This is default featured post 1 title

Aung San Suu Kyi. The Nobel Peace Prize 2012

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, November 13, 2010

ဆုံမှတ်

အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...

ရှိပါတယ်အမေ...
ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါသေးတယ်...
သူတို့လည်း နေကောင်းကြပါရဲ့

တချို့ကတော့
နိုင်ငံသားပြောင်းလဲခံယူရင်း
မြန်မာပြည်ကို ချစ်နေကြတုန်းပဲ အမေ
ဇာတိမြေကို အလည်အပတ်ပြန်တိုင်း
“အရင်အတိုင်းပဲနော်” လို့
ဝတ်ကျေတန်းကျေနှုတ်ဆက်
ဈေးဝယ်မပျက်ကြပါဘူး

တချို့ကတော့
ဒုက္ခသည်ယောင်ဆောင်ရင်း
(သူတို့အရေးအတွက်) ဒို့အရေး ဒို့အရေးနဲ့
နယူးယောက်ကနေ
အမေ့ လွတ်မြောက်ရေး ကြိုးပမ်းနေကြပါသတဲ့။

အမေ့ပါတီလည်း ရှိပါသေးတယ် အမေ...
တချို့က မဲဆွယ်တုန်းမှာ တချို့က မဲမပေးဖို့ပြော
ပါတီဖျက်သိမ်းခိုင်းကာမှ မွေးနေ့ပွဲလုပ်နဲ့
ကြေညာချက်မထုတ်တော့တာကလွဲရင်
အရင်လို ခမ်းခမ်းနားနားပါပဲ အမေ...

ရန်ကုန်ကတော့ ခြူချာရှာတယ်အမေ...
ဦးနှောက်ယိုစီးမှုကို ကုစားတုန်း အေအိုင်ဒီအက်စ်ဖြစ်
မီးစက်မောင်းသံတွေကြားက “စခန်းခဏလိုက်ခဲ့ပါ” ခေါ်လိုခေါ်
ဆယ်တန်းသမားတွေက အနှိပ်ခန်းမှာစာကျက်
တချို့က ထမင်းမချက်နိုင်တော့
ထမင်းရည်ဝယ်သောက်ကြရတယ် အမေ
ဘာပဲပြောပြော အမေ
ရန်ကုန်မှာ ကျော်သူနဲ့ ထောင်မှူး
သူတို့နှစ်ဦးလောက်တော့
ဘယ်သူမှ အလုပ်မများဘူးလေ

အမေ
အမေမရှိတုန်း ကျွန်တော်တို့ နာဂစ်ကို သိသွားတယ်
ရွှေဝါရောင်၊ အီလက်ထရောနစ်ဥပဒေ၊ နယ်ခြားစောင့်တပ်၊
ရွေးကောက်ပွဲ၊ နေပြည်တော် - ဒါတွေနဲ့လည်း ရင်းနှီးသွားတယ်
အပြောင်းအလဲတွေကတော့
အများကြီးပေါ့အမေရယ်
ရန်ကုန်မှာ မွေးခဲ့တဲ့လူတွေက
နိုင်ငံခြားသားလုပ်ပြီး ပြန်လာ
ဇာတိကို ရွံရှာသလိုလိုနဲ့ပြန်ကြည့်
မချိပေမယ့် မပြောသာပါဘူး အမေ
ကျွန်တော်တို့က နိမ့်ပါးချိန်ကို။

အမေ
ကျွန်တော်တို့ တိုက်ပွဲမှာ
ခဏခဏကျဆုံးပေးနေရတာက
ပြက္ခဒိန်စာရွက်တွေပါ အမေ
ဟောတစ်ရွက် ဟောတစ်ရွက်နဲ့
ဆုတ်ဖြဲပစ်နေလိုက်ကြတာ ...
အဲဒါ ရက်ရာဇာတွေချည်းပဲဆိုတာ
ကျွန်တော်တို့ အသိနောက်ကျခဲ့ပါတယ် အမေ

အမေ
ပြောကြည့်ပါရစေ
ကျွန်တော်မျှော်လင့်နေတာကလေ
ဒီမိုကရေစီလည်း ဟုတ်ချင်မှဟုတ်မယ်
ငြိမ်းချမ်းရေးလည်း ပါချင်မှပါမယ်
အစည်းအဝေးလည်း တက်ချင်မှတက်ရပါလိမ့်မယ် အမေ
ဒါပေမယ့်
နိုင်ငံသားတွေ နိုင်ငံခြားသား ဖြစ်စရာမလိုတော့တဲ့နေ့
ဒုက္ခသည်တွေ ဒုက္ခသယ်စရာမလိုတော့တဲ့နေ့
နှစ်ယောက်ရှိရင် သုံးဖွဲ့မကွဲတော့တဲ့နေ့
ပညာတတ်ရင် ထမင်းမငတ်တဲ့နေ့
အရောင်မတူတာကို ရန်သူလို့ မသတ်မှတ်တဲ့နေ့
အဲဒီနေ့ကိုပါ အမေ

ကျွန်တော်လဲသွားရင် အမေထူပေးပါ
အမေ့အားနဲ့ မနေမနားကြိုစားစမ်းပါ့မယ်
ကျွန်တော်တို့အားလုံး ရန်ကုန်မှာ ပြန်ဆုံကြဖို့လေ။


(ကမ္ဘာစိုးမင်း)

Thursday, November 11, 2010

ဦးခွန်ထွန်းဦးနှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန်တောင်းဆိုခြင်း


၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်နှင့်(၉ ) ရက် နေ့များတွင် နအဖ စစ်အုပ်စု၏ မတရားစွပ်စွဲချက်များနှင့်အတူပုဒ်မအမျိုးမျိုးတပ်ကာသွားလာမူခက်ခဲသည့်ဒေသအသီးသီးရှိအကျဉ်းထောင်များတွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံခဲ့ကြရသော ပြည်သူ့လွတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်းဖြစ် သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥကဌ လည်းဖြစ်သူ ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်းဆောင် (၈)ဦး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား များလွတ်မြောက်ရေးအတွက် တောင်းဆိုခြင်းကို ယနေ့ နိုဝင်ဘာလ (၉) ရက်နေ့ တွင် ဂျပန်ရောက် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (ဂျပန်) (AUN – JAPAN )၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်)(SND-JAPAN ) နှင့်အတူ သျှမ်းပြည်နယ်တိုင်းရင်းသားမျာဒီမိုကရေစီအဖွဲ့ (ဂျပန်) (SSND- JAPAN) တို့၏ပူးပေါင်းဦးဆောင်မှုဖြင့် TOKYO ရှိ SHIBUYA ရပ်ကွက်တွင်ရှိသော ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
ပြီးခဲ့သည့်စက်တင်ဘာလတွင်အသက် (၆၇)နှစ်ပြည့်ခဲ့ပြီဖြစ်သော ဦးခွန်ထွန်းဦးသည် ချမ်းအေးလှသော မြန်မာနိုင်ငံမြောက်ဖျား ၊ ကချင်ပြည်နယ် ပူတာအိုမြို့တွင် ထောင်ဒဏ် (၉၃)နှစ် ဖြင့် ဆက်လက်ထိန်းသိမ်းခြင်းခံနေရပြီး အခြားသျှမ်းတိုင်းရင်းသားခေါင်းဆောင်များမှာလည်း သွားလာမှုခက်ခဲသည့်ဒေသအသီးသီးရှိ အကျဉ်းထောင်များတွင် ထောင်ဒဏ် (၇၅) နှစ်မှ (၁၀၆) နှစ်အထိ ဆက်လက်ချုပ်နှောင်ခြင်းခံနေကြရသည်။
နိုင်ငံရေးအကျဉ်းချထားခြင်းခံနေရသော ရှမ်းပြည်နယ်မှခေါင်းဆောင်အများစုမှာ အသက်အရွယ်ကြီးရင့်သူများဖြစ်သော ကြောင့် သူတို့၏ကျန်းမာရေးအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေပါသည်။ ထို့အပြင် ထောင်တွင်းရှိ သူတို့၏ကျန်းမာရေးအခြေအနေ များကိုဆရာဝန်များနှင့် သေချာစစ်ဆေးပြသခွင့်မရသလို အိုင်စီအာရ် စီအပါအဝင် မည်သည့် NGO နှင့် ကျန်းမာရေးအဖွဲ့  အစည်းမှ အကျဉ်းထောင်သို့ သွားရောက်လည်ပတ်ကြည့် ရှု စစ်ဆေးခြင်းမရှိခဲ့ခြင်းတို့ကြောင့် ရောဂါဝေဒနာဒဏ်ကို ထောင်တွင်း တွင် ခံစားနေရမည်မှာ သေချာမလွဲပင် ဖြစ်ပေလိမ့်မည်။
စစ်မှန်သောတရားမျှတခြင်းနှင့် လွတ်လပ်ခြင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး အဖိအနှိပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီ ရရှိရေးတို့အတွက် သံတိုင်ကြားမှ ရဲရဲတောက်တိုက်ပွဲဝင်လျှက်ရှိ သော ဦးခွန်ထွန်းဦး၊ သျှမ်းတိုင်းရင်းသားခေါင်းဆောင်များနှင့် အတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်း သားများလွတ်မြောက်ရန် အတွက် တောင်းဆိုမှုများကို လစဉ်လတိုင်းပြုလုပ်သွားမည်ဖြစ်ပါသည်။
နန်းအိမွန်ချစ်

