Sunday, August 14, 2011

မျက်ရည်မြစ်


 
ဒီရက်ပိုင်း အတွင်း စာပေဟောပြောပွဲတွေမှာ ဆရာတွေပြောတဲ့ အသံဖိုင်လေးတွေကို အားလပ်ချိန်လေးတွေမှာ နားထောင်ဖြစ်မိတယ်။ ကျနော်နားထောင်လိုက်ရတဲ့ စာပေဟောပြောပွဲများမှ ရရှိလိုက်တဲ့ အတွေးအမြင်များကို စာသားအဖြစ် တင်ပြလိုတဲ့ဆန္ဒနဲ့ ဒီစာစုလေးကို ရေးချမိသွားတာပါ ။
  
"ဖိုးတောင်သူဘွဲ့"
(၁)
 လွမ်းမပြေ မန်းမြေ တမိတော့
ကမ်းခြေမှာ စမ်းရေစတွေနဲ့
ဖျန်းလေက တသုန်သုန်၊
တဲ တဖက် ဆွဲဖျက်ကာ အလျှင် လိုတော့ထင့်
ကရင်အို ယာပြင်(ရှင်)ကြီးမှာ
မီးထဲ့လို့လှုံ။
 (၂)
မပူပေါင် နောက်ဆီက ချမ်းရော့ထင့်
အဖြူရောင် ခေါက်ထည်ကြမ်းကိုတော့
လွှားပါလို့ နောက်မှာခြုံ
ပါးမှာငုံပါတဲ့ နုရွှေကွမ်း။
(၃)
ဘေးအိတ်ကိုလျှို
ဆေးလိပ်တို နားမှာ ထိုးပါလို့
တောင်ရိုး ဘာသာ သူတို့
ကွင်းအငူ နှင်းမြူက စဲပြန်တော့
အဖိုးခေါ် ဖိုးစော်ကဲတို့ရဲ့
တဲပျက်တဲ့ စခန်း....။
          
အချုပ်တန်းဆရာဖေရဲ့..."ဖိုးတောင်သူဘွဲ့" ဆိုတဲ့ ကဗျာလေးပါ။ အချုပ်တန်း ဆရာဖေ ဆိုတာကလည်း စလေ ဦးပုညတို့ နဲ့ ခေတ်ပြိုင် စာဆို ဖြစ်ပါတယ်။ ကဗျာက မန္တလေးရွှေမြို့တော် ကြီးနဲ့ ဝေကွာလှတဲ့ ယာတောလေး တစ်နေရာ ရောက်နေတဲ့ တောင်သူကြီး တစ်ယောက်ရဲ့ အကြောင်းကို ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

တဒင်္ဂစာ အေးချမ်းမှုလေးကို မခံနိုင်လို့ ကိုယ်နေထိုင်ရာ တဲကို ဖျက်ပြီး မီးလှုံလိုက်တဲ့ အခါ နောက်နေ့တွေ အတွက် နေစရာ မရှိမှာကို မိုက်မဲလှတဲ့ ဖိုးတောင်သူကြီး မီမလှုံခင်က မစဉ်းမိခဲ့ဘူး ။
အဲဒီလို ရည်ရှည်ကို မတွေးဘဲ လတ်တလော ပြဿနာကို အလွယ်တကူ ဖြေရှင်းလိုကြတဲ့  အင်မတန်မှ ညံ့ဖျင်းတဲ့  ဖိုးစော်ကဲလို  တောင်သူကြီးလို လူစားမျိုးတွေ  ကျနော်တို့ ပတ်ဝန်းကျင်မှာ  အများကြီး ရှိနေပါတယ် ။

ဒီကဗျာလေးထဲက  အဖျက်ခံလိုက်ရတဲ့ တဲနေရာလေးဟာ  မိသားစု တခု ၊ ရပ်ကွက်တခု ၊ မြို့နယ် တခု ၊နိုင်ငံတနိုင်ငံ နဲ့သက်ဆိုင်တဲ့ နေရာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ ဒီကဗျာလေးထဲက တဲလေးလို မီးရှို့ခံလိုက်ရတဲ့ တဲတွေ ဘယ်လောက်များ  နေပြီလည်း သေချာတွေးကြည့်ရင် ပိုမို သိသာ ထင်ရှားလာမှာပါ…။ အဲဒီလို ကိုယ်နေတဲ့ အသိုက်အမြုံကိုဖျက်စီးလိုက်တဲ့ ဦးနှောက်မရှိတဲ့ လူတွေ  ကျနော်တို့ တိုင်းပြည်မှ  ဘယ်လောက်တောင် များနေပြီလဲ။ ဝေးဝေးသွားပြီး စဉ်းစား စရာ မလိုပါဘူး ။  မြန်မာနိုင်ငံရဲ့ အထင်ကရ သတို့သမီးကိုမှ တရုတ်ကိုရွေးပြီးဆက်သဖို့ ကြံရွယ်နေပုံသာ ပြေးမြင်လိုက်ပါတော့လို့ ကျနော် ရှည်ရှည်ဝေးဝေး ကဗျာဆန်ဆန် မတွေးမပြတော့ဘဲ ပွင့်ပွင့်လင်းလင်းဘဲ ပြောပါရစေ ။

 “တို့တိုင်းပြည်”
(ဆရာဇော်ဂျီ)
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
စေတီ စပါး များလဲများ၏။
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
အဘိုးမြန်မောင်း
ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့ မြန်မာ အိုမြန်မာတို့
ဒို့ရွာ ဒို့မြေ ဒို့ရွာမြေဝယ်
ရေချိုသောက်ရန်  မြစ်ချောင်းကန်နှင့်
သီးနှံ့ချိုမြ  များလဲများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ  ကာလကြာလျှင်
မြင်သာမြင်ရ  မစားရ၍
တောကပြိတ္တာ
ဖြစ်မည်တည်း။

ကျနော်တို့ တိုင်းပြည်  တိုင်းတပါး နယ်ချဲ့  လက်အောက် ကို ကျရောက်ခဲ့စဉ် ကာလက  ဆရာဇော်ဂျီက နယ်ချဲ့လက်အောက်က မလွတ်မြောက်ရင် ဒီကဗျာလေးထဲကလို မြန်မာနိုင်ငံသားတွေ ဒုက္ခခံစားရမှာကို စိုးကြောက်ပြီး  သတိပေးကာ ရေးသားခဲ့တာကို မှတ်သားနာယူ ကြကာ  အားလုံးဝိုင်းဝန်း ကြိုးစားခဲ့ကြလို့ နယ်ချဲ့လက်အောက်က လွတ်မြောက်ခဲ့ကြတယ်…။
ဒါပေမယ့် ကံခေလှတဲ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အတွက် အာဇာည်တွေ သွေးမြေခဲ့ရတဲ့ နေ့ကစလို့ ကိုယ့်လူမျိုးအချင်းချင်းက လက်နက်အားကိုးပြီး ဖက်ဆစ်ဘီလူးတွေလို ပြန်လည်အုပ်ချုပ် အနိုင်ကျင့်တာကို ခံနေခဲ့ရတာ ယနေ့ထက်တိုင် မလွတ်မြောက်နိုင်သေးပါဘူး။ ကိုယ့်တိုင်းပြည်က သယံဇာတ များနဲ့ တိုင်းတပါး နိုင်ငံများက မီးတွေ ထိန်ထိန်လင်းနေတာကို အမှောင်ထဲကထိုင်ကြည့်နေကြရတုန်းပါဘဲ…..။

inlay lake.jpg

ကိုယ့်ပိုင်တဲ့ သယံဇတများနဲ့ တိုင်းတပါးက ၀င့်ကြွားနေကြချိန်မှာ ကျနော်တို့ တိုင်းပြည်က လူအများကတော့ နေစရာ အိမ်လေးတလုံးတောင် ဖြစ်မြောက်အောင် မပိုင်ဆိုင်ကြတော့ဘဲစားဝတ်နေရေး အတွက် ခက်ခဲစွာ ရုန်းကန်နေရင်းက အနာဂတ် အတွက် မျှော်မှန်းချက်ဆိုတာ တောင် မတွေးနိုင်ကြတော့ပါဘူး။    အဖိနှိပ်ခံဘ၀တွေနဲ့ ကြာတော့ နင်းပြားဘ၀တွေဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရတယ်။ ဆရာဇော်ဂျီ တွေးကြောက်ခဲ့ရတဲ့ ကိစ္စကြီးက တိုင်းတပါးနယ်ချဲ့လက်အောက်မှာ မကြုံတွေ့ရဘဲ ကိုယ့်လူမျိုးတွေ ပြန်အုပ်ချုပ်တဲ့ ညစ်ထေးယုတ်မာတဲ့ အာဏာရှင် စနစ်ဆိုးအောက်မှာ  ကြုံတွေ့ရတာ အသဲနာစရာ ကောင်းလှပါတယ်..။ 
 ကမ္ဘာမကြေ မြန်မာပြည် ဆိုတဲ့ နိုင်ငံတော် သီချင်းလေး  ဘယ်အချိန်ထိ သက်ဝင် လုပ်ရှားနေမှာလည်း ဆိုတာ ယနေ့ မြန်မာနိုင်ငံသားတွေရဲ့  ရပ်တည်မှု သဘောထားပေါ်မှာဘဲ မူတည်နေပါတယ်။ ဧရာဝတီဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောပါလို့ ငယ်စဉ်ကတည်းက ကြားဖူးခဲ့ကြသလို ယုံလည်း ယုံကြည်ခဲ့ကြတာပါဘဲ…။ ဒါဆိုရင် ကိုယ့်အသက်သွေးကြောကို ကိုယ်ပြန်ဖြတ်တဲ့ လုပ်ရပ်တခုဟာ လုပ်သူတွေဟာ ဒီကဗျာထဲက ဦးနှောက်မရှိတဲ့ တောင်သူကြီးလိုဘဲ ကိုယ့်ရဲ့ အသိုက်အမြုံကို ပြန်ဖျက်စီးတဲ့ လုပ်ရပ်ကြီးပါ.။

 ဒါပေမယ့် ဒီကိစ္စက ကဗျာထဲကလို တဲတခု မဟုတ်ဘဲ တမျိုးသားလုံး ဒုက္ခဆိုးကြီး ကို ခါးသည်းစွာ ခံစားရတော့မယ့် အရေးကိစ္စကြီး  ဖြစ်နေတာတောင် ပေါ့ပေါ့လေး တွေးပြီး ဖြေရှင်းချင်တဲ့ အတွေးပိုင်ရှင်များက ပိုမို မိုက်မဲလွန်းလှပါတယ် ။  ကိုယ့်သွေးကို ကိုယ်ပြန်သောက်ဖို့ အတွက် အမျိုးသားရေး သစ္စာဖောက်တဲ့ လုပ်ရပ်ကြီး တခုပါလို့ အတန်တန် သတိပေးနေကြပါလျှက် အာဏာကလွဲလို့ ဘယ်အရာကိုမှ မစဉ်းစားနိုင်တဲ့   လူအများက မြန်မာနိုင်ငံကို စနစ်တကျ ဖျက်စီးလိုက်ဖို့ အရေး ဧရာဝတီ မြစ်ဆုံမှာ ဆည်ကြီး တည်ဆောက်ကာ တရုတ်ကို ထောက်ပံ့ပေးကြတော့မယ်….။ မြန်မာတမျိုးသားလုံးသားလုံး  ဒုက္ခနွံထဲကို အတင်းဆွဲချနေတဲ့ ဒင်းတို့ လုပ်ရပ်ကို မတားဆီးနိုင်ခဲ့ရင် နောင်အခါ ကမ္ဘာမှာ မြန်မာလူမျိုးဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။ 
      ယခင်က အင်းလေးကန်အလှ နဲ့ ယခု ရေခမ်းခြောက်ြ့ပီး တိမ်ကောနေပြီဖြစ်တဲ့ အင်းလေးကန် 

အင်းလေးအိုင်ကြီး ရေခန်းမယ်ဆို ပုံပြင်လို့ ထင်ထားခဲ့ကြပေမယ့် တကယ်တန်း ရေတစက်မှ မရှိအောင် ခြောက်ခမ်းသွားခဲ့တာ လက်တွေ့ပါ ။ စည်းမရှိ ကမ်းမရှိ တွေ့သမျှ သစ်ပင် အကုန်ခုတ်ကာ တိုင်းတပါးကို ရောင်းချခြင်းရဲ့ အကျိုးဆက် မြန်မာတနိုင်ငံ နေရာ အနှံ့အပြားမှာ မိုးခေါင်ရေရှားပြီး သောက်စရာ ရေတောင် မရှိတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ခဲ့ရသလို အခုလည်း အားလုံးရဲ့ အားထားရာ သဘာဝအလှတရားတွေနဲ့ မြန်မာပြည်ဆိုတာကို ပနံ့ရအောင် စွဲဆောင်မူပေးခဲ့တဲ့ မြစ်ဧရာဝတီ၊ နက်ရှိုင်းမူတွေနဲ့ သမိုင်းခေတ်အဆက်ဆက်ကို ထိမ်းသိမ်းစောင့်ရှောက်လာတဲ့ ဧရာဝတီကို တိုင်းတစ်ပါးသားလက်ထဲ ၀ကွက်အပ်လို့ ပျက်သုန်းရတော့မယ့်အဖြစ်ကို ဒီမြေမှာကြီး ဒီရေကိုသောက်ပြီး ကြီးပြင်းလာကြတဲ့ ကျွန်တော်တို့အားလုံး ဘယ်လိုမှ မျက်စီစုံမှိတ်ပြီး ကြည့်မနေနိုင်တော့ပါဘူး။  ဧရာဝတီကို မှီခိုအားထား အသက်ရှင်နေကြရတဲ့ ဘ၀တွေ၊ ပြည်နယ်နဲ့ ပြည်မဆိုတာကို တစ်သွေးတည်း တစ်သားတည်း တစ်ထပ်တည်း ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာတွေ အဲဒီကျေးဇူးတရားက ကြီးမားလှပါတယ်။

