္ဘာ့သတင်း ဗမာ့သတင်းတွေ ဖတ်ပြကြတယ်။ ဆရာကြီးရဲ့မှတ်ချက် ဝေဖန်ချက်တွေကိုလဲ နာယူမှတ်သားကြတယ်။ ဆရာကြီးဆီက ရှေးဟောင်းနှောင်းဖြစ်တွေနဲ့ နိုင်ငံရေးအမြင်၊ စာပေအမြင်တွေလဲ မှတ်သားနာယူကြတယ်။ ဒါကြောင့် ကိုတင်ရွှေဟာ မှိုင်းဝေဒပညာရှင်တဦးလို့ အသိအမှတ်ပြုခံရလောက်အောင် ဆရာကြီးအကြောင်းတွေကို သိကျွမ်းလာပြီး ဆောင်းပါးတွေ ရေးပါတယ်။ စာဆိုတော်နေ့မှာမန္တလေး အနောက်ကျုံးထိပ်က၊ ဓမ္မဗိမာန်မှာ ကျင်းပတဲ့ စာတမ်းဖတ်ပွဲမှာလဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းခေတ်၊ သခင်ကိုယ်တော်မှိုင်းစာ ဆိုတဲ့ စာတမ်းတစောင်ကို ၁၉၆၇မှာ လာဖတ်တယ်။ သူများတွေရေးဖူးတာနဲ့ မတူပါဘူး။ ဆရာကြီးရဲ့နိုင်ငံရေးအမြင်နဲ့ စာပေအမြင်တွေကို စေ့ငုတင်ပြထားတယ်။ အဲဒီစာတမ်းဟာ ၁၉၆၈မှာ သီးခြားစာအုပ်လေး ထွက်လာပါတယ်။ လူထုသတင်းစာကိုလဲ မှိုင်းစာပေဆောင်းပါးတွေပို့ပါတယ်။ ဒါလဲ ကိုတင်မိုးက စာအုပ်ကလေးဖြစ်အောင် လုပ်ပေးခဲ့ပါတယ်။ ကျနော်ရဲ့ ‘အနီနဲ့အပြာ‘ကဗျာစာအုပ်ထုတ်တဲ့ မန္တလေး သပြေစာအုပ်တိုက်က ထုတ်ပေးတာပါ။

ကျနော်ရန်ကုန်ရောက်တဲ့ ၁၉၇၀ ခုနောက်ပိုင်းမှာ ကိုတင်ရွှေဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ်တအုပ်ထုတ်ဖို့ ပြင်ဆင်ပြီးပါပြီ။ မှိုင်းရာပြည့်အထိမ်းအမှတ်အဖြစ် လေးချိုး ၁၀၀ ရွေးချယ်ရာမှာ ဆရာကြီးရဲ့ပြဇာတ်ခေတ်ကစပြီး ရွေးချယ်ပါတယ်။ ဆရာကြီးမင်းသုဝဏ်က အနီးကပ်ညွှန်ကြားပြီး အမှာစာရော၊ ရာပြည့်အထိမ်းအမှတ်ကဗျာရော စာအုပ်ရှေ့ဆုံးကထည့်ခွင့်ရလို့ အထူးဂုဏ်ယူရမယ့်စာအုပ်ပါ။ ဆရာဒဂုန်တာရာနဲ့ စာပေဗိမာန် ဦးထင်ကြီးတို့ကလဲ ကူညီပါတယ်။ သူ့ရဲဘော်မောင်သာနိုး၊ တင်မိုးနဲ့ မုံရွာမောင်ရှင်တို့ကလဲ ကူညီအားပေးပါတယ်။ တပုဒ်ချင်းရဲ့ရှေ့မှာ ဒီကဗျာကို ဘယ်တုန်းက၊ ဘယ်မှာ၊ ဘယ်လို ရေးခဲ့ပြီး ဘာအဓိပ္ပါယ်ရှိတယ်ဆိုတဲ့ မှတ်စုတိုလေးတွေ တခုစီထဲ့ပေးထားလို့ စီစဉ်ပြုစုရာမှာ အကောင်းဆုံးလေးချိုးပေါင်းချုပ် စာအုပ်တအုပ်ဖြစ်လာခဲ့ပါတယ်။ လေးချိုးပေါင်းချုပ်နှစ်အုပ်ထွက်ပြီးသားပါ။ ပထမတအုပ်က ဆရာကြီးကိုယ်တိုင်စုပြီး မောင်လှ မအမာတို့ ထုတ်ပေတော့လို့ ပေးအပ်ခဲ့တာပါ။ ရွှေကိုင်းသား ဦးသောဘိတက တည်းဖြတ်အမှာရေးတာပါ။ ဒါပေမယ့် နှောင်းလူတွေ လေ့လာနားလည်ဖို့ တပုဒ်စီအတွက် မိတ်ဆက်စာကတော့ ကိုတင်ရွှေရဲ့စာအုပ်ကျမှပါနိုင်တာပါ။ ဒုတိယစာအုပ်မှာလဲ ပထမစာအုပ်မှာထက်စုံလားပေမဲ့ စီစဉ်ပုံမှာတော့ ကိုတင်ရွှေရဲ့စာအုပ်ကို မမီပါဘူး။

