Monday, March 1, 2010

ချောင်းကြည့်သူရဲ့ အမှား(ကိုကြီးပေါ်)

အမှတ် ၂၀

တိုင်းဗာရာ မြန်မာဏသီ ရွှေပြည်တော်ကြီးကို ချောင်းကြည့်လိုက်တိုင်း ကိုကြီးပေါ် တယောက်မှာဖြင့် အမှားတွေ ဗရပွနဲ့ ဗွက်ထနေခဲ့တာ အတော်ကြာပေါ့။ ဒါပေမယ့်လည်း အဲသလို မှားလိုက်ရမှ အယားပြေလေရော့သလား မသိ။ ချောင်းမိတာလည်း အခါခါ။ မှားမိတာလည်း အခါခါ ဆိုပါတော့။

အခုလို နှစ်သစ်ဆန်းတဲ့ ကာလမျိုးမှာတော့ ရွှေပြည်တော်ကြီးမှာ တီးတိုးတဖုံ ကျယ်ကျယ်တမျိုး ရင်အခုန်ကြဆုံးကတော့ ဆုတွေ, ဂုဏ်ထူးတွေ, လက်မှတ်တွေ ပေးအပ် ချီးမြှင့်တဲ့ အကြောင်းရပ်ပါပဲ။

မဟာငတာ

တိုင်းပြည်နိုင်ငံ အများမှာ နှစ်တနှစ် ကုန်ခါနီးရင် ဒီနှစ်အတွက် အထူးခြားဆုံးတွေ, အကောင်းဆုံးတွေ, အထူးချွန်ဆုံးတွေကို ရွေးချယ် ကြလေ့ရှိပါတယ်။ အင်မတန် စိတ်ဝင်စား ရင်ခုန်စရာ ကောင်းတဲ့ အလုပ်တွေပေါ့။ စာပေ, ဂီတ, ရုပ်ရှင်, အားကစား စတဲ့ လူတိုင်းကြိုက်တွေ သာမက စီးပွား, ပညာ, သိပ္ပံ စတဲ့ အလေးအနက်တွေလည်း ပါဝင်တတ်ပါတယ်။ တိုင်းကျိုးပြည်ကျိုး ဆောင်သူတွေကိုလည်း အထူးတလည် ဂုဏ်ထူးတွေ ပေးအပ်တတ်ကြပါတယ်။

ရွှေပြည်တော်မှာလည်း နိုင်ငံတကာ စံချိန်မီ အဲသလို လိုက်လုပ်ပါတယ်။ အဲ… ကွာခြားတာကတော့ နိုင်ငံတကာမှာ ဆုပေးတာက ရောက်ဆဲနှစ်အတွက် လတ်တလော ရွေးချယ်ပေးတာ။ ရွှေပြည်တော်ကြီးကတော့ လွန်ခဲ့တဲ့ တမြန်တနှစ် အတွက် ပေးတာ။ တနှစ်တာအတွင်းက အကောင်းဆုံးတွေကို ရွေးချယ်ဖို့ လူကြီးမင်းများက တနှစ်ကြီးများတောင် အချိန်ယူတယ် ဆိုတဲ့ သဘောပေါ့။

အကောင်းတကာ့ အကောင်းဆုံးကို အပြစ်အနာ အဆာမရှိအောင် အဆင့်ဆင့် စိစစ်ရွေးချယ်ရတာမို့ ဒီလောက် ကြာရပေတာပဲလို့ ကိုကြီးပေါ်က သဘောထားပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ သိပ်တော် သိပ်ကောင်းလို့ ဆုရမယ် မှန်းရင်တော့ နောက်တနှစ်အတွင်း မသေသေးနဲ့ဦးပေါ့။ ယတြာလေး ဘာလေး ချေထားပေါ့။ ရွှေပြည်တော်မှာ လာဘ်ထိုးရင် ဘာမဆို ဖြစ်တာပဲ။ သေမင်းကိုလည်း လာဘ်ထိုးထားပေါ့။


