Wednesday, March 3, 2010

မသေဆေးစားကြသူများ(ကျော်သူ)


ကျွန်ုပ် အားငယ်သည်။
ကျွန်ုပ်တို့လောကတွင် ကျွန်ုပ်သည် အသိမ်ငယ်ဆုံး . . . အသေးမွှားဆုံး . . . အင်အားအသေးဆုံးဖြစ်တော့သည်။

ကျွန်ုပ်ကို ချစ်စနိုး “ကီးကီး” လို့ခေါ်ကြသည်။

ကျွန်ုပ်၏ဖခင်နှင့် ဘကြီးများ၊ ဦးလေးများ၊ အစ်ကိုကြီးများ၏ နာမည်များကတော့ ဖခင်ကြီး၊ ဦးဇူး၊ အစ်ကိုကြီး ကိုတာ၊ ဦးလေး ဦးကရောင်း၊ ဘကြီးကွန်း တို့ ဖြစ်ကြသည်။ သူတို့ . . . သူတို့သည် အလုပ်အင်မတန် လုပ်ကြသည်။ မနားမနေ၊ မမောမပန်း တာဝန်ကျေကြသည်။

ကျွန်ုပ်၏ဆရာသည်လည်း ကျွနုပ်နှင့်ထပ်တူထပ်မျှ ရေစက်ခေါ်မည်လား၊ ပဋ္ဌာန်းဆက်ခေါ်မည်လားပဲ။ ဆရာသည်လည်း ဆရာ၏လောက ပတ်ဝန်းကျင်တွင် ကျွန်ုပ်ကဲ့သို့ ခံစားခဲ့ရဖူးသည်။ ဆရာ၏မိတ်ဆွေများက ကြီးကျယ်စွာလှူကြ၊ တန်းကြသောအခါ ဆရာသည် ချောင်တစ်ချောင်၊ ထောင့်တစ်ထောင့်တွင် သိမ်ငယ်စွာ၊ အားငယ်စွာ၊ အားကျစွာ ခံစားရစမြဲပင်။

သို့သော် ဆရာသည် စိတ်မပျက်စွာ စိတ်ဓာတ်မကျဘဲ မိမိ၏ ခန္ဓာကိုယ်အားရင်းပြီး ကုသိုလ်ယူစမြဲ။ ကျွန်ုပ်သည်လည်း ဆရာ့ကို အားကျသည်။ သို့ပေမဲ့ ကျွန်ုပ်၏ သေးငယ်လှသော ခန္ဓာနှင့် ဝန်ဆောင်မှုကို ပေးရမည့်တာဝန်သည် မမျှ။ ကျွန်ုပ်ထမ်းဆောင်ရန် မဖြစ်နိုင်။

ဘာကြောင့်များ ကျွန်ုပ်၏ဆရာသည် ကျွန်ုပ်အား သည်လောက၊ သည်ပတ်ဝန်းကျင်၊ သည်အသိုင်းအဝိုင်း၊ သည်အဖွဲ့အစည်းသို့ ဇွတ်သွင်းယူခဲ့သနည်း။

ကျွန်ုပ် အဖြေရှာမရ . . .
ကျွန်ုပ် အားငယ်ရ . . .
ကျွန်ုပ် စိတ်ပျက်ရ . . .
ကျွန်ုပ် စိတ်ဓာတ်ကျရ . . .
ရှိစေတော့ . . .
ကျွန်ုပ် စောင့်ကြည့်မည်။

ကျွန်ုပ်သည် ဤလောက၊ ဤအသိုင်းအဝိုင်း၊ ဤပတ်ဝန်းကျင်သို့ ရောက်လာပြီး

ဤလောက အသိုင်းအဝိုင်း ပတ်ဝန်းကျင်၏ ကျေးဇူးကို မဆပ်နိုင်ခဲ့လျှင် ကျွန်ုပ်အဝေးတစ်နေရာသို့ ထွက်သွားမည်ဟု သန္နိဋ္ဌာန် ချလိုက်တော့သည်။ ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက် ရိုးသားသည်၊ ကြိုးစားသည်၊ ဖြောင့်မတ်သည်၊ ကုန်ကုန်ပြောရရင် လိပ်ပြာသန့်ကြသည်။

