Thursday, March 25, 2010

ခေါင်းဆောင်ဆိုတာ ဘယ်လိုဟာမျိုးလဲ….

တချို့လူတွေက မွေးကတည်းက ကြီးကျယ်မြင့်မြတ်ပြီးမွေးလာတာပါ။ တချို့ကတော့ ကြီးကျယ်မြင့်မြတ်မှုကိုရရှိဘို့ ကျိုးစားပြီးမှရရှိကြတယ်။ တချို့ကျတော့ ကြီးကျယ်မြင့်မြတ်မှုက သူတို့ဆီကို ရောက်ရှိ ခိုနားလာလေရဲ့။
ကမ္ဘာကြီးတခုလုံးကနိုင်ငံတွေမှာ ပြောင်းလဲမှုတွေနေစဉ်နဲ့အမျှဖြစ်နေတယ်။ ကမ္ဘာတဝှမ်းလုံးမှာ ပြည်သူကရွေးကောက်တဲ့အစိုးရက အုပ်ချုပ်တဲ့စနစ်ဆီကို ပိုပြီး ဦး တည်နေတော့ ခေါင်းဆောင်အတွက်ထိုက် တန်တဲ့ ကြီးကျယ်မြင့်မြတ်မှုကို ကြိုးပမ်းပြီးမှ ရရှိအောင် ကြိုးစားရမှာဖြစ်ပါတယ်။
လန်ဒန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ(ကဲနက်မင်နော့)ရဲ့စကားအရ ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်ချက်တွေကတော့ ခေါင်းဆောင်ဖြစ်ဖို့ ရည်မှန်းချက်က အရေးကြီးဆုံးပါပဲ။ ကိုယ်ကကြိုးစားမှ ခေါင်းဆောင်ဖြစ်မှာပါ။ နပိုလီယံ၊ ဆီဆာ စတဲ့ ခေါင်းဆောင်တွေဟာ တကယ့်ရည်ရွယ်ချက်နဲ့ ခေါင်းဆောင်ဖြစ်လာသူတွေပါ။
ခေါင်းဆောင်ဆိုတာ အမျှော်အမြင်ရှိရမယ်၊ ဆုံးဖြတ်ချက် ချတက်ရမယ်၊ ခွန်အားသတ္တိ ရှိရမယ်၊ အသိဉာဏ်လည်းထက်မြက်ရမယ်၊ လိုအပ်ရင် တဖက်လူရဲ့ခြေလှမ်းကို ခန့်မှန်းတွက်ချက်နိုင်တဲ့ အထူးအရည်အချင်းလည်း ရှိသင့်ပါတယ်။

နပိုလီယံပြောဖူးတဲ့စကားအရဆိုလျှင်လည်း ခေါင်းဆောင်ဆိုတာ ကံကောင်းဖို့လည်းလိုတယ်တဲ့။ ကံကော်လို့ချုံပေါ်ရောက်ဆိုတဲ့ ခေါင်းဆောင်တွေကိုတော့ ကံကောင်းလို့ဖြစ်လာတဲ့ ခေါင်းဆောင်လို့ ခေါ်ရမှာပဲဖြစ်တယ်။ ဒါပေမဲ့ အဲဒီလိုခေါင်း ဆောင်တွေမှာလည်း ရရှိလာတဲ့အခွင့်အရေးကို အသုံးချနိုင်စွမ်းရှိတဲ့ အရည်အချင်းရှိ ပါတယ်။
ဥပမာ- ၁၉၄ဝ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိသျှဝန်ကြီးချုပ်(ချာချီ)။ ၁၉၉၁ ခုနှစ်၊ ရုရှားအာဏာသိမ်းမှုတုန်းက တင့်ကားပေါ်တက်ပြီး မိန့်ခွန်းပြောခဲ့သည့် ဘောရစ်ယယ်လ်ဆင်နှင့် မြန်မာနိုင်ငံ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုကြီးက ဒေါ် အောင်ဆန်းစုကြည်တို့ ဖြစ်ကြတယ်။

ပြည်သူလူထု၏လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့ ခေါင်းဆောင်တွေလို့လည်း ပြောလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှပြည်သူတွေ နာဇီဂျာမန်တွေရဲ့ရန်ကို ခုခံနေရသည့်အချိန် ထက်မြက်တဲ့ခေါင်းဆောင်လိုအပ်နေတဲ့အချိန်မှာ ချာချီကအခုလို မိန့်ခွန်းပြောခဲ့ပါတယ်။
“ဘာပဲဖြစ်ဖြစ်ပေးဆပ်ပြီး ကျွန်ုပ်တို့ရဲ့ကျွန်းကိုကာကွယ်ရမယ်။ ပင်လယ်ကမ်းစပ်တွေ၊ လယ်ကွင်းတွေ၊ တောင်ကုန်းတွေမှာ တိုက်ခိုက်ရမှာဘဲ။ ကျွန်ုပ်တို့ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး။”
ဒီလိုရဲစွမ်းသတ္တိနှင့်ပြောခဲ့လို့လည်း ချာချီတယောက် ပြည်သူချစ်တဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့တာ ပါဘဲ။ မြန်မာပြည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ဒေါ်အောင် ဆန်းစုကြည်ပြောခဲ့တဲ့ စကားကိုလည်း နားထောင်ကြည့်ကြပါစို့။
“ကျမတို့ကို ခြိမ်းခြောက်တာဟာ ပြည်သူလူထုကိုခြိမ်းခြောက်တာနဲ့အတူတူပါဘဲ။ ဘာဖြစ်လဲဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြားဒီမိုကရေစီလိုလားတဲ့ အဖွဲ့အစည်းများဟာ ဒီမိုကရေစီလှုပ်ရှားမှု အောင်မြင်စေရေးအတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူလူထုလိုချင်တဲ့ အခွင့်အရေးတွေအ တွက် ကြိုးပမ်းနေတဲ့အဖွဲ့အစည်းများ အလုပ်မဖြစ်အောင် ဟန့်တားခြင်းဟာ ပြည်သူလူထုကို လိုချင်တဲ့ အခွင့်အရေးများ မပေးခြင်းဆိုတာနဲ့ အတူတူပါပဲ” တဲ့။
ဒီလို ခေါင်းဆောင်တွေကျတော့ ပြည်သူ တွေ ဘာလိုတယ်ဆိုတာကိုသိတော့ လို အပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ခေါင်း ဆောင်တွေပေါ့။
အဲ့ဒါကတော့ လန်ဒန်တက္ကသိုလ်က နိုင်ငံရေးသိပံ္ပပါမောက္ခရဲ့ ခွဲခြမ်းစိတ်ဖြာမှုပါ ဘဲ။ ဒါပေမယ့် