Sunday, April 6, 2008

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ၈၅ နှစ်ပြည့် မွေးနေ့အမှတ်တရ

ဧပြီလ ၆ ရက်နေ့ဟာ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းရဲ့ မွေးနေ့ မင်္ဂလာသမယဖြစ်တယ်လို့ ပျူနိုင်ငံဘလောက်ပိုင်ရှင်ကိုအောင်က သတိပေး စကားပြောဆိုလာပါတယ်။ ကျနော်တို့မေ့မေ့လျောလျောဖြစ်နေတဲ့ကိစ္စကို စေတနာစကားနဲ့ အသိပေးအကြောင်းကြားလာတဲ့ ကိုအောင်ကို အထူးကျေး ဇူးတင်ပါတယ်။ ကျနော်တို့ကိုယ်တိုင် စာရေးဖို့အချိန်မရတဲ့အတွက် ပျူနိုင်ငံ ဘလောက်ပိုင်ရှင်ကိုအောင်ရေးတင်ထားတဲ့ ဒေါက်တာသန်းထွန်းအမှတ် တရစာမူအပါအ၀င်၊ ၂၀၀၅ ခုနှစ်ထုတ် မိုးသောက်ကြယ် ဂျာနယ် အတွဲ၃၊ အမှတ် ၁အတွက်ဆရာမောင်စွမ်းရည်ရေးသားပေးခဲ့သော ‘သမိုင်းပညာရှင်ဒေါက်တာသန်းထွန်း‘ အထ္ထုပ္ပတ္တိဆောင်းပါး၊ ဆရာတင်မိုး(ကွယ်လွန်)ရေးစပ်ခဲ့သော ‘သင်္ချိုင်းပြောတဲ့သမိုင်း‘ ဂုဏ်ပြုကဗျာများ၊ အမှတ်တရ အဖြစ်အပျက်များနှင့်တကွ ဒေါက်တာသန်းထွန်း ကိုယ်တိုင်ရေးစပ်ထားခဲ့သော ‘ဂေါတမရေမပြန်လေနဲ့ အောင်ခြင်းကိုးပါး‘ကဗျာနှင့် ဆရာတင်မိုး(ကွယ်လွန်)ရေးစပ်ခဲ့သော ‘ဗုဒ္ဓနှင့်တွေ့ဆုံခြင်း‘ကဗျာတို့ကိုပါ တစုတစည်းထဲ တင်ပြပေးလိုက်ပါတယ်။

အပြုသဘောဆောင်သည့် ဝေဖန်အကြံပြုချက်များကို ရိုသေစွာနာခံလျက်-
မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများ
moethaukkye@gmail.com

ဆရာကြီးဒေါက်တာသန်းထွန်း ရဲ့ မွေးနေ့အမှတ်တရ
(ဒေါက်တာသန်းထွန်း ၁၉၂၃-၂၀၀၅)
‘ဆင်ဖြူဖြစ်ဖြစ် ဆင်မည်းဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်၊ တိရစ္ဆာန် ကို လူဟာ ရှိမခိုးအပ်ဘူး‘

ဆရာ ဒေါက်တာ သန်းထွန်း တယောက် မြန်မာပြည်မှာ မွေးဖွားခဲ့တာ ဒီနေ့ ဆိုရင် ၈၅ နှစ် ပြည့်မြောက် ခဲ့ပါပြီး။ ဆရာ့ကို ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း ဒေါင့်ကြီးရွာမှာ အဖ ဦးဖိုးတွေနဲ့ မိခင် ဒေါ်သင် တို့က ၁၉၂၃၊ဧပြီလ ၆ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ကုန်းဘောင်ခေတ်မြင်းကွန်း မြင်းခုံတိုင် အရေးအခင်းမှာ ပါခဲ့တဲ့ မောင်လူကြီးဆိုသူသည် ဆရာဒေါက်တာ သန်းထွန်း၏ မိခင် ဒေါ်သင်ရဲ့ အဘိုး ဖြစ်ပါတယ်။
ဆရာဒေါက်တာ သန်းထွန်း ကမွေးချင်း ညီအကို မောင်နှမ ၅ ဦး အနက် ၄ ယောက်မြောက် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း မွေးရပ်မြေ ဧရာဝတီတိုင်း ငါးသိုင်းချောင်း မြို့နယ် က အရှေ့တောင်အာရှ လူငယ်အဖွဲ့အစည်းမှာ လူငယ်ခေါင်းဆောင် တစ်ဦးအဖြစ် စတင်ပါဝင်ခဲ့ပါတယ်။
ဖက်ဆစ် ဂျပန် တော်လှန်ရေး အတွက် ငါးသိုင်းချောင်း မြို့နယ်မှာဖွဲ့စည်းခဲ့တဲ့ ဖတပလ ရဲ့ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် လဲ တာဝန် ထမ်းဆောင် ခဲ့ပါတယ်။
၁၉၄၆ ခုနှစ် စစ်ပြီး ခေတ် ရန်ကုန် တက္ကသိုလ် ရဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့တယ်။
လက်ဝဲ ကွန်မြူနစ် စာပေများကို သဘောကျစွာနဲ့ ဗမာပြည်ကွန်မြူနစ် ပါတီဝင် အဖြစ်ခံယူ ခဲ့တယ်။ ၁၉၄၈ ခုနှစ်မှ စ၍ နိုင်ငံရေး သမားဘ၀ကို စွန့်လွတ်ခဲ့တယ်။
ကွန်မြူနစ် ပါတီမှ ထွက်ပြီး ရန်ကုန်တက္ကသိုလ် သမိုင်းနည်းပြဆရာ အဖြစ် တာဝန် ထမ်းဆောင်ချိန် ၁၉၄၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှာဒေါ်ခင်ရီ နဲ့အိမ်ထောင်ပြုခဲ့ပါတယ်။
သားသမီး ၅ ယောက် ထွန်းကား ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ၀ိဇ္ဇာဂုဏ်ထူးတန်းနဲ့ ဘွဲ့ရခဲတယ်။
၁၉၅၀ ခုနှစ်မှာ သမိုင်းဘာသာရပ်နဲ့မဟာဝိဇ္ဇာ ဘွဲ့ကို ရရှိခဲ့တယ်။
၁၉၅၂ မှ ၁၉၅၆ အထိ လန်ဒန် တက္ကသိုလ် မှာ ပညာသင်ပြီး ပညာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ ကို ရရှိခဲ့တယ်။
၁၉၆၅ မှ ၁၉၈၂ အထိ မန္တလေးတက္ကသိုလ် မှာ သမိုင်း ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၈၂ မှ ၁၉၉၀ အထိ ဂျပန်နိုင်ငံ နဲ့ အမေရိကန်ပြည်ထောင်စု ရှိ နာမည်ကျော် တက္ကသိုလ်များတွင် ပညာရှင်ဧည့်ပါမောက္ခ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တယ်။
၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့မှာ လန်ဒန်တက္ကသိုလ် က စာပေ ပါရဂူဘွဲ့ ချီးမြှင့်ခဲ့တယ်။ ၁၉၉၀ ခုနှစ် မတ်လ ၁၅ ရက်နေ့ မှာ နိုင်ငံတကာဝိဇ္ဇာ သိပ္ပံ ထိပ်တန်း ပညာရှင် ကြီးများရဲ့ အလယ်မှာ ဒုတိယအယ်လီဇဘတ် ဘုရင်မ ကြီး၏ သမီးတော် ကိုယ်တိုင် အပ်နှင်းရတဲ့ D.Lit. ကို လက်ခံရယူခဲ့တယ်။
၁၉၉၀ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လည်ရောက် ရှိခဲ့တယ်။ ၁၉၉၁ မှာ မြန်မာစာ အဖွဲ့ဝင်၊ မြန်မာ အင်္ဂလိပ် အဘိဓါန် ပြုစုရေး ကော်မတီဝင် နဲ့ ၁၉၉၂ မှာ ရန်ကုန်တက္ကသိုလ် ရှေးဟောင်း သုတေသန ပညာ ဌာန ကို တည်ထောင်ခဲ့သူ ခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့တယ်။
၁၉၉၃ မှ ၂၀၀၁ အထိ ရှေးဟောင်း သုတေသန ပညာ ဌာန၊ သမိုင်းဌာန၊ အရှေ့တိုင်းပညာဌါန တို့မှာ ဂုဏ်ထူးဆောင် ပါမောက္ခ အဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၄၆ ခုနှစ် မြန်မာပြည် လွတ်လပ်ရေး မရခင် မှာ အမျိုးသားနေ့ အောင်ပွဲ ကို ကျောင်းသားခေါင်း ဆောင်တစ်ဦးအဖြစ် ဦးဆောင်ပြီး ဖဆပလ အဖွဲ့ချုပ်ကို ဆန့်ကျင့်ခဲ့တယ်။
မန္တလေးတက္ကသိုလ် ကျောင်းဆရာ ဘ၀မှာ အာဏာသိမ်း စစ်တပ်ရဲ့ မဆလ အရံပါတီဝင်ကြေး နဲ့ လုပ်သား ကောင်စီ ကြေး တွေကို မထည့်ဝင် ဘဲ သပိတ်မှောက်ခဲ့သောကြောင့် မဆလ ပါတီက ဆရာဒေါက်တာသန်းထွန်းကို ထုတ်ပယ်ခဲ့တယ်။ မကွယ်လွန် ခင် နအဖ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့် ရဲ့ ဆင်ဖြူ ကိုးကွယ်မှု ကို ရဲ့ဝင့်စွာ ပြစ်တင်ဝေဖန်ခဲ့တယ်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မန္တလေး အမရပူရ မြို့၊ တောင်သမန်အင်းစောင်းမှာရှိတဲ့ တောင်လေးလုံးကျောင်း တွင် ပြုလုပ်သော လူထုဒေါ်အမာ အသက် ၉၀ ပြည့်မွေးနေ့ ကို လာရောက် ဆင်နွဲပြီး၊ နောက်တနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန် ခဲ့ပါတယ်။
ဆရာဒေါက်တာ သန်းထွန်းသည် မြန်မာနိုင်ငံသားများ အတွက် သမိုင်းဆိုင်ရာ ရှာဖွေမှုများနှင့် သုတေသန ပြုလုပ်မှုပေါင်းများစွာ၊ စာတမ်းနဲ့ သမိုင်းဆိုင်ရာ စာပေ ကိစ္စပေါင်း များစွာကိုအနစ်နာခံ ဆောင်ရွက် ခဲ့သော နိုင်ငံချစ် ကမ္ဘာ သိ ပညာရှင်ကြီး တစ်ဦးအဖြစ် မော်ကွန်းထိုး လောက်တဲ့ သူ တစ်ဦး ဖြစ်ပါတယ်။
” မိုးကောင်းကင် က ကြယ်တာရာတွေ
တပွင့်ပြီးတပွင့်ကြွေ
ကြွေလေသမျှ အစားထိုးလို့မရ
နှမြောကြေကွဲမိ တသသ..။”
(ဆရာ ဒေါက်တာသန်းထွန်း ကွယ်လွန်ချိန်က တပည့်ဖြစ်သူ စာပေပညာရှင် ဆရာကြီး တင်မိုး
ရဲ့ ကဗျာ ဖြစ်ပါတယ်။)
(ရေးသားသူ-ကိုအောင်၊ ပျူနိုင်ငံဘလောက်ပိုင်ရှင်)

သမိုင်းပါရဂူဒေါက်တာသန်းထွန်း
(မောင်စွမ်းရည်)

သမိုင်းပါရဂူဒေါက်တာသန်းထွန်းကွယ် လွန်သွားတာကို နှမြောတသ၀မ်းနည်းရ ကြောင်း အလွမ်းစာတစောင်ကို ဖတ်ကြား လိုက်ချင်ပါတယ်။
မန္တလေးတက္ကသိုလ်က အငြိမ်းစားပါ မောက္ခ၊ ကမ္ဘာကျော်၊ မြန်မာ့သမိုင်းပညာ ရှင် ဒေါက်တာသန်းထွန်းဟာ ၂၀၀၅ နိုဝင် ဘာ ၂၉ ရက်နေ့က မန္တလေး အမရပူရòမ့၊ တောင်သမန်အင်းစောင်း၊ ဦးပညာတောင် လေးလုံးကျောင်းမှာ အမေလူထုဒေါ်အမာ အသက် ၉၀ ပြည့်မွေးနေ့ကို လာရောက် ဆင်နွဲပြီး၊ နောက်တနေ့ နိုဝင်ဘာ ၃၀ ရက်၊ နံနက် ၂ နာရီမှာ နှလုံးရောဂါနဲ့ ကွယ်လွန် သွားခဲ့ရှာပါတယ်။

ဆရာ့ဘ၀မှာ ဆရာအလုပ်ချင်ဆုံးအ လုပ်တွေကို အများဆုံးလုပ်သွားတဲ့နေရာ ဟာ မန္တလေးတက္ကသိုလ်နယ်မြေမှာပဲဖြစ် တယ်လို့ ဆိုနိုင်သလို၊ မိတ်ဆွေရင်းတပည့် ရင်း ရဲဘော်ရဲဖက်အပေါင်းအသင်းတွေနဲ့ ရယ်ရယ်ðပံးðပံး နှလုံးမွေ့လျော်ရာနေရာ ဟာလဲ တောင်သမန်အင်းစောင်းက တောင်လေးလုံးကျောင်းပဲဖြစ်တယ်လို့ ကျ နော်တို့ ရဲရဲဆိုဝံ့ပါတယ်။
ဆရာအသက်ရှင်နေသေးရင် အလုပ် တွေအများကြီးဆက်လုပ်နေဦးမှာ မုချမလွဲ ဖြစ်လို့ ခုလို ဆရာအသေစောတာကို ကျ နော်တို့တတွေဟာ ဆရာ့မိသားစုနဲ့ ထပ် တူထပ်မျ ၀မ်းနည်းရပေမဲ့ ဆရာမွေ့လျော် ရာနေရာကို ဆရာကိုယ်တိုင် ရွေးချယ် ကွယ်လွန်ခဲ့တာကြောင့် ဖြေမယ်ဆို ဖြေသာသေးရဲ့လို့ ကျနော်တို့ပြောတာကို တမလွန်ဘ၀က ဆရာကြားနိုင်မယ်ဆိုရင် ခေါင်းမာတယ် အသဲမာတယ်လို့ ကျော် ကြားတဲ့ဆရာဟာ ခါတိုင်းလို ပြုံးပြီး ခေါင်း တညိတ်ညိတ် လုပ်နေမှာ သေချာပါတယ်။

