Saturday, August 6, 2011

မိုးကောင်း သပိတ်တိုက်ပွဲ နိဒါန်း

မနက် (၆)နာရီလောက် အိပ်ယာက ထ ကွန်ပြူတာဖွင့် လိုက်တာနဲ့ ကျနော့် g-talk ပွင့်လာပါတယ် ဒါနဲ့ g-talk မှာ ဘယ်သူတွေများ တက်နေပြီလဲလို့ ကြည့်လိုက်တော့ သူငယ်ချင်း တယောက်ပေါ့ သူ့ရဲ့ g-talk Custom message မှာ တင်ထားတာကတော့  ၈၈၈၈ ကာလ နီးလာပြီတဲ့ ဒီအခါမှာ ကျနော်လည်း သတိထား မိလိုက်တယ် သြော် သြဂုတ်လတောင် ရောက်နေပြီပဲလို့ စဉ်းစားရင်း ကျနော်ရဲ့ အတွေးတချို့က ၁၉၈၈ ကာလအချိန် ဆိုတာလေးကို ပြန်ရောက် သွားပါတော့တယ်။


အိမ်အောက်မြစိမ်း မိုးကောင်းကိန်း
ကျနော် နေထိုင်ခဲ့တဲ့ မြို့ကလေးအကြောင်းကို နဲနဲတော့ မိတ်ဆက်ပေးချင်ပါတယ်။ စတုတ္ထ မိုးကောင်းမြို့ကို ကောဇာသက္ကရာဇ်  ၁၁၅၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်၊ အင်္ဂါနေ့ နံနက် အရုဏ်တက်ချိန်မှာ မြို့ဟောင်း စော်ဘွားကြီး၏ သား “စပ်မောင်ဆိုဝ်” က နန့်ရင်းချောင်း နှင့် နန့်ကောင်းချောင်း ဆုံရာနေရာတွင် မိုးကောင်းမြို့ ကို စတင် တည်ထောင်ခဲ့ပါတယ်။ နန့်ကောင်းချောင်း နှင့် နန့်ရင်းချောင်းတို့ ပေါင်းဆုံပြီး  အနောက်မှ အရှေ့သို့ ကွေ့ဝိုက်စီးဆင်းနေသော မိုးကောင်းချောင်းကို အမှီပြု တည်ထားတဲ့ မြို့လေးတမြို့ ဖြစ်သလို အရှေ့ဘက်နှင့် မြောက်ဘက် တို့တွင် ကချင်ပြည်နယ်၏ သဘာဝ အလှဖြစ်သည့် စိမ်းလန်းစိုပြေသော တောင်ရိုး တောင်တန်း များ၏ အလှကို ရှုမငြီးဖွယ် မြင်တွေ့နိုင်ပါတယ်။ မိုးကောင်းမြို့ကို တည်သော ကောဇာ သက္ကရာဇ် ၁၁၅၃ ခုနှစ်ကို မှတ်သားရ လွယ်စေရန် “အိမ်အောက်မြစိမ်း မိုးကောင်းကိန်း” ဟု စပ်ဆိုမှတ်သား ထားခဲ့ပါတယ်။
ကျောက်စိမ်းထွက်ရာ ဖားကန့်၊ တောမှော်၊ လုံးခင်း စတဲ့ ရတနာမြေကို သွားရာလမ်း စခန်းထောက် အဖြစ် နားခိုရာ မြို့လေးတမြို့ ဖြစ်သလို ရတနာမြေမှ ကျောက်စိမ်းများကို ရောင်းဝယ် ဖောက်ကားတဲ့ မြို့ကလေး လည်းဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်အနှံ့မှ လာရောက် နေထိုင်၍ စီးပွားရှာကြတဲ့ စီးပွားရေးမြို့ ကလေးလည်း ဖြစ်ပါတယ်။ ဒီမြို့က လူတွေဟာ စီးပွားရေး အတော်အသင့် ချောင်းလည်ကြသူများ ဖြစ်ပါတယ်။ (အခု မဟုတ်ဘူးနော် ဟိုတုန်းက ပြောတာ) ပိုက်ဆံမရှိလျှင် ဖားကန့် (သို့) တောမှော်ဖက် တက်သွားလိုက်ကြ တူးလို့ရလာတဲ့ ကျောက်စိမ်းတွေကို ရောင်းချလို့ ရတဲ့ငွေလေးနဲ့ တနှစ်လောက် ထိုင်စားလိုက် ကုန်ရင် ဖားကန့် ပြန်သွားလိုက်နဲ့  အပူအပင် သိပ်မရှိကြဘူး သဘာဝ တရားက ပေးထားတဲ့ ရတနာမြေကို မှီခို စားသောက် နေကြတဲ့ သူတွေပေါ့။ အဲဒီထဲမှာ ကျနော်လည်း ပါတာပေါ့ သုံးစရာ ပိုက်ဆံမရှိလျင် အမေ့ဆီက တောင်း အကိုတွေ ဆီကတောင်း ဘယ်သူမှ မရှိလျင် အမေ့ သေတ္တာထဲ သွားနှိုက်လိုက်တာပဲ ဘာပြဿနာမှ မရှိဘူး။ ဒါကြောင့် ကျနော့်ဘဝ ကျနော့် အနာဂါတ် အတွက် ဘာမှ လေးလေးနက်နက် မစဉ်းစားခဲ့မိဘူး ကျောင်းသွားလိုက် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်လိုက် ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား ဘာမှ အလေးအနက် မစဉ်းစားတဲ့ လူငယ် တယောက်ပေါ့။ ကျောင်းခန်းထဲမှာ ပညာကို လိုလိုလားလား သင်ယူတာ တခါမှ မရှိခဲ့ဘူးပါဘူး ။ တခါတော့ အင်္ဂလိပ်စာ ဆရာက အရှေ့မှာ စာသင်နေတုန်း ကျနော်က နောက်မှာ တံမျက်စည်းကို ဂီတာ လုပ်တီးနေလို့ ဆရာက ဒေါသတကြီးနဲ့ `မင်း … စာမသင်ချင် ထွက်သွား ဆန်ကုန် မြေလေး” လို့တောင် အပြော ခံရဘူးပါတယ်။ အဲဒီ အချိန်တုန်းက ကျနော်ဟာ တကယ် ဆန်ကုန်မြေလေး ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျနော့်ရဲ့ စဉ်းစားချက် ဟာ ဆယ်တန်းအောင်ရင် တက္ကသိုလ် တက်ပြီး ပိုက်ဆံ ဖြုန်းမယ်၊ အလေလိုက်မယ် ပဲ စဉ်းစားနိုင်ခဲ့တယ်။



တောသားမြို့ရောက်
ကျနော် ဆယ်တန်း စာမေးပွဲပြီးတော့ ဖားကန့်ဖက် (တောမှော်) မှာကျောက်တူးဖို့ သူငယ်ချင်း သိန်းထိုက်နဲ့ သွားခဲ့ပါတယ်။ ရည်ရွယ်ချက် ကတော့ ငွေရရင် ရန်ကုန်ကို သူငယ်ချင်းတွေနဲ့ စုပြီး သွားလည်ဖို့ပါ ငွေဆိုတာ ကတော့ ကျနော်တို့ ဒေသမှာတော့ သိပ်မရှားဘူးလို့ ပြောရပါမယ်။ ကျောင်းသားဘဝမှာ တောင် ငွေရှာရတာ သိပ်ခက်ခက်ခဲခဲ မရှိခဲ့ပါဘူး။  ဒါနဲ့ ရန်ကုန်ကို ကျနော်တို့ သူငယ်ချင်း (၂)ယောက်နဲ့ အတူ ကျနော့် အကို အပါအဝင် စုစုပေါင်း (၄) ယောက် အလည်တခေါက် ရွှေမြို့တော်ကို ရောက်သွားခဲ့ကြတယ်။ ရန်ကုန်ကို ကျနော်တို့ ရောက်တဲ့ အချိန်က ၁၉၈၈ ခုနှစ် မေလကုန်ပိုင်း လောက်မှာပါ။ ရန်ကုန်မှာ ပါလာတဲ့ ပိုက်ဆံကို လိုက်ဖြုန်းရင်း တောသား လေးယောက် လျှောက်လည်ကြတာပေါ့ဗျာ  