ဆုတွေထဲမှာ အကယ်ဒမီ လို့ခေါ်တဲ့ ရုပ်ရှင်ဆုကတော့ ပေါ်ပြူလာ အဖြစ်ဆုံးပါပဲ။ ရုပ်ရှင်က လူအများကြိုက်တဲ့ အနုပညာမို့ ရုပ်ရှင်အကယ်ဒမီကို လူတွေ စိတ်ဝင်စားတာ မဆန်းပါဘူး။ ပိုက်ဆံရှာကောင်းတဲ့ စီးပွားလည်း ဖြစ်ပေသကိုး။ အဲ ဆန်းနေတာက ရွှေပြည်တော်မှာ ရုပ်ရှင်ဆုကို ရုပ်ရှင်ကြည့်တဲ့ ပရိသတ်က ပေးတာမဟုတ်ဘဲ၊ ရုပ်ရှင်မကြည့်တဲ့ အာဏာသစ်ငုတ်တွေက ပေးတာ ဖြစ်နေတာပါပဲ။

နိုင်ငံတကာမှာ ရုပ်ရှင်ဆုကို ရွေးချယ်ဆုပေးတာက ရုပ်ရှင်နဲ့ ပတ်သက်ဆက်နွှယ်ပြီး လုပ်ကိုင်နေသူတွေ, ပညာသည်တွေ, ထင်ရှားကျော်ကြားသူတွေက ပေးတာ။ မရွေးခင်မှာ ပရိသတ်ရဲ့ ဆန္ဒမဲကိုလည်း တောင်းခံထားသေးရဲ့။ ဒီတော့ ရွေးလိုက်တဲ့ဆုဟာ ပရိသတ် ဆန္ဒကိုလည်း ထင်ဟပ်, ပညာရှင်များလည်း နှစ်သက်, အများလည်း ကြိုက်ပြီး ဟိုးဟိုးကျော်ပေတော့တာကိုး။ ရွေးစရာတွေကလည်း များလွန်းလို့ ကဏ္ဍတွေ ခွဲထားတာတောင် မူးနောက်နေတာပါပဲ။

ရွှေပြည်တော်မှာကတော့ လက်ဆယ်ချောင်း မပြည့်တဲ့ ရုပ်ရှင်ကားထဲကနေ ဆုတွေ ရွေးထုတ်လိုက်တာများ နည်းမှတ်လို့။ အဲ ရာထောင်ချီတဲ့ ဗီဒီယိုတွေကျတော့ ရုပ်ရှင် မဟုတ်ဘူး ဆိုပဲ။ ပြီးတော့ ရုပ်ရှင်မှာ တေးဂီတဆု ဆိုပြီး ပေးပေမယ့်၊ ရာနဲ့ချီ ထွက်နေတဲ့ တေးအဲယ်ဘမ်တွေကို ကျတော့ “ဂီတအကယ်ဒမီ” ဆုရယ်လို့ ဘယ်သူကမှ မပေးဘူး ခင်ဗျ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ရမယ်လို့ ပါးစပ်နဲ့ မဆံ့အောင် အော်နေပေမယ့် ဇာတ်သဘင်တို့, ဆိုင်းတို့လည်း အကယ်ဒမီ တန်းမ၀င်ဘူး ခင်ဗျ။ ပြိုင်ပွဲတွေ လုပ်နေတာပဲလို့ စောဒက တက်နိုင်ပေမယ့်၊ ပြိုင်ပွဲနဲ့ တကယ့်အလုပ်နဲ့က မတူဘူးလေ။

အခုဆိုရင် အကယ်ဒမီလိုချင်ရင် ဘယ်လိုကားကိုရိုက်, ဘယ်စရိုက်ကို သရုပ်ဆောင်, ဘယ်စကားကို ပြော, ဆုပေးမယ့်သူတွေနဲ့ ဘယ်လို နေထိုင်ဆက်ဆံ ဆိုတဲ့ ဖော်မြူလာတွေကို ရွှေပြည်တော်က တောရောမြို့ပါ ပရိသတ်အားလုံးက အလွတ်ရနေကြပါပြီ။ ကြိုသိနေကြလို့ သိပ်တောင် ရင်မခုန်ရတော့ပါဘူး။

