Wednesday, August 24, 2011

ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ(သို့မဟုတ်)မိုးကောင်းသပိတ်တိုက်ပွဲ အပိုင်း(၂)

ကျနော်ရဲ့ ၈လေးလုံး အရေးတော်ပုံ

                                         (သို့မဟုတ်)
                      မိုးကောင်းသပိတ်တိုက်ပွဲ  အပိုင်း(၂)
ရာစု
ကားတစီးနဲ့ လူ သုံးယောက်
မနေ့က ဆန္ဒပြရာမှာ ဇောနဲ့ ဘယ်လောက်ထိ အော်လိုက်မိသည်မသိပါ၊ ကျနော် အိပ်ယာကထလိုက်တော့ တကိုယ်လုံးအရိုက်ခံထားရသလို နာနေပါတယ်။ စကားပြောတော့ လည်း ထွက်လာတဲ့ အသံက အဆိုတော် ဇော်ဝင်းထွဋ်လိုလို အဆိုတော်ရဲသွင်လိုလိုနဲ့ အသံက ကွဲရှရှ ဖြစ်နေပါတယ်။ စီးပွားရေး သမားနဲ့ ဆေးသမားများတဲ့ ကျနော်တို့ မြို့ ဘယ်တော့မှ ဆန္ဒပြမှုတွေ မရှိနိုင်ဘူးလို့ ထင်ထားတဲ့မြို့ အခုတော့ လူတွေရဲ့ထင်မြင်ချက်ကို ကျနော်တို့ ပြောင်းပြန်လှန်ပစ်လိုက်ကြပြီ ဘာတွေဖြစ်လာမယ် ဆိုတာ ရင်ခုန်စွာနဲ့ စောင့်နေချိန်ပေါ့။ အခြေအနေ စုံစမ်းရန် ထုံးစံအတိုင်း စိမ်းဝါ လ္ဘက်ရည်ဆိုင်လေးကို ကျနော်ထွက်လာခဲ့ပါတယ်၊ ကျနော့် ဆီးကြိုနေ သူကတော့ ကျနော့် သူငယ်ချင်း သန်းဝင်း(ဖက်တီး)နဲ့ အောင်နိုင်သူ (ကျောင်းအုပ်ဆရာကြီးသားအငယ်) ပေါ့၊ ရောက်တာနဲ့ “ဘယ်လိုလဲ မင်းတို့တော်တော်မောသွား လားတဲ့” “တကိုယ်လုံးကိုနာနေတာပဲကွာ” လို့ပြောတော့  မနေ့က “မင်းရုပ်ဖျက်ထားလဲ ဘိုးတော် (ဆရာကြီး) သိတယ်တဲ့ ဘယ်သူတွေပါလဲဆိုတာ ထောက်လှမ်းရေးတော့ စုံစမ်းနေတယ်တဲ့ သတိတော့ထားတဲ့” သတိပေးတော့ ကျနော်နဲနဲတော့စိုးရိမ်သွားပါတယ် ကျနော်လည်း ကျနော့်ရဲ့ ကြောက်စိတ်ကို ဖျောက်တဲ့ အနေနဲ့ “မင်းတို့က မနေ့က ဘယ်ရောက်နေကြတာလဲ” လို့အတည်ပေါက်နဲ့ မေးလိုက်တော့၊ အောင်နိုင်သူက “မင်းကိုမြင်တာနဲ့ ငါတို့ ဒီ လ္ဘက်ရည်ဆိုင်နောက်မှာ လာပုန်းနေတာ” “တော်တော်အားကိုးရတဲ့ သူငယ်ချင်းတွေ” လို့ပြောပြီး တဖက်ဝိုင်းမှာထိုင်နေတဲ့ ကျနော့်တို့အသိ ရှေ့နေကြီးကို ကျနော်သွားမေးကြည့်လိုက်ပါတယ် “ဆန္ဒပြတယ်ဆိုတာဘယ်ဥပဒေနဲ့ငြိလဲ” လို့မေးကြည့်လိုက်ပါတယ် “ပြည်သူပိုင်ပစ္စည်းမဖျက်ဆီးရင် ဘယ်ဥပဒေမှ မငြိစွန်းဘူး ဘယ်ဥပဒေနဲ့မှ ဖမ်းလို့မရဘူး”လို့ပြောတော့ ကျနော်
E:\PHOTO\ABSDF_NB\8888\8888-MGG\m.JPG
လူထုဖက်ကိုရပ်တည်လာကြသော မိုးကောင်း ပြည်သူ့စစ်များ
