Sunday, April 20, 2008

FREE BURMAတီရှပ်ဝတ်ဆင်၍ ဂျပန်အဆိုတော်များ ဖျော်ဖြေပွဲပြုလုပ်


၂၀၀၇ ခုနှစ်၌ မြန်မာပြည်တွင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာသံဃာသပိတ်ကို မမေ့ပျောက်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နှင့် ဂျပန်အဆိုတော် Okuda Tamio Sanနှင့် Takaki Sanတို့က ယနေ့(၁၉ ရက်၊ စနေနေ့) ကျင်းပပြုလုပ်သည့် Earth Dayအထိမ်းအမှတ်ပွဲတွင် FREE BURMA တီရှပ်အင်္ကျီဝတ်ဆင်၍ ဖျော်ဖြေခဲ့ကြပါတယ်။ အဆိုပါပွဲကို တိုကျိုမြို့၊ Yoyogiပန်းခြံ၌ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံတကာမှ NGOအဖွဲ့အစည်းများ၊ ဂျပန်ရှိ ကမ္ဘာ့ပါတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကမ္ဘာကြီးငြိမ်းချမ်းသာယာရေးဆိုသော ရည်ရွယ်ချက်ဖြင့် အထိမ်းအမှတ်ပြခန်းများနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ တည်ခင်းရောင်းချကြခြင်း ဖြစ်ပြီး တိုးမပေါက်အောင်စည်ကားလှပါတယ်။


Okuda Tamio Sanနှင့် Takaki San၏ဂီတဖျော်ဖြေခြင်းအစီအစဉ်ကို နေ့လယ်(၂)နာရီမှ (၃)နာရီအထိ သီဆိုဖျော်ဖြေသွားခဲ့ပြီး ကျနော်တို့အခုလိုဖျော်ဖြေရတာကတော့ ဗုဒ္ဓသာသနာထွန်းကားတဲ့မြန်မာပြည် ထဲမှာ သံဃာတော်တွေဟာ မြန်မာပြည်ကြီးငြိမ်းချမ်းဖို့ အေးချမ်းစွာမေတ္တာပို့ခဲ့ကြတာကို မယုံကြည် နိုင်လောက်အောင် ရက်ရက်စက်စက်သတ်ဖြတ်ခံခဲ့ရပါတယ်။ အခု တီဗွီသတင်းမှာ နေ့စဉ်ဖော်ပြနေ တဲ့ တိဗက်သံဃာတော်တွေကို တရုတ်အစိုးရကအကြမ်းဖက်နှိမ်နှင်းသလိုမျိုးပါပဲ။ ကျနော်တို့ဂျပန် နိုင်ငံဟာလည်း ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကြသူများပါတယ်။ ဒါကြောင့် မြန်မာပြည်က ဗုဒ္ဓ သံဃာတော်တွေရဲ့ ငြိမ်းချမ်းရေးအတွက်လုပ်ဆောင်ချက်တွေကို လေးစားတဲ့အနေနဲ့ FREE BURMA တီရှပ်ဝတ်ပြီးဖျော်ဖြေမှာပါ။ တီရှပ်အင်္ကျီတွေကိုလည်းဝယ်ယူအားပေးကြပါ။ အမြတ်ငွေတွေကိုလည်း နော်ဝေမှာရှိတဲ့ မြန်မာပြည်ဒီမိုကရေစီရေးအတွက် အသံလွှင့်နေတဲ့ Democratic Voice of Burmaကို လှူ တန်းမှာဖြစ်ပါတယ်လို့ ဖျော်ဖြေပွဲမစတင်မှီ စင်ပေါ်ကနေ ပြောဆိုကြေငြာသွားခဲ့ပါတယ်။



ပီကင်းအိုလံပစ်ပွဲမကျင်းပမှီ လူ့အခွင့်အရေးလေးစားဖို့ဆိုတဲ့ရည်ရွယ်ချက်များနှင့် Amnesty International (Japan)မှ Sign Campaignပြုလုပ်နေစဉ်(၀ဲ) FREE BURMAတီရှပ်ဝတ်ပြီး လာရောက်အားပေးကြည့်ရှုကြသူများ


“ဒီပွဲကိုမြန်မာတွေအများကြီးလာပြီး အားပေးကြည့်ရှုသင့်တယ်…ဟု မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (People's Forum of Burma) မှ Miyazawa Sanက မြန်မာ့အရေးကို နိုင်ငံတကာမှစိတ်ဝင်စားသည့်အတိုင်း မြန်မာလူမျိုးများ လည်း စိတ်ပါဝင်စားဖို့လိုကြောင်းကို ယခုပွဲနှင့်ပါတ်သတ်၍ သူမ၏အမြင်ကိုပြောပြပါတယ်။

ယခုပွဲတွင် ဘေဂျင်းအိုလံပစ်ကိုဆန်ကျင်ကန့်ကွက်သည့် Sign Campaignကိုလည်း Amnesty International (Japan)မှ ဦးဆောင်ပြုလုပ်ခဲ့ပြီး FREE BURMAတီရှပ်များကိုလည်း တစ်ထည်လျင် ယန်း(၃၉၀၀)ဖြင့်ရောင်းချ၍ ယင်းထဲမှ ယန်းတစ်ထောင်ကို ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)သို့ ပေးပို့လှူတါန်းမှာဖြစ်ကြောင်း သိရှိရပါတယ်။

ပေးပို့သူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More