Sunday, August 22, 2010

ပြည်တွင်းဂျာနယ်ဈေးကွက်အတွင်း နိုင်ငံရေးဦးစားပေးဂျာနယ်များထက် အားကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအားကောင်း


၂၀၁၀ ပြည့်နှစ် ဂျာနယ်ဈေးကွက်အတွင်း ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုး ထွက်ရှိနေသည့် အနက် နိုင်ငံရေး ဦးစားပေး ဂျာနယ်များထက် အာကစားဂျာနယ်များနှင့် သတင်းဂျာနယ် အချို့သာ ရောင်းအား ကောင်းနေလျက်ရှိသည်။ ထို့ပြင် ယခုလပိုင်းများအတွင်း၌ ဂျာနယ်အသစ်များ ထွက်ရှိလာခဲ့သော်လည်း ဂျာနယ်သစ်များ၏ အနေအထားမှာ အားယူနေရဆဲ ဖြစ်ကြောင်းနှင့် နိုင်ငံရေး ဦးစားပေးသော ဂျာနယ်များ၏ ရောင်းအားမှာလည်း သိသာစွာ တိုးတက်မှု မရှိကြောင်း သိရပါသည်။

လက်ရှိအချိန်တွင် ပြည်တွင်း ဂျာနယ်ဈေးကွက်အတွင်း၌ ထုတ်ဝေလျက်ရှိသော ဂျာနယ်အမျိုးအစားပေါင်း ၁၅၂ မျိုးရှိနေသည့်အတွက် ၂၀၀၉ ခုနှစ်အတွင်းက ထွက်ရှိနေသော အပတ်စဉ်ထုတ်ဂျာနယ်အမျိုးအစားပေါင်း ၁၈၉ မျိုးနှင့် နှိုင်းယှဉ်ပါက ဂျာနယ်ထွက်ရှိမှုအရေအတွက်မှာကျဆင်းသွားသည်။ အပတ်စဉ် ထုတ်ဝေလျက်ရှိသော ဂျာနယ် အမျိုးအစားပေါင်း ၁၅၀ ကျော်တွင် သတင်းဂျာနယ်များက အမျိုးအစား အများဆုံးဖြင့် ထုတ်ဝေနေသော်လည်း ဂျာနယ်ဈေးကွက်၏ ၀ယ်လိုအား အများစုကိုမူ အားကစားဂျာနယ်များက ဦးဆောင်နေဆဲဖြစ်ကြောင်း ဂျာနယ်လက်ကားအရောင်းဆိုင်များနှင့် ဂျာနယ်လက်လီအရောင်းဆိုင်များမှ တာဝန်ရှိသူများကဆိုသည်။

''သတင်းဂျာနယ်တွေ အတွက်ကတော့ သတင်းက အရေးကြီးနေတုန်းပါပဲ။ ပုံမှန်ဝယ်ဖတ်နေတဲ့ သူတွေ ရှိနေပေမယ့် သတင်းကောင်းမှ ၀ယ်ဖတ်သူတွေကလည်း ရှိနေပါတယ်။ ရောင်းအားကောင်းတဲ့ သတင်းဂျာနယ်တွေက စာဖတ်ပရိသတ် သိချင်တဲ့ သတင်းတွေကို များများဖော်ပြနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြည်သူ စိတ်ဝင်စားတဲ့ သတင်း ဖော်ပြနိုင်တဲ့ ဂျာနယ်တွေက ရောင်းအားတက်သွားကြတာပါပဲ။ ကျွန်တော် ဂျာနယ်ရောင်းခဲ့ရတဲ့ အတွေ့အကြုံကတော့ ကိုယ်လုပ်တဲ့ လုပ်ငန်း အပေါ်မှာ အာရုံစိုက်ပြီး စာဖတ်ပရိသတ်ကို စေတနာထားတဲ့ သူတွေက ရပ်တည်သွားနိုင်ကြတာပါပဲ'' ဟု မိုးကောင်းကင်စာပေမှ ဦးစိုးအောင်က ပြောကြားသည်။

စာဖတ်ပရိသတ်များ အနေဖြင့်လည်း သုံးစွဲနိုင်သော ငွေကြေးကို ချင့်ချိန်တွက်ချက်ပြီး ဂျာနယ်များကို ရွေးချယ်ဝယ်ယူ ဖတ်ရှုလာကြသည့် နည်းတူ ဂျာနယ်တစ်စောင်၏ ရပ်တည်မှု၊ ရိုးသားမှုနှင့် စာဖတ်ပရိသတ်အပေါ် စေတနာထားမှု စသော အချက်များကို ကြည့်ရှုပြီးမှ ဖတ်ရှုလာကြောင်း ၂၀၁၀ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Bi Weekly Eleven နှင့်ခေတ်လူငယ်မှ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More