နဲနဲအားတက်သွားပါတယ် ကျနော်ပြန်ထွက်လာခဲ့တယ်၊ ကျနော် ခါတိုင်းလို့ လ္ဘက်ရည်ဆိုင်တွင် ကြာကြာ မထိုင်ရဲတော့ပါ အိမ်ပြန်လာ ပြီး အိမ်တွင်းပုန်း လုပ်နေပါတယ်။
ညနေ ရောက်တော့ ဆရာမျိုးလွင်ကို ကားတစီးနဲ့ အရပ်ဝတ် ဝတ်ထားတဲ့ လူသုံးယောက် လာခေါ်သွားတယ်လို့ သတင်းကြားရပါတော့ တယ်။ ကိုမျိုးလွင် ငှါးနေသောအခန်း နဲ့ ကျနော့် အိမ်ကသိပ်မဝေးလှပါ။ ည(၈)နာရီလောက် ရောက်တော့ ကိုမျိုးလွင် စိတ်တိုပြီး ပြန်ရောက်လာပါတယ်။ ဒီမြို့မှာဆက်နေရင် နိုင်ငံရေး မလုပ်ရဘူးလို့ ဝန်ခံလက်မှတ်ထိုးခဲ့ ရတယ် တဲ့ ။ ဒါဆို “ကျနော်တို့ဘယ်လို့လုပ်ကြမလဲ” မေးလိုက်တော့ “လုပ်စရာ ရှိတာဆက်လုပ်မယ်လို့” ပြောပါတယ် ဒါနဲ့ ကျနော်လည်း အိမ်ပြန်လာခဲ့ပါတယ် ။ 
လူမသိလိုက်တဲ့ စစ်ဆင်ရေး
သြဂုတ်လ(၁၅) ရက် ရောက်တော့ မြစ်ကြီးနားကောလိပ်တွင် ဒုတိယနှစ် တက်နေတဲ့ ကျနော်ရဲ့ ညီမနှစ်ဝမ်းကွဲတော်စပ်သူ ခင်ညို(ခ)မိတုတ်က (မိတုတ်သည် ၁၉၈၉ ခုတွင် ဖားကန့်ဝှေခါလမ်းတွင် လူထုစည်းရုံးရေးတာဝန်ယူစဉ်ကျဆုံးသွားသူ) အိမ်နောက် ဖက်မှလှမ်းခေါ်ပြီး သူ့အိမ်မှာကျနော့် ကိုတွေ့ချင်တဲ့ သူ့သူငယ်ချင်းတွေနဲ့အတူ ဆရာမတယောက်လဲရောက်နေတယ် နောက်လုပ်မဲ့ အစီအစဉ်ကို တိုင်ပင်ချင်လို့ သူအိမ်ကိုလာဖို့ပြောပါတယ်။ သူ့အိမ်နဲ့ ကျနော်အိမ်က သိပ်မဝေးပါ ၊ ဒါနဲ့ကျနော်လည်း ရေမိုးချိုးပြီး အများအမြင်မှာ လမ်းသူရဲ ဟုထင်အောင် သနပ်ခါးကိုပါကွက်ကျား ကွက်လိုက်ပါတယ်။ အဲဒီအချိန်တုန်းက ကျော်ဟိန်း လမ်းသူရဲအဖြစ် သရုပ်ဆောင်ထားတဲ့ ကျီးယောင်ဆောင်သောဒေါင်းက နယ်တွေမှာနှစ်ကြော့ပြန် ရုံတင်ပြီးချိန်ပေါ့။ အရောင်တောက်ပနေဆဲဖြစ်နေတဲ့ ကျော်သူပုဆိုး(ရခိုင်ပုဆိုး)အဟောင်း တထည် ကို ကပျာ ကယာဝတ်ပြီးထွက်လာခဲ့ပါတယ်။ လမ်းရောက်မှ သတိထားမိလိုက်တာက ကျနော် အတွင်းခံ ၀တ်မလာမိပါ။ ဘယ်သူ သိတာမှတ်လို့ ဆိုပြီး ကိုယ့်အတွေးနဲ့ကိုယ် ထွက်လာခဲ့တယ်။ ခင်ညို တို့အိမ်ရောက်တော့ ဧည့်ခန်းတွင် ခင်းထားသော သင်ပျူဖျာ တွင်ထိုင်နေကြတဲ့ မိန်းကလေး သုံးယောက်ကိုတွေ့ရပါတယ်။ ကိုယ့်နဲ့မရင်းနှီးတဲ့ မိန်းကလေးကို စကားပြောဖို့ ကျနော် နဲနဲတော့ ရှိုးတိုးရှန့်တန့်ဖြစ်နေမိပါတယ် ဒါနဲ့မိန်းကလေး သုံးယောက် မျက်နှာချင်းဆိုင်တွင် ကျနော် လည်း ယောင်္ကျားတို့ ရဲ့ အိနြေ္ဒ နဲ့ အညီ ပုဆိုးစ အောက်ပိုင်း သိမ်းရင်း ကျုံ့ကျုံ့လေး ၀င် ထိုင်လိုက်ပါတယ်။ ဝင်ထိုင်လိုက်တဲ့အချိန်မှာပဲ “ဗြစ်”ဆိုတဲ့အသံတခု ကြားလိုက်ရတာပါ။ ကျနော့် မျက်နှာမှာ မီးတောင်တခု ပေါက်ကွဲ သည့်အလား ထူပူသွားပါတယ်။ အခုဖြစ်နေတာကတော့ မီးတောက်ပေါက်ကွဲတာ မဟုတ်ပါ ပုဆိုးပြဲသွားတာ ဖြစ်တယ်။ ကျနော် ထိုင်လိုက်တဲ့ အချိန်မှာ ကျနော့် ရဲ့ အရောင်တောက်ပြီး ဆွေးမြေ့နေတဲ့ ပုဆိုး က တင်ပါးနေရာမှာ ကွဲထွက်သွားတာပါ။ ပါတ်ဝန်းကျင် ကို အကဲခတ်လိုက်တာ့ သူတို့ သိဟန်မတူ။ ချော်လဲရောထိုင်တော့ကြားဖူးသည် အခုကျနော့်အဖြစ်က ပုဆိုးပြဲရောထိုင်ပေါ့၊  “ ဒါက ငါ့သူငယ်ချင်း တွေပဲ ဘော့တနီက ငါနဲ့တမေဂျာထဲပဲ သူက မာမာ(ယခုABCသတင်းဌာနချင်းမိုင်)၊ သူက အေးအေးမြင့်(ဂျစ်တူး) သူကတော့ မူလတန်းပြ ဆရာမ မီမီခိုင်(ယခု USA)တဲ့ အခု မင်းကိုတွေ့ချင်တာသူပေါ့လို့” ခင်ညို ကပဲ စတင် မိတ်ဆက်ပေးပါတယ်။ သူတို့က နောက်လုပ် မဲ့ အစီအစဉ်ကိုမေးလာတော့ ကျနော်အရမ်းစိတ်ပူနေမိနေပါတယ် ဘာမှ မပြောနိုင်ပါ ၊ စိတ်ပူတာ ထောက်လှမ်းရေး ရောက်လာမှာကြောင့်လဲ မဟုတ်သလို သူတို့ကိုမယုံကြည်လို့လဲ မဟုတ်ပါ ထိုင်တဲ့နေရာမှာ ပုဆိုးကပြဲသွားတယ် ဖြစ်ချင်တော့ အတွင်းခံဘောင်ဘီက ဝတ်မလာမိဘူး ပုဆိုးဖင်ကွဲကို သူတို့ မမြင်အောင် ဘယ်လိုပြန်ရမလဲ ဆိုတွေးပြီးစိတ်ပူ နေတာပါ။ (၁၃)ရက်နေ့က သူတို့ သပိတ်ထဲဝင်လာလို့ မရတဲ့အကြောင်း၊ ဒီတခါလုပ်ရင်သူတို့ ပါမယ်ဆိုတဲ့အကြောင်း စသဖြင့် စကားစမည်ပြောကြပါတယ်၊  နောက်ရက်မှာ ဒီကိုပြန်ခဲ့ဖို့  ဆရာမျိုးလွင် ကိုပါခေါ်လာပြီး မိတ်ဆက်ပေးမယ်ပြောတော့ ပြောလက်စ စကားများလဲပြတ်သွားကြပါတယ်။ သူတို့လည်းပြန်ဖို့ထ ကြ ၊ ကျနော် နောက်နံရံကို အကာအကွယ်ယူထကာ စကားရောဖောရောနဲ့ နောက်ပြန်ဆုပ်ပြီး နောက်တံခါးပေါက်ဆီ နောက်ပြန်လာခဲ့ပါတယ်။ ခင်ညိုအိမ် နောက်ဖက်နားမှာ ရှိနေတဲ့ အိမ်သာ ထဲ အမြန်ဝင်ပြီး ကွဲနေတဲ့ ကျနော့် ပုဆိုးကွဲကို လှည့်ဝတ် ပြီး ပြန်လာခဲ့ပါတယ် ၊ ထိုအခါကြမှပဲ ရင်ထဲက အပူလုံးကြီးလဲ ကျသွားပါတော့တယ်။ ဒါဟာလည်း အသက်(၂၀) ကျော်သာ ရှိသေးတဲ့ ကျနော့်အတွက်တော့ စစ်ဆင်ရေး တခုကို ဆင်နွဲလိုက်ရသလိုပါပဲ အခုတော့ ဘယ်သူမှမသိတဲ့ စစ်ဆင်ရေးကို ကျနော် အောင်နိုင်လိုက်ပါပြီ။
ချိတ်မိလိုက်တဲ့ကွင်းဆက်များ
နောက်ရက်မှာ ဆရာမျိုးလွင် နဲ့ သူတို့ နဲ့ တွေ့ကြပါတယ်၊ ကိုမျိုးလွင်ရဲ့ အစီစဉ်နဲ့ ရပ်ကွက်လိုက် အုပ်စုလိုက်ဖွဲ့ အုပ်စုလေးတွေ လျိုဝှက်စွာ ဖွဲ့ကြပါတယ်။ ဒီတခါတော့ ကျနော်အရမ်း မပင်ပမ်းတောပါ။ လုပ်မဲ့သူတွေပေါ်လာကြပြီ တာဝန်ခွဲဝေမှုတချို့ ပါလုပ်ထားနိုင်ပြီဖြစ်ပါတယ်၊  အုပ်စုတခုတွင် ခေါင်း ဆောင်တယောက် ထား၍ စနစ်တကျ ဖွဲ့ထားကြပါတယ်၊ ကွင်းဆက်တွေ အားလုံး ချိတ်မိလိုက်ကြပြီပေါ့၊ လာမယ့်(၁၇)ရက်နေ့မှာ အားလုံးပါဝင်လာမဲ့ သပိတ်ဖြစ်လာဖို့စီစဉ်ကြပါတယ်။ ကျနော်က ခေါင်းစည်းတာဝန်ယူ ထားတာကြောင့် သူငယ်ချင်းတယောက်ရဲ့ အထည်ဆိုင်မှာ အနီရောင်ပိတ်အုပ် တအုပ်ကို အကြွေးယူပြီး ခေါင်းစည်း တွေကိုဖြတ်နေပါတယ်၊ အလယ်တည့်တည့် တွင် သဘောင်္ဆေး၊ မြေဖြူတို့ကို သုံးပြီး “သွေး” ဆိုတဲ့ စာလုံးလေးကို ရေးရင်းအလုပ်ရှုပ်နေပါတယ်။ သြဂုတ်လ(၁၆)နေ့ ညအထိ ခြေချင်းလိမ် နေတဲ့ ထောက်လှမ်းရေးတွေ ကြားက ဆိုင်ရာဆိုင်ရာ အုပ်စု အစည်းအဝေးတွေ ၊ အုပ်စုခေါင်းဆောင် အစည်းဝေး တွေကို လုပ်ဆောင်နေကြတာဟာ သဲထိပ်ရင်ဖို ဇာတ်ကားတကား ကြည့်နေရ သလို ပါပဲ။ အဲဒီတုန်းက အစည်း တခုသွားဖို့ ပေးခဲ့တဲ့ စကားဝှက်ကို ကျနော် အခုထိမှတ်မိနေတုန်း ပါ။ သူငယ်ချင်းတယောက် ကျနော့်ဆီရောက်ပြီး ဒီည အစည်းဝေးရှိတယ် စကားဝှက် က “ဗုဒ္ဒ”
E:\PHOTO\ABSDF_NB\8888\8888-MGG\8888-MGG-089.JPG(ဓါတ်ပုံ MGG ၁၉၈၈ )
၁၃ရက်နေ့ သပိတ်စတင်ထွက်တဲ့အချိန်ပါခဲ့တဲ့ အာဇာနည်ကျောင်းသူ သက်သက်ခိုင်
မျက်စိတမှိတ် လျှပ်တပြက်
သြဂုတ်လ(၁၇) ရက်နေ့ တွင် ကျောင်းသား တွေ သပိတ်ပြန်မှောက်မယ် ဆိုတဲ့သတင်း ထွက်နေပါတယ်၊ ဒီတခါတော့ မြို့ခံလူထုဟာ အကြောက်အရွံ့မရှိ သူတို့အလုပ် သူတို့လုပ်နေကြ သောကြောင့် မြို့ကလေးမှာ ပုံမှန်စည်းကားနေပါတယ်။ ထောက်လှမ်းရေး တွေကလည်း ကျောင်းသားတွေစုကြမဲ့ စုရပ်လိုက်ရှာနေကြပါတယ်။ မိုးကောင်းမြို့ အိုးတန်းရပ်ကွက် မှာ လ္ဘက်ရည်ဆိုင် သုံးဆိုင်ဟာ တဆိုင်နဲ့တဆိုင် မနီးမဝေးတွင်ရှိနေတဲ့နေရာမှာဖွင့်ထားကြပါတယ်။  (၁၃) ရက်နေ့ အတွေ့အကြုံအရ စု ရပ်ကို တနေရာထဲမှာ မထားတော့ပါဘူး ၊ မိုးကောင်းမြို့ ရဲ့ လ္ဘက်ရည် တိုင်းကို စုရပ်အဖြစ်လုပ်လိုက်ကြပါတယ်။ အပြင်ပန်းက ကြည့်လိုက်ရင်တော့ လ္ဘရည်လာသောက်တဲ့ သူတွေပဲပေါ့၊ မနက်(၇)နာရီလောက်ထဲက လက်ဖက်ရည်ဆိုင်တွေမှာ ကျောင်းသား တော်တော်များများ ရောက်နှင့် နေကြပြီး ထောက်လှမ်းရေးတွေက လဲ ဆိုင်တိုင်းမှာ သတင်းအစ အန ရဖို့ နားစွင့်နေကြပါတယ်။ ကျနော်တို့ (၈) နာရီ မှာ စထွက်ဖို့ တိုင်ပင်ထားကြတာပါ ဒါပေမဲ့ စိတ်လှုပ်ရှားနေတဲ့ ကျော်စိုးက (၈) နာရီမထိုးခင် ၁၀ မိနစ်အလိုမှာ  လ္ဘက်ရည်ဆိုင်ထဲကနေ ရုတ်တရက်ပြေးထွက်သွားပြီး ကားလမ်းမပေါ် အရောက်တွင် သူ့တွင် အသင့်ပါလာသော whistle ခရာ ကိုစတင် မှုတ်လိုက်ပါတော့တယ် … ခရာသံကြားသော အခါ လ္ဘက်ရည်ဆိုင်တွင်ထိုင်နေကြသော ကျောင်းသား များဟာ ကားလမ်းမ ဆီသို့ ရောက်ရှိလာကာ မိုးပေါ်မှကျ လာသည့်အလား ဆန္ဒပြ ကျောင်းသားသပိတ်ဟာ မျက်စိရှေ့တွင်ပဲ ဘွားကနဲ့ပေါ်ပေါက်လာပါတော့တယ် ။ ရန်ကုန်နဲ့ မျြိ့ကြီးတော်တော်များများမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ပါလာသောအလံအနက်ကို လေပေါ်သို့လွှင့်တင်လိုက်ကြပြီး သပိတ်……….သပိတ်   မှောက်………မှောက်    ဆန္ဒ……ဆန္ဒ         ပြ ပြ  ဟုကြွေးကြော်သံကို စတင် အော်လိုက်တော့ လ္ဘက်ရည်အတွင်းမှာ သတင်းထောက်လှမ်းဖို့ ရောက်နေတဲ့ ထောက်လှမ်းရေးတွေ အံ့အားသင့်သွားကြပါတယ် မျက်စိ တမှိတ် လျှပ်တပြက်အတွင်းမှာ ပဲ တရာနည်းပါး ဖြစ်သွားပါတယ် ။ တခဏအတွင်းမှာ စုစည်းလိုက်တဲ့ ကျောင်းသားတွေရဲ့ အင်အား ကိုကြည့်ရင်း ဘာလုပ်ရမှန်း မသိဖြစ်သွားကြသော ထောက်လှမ်းရေးများ အံသြငေးမောနေရုံကလွဲ လို့တခြားလုပ်စရာမရှိတော့ပါ။
အိမ်တွင်းနတ်ပါမကျန် ဆန္ဒပြကြပြီ
တခဏအတွင်းမှာ ကျနော်တို့ရဲ့ အင်အားကိုစုစည်းပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း ချီတက်လာခဲ့ကြပါတယ်၊ ကျနော်ကတော့ ပါလာတဲ့ လွယ်အိတ်ထဲမှ ခေါင်းစည်အနီတွေ လူတိုင်းစေ့ လိုက်ဝေငှပြီး နဖူးတွင်စည်းလိုက်ပါတယ်၊ လူစည်းကားရာ မနက်ဈေးကြီး လမ်းဆုံတွင် ရပ်ပြီး ကိုမျိုးလွင်မှ နိုင်ငံရေးတရား ဟောပါတော့တယ် ၊ ထိုအခါကြမှ နေရာ အသီးသီးမှ သပိတ်စစ်ကြောင်းများ လာရောက်ပူးပေါင်းလာကြပါတယ်။ ကျနော်တို့ ဆန္ဒပြကျောင်းသားများ တချို့ က မျက်နှာဖုံးများကို တတ်ထားကြပါတယ်။ တရားဟောနေတဲ့ ကိုမျိုးလွင် မှ ဗိုလ်အောင်ဆန်း လွတ်လပ်ရေးခေတ်က လူထုကိုတရားဟောတဲ့လေသံမျိုးနဲ့ “ကျနော်တို့ ကျောင်းသားတွေဟာ တနိုင်ငံလုံးမှာ ရှိနေကြတဲ့ ပြည်သူလူထုကြီးရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဘို့အတွက် လမ်းပေါ်ထွက်လာကြခြင်းဖြစ်တယ် ပြည်သူလူထု အတွက် အသက်ကိုပေးဖို့လည်းဝန်မလေးဘူး သေမှာမကြောက်လို့ ပေတရာလျှောက်တာ သပိတ်မှောက်တာဖြစ်တယ် ဒါကြောင့် မျက်နှာမှာ စည်းထားတဲ့ ပဝါတွေ ကို အားလုံး ဖယ်လိုက်ကြပါ။ ဒီတပါတီအာဏာရှင်အစိုးရကို ရဲရဲဝင့်ဝင့် ဆန့်ကျင်ကြမယ်”လို့ပြောလိုက်တော့ မျက်နှာမှာစည်းထားတဲ့ ပဝါများကို အားလုံးဖယ်လိုက်ကြပါတယ်၊ ကျနော်တို့ ဆက်လက်ချီတက်ခဲ့ကြပါတယ် သပိတ်ရဲ့တပ်ဦးတွင် ပါလီမန်ခေတ်က ကြယ်ငါးပွင့် အလံ၊ ၀မ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင်အလံ၊ သုံရောင်ခြယ် ကဒေါင်းအလံနဲ့ မဆလအလံကို ဒီနေ့မှာတော့ ပြောင်းပြန်ထောင်လိုက်ကြပါတယ်၊ ဒုတိယနေ့အဖြစ် ပြန်ထွက်လာတော့လည်း ကျနော်မှာ ခွပ်ဒေါင်းအလံမပါခဲ့ပါဘူး ဘာဖြစ်လို့လဲဆိုတော့(၂၆)နှစ် လုံးလုံး ခွပ်ဒေါင်းဆိုတဲ့ သင်္ကေတ ကိုသွေးပျက်ကြောက်လန့်ပြီး သမိုင်းကိုအမှောင်ချခြင်ခံထားခဲ့ရလို့ ကျနော်တို့ ဟာ သပိတ်မှောက်ကျောင်းသားများ ဖြစ်နေသော်လည်း သြဂုတ်လ (၁၇)ရက်နေ့အထိ ကျောင်းသားတို့ရဲ့ သင်္ကေတ ခွပ်ဒေါင်းအလံဆိုတာ ကျနော်တို့ မတွေ့ဘူးမမြင်ဘူးကြပါ၊  တပ်ဦးအလံရဲ့ နောက်တွင် ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံနဲ့ ပန်းခွေကို မာမာနဲ့ ခင်ညို က ကိုင်ပြီးချီတက်လှည့်လည်ခဲ့ကြပါတယ်။  ကျောင်းသူကျောင်းသားများနဲ့ဆန္ဒပြကြတဲ့သူတွေဟာ မျက်နှာဖုံးများဖုံကွယ်ထားခြင်းမရှိဘဲ ခေါင်းစည်းအနီများသာစည်းထားသော ကြောင့် ရဲရဲတောက် ဆန္ဒပြ သပိတ်ကြီး ဖြစ်သွားပါတော့တယ်၊ ကျနော့် ဆီတွင် ခေါင်းစည်း များလာတောင်း သောသူများ အရမ်းများလာသောကြောင့် တခုမှပင် မကျန်တော့ပါ။ တချို့လည်းခေါင်းစည်းမရသော ကြောင့်
E:\PHOTO\ABSDF_NB\8888\8888-MGG\8888-MGG-084.JPG(ဓါတ်ပုံ MGG ၁၉၈၈ )
ရွှေသာလျောင်း ဘုရားကြီးဝန်းအတွင်းက မိုးကောင်းသပိတ်စခန်း
စိတ်ကောက်ပြီး ပြန်သွားတဲ့ သူတွေရှိပါတယ်။ တချို့ကတော့ သူတို့ခေါင်းစည်းနဲ့ သူတို့ ယူလာကြတာကိုတွေရပါတယ် ။ လူတထောင်နီးပါဖြစ်သွား သောကြောင့် စည်းကမ်းရှိကြဖို့ သပိတ်ကို ကျနော်တို့ ထိန်းရပါတယ်။ စင်ပေါ်တက်ပြီး တရားဟောတဲ့သူတွေကလည်း အရမ်းများလာပါတယ်။ တမြို့လုံးက ပြည်သူလူထုရဲ့ ထောက်ခံမှုကိုလည်းရခဲ့ကြပါတယ်၊ ဒါကြောင့် ကျနော်တို့ တရက်တာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခြင်းကိုရပ်နားဖို့အတွက်  ရွှေသာလျောင်း ဘုရားကြီးသို့ ချီတက်လာခဲ့ပါတော့တယ်၊ ရွှေသာလျောင်းဘုရားကြီးသို့ ရောက်သောအခါ သုံးရောင်ချယ် ကဒေါင်းအလံကို လွှင့်ထူကာ မိုးကောင်း ကျောင်းသားသပိတ်စခန်း ကို ဖွင့်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ညပိုင်းရောက်တော့ ကျနော်တို့ကို အားပေးကြတဲ့သူလာကြတာပေါ့ ကျောင်းသား တွေသာဦးဆောင်ရင် သူတို့ကနောက်လိုက်ပြီးသာပဲ ဒီတပါတီအာဏာရှင်အစိုးရကိုတော့ ပြုတ်အောင် တိုက်မှရမယ်လို့ လာပြောကြပါတယ်။ တချို့လာအားပေးတာက ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ “ဒီမိုကရေစီရမှာတော့သေချာနေပြီ ကျောင်းသားတွေ ရဲရဲတောက် ဆန္ဒပြကြတာ အိမ်တွေမှာ ကိုးကွယ်ထားတဲ့ အိမ်တွင်းနတ်ပါ မကျန်ဘူး သေချာတယ် သေချာတယ်” လို့ကြံကြံဖန်ဖန် လာအားပေးကြပါတယ်။ “ဘာဖြစ်လို့လဲလို့မေးလိုက်တော့” “အိမ်မှာကိုးကွယ်ထားတဲ့ နတ်အုန်းကိုကာထားတဲ့ လိုက်ကာအနီတွေ မရှိတော့ဘူး မင်းတို့သပိတ်နဲ့ပါသွားပြီ အဲဒါကြောင့်ပြောတာပါတဲ့” နောက်မှ သိလိုက်ရတာ က ဆန္ဒလိုက်ပြချင်ကြတဲ့ လူငယ်တွေက ခေါင်းစည်းမရှိတော့လို့ သူတို့အိမ်မှာ နတ်အုန်းသီးကို ကာထားတဲ့ လိုက်ကာတွေကို သွားဖြုတ်ပြီး ခေါင်းစည်းလုပ်လိုက်ကြတယ်လို့ သိလိုက်ရပါတယ်။
ဟိုင်နန်ကျွန်းလဲ မိုးကောင်းသပိတ်မှာပါခဲ့တယ်
ကျနော်တို့ ခေါင်းချင်းရိုက်အစည်းဝေးများ ထိုင်ကြပြီး တာဝန်များကိုခွဲကြပြန်ပါတယ် သပိတ်စခန်းတွင်လုံခြုံရေးတာယူသူကယူ ပြည်သူလူထုကို သတင်းအချက်အလက်များ အချိန်မှီပြန်ကြားနိုင်အောင် ပြန်ကြားရေးအဖွဲ့ စသည်တို့ကို ကျနော်ဖွဲ့ပြီး တာဝန်ခွဲခဲ့ကြပါတယ်။ သပိတ်စခန်းတွင် ကိုမျိုးလွင်မှ သပိတ်ခေါင်းဆောင်တာဝန်ယှူု၍ နေ့စဉ်ဆန္ဒပြကြရန်  အခုကာလ က စည်းရုံးရေးကာလဖြစ် သောကြောင့် လူထုလူတန်းစား အလွှာအသီးသီးပါဝင်လာဖို့ မိုးကောင်းမြို့နယ် အတွင်းရှိ ကျေးလက်ဒေသများအထိ လူစုခွဲပြီး စည်းရုံးရေးဆင်းကြရပြန်ပါတယ် ။ ကျနော်ရယ်၊ စံရွှေမြင့်ရယ် ကိုသန်းထူးအေး က မိုးကောင်းမြို့နဲ့ ၄မိုင်၅ ခန့်ဝေးသော ကျနော်တို့ မြို့နယ်တွင် စပါးအထွက်အနှုန်းအရမ်းကောင်းတဲ့ ရေရှင်နယ်ဖက် ရွာစဉ်တလျောက်ကို စည်းရုံးရေဆင်းကြ ရပါတယ်။ ဒီမိုကရေစီစံနစ်ကို တိုင်းပြည်မှာကျင့်သုံးရင် လယ်သမားတွေဘ၀ ဒီထက်မက မြင့်မားလာနိုင်တယ်။ လွတ်လပ်စွာ စိုက်ပျိုးခွင့် လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကား ခွင့်များရှိကြောင်း သိသလောက် တတ်သလောက် ရှင်းပြကြပါတယ်။ ဒေသခံတောင်သူတွေကို လိုက်လံစည်းရုံးရာတွင် တာဝန်ကျ စစ်တပ်က စာသင်ကျောင်းကို အသုံးပြုခွင့်မပေးသောကြောင့်
E:\PHOTO\ABSDF_NB\8888\8888-MGG\8888-MGG-055.JPG (ဓါတ်ပုံ MGG ၁၉၈၈ ) လူထုလူတန်းစားအလွှာအသီးသီးပါဝင်လာတဲ့ မိုးကောင်းအထွေထွေသပိတ်
တအိမ်တက်ဆင်း စည်းရုံးကြပါတယ်။ ဒါကြောင့် ကျနော်တို့သပိတ် ကျောင်းသားများနဲ့ ဒေသခံတွေ ပိုမိုရင်းနှီးလာပါတယ်၊ အောက်ခြေစစ်သားများကလည်း ကျနော်တို့မြင်ရင် သူတို့ထောက်ခံကြောင်း ဒီမိုကရေစီကို သူတို့ စစ်သားတွေလည်း လိုချင်ကြောင်း မသိမသာလှမ်းပြောကြပါတယ်။ ကျေးလက်ရှိ တောင်သူလယ်သမားများ ကလည်း ကျောင်းသားတွေဦးဆောင်မှု နောက်က သူတို့ လိုက်မယ် ကျောင်းသားသပိတ်နဲ့ ပူပေါင်းကြမယ်လို့ သဘောတူကြပါတယ်။  ဒါကြောင့် အထွေထွေ သပိတ်နေ့များ တွင် ချီတက်ဆန္ဒဖော်ထုတ်ကြရန် ၁ ညအိပ် ၂ ရက် လိုက်လံ စည်းရုံးပြီး ကျနော်တို့ပြန်လာခဲ့ကြပါတယ်။ ကျနော်တို့ သပိတ်စခန်းပြန်ရောက်တော့ တခြား ကျေးရွာတွေဆီ စည်းရုံးရေး ဆင်းကြတဲ့ အဖွဲ့တွေလည်း ပြန်ရောက်လာကြပါတယ်။ ညပိုင်းရောက်တော့ လူထုကို စည်းရုံးရေးဆင်းရေးဆင်းကြတဲ့ သူ့အတွေ့အကြုံ ကိုယ်အတွေ့ကြုံတွေကို ပြန်ပြောဖြစ်ကြပါတယ်၊ ကျနော့်ကလည်း ကျနော်တို့သွားစည်းရုံးတဲ့ ရွားတရွာဆို စစ်တပ်ကိုကြောက်လို့ ကျနော်တို့ ပြောမယ့်စကားကိုလာနားထောင်မဲ့သူမရှိဘူး တယောက်ပဲလာနားထောင်းတဲ့အကြောင်း ၊ အဲဒီတယောက်ကို ကိုသန်းထူးအေးက တရားဟောလိုက်တာ အဲဒီရွာကသူတော့ မသိဘူး ကျနော်ကတော့ အိပ်ပျော်သွားတယ်ပြောတော့ ၀ိုင်းရယ်ကြပါတယ်။ ခင်ညို ကလည်းသူတို့ အတွေ့အကြုံကိုပြောပြပါတယ်။ သူတို့စည်းရုံးရေးဆင်းတဲ့ရွာမှာ ကျော်စိုးက မာန်ပါပါနဲ့တက်ပြောတာ မြန်မာပြည်က “မဆလ အစိုးရ ရောင်းစားထားတဲ့အထဲ ဟိုင်နန်ကျွန်းလည်းပါသွားပြီ ဟိုင်နန်ကျွန်းကိုလည်း ရအောင်ပြန်ယူရမယ်”လို့ မစည်မဆိုင် လူထုကိုမိန်းခွန်းချွေလိုက်တော့ အားလုံးက မသိမသာဆင်းခိုင်းပြီး တခြားအကြောင်းတွေ စကားလမ်းကြောင်းလွှဲခဲ့ ရတဲ့အကြောင်းတွေပြန်ပြောတော့ ရယ်ခဲ့ ရတဲ့အဖြစ်တွေကို ကျနော် သတိရမိပြန်ပါတယ်။ ဒီလိုနဲ့ သြဂုတ်လ(၂၂) မှာကျနော်တို့ မိုးကောင်းမြို့တွင် တောင်သူလယ်သမား အလုပ်သမား ဆရာဝန် ရှေ့နေများ လူထုလူတန်းစားအလွှာအသီးသီး  ပါဝင်တဲ့  မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီကို ဆန့်ကျင်တဲ့ လူအင်အားသောင်းနဲ့ချီသော အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာပါ တော့တယ်။    (ဆက်ရန်ရှိသေးသည်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More