သေချာတာ တခုကတော့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြောကြီး ဧရာဝတီ ကွယ်ပျောက်သွားရင်တော့ မြန်မာလူမျိုးဆိုတာလည်း မကြာခင် ကွယ်ပျောက်သွားမှာ အမှန်ပါဘဲ ဆိုတာ ပညာရှင်များက တကယ့်ကို လေးလေးနက်နက် သတိပေးနေတာကို ကျနော်တို့အားလုံး ပေါ့ပေါ့ဆဆလေး တွေးပြီး လက်ခံလိုက်ရင် သမိုင်းမှာ ကျနော်တို့အားလုံး တရားခံတွေ  ဖြစ်သွားကြမှာ ဖြစ်သလို  နောင်မျိုးဆက်သစ်တွေရဲ့ လက်ညိုးထိုးရှုံ့ချကဲ့ရဲ့တာကို ခံကြရမှာ မလွဲပါဘဲ....။
                        ဧရာဝတီမြစ် ကို မှီခိုအားထားပြီး ဘ၀၀မ်းစာရေးအတွက် အသက်ဆက်နေရသူတွေ

အခုလက်ရှိ အနေအထားအတိုင်း ဆက်သွားရင်တော့ မြန်မာနိုင်ငံသားတွေဟာ သောက်စရာ ရေတောင် မရှိတဲ့ ဘ၀နဲ့ ဒုက္ခဆိုးများကို ခါးသီးစွာ ခံစားရင်  အသက်ဆုံးရှုံးကာ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားမှာ အမှန်ပါဘဲ ဆိုတာကို သေချာတွေးပြီး  အမျိုးသားရေး လုပ်ရှားမှု အသွင်သဏ္ဍန် နဲ့ ဧရာဝတီကို ကာကွယ်ဖို့ ကြိုးစားပေးကြပါလို့ ပြည်တွင်း ၊ ပြည်ပက ပညာရှင်များနှင့် တကွ မြန်မာနိုင်ငံသားအာားလုံးကို   လေးစားစွာ  မေတ္တာရပ်ခံရင်း ဆရာမောင်စိန်ဝင်း ရွတ်ဆိုခဲ့တဲ့ ကဗျာလေးနဲ့ ဘဲ နိဂုံးချုပ်လိုက်ပြစေ …..။

မြစ်ကော မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းရပေမည်
ရေဝေတောတွေ စိမ်းစို့စို့ မှိုင်းညို့ညို့
မှုန်ရီ ချင်းတွင်းနဲ့ ဧရာဝတီ
ရေပြာကြည် သမျှ မြန်မာသွေးရှိ
တတောလုံးပြောင် တတောင်လုံး
 လင်း မြစ်ကျဉ်းကာ သောင်တွေပေါ်တာ့
 နောင်အရှည် မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
 စိုးကြောက်ဖွယ် အပျက်သဘောနဲ့
မြစ်ကောမယ်လေး...။
ဗမာ့သွေး

ဒီဆောင်းပါးကို ညီငယ်  " ဗမာ့သွေး " က  " တဒင်္ဂစာ အတွက် ဘ၀များစွာ ဖျက်ကြသူများ " အမည်ဖြင့် ရေးသားခဲ့တာပါ။ ဒီဆောင်းပါးကို ဖတ်နေတဲ့ အချိန်မှာ ဧရာဝတီ  မြစ်နဒီရဲ့ လှိုင်းပုတ်သံတွေ က နားစည်မှာ ခပ်တိုးတိုးလေး ကြားနေရတယ်။ လှိုင်းပုတ်သံတွေကို သေချာနားထောင်ကြည့်လိုက်တော့  ဧရာဝတီက ငိုရှိုက်နေတယ်၊ သူမရဲ့ ကျေးဇူးတရားတွေက ကျွန်တော်တို့ မြန်မာပြည်မှာ မွေးပြီး ကြီးပြင်းလာကြတဲ့ လူတွေအားလုံးအပေါ် အသားအရောင်၊ အဆင့်အတန်း၊ လူမျိုးဘာသာ လုံးဝမရွေး အားလုံးအပေါ်မှာ တင်ရှိနေတယ်။  ဧရာဝတီဟာ ကျွန်တော်တို့အားလုံးရဲ့ မိခင်ပါ။ မိခင်နဲ့ နှလုံးသားချင်းနီးစပ်သူတိုင်း သူမရဲ့ ငိုရှိုက်သံတွေကို ကျွန်တော်ကြားသလို စာဖတ်သူ မြန်မာနိုင်ငံသား ညီအကိုမောင်နှမတွေ အားလုံးလည်း ကြားကြ ပါလိမ့်မယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို  " မျက်ရည်မြစ်  " လို့ အမည်ပေးလိုက်တာပါ။ 

ကမာနီလာ 

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More