Wednesday, July 8, 2009

(၄၇)နှစ်မြောက် ၇ ဇူလိုင်အထိမ်းအမှတ် စစ်အခွန်ရုံးရှေ့တွင်ကျင်းပပြုလုပ်


ယနေ့(ဇူလိုင် ၇ ရက်)တွင်ကျရောက်သည့် (၄၇)နှစ်မြောက် (၇ )ဇူလိုင်ကျောင်းသားအရေးတော်ပုံလှုပ်ရှားမှုအထိမ်းအမှတ် ဦးညွတ်ဂုဏ်ပြုပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ရှင်နာဂါဝါ ရပ်ကွက်ရှိ မြန်မာစစ်အခွန်ရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
နေ့လယ် ၃ နာရီမှ ၄း၃ဝ နာရီကျော်အထိ ပြုလုပ်ခဲ့သောအဆိုပါအခမ်းအနားတွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုအရေးလုပ်ဆောင်နေကြသူ ၂ဝဝ ကျော်တက်ရောက်ခဲ့ကြပြီး '၇ ဇူလိုင်နှင့်ပတ်သက်သည့်အကြောင်းအရာများ'ကို အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံများမှ ရှင်းလင်းပြောကြားခဲ့ကြသည်။
အခမ်းအနားမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ကိုမြတ်သူက' ၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့မှာ ကျနော်တို့မြန်မာနိုင်ငံဟာ စပ်တပ်က မတရားအာဏာသိမ်းခြင်းခံခဲ့ရပါတယ်။ ဒီလို စစ်တပ်ကအာဏာသိမ်းတာဟာ ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေပျောက်သုန်းတော့မယ်။ ပျက်စီးတော့မယ်။ ဒါတွေကို ဆန့်ကျင်ရမယ်ဆိုပြီး ကျနော်တို့နောင်တော်ကျောင်းသားကြီးတွေက ကျောင်းသားအသိစိတ်ဓါတ်နဲ့ ခွပ်ဒေါင်းစိတ်ဓါတ်တွေနဲ့ ၁၉၆၂ ခုနှစ်၊ ဇူလိုင်(၇)ရက်နေ့မှာ ကျောင်းသားသမဂ္ဂဝင်းထဲမှာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။ ဒါကို အာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦကိုဖြိုခွဲခဲ့ပါတယ်။ သို့ပေမယ့်လည်း တိုင်းပြည်မှာ အာဏာရှင်စနစ်ရှိနေသရွေ့ ကျောင်းသားစိတ်ဓါတ်ရှိနေမယ်ဆိုတဲ့အတိုင်း ကျနော်တို့နောင်တော်ကြီးတွေရဲ့ ခွပ်ဒေါင်းစိတ်ဓါတ်နဲ့ တွန်းလှန်တိုက်ပွဲဝင်ခဲ့တဲ့လုပ်ရပ်တွေကို အတုယူစရာတွေ၊ လေ့လာမှတ်သားစရာတွေ၊ လိုက်နာလုပ်ဆောင်စရာတွေကို တက်ရောက်လာကြတဲ့ ညီအကိုတော်တွေက စံနမူနာထားပြီး ယနေ့ကျနော်တို့တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းတဲ့အထိ တိုက်ပွဲဝင်သွားကြဖို့လိုပါတယ်..'ဟု ပြောဆိုခဲ့သည်။