ပရိသတ်အများက ရင်မခုန်ပေမယ့် တိုးတိုးတိတ်တိတ် ကြိတ်ပြီး ရင်ခုန်တဲ့ ဆုတွေလည်း ရှိသေးတယ် ခင်ဗျ။ အမျိုးသားစာပေဆုတို့, ဘာဓဇ ညာဓရ ဆိုတဲ့ ဂုဏ်ထူးတို့, ဘာထူးချွန် ညာထူးချွန် ဆိုတဲ့ တံဆိပ်တို့ ဆိုတာတွေပေါ့။ များလွန်းလို့ သတင်းစာမှာတောင် တပတ်လောက် ဆက်တိုက် ဖော်ပြရတာ။ ကိုကြီးပေါ်လည်း အလွတ် မမှတ်မိပါဘူး။ ဒီဆုတွေ တံဆိပ်တွေမှာလည်း ဖော်မြူလာ ကိုယ်စီ ရှိပြီးသား ခင်ဗျ။ အထုပ်ကလေး ပိုက်ပြီး အကွက်ကလေး ရိုက်လိုက်ရင် ဆုတခုကတော့ ဖုတ်ခနဲ ပြုတ်ကျလာတာပါပဲ။

ကိုကြီးပေါ် မှန်ပြောင်းထဲမှာ မြင်နေရတာကတော့ ဆုတွေ တံဆိပ်တွေ ဂုဏ်ထူးတွေ ဘယ်လိုပဲ ပြောင်းသွား ပြောင်းသွား ပေးသူကတော့ တယောက်တည်းပဲ ခင်ဗျ။ နအဖဆိုတဲ့ အာဏာသစ်ငုတ်တွေပေါ့။ ဆုပေးသဘင် ဆိုတာတွေကလည်း ရွှေပြည်တော်မှာ တနှစ်ပတ်လုံး ပြတ်တယ် မရှိပါဘူး။ သတင်းထဲ နေ့တိုင်းပါနေတော့ ဗိုလ်ချုပ်မင်းများ တတ်အပ်သော အဋ္ဌာရသထဲမှာ ဆုပေးအပ်ခြင်း ဆိုတာလည်း တပါးပါမယ် ထင်ပါရဲ့။

ဒီနှစ်ဆန်းမှာတော့ ဗိုလ်ချုပ်မင်းများက ရွှေပြည်တော်ကြီးမှာ ပေးအပ်နေကျ ဆုထူး ဂုဏ်ထူးတွေကို ပြုပြင်ပြောင်းလဲပါတယ်။ အနာဂတ်ခေတ်နဲ့ ညီအောင်လို့ ဆိုပဲ။ ၀ီရိယ ကဲတဲ့ သဘောပေါ့။ တကယ်တော့ ဟိုးယခင်ခေတ်က ပေးခဲ့ဖူတဲ့ သတိုးတို့, အဂ္ဂတို့, စည်သူတို့, ပျံချီတို့ စတဲ့ ဘွဲ့တွေကို ပြန်ပေးမယ်လို့ လုပ်တာပါ။

လွတ်လပ်ရေးရတော့ ဖဆပလ အစိုးရက ပါဠိဘာသာနဲ့ ရေးထားတဲ့ ဘွဲ့တွေ တီထွင် ပေးခဲ့ပါတယ်။ ဗိုလ်နေ၀င်းက ဆိုရှယ်လစ်ခေတ် လုပ်တော့ အဲဒါတွေကို ပဒေသရာဇ်စော် နံတယ် ဆိုပြီး ဖယ်ထားခဲ့ပါတယ်။ တကယ်တော့ ဖဆပလ လုပ်တာကို အမွေမခံဘူး ဆိုတဲ့ သဘောပါ။ ဒါပေမယ့် အဲဒီ ဘွဲ့တွေက အရှိန်အ၀ါ အတော်ကြီးတယ် ခင်ဗျ။ အမည်ရှေ့မှာ တမြတ်တနိုးတပ်ခဲ့ကြလို့ နှောင်းလူတွေက အဓိပ္ပာယ်သာ ဘာမှန်းမသိ ရှိမယ် ဘွဲ့တွေနဲ့တော့ ရင်းနှီးနေကြတာပါ။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်, ၀ဏ္ဏကျော်ထင် ဒေါ်အောင်ကြည်, စည်သူ ဦးသန့် ဆိုတာမျိုးတွေပေါ့။