ကိုတင်ရွှေဟာ ရန်ကုန်မှာနေရင်း သူ့ခေတ်ကထုံးစံအတိုင်း စစ်ရေးအရ ဆိုဗီယက်ပြန်ကြားရေးဌာနမှာ ၀င်ရောက်လုပ်ကိုင်ပါတယ်။ အဲဒီကာလမှာ ဖဆပလအစိုးရရဲ့ အဓိကအတိုက်အခံအဖွဲ့က ပမညတပါ။ မြေပေါ်ကွန်မြူနစ်တွေလို့ခေါ်လေ့ရှိပါတယ်။ သူတို့အဖွဲ့နဲ့နီးစပ်သူတွေက အဲသလိုပဲ ရုရှား၊ တရုတ်စတဲ့ ကွန်မြူနစ်ပြန်ကြားရေးရုံးတွေမှာဝင်ပြီး လုပ်လေ့ရှိပါတယ်။ လင်းယုန်ဘ၀င်း၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဦးဌေးမြိုင်(ဒဂုန်တာရာမဟုတ်) စတဲ့ လက်ဝဲဂိုဏ်းစာရေးဆရာတွေလည်း ဒီလိုပဲဝင်လုပ်ကြပါတယ်။ ရုရှားနဲ့ တရုတ်ကွန်မြူနစ်တွေ နှစ်ဂိုဏ်းကွဲတော့ ဗမာပြည်မှာလဲ ဂယက်ရိုက်ပါတယ်။ ကျနော်တို့ ကိုတင်ရွှေက ဆိုဗီယက် ပြန်ကြားရေးဌာနမှာ အလုပ်လုပ်ရင်း တရုတ်ကွန်မြူနစ်ခေါင်းဆောင်ချုအင်လိုင်းရဲ့အတ္ထုပ္ပတ္တိစာအုပ်ကို ဘာသာပြန်ထုတ်ဝေတော့ အလုပ်ပြုတ်ပါတယ်။ ဒါပေမယ့် လျော်ကြေးရလိုက်တယ်လို့တော့ ကြားလိုက်ပါတယ်။ ချူအင်လိုင်းစာအုပ်ကရတဲ့ စာမူခနဲ့လား၊ လျော်ကြေးနဲ့လားမသိ၊ ခု အင်းစိန် နံ့သာကုန်းလမ်းမှာရှိတဲ့ အိမ်တဆောင်တော့ အဖတ်တင်လိုက်ပါတယ်။
ချူအင်လိုင်းစာအုပ်ကကျေးဇူးပြုတဲ့အိမ်မှာပဲ ကိုတင်ရွှေကွယ်လွန်ခြင်း နှစ်လည် ဆွမ်းကပ်တဲ့ပွဲများကို လုပ်လေ့ရှိပါတယ်။ အဲဒီအိမ်မှာပဲ အဘသခင်အုန်းမြင့်ဆုံပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ကဗျာဆရာများ ကဗျာကိစ္စ ကဗျာအကြောင်း ဆွေးနွေးကြတာတွေကို သတိရမိပါတယ်။ ဗိုလ်ချုပ်တင်ဦးပါ စိတ်အားထက်သန်စွာ ပါဝင်ဆွေးနွေးလို့ အံ့အားသင့်ရပါတယ်။ သူများထင်သလို နိုင်ငံရေး မဆွေးနွေးကြဖူးပါဘူး။