၄၇ ခုနှစ်မြောက် ၇ ဇူလိုင်အထိမ်းအမှတ်ပွဲတွင် ဂျပန်(NLD-LA)မှ တာဝန်ခံတဦးဖြစ်သူ ကိုသောင်းမြင့်ဦးမှ 'အာဏာရှင်စနစ်နှင့် ခွပ်ဒေါင်းစိတ်ဓါတ်'အကြောင်းကိုလည်းကောင်း၊ ကိုရဲငြိမ်း(အလင်းအိမ်စာစောင်)မှ '၇ ဇူလိုင်ဖြစ်ပေါ်လာရခြင်း'အကြောင်းကိုလည်းကောင်း၊ ကိုဖုန်းမြင့်ထွန်း(ဗကသ-ဂျပန်ကိုယ်စားလှယ်)မှ ''ဗကသစိတ်ဓါတ်နှင့်ကျောင်းသားစိတ်ဓါတ်''အကြောင်းကိုလည်းကောင်း၊ ကိုမိုင်ကျော်ဦး(NDF-Japan)မှ 'ဇူလိုင် ၇ နှင့် တိုင်းရင်းသားများပါဝင်ခဲ့မှု'အကြောင်းကိုလည်းကောင်း၊ ကိုမြင့်ဆွေ(FWUBC)မှ အလုပ်သမားအရေးတော်ပုံသမိုင်းအကြောင်းကိုလည်းကောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ-ဂျပန်ဌာနခွဲ၏ကိုယ်စား မကြည်ပြာဇော်ဝင်းမှ 'ကျောင်းသားနှင့်ခွပ်ဒေါင်းစိတ်ဓါတ်'အကြောင်းကိုလည်းကောင်း ပြောဆိုသွားခဲ့ကြသလို ကိုသက်လင်း(အာဟာရစာစောင်)မှ ဗကသအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကျော်ရေးစပ်ခဲ့သောကဗျာကို ရွတ်ဆိုသွားခဲ့ကြောင်းသိရှိရပါသည်။
၄၇ နှစ်မြောက် ၇ ဇူလိုင်အထိမ်းအမှတ် ဦးညွတ်ဂုဏ်ပြုပွဲသို့တက်ရောက်လာကြသူများမှ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လက်မောင်းများတွင် လက်ပတ်အနက်များပတ်ထားကြပြီး တက်ရောက်လာသူများအားလံုး၏ကိုယ်စား ဒေါ်သန်းသန်းအေးမှ ပန်းစည်းချခဲ့သည်ကိုလည်းတွေ့ရှိရပါသည်။



သတင်းနှင့်မှတ်တမ်းဓါတ်ပုံ-
နန်းအိမွန်ချစ်(MTK)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ သံပြိုင်သီချင်း

[(တိုင်းပြည်ကိုရှေ့ဆောင်ကာ
ဒို့ကျောင်းသားတွေသည်
စံနမူနာတင် ကျောင်းသားသမဂ္ဂတို့ဖြစ်သည်
ကမ္ဘာတစ်ဝှမ်းမှာ
မြန်မာစွမ်းတာ
မော်ကွန်းတင်ပါမည်...
ဒို့တတွေ သွေးစည်းမည်။)

ဗမာပြည်ဆိုင်ရာ ကျောင်းသားသမဂ္ဂသည်
ရာဇဝင်... တွင်လောက်ပေသည်
တော်လှန်ရာတွင် ရှေ့ကပင်ဦးစီးသည်
သက်စွန့်ကြိုးပမ်း ထမ်းရွက်ခဲ့ပေသည်....

ကိုယ်ကျိုးအတွက်ဆို မငဲ့ကွက်နိုင်ပါသည်
ကျောင်းသားများရဲ့ ကောင်းကျိုးတွေကို ထမ်းရွက်မည်
ညီညီညာညာ ဒို့အောင်လံတော်အောက်ကိုဝင်ကာချီ...
ဒို့ကျောင်းသားတွေညီကြမည်...)]၂

တိုင်းပြည်လွတ်လပ်ဖို့အတွက် အရိုးတွေတောင်လိုပုံရမယ်ဆိုရင်
ငါတို့ကျောင်းသားထုရဲ့အရိုးဟာ
အောက်ဆုံးအလွှာမှာပဲ ရှိရလိမ့်မယ်...

(ကျောင်းသားခေါင်းဆောင် ကိုလှရွှေ)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More