Monday, November 8, 2010

Sunday, November 7, 2010

၂၀၁၀ ရွေးကောက်ပွဲကို ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆန္ဒပြပွဲ

(Boycott 6-11-2010)-1 japan



(Boycott 6-11-2010)-2 japan



(Boycott 6-11-2010)-2 japan

Sunday, October 31, 2010

Maehara renews call for Myanmar's early release of Suu Kyi

HANOI —
Japan urged Myanmar again Saturday to release pro-democracy icon Aung San Suu Kyi, a Japanese government official said.
Foreign Minister Seiji Maehara made the call to his Myanmar counterpart Nyan Win during talks on the sidelines of a series of regional meetings involving Myanmar and other members of the Association of Southeast Asian Nations and their dialogue partners. Nyan Win did not give any clear response to Japan’s renewed call to release Suu Kyi, the official said.
Suu Kyi has been detained, mostly under house arrest, for most of the past two decades since her National League for Democracy won a landslide victory in elections in 1990.
Maehara was also quoted as urging Myanmar to make final efforts to conduct the Nov 7 election in an ‘‘open and fair’’ manner.

ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း(သရော်စာ)

မှတ်ချက်။ 
သရော်စာဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိပါက တိုက်ဆိုင်သွားသူများကိုသာ တိုက်ရိုက်ရည်ညွန်းပါသည်။

(နိဒါန်း)
ကျွန်ုပ်ကို လူထုက ဘုရင်ရူး၊ မင်းတြားရူး၊ မယားကြောက်ရူး၊ အာဏာရူး၊ ယတြာရူး။ ပါဝါရူး၊ ဥစ္စရူး စသဖြင့် အရူးပဒေသာဘွဲ့ကို ပေးအပ်ထားရုံသာမက ပေါတာကြီး၊ မြုံစိစိနဲ့ ထုံပေပေကြီး လူရမ်းကားကြီး စသဖြင့် လည်း ထောပနာပြုကြပေသည်။ ကျွန်ုပ်သည် စစ်တိုက်ဖို့နဲ့ လွှတ်မိုက်ဖို့ပဲ သိသူအဖြစ် ထင်ရှားလင့်ကစား ကျွန်ုပ်၏ ရင်တွင်းဝယ် အနုပညာစိတ်လည်း ကိန်းအောင်းနေပေသည်တမုံ့။ အားလပ်ချိန်များတွင် ဂိမ်းကစားခြင်း၊ ကြွက်နှင့်ကြောင် ကာတွန်းကားကို တရှိုက်မက်မက်ကြည့်ရှုအားပေးခြင်းသာမက ရံဖန်ရံခါ တေးသီချင်း ရေးစပ် ခြင်း စာကဗျာရေးစပ်ခြင်းကိုလည်း ၀ါသနာထုံကြောင်းကိုကား သိသူ အလွန်နည်းပေသည်။

ကျွန်ုပ်သည် မကြာတော့သော အချိန်ကာလတွင် ဘ၀နေ၀င်ချိန်ရောက်ရှိတော့မည့်အဖြစ်ကို ကစင့်ကလျား သတိပြုမိခြင်းနှင့်အတူ မင်းတြားကြီး အဖြစ်မှ မကြာမီ သိုးဆောင်းစကားဖြင့် (ရီတိုင်းယာ)ခေါ် အနားယူ  အနိုင်ပိုင်းတော့မည်ဟု ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပေသည်။

အလျဉ်းသင့်၍ ဖေါ်ပြရလျှင် ကျွန်ုပ် ဤလောကမှ အနားယူသင့်ပြီမှန်သော်လည်း ကျွန်ုပ်ဖြစ်ချင်သော အရာတခုက ရှိနေပေသည်။ ယင်းမှာ ကျွန်ုပ်သည် ဆင်ဖြူငါးစီးကို ပိုင်ဆိုင်ထားလင့်ကစား ဆင်ဖြူခြောက်စီး သာ ပိုင်ဆိုင်ခဲ့သော် ရှေးရှေး မင်းတို့ ထက်သာလွန်အောင် ခြောက်စီးရှင် မင်းတြားကြီး ဟု သမုတ်ခေါ်ဝေါ်ခံလိုချင်းဖြစ် ပေသည်။ ပမာပြရသော် အကယ်ဒမီ ငါးဆုရထားသူက ၆ ဆုရယူလိုသည့်ဆန္ဒကဲ့သို့သာတည်း။ ကျွန်ုပ်ကို အများ က “ခြောက်စီးရှင် မင်းတြားကြီး” “ခြောက်စီးရှင် မင်းတြားကြီး” ဟု ခေါ်ဝေါ်ခဲ့သော် မည်မျှ နားဝင်ချိုပေမည်နည်း။ မည်မျှ နားအရသာရှိပေမည်နည်းဟု “ခြောက်စီးရှင် မင်းတြားကြီး” ဘ၀ကို ဖြစ်လိုသည့် အာသီသ ရှိကြောင်းကို  ၀န်ခံလိုပေသည်။ (စကားချပ်)

ရှိစေတော့..။ “ခြောက်စီးရှင် မင်းတြားကြီး” ဖြစ်မို့ဆိုသည်မှာ မျှော်လင့်ချက် အလွန်နည်းပေသည်။ ရာဇ၀င်တွင် ငါးစီးရှင်မင်းတြားတို့သည် ငါးစီးပိုင်ဆိုင်ပြီး မကြာမီ ထီးနန်းစွန့်ရသူချည်းဖြစ်ပေရာ ကျွန်ုပ်လည်း ထီးနန်းစွန့်ရ တော့မည့်အဖြစ်ကို သဘာဝကျကျ နားလည်လက်ခံထားပြီးဖြစ်ပေသည်။

ထိုသို့ ထီးနန်းမစွန့်ခင် ကျွန်ုပ်အကြောင်းကို နောင်လာနောင်သားများ ပြောဆိုကြရာတွင် “ငါးစီးရှင်ကျော်စွာ” သည် ကာချင်းများကို ရေးသားခဲ့သလို “ငါးစီးရှင် ကျောက်ဆည်” သည်လည်း ကာချင်းများရေးသားခဲ့ပေသည် ဟု သမိုင်းတွင်ချင်သဖြင့် ကျွန်ုပ်သည် ကဗျာများကို လေ့လာဖတ်ရှုကာ ကာချင်းများရေးသားနိုင်အောင် အားထုတ် ခဲ့ ပေသည်။ ပင်းယခေတ်တွင် ကာချင်းပေါ်ခဲ့သလို မင်းရွ ခေတ်တွင်လည်းကာချင်းပေါ်ခဲ့ချင်ပေသည်။ ထို့ကြောင့် ကျွန်ုပ်ကြိုးစားအားထုတ်ခဲ့ပါသည်။

မင်းရွခေတ် ငါးစီးရှင် ကျောက်ဆည်မင်း ရေးသားသော ကာချင်းကို အောက်ပါအတိုင်း မှတ်တမ်းတင်အပ်ပါသည်။ အယ်ဒီတာမင်းတို့ ဖေါ်ပြကြပါကုန်။ (စာမူခလည်း ပေးကြပါကုန်။ ဤကား စကားချပ်-ဟီဟိ)


ကာချင်ကိုရွတ်ဆိုရာတွင်  ဇာတိမာန်တက်ကြွအောင်  ရှေးက လက်တဖက်က ကာကိုကိုင်၍ အခြားလက်တ ဖက်တွင် ဓါး၊ လှံကိုကိုင်ကာ သီဆိုခဲ့ပေရာ ရဲတော်တို့က သေနတ်ကိုင်၍ သီဆိုကြပါကုန်..။

မင်းရွခေတ်-- ငါးစီးရှင်ကျောက်ဆည်၏ ကာချင်း

ချာဝတိံသာ နန့်ရွာလော ငရဲရွာလော ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး
ဟုတ်တည်း ချုပ်ကြီး ချုပ်ကြီး
ကြပ်ပြေးဟူသည် ပူသည်ပူသည်။
ကြပ်ပြေးနေပြည် ပူအိုက်နေ ကာရာအိုကေ အရက်ပေါကြွယ်
စစ်ဗိုလ်မူးမူး ခွေးကမြူး ဖုန်ထူဖာပေါတယ် ဖာပေါတယ်
ညချမ်းခါကို ပါတီဆို ခွက်ပုန်းမော့ကြမယ် မော့ကြမယ်
လျှပ်စစ်မီးဆို ထိန်ထိန်ပို တို့တွေပျော်ကြတယ် ပျော်ကြတယ်
တပ်မတော်နေ့ဆို ကညာပျို မော်ဒယ်မလေးရယ် မလေးရယ်
ကမြူးဟစ်ခုန် ကဲကြပုံ တော်သလင်းလသို့နှယ် လသို့နှယ်။
စုကြ၀ိုင်းအုံ ကတော်စုံ ပိုကာဆွဲကြတယ် ဆွဲကြတယ်။
သားနှင့်မြေးစုံ ပျော်ကြပုံ ရာဘဆေးချတယ် ဆေးချတယ်။
မကောင်းလော မသိလော မတွေ့လော..။

