မြက်ရိုင်းထဲတွင်
ထိုင်ဆဲမလှုပ်၊ ဆန်းကြေးရုပ်။
သမိုင်းများစွာ
ဖြတ်သန်းလာတော့
ငါသည်မြက်ရိုင်း
နေရာတိုင်းကို
သမိုင်းပြရုပ်
ဆန်းကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။
ဆန်း၏လမ်းစဉ် တို့မမြင်တော့
ကျေးဇူးရှင်မှန်း မသိစွမ်းတော့
ဆန်း၏ဂုဏ်ပုဒ် ဆန်းကြေးရုပ်က
တိမ်မြုပ်ခဲ့ပြီ အတိတ်ဆီ။
ဗိုလ်ချုပ်အောင်ဆန်း
ခင်းသောလမ်းက
လွမ်းစရာပင် အလှမ်းကွာခဲ့ပြီ။
ဗိုလ်ချုပ်လက်တွင်
စာရွက်လိပ်ထား
ကြေးဝါပြားကို
ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့
လက်မှာ စာရွက်မဲ့ခဲ့ပြီ။
ဗိုလ်ချုပ် ဟောရ
မောရ သောကအများ
ကျောကမကြား ဖြစ်ခဲ့ပြီ။
လွတ်လပ်ရေးကို
သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ
သူ့ဘဝကို မြေချသင်္ဂြိုလ်ခဲ့ကြပြီ။
သမိုင်းနာလည်း
နာမှန်းမသိ
တို့မထိတော့
တို့၏အကျိုး၊ တို့ထုတ်ပိုးကို
အမျိုးသားရေး၊ တို့မတွေးအား
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ယုံသည်က၊ တို့ကောင်းစားဖို့
အများအရေး တို့မတွေးအား
ကိုယ့်ရေးကြည့်ရာ၊ ကိုယ်လိမ္မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်က
မီးစင်ကြည့်၍ က,တတ်ပြီ။
ဗိုလ်ချုပ်ကြေးရုပ်
မြက်ရိုင်းအုပ်လည်း
မခုတ်တော့ပဲ
မျက်နှာလွှဲပြီ
နေမြဲနေကြပါစေတော့....
1 comments:
ဆရာ တင်မိုး ကဗျာလေး ကူးသွားပါတယ်။
မြက်ရိုင်းထဲက ကြေးရုပ်
ငါတို့ရဲ့ တခေတ်မှာ မတိမ်ငုပ်စေရဘူး၊
ဗိုလ်ချုပ်လမ်းစဉ် အတိုင်း
တို့ရောက်အောင်လှမ်းမယ်။
ဗိုလ်ချုပ်အောင်ဆန်း
ခင်းသောလမ်းကို
ပြီးအောင်ဖေါက်မည် ဓိဌာန်ရည်။
ကဗျာလေးတင်ပေးတာ ကျေးဇူးပါခင်ဗျာ။ လေးစားစွာဦးညွတ် သွားပါသည်။
Post a Comment