မရောက်တဲ့ နေရာမရှိ ရလေအောင် အစုံပဲ။ အင်းစိန်ဖက်က အမျိုးတွေဆီ သွားရင်း ရန်ကုန် စက်မှုတက္ကသိုလ် ကို ဖြတ်ပြီး သွားရပါတယ် R.I.T ကျောင်းရှေ့ ရောက်တော့ ကျနော့်ဦးလေး က မိတ်ဆက်ပေးပါတယ် “ ဒါ R.I.T ကျောင်းပဲကွ ပြဿနာတွေ ဖြစ်လို့ ကျောင်းတွေ ပိတ်ထားလိုက်ပြီ ” လို့ ပြောလိုက်တဲ့ အချိန်မှာပဲ ကျနော်တို့ အုပ်စုထဲက သိန်းထိုက် က“ ရဲဘော်ဖုန်းမော် မင်းကို ငါတို့ အလေးပြုပါတယ်” လို့ မဆီမဆိုင် ထ အော်တယ်။ မတ်လတုန်းက စက်မှု တက္ကသိုလ်မှာ ကျောင်းသား နဲ့ အစိုးရ ပြဿနာဖြစ်တယ် ဆိုတာတော့ ရေးရေးကြားဖူးတယ် ဘာဖြစ်တယ် ဆိုတာ သေသေခြာခြာ ကျနော် မသိပါဘူး။ ဒါနဲ့ ကျနော်က လှမ်းမေးလိုက်တယ် “ရဲဘော် ဖုန်းမော်ဆိုတာ ဘယ်သူလဲ”   လို့။ ကျနော့် သူငယ်ချင်း သိန်းထိုက်က R.I.T ကျောင်းသား ကိုဖုန်းမော် အကြောင်းကို မိတ်ဆက်ပေးတယ်။ ကျနော့် သူငယ်ချင်း သိန်းထိုက် ဆိုတာ စာဖတ် ဝါသနာပါသူပါ စာအုပ်ဆို ဘာ စာအုပ်ဖြစ်ဖြစ် တွေ့ရင် ဖတ်လေ့ရှိတယ်။ ကျနော်တို့ အဖွဲ့ထဲမှာ သူဖတ်ထားတဲ့ စာအုပ်တွေ အကြောင်းကို အာဘောင်အာရင်း သန်သန် ပြောတတ်သူပေါ့ ။ သိန်းထိုက်က ကိုဖုန်းမော် အကြောင်းကို ပြောပြတော့ ကျနော့် ဦးလေးကလည်း  “ ဟုတ်တယ် အခု သတင်းတွေ ထွက်နေတယ် ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းသားတွေ ကလဲ ဆန္ဒပြမယ်တဲ့ ရန်ကုန်မှာ ကျောင်းလာတက်ကြတဲ့ တချို့ ကျောင်းသားတွေဆို ချို့ချို့တဲ့တဲ့ နဲ့ ကျောင်းလာ တက်ရတာ အခုလိုဖြစ်တော့ သူတို့ဖက်ကလည်း ခံပြင်းမှာပေါ့ .. “ မင်းတို့လည်း လည်လို့ ဝရင် ပြန်ကြတော့ကွာ ရန်ကုန်မှာ အခြေအနေ သိပ်မကောင်းဘူး ”  လို့ပြောတယ်။ အဲဒီ စကားကို ကျနော် ကြားလိုက်တော့ စိတ်ထဲမှာ တမျိုးကြီး ခံစားလိုက်ရတယ်။ ဘယ်လို ခံစားမှုမျိုးမှန်း ကျနော် တိတိပပ မပြောတတ်ဘူး။ ဒါနဲ့ပဲ ရန်ကုန်မှာ နှစ်ရက်လောက် နေပြီး ကချင်ပြည်နယ် မိုးကောင်းကို ပြန်ခဲ့ကြပါတယ်။
    ကျနော်တို့ မိုးကောင်းကို ပြန်ရောက်ပြီး သိပ်မကြာမှီ ဇွန်လမှာ ကျောင်းတွေ ပြန်ဖွင့်ပြီ ဆယ်တန်းအောင် စာရင်းလည်း ထွက်ပြီ ကျနော် စာမေးပွဲ ဖြေတုန်းက အင်္ဂလိပ် တဘာသာကို အောင်မှတ်ရအောင် မဖြေနိုင်ခဲ့ဘူး ဒါကြောင့် အောင်စာရင်း ထွက်တော့ သူများတွေလို ရင်ခုန်စရာလည်း မလို ထင်ထားသည့် အတိုင်းကျသည် သူငယ်ချင်းတွေတော့ အောင်ကြတယ်။ ရန်ကုန်က ပြန်လာပြီး နောက်ပိုင်း လေးလေးနက်နက် စဉ်းစားတတ် လာတယ်  ကျောင်းဆွေးဆွေး လူဆွေးဆွေးနဲ့ နေလာခဲ့တာ အသက်လည်း (၂ဝ)ရှိပြီ ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘဝနဲ့ မဖြတ်  သန်းချင်တော့ပါ။ ဒါကြောင့် လာမဲ့နှစ်တော့ အမှတ်ကောင်းကောင်း ရအောင်ဖြေပြီး ရန်ကုန်မှာ ကျောင်းသွား တက်နိုင်အောင် လုပ်မယ်ဆိုပြီး အားနည်းတဲ့ အင်္ဂလိပ် ဘာသာကို ကျူရှင်ယူပြီး စာကိုပဲ နှစ်စထဲက ဖိလုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်တယ်။
   

 ဝိုင်းကျူရှင်   
ဒီအချိန် ကျနော်တို့မြို့ကို နယ်လှည့်ပြီး ကျူရှင် လိုက်ဖွင့်စားနေတဲ့ ဆရာကောင်းသန့် ဆိုသူ ရောက်လာ ပါတယ်။ သူငယ်ချင်း တချို့က ဆွယ်တော့ ကျနော်လည်း သူ့ ကျူရှင် သွားတက် လိုက်တယ်ပေါ့။ နောက်တပါတ် လောက်မှာ ကျူရှင် ဆရာကောင်းသန့်က သူနဲ့တွဲသင်မဲ့ ဆရာမျိုးလွင် ဆိုသူ ခပ်ငယ်ငယ် ဆရာတယောက်နဲ့ မိတ်ဆက် ပေးပါတယ်။ တလ လောက်အကြာမှာ ဆရာကောင်းသန့် က ကျနော်တို့ဆီက ကျူရှင်လခတွေ ကြိုယူပြီး ထွက်ပြေးသွားပါလေ ရော ။ အဲဒီ ကျူရှင်မှာ ကျနော်တို့ ကျောင်းသား/သူ (၁၅)ယောက် ရယ် ဆရာမျိုးလွင်ရယ်ပဲ ကျန်ခဲ့တယ်။ ကျူရှင် အတွက် ငှါးထားတဲ့ အခန်းခ ကလည်း မပေးရသေး  ကျန်ခဲ့တဲ့ ဆရာမျိုးလွင် စားရေးသောက်ရေး ကအစ ကျနော်တို့ ကျောင်းသား/သူအတွက် ပူပင်စရာ ဖြစ်လာပါတော့တယ်။ ဒါကြောင့် ဒီကျူရှင်လေးကို ရပ်တန့် မသွားရအောင် အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရတဲ့ ဝိုင်းကျူရှင်လေး ဖြစ်သွားပါတော့တယ်။ ကျနော်တို့နဲ့ ဆရာမျိုးလွင် ဆက်ဆံရေးက ဆရာတပည့် ဆိုတာထက် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေး ရဲဘော်ရဲဘက် ဆက်ဆံရေးမျိုး ဖြစ်လာပါတယ် ။ စာသင်ရင်းနဲ့ အကြောင်း တိုက်ဆိုင်လာရင် သူတို့ ဧရာတီတိုင်း ဒေးဒရဲမြို့က နိုင်ငံရေး သမားတွေ သောက်တဲ့ လ္ဘက်ရည်ဆိုင် အကြောင်းတွေ ထောင်ထဲ ရောက်သွားတဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် အကြောင်းတွေ ပြောလာပါတယ်။ ကျနော်လည်း ဆရာမျိုးလွင်နဲ့ သူငယ်ချင်းလို ဖြစ်သွားပြီး အားတဲ့ အချိန်တိုင်းမှာ သူ့အခန်းကို သွားပြီး ရောက်တတ်ရာရာ စကားတွေ ပြောနေတတ်ပါတယ် ။


