Saturday, August 30, 2008

ကမ္ဘာ့ သြဇာတိက္ကိမကြီးသူ အမျိုးသမီးများ စာရင်းတွင် ဒေါ်အောင်ဆန်းစုကြည် အဆင့် ၃၈ ချိတ်


မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ သြဂုတ်လ 29 2008 17:41 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ Forbes မဂ္ဂဇင်းကြီးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာပေါ်တွင် သြဇာ တိက္ကိမ ကြီးမားသူ အမျိုးသမီးများ စာရင်း၌ အဆင့် ၃၈ အဖြစ်သတ်မှတ် ဖေါ်ပြလိုက်ပါသည်။

နှစ်စဉ် ထုတ်ပြန်လေ့ရှိသော ဤစာရင်းသည် မီဒီယာများက ဖေါ်ပြမှု၊ ဘဏ္ဍာရေး အင်အားနှင့် အလုပ်အကိုင် ရာထူး စသည်တို့ကိုမူ တည်တွက်ချက်ခြင်း ဖြစ်ပြီး နိုဘယ်လ်ဆုရ မြန်မာခေါင်းဆောင်သည် သြဇာတိက္ကိမ ကြီးမားသော အမျိုးသမီး နိုင်ငံရေးသမားများ စာရင်းတွင် အဆင့် ၁၂ ချိတ်သည်။

ဤစာရင်းနှင့်အတူ တွဲ၍ပါသော ဆောင်းပါးတွင် နာမည်ကြီး အမျိုးသမီးများကို မိမိတို့၏ ထိပ်ဆုံးအဆင့် အမျိုးသမီး ၃ ဦးကို ရွေးချယ်ပေးပါရန် မေးမြန်းခဲ့ရာ Vogue မဂ္ဂဇင်းအယ်ဒီတာ ဂျုံးဂျူလီယက်ဘတ်ခ် (Joan Juliet Buck) က ဒေါ်အောင်ဆန်းစုကြည်ကို “အကျယ်ချုပ် ကျခံနေရတဲ့ သက်ရှိ အာဇာနည် အမျိုးသမီးဖြစ်၍” ဟု ဆိုကာ အဆင့် ၁ အဖြစ် ရွေးချယ်ခဲ့သည်။

ဤရွေးချယ် သတ်မှတ်မှုနှင့်အတူ ပူးတွဲပါရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပ္ပတ္တိအကျဉ်းတွင် ရိုးတိုးရိပ်တိတ် ဖေါ်ပြထားချက်အရ ဤအဆင့် ရရှိခဲ့ခြင်းသည် လွန်ခဲ့သော လများအတွင်း မြန်မာနိုင်ငံကို မီဒီယာများက အာရုံစိုက် ဖေါ်ပြခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း၊ အထူးသဖြင့် နာဂစ်ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်အပြီး မီဒီယာများတွင် မြန်မာနိုင်ငံ အကြောင်းများများ ပါလာခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။

မည်သို့ပင်ဖြစ်စေ သူမ၏ အဆင့်အတန်းသည် မဂ္ဂဇင်း၏ အဓိက အရေးထားရာဖြစ်သော အလုပ်အကိုင် ရာထူး အဆင့်အတန်းနှင့်လည်း သက်ဆိုင် ရောင်ပြန်ဟပ်မှု ရှိနေသည်။ သူမကို တိုက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်အဖြစ်၎င်း၊ “ရာထူးမှ ဖြုတ်ချခံရသော ဝန်ကြီးချုပ်” အဖြစ်၎င်း ဖေါ်ပြထားခြင်းကြောင့်လည်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စု၏ အထက်လွှတ်တော် အမတ်လည်းဖြစ်၊ သမတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သော မစ္စ ဟီလာရီ ရော့ဒမ် ကလင်တန် သည် “မီဒီယာ” အမှတ်အများဆုံး ရခဲ့ပြီး အဆင့် ၂၈ ဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ အထက်မှ ကပ်လျက် နေရာ ရသွားသည်။

လက်ရှိ သမတကတော်နှင့် ထိန်းသိမ်းခံ နိုဘယ်ဆုရှင်ကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ထောက်ခံသူတဦးဖြစ်သူ လော်ရာဘုရှ် မှာမူ Forbes မဂ္ဂဇင်း၏ အဆင့်သတ်မှတ်ချက်တွင် အဆင့် ၄၄ အဖြစ် ရွေးချယ်ခံရသည်။

ဤအဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာချိန်သည် အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာစစ်အစိုးရကို ကုလ လုံခြုံရေးကောင်စီ ဥက္ကဌ၏ ကြေငြာချက်တွင် ဖေါ်ပြပါရှိသော အစိုးရ၊ အခြား အတိုက်အခံ အင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား အချိန် သတ်မှတ်ချက်ရှိသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရန် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် စသည့် တောင်းဆိုချက်များကို လေးစားလိုက်နာရန် ပန်ကြားချက်နှင့် မရှေးမနှောင်း ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။

“ကုလအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ ၏ နိုင်ငံရေး ဆွေးနွေးပွဲများနှင့် တိုးတက်မှုများကို မြှင့်တင်ရန် ကြိုးပန်းမှုများကို မြန်မာအစိုးရက ပူးပေါင်း ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အမေရိကန် ပြည်ထောင်စုသည် နောက်တဖန် အလွန်အမင်း စိတ်ပျက်မိကြောင်း” ဟူ၍ နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ရောဘတ်ဝုဒ် (Robert Wood) က ယမန်နေ့က ကြေငြာချက်ကို ဖတ်ကြား၍ ပြောကြားသွားခဲ့ပါသည်။ မစ္စတာ ဂမ်ဘာရီသည် ယခင်အပတ်က မြန်မာနိုင်ငံသို့ ၆ ရက်ကြာ လာရောက် လည်ပတ်ခဲ့သည်။

“မြန်မာနိုင်ငံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား ဆက်ဆံရေး တိုးတက်မှုသည် မြန်မာအစိုးရက ဤလမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ ရိုးရိုးသားသား လိုက်ပါ လျှောက်လှမ်းနိုင်မှုအပေါ်တွင် မူတည်နေသည်” ဟု နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် ဆွေးနွေးပွဲ ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး လိုအပ်ချက်ကို ရည်ညွှန်းကာ သတင်းထုတ်ပြန်ချက်ကို အဆုံးသတ်ခဲ့ပါသည်။

၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၇ ခုနှစ်များကမူ Forbes မဂ္ဂဇင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို အဆင့် ၄၇ နှင့် ၇၁ အဖြစ် အသီးသီး သတ်မှတ် ဖေါ်ပြထားခဲ့သည်။

ဂျာမဏီနိုင်ငံ အဓိပတိ အင်ဂျလာမာကယ်လ် (Angela Merkel) မှာ ယခုတကြိမ်တွင်လည်း သုံးနှစ်ဆက်တိုက် အဖြစ် အမြင့်ဆုံးအဆင့် အဆင့် ၁ အဖြစ် သတ်မှတ် ဖေါ်ပြခံခဲ့ရပါသည်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More