ရန်ကုန်မှာ ကျနော်မကျန်းမာဘူးကြားရင် အရင်ဆုံးပေါက်လာတတ်တာက ကိုတင်ရွှေပါ။ သင့်တော်ရာ ဆေးပုလင်းလေးတွေလည်း ပါလာတတ်ပါတယ်။ ရှစ်လေးလုံးကာလမှာတော့ ကျောင်းသားသမဂ္ဂအမှုဆောင်ဟောင်းတွေ အဖွဲ့ဖွဲ့စည်းပြီးပါဝင်လှုပ်ရှားကြလို့ အဲဒီကိစ္စအတွက် သူကျနော့်ဆီလာပါသေးတယ်။ မန္တလေး တကသခေါင်းဆောင်ဟောင်း၊ မြင်းခြံကိုအောင်သူ ရန်ကုန်ဆင်းလာပြီး ဦးခင်မောင်မြင့်တို့ ကိုညိုဝင်းတို့နဲ့ ပီကျူဖွဲ့မယ်လုပ်တော့ ကျနော်နဲ့တင်မိုးကငြင်းလိုက်ကြောင်း၊ အုပ်စုဖွဲ့ပြီး အဖမ်းခံသလို ဖြစ်မှာစိုးကြောင်း ပြောပြလိုက်ပါတယ်။

နောက်တခါလာတော့ သူနဲ့အတူ ကျနော်တို့ပါဝင်တဲ့ တကသအမှုဆောင်အဖွဲ့ ဓာတ်ပုံတခုပေးသွားပါတယ်။ သူပါတဲ့ အမှုဆောင်ဟောင်းများရဲ့လှုပ်ရှားမှုတခုကို ကျနော် မသွားနိုင်ခဲ့ပါဘူး။ ကျနော်တို့ဝဂ္ဂီရပ်ကွက်နဲ့ ကြံတောနာနတ်တောရပ်ကွက် တုတ်တပြတ် ဓားတပြတ် ရန်ဖြစ်ကြပြီး ရက်ကွက်မီးတင်ရှို့မယ်ကြားလို့ ဘယ်မှ မထွက်နိုင်တော့ပါဘူး။ နောက်တော့ အဖွဲ့ချုပ်ရုံးကို မကြာမကြာ ရောက်ပါတယ်။ ကျနော် အစိုးရအလုပ်မထွက်သေးလို့ အပြင်တာဝန်တွေပဲ ခိုင်းစရာရှိတာခိုင်းပါတယ်။

ကိုဝင်းတင်၊ ကိုဝင်းခက်၊ ကိုတင်ရွှေ၊ ကိုမိုးသူ၊ ကိုဝံသ၊ ဦးချမ်းအေး၊ ကိုထွေးမြင့်၊ ဗိုလ်သော်က စတဲ့ အဖွဲ့ချုပ်ဝင်တွေရှိရာကို ကျနော်ရုံးမတက်သေးဘဲသွားနေပါတယ်။ လိုအပ်တဲ့ စာအုပ်စာတမ်းတချို့ရှာပေးရပါတယ်။ ကိုတင်ရွှေနဲ့ကိုကြီးကောင်း(တကသ ဘကောင်း)၊ ကိုသိန်းတင်စတဲ့ ရဲဘော်တော်တော်များများကို တော်ဘုရားလေးအိမ်မှာ အစုလိုက်ဆုံကြရဖူးတာကိုလဲ အမှတ်တရ ဖြစ်နေပါသေးတယ်။ ဒေါ်စုမိခင် ဒေါ်ခင်ကြည်ဈာပနပို့ဆောင်ရင်း ဆုံမိကြတာပါ။ ဒေါ်ခင်ကြည်ရုပ်ကလာပ်ကို သီပေါမဟေသီ စုဖုရားလတ်ရဲ့ဂူသင်္ချိုင်းရှိရာ နယ်မြေအတွင်းမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဦးသန့်တို့နဲ့ မြေတကွက်ထဲမှာ ဂူသွင်းသင်္ဂြိုဟ်ဖို့ကိစ္စနဲ့ ရောက်ရှိနေကြတာပါ။ ကိုတင်ရွှေက ရောက်ရာအရပ်မှာ ဒေါ်စုထူးချွန်ထက်မြက်ကြောင်းကို ပြောပြလေ့ရှိပါတယ်။