တိုင်းပြည်တွင်းမှာ ဆူသည် ဆူသည်။
မုန်းတိုင်းတိုက်လေ ရေကြီးလေ လူတွေသေကြတယ် သေကြတယ်။
မြို့ရွာအနှံ့စုံ မကြာမကြာကို အလွန်ဗုံးပေါက်တယ် ဗုံးပေါက်တယ်။
သွေးလွန်တုပ်ကွေး ကြက်တုပ်ကွေး လူနာတွေပေါကြွယ်
ဝမ်းလျှောဖျားနာပုံ ရောဂါစုံ အလွန်ထိတ်လန့်ဖွယ် ထိတ်လန့်ဖွယ်
သူခိုးဓါးပြစုံ ခါးပိုက်နှိုက်အစုံ လူလိမ်တွေပေါကြွယ် အလွန်ပေါကြွယ်
ဘုန်းကြီးဆွမ်းခံ မြင်ရပြန် လှူရန် ရှားလှတယ် ရှားလှတယ်
မြို့ရောတောမကျန် မီးကမမှန် မှောင်နဲ့မည်းမည်းရယ် မည်းမည်းရယ်
စားနေ၀တ်ဒဏ် အလူးအလဲခံ ထမင်းရည်သောက်ကြတယ် သောက်ကြတယ်
မကောင်းလော မသိလော မတွေ့လော..။

ရွေးကောက်ပွဲမှာ လိမ်သည် လိမ်သည်
ရွေးကောက်ပွဲသံ ဆူညံညံ လူတွေရယ်ကြတယ်။
ချော့ခြောက်ပေးဘုန်း မဲစည်းရုံး ကြံ့ဖွတ်လုပ်နေတယ် လုပ်နေတယ်
လမ်းတ၀က်ခင်းကာ မဲထည့်ပါ မဲရမှလမ်းခင်းပေးမယ် ခင်းပေးမယ်
မဲပေးကြလျှင် ဗလီပင် ယခုပင် ဆောက်ပေးမယ် ဆောက်ပေးမယ်
မဲမပေးလျှင် သိစေချင် အလုပ်တွေ ဖြုတ်ပစ်မယ် ဖြုတ်ပစ်မယ်
မဲမပေးကြရန် အတိုက်အခံ ပြောရင် ဖမ်းချုပ်မယ် ဖမ်းချုပ်မယ်
လမ်းခွဲထွက်သွား ဒီမိုသမား ညစ်သမျှ ခံရတယ် ခံရတယ်
ကြံ့ဖွတ်ဆိုလျှင် လူတိုင်းချဉ် မိုက်ရင်မဲပေးကွယ် မဲပေးကွယ်
မလိမ်လော မညာလော မညစ်လော

တို့တိုင်းပြည်ရွာ တို့မြန်မာတို့ စစ်ကျွန်ဖြစ်ကာ မစည်းရုံးပါ၍ ခံရသည်ချည်း ခံဖက်တည်း။


ငါးစီးရှင် ကျောက်ဆည်

Thursday, October 28, 2010

နအဖ၏၂၀၁၀ ရွေးကောက်ပွဲအား ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားသူများ ကန့်ကွက်ဆန္ဒပြ

လာမည့်နိုဝင်ဘာလ(၇)ရက်နေ့တွင် မြန်မာ့ပြည်သူလူထုတစ်ရပ်လုံးကို စစ်ကျွန်ဘဝသို့ ထာဝရအသက်သွင်းမည့် နအဖ၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဆန္ဒပြသည့်စီတန်းလှည့်လည်ခြင်းကို ယနေ့အောက်တိုဘာလ(၂၇)ရက်နေ့တွင် ဂျပန်ရောက်မြန်မာအဖွဲ့အစည်းများပူးပေါင်းပါဝင်ထားသည့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီမှ ဦးဆောင်ကာ ဂျပန်ရောက်မြန်မာ့ဒီမိုအရေးလှုပ်ရှားသူများနှင့်အတူ မြန်မာ့ရေးရာရုံး(ဂျပန်)၊ မြန်မာ့ဒီမိုအရေးကိုအစဉ်အားပေး ကူညီနေသော ဂျပန်အဖွဲ့အစည်းများဖြစ်သည့် ဂျပန်အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်(RINGO)၊ မြန်မာ့ရေးရာပြည်သူ့အဖွဲ့ (PFB)၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းသာခွင့်အဖွဲ့(ဂျပန်)၊ HUMAN RIGHTS NOW၊HUMAN RIGHTS WATCH စသည့်အဖွဲ့အစည်းတို့မှ ပါဝင်ပူးပေါင်း ခဲ့ကြပါသည်။


ယနေ့အောက်တိုဘာလ (၂၇)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့်စီတန်းလှည့်လည်ဆန္ဒပြခြင်းကို ROPPONGIရှိMikawadi ပန်းခြံမှ နေ့လည် ၂ နာရီခွဲမှစတင်ထွက်ခွာခဲ့ပါသည်။ ချီတက်ရာလမ်းတစ်လျှောက်တွင် ဂျပန်ဘာသာဖြင့် ”၂၀၁၀ အတုအယောင်ရွေးကောက်ပွဲအားအလိုမရှိ၊ ဒေါ်အောင်ဆန်းစုကြည်အားလွတ်ပေးရန်၊ နအဖစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်တာကို ရပ်ဆိုင်းပေးရန်၊ ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စု၏လုပ်ရပ်များကန့် ကွက် ရန်”တို့ကိုကြွေးကြော်ကာ လွှတ်တော်၊ နိုင်ငံခြားရေးရာရုံးတို့ ဖြတ်သန်းချီတက်ခဲ့ရာ HIBIYA ပန်းခြံတွင်အဆုံးသတ်ခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်
မှတ်တမ်းဓါတ်ပုံ-ဦးသန်းဝင်း၊ မင်းညိုဝမ်း

Wednesday, October 27, 2010

ကြံ့/ဖွံ့ပါတီ နှင့် တစညပါတီ တို့ ၂၀၁၀ ရွေးကောက်ပွဲ အတွက် စကားစစ်ထိုးပွဲ


ကြံ့ဖွံ့ နှင့် တစည ပါတီတို့၏ ပြည်သူအပေါ်ထားတဲ့ ရင်ဘက်ထဲက လာတဲ့ အလိမ်အညာ အကောက်အကျစ်များကို ပြည်သူလူထု တရပ်လုံးသိရှိစေရန်အတွက်
ဘလော့ဂါများ၊မီဒီယာများမှ ဆက်လက် တင်ဆက် ဖြန့်ဝေပေးစေချင်ပါတယ်။
မည်သည့်စစ်အာဏာရှင်မှ လူထုကို မထိခိုက်စေရ။
လူထုတရပ်လုံးအတွက်စတေးခံ
အကောင်းဆုံးမြေသြဇာအဖွဲ့

Saturday, October 23, 2010

ဝက်အူလှည့် ရွေးကောက်ပွဲ(သာဓု)

ခေတ်မှာ ဖ ဆ ပ လ တို့ ဘုန်းတန်ခိုးထွားနေသည့် အခါသမယ။ ပထမ ဆုံး မြူရွေးကောက်ပွဲ ပြုလုပ်တော့မည့်အချိန် 'သာဓုက စာရေးဆရာပေါက်စ ဖြစ်နေဆဲကာလ။ တစ်နေ့တွင် ကျားကူးကွက်သစ် သာဓုတို့နှင့် မလှမ်းမကမ်း တွင်နေသော ကိုလှပို မသန်း (ယခု မောင်မော် ဘရားသား၊ ဗိုလ်ချုပ်ဈေး) တို့ နှင့်အတူ သခင်သိန်းမောင်ဆိုသူ (ယခင်က မသိဖူးသော) ရပ်ကွက်မိတ်ဆွေ သာဓုထံ ရောက်လာကာ . . .