မန္တလေးမှာ ကျနော်တို့တတွေ စာပေ လုပ်ငန်းတွေလုပ်ကြ၊ ရေးကြချွတ်ကြ၊ ပြော ကြဟောကြနဲ့ အားတက်သရောဖြစ်နေ ကြချိန်မှာ ကျနော်တို့ရှေ›က မားမားမတ် မတ်ရပ်တည်ပေးသူ၊ ရဲဘော်ရဲဘက်သ ဖွယ်၊ ငယ်ပေါင်းကြီးဖော်တွေပမာ ညီအကို ရင်းချာတွေလို ချစ်ခင်စည်းလုံးလှတဲ့ ရဲသုံး ဖော်ကတော့ ‘လူထုဦးလှ’၊ မန္တလေးတက္က သိုလ်ပါမောက္ခချုပ်‘ဦးကျော်ရင်’နဲ့ မန္တ လေးတက္ကသိုလ်သမိုင်းပါမောက္ခ ‘ဒေါက် တာသန်းထွန်း’တို့ပဲ ဖြစ်ပါတယ်။

ဆရာကြီးသုံးဦးနဲ့အတူ ကျောက်ထီး တန္တရ၊ အားကိုးðပရသူများကတော့ ဆရာ ကြီး‘ရွှေပြည်ဦးဘတင်’၊ ဆရာတော်‘ရွှေ ကိုင်းသား’နဲ့ အမေ‘လူထုဒေါ်အမာ’တို့ ဖြစ်ပါတယ်။ ခုအခါ အမေလူထုဒေါ်အမာ ကလွဲရင် ကျနော်တို့အားထားရာ ဆရာ့ ဆရာကြီးများဟာ တဦးပြီးတဦး ကွယ်လွန် ကြရှာပါပြီ။
အဝေးရောက်တပည့် ကဗျာဆရာ တင်မိုးက ဆရာသန်းထွန်းကွယ်လွန်သွား တဲ့အခါမှာ-
“မိုးကောင်းကင်က ကြယ်တာရာတွေ
တပွင့်ပြီး တပွင့်ကြွေ
ကြွေလေသမျ အစားထိုးလို့မရ
နှမြောကြေကွဲမိ တသသ”စသဖြင့် စာဖွဲ့ခဲ့ပါတယ်။
ကျနော်တို့အားလုံး နှမြောဝမ်းနည်းမ ဆုံး ယူကျုံးမရဖြစ်ကြရပါတယ်။

ဆရာသန်းထွန်းဟာ မန္တလေးဇာတိ မဟုတ်ပါဘူး။ ဆရာ့ကို ဧရာဝတီတိုင်း၊ င သိုင်းချောင်း၊ ဒေါင့်ကြီးရွာမှာ ဦးဖိုးထွေ၊ ဒေါ် သင်တို့က ၁၉၂၃၊ ဧပြီ ၆ ရက်မှာ မွေးဖွားခဲ့ ပါတယ်။
ဆရာဟာ ငယ်စဉ်က နိုင်ငံရေးလုပ်ခဲ့ သူဖြစ်ပါတယ်။ ငသိုင်းချောင်းမြို့နယ် ဖဆပ လဥက္ကဋ္ဌ၊ စစ်ပြီးစ ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်၊ ဗကသဥက္ကဋ္ဌ၊ ဗမာပြည်ကွန်မြူနစ်ပါတီတောခိုချိန်အထိ ကွန်မြူနစ်ပါတီခေါင်းဆောင်စသဖြင့် တာ ၀န်တွေယူခဲ့ပါတယ်။ သည်နောက်၊ စာ ဖတ်၊ စာရေး၊ သုတေသနအလုပ်တွေကို မ နားတမ်းလုပ်ခဲ့ရာမှာ အသက် ၈၃ နှစ်အ ရွယ်၊ ဆရာကွယ်လွန်ချိန်အထိ တနေ့ ၁၄ နာရီမျ နေ့စဉ်အလုပ်လုပ်ခဲ့ပါတယ်။ ဗမာ ပြည်က ပညာရှင်လောကမှာ စာအဖတ် ဆုံးနဲ့ သုတေသနအလုပ်ဆုံးဖြစ်လို့ ဆရာ့ တပည့်တွေက ဆရာ့တပည့်ဖြစ်ရတာကို အထူးဂုဏ်ယူကြပါတယ်။