မင်းသားကြီးတော်ဘုရားလေးက မင်းသားနီလို့ သူ့အသိုင်းအ၀ိုင်းက နာမည်ပေးလောက်အောင် စိတ်အားထက်သန်တဲ့ မာက်စ်ဝါဒပီပီ ခုလိုမေးပါတယ် “ဒေါ်အောင်ဆန်းစုကြည်က လူတန်းစားအမြင်ဘယ်လိုရှိသလဲ…” တဲ့။ ကျနော်က “မင်းသားကြီးရယ် ခုဟာက လူတန်းစားတိုက်ပွဲမဟုတ်ပါဘူး။ ဒီမိုကရေစီတိုက်ပွဲမဟုတ်လား”လို့။ ကိုတင်ရွှေက ကျနော့်ကို ”ဒေါ်စုက သူ့ဖခင်အကြောင်းရေးထားတဲ့ စာအုပ်တအုပ်ရှိတယ်ပြောတယ်၊ ဖတ်ဖူးကြသလား…”တဲ့။ ကျနော် မနှစ်က(၁၉၈၇)ဖတ်လိုက်ရပါတယ်။ ကျနော်နဲ့ ကိုသာနိုး ဒီအကြောင်းတွေ ရေးပြီးပါပြီ။ ကိုသာနိုးက ”သမီးရေးတဲ့ အဖေအကြောင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုဝံသရဲ့အတွေးအမြင်စာစောင်မှာရေးတယ်။ ကျနော်က ”အမေဒေါ်ခင်ကြည်ကိုတွေ့ဆုံပြီး သင့်ဘ၀မှာရေးတယ်လေ…”ဆိုတော့ ကိုတင်ရွှေက စိတ်ဝင်တစားနဲ့ ”သူ့အဖေ ကွန်မြူနစ်ကလာပ်စည်း ဖွဲ့တဲ့အကြောင်း ဘယ်လိုရေးသလဲ…”တဲ့။ ”အထူးမပါ,ပါဘူး ကွန်မြူနစ်ဝါဒပဲ ဖြစ်ဖြစ်၊ ဘာဝါဒပဲ ဖြစ်ဖြစ် အစွန်းရောက်တာ၊ တင်းကြပ်တာတွေ မကောင်းကြောင်း၊ မကြိုက်ကြောင်းပဲ ရေးတာပါ…”လို့ပြောရင်း စာအုပ်ရနိုင်တဲ့ နေရာကို ပြောပြလိုက်ပါတယ်၊ ကျနော့်ဆီမှာ ရှိတာက မူပွားထားတဲ့ စာအုပ်ကလေးပါ။ ဒေါ်ခင်ကြည်၊ ဒေါ်စုနဲ့ကျနော်တို့ စကားပြောနေတဲ့ ဓာတ်ပုံတွေရော၊ စာအုပ်ရော၊ ခွပ်ဒေါင်းအလံရော၊ ကျနော့်ဇနီးက တခြားပို့လိုက်လို့ အိမ်မှာ မရှိတော့ပါဘူး။ (ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင်စတင်တည်ထောင်ပေးခဲ့တဲ့ တော်လှန်ရေးခေတ်ဦးကာလ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ကဏ္ဍကို သုတေသနပြုပြီး စာတမ်းတစောင်ရေးထားတာ ကျိုတိုတက္ကသိုလ်မှာရှိပါတယ်။ ပုံနှိပ်ဖြန့်ချီဖို့ ကောင်းပါတယ်။)