ဟော အခု၊ ဒီဘွဲ့တွေကို ပြန်ပေးမယ် ဆိုတာ ကြေညာပြီးတဲ့နောက်မှာ တေဇ နဲ့ ဇော်ဇော် ကို “သီရိပျံချီ” ဘွဲ့ပေးတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် ကြေညာချက်ကို လူသိအောင် မထုတ်ပြန်ဘူး။ တိုးတိုးတိတ်တိတ် ဆိုပဲ။ အင်… ဆုပေးတာ လူသိအောင် မဟုတ်ရင် ဘာလုပ်ဖို့ပါလိမ့်…။

ဒီမှာတင် ကိုကြီးပေါ် စမှားတော့တာပါပဲ။ ကိုကြီးပေါ်က တွေးမိလိုက်တာက ဆုတခုရဲ့ ဂုဏ်ဒြပ်ဟာ ဆုပေါ်မှာ တည်သလား, ပေးသူမှာ တည်သလား, ရသူမှာ တည်သလား ဆိုတာပါပဲ။ ပြီးတော့ လူသိဖို့ လိုသလား မလိုသလား။ ပေးတဲ့လူက တိတ်တိတ်လေးပေးတာကို ယူတဲ့သူက ဘမ်းဖော်ပြလို့ ဖြစ်ပါ့မလား။ ဆုရတာ မင်းနဲ့ငါပဲ သိတယ်။ ရှူး…တိုးတိုး။

တချိန်က သိပ်နာမည်ကြီးခဲ့တဲ့ “စတာလင်ဆု” တို့ “စကြာတံဆိပ်” တို့ ဆိုတာတွေ အခု ဘယ်လို ဖြစ်သွားကြပြီလဲ။ နအဖ ဗိုလ်ချုပ်ကြီးများ ပေးတဲ့ဆု ဆိုတာတွေကကော ဘယ်လို အဓိပ္ပာယ် ဖြစ်လိမ့်မလဲ။ ရတဲ့သူတွေကကော ဘယ်လိုလူတွေ ဖြစ်မလဲ။ ကိုကြီးပေါ်တော့ ချောင်းမိလေလေ မှားလေလေပါပဲ။

ဒီအဖြေတွေ အတွက် အားလုံး ကြားဖူုးပြီးသား ဇာတ်လမ်းကလေးက အဖြေပေးနိုင်မယ် ထင်ပါရဲ့။ ဒီလိုပါ။

ယောအတွင်းဝန် ဦးဘိုးလှိုင် ရေးတဲ့ စာပေတွေကို မြင်းထိန်း ငတာ ဆိုသူက - မင်းကြီးရေးတဲ့စာတွေ သိပ်ကောင်းတယ်, သိပ်အဖိုးတန်တယ် - လို့ လူထူထူရှိရင် ပြောလေ့ရှိသတဲ့။ ဒီသတင်းကို ယောမင်းကြီး ကြားတော့ ငတာကို ခေါ်ပြီး မေးတယ်။ မင်း ငါ့စာတွေကို သေချာ ဖတ်ဖူးသလား တဲ့။ ငတာခမျာ သေချာ မဖတ်ဖူးတော့ ဘာပြောရမှန်းမသိ အ အိ ဖြစ်နေတာပေါ့။ မင်းကြီးက ရွှေဒင်္ဂါး နှစ်ပြား ထုတ်ပေးပြီး - ရော့ ဒါယူပြီး လုပ်ကိုင်စား, နောက်ကို ငါ့စာကောင်းကြောင်း လျှောက်မပြောနဲ့, မင်းအရာ မဟုတ်ဘူး - လို့ ပြောလွှတ်လိုက်သတဲ့။

ရှင်ဘုရင် ပေးတဲ့ ရာထူး စည်းစိမ်ကိုတောင် စွန့်လွှတ်ဖို့ ၀န်မလေးတဲ့ ဦးဘိုးလှိုင်လို လူကတော့ ငတာလို မြင်းထိန်းတယောက်ရဲ့ ချီးမွမ်းမှုကို ဘယ် သာယာလိမ့်မလဲ။

ဒီကနေ့ ငတာတွေက ဗိုလ်ချုပ်တွေ ဖြစ်လာတော့ သူတို့ပေးတဲ့ “မဟာငတာဘွဲ့” တွေကို ငတာ့ နောက်က မြင်းချေးကျုံးသူတွေ ၀မ်းမြောက်ဝမ်းသာ အငမ်းမရ ဖြစ်ကြတာ ဆန်းမယ်တော့ မထင်။

ကိုကြီးပေါ်

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More