ကျနော်နဲ့ ဘီဘီစီ
ကျနော်တို့အိမ်မှာ National အမျိုးအစား ရေဒီယို ကက်ဆက်တလုံး ရှိပါတယ်။ ရေဒီယို နားထောင်တဲ့ အလေ့ အထ ကျနော့်တွင် မရှိပါ။ သို့သော်လည်း ရေဒီယိုမှ လာနေသော အသံများ ကတော့ ကျနော့်နားထဲ ရောက် ရောက်လာ တတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့် အဖေမှာ ရေဒီိယို လိုင်းပေါင်းစုံကို အမြဲဖွင့် နားထောင် တတ်သောကြောင့် ဖြစ်ပါတယ်။ ကျနော့်အဖေ အများဆုံး နားထောင်သော လိုင်းမှာ ဘီဘီစီနဲ့ ဗမာပြည် ကွန်မြူနစ် ပါတီလိုင်း ဖြစ်ပါတယ်။ နောက် အဖေဆုံးသွား ပေမဲ့လည်း ရေဒီယိုကို ဖွင့်ထားတဲ့ အကျင့် တခုတော့ ရလာပါတယ် အစတုန်း ကတော့ ရေဒီယိုမှ လာနေသော သတင်းများကို အလေးအနက် မထားခဲ့ပါဘူး ။ နောက်ပိုင်း မြို့ကြီးတွေမှာ ကျောင်းသားများ ကွက်ကြားကွက်ကြား ဆန္ဒပြတဲ့ သတင်းတွေကို စိတ်ဝင်တစား အာရုံစိုက် လာခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် ခရစ်စတိုဖါဂါးနက် ရဲ့ သတင်း ပေးပို့ချက်တွေကို မလွတ်တန်း နားထောင်လာပါတယ်။ ၈ရက် ၈လ ၁၉၈၈ မှာ တနိုင်ငံလုံး အတိုင်းအတာ ဆောင်တဲ့ ကျောင်းသား ဆန္ဒပြမှုတွေ ပြုလုပ်မယ်လို့ ရန်ကုန် ကျောင်းသား ခေါင်းဆောင် တယောက်က ဘီဘီစီ ကနေ အမေးအဖြေ လုပ်သွားတဲ့ သတင်းတွေကို ကြားတော့ ကျနော့်စိတ်ထဲ မရိုးမရွ ဖြစ်ပြီး ဘာလုပ်ရမှန်းလဲ မသိ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ တွေ့ရင်တော့ နားထောင်ခဲ့သမျှ သတင်းတွေကို ဖောက်သည် ပြန်ချရတာကို အရသာ တွေ့လာပါတယ်။  ကျနော့် သူငယ်ချင်းတွေ ကလည်း ရန်ကုန်မှာ ဖြစ်နေသော ကျောင်းသား အရေးအခင်း အကြောင်းတွေကို တိုးတိုးတိတ်တိတ် ပြောလာကြပါတယ်။ ဒါကို အခွင့်ကောင်း ယူကာ ကျနော်က သူငယ်ချင်းတွေကို မေးလိုက်ပါတယ် “ငါတို့မြို့မှာ ကျောင်းသား သပိတ်တွေ ဖြစ်လာရင် မင်းတို့ ပါမလားလို့” မေးလိုက်တော့ သူငယ်ချင်း တယောက်က “မဖြစ်နိုင်ပါဘူးကွာ ဘယ်သူ ဦးဆောင်မှာလဲ ဦးဆောင်တဲ့ သူမှမရှိတာ ငါတို့မြို့က စီးပွားရေးကိုပဲ စိတ်ဝင်စားကြတာ” တဲ့ ကျနော်က အတည်ပေါက်နဲ့ “ရန်ကုန်က ကျောင်းသားတွေ လာဦးဆောင်မှာပေါ့ ” ကျနော် အထင်ကို အတည်ပေါက်နဲ့ ပြောချလိုက်တော့ သူငယ်ချင်း တယောက်က “ဟ အဲဒါဆို ပါရမှာပေါ့ ငါတို့လည်း ကျောင်းသားတွေပဲ ”  အဲဒါဆို ရန်ကုန် ကျောင်းသားတွေကို စောင့်ကြတာပေါ့ ” လို့ပြီပြောပြီး လက်ဖက်ရည်ဆိုင် ကနေ ကျနော်တို့ လမ်းခွဲ လိုက်ကြပါတယ်။


ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်
ရှစ်လပိုင်းထဲကို ဝင်လာပြီ ကျတော်တို့ကို ဦးဆောင်မဲ့ ရန်ကုန် ကျောင်းသားဆိုတာ တွေက မျှော်သာမျှော် ပေါ် မလာ ဖြစ်နေပါတယ်။ ဘယ်သူတွေ လာ ဦးဆောင်မယ် ဆိုတာကို စဉ်းစားလို့မရ ဘယ်လိုလုပ်မယ် ဆိုတာလဲ မသိ ဖြစ်နေချိန်မှာ ကျနော့ သူငယ်ချင်းသိန်းထိုက် အိမ်ကို ပေါက်ချလာပါတယ်။ သူနဲ့ ကျနော်နဲ့ ကျောင်းက မတူဘူး သူက (၈)တန်းအောင်တော့ အထက(၁) ကိုပြောင်းသွားတယ် ကျနော် ကတော့ အထက(၂) မှာ ကျောင်းဆွေး လူဆွေးပေါ့။ အထက (၁) လပါတ် စာမေးပွဲက ရှစ်ရက်နေ့မှာ ဖြေရမယ် သူ စာမကျက်ရသေးဘူး ဘယ်လိုလုပ် ရမလဲလို့ လာငြီးပါတယ်။ ဒါနဲ့ ကျနော်က ဒါတိုက်ဆိုင်တာပဲ (၈)ရက်နေ့မှာ တနိုင်ငံလုံး ဆန္ဒပြမယ် မင်းလည်း ဆန္ဒပြလိုက် ဒါဆို စာမေးပွဲလဲ ပျက်ပြီ မင်းလဲ သပိတ်ခေါင်းဆောင် ဖြစ်ပြီလို့ သာသာထိုးထိုး ကျနော်ပြော လိုက်ပါတယ်။ သူက စိုးရိမ်စိတ်နဲ့ ငါက လပါတ်မဖြေချင်တာ အဲဒီလို လုပ်လို့တော့ မဖြစ်ဘူးလို့ ပြောပါတယ်။ ကျနော်က အတင်း တိုက်တွန်းတော့ သူလုပ်မယ်လို့ သဘောတူလိုက်ပြီး ကျနော်တို့ ကျောင်းမှာကပ်ဖို့ တိုက်တွန်းစာတွေ ရေးကြပါတယ်။ (၈)ရက်နေ့ ကျရင် အထက(၁) ကို သိန်းထိုက် ဦးဆောင်ပြီး ထွက်လာ သူတို့ကျောင်းက သပိတ်မှောက် ကျောင်းသားတွေ ရောက်လာရင် ကျနော်က  အထက(၂) က ဦးဆောင်ထွက် မယ်ဆိုပြီး ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်၊ ဂျာမဏီ၊ အီတလီ ဝင်ရိုးတန်း နိုင်ငံတွေ ကမ္ဘာကြီးကို ခွဲဝေသိမ်းပိုက် မည့်အလား အစီအစဉ်တွေကို ချလိုက်ကြပါတယ်။ သြဂုတ်လ (၇)ရက်နေ့ ညမှာ သူရေးထားတဲ့ စာကို ကျနော်တို့ကျောင်း အထက (၂)မှာ ကပ် ကျနော်ရေးသော စာလိုလို ကဗျာလိုလို စာရွက်ကို သူတို့ အထက(၁)မှာ ကပ်လိုက်ကြပါတယ်။ အဓိပ္ပါယ် ကတော့ လက်ရေး မမှတ်မိအောင်လို့ပါ (၈)ရက်နေ့ ကျောင်းမသွားခင်မှာ ကျနော်တို့မြို့ စော်ဘွားတိုက် စားသောက်ဆိုင်ကို လာဖို့ သိန်းထိုက်က ချိန်းလိုက်ပါတယ်။ ကျောင်းမသွားခင် စားသောက်ဆိုင်ကို ဝင်လိုက်တော့ သိန်းထိုက်နဲ့ သူငယ်ချင်း ဇော်ရာ တို့ ရောက်နှင့်နေပြီး ဝက်ခေါင်းသုပ်နဲ့ မီးတောက် (ကချင်အရက်) သောက်နေကြသည်ကို တွေ့ပါတယ်။ အစီစဉ် မစခင် ရဲဆေးတင်တာတဲ့။  မနက်ပိုင်းမှ စ၍ ကျနော်တို့ မြို့ပြင်မှာ တပ်စွဲထားတဲ့ ခလရ(၇၄) ဖက်က သေနတ်သံ လက်နက်ကြီးသံများ တိုက်တိုက်ဆိုင်ဆိုင် ကြားနေရပါတယ်။ သိန်းထိုက်ကို ကျနော် သိပ်စိတ်မချလို့ သူ့ကျောင်းဖက်မှ ပတ်၍ကြည့်ရန် လိုက်သွားပါတယ်။ သိန်းထိုက် တယောက် လမ်းမှာ ကျောင်းသို့ သွားနေသော ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများကို ကျောင်းကို မသွားကြဖို့ တိုက်ပုံ တကားကားနဲ့ သောက်ထားတဲ့ အရက်အရှိန်ကြောင့် အော်နေသည်ကို တွေ့လိုက်ရတယ်။ ကျနော် တော်တော် စိတ်ဓါတ်ကျသွားတယ် ကျနော်တို့ ကျောင်းရောက်တော့ ကပ်ထားတဲ့စာကို ၈ နာရီလောက်မှာ အမှတ်(၈) ထောက်လှမ်းရေးက လာခွာသွားပြီတဲ့ ကျောင်းသူ တချို့ပြောနေသံကို ကြားရတယ်။ ကျနော်နဲ့ သူငယ်ချင်း တချို့လည်း အထက(၁) က သိန်းထိုက် ဦးဆောင်ချီတက်လာမဲ့ ကျောင်းသားတန်းကြီးကို စောင့်မျှော်နေကြပါ တယ်။ တနာရီလည်း ပေါ်မလာ နှစ်နာရီလည်း ပေါ်မလာ ဒီလိုနဲ့ နေ့လည် ကျောင်းဆင်းချိန် ရောက်တော့ ကျနော် သူတို့ကျောင်းဖက်ကို ထွက်ခဲ့ပါတယ်။ BOC (ဓါတ်ဆီဆိုင်) ရှေ့ရောက်တော့ စစ်သားတွေ စောင့်နေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကျောင်းဖက်ကို လှမ်းကြည့်လိုက်တော့ ကျောင်းသား၊ ကျောင်းသူတွေကို နေ့လည် ကျောင်းဆင်းချိန်မှာ မပြန်ခိုင်းပဲ တားထားသည်ကို တွေ့လိုက်ရပါတယ်။ ဒီအချိန် ကားလမ်းနဲ့ ရထားလမ်း အဖြတ်မှာ ရထားတစီး ရပ်ထားသည်ကိုလည်း တွေ့ရပါတယ်။ ပါတ်ဝန်းကျင်ကို စပ်စုကြည့်တော့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူးကျော်ဘ စီးလာတဲ့ ရထား မထွက်သေးလို့ ကျောင်းသားတွေကို တားထားခြင်းလို့ သိရပါတယ်။ ဆယ်မိနစ်လောက် ကြာတော့ ကျနော်၏ မင်းသား မောင်သိန်းထိုက် ပိတ်ထားသော ကျောင်းတံခါးဝမှာ ဆရာတယောက်နဲ့ စကားများနေတယ် တိုက်ပုံကို ဝတ်ပြီး ပါးစပ်တခုလုံး ရဲပဒေါင်း ခတ်အောင် ကွမ်းတွေကို ဝါးထားတယ်။ ဆရာကို သူပြောနေတာ ကတော့ “ ကျနော်တို့ အိမ်ပြန်ချင်ပြီး ဒီလက်နက်ကိုင်တွေ ဘာဖြစ်လို့ ကျနော်တို့ ကျောင်းသားတွေကို ဝိုင်းထားကြတာလဲ အခု ဖယ်ပေးပါ။ ကားမတ်စ် က ပြောဘူးတယ် စာသင်ကျောင်း ဆိုတာ ကလေးတွေရဲ့ ကစားကွင်းတဲ့ အခုဟာက အကျဉ်းထောင်ကြီးနဲ့ တူနေပြီ “ ဟု သူဖတ်ထားတဲ့ စာအုပ်တွေထဲက စကားလုံးတွေကို ဟန်ပါပါ ရွတ်ပြကာ အတင်းတိုးထွက် လာခဲ့ပါတယ်။ ကျနော် ရှိရာဖက်သို့ ဦးတည်လာပြီး ကျနော်တို့နား ရောက်တဲ့အခါ လမ်းသွားလမ်းလာ တွေကို ပိတ်ထားတဲ့ BOC ဂိတ်ကို ကန်ဖွင့်လိုက်သည်။ စောင့်နေသည့် စစ်သားကတော့ ဘာမှမလုပ်ပါ။ ပြီးတော့ သွားကြ သွားကြ လွတ်လပ်စွာ သွားလာခွင့် ရှိတယ် ဆိုပြီး ကျနော့် အနားရောက်လာ ပါတော့တယ်။ ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ကွာ တိုင်းမှူး ရောက်နေတယ်တဲ့ သွားမယ် ဆိုပြီးကျနော့် စက်ဘီးမှာ တက်လိုက် လာပါတယ်။ ဟုတ်ပါတယ် (၈) ရက် (၈)လ (၁၉၈၈) ခုနှစ်မှာ ကျနော်တို့ မြို့မှာ စောစောစီးစီး K.I.A မှ လာပစ်သော သေနတ်သံ ကြားရပါတယ်။ နောက် တိုင်းမှူး ကျော်ဘ ရောက်နေလို့ စစ်တပ်က လုံခြုံရေး တိုးယူထားပါတယ်။  တိုက်ဆိုင်မှုတွေကြောင့် ကျနော်တို့ရဲ့ မဟာစီမံချက်ကြီး အထမမြှောက် ဖြစ်သွား ရပါတော့တယ်။ အဲဒီ ညနေမှာ သိန်းထိုက်ကို ရုံးခန်းမှာ ထောက်လှမ်းရေးနဲ့ ဆရာများ ခေါ်ယူ စစ်ဆေးခြင်းကို ခံခဲ့ရပါတယ်။ သူ့ကိုဖမ်းရင် ပြဿနာ ပိုမိုကြီးလာ နိုင်တယ်လို့ ယူဆပြီး သူ့အမ ကျောင်းဆရာမရဲ့ အာမခံချက်နဲ့ သူ့ကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ကျနော်တို့ မြို့မှာ သြဂုတ်လ (၉) ရက် နေ့မှာစ၍ ကျောင်းတွေ ပိတ်ထား လိုက်ပါတယ်။ ကျနော့် သူငယ်ချင်း သိန်းထိုက်ရဲ့ ဆုတောင်းတော့ ပြည့်တယ်လို့ ဆိုရမှာပေါ့။



ကောလဟာလများ
တနိုင်ငံလုံး ကျောင်းသားတွေ ဆန္ဒပြ နေကြပြီလို့ ကျနော်တို့ မြို့မှာ ကောလဟာလ သတင်းတွေ ပျံ့နေပါတယ်။ “ မြို့နယ်က ကောင်းလို့ ဒီမြို့မှာ ဘယ်တော့မှ မဖြစ်ရဘူး” “ကျောက်ပြင် သနပ်ခါးတုန်းတွေ ထမိန်တွေကို တခြား ကျောင်းသားတွေ ပို့တယ်” စသော ကောလဟာလ သတင်းတွေ ပြန့်လွှင့် နေပါတော့တယ်။ သြဂုတ်လ(၉) ရက်နေ့မှာ ဘူတာကိုသွားတော့ မြစ်ကြီးနား မြို့မရပ်မှာ နေတဲ့ ကျနော်တို့ ကျောင်းအုပ် ဆရာကြီးရဲ့သား ဝင်းကျော်သူ ကို မြစ်ကြီးနား-မန္တလေး အစုန်ရထားပေါ်မှာ တွေ့လိုက်ရတယ် ဒါနဲ့ မြစ်ကြီးနား အခြေအနေ သွားမေးကြည့်တော့ သူတော့ မန္တလေး လစ်တော့မယ်တဲ့ မြစ်ကြီးနား မှာတော့ မနေ့က ဆန္ဒပြတယ် ရဲက ပစ်လို့ ဇော်နန် ဆိုတဲ့ ကျောင်းသားတယောက် သေတယ် (၁၀)ရက် နေ့မှာ ဇော်နန် အလောင်းကို ထမ်းပြီး ဆန္ဒပြမယ်၊ မြစ်ကြီးနားမှာ ကျောင်းသားတွေနဲ့ အာဏာပိုင်တွေကြား တင်းမာမှုတွေ ကြီးထွားနေတယ်၊ အခြေအနေ မကောင်းဘူး ဆိုပြီး ပြောသွားပါတယ်။ တနိုင်ငံလုံး ကျောင်းတွေကိုတော့ (၁၀)ရက် နေ့မှာ စတင်ပိတ်ဖို့ (၉)ရက် နေ့မှာ ရေဒီယို မှကြေငြာ၍ ပိတ်လိုက်ပါတော့တယ်။

မှိုင်းရာပြည့် ကွင်းက ကြွေးကြော်သံ
ကျနော်တို့အိမ်တွင် ဧည့်သည် သုံးလေးယောက်က အမြဲလို ရှိနေတတ်ပါတယ်။ အမေနဲ့ အကိုတို့က သူတို့ ဝယ်လာတဲ့ ကျောက်စိမ်းတွေကို မိုးကောင်းမှာ ဈေးမကိုက်လျှင် (အမြတ်မရရင်) မန္တလေးသို့ ဆင်းရောင်း တတ်ပါတယ်။ အဲလို သွားရောင်းတဲ့အခါ ကျောက်စိမ်းတွေကို သယ်ပေးမဲ့သူ (carry) ကို ဋ္ဌါးရပါတယ်။ တရားမဝင် ရောင်းဝယ်နေကြတာ ဖြစ်လို့ တနေရာနဲ့ တနေရာ သယ်ယူတဲ့ အခါ အဖမ်းအဆီး ခံရတတ်ပါတယ်။ အစော ပိုင်းတော့ အရပ်သား carry တွေ ဋ္ဌါးပါတယ်။ အဖမ်းအဆီးတွေ များလာတော့ နောက်ပိုင်းမှာ စစ်တပ်ထဲက စစ်သားတွေကို carry အဖြစ် ဋ္ဌါးပါတယ်။ အဖေက စစ်မှုထမ်းဟောင်း ဆိုတော့ စစ်သားတွေနဲ့လည်း ကျနော် တို့အိမ်က ရင်းနှီးပါတယ်။ အောက်ခြေ စစ်သားတွေရဲ့ ဘဝကိုလည်း ကျနော်တို့ မိသားစုက ကောင်းကောင်း နားလည်ပါတယ်။ စစ်သားဆိုတဲ့ နေရာမှာ လက်ရှိ တာဝန် ထမ်းနေသူရော စစ်တပ်မှ ထွက်ပြီးသား သူတွေလည်း ပါပါတယ်။ (၁၀)ရက် နေ့ရောက်တော့   မန္တလေးမှ ပြန်လာသော စစ်မှုထမ်းဟောင်း ဦးတင်ဝင်း က ကျနော့်ကို စာရွက်အပိုင်းလေး လာပေးပါတယ်။ ကျနော် ကြည့်လိုက်တော့ မန္တလေး မှိုင်းရာပြည့် ကွင်းမှာဝေတဲ့ လူထု သပိတ်ကြီး စတင်ဖို့ ခရိုင်မြို့နယ် တော်တော်များများ စုမိနေပြီ မကြာခင် တနိုင်ငံလုံး ဆောင်တဲ့ သပိတ်ကြီး စတင်တော့မည် သပိတ်ကို အောက်ပါ ကြွေးကြော်သံ အတိုင်း တညီတညွတ်ထဲ သပိတ်မှောက်ကြရန်။
သပိတ် …. သပိတ်……                          မှောက်မှောက်
မီးဒုတ်….မီးဒုတ်                                   ရှို့ …..ရှို့
ကုန်ဈေးနှုန်း အမှန်တကယ် ကျဆင်ရေး       ဒို့အရေး…..ဒို့အရေး
ကျောင်းသားသမဂ္ဂ ပြန်လည်း ဖွဲ့စည်းရေး      ဒို့အရေး…..ဒို့အရေး
စိန်လွင် အစိုးရ ဖြုတ်ချရေး                        ဒို့အရေး…..ဒို့အရေး
ဒီမိုကရေစီ ရရှိရေး                                  ဒို့အရေး…..ဒို့အရေး
အရေးတော်ပုံ                                        အောင်ရမည် အောင်ရမည်
ဆိုတဲ့ စာကို တွေ့လိုက်တော့ ကျေးဇူးပဲ ဦးတင်ဝင်း ဆိုပြီး စာရွက်ကို ကျနော် ယူလိုက်တော့ ဦးတင်ဝင်းက “မင်း အမေ ဆူနေပါအုံးမယ် ကွာ”  ကျနော် ဘာမှ ပြန်မပြောတော့ဘဲ ကာဗွန် (မှင်ခံစာရွက်) ခံပြီး အရွက် ငါးဆယ်ခန့် ကူးလိုက်ပါတယ်။ ကျောင်းမှ ရင်းနှီးသော သူငယ်ချင်း တချို့ကိုတွေ့ပြီး ကြွေးကြော်သံ စာရွက် များကို ထပ်ဆင့်ပွားကူးပြီး လိုက်ဝေငှရန် ပေးလိုက်ပါတယ်။
လူတိုင်းသိတဲ့ လျှို့ဝှက်ချက်
သြဂုတ်လ (၁၂)ရက် နေ့မှာ မနက် အိပ်ယာမှထ ကတည်းက အညိုးကြီးကြီးနဲ့ ရွာနေတဲ့မိုးဟာ(၁၁) နာရီခွဲ လောက်မှ စဲလာပါတယ်။ သိန်းထိုက် ကလည်း ကျနော့်အိမ်ဖက်ကို မရောက်လာတော့ပါ။ ကျနော်တို့ မြို့မှာ တကယ်ပဲ ဆန္ဒပြမဲ့ ကျောင်းသားတွေ မရှိတော့ဘူးလား၊ သူငယ်ချင်း တယောက် ပြောသလို စီးပွားရေးကိုပဲ စိတ်ဝင်စားကြတာလား၊ ဘယ်သူမှ ဦးဆောင်မဲ့သူ မရှိကြတော့ဘူးလား၊ စသဖြင့် ခံပြင်းစိတ်တွေနဲ့ အတွေး နယ်ချဲ့နေမိပါတယ်။ ထိုအချိန်တွင် သိန်းထိုက်တို့ ကျောင်းက သူငယ်ချင်းတယောက် တင်ထွေး ဆိုသူ ကျနော့် အိမ်ကိုမေးပြီး ပေါက်ချလာပါတယ်၊ သပိတ်မှောက်မယ်လို့ လာပြောပါတယ်  မနက်ဖြန် ထွက်ရအောင် မင်းမှာ လူ ဘယ်နှစ်ယောက် ရှိလဲတဲ့  ကျနော်က (၂၀)လောက် ရှိတယ်ပြောတော့ သူ့ဆီမှာ အယောက် (၅၀)လောက်ကို ပြောထားပြီးပြီ အလံလည်း ရှိတယ်လို့ ပြောလာပါတယ်။ ငါဆီမှာ ကြွေးကြော်သံတော့ ရှိပြီ ဒါဆို မနက်ဖြန် ရွှေသာလျောင်း ဘုရားကြီးမှာ စုပြီး ထွက်မယ်လို့ ကျနော်တို့ အကြမ်းဖျင်း တိုင်ပင် လိုက်ကြတယ်။ ညဖက်မှာ တခြားသူတွေနဲ့ အသေးစိတ်  ပြန်ဆွေးနွေးမည့် နေရာကိုပြောပြီး တင်ထွေး လည်း ထွက်သွားပါတယ်။ ကျနော်လည်း သူငယ်ချင်းတွေကို လိုက်ပြော ကြွေးကြော်သံတွေ ထပ်ပြီးကူးနဲ့ တနေကုန် အလုပ်ရှုပ် နေတဲ့ ကျနော့်ကို အမေ က ရိပ်မိလာတယ်၊ မသွားဖို့ မလုပ်ဖို့ပြောတော့ ဟုတ်ကဲ့ လို့ပဲ ခေါင်းညိတ် လိုက်တယ်၊ ညနေရောက်တော့ သိန်းထိုက် ရောက်လာပါတယ် သူနဲ့အတူ ဆရာကိုမျိုးလွင် ဆီကို သွားပြီး မနက်ဖြန် ကျနော်တို့ စတော့မယ်လို့ ပြောလိုက်တော့ သူ ပြူးတူးပျာတာ ဖြစ်သွားပါတယ်  “ အရမ်းလုပ်လို့ မရဘူး စနစ်တကျ မလုပ်ရင် အားလုံး အဖမ်းခံကြရမယ်” လို့ပြောပါတယ်။ ညဆုံရပ် နေရာကို ကိုမျိုးလွင်ကို ပြောပြပြီး ပြန်လာခဲ့ပါတယ်။ အခြေအနေ သိရအောင် (၆)နာရီခွဲ လောက်မှာ မြို့ထဲကို လမ်းထွက် လျှောက်တော့ ကျနော်တို့ သိုသိုသိပ်သိပ် စီစဉ်ထားသော ဆန္ဒပြမယ် ဆိုတဲ့ သတင်းက တမြို့လုံးကို ပျံ့နေပါတော့တယ်။ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်ပေါ့။ ညရောက်နေတော့ ရေဒီယိုက ဦးစိန်လွင် နုတ်ထွက် သွားပြီဆိုတဲ့ သတင်းကြားတော့ ဆန္ဒပြဖို့ ဆက်လုပ်ရမလား မလုပ်ရဘူးလား ကျနော် မဝေခွဲတတ် ဖြစ်နေပါတယ်။ နောက်နေ့ မနက် ကျနော်အိပ်နေတာ အမေက တွေ့တော့ “ ကဲ--သပိတ်ခေါင်း ဆောင်ကြီး မထသေးဘူးလား” လို့ စ သလိုလိုနဲ့ ကျနော် ဘာလုပ်မယ်ဆိုတာ သိချင်တဲ့ပုံနဲ့ စကား လာပြောပါတယ်။ ကျနော်က “ အမေ ကလည်း စိန်လွင် အစိုးရ ပြုတ်ကျသွားပြီ လုပ်စရာ မလိုတော့ဘူး” လို့ ပြန်ပြောလိုက်တော့ အမေက စိတ်အေးသွားပြီး သူ့အလုပ်သူ ပြန်လုပ် နေတာပေါ့။ ကျနော်လဲ လက်ဖက်ရည် သွားသောက် လိုက်အုံးမယ် ဆိုပြီး ပိုက်ဆံတောင်း ထွက်လာခဲ့ ပါတယ်။ စက်ဘီးနဲ့ ပတ်ကြည့်တော့ ကျနော်တို့ စုရပ် ရွှေသာလျောင်း ဘုရားကြီးမှာ ဆန္ဒပြမဲ့ ကျောင်းသားတွေ မတွေ့ရပဲ ကျနော် ထင်မှတ် မထားတဲ့ လက်နက် အပြည့်အစုံနဲ့ စစ်သားတွေကို တွေ့ရပါတော့တယ်။
ထောက်လှမ်းရေးကို လှည့်စားခြင်း
မိုးကောင်းမြို့ ရွှေသာလျောင်း ဘုရားကြီးရဲ့ လမ်းတဖက်တွင် လက်ဖက်ရည်ဆိုင်များ တန်းစီနေသည်။ ကျနော်တို့ လူတွေ ကြည့်လိုက်တော့ လက်ဖက်ရည် ဆိုင်တွေမှာ မနက်စာကို စားသုံးရင်း အခြေအနေကို စောင့်ကြည့် နေကြပါတယ်။ အဲဒီအထဲမှာ ကျနော်တို့ ကျူရှင်ဆရာ ကိုမျိုးလွင်ကို တွေ့ရပါတယ်။ ကိုမျိုးလွင်က ကျနော့်ကို ခေါင်းတချက် ဆတ်ပြီး အခြေအနေကို မေးပါတယ်၊ ကျနော်လည်း လက်ကာပြပြီး ထွက်လာခဲ့ပါတယ်၊ ပါတီယူနစ် ရုံးရှေ့က စိမ်းဝါ လက်ဖက်ရည်ဆိုင် အနီးမှာ မြစ်ကြီးနား ကောလိပ်မှာ တက်နေတဲ့ ကျော်စိုး(ကျဆုံး) နဲ့ တွေ့တော့ သူက “ မင်း အစီအစဉ်ကိုဖျက် လိုက်တော့တဲ့”  ကျနော် ဘာလုပ်ရမယ် မသိတော့ပဲ ထိုင်တွေဝေ နေမိတယ်။  အဲဒီအချိန်မှာ စံရွှေမြင့် ဆိုတဲ့ သူငယ်ချင်း တယောက် ရောက်လာပြီး ကျနော့်ကို ဘာမပြော ညာမပြော ပိတ်ဟောက်ပါတော့တယ်။  “မင်းကွာ လူတွေကို ခေါ်တုန်းက ခေါ်ထားပြီး ဘာလုပ်နေတာလဲတဲ့ “ ကျနော်ကလည်း ပြန်ပြောလိုက်ပါတယ်  “ဘာလုပ် ရမှန်းမသိလို့ ထိုင်းနေတာ”  “ဒါဆို ငါ့နောက်လိုက်ခဲ့” ဘယ်ကိုလိုက်မှာလဲလို့ မေးလိုက်တော့ “ဒေဝကျောင်း ကို” လို့ပြန်ပြောတယ် နောက် သူရှင်းပြတာက  လ္ဘက်ရည်ဆိုင်မှာ သူက သုဿန်ကျောင်း (ဘုန်းကြီးကျောင်း)မှာ လူစုမယ်လို့ အများကြားအောင် ပြောလိုက်တော့ ထောက်လှမ်းရေး တွေက အဲဒီကို ရောက်ကုန်ပြီ ဒါကြောင့် သူနဲ့ ဆန်းထွန်းတို့ နေထိုင်ရာ  ဒေဝဘုန်းကြီးကျောင်းမှာ ဆုံကြရန်  ဆန်းထွန်း က  လူစုထားတယ် ဆိုတော့ ကျနော် ထလိုက် သွားခဲ့ပါတယ်။
ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသား
ကျနော်ရောက်တော့ ငါးယောက် လောက်သာရှိသေးသည် နောက်တော့ တယောက်စ နှစ်ယောက်စ လာ ရောက်ကြရင်း လူ(၂၀)လောက် ဖြစ်လာတယ်။ ကျနော် လူလိုက်စု ကထဲက ကျောင်းသူတွေကို လိုက် မစည်းရုံးပါ ဒါပေမဲ့ ကျနော့်တို့ အတန်းထဲမှ ကျောင်းသူလေးယောက် ရောက်လာပါတယ်။ သူတို့ ရောက်လာတော့ နင်တို့ ဘာဖြစ်လို့ လာကြတာလဲ အန္တရယ်များတယ်လို့ ပြောတော့ ကိုကြီးတို့တောင် လုပ်သေးတာ ညီမလေးတို့လဲ ပါရမယ် ကျောင်းသူ/သားတွေရဲ့ အရေး အားလုံးနဲ့ ဆိုင်တယ် ပါရမှာပဲတဲ့ ကျနော့်ကို ပြန်ရန်တွေ့ကြတယ်။ သူတို့နဲ့ ကျနော်က မောင်နှမတွေလို ရင်းနှီးကြသော သူများ ဖြစ်ကြတယ်။ ဒါကြောင့် ကျနော့်ကို အတန်းထဲမှာလဲ ကိုကြီးဟု ခေါ်ကြတယ်။ ဒီလိုနဲ့ (၂၀)ယောက်တော့ ကျော်လာပြီ။ လူ(၂၀)လောက် ဆိုရင်တော့ အဖမ်းခံရဖို့ များတယ် ကျနော်တို့မြို့က အမြဲတမ်း စစ်အုပ်ချုပ်ရေး မာရှယ်လော ပုဒ်မ (၁၄၄) ထုတ်ထားတဲ့မြို့ လူနည်းရင်တော့ ပစ်လည်း သတ်နိုင်တယ်။ ကျနော် အမျိုးမျိုး တွေးနေမိတယ်။ အဲဒီအချိန်မှာ နောက်ထပ် (၄)ယောက် ဝင်လာသည် တင်ထွေး က “အဲဒါ ကိုအောင်ကြီးပဲ (ယခု RCSS ဗဟိုကော်မတီဝင် ဗိုလ်မှူးအောင်မောင်) သူက မန္တလေး တက္ကသိုလ်မှာ ကျောင်းတက်နေတာလို့ ပြောတော့ ကျနော် နဲနဲ အားတက်လာပါတယ် ။ ကျနော်တို့ ဦးဆောင် ဆန္ဒပြမဲ့ ကျောင်းသားတွေ ပြန်ကြည့်လိုက်တော့ တချို့ (၈)တန်း (၉)တန်း (၁၀)တန်း ကျောင်းသားတွေ ရှားရှားပါးပါး တက္ကသိုလ်ကျောင်းသား တယောက်သာ ပါခဲ့တယ်။ အားလုံး လူစစ်ကြည့်လိုက်တော့ ယောင်္ကျားလေး က (၂၃)ယောက် မိန်းကလေးက (၄)ယောက် စုစုပေါင်းမှ (၂၇) ယောက် အဖမ်းတော့ ခံရနိုင်သည်။ ရန်ကုန် နဲ့ တခြားမြို့ကြီးများမှ ကျောင်းသားတွေ တချို့ အသက်တောင် စွန့်သွားကြပြီ တာဝန်ကျေ သွားကြပြီ ကျနော်တို့ လက်ပိုက် ကြည့်နေလို့ မရတော့။  
မ.ဆ.လ အလံနဲ့ သူခိုးဓါးပြများ
ရောက်လာကြတဲ့ သူတွေအားလုံး တိုင်ပင်လိုက်ကြပါတယ်။ လူတော့နည်းတယ် မတတ်နိုင် ထွက်မှဖြစ် တော့မယ် ။ ဒါကြောင့် ကျနော်တို့ ချီတက်ရာလမ်းတွင် တွေ့တဲ့သူ မှန်သမျှ အကုန်းဆွဲရန် သဘောတူ လိုက်ကြပါတယ်။ ကျနော်တို့ အားလုံးထွက်ကြမယ် ဘာမှ မကြောက်ကြနဲ့ လမ်းမှာ တွေ့တဲ့သူမှန်သမျှ အကုန် ဆွဲထည့် ပြောလိုက်သည် ဆိုရင်ပဲ အားလုံးက တပြိုင်နက်တည်း ပါလာသော ပဝါများ သင်္ဃန်း အစုတ်များဖြင့် မျက်နှာများတွင် စည်းလိုက် ကြပါတော့တယ်။ တချို့လည်း ပါလာသော နုတ်ခမ်းနီများ မိတ်ကပ်များဖြင့် ရုပ်ကို မမှတ်မိအောင်ဖျက် လိုက်ကြပါတယ်။ ထွက်မဲ့သူတွေကို ပြန်ကြည့်လိုက်တဲ့ အချိန်မှာ အစိုးရကို ဆန္ဒပြမဲ့ ကျောင်းသားများနဲ့ မတူ ရုပ်ရှင်ထဲက သူခိုး၊ ဓါးပြ တွေလိုဖြစ်သွားပြီး ကိုယ့်အချင်းချင်ပင် သေသေချာချာ မမှတ်မိတော့ ။ အလံ တာဝန်ယူထားတဲ့ တင်ထွေးကို အလံထုတ်တော့လို့  ပြောလိုက်တော့ ကျနော် ထင်ထားတဲ့ ကြယ်ငါးပွင့် အလံမဟုတ်ဘဲ ကျနော်တို့ ဆန့်ကျင် သပိတ်မှောက်မဲ့ ကြယ်(၁၄)ပွင့် အလံ ဖြစ်နေတာကို သွားတွေ့ လိုက်ပါတယ်။ “ဘယ်လို လုပ်မလဲ ဒါ မ.ဆ.လ အလံကြီး” လို့ ပြောတော့  “ဘာမှမဖြစ်ဘူး ဒီအလံနဲ့ ပဲထွက်မယ်” လို့တယောက်က လှမ်းပြောလိုက်တယ်။ အလံကိုတော့ (၈)တန်း ကျောင်းသား ဇော်လင်းက ကိုင်ပြီး အရှေ့ထွက် လိုက်ပါတယ်။ ကျနော် လိုက်ဝေထားသော ကြွေးကြော်သံမှာ စိန်လွင် အစိုးရ နေရာမှာ စိန်လွင် အစိုးရပြုတ်ကျသွားပြီ ဖြစ်တဲ့အတွက် တပါတီ အာဏာရှင်စနစ် ဖြုတ်ချရေးလို့ အစားထိုးကာ ပြင်လိုက်ကြတယ် ။ မိုးကောင်းမြို့ ဒေဝ ဘုန်းကြီးကျောင်းဝတွင် ထွက်ရန် စီလိုက်ကြပါတယ်။ ကျနော် တို့အာလုံးရဲ့ စိတ်ထဲမှာ စိုးရိမ်မှု၊ ကြောက်ရွံ့မှု၊ ခံပြင်းမှုတွေ ရောပြွန်း နေလိမ့်မယ်လို့ ကျနော် ယုံကြည်မိပါတယ်။  ကြွေးကြော်သံကို တိုင်လိုက်သည် ဆိုရင်ပဲ ကျနော်တို့ (၂၇)ယောက်၏ အသံသည် လူပေါင်း ရာထောင်ချီ အော်သည့်အလား မိုးကောင်းမြို့ တမြို့လုံးကို ပဲ့တင် ထပ်သွားပါတော့တယ်။


စစ်တပ်နဲ့ ထိပ်တိုက် တွေ့ကြပြီ
သပိတ် သပိတ် မှောက်မှောက် မီးဒုတ် မီးဒုတ် ရှို့ ရှို့ လို့ ကျနော်တို့ရဲ့ ကြွေးကြော်သံကို အော်လိုက်သည်နှင့် တပြိုင်နက်တည် တမြို့လုံးမှာရှိတဲ့ ဈေးဆိုင်တွေ၊  လက်ဖက်ရည်ဆိုင်၊ ပန်းဆိုင်တွေပါ မကျန် အကုန်ပိတ်သွား သည်ကို တွေ့မြင် လိုက်ရပါတယ်။ လမ်းသွား လမ်းလာတွေလည်း မတွေ့ရတော့ပါ အိမ်တွေကို ကြည့်လိုက်တော့ တံခါးတွေပိတ်ပြီး တချို့က ချောင်းကြည့် နေကြတာကို တွေ့ရပါတယ်။ မိုးကောင်း တမြို့လုံး သုဿန် တစပြင် ကဲ့သို့ တိတ်ဆိတ် ငြိမ်သက်သွားတော့တယ်။  ကြွေးကြော်သံကို တိုင်ပြီး ချီတက်ခဲ့ရာ ချီတက်ရာ လမ်းကြောင်းတွင် ကျနော်တို့ ဆွဲထည့်ရမည့်သူ ခွေးတကောင် ကြောင်တမြီးမှ မတွေ့ မြို့တပတ် ရသွားသော်လည်း ဝင်လာ သူမရှိ။ နောက်မှ ကျနော် သိလိုက်သည်က ကျနော်တို့ရဲ့ မီးဒုတ် မီးဒုတ်  ရှို့ရှို့ လို့တိုင်လိုက်တဲ့ ကြွေးကြော်သံကြောင့် လူတွေအားလုံး ကြောက်လန့် ကုန်ကြတယ်လို့ သိလိုက် ရပါတယ်။ ကျနော်တို့ အထက(၂) ကျောင်းဖက်ကို ဆက်ချီ တက်လာခဲ့ပြီး ကျောင်းက မြို့ထဲဖက် ပြန်အဝင်မှာ လက်နက် အပြည့်အစုံနဲ့ စစ်ကားတစီး ကျနော်တို့ ချီတက်လာရာ လမ်းကို ပိတ်ရပ် လိုက်ပါတော့တယ်။ ကားပေါ်မှ စစ်သားများ ဆင်းလာပြီး ပစောက် ပုံစံ နေရာယူလိုက်ကြကို တွေ့လိုက်ရပါတယ်။ သူတို့ ပါလာတဲ့ G.3 သေနတ် အသစ်စက်စက် များကို (ဖြောင်းးးဖြောင်းးးဖြောင်း) မောင်းတင်လိုက်သော အသံများကြောင့် ကျနော့်ရဲ့ နှလုံးခုန်နှုန်းမှာ မီးရထားအစင်း တရာ ခုတ်မောင်းသွားသည့် အလား တဒိတ်ဒိတ်နဲ့ ရင်ခုန်သံ မြန်နေပါတော့တယ်။ ကျနော်တို့ သပိတ် စစ်ကြောင်းသည်လည်း ခေတ္တမျှ ရပ်ဆိုင်းသွားပါတယ်။ အရေးကြုံရင် ပြာယာခပ်တတ်သော ကျနော့် အကျင့်ကြောင့် ကျနော် ဘာမှ မလုပ်တတ်တော့ပါ အားလုံးကိုတော့ ဘယ်သူမှ ထွက်မပြေးနဲ့ မကြောက်ကြနဲ့ လို့တော့ အော်နေမိပါတယ်။ အမှန်တော့ ကျနော် ကြောက်သောကြောင့် အော်နေခြင်းသာ ဖြစ်ပါတယ်။ ကျနော့် အနားကို မင်းသူ ရောက်လာပြီး  “တပ်မတော်သည်” လို့ တိုင်လိုက်တော့ ကျနော်လည်း အလိုက်သင့် “ဒို့တပ်မတော်” လို့ လိုက်အော် လိုက်ပါတယ်။  နောက်တော့ ကျနော်နဲ့ မင်းသူ က တိုင် လိုက်တော့ ကျန်တဲ့သူတွေက လိုက်ကြပါတယ် “တပ်မတော်သည် ………… ဒို့တပ်မတော်” ဆိုပြီး သုံးလေးခေါက် သံပြိုင်ဟစ်အော်ပြီး စစ်တပ်ကို စည်းရုံး လိုက်တော့ စစ်တပ်က ချိန်ထားတဲ့ သေနတ်ပြောင်းတွေ အောက်ကို ချသွားပါတယ်။  ကျနော်တို့လည်း စစ်သားတွေကို အော်ပြော လိုက်တယ်။ ကျနော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေခြင်း ဖြစ်တယ် သွားခွင့်ပြုပါလို့ ပြောလိုက်တော့  သူတို့ဖက်က တုံ့ပြန်ပြောဆိုသံ မကြားရပါဘူး ။ ဒါကြောင့် စစ်သားတွေ ကြားကပဲ ကျနော်တို့ သပိတ်စစ်ကြောင်းကို ဖြတ်ပြီး ဆက်ထွက် လာခဲ့တယ်။ လမ်းတလျောက်တွင် လက်နက်ကိုင် ပြည်သူ့စစ်တွေက ရပ်ကွက် လုံခြုံရေး ယူထားကြတာကို တွေ့လိုက်ရပါတယ်။ ထိုအချိန်က ကျနော်တို့မြို့မှာ မာရှယ်လော စစ်ဥပဒေ ပုဒ်မ- ၁၄၄ ထုတ်ထားပါတယ်။  ကျနော်တို့နောက်မှ စစ်ကားတစီးနဲ့ အသံချဲ့စက်နဲ့ လိုက်အော်နေသော ပါတီ၊ ကောင်စီ က ကားတစီး လိုက်နေသည်ကို တွေ့ရပါတယ်။  မြို့နှစ်ပတ် ပြည့်ခါနီးတွင်  “ပါတီ၊ ကောင်စီ တိုက်ဆောက် ပြည်သူတွေက ဗိုက်မှောက်” ဆိုတဲ့ အသံတွေကို ကြားလိုက် ရတော့  အသံလာရာကို ကျနော်တို့အားလုံး ကြည့်လိုက်မိပါတယ် ကိုရင်လေးပါး ကျနော်တို့ သပိတ်နဲ့ လာရောက် ပူးပေါင်း အင်အား ဖြည့်လိုက်ပြီ်။ ထို ကိုရင်လေးပါးကို ဦးဆောင်ခဲ့ သူမှာ ကိုရင် ဝတ်နေသော အောင်ကို (Rambo-4 တွင် န.အ.ဖ ဒုဗိုလ်အဖြစ် သရုပ်ဆောင်ခဲ့သူ) ဖြစ်ပါတယ်။ လာရောက် ပူးပေါင်းလာသော ကိုရင်လေးပါးမှာ ရဲဒင်းငယ် တခု ပါလာသဖြင့် ကိုရင်တွေဆီမှာ လူကိုသေစေနိုင်တဲ့ လက်နက်တွေ ပါနေပါတယ်လို့ လက်နက် အပြည့်အစုံနဲ့ စစ်ကားမှ လှမ်းအော်ပါတယ်။ ကျနော်တို့ဟာ ငြိမ်ချမ်းစွာ ဆန္ဒပြတာ ဖြစ်တယ် ဒါကြောင့် ဒီ ရဲဒင်းကိုလည်း ကျနော်တို့ မယူသွားဘူး ဆိုပြီး ရဲဒင်းငယ်ကို ကားလမ်းတွင် ချထားပေးခဲ့ပြီး ကျနော်တို့ ဆက်ထွက်လာခဲ့ကြတယ်။ သို့သော်လည်း စစ်ကားက ကပ်လိုက် နေသောကြောင့် ကျနော်တို့နဲ့ လာရောက် ပူးပေါင်းလိုသူများ ဝင်မလာရဲ ဖြစ်နေကြပါတယ်။ ဒါကြောင့် ကျနော် လူ(၃၀)ကျော်သာ ပါတဲ့ သပိတ်စစ်ကြောင်းကို  စစ်ကား မဝင်နိုင်တဲ့ လမ်းကြောင်းကို ပြောင်းလိုက်ကြပါတယ်။ သံလမ်းရဲ့ အရှေ့ဖက် လမ်းကျဉ်းအတိုင်း ဝင်သွားလိုက်ပြီး ပြန်ထွက်လာတဲ့ အခါမှာ လူတရာလောက် ဖြစ်သွားတယ်။ မျက်နှာဖုံးတပ်ပြီး စကားပြောဖို့ စောင့်နေတဲ့ ကျနော်တို့ ကျူရှင်ဆရာ ကိုမျိုးလွင်ကိုလည်း တွေ့လိုက်ရတယ်။ လမ်းမကြီးဖက် ဆက်ထွက်လာတော့ သံလမ်း အနောက်ဖက်မှာ လူ ၁၅၀ လောက် လက်ခုပ်တီး အားပေးရင် ကျနော်တို့ရဲ့ သပိတ် စစ်ကြောင်းကို ကြိုဆိုနေကြတာကို တွေ့လိုက်ရပါတယ်။ လူတွေ များလာတော့ လမ်းဆုံ၊ လမ်းခွတွင် ကျူရှင်ဆရာ ကိုမျိုးလွင် တရားဟောတော့ လူတွေ တက်တက်ကြွကြွ ရဲရဲတင်းတင်း ထောက်ခံလာကြပြီး လက်ခုပ်သြဘာ များနဲ့ အားပေးကြပါတယ်။ အဲဒီအခါမှာ ကျနော့်စိတ်ထဲတွင် ပူပင် ကြောင့်ကြမှု တဝက်လျော့ကျ သွားပါတော့တယ်။

မိုးကောင်း ၈ လေးလုံး နိဒါန်း
လမ်းဆုံလမ်းခွ လူစည်းကားတဲ့ နေရာတိုင်းမှာ ကျောင်းသားတွေ ဘာကြောင့် သပိတ်မှောက် တိုက်ပွဲဝင်ရသ လဲ ဆိုတာကို ဆရာမျိုးလွင်က ရှင်းပြပြီး နိုင်ငံရေး တရားဟော ပါတော့တယ်။ ထိုအခါကြမှ လူထုက ကျနော်တို့ ကို စားစရာ သောက်များ လာရောက် ပေးကမ်းကြပါတယ်။ ပြည်သူ လူထုများမှလဲ သူတို့ မကျေနပ်ချက်တွေ၊ ခံစားချက်တွေကို ရင်ဖွင့်ပြောဆို လာကြပါတယ်။ ညနေရောက်တော့ လူစည်းကားတဲ့ ရုပ်ရှင်ရုံ လမ်းဆုံမှာ လူထုကို တရားဟောပြီး နားထောင်နေကြတဲ့ လူထုကြားထဲကို ကျောင်းသားများ ဝင်ရောက်ပြီး ပြည်သူ့ ရင်ကို ခိုလုံကာ လူစုခွဲလိုက် ကြပါတော့တယ်။ ကချင်ပြည်နယ် မိုးကောင်းမြို့ရဲ့ ပထမဦးဆုံး ကျောင်းသား သပိတ်တိုက်ပွဲ ကို ၁၃ရက် သြဂုတ်လ ၁၉၈၈ ခုနှစ်မှာ အစနိဒါန်း ချီခဲ့ကြပါတယ်။
စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲတိုင်းမှာ ကျောင်းသားဆိုတာ တက်ကြွတဲ့ စိတ်ဓါတ်တွေ စွန့်လွတ် အနစ်ခံမှုတွေကို အခြေတည်ပြီး လူမျိုး၊ ဘာသာ၊ မခွဲခြားပဲ ညီညီညွတ်ညွတ် တိုက်ပွဲ ဝင်ခဲ့ကြသည်ကို ကျနော် မျက်ဝါးထင်ထင် မြင်တွေ့ရပါပြီ။  ( မိုးကောင်းရဲ့ ၈လေးလုံး ဒုတိယပိုင်းကို ဆက်လက် ရေးသားပါအုံးမည်။ )

                                                                                                                    ရာစု

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More