ဖခင်ကြီး၊ ဘကြီး၊ ဦးလေး၊ အစ်ကိုကြီးတို့သည် သူတို့တာဝန် သူတို့ကျေကြသည်။ မည်သူ့ကိုမျှ ဂုဏ်သိက္ခာ မညိုးနွမ်းစေရ။ မည်သူ့ကိုမျှ မစော်ကား၊ မမောက်မာကြ။ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ကြသည်။ သို့သော် ကိုယ်က ရိုးသားကြိုးစားစွာ တာဝန်ထမ်းဆောင်စဉ် တစ်ဖက်မှ ပြဿနာရှာခြင်းများ ကြုံတွေ့ရတတ်သည်။ တစ်ဖက်မှ ရမ်းကားမှု၊ စော်ကားမှုများကို ကြုံတွေ့ရတတ်သည်။ သို့သော် သည်းခံခြင်းသည် အောင်မြင်မှုမဟုတ်ပါလား။

ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကြုံရသော်
ရဲရဲသည်းခံ . . .
ရဲရဲရိုးသား . . .
ရဲရဲဖြောင့်မတ်မှုကို ချိုးဖျက်၍ မည်သို့မျှ မတုန့်ပြန်ကြ၍ နှလုံးသားအမာရွတ်နှင့် လူတစ်စုဟု ခေါ်နိုင်ပါသည်။ ဒဏ်ရာအနာတရာ ရလာသော် . . . ကျွန်ုပ်ဆရာ၏ အသိုင်းအဝိုင်းက ကုသပေးသည်။ ဘကြီးကွန်း ဟိုတစ်လောက လူကြီးရောဂါဖြစ်သည်။ ဇရာထောင်းလာ၍ ဝေဒနာခံစားလာရသည်။ ထိုအခါ ကျွန်ုပ်၏ဆရာအဖွဲ့က အင်နှင့်အားနှင့် ကုသပေးသည်။ နိုင်ငံခြားမှ ဆေးဝါးများမှာ၍ ကုသပေးသည်။ ဘကြီးကျန်းမာသန်စွမ်းလာသည်။ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်တော့သည်။

ကျွန်ုပ်၏ဖခင် ဦးဇူးသည်လည်း ထိုနည်းတူ ရိုးသားကြိုးစားစွာ လုပ်ငန်းခွင်ဝင်နေစဉ် တစ်ဖက်မှ ရမ်းကားမူးရစ်ကာ ထိုးကြိတ်မှုကို ခံခဲ့ရ၍ ဒဏ်ရာရခဲ့သည်။ သို့သော် ကျွန်ုပ်၏ ဆရာအဖွဲ့သားများက ကုသပေးခြင်းကြောင့် ရောဂါဒဏ်များ ပျောက်ကင်းပြီး လုပ်ငန်းခွင်ဆင်းနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့ဆရာအဖွဲ့အား ကျွန်ုပ်တို့အတွက် “မသေဆေးဖော်သူများ” ဟုပင် တင်စားချင်သည်။

ကျွန်ုပ်သည် ကျွန်ုပ်ဆရာ၏ လောကကြီးထဲ စုန်းစုန်းဝင်ရောက်လာရပြီး မကြာခင် ကျွန်ုပ်အတွက် ကျွန်ုပ်ဆရာသည် ဝတ်စုံတစ်စုံ ဆင်ယင်ပေးသည်။ ဘာဝတ်စုံကြီးပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ဟုတ်တယ်လေ . . . အဖေတို့၊ ဦးလေးတို့၊ အစ်ကိုတို့ကျတော့ ဝတ်စုံက တည်တည်တံ့တံ့ ကျက်သရေရှိလိုက်သည့်ဖြစ်ခြင်း။ ကျွန်ုပ်ဘကြီးကျတော့ လူကြီးမို့လားမသိပါဘူး။ ရွှေရောင်ဝတ်စုံနှင့် ခံ့ညားလိုက်သည်ဖြစ်ခြင်း . . . ။ ကျွန်ုပ်ကျတော့ အူကြောင်ကျား . . . ပန်းပွင့်တွေ၊ Smile မျက်နှာတွေ၊ ငြိမ်းချမ်ရေး Peace ပုံတွေ၊ လိပ်ပြာပုံတွေနဲ့ ကလေးကလား၊ စိတ်ပျက်မိတယ်ဗျာ . . . ။ ဆရာဘာတွေများ လျှောက်လုပ်နေပါလိမ့်။ ကျွန်ုပ်သည် ဆရာ၏ လောကပတ်ဝန်းကျင် အသိုင်းအဝိုင်းတွင် လူပိုမဖြစ်ချင်၊ ဆန်ကုန်မြေလေးမဖြစ်ချင်။ အဓိပ္ပာယ်ရှိချင်သည်။ ကျေးဇူးဆပ်ချင်သည်။ ပေးဆပ်ချင်သည်။ တာဝန်ကျေချင်သည်။ ဟေးလားဝါးလားနဲ့ ယောင်ဝါးဝါး မဖြစ်ချင်။ ဆရာရဲ့လုပ်ရပ်တွေ ယောင်ဝါးဝါး ကြောင်တောင်တောင်တွေ ဖြစ်နေပြီလားဟု တွေးမိသည်။ သို့သော် ကျွန်ုပ်၏ အပြစ်တင်တွေးတောမှု စောသွားသည်။ ဆန္ဒစောသွားသည်။

အဲဒီ့နေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့။ မင်္ဂလာရှိတဲ့နေ့၊ အဓိပ္ပာယ်ရှိတဲ့နေ့၊ တာဝန်ကျေတဲ့နေ့၊ ပီတိအဖြစ်ဆုံးနေ့၊ ပီတိစားရတဲ့နေ့ . . . ။

အဲဒီ့နေ့ . . . တစ်သက်မေ့မရတဲ့နေ့မှာ ကျွန်ုပ်ဝတ်စားဆင်ယင်မှုနဲ့အတူ ကျွန်ုပ်ဂုဏ်ယူဝင့်ကြွားရမည့်နေ့ ဖြစ်တော့သည်။ ထိုနေ့မှာ ကျွန်ုပ်၏ဆရာအဖွဲ့အစည်းမှ ကျွန်ုပ်အား ကျွန်ုပ်ခန္ဓာနှင့် လိုက်ဖက်ညီမည့် တာဝန်ဝတ္တရားတစ်ခုကို ခိုင်းတော့သည်။ ကျွန်ုပ်သည် တက်ကြွစွာဖြင့် ထမ်းဆောင်သည်။ သည်လုပ်ငန်းကို ရိုးမြေကျသည်အထိ ထမ်းဆောင်မည်ဖြစ်၍ ကျွန်ုပ်အား ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ် ချီးမြှင့်ပေးလိုက်တော့သည်။ ကျွန်ုပ်၏ အနာဂတ်အလင်းရောင်ဖြစ်သည့် ဤဂုဏ်ထူးဆောင်လက်မှတ်၏ ခေါင်းစဉ်ကို “မသေဆေးစားသူများ” ဟုပင်တင်စားလိုက်ချင်တော့သည်။

“မသေဆေးစားသူများ ဂုဏ်ထူးဆောင်လက်မှတ်”

အမည် - ဆူဇူကီး (SUZUKI)
မှတ်ပုံတင်အမှတ် - ၁ဂ/၉၄၆၇
တာဝန် - အပြစ်မဲ့၍ အကုသိုလ်ကင်းရှင်းစွာဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားရသော ကလေးသူငယ်များ၏ ရုပ်ကလာပ်ကို အခမဲ့ကုသိုလ်ဖြစ် သယ်ဆောင်ပို့ပေးရန်။
ရာထူး - ကလေးနိဗ္ဗာန်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။
ဆက်သွယ်ရန်ဖုန်း - ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၇၀၄၇၈၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉

ကျွန်ုပ်၏ ဖခင်ကြီး ဦးဇူး (ခ) အစ်စ်ဇူးဇူး (ISUZU)၊ ဘကြီး ဦးကွန်း (ခ) လင်ကွန်း (LINCON)၊ ဦးလေး ဦးကရောင်း (ခ) တိုယိုတာကရောင်း (TOYOTA CROWN)၊ အစ်ကိုကြီး ကိုတာ (ခ) တိုယိုတာဟိုင်းလတ် (TOYOTA HILUX) တို့၏ ခြေရာကို ထပ်ကြပ်မကွာလိုက်ရင်း ပန်းတိုင်အထိရောက်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်ခိုင်ခံ့စွာဖြင့် လိပ်ပြာသန့်စွာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်၍ ကျေးဇူးဆပ်မည့် ကျွန်ုပ်တို့၏ ဘဝသည်ကား “မသေဆေးစားကြသူများ” ပင်ဖြစ်တော့သည်။