ပညာရှင်အနေနဲ့ ထမ်းဆောင်ခဲ့တဲ့တာ ၀န်တွေကတော့ ဗိုလ်နေ၀င်းပိတ်ဆို့ရပ် ဆိုင်းပစ်ခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအ သင်းဂျာနယ်္ဘဲ္မှအယ်ဒီတာ၊ ရှေး ဟောင်းသုတေသနအသင်းတည်ထောင်သူ၊ မန္တလေးတက္ကသိုလ်သမိုင်းပါမောက္ခ၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်တက္ကသိုလ်ကြီးတွေ မှာ သမိုင်းပါမောက္ခ၊ မြန်မာသမိုင်းဌာန များရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခစသဖြင့် ဖြစ်တဲ့အပြင် အထက်ဗမာနိုင်ငံ စာရေးဆ ရာအသင်းရဲ့ ထာဝရနာယကကြီးလဲ ဖြစ်ပါတယ်။

ဆရာဟာ စာမျိုးစုံဖတ်ရင်း တချို့ဝတ္ထု တွေကို ဘာသာပြန်လေ့ကျင့်ခန်းအဖြစ် အစအဆုံး ဘာသာပြန်ခဲ့တာတွေ အများ ကြီးရှိပါတယ်။ သုတေသနðပပြီး မြန်မာလို ရေးခဲ့သမျကိုလဲ ကိုယ်တိုင်ရေးတဲ့စာတွေ ကိုပါမက၊ တပည့်တွေနဲ့ လုပ်ဖော်ကိုင်ဖက် တွေရေးတဲ့စာတွေကိုလဲ အင်္ဂလိပ်လို ဘာ သာပြန်ပါတယ်။ ရေးသားထုတ်ဝေထားတဲ့ စာအုပ်တွေ လဲ အများကြီးရှိတဲ့အပြင် ‘ကွန်သာယာ’ စာအုပ်တိုက်အမည်နဲ့ ကိုယ်တိုင်ဆက် လက်ထုတ်ဝေမယ့် စာအုပ်တွေလဲ အများ ကြီးရှိပါတယ်။ ကွန်သာယာဆိုတာပုဂံခေတ်ကျောက် စာထဲကစာလုံးပါ။ သာသာယာယာကွန်းခို စရာအိမ်သာယာလို့ အဓိပ္ပာယ်ရပါတယ်။ မန္တလေးတက္ကသိုလ်မှာ ဆရာနေတဲ့အိမ် ကို ‘ကွန်သာယာ’လို့ စာတန်းရေးထား တာကို ထောက်လှမ်းရေးက ‘ကွန်မြူနစ် ရိပ်သာ’လို့ အဓိပ္ပာယ်ကောက်ပြီး အထူး ထောက်လှမ်းစုံစမ်းတာကို ခံခဲ့ရဖူးပါတယ်။

ဆရာက ဘွဲ့လက်မှတ်ရတယ်ဆိုတာ သူသင်ယူမှတ်သားခဲ့တဲ့ စာပေတွေ၊ အသိ ပညာတွေကို အခြေခံပြီး ရှေ›ကိုအလုပ် ဆက်လုပ်ဖို့ဖြစ်တယ်လို့ ယူဆပါတယ်။ တက္ကသိုလ်ဆရာတွေဟာ သက်ဆိုင်ရာ ဘာသာရပ်တွေမှာ သုတေသနလုပ်ပြီး ကျောင်းသားတွေကို သင်ကြားပို့ချပေးရ မယ်လို့ ပြောလေ့ရှိပါတယ်။ ခုခေတ်မှာ ပါ မောက္ခတွေဟာ ဒရ၀မ်ဂိတ်စောင့်ပဲ လုပ် နေကြရလို့ ပညာရေးတိုးတက်မှာ မဟုတ် ဘူးလို့လဲ မှတ်ချက်ပေးခဲ့ပါတယ်။