    'ဒီမှာဗျ ဆရာ ဦးသာဓု၊ ခု မြူရွေးကောက်ပွဲမှာ ဝင်အရွေးခံပါလား'

    

ရုတ်တရက် သာဓု အံသြသင့်သွားသည်။။ ဂျပန်ခေတ် လွတ်လပ်သော ရုပ်သေးအစိုးရ ဖွဲ့ပြီးသည်မှစ၍ ပါတီနိုင်ငံရေးကို စိတ်ဒုံးဒုံးချ ကျောခိုင်းခဲ့သူ သာဓုအဖို့ အဆန်းလို ဖြစ်သွား၏။

    အလျဉ်းသင့်၍ အနည်းငယ် ရှင်းပြရန် လိုအပ်လာသည်မှာ အထက်၌ 'ပါတီနိုင်ငံရေး' ဟု ဆိုခဲ့သည့်အတိုင်း အလွန်ကျဉ်းမြောင်းသော၊ အာဏာရရေး သာ အဓိကဖြစ်နေသော၊ ပါတီမှိုလိုပွနေသော နိုင်ငံရေးကို သာဓု ကျောခိုင်းခဲ့ ခြင်း ဖြစ်၏။

    ဤတွင် ထပ်၍ရှင်းရန် လိုလာပြန်သည်မှာ ယခုစာအုပ်တစ်နေရာတွင် ဖော် ပြထားသည့်အတိုင်း နိုင်ငံရေး၊ လူမှုရေး၊ ဆက်ဆံရေး၊ ရဲဘော်စိတ်ဓာတ်ခိုင်မာ ရေး စသည့် အကြောင်းတစ်ခုခုကြောင့် သို့မဟုတ် အားလုံးကြောင့် သာဓုသည် သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်မြ၊ သခင်လေးမောင် စသူ တို့နှင့် စိတ်သဘောထားချင်း မဟပ်မိကြစေကာမူ သူတို့တစ်တွေ ဘာကောင်မျှ မဟုတ်ကြသောအခါ (ဝါ) သူလိုငါလို သာမန်အရပ်သားများဘဝသို့ ပြန်ရောက် လာသောအခါတွင်ကား ခေါ်ပြောနှုတ်ဆက်မှု ရှိလာကြပြန်သည်။

    တစ်ခါက သာဓု 'ဘု' မှုတ်ခဲ့သဖြင့် အလွန်ဒေါသဖြစ်သွားသော ဂျပန် ခေတ်ဝန်ကြီး သခင်သန်းထွန်းသည် အင်္ဂလိပ်များ ပြန်ဝင်လာသည့်နှင့် သူ ဆိုက်ကားကလေးစီးပြီး ခရီးနှင်နေရရှာသည်။ တစ်ညနေ သာဓုက ဗဟန်းဈေး သို့ ပူတူတူး ပေါင်ဒါများ သွားပို့စဉ် သခင်သန်းထွန်းကို ဆိုက်ကားပေါ် တွေ့ လိုက်ရသဖြင့် သာဓုကပင် လှမ်းခေါ်ပြီး လက်ဖက်ရည်သောက် ဖိတ်ရာ . . .

    'အတော်ပဲ၊ ကျွန်တော် ခင်ဗျားနဲ့ တွေ့ချင်နေတာ' ဟု သူက အပြုံးနှင့် လက်ခံ၏။

    လက်ဖက်ရည်ဆိုင်ထဲ ရောက်ကြလေပြီ။ သာဓုအား နိဒါန်းပျိုးစရာမလို၊ မကြိုက်ကြောင်း သူသိထားသည့်အတိုင်း . . .

    'ခု ကျွန်တော်တို့ ကွန်မြူနစ်ပါတီ ဖွဲ့စည်းပြီးပြီ၊ အတော်လည်း ခရီးရောက် နေပြီ၊ သခင်ဖေသန်း၊ ကျွန်တော်တို့နဲ့ တွဲလုပ်ပါလား'

    ကွန်မြူနစ်ပါတီဝင်ရန် သာဓုကို သူက ကမ်းလှမ်းသည်။ သာမန်အခွင့် အရေး မဟုတ်သည်ကို သာဓုနားလည်၏။ သခင်သန်းထွန်းတို့ အုပ်စုသည် ကွန်မြူနစ်ပါတီသို့ ပေါ်ပင်သခင် ပေါ်ပင်နိုင်ငံရေးသမားများကို လက်မခံ။

    သို့တိုင်အောင် သာဓုမှာ ပါတီနိုင်ငံရေးကို လုပ်လိုစိတ် မရှိတော့သော ကြောင့် သူ၏ဖိတ်ခေါ်ချက်ကို သာဓု ဂုဏ်ယူမိကြောင်းနှင့် အခြေအနေက မပေး သေး၍ မပါဝင်လိုသေးကြောင်း ငြင်းဆန်လိုက်ရာ . . .

    'စဉ်းစားပါဦး သခင်ဖေသန်းရာ၊ ခင်ဗျားလိုလူတစ်ယောက် ကျွန်တော်တို့ ရမယ်ဆိုရင်'

    သို့လျှင် စကားအဆုံးမသတ်သေးဘဲ တွေနေပြီးမှ သာဓုကို ဆက်၍ အမွှန်း တင်နေတော့၏။

    'သိပ်လဲထင်မထားပါနဲ့ဗျာ၊ ကျွန်တော်လည်း သူလိုငါလို'

    'မဟုတ်ဘူး သခင်ဖေသန်း၊ ခင်ဗျားကို ကျွန်တော် သေသေချာချာ နား လည်ထားတယ်၊ စစ်မဖြစ်မီ အင်္ဂလိပ်ခေတ်တုန်းက (ဒုတိယ ကမ္ဘာစစ်မတိုင်မိ) ခင်ဗျားတို့ ရန်ကုန်အလယ်ပိုင်း တို့ဗမာ အစည်းအရုံးက ဆုံးဖြတ်ချက်တစ်ခုခု ချလိုက်ရင် တစ်ပြည်လုံး ဂယက်ရိုက်ရုံမကဘူး၊ တို့ဗမာအစည်းအရုံး ဌာနချုပ် ကိုပါ အဖျားခတ်ခတ်သွားတယ်၊ ဒါတွေဟာ ခင်ဗျားလက်ချက်ချည်ပဲ သိတာ ပေါ့'
    (သခင်သန်းထွန်း ဆိုလိုသည့် အကြောင်းအရာ အစုံကို တနေရာတွင် ရှုပါ)

    'ထားပါတော့လေ၊ ခု ကျွန်တော်မှ ပါတီနိုင်ငံရေးကို စိတ်မဝင်စားတော့ဘဲ'

    'ဟုတ်ပြီလေ၊ စိတ်မဝင်စားတာ ဝင်စားတာက ခင်ဗျားဆန္ဒ၊ စိတ်ပါလာ အောင်ဆွဲဆောင်ရမှာက ကျွန်တော့်တာဝန် မဟုတ်လား၊ ဒီတော့ ကျွန်တော် ဇွတ် ပြောရမှာပဲ၊ ဒီမှာ သခင်ဖေသန်း၊ ခင်ဗျားလည်း မှတ်မိမှာပေါ့၊ တရားပွဲ ဟော ပြောပွဲ တစ်ခုခုမှာ ခင်ဗျားနဲ့ ကျွန်တော်တို့ ဆုံမိကြတိုင်း ကျွန်တော်တို့ သခင် သိန်းမောင်ကြီးတို့၊ သခင်အောင်ဆန်းတို့က ဘိုးစိန်ကြီးလို နောက်ဆုံးမှ ထွက် မယ်ဆိုပြီး ခင်ဗျားတို့ကို ရှေ့တန်းတင်ပေးလိုက်ရော၊ ခင်ဗျားက ထိပ်ဆုံးကနေ ဒေါက်ဒေါက်ဒက်ဒက်နဲ့ ပြောချသွားရော၊ ကျွန်တော်တို့အလှည့်ရောက်တော့ ပြောစရာအချက်အလက် မကျန်သလောက် ဖြစ်သွားခဲ့ဖူးတာတွေလေ'

    သာဓုက ခေါင်းညိတ်ရုံ ခေါင်းညိတ်လိုက်သည်။

    'အင်း၊ ကျွန်တော်တို့မှာ 'အဲအဲ သခင်ဖေသန်း ပြောသွားသလိုပါပဲ' နဲ့ ပြီး သွားရတယ်၊ အဲသလို ခင်ဗျား ပိုင်ပိုင်နိုင်နိုင် ပြောတတ်တာရယ်၊ ပြီးတော့ ကျွန်တော် ဝန်ကြီးဘဝမှာတောင် ခင်ဗျား မှန်တယ်ထင်ရာကို ရဲရဲကြီး ပြောချ လိုက်တာရယ်၊ ဒီစိတ်ဓာတ်မျိုး၊ အရည်အချင်းမျိုးရှိတဲ့လူတွေ ကျွန်တော်တို့ အများကြီးလိုတယ်'

    သာဓုကမူ တွင်တွင်သာ ခေါင်းခါခဲ့၏။ (အကယ်၍ ထိုစဉ်ကသာ သူ့ပါတီ ဝင်၊ သူနှင့်အတူ တောခိုခဲ့မိချေက ထို မဟုတ်မခံစိတ်ဓာတ်ကြောင့်ပင် ဖြုတ် ထုတ် သတ်ထဲ ပါသွားမည်မှာ သာဓု အရိုးဆွေးလောက်ပေပြီ။)

သူက ဆက်လက်၍ ဇွတ်ပြောသေးသည်။ သာဓုကလည်း ဇွတ်ပင် ငြင်း ဆန်ရာမှ နောက်ဆုံး 'စဉ်းစားပါ့မယ်ဗျာ' ဟု ပြောလိုက်မှပင် မကျေမနပ် လေသံ ဖြင့် . . .