အားလုံးကို လေးစားဦးညွတ်လျက်

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ




စာကြွင်း ။ ။ ဤဆောင်းပါး ပြီးသွားချိန်... ကျွန်ုပ်ကီးကီးသည် လူသားအကြိုးပြု လုပ်ငန်းများလုပ်ဆောင်နေဆဲ ... မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေ့ရက်တစ်ရက်တွင် မမျှော်လင့်ခဲ့သော် အကြောင်းအရာတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ ယင်းမှာ နှစ်ပေါင်းများစွာ ကွဲကွာ၍ ကျွန်ုပ်တစ်ကြိမ်တစ်ခါမှ မဆုံဘူးခဲ့သော၊ မမြင်ဘူးခဲ့သော ကျွန်ုပ်၏ အဖိုး ( ဘကြီးကွန်း ရဲ့ဖခင်) ဖိုးဖိုးချက်နှင့် ကျွန်ုပ်တို့ ပြန်လည်ဆုံတွေ့ရခြင်းပင် ဖြစ်သည်။ ဘကြီးကွန်း၊ဦးလေး ကရောင်း၊ ဖခင်ကြီး ဦးဇူး၊ အကိုကြီး ကိုတာနှင့် ကျွန်ုပ် ကီးကီးတို့ ပျော်လိုက်သည့် ဖြစ်ခြင်း။

ဖိုးဖိုး ချက်သည် ဒုတိယကမ္ဘာစစ်အတွင်းမှ အသက်မသေပဲ မိသားစုနှင့်ကွဲကွာခဲ့ရာမှ ယခုလို ပြန်လည်ဆုံတွေ့ ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်။ ဖိုးဖိုးချက်သည် စစ်၏အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ နွမ်းလျလျက်ရှိနေသည်။ သို့သော် အသက်အရွယ် ကြီးမြင့်ပြီ ဖြစ်သော်လည်း ယခုကျွန်ုပ်တို့နှင့်အတူ လက်တွဲမဖြုတ် လူသားအကျိုးပြု လုပ်ငန်းများလုပ်ရန် ကျွန်ုပ်ထံ ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အဖိုးထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ၊ ရာဇဝင် သမိုင်းကြောင်းများ ဂဃနဏ သိရတော့မည် ဖြစ်သည်။

ကျွန်ုပ်အဖိုး၏အမည်ရင်း - ချက်ပလက်
မှတ်ပုံတင်အမှတ် - စ/၃၃၀၀
တာဝန် - နာရေးလမ်းကြောင်းပို့ရာတွင် နိဗ္ဗာန်ယာဉ် နောက်မှ နာရေးပို့ ပရိတ်သတ် (အသုဘ ရှူ့မည့် ပရိတ်သတ်) တို့အားလိုက်လံပို့ဆောင်ရန်။
ရာထူး - အသုဘပို့ဆောင်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။ အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊ (၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

ဖိုးဖိုး ချက်ကို ကျွန်ုပ်ထံလာရောက် ပို့ဆောင်ကြသော ဦးဟုန်းတန်+ဒေါ်ခင်မြင့်ရီမိသားစု၊ ရပ/၁၃၁၊ နယ်မြေ-၁၀၊ ကျောင်းကြီးစု ရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ (တောင်ကြီးမြို့)နှင့် ဘကြီးကွန်း (LINCON)၊ ဦးလေး ကရောင်း (TOYOTA CROWN) တို့ကိုလာရောက် ပို့ဆောင်ကြသော ဦးဇော်ဝင်း + ဇနီး ဒေါ်တင်သန်း သားကိုဗညား (ခေတ္တ ဂျပန်) မိသားစုအား၎င်း၊ ပြည်တွင်းပြည်ပ အလှူရှင်များ၏ အလှုငွေဖြင့် ဖခင်ကြီး ဦးဇူး (ISUZU) ၊ အကိုကြီး ကိုတာ (TOYOTA HILUX) နှင့် ကျွန်ုပ် ကီးကီး (SUZUKI) တို့အား လူသားအကြိုးပြုလုပ်ခွင့်ပေးခဲ့သော (၇) ရက်သားသမီး အပေါင်းတို့အား ကျေးဇူးအထူးတင်ရှိ၍ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုလိုက်ပါသည်။

ကီးကီး (ခ) ဆူဇူကီး (SUZUKI)

ကျော်သူ

1 comments:

လက်တို့ပြီးတော့ ပြောလိုက်ချင်တယ်
http://kyeesaytaman.blogspot.com/2010/03/blog-post_05.html

Twitter Delicious Facebook Digg Stumbleupon Favorites More