ဆရာဟာ မှန်တာလုပ် ဟုတ်တာပြော လေ့ရှိသူအဖြစ်လဲ ထင်ရှားပါတယ်။ မင်းလို လိုက် မင်းóကက်လုပ်လေ့မရှိတဲ့ ပညာရှင် ပီသသူ၊ ယောမင်းကြီးလိုပုဂ္ဂိုလ်မျိုးလဲဖြစ် ပါတယ်။ သာဓကအဖြစ် တခုလောက်ပြောရ ရင် ဗိုလ်ခင်ညွှန့်တယောက် ဆင်ဖြူတ ကောင်ကောက်ရလို့ အထူးဝမ်းမြောက်နေ တဲ့အခါ တချ›ိုသမိုင်းပညာရှင်တွေက ဝေ သန္တရာမင်းကြီးရဲ့ ပစ္စယဆင်ဖြူတော်က စပြီး မြန်မာမင်းအဆက်ဆက်မှာ ဆင်ဖြူ ရှင်ဘွဲ့ခံခဲ့တဲ့ ဘုရင်တွေနဲ့ ဆင်ဖြူတွေရဲ့အ ကြောင်းတွေကို ဖော်ထုတ်ဂုဏ်တင် ရေး သားတင်ဆက်ခဲ့ကြပါတယ်။
ဆရာ့ကိုမေးတော့ “ဆင်ဖြူဖြစ်ဖြစ် ဆင်မဲဖြစ်ဖြစ် ဆင်ဟာ တိရစ္ဆာန်ပဲ၊ တိရ စ္ဆာန်ကို လူကရှစ်မခိုးအပ်ဘူး...”လို့ ဘွင်း ဘွင်းကြီးပြောချလိုက်ပါတယ်။

ဆရာအငြိမ်းစားယူပြီး ဆက်လုပ်နေ တာက သူ့တပည့်‘ဒေါ်နီနီမြင့်’ ညွှန်ချုပ် အဖြစ်အုပ်ချုပ်တဲ့ တက္ကသိုလ်သမိုင်းသု တေသနဋ္ဌာနမှာ့ဖြစ်ပါတယ်။ ဒေါ်နီနီမြင့်ဆိုတာ အများသိကြတဲ့အ တိုင်း ဗိုလ်ချုပ်နေ၀င်းရဲ့ဇနီးတဦးဖြစ်လို့ ဗိုလ်ချုပ်ကတော်၊ အာဏာရှင်ကတော် ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် အမရ ဆောင်လေးထပ်ရဲ့ အရှေ›ဦးဖျားအခန်းမှာ၊ သူ့အခန်းမှာပဲ ကောဇောခင်းပြီး လေအေး စက်တပ်နေပါတယ်။ တနေ့တော့ မြေညီထပ်မှာနေတဲ့ သူ့ ဆရာဒေါက်တာသန်းထွန်းကို “ငါတွေ့ချင် တယ်၊ ငါ့ဆီခေါ်ခဲ့æ”လို့ သူ့တပည့် ဆရာ မလေးတဦးကို အခေါ်လွှတ်လိုက်ပါတယ်။
ဆရာက ဘာပြောတယ်မှတ်သလဲ။
“ငါ့နေရာသူသိသားပဲ၊ သူတွေ့ချင်ရင် ငါ ဆီလာပေါ့...”လို့ ပြောလွှတ်လိုက် ပါတယ်။

ဆရာက အဲဒီလိုပုဂ္ဂိုလ်မျိုးပါ။ အဲသလို မာကြောတဲ့ပုဂ္ဂိုလ်ဖြစ်ပေမယ့် သူ့ကို ညီအ ရင်းလို ချင်ခင်အားပေးစောင့်ရှောက်တဲ့ လူ ထုဦးလှအကြောင်းကို ပြောကြပြီလား ဆိုရင် အမေလူထုဒေါ်အမာရဲ့ အရင်ဦး အောင် မျက်ရည်မထိန်းနိုင်ဖြစ်ရသူဟာ ဆ ရာသန်းထွန်းပဲဖြစ်ပါတယ်။