'အေးလေဗျာ၊ ကျွန်တော်တို့ ကွန်မြူနစ်ဝါဒကို မကြိုက်လို့ဆိုလည်း တစ် ခုခုတော့ လုပ်ဗျာ၊ ခု သခင်မြတို့လည်း ဆိုရှယ်လစ်ပါတီထောင်ကြလိမ့်မယ်၊ ဝင်လုပ်ချင် လုပ်ပါ၊ ဒီအတိုင်းတော့ ဘေးဖယ်မနေစေ့ချင်ဘူး၊ သခင်ဖေသန်းလို လူတစ်ယောက် နိုင်ငံရေးက ကြဉ်သွားတာ တိုင်းပြည်နာတယ်၊ ဖဆပလထဲဖြစ် ဖြစ် ဝင်လုပ်ပေါ့ဗျာ၊ နောက်ဆုံး တိုင်းပြည်အတွက် တစ်ခုခုတော့'

'ဒီစကားကိုတော့ ကျွန်တော် လက်မခံနိုင်ဘူး သခင်သန်းထွန်း၊ ကျွန်တော် နိုင်ငံရေးက ရှောင်ကြဉ်သွားလို့ တိုင်းပြည်နာတယ်ဆိုတာ လွတ်လပ်ရေးဗိမာန် ကြီး တည်ထောင်ရာမှာ အုတ်တစ်ချပ် လပ်သလောက် ရှိမှာပါ၊ ဘယ်သူဝင်ဖြည့် ဖြည့်ရပါတယ်၊ တကယ်လို့ ကျွန်တော်ပါ ဝင်ဆောက်လို့ တစ်ခုခုမှားသွားရင် ဒီ ဗိမာန်ကြီး တစ်စိတ်တစ်ဒေသသော် လည်းကောင်း၊ တစ်ခြမ်းသော်လည်းကောင်း ပျက်စီးသွားနိုင်စရာကော မရှိဘူးလား၊ ခင်ဗျားက ကျွန်တော့်ကို အရေးကြီးတဲ့ အဆင့်မှာထားပြီး ပြောနေတော့ မှားစရာရှိလည်း အရေးကြီးကြီး မှားမယ်မဟုတ် လား'

ဤတွင် သူအဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီးမှ . . .

'ဒါကြောင့် ခင်ဗျားကို လိုချင်တယ် ပြောတာပေါ့၊ အေးလေ ဘာဖြစ်ဖြစ် စဉ်းစားဦးပေါ့ဗျာ၊ တွေ့လည်း တွေ့ကြသေးတာပေါ့ ဟုတ်လား၊ ခင်ဗျားကို ဖြစ် စေချင်တာက တိုင်းပြည်အတွက် တစ်ခုခုတော့'

သို့စကားကို အဆုံးမသတ်ဘဲ ထသည်နှင့် သာဓုက သူ၏ ကိုယ်ရေး ကိုယ် တာ အသုံးစရိတ်ကို စုံစမ်းပြီး ငွေ ၂ဝဝ ကျပ် ပေးလိုက်၏။

ထိုစဉ်က သာဓု ပေါင်ဒါလုပ်ရောင်းနေသည်။ ထိုနေ့ညက တစ်ညလုံး အိပ် မပျော်၊ 'တိုင်းပြည်အတွက် တစ်ခုခုတော့' ဟူသော သခင်သန်းထွန်း၏ စကား သည် နားထဲမှမထွက်ဘဲ ဘာလုပ်ရမည်ကို တွေးမရတိုင်း အိပ်မပျော်နိုင် ဖြစ်နေ ခဲ့ရ၏။

'ခင်ဗျားလိုလူတစ်ယောက် နိုင်ငံရေးက ကြဉ်နေတာ တိုင်းပြည်နာတယ်'

သူ့စကားသည် စင်စစ် သာဓုနှင့် အလှမ်းဝေးလွန်းသည် ထင်၏။ သူ့ပါတီ ဝင်ရန် ပင့်လိုက်ခြင်းလောဟုလည်း တွေး၏။ မည်သို့ဖြစ်စေ တိုင်းပြည်အတွက် တစ်ခုခု လုပ်သင့်သည်ကိုကား သခင်သန်းထွန်း ဖော်လိုက်မှ သာဓု တွေးရန် ပေါ်လာသည်မှာ အမှန်။

တိုင်းပြည်အတွက် 'ဘာတစ်ခုခု' လုပ်ရမည်နည်း။ နောက်ဆုံး အတွေး ပေါက်သည်ကား 'ဘက်မလိုက် သတင်းစာ' တစ်စောင် ထူထောင်ရန် ဖြစ်လျက် အဘက်ဘက်မှ ကျွမ်းကျင်မှု ရယူလိုသေးသည့်အတိုင်း တတ်အားသမျှ ပုံနှိပ် စက်ကလေးတစ်လုံးဖြင့် ပဏာမပျိုးခဲ့ရာမှ တိုင်းရေးပြည်ရာ သတင်းစာအယ်ဒီ တာ မဖြစ်ဘဲ အချစ်အိမ်ထောင်ရေး စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ၏။

ဤသည်လည်း အများပြည်သူတို့၏ အချစ်၊ အိမ်ထောင်ရေး၊ ပြုပြင်ရေး၊ ကိုယ်ကျင့်တရားရေးရာများ ရေးသားနိုင်ခဲ့သည် ဖြစ်သောကြောင့် 'တိုင်းပြည် အတွက် တစ်ခုခု' အနေဖြင့် အကျုံးဝင်သွားပေပြီ။ သခင်သန်းထွန်း၏ စေ့ဆော် ချက်ပင်ဖြစ်၍ 'ကောင်းရာသုဂတိ လားစေသော်' ဟု သာဓု ဆုတောင်းရမည် သာ ဖြစ်၏။ ဆုလည်း အမြဲတောင်းပါ၏။

ထိုနည်းအတိုင်းပင် သခင်မြ၊ သခင်လေးမောင်၊ သခင်အောင်ဆန်း တို့နှင့် လည်း လူလူချင်းအနေဖြင့် သာဓု အခင်အမင် မပျက်ခဲ့။ (တစ်နေရာတွင် ရှုပါ။)

သို့လျှင် သာဓု ပါတီနိုင်ငံရေးကို မလုပ်လိုတော့ဘဲ ပုံနှိပ်စက်ဖွင့်၊ စာအုပ် တိုက်ထောင်ကာ သတင်းစာထုတ်နိုင်ရေး အတွက် လုံးပမ်းနေခိုက် အထက်ပါ အတိုင်း မြူရွေးပွဲဝင်ရန် လာပြောသည်၌

'ဟာ ကျွန်တော် ဝင်အရွေးမခံချင်ဘူး၊ ဒါတွေလည်း မလုပ်ချင်တော့ဘူး၊ ခင်ဗျား ဘာစိတ်ကူးရပြီး လာပြောနေတာလဲ'

'ဒီဖဆပလတွေ ဆောင့်ကြွားကြွားနိုင်လွန်းလို့၊ ပြီး သူတို့လုပ်ပုံတွေလည်း မကြိုက်လို့၊ အဲဒါ မနေ့က တစ်နေ့လုံး၊ ညကလည်း တစ်ညလုံး ကျွန်တော်တို့ ဆွေးနွေးကြတယ်၊ တိုက်ရမှာက မလွယ်လှဘူးဗျ၊ မြို့တော်ဝန်လောင်း ဦးသိမ်း မောင်ကလည်း ဧရာမပုဂ္ဂိုလ် ဖြစ်နေတာနဲ့ သခင်ဖေသန်းကို တိုက်တွန်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်'

'ဟား၊ ကျွန်တော်ကရော ဧရာမပုဂ္ဂိုလ်မို့လား၊ တောက်တီးတောက်တဲ့ဗျာ'

'ခင်ဗျားက စာရေးဆရာ မဟုတ်လား၊ ပရိသတ်ရှိတယ်ဗျ။ အဲဒီတော့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ဗျာ၊ အားလုံး လိုအပ်တာတွေ ကျွန်တော်တို့ စီစဉ် လိုက်မယ်။

အတိုချုပ်လိုက်သော် သာဓု အတန်တန် ငြင်း၏။ မရ။ ဇွတ်အရွေးခံခိုင်း သူများတွင် ဆန်းဦးထွန်းရင်၊ ပန်းပုဦးလွင်၊ ရှုမဝဦးကျော်၊ ကိုကျော်မြတို့လည်း ပါ၏။ ကျားကူး၊ မင်းမနိုင်၊ ယောက်လမ်း၊ ထန်းတောကွက်သစ်သာမက ကန်တို မင်တိုက်နယ်မှ ဖဆဆန့်ကျင်သူ အတော်များများက လာ၍အားပေးကြသည်။ တိုက်တွန်းကြသည်။ ဘကြီးဘဖေ ကိုယ်တိုင်ကပင် လက်ဖက်ရည်သောက် ဖိတ် ၍ ထောက်ခံရင်း . . .