ကိုတင်ရွှေဟာ ခံယူချက်စွဲမြဲခိုင်မာသူ၊ ဆင်ဆင်ခြင်ခြင်နဲ့ ခေါင်းအေးအေးလုပ်တတ်သူပါ။ အညာသားလူရိုးကြီးပုံစံ အပြည့်ရှိပါတယ်။ ကျနော်ကို တချို့ရဲဘော်ဟောင်းတွေက အလုပ်ထွက်ပြီး နိုင်ငံရေးလုပ်ဖို့ ပြောကြပေမယ့် ကိုဝင်းတင်နဲ့ ကိုတင်ရွှေတို့က မပြောကြပါဘူး။ စာအုပ်စာတမ်းတွေ (အထူးသဖြင့် ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ) ရှာဖွေစုဆောင်းထားဖို့ပဲ ပြောပါတယ်။ ကိုထွေးမြင့်ကလဲ စာအုပ်ပဲ ရှာခိုင်းခဲ့ပါတယ်။ သူတို့တတွေဟာ တသက်လုံးရိုးရိုးသားသား ယုံယုံကြည်ကြည်နဲ့ အဖိနှိပ်ခံပြည်သူတွေဘက်က အမြဲရပ်ကြပါတယ်။ လက်ညီတက်ညီလဲရှိကြပါတယ်။ ကိုတင်ရွှေနဲ့ကိုဝင်းတင်ကို မန္တလေးနိုင်ငံရေးအဖွဲ့အစည်းတွေကလဲ သူတို့မန္တလေးသားအဖြစ်နဲ့ လက်ခံအားကိုးကြလို့ သူတို့အဖွဲ့တွေမှာ နာယကအဖြစ်နဲ့လဲ တင်မြှောက်ထားကြပါတယ်။ ခု-မန္တလေးတိုင်းမှာ ကိုတင်ရွှေကို ဆက်ခံဆောင်ရွက်နေတဲ့ ကျောက်ပန်းတောင်းကရဲဘော် ဘိုဇံဆိုတာလဲ မန်းတကသခေါင်းဆောင်ဟောင်းတယောက်ပါပဲ။ ကျောင်းသားဘ၀ကတည်းက လက်တွဲခဲ့ကြသူတွေပါ။ တကယ်တမ်းပြန်ကြည့်လိုက်တော့ တပြည်လုံးမှာ အဖွဲ့ချုပ်အစရှိတဲ့ ဒီမိုကရေစီရေးတိုက်ပွဲဝင်အဖွဲ့အစည်းတွေမှာ အနည်းနဲ့အများ ပါဝင်လှုပ်ရှားနေကြသူတွေဟာ ကျနော်တို့ခေတ်ကတည်းက ဗကသ၊ တကသခေါင်းဆောင်တွေချည်းဖြစ်နေကြလို့ သမိုင်းပေးတာဝန်ကျေပွန်ပြီး အရေးကြီးရင် သွေးစည်းကြတဲ့ သူတို့တတွေအတွက် ၀မ်းမြောက်ဂုဏ်ယူမဆုံးပါဘူး။ တချို့အသက်ပေးသွားကြရှာပါပြီ။

အဖွဲ့ချုပ်ခေါင်ဆောင်တွေကို ဗိုလ်အောင်ကြီးအချက်ပြလိုက်ပြီးကတည်းက ဖမ်းကြတာအကုန်ပါပဲ။ ကိုတင်ရွှေလဲ အစကရှောင်နေသေးပေမဲ့ သိပ်မကြာလိုက်ဘဲ အဖမ်းခံပါတယ်။ စစ်တပ်အကျဉ်းထောင်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် ကိုတင်ရွှေ၊ ဗိုလ်သော်က၊ ကိုသိန်းတင်၊ ကိုတင်မောင်ဝင်း၊ ကိုညိုဝင်း၊ ကိုခင်မောင်မြင့်၊ မြို့မတင်အေးစတဲ့ ရဲဘော်များဟာ ထောင်ထဲနဲ့ ထောင်ဘူးဝအထွက်မှာပဲ ထမ်းပိုးမချွတ်ဘဲ ကျဆုံးသွားခဲ့ရှာပါပြီ။

မန်းတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ရဲဘော်ဟောင်းကြီး အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျနော်တို့ခေါင်းဆောင်၊ ကျနော်တို့အကို၊ မှိုင်းဗေဒပညာရှင် စာရေးဆရာ ရဲဘော်တင်ရွှေကို ဒီဆောင်းပါးနဲ့ အမှတ်တရ အလေးပြုလိုက်ပါတယ်။

ရဲဘော်တင်ရွှေ ရောက်ရာဘ၀မှာ သူအသက်ပေးပြီး တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးဘ၀ကို အပြည့်အ၀ရရှိပါစေသတည်း။

မောင်စွမ်းရည်
ဧပြီ ၂၊ ၂၀၀၈၊ နယူယောက်။

Twitter Delicious Facebook Digg Stumbleupon Favorites More