ဆရာဟာ တောင်သမန်အင်းစောင်း မှာ လူထုဦးလှအထိမ်းအမှတ် ‘မယ်ဇယ် ပင်’နဲ့ သူ့ရဲဘော်၊ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ‘ကိုစောလွင်’အ တွက် အထိမ်းအမှတ်မယ်ဇင်ပင် တပင်စီ စိုက်ခဲ့ပါတယ်။ ဆရာရဲ့ ဘ၀နောက်ဆုံးအချိန်မှာ ဒီ မယ်ဇယ်တန်းရဲ့ငြိမ်းချမ်းမြေမှာ အမေလူ ထုဒေါ်အမာကို ဂုဏ်ပြုစကားပြောကြား ရင်း ချိုးငှက်များကိုလွှတ်ပြီး ငြိမ်းချမ်းရေး ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။ တောင်လေး လုံးနယ်မြေမှာ ‘သန်းထွန်းမယ်ဇယ်ပင်’ဆို တဲ့အမည်မျိုး ကမ္ဗည်းထိုးပြီး အမေလူထု ဒေါ်အမာ၊ ဆရာကတော်မမရီတို့နဲ့ တ ပည့်သားမြေးတွေက မယ်ဇယ်ပင်အသစ် တပင် စိုက်ကြရမယ်ထင်ပါတယ်။
ဆရာလွှတ်ခဲ့တဲ့ ချိုးငှက်ကလေးတွေ ဟာ ဆရာစိုက်ခဲ့တဲ့ မယ်ဇယ်ပင်၊ မယ်ဇယ် ကိုင်းတို့မှာ ငြိမ်းငြိမ်းချမ်းချမ်း ဘေးမသန်းပဲ စံမြန်းပျံသန်းနိုင်ကြပါစေသတည်း။
ကျနော်မောင်စွမ်းရည်ပါ။
(၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁ အတွက် ဆရာစွမ်းရေးသားပေးပို့ခဲ့သောဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်)

သင်္ချိုင်းကပြောတဲ့သမိုင်း
တင်မိုး

မိုးကောင်းကင်က ကြယ်တာရာတွေ
တပွင့်ပြီး တပွင့်ကြွေ
ကြွေလေသမျ အစားထိုးလို့မရ နှမြောကြေကွဲမိ တသသ။

ဟော… ခုတခဏ ကြွေရပြန်ပေါ့ကြယ်တလုံး
နိုင်ငံတော်ရတနာမို့ နစ်နာဆုံးရှုံး
ကံကြမ္မာကို
အဖန်ဖန် အခါခါ အပြန်တရာ ငါမုန်း။

သင်္ချိုင်းကပြောတဲ့ သမိုင်းထဲမှာတော့
ဒီတပွဲ ဒီတခါ အထိအနာဆုံး
ပြည်သူ့အသည်း ကျဲဝင်ခတ်သလို
မတ်တတ်လဲအောင် ခွဲချလိုက်တဲ့
မရဏမိုင်းဗုံး၊
ဟဲ့ သေမင်း… မင်းနေနှင့်ဦး။

သုခမိန်တယောက် ခုအချိန်ပျောက်ခဲ့ရ
ဖောက်ပြန်လှတဲ့ သဘာဝလောကဓံ လှိုင်းလုံး။


(၃၀၊ ၁၁၊ ၂၀၀၅ ဗုဒ္ဓဟူးနေ့မှာ ကွယ်လွန်ရှာတဲ့ ဒေါက်တာသန်းထွန်းသို့)
(၂၀၀၅ ခုနှစ်ထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၁၂ တွင် ဒေါက်တာသန်းထွန်းကွယ်လွန်သွားသည့်အတွက် မျိုးသောက်ကြယ်စာကြည့်တိုက်ဥယျာဉ်မှူးဖြစ်သော ကဗျာဆရာတင်မိုးမှ အမှတ်တရ ဂုဏ်ပြုကဗျာကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။)

ဗုဒ္ဓနှင့် တွေ့ဆုံခြင်း
တင်မိုး

ဘာမဟုတ် ညာမဟုတ်နဲ့
ငါဗုဒ္ဓဘုရားကိုတောင်မှ
ရှေးဟောင်းပစ္စည်းတွေအကြားမှာ
ရောင်းစားခံရ
စီးပွားရေးမျက်စိ စူးရှတဲ့
ဒီလို ဥရောပမှာ
မင်းက ဘာလာလုပ်သလဲလို့
ဗုဒ္ဓက မေးတော်မူတယ်။

ကိုယ်တော်မသိလို့နော်
ကိုယ်တော်သာ မြန်မာနိုင်ငံမှာရှိရင်
ပူဇေမိအမျိုးမျိုးနဲ့
ရှိခိုးခံရမှာတော့ အမှန်ပါပဲ။

ဒါပေမယ့်
မမှန်တာတွေပြော၊ မမှန်တာတွေဟောနေရ
က်ုယ်တော်ရော ဗုဒ္ဓေါတ,မိပြီး
ပြေးကြွချင်မှာ သေချာတယ်။
မမှန်တာတွေ ပြောတော့လည်း
သံသရာတကြောမှာ
အဖန်တရာ မောနေဦးမှာကိုး ဘုရာ့။

လက်နက်ကိုင် စစ်တပ်က
အရပ်ရပ် နေပြည်တော်
ကြားလို့မှ မလျော်အောင်
အော်ဒါတွေထုတ် မတော်တာတွေလုပ်နေတော့
ဗုဒ္ဓကိုကြိုးးတုပ်
အချုပ်ထဲသွင်းရင် မခက်ပါလား။