'မောင့်ကို စာရေးဆရာ သာဓုအနေနဲ့ လေးစားလို့ တိုက်တွန်းကြတာနော်၊ မောင်သာဓု အပြတ်အသတ်နိုင်မှာ သေချာတယ်'

ဤအထိ သာဓု စဉ်းစားဆဲပင် ရှိသေး၏။ အကြောင်းသော်ကား သာဓု စိတ်ကို သာဓုသိသည်။ စမိလျှင် နောက်မဆုတ်ချင်။ မြူလူကြီးအရွေးခံရသော် နိုင်ငံရေးစိတ် ပြန်ဝင်လာမည်။ ဆက်တိုက်လုပ်မိချေတော့မည်။ ပါတီ အဖွဲ့ အစည်း တစ်ခုခုသို့ ဝင်ရန် အကြောင်းပေါ်လာမည်။ သာဓုသည် နယ်ချဲ့ကိုသာ တိုက်လိုသည်။ ဗမာအချင်းချင်း ရန်မဖြစ်ချင်။

သို့တိုင်အောင် ဘကြီးဘဖေ၏ နောက်ဆုံးစကားတစ်ခုဖြစ်သော . . .

'အေးလေ မောင်သာဓု စဉ်းစားပေါ့၊ ကိုယ့်ကို လေးစားလို့ တိုက်တွန်းသူ တွေကို ကိုယ်ကလည်း ပြန်လေးစားရမယ် မဟုတ်လား'

ထိုစကားသည် သာဓုအား အလေးအနက် စဉ်းစားခိုင်းသလို ရှိနေသည်၏ အဆုံး၌ အာမခံငွေပါသွင်း၍ အဆင်သင့်လုပ်လာကြသော စာရွက်စာတမ်းများ တွင် သာဓု လက်မှတ်ရေးထိုးလိုက်ကာ အစစ ပြင်ဆင်ရတော့၏။

သတင်းစာများတွင် သာဓု အရွေးခံမည့်အကြောင်း ပါလာပြီး နောက်တစ် နေ့တွင် သခင်လှကျွေ (ဆိုရှယ်နီအဖြစ် ခွဲမထွက်သေး) နှင့် အခြား ဖ ဆ တစ် ဦးတို့ ရောက်လာကာ . . .

'ဟေ့ သခင်ဖေသန်း ဘယ်လိုဖြစ်တာလဲ၊ ခင်ဗျား ဒါတွေပြန်လုပ်ချင်ရင် ပြေပါလားဗျာ၊ ခုတော့ ကျွန်တော်တို့ ရဲဘော်ရဲဘက်ချင်း ထတိုက်သလို ဖြစ်နေ ပြီ၊ သခင်နုကလည်း တွေ့ချင်နေတယ်၊ ခဏလိုက်ခဲ့ပါလားဗျာ'

သာဓု ခေါင်းခါလိုက်၏။ နောက် ရပ်ရွာနှင့် စာပေလူထု၏ ဆန္ဒကို မလွန် ဆန်နိုင်၍ ဝင်လိုက်ရကြောင်း၊ ဖဆကို တိုက်သည်မဟုတ်ဘဲ အမှန်တရား ဆန့် ကျင်သူများကိုသာ ရင်ဆိုင်ရန်ဖြစ်ကြောင်း ပြောလိုက်သဖြင့် တစ်ကြိမ်က အလွန်ချစ်ခင်သော ရဲဘော်သခင်လှကျွေလည်း စိတ်မကောင်းကြီးစွာဖြင့် ပြန် သွား၏။

တစ်ပတ်ခန့်အကြာတွင် အခွန်အရေးပါသည့် ဒုတိယတန်းစား ဖ ဆ ခေါင်းဆောင်တစ်ဦး (အမည်မဖော်သင့် ထင်၏။) ရောက်လာပြန်ကာ သာဓုအား ယခုအရွေးခံမည့် နေရာမှ နုတ်ထွက်ပြီး အခြားရပ်ကွက်တစ်ခုမှ ဝင်အရွေးခံ ဖ ဆ ကိုယ်စားလှယ်က ဖယ်ပေးမည်၊ သာဓုကလည်း ဖ ဆ အနေဖြင့် အရွေးခံရန် စသည်ဖြင့် ဆွယ်၏။ သာဓုကလည်း ခေါင်းခါမြဲခါသည်။

'ခင်ဗျား ပုံနှိပ်စက်က အတော်အိုနေပြီပဲ၊ အသစ်လျှောက်ပါလား၊ စက္ကူတို့ ပုံနှိပ်မှင်တို့ပါ အင်ပို့လိုက်စင် လျှောက်လေဗျာ၊ အနည်းဆုံး လေးငါးသောင်းဖိုး လောက်ပေါ့'

သူ့စကားကို သာဓု နားလည်သည်၊ သာဓုက ယဉ်ကျေးစွာဖြင့် ထိုမျှငွေ သာဓုတွင် မရှိကြောင်း၊ မလျှောက်လိုကြောင်း လောက်သာ ငြင်းဆန်လိုက်သည် ကို . . .

'သခင်ဖေသန်းကဗျာ၊ လိုင်စင်ရဖို့သာ အဓိကပါဗျ'

သူဆိုလိုသည်မှာ လိုင်စင်လျှောက်၊ ရလျှင် ရောင်းစားဟူသည့် ထိုခေတ်က အင်ပို့လိုင်စင် သောင်းကျန်းစနစ်ကို ပြောရင်း ဆွယ်နေသည်။ ဤလို သိက္ခာကို ထိပါးလာသော် သာဓု စိတ်ဓာတ် ဖျတ်ခနဲ တင်းမာလာတတ်သည့်အတိုင်း

'ကဲ၊ ခင်ဗျား မြန်မြန်ပြန်ရင် ကောင်းမယ်၊ ခင်ဗျား နိုင်ငံရေးသမား လုပ်နေ ပြီး ဖောက်ပြန်ရေးပညာတွေ လာသင်နေတာလား' ဟု မောင်းထုတ်လိုက်ရ၏။

သာဓုမှာ မူလ စိတ်ထားအတိုင်း အေးအေးနေခဲ့လျှင် ကောင်းလေစွ။ ယခုမူ အများ၏ ဆန္ဒအလျောက် အရွေးခံရန် လက်မှတ်ထိုးမိသဖြင့် အမျိုးမျိုးသော ပြဿနာနှင့် တိုးနေရသည်။ အပြိုင်အရွေးခံရရန် နာမည်စာရင်း သွင်းထားသူ များမှာ ဦးသိမ်းမောင်၊ သာဓုနှင့် အခြားတစ်ဦး။

ထိုတစ်ဦးကလည်း လာပြန်ချေသေးသည်။ သူသည် အရွေးခံ တိုက်နယ် ရပ်ကွက်တစ်ခုမှ သူကြီးဖြစ်လျက် သူ့မဲများကို သာဓုကို ပေးစေမည်။ သူကမူ ဟန်ဆောင်လောက်သာ နေမည်။ သူ့ကို ငွေ ၁၅ဝဝ ကျပ် ပေးပါဟု ဈေးခေါ် သည်။ ခေါင်းခါလိုက်သောအခါ တစ်ရက်တခြား ဈေးကျသွားသည်။ ၁ဝဝဝ ကျပ်၊ ၇၅ဝ ကျပ်၊ နောက်ဆုံး ၅ဝဝ ကျပ် မလျှော့နိုင်ဟု ဆိုသည်။ သာဓုကမူ .

