Monday, August 9, 2010

ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် ဂျပန်ရောက်တိုင်းရင်းသားများဆန္ဒပြတောင်းဆို


ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်တွင် ထောင်ဒဏ်(၉၃)နှစ် အဖြစ် မတရားအကျဉ်းကျခံနေရသည့် သျှမ်းတိုင်းရင်းခေါင်းဆောင်ဦးခွန်ထွန်းဦးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲကို ရှီဘူယရပ်ကွက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ (AUN-Japan)၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SND- Japan)နှင့်သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SSND-Japan)တို့မှဦးဆောင်၍ ပြုလုပ်ခဲ့ပါသည်။
မွန်းလွဲ(၃)နာရီမှ(၄)နာရီအထိကျင်းပခဲ့သော အဆိုပါတောင်းဆိုဆန္ဒပြပွဲကို ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသောအဖွဲ့အစည်းပေါင်းစုံမှလည်း လာရောက်ပူးပေါင်းခဲ့ကြပါသည်။ အခမ်းအနားမှုးအဖြစ် သျှမ်းပြည်နယ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) (SSND-Japan)မှစိုင်းကျန်မွန်းက တာဝန်ယူဆောင်ရွက်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) (SND- Japan) မှကိုခင်ဇော်ဦးက ဦးခွန်ထွန်းဦး၏ကိုယ်ရေးရာဇဝင် ကိုဖတ်ကြားခဲ့ပါသည်။
တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ကြပြီး၊ သျှမ်းတိုင်းရင်းခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ မတရားဖမ်းဆီးခံနေရသည့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာသည်အထိ လစဉ် ၉ ရက်နေ့တိုင်း တောင်းဆိုဆန္ဒပြမှုများကို ပြုလုပ်သွားမည်ကြောင်း သိရပါသည်။
အခမ်းအနားကို“FREE BURMA ” “FREE DAW AUNG SAN SU KYI” “ FREE U KUN TUN OO”စသည့်ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့ပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More