ဒီကောင်တွေက ဉာဏ်လည်း မရှိ
အမှန်လည်း မသိ
ကတိလည်း မတည်
အပလီအမျိုးမျိုးနဲ့
အ၀စီအိုးကလည်း ပုပ်စော်နံ
နိုင်ငံကိုလည်း မလေးစား
ကလေးကလား စိတ်ဓါတ်နဲ့
သိပ်ပြီးညစ်ပတ်ကြပါတယ်။

စစ်တပ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်ဖို့
မြှောက်ပင့်အားပေး
ဓားသွေးခိုင်းထားတဲ့
အရိုင်းများရဲ့ခိုလှုံရာ
ဗိုလ်တကာတို့ရဲ့ ဘုရင်ပါဘုရား…။
ဗိုလ်နေ၀င်းစစ်တပ်ဆိုတာ
ပစ်ခတ်ဖို့နဲ့ ညစ်ပတ်ဖို့ပဲသိတာမဟုတ်လား။

ပြည်သူတွေကတော့ တက်တက်မွဲ
ရဟန်းကောင်းတွေက ခွက်လက်စွဲ
ဒင်းတို့တွေက သဘက်သရဲ
လက်နက်ပဲ အဓိက
လက်နက်ပဲ ပဓာန
လက်နက်စိုးမိုးတဲ့ စစ်ဝါဒပါ။

ကိုယ်တော့်အဖို့ကတော့
ဥရောပ စူပါမားကတ်မှာ
ငြိမ်သက်စွာ စံပ္ပါယ်တာကမှ
အန္တရာယ်ခပ်သိမ်း ကင်းပျောက်ငြိမ်းပြီး
သိန်းသန်းမက တန်ဖိုးတက်
ဗုဒ္ဓ ဗုဒ္ဓဆိုပြီး
နှုတ်ဟလို့ အမြွတ်ခံရဦးမယ်။
စိတ်လက်မသာ ရှိတော်မမူပါနဲ့ဘုရား။

မြန်မာစစ်ဗိုလ်တွေ လုပ်သမျှနဲ့တော့
ဗုဒ္ဓ ဗုဒ္ဓ အချုပ်က မတက်
ဒုက္ခဖက်ရရင်
မုချ မသက်မသာဖြစ်နေမှာပါ။

တပည့်တော် ငပါမွှားက
တရားချတယ် မထင်ပါနဲ့
တိုင်းပြည်က ဒကာ ဒကာမအပေါင်း
အထောင်းခံရတာ များလွန်းလို့
ပြားပြားမှောက်နေရင်းက
တရားပေါက်ရခြင်းဖြစ်ပါတယ်။
ခွင့်လွှတ်တော်မူပါ့ အရှင်ဘုရား…။


ဂေါတမရေ မပြန်လေနဲ့ အောင်ခြင်းကိုးပါး
(ဒေါက်တာသန်းထွန်း)

အ,ပါပေ့ တင်မိုးရယ်
ကျောက်ဆင်းတု ကိုယ်တော်ကို
ဒီက အကျိုးအကြောင်း
ကုန်စင်အောင် လျောက်ထားပြီးမှ
မပြန်လေနဲ့လို့
မင်းတားလို့ ရမတဲ့လား…။

ရှင်တော်ဘုရားက
အယုတ်ဆုံး အရိုင်းဆုံးဆိုရင်
ချက်ခြင်းတွေ့၊ ရအောင်ချွတ်
အောင်ခြင်းကိုးပါး လာမယ်လေ
မင်းမမီမှာ ငါစိုးတယ်…။ ။

မြန်မာနိုင်ငံသမိုင်းပညာရှင်ကြီးဒေါက်တာသန်းထွန်းက လူထုကဗျာဆရာကြီးတင်မိုး အမေရိကန်နိုင်ငံကနေ ရေးသားထုတ်ဝေလိုက်တဲ့ ‘ဗုဒ္ဓနဲ့တွေ့ဆုံခြင်းကဗျာကို ဖတ်ရှုပြီး ရေးသားလိုက်တဲ့ကဗျာဖြစ်ပါတယ်။
အဆိုပါကဗျာကို ဂျပန်နိုင်ငံထုတ် ‘ရွှေမော်ကွန်း မဂ္ဂဇင်း’ အမှတ် ၃၇ မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
ဆရာတင်မိုးရဲ့ ‘ဗုဒ္ဓနဲ့တွေ့ဆုံခြင်း’ကဗျာကိုလဲ စာဖတ်သူများ နှစ်သက်သဘောကျမည်ဟု ယူဆသောကြောင့် ပြန်လည်ခံစားနိုင်အောင် ပူးတွဲဖော်ပြလိုက်ပါတယ်။

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More