'ဒီကိစ္စနဲ့ပတ်သတ်ပြီး လာကိုမလာနဲ့တော့' ဟု အော်ပစ်လိုက်ရသည်။

ပြဿနာကား ဤတွင်မရပ်သေး။ တစ်နေ့သော ညနေ ၆ နာရီခွဲလောက် ပုဇွန်တောင် မြူလူကြီးဟောင်း ဒေါ်တင်ရောက်လာပြီး 'ရွေးကောက်ပွဲကိစ္စ အရေး ကြီးသောစကား ပြောလို၍' ဟု လာခေါ်သဖြင့် (မောင်ဝဏ္ဏတို့ အမေနှင့်လည်း ဆွေမျိုးနီးစပ် တော်သူဖြစ်၏။) လက်ညှိုးညွှန်ရာ ကားမောင်းခဲ့၍ ရွှေတိဂုံဘုရား အနီးသို့ရောက်မှ သာဓုက မေးမိသည်။

'ဘယ်သွားမှာလဲ မမတင်'

'အေး၊ မောင်ဖေသန်းကို အစ်ကိုကြီးက တွေ့ချင်လို့တဲ့'

'ဘယ်အစ်ကိုကြီးပါလိမ့်'

'ဒေါက်တာ ဗမော်'

သာဓုလည်း ကားကို ဦးဘရီဇရပ်ရှေ့တွင် ထိုးရပ်လိုက်၏။ (ထိုစဉ်က လက်ဝဲမောင်းစနစ်။)

'နို့မမတင်ပြောတော့ မြူရွေးပွဲကိစ္စ တိုင်ပင်စရာ အရေးကြီးလို့ဆို'

'အေးလေ၊ မင်း သေချာပေါက် မနိုင်ချင်ဘူးလား၊ ခုရွေးကောက်ပွဲမှာ'

စကားအသွားအလာကို သာဓု ရိပ်မိပြီ။ သို့သော် တိတိကျကျ သိလိုသည် နှင့် သာဓုက ခေါင်းညိတ်လိုက်၏။

'ဒီလိုလေ မောင်ဖေသန်းရဲ့ မင်းရေးပြီး ရိုက်ဝေတဲ့ ကြေညာချက်ကို အစ်ကိုကြီး ဖတ်ရတော့ 'ဒီသာဓုဆိုတာ ဘယ်သူလဲ' တဲ့။ ဦးဖေသန်းခေါ် စာရေး ဆရာ သာဓုဆိုပြီး လက်မှတ်ထိုးထားတော့ သူမရှင်းဘူးထင်ပါရဲ့၊ ဒါနဲ့ မမတင် က ကျွန်မမောင်တော်တယ်လို့ ပြောတော့ အဲ အဲ အစ်ကိုကြီးတပည့် မောင်မြိုင် ကိုလည်း သူက စုံစမ်းခိုင်းထားတာကိုး'

မမတင်စကားများ တစ်ဆက်တည်း ဇတ်စုံခင်းနေ၍ ရှုပ်သွားသောကြောင့် သာဓုက ထပ်မေးသေး၏။

'ဒီလို ဒီလို၊ မောင်ဖေသန်းရဲ့ ကြေညာချက်ဖတ်ပြီး အစ်ကိုကြီး ဒေါက်တာ ဘမော်က အတော်သဘောကျနေတာနဲ့ မောင်မြိုင် (ယခု ကျောက်ကုန်းတွင်နေ သူ) ကို စုံစမ်းခိုင်းတော့ မမတင်ရှေ့တင်ပဲ သူကပြောတယ်၊ 'ကုန်ဈေးတန်း သခင်ဖေသန်းဆိုတာ သူပဲဆိုတော့' အစ်ကိုကြီးလေ သိပ်ဝမ်းသာသွားတယ်၊ဒါနဲ့ ချက်ချင်းပဲ မမတင်ကို အခေါ်ခိုင်းတာနဲ့ ခု ထွက်လာတာပဲ'

စကားအသွားအလာကို ခြားခြားနားနား ရှင်းသွားပြီ ဖြစ်သော်လည်း ထပ်သိလိုသေးသည်နှင့် . . .

'ခေါ်ခိုင်းပြီး ကျွန်တော့်ကို မဟာဗမာ မြူလူကြီးလောင်းအနေနဲ့ အရွေးခံ ခိုင်းမယ် ဆိုပါတော့' (မဟာဗမာအဖွဲ့သည် ဒေါက်တာဘမော်၏ ပါတီ)

'နေဦး၊ မမတင် ရှင်းပြဦးမယ်၊ ခု မောင်ဖေသန်း ပြိုင်ရမှာက သုံးယောက် နော်၊ ဟို ကျားကူးကွက်သစ် သူကြီးဆိုတာက မဟာဗမာအနေနဲ့ ကုန်ကျစရိတ် ပါ အစ်ကိုကြီးက ပေးပြီး အရွေးခံခိုင်းထားတာကွယ့်၊ ရှင်းပလား၊ အဲ တကယ် လို့ မောင်ဖေသန်းက ဒေါက်တာဗမော်နဲ့ တွေ့ပြီးလို့ မဟာဗမာအနေနဲ့ အရွေးခံ ဖို့ သဘောတူရင် ကျားကူးကွက်သစ်သူကြီးကို နုတ်ထွက်လွှာ တင်ခိုင်းလိုက် မယ်တဲ့၊ ဒါမှမဟုတ်လည်း သူနဲ့ ပတ်သတ်သမျှ မဲဆန္ဒတွေ မောင်ဖေသန်းရ အောင် ကျိတ်ပြီး ထည့်ခိုင်းဖို့ အစီအစဉ်ရှိတယ်'

မဖြစ်နိုင်၊ လုံးဝမဖြစ်နိုင်၊ မူလကတည်းက ပါဝင်အရွေးခံလိုစိတ် မရှိခဲ့ဘဲ ရပ်ကွက်ကရော သာဓု၏ စာရှုပရိသတ်ကပါ တိုက်တွန်း၍ လက်ခံပြီး 'တစ်သီး ပုဂ္ဂလ' အမည်ဖြင့် စီစဉ်ခဲ့သည်။ ယခုမှ မဟာဗမာ၏ ကိုယ်စားလှယ်အဖြစ် ပြောင်းရမည်ဆိုသော် နိုင်ငံရေးအရ ထိုထက် ရှက်စရာကောင်းသော လုပ်ဆောင် ချက်သည် ရှိနိုင်တော့မည်မဟုတ်။

'ဘာစဉ်းစားနေတာလဲကွယ့်၊ သြော်၊ တစ်ခုလည်း မှာလိုက်သေးတယ်၊ သခင်ဖေသန်းကို ပြောပြပါတဲ့၊ တစ်သီးပုဂ္ဂလအနေနဲ့ပဲ အရွေးခံပြီး နောက်မှ ကြည့်လုပ်တာပေါ့တဲ့၊ လိုအပ်တဲ့ အကူအညီ အကုန်ရမယ်၊ ခုကော မင်း ပိုက်ဆံ ဘယ်လောက်ကုန်နေပလဲ၊ အဲဒါထက်မက ရအောင် မမတင် ပြောပေးမယ်လေ'

ထိုစကားသည် စောစောက ရေးခဲ့သည့် 'အင်ပို့ လိုင်စင်ရမယ်' ဟူသောမြှူလုံးကဲ့သို့ ဖြစ်နေရုံသာမက လူကောင်းတစ်ယောက်ကို သစ္စဖောက်သင်ပေး သည့်သဘောမျိုး အများဆုံး ပါနေသောကြောင့် . . .

'တော်ပါတော့ မမတင်၊ ဒီကိစ္စကတော့ လုံးလုံးမဖြစ်နိုင်ဘူး၊ ဆရာကြီးကို လည်း ပြောပြလိုက်ပါ၊ တစ်နေ့သောအခါမှာ ပြတ်ပြတ်သားသား လုပ်ရမယ့် ကိစ္စပေါ်ရင် အချိန်အခါမရွေး ခေါ်ပါလို့နော်၊ ခုဟာကတော့ အတော်မကောင်းတဲ့ အလုပ်ပဲ မမတင်၊ ကျွန်တော့်ကို စေတနာ မေတ္တာနဲ့ အရွေးခံခိုင်းတဲ့ လူထုကို ကျွန်တော် မလိမ်ချင် မညာချင် မညစ်ပတ်ချင်ဘူးဗျာ'

မမတင် ငိုင်သွားသည်၊ အတော်ကြာအောင် စကားမပြောနိုင်ဘဲ ရှိနေစဉ် သာဓုလည်း ကားကို ပြန်ကွေ့ကာ ပုဇွန်တောင်ဘက် မောင်းထွက်ခဲ့၏။ သူ့အိမ် ရှေ့ရောက်၍ ကားပေါ်မှအဆင်းတွင် . . .

'အေးလေကွယ်၊ ဒီတစ်ညတော့ စဉ်းစားလိုက်ပါဦး၊ မနက်ဖြန် ၁ဝ နာရီလောက် မမတင် လာခဲ့ဦးမယ်'

'မဖြစ်ပါဘူး မမတင်၊ နိုင်ငံရေးမှာ တစ်သက်လုံး အငြိအစွန်းမရှိခဲ့တာ ခုမှ ယုတ်မာရမယ်ဆိုရင်'

သို့လျှင်ဆက်၍ ဖ ဆ ပ လ မှ တစ်နေရာပေးမည့် ကိစ္စပါ ပြောပြလိုက်ရ သေး၏။

ထိုမြူရွေးပွဲတွင် သာဓုက မြိုကတော်ဝန်လောင်း ဦးသိမ်းမောင် ဖ ဆ ကို ၈၂ မဲဖြင့် ကပ်ရှုံးသွားသည်။ မကြာမီ ဦးသိမ်းမောင်လည်း မြို့တော်ဝန် ဖြစ် သွားသည်။

ထို့နောက် တစ်နှစ်သာသာ ကြာသောအခါ 'တပ်ထဲက မြတ်ကိုကို' ဝတ္ထု ဖြင့် သာဓုအား စာပေဗိမာန်ဆု ချီးမြှင့်သည့်အခမ်းအနားတွင် ဦးသိမ်းမောင်အား တွေ့ရသည်။

'ဒီမှာကိုသာဓု စာပဲရေးပါ၊ စာများများရေးပါ၊ ဒီမြူရွေးပွဲတို့ အမတ်ရွေးပွဲ တို့၊ အိုဗျာ ဘာမှ ဝင်မလုပ်ပါနဲ့'

သို့ တုံးတိတိကြီး ပြောလိုက်သောကြောင့် သာဓုပင် ယောင်ချာချာ ဖြစ် သွားကာ အကြောင်းရင်းကို ရှင်းပါရန် မေတ္တာရပ်လိုက်မှ . . .

'ခင်ဗျာ့စာတွေကို ကျွန်တော်လည်း ဖတ်တယ်၊ တစ်အိမ်လုံးလည်း ဖတ် တယ်၊ သိပ်ကြိုက်တယ်၊ ရှင်းရှင်း ဝန်ခံမယ်ဗျာ၊ ကိုသာဓုကို ကျွန်တော် ကြည် ညိုတယ်၊ ကဲ ကဲ ဘယ်အထိ လေးစားတယ်ဆိုတာ ထင်ရှားအောင် ပြောရမယ် ဆိုရင် မြူရွေးကောက်ပွဲတုန်းက အမှန်အတိုင်းဆို ကျွန်တော် ရှုံးတယ်၊ ခင်ဗျား က အပြတ်အသတ် နိုင်တယ်'

'ဟောဗျာ'

'အဲဒါပဲ၊ ကျွန်တော့်အတွက် ဆောင်ရွက်ပေးတဲ့ ဖ ဆ ဆိုရှယ်တွေက မဲလိမ် မဲခိုး လုပ်လို့ပေါ့၊ နို့မို့ရင်'

ဦးသိမ်းမောင်လည်း ခပ်လှမ်းလှမ်းသို့ သာဓုအား လက်ညှိုးညွှန်ပြရင်း . .

'သူ့ကို သိသလား'

'သိတာပေါ့၊ ဟိုတုန်းက နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေပဲ'

'သိပ်လည်တဲ့လူ ကိုသာဓု၊ သူ့ကြောင့် ကျွန်တော်နိုင်တာ၊ ခင်ဗျားကတော့ အဲဒီနေ့က မဲရုံနားမှာပဲ ရပ်နေတာနော်၊ သူကတော့ ရဲဘော်ဝါတွေ အဲဒီတုန်းက စစ်ပြေးဒုက္ခသည်စခန်းလေ၊ ကြားမိဖူးမှာပေါ့၊ မလက်တိုရွာ ဒုက္ခသည်တွေကိုပါ ကားကြီးကားငယ်နဲ့ တင်လာပြီး မဲမထည့်ရသေးတဲ့ နာမည်တွေနဲ့ အကုန်ကျုံး ထည့်သွားတာပဲ'

သာဓု ပါးစပ်အဟောင်းသာ ငေးနေမိ၏။ ဖ ဆ မြို့တော်ဝန်တစ်ယောက် အနေနှင့် ဤစကားမျိုး ပြောထွက်လိမ့်မည် မထင်မိ။

'အဲဒါတွေ ဦးသိရတော့ တော်တော်ရှက်မှာပဲနော်'

'အိုဗျာ၊ မျက်နှာတောင် ဓားနဲ့ လှီးပစ်ချင်တယ်'

'နို့ ဘာပြုလို့ အရွေးခံသေးလဲ ဒါဖြင့်'

'အဲ့ဒီအချိန်မှာ ကျွန်တော်ကလည်း သူတို့နဲ့ မကင်းနိုင်သေးဘူးလေ၊ ထမင်း အိုးကလဲ အကွဲမခံနိုင်သေးတော့၊ အင်း သားတွေ သမီးတွေ၊ ခုတော့ တော်ပါပြီ ဗျာ၊ ဒါနောက်ဆုံးပဲ၊ ရှေ့လျှောက် ဘာမှ ဒီလိုမသန့်ရှင်းတာတွေ မလုပ်တော့ ဘူး၊ ကျွန်တော် ဆုံးဖြတ်ပြီးပြီ'

သာဓု ဘာပြန်ပြောရမည်ကို မသိ၊ အကယ်တိ သူသာ ဆက်၍ ဖ ဆ တို့ နှင့် လက်တွဲသွားမည်ဆိုက သူ့ပညာအရည်အသွေးနှင့်ဆိုက ဝန်ကြီးအထိ မျှော် လင့်ချက်ရှိသည်သာ ဖြစ်၏။

'အမှန်ကတော့ ကျွန်တော်လည်း သူများတွေ တိုက်တွန်းပြီး အတင်း လက်မှတ်ထိုးခိုင်းလို့ အားနာတာနဲ့'

'မလုပ်နဲ့တော့ ကိုသာဓု၊ ခင်ဗျားကို စေတနာ ဆန္ဒမဲအားကိုးနဲ့သာ လုပ်ရင် သူတို့ခေတ်မှာ တစ်သက်လုံး မနိုင်ဘူး၊ အဲ ခုနက စကားတောင် ကျန်နေသေး တယ်၊ မလက်တို ဒုက္ခသည်တို့၊ ရဲဘော်ဝါတို့ရဲ့ မဲနဲ့တင် စိတ်မချရလို့ ခင်ဗျား မဲပုံးကို ဖင်ကနေ ဝက်အူလှည့်နဲ့ ဖွင့်ခိုးပြီး ကျွန်တော့်မဲပုံထဲ ထည့်ကြရသေး သတဲ့၊ အဲဒါကိုများဗျာ ဧရာမ စွန်စားခန်းတွေ ဆောင်ရွက်ခဲ့တဲ့ သူရဲကောင်းတွေ ကျနေတာပဲ၊ ကျွန်တော့် ဆီလာပြီး အားပါးတရ ပြောကြသေးတယ်၊ ကျွန်တော် ဖြင့် ရှက်လွန်းလို့'

ဦးသိမ်းမောင် ပြောပြမှပင် မဲပုံးကို သံနှင့်မလုပ်ဘဲ သစ်သားသေတ္တာ သုံး သည်မှာ 'ဝက်အူလှည့်' အားကိုးဟု သာဓု နားလည်လိုက်ရတော့၏။ အစ်ကိုကြီး ဦးသိမ်းမောင်အားလည်း နောင်တွင် စာပေကိုသာ နာနာဖိရေးတော့မည်ဖြစ် ကြောင်း ဝန်ခံလိုက်ရ၏။

ဆုပေးပွဲပြီး၍ အိမ်ပြန်ရောက်သောအခါ သားလတ် ဗလကြီး (သုမောင်)ကို ချော့သိပ်နေသော သူ့ကြီးတော် ဒေါ်သိန်းသိန်းက . . .

'ဟဲ့၊ သာဓု၊ မင်းနေကောင်းရဲ့လား'

'ကောင်းပါတယ် သိန်းသိန်းရဲ့၊ ဘာပြုလို့လဲ'

'ဟယ်၊ မင့်ကြည့်ရတာ စာပေဗိမာန်ဆု ရလာတာနဲ့မတူ၊ ရွှင်ရွှင်ပျပျလည်း မရှိ၊ ဘာတွေ ဘယ်သူနဲ့ ဘုကျလာပြန်သလဲ'

မှန်၏။ သာဓုမှာ စာပေဆုထက် အလေးအနက်ထား၍ စဉ်းစားလာသည့် အကြောင်းရင်းကား . . .

၁။ ဒေါက်တာဗမော် ငွေကုန်ခံ၍ မဟာဗမာ မြူလူကြီးလောင်း အဖြစ် အရွေးခံခိုင်းသူ ကျားကူးသူကြီးက သူလိုချင်သော ငွေရလျှင် သူ့မဲများကို သာဓု ကို ကျိတ်၍ခွဲပေးမည်။ မြူလူကြီးအဖြစ်ထက် ငွေကိုလိုချင်နေသည်။

၂။ ဦးသိမ်းမောင်ကား ဖ ဆ၏ မြူလူကြီးလောင်း ဖြစ်သည်။ အရွေးလည်း ခံရသည်။ ထိပ်ဆုံး မြို့တော်ဝန်လည်း ဖြစ်နေသည်။ သို့တိုင်အောင် လိမ် ညာ ညစ်ပတ်၍ ရသောမဲနှင့် တက်ခဲ့ရသောကြောင့် သူရှက်နေသည်။ ဖ ဆ ကလိမ် ကျမှုများ ဖွင့်ထုတ်ပြသည်။ နောင်သောအခါ ဤလိုအရှုပ်များတွင် သူပါဝင်တော့မည်မဟုတ်ကြောင်း ပြောသည်။

ဤနှစ်လီကို တွေးရင်း ပြန်လာသောကြောင့် ထိုအရေး၏ ရောင်ပြန်ဟပ်မှု ဖြင့် သာဓုမျက်နှာ၌ မည်သို့ဖြစ်နေသည်ကိုကား သာဓုလည်း မသိ။

သာဓု
(သာဓု လူဝါးဝတယ် စာအုပ်မှ)

Twitter Delicious Facebook Digg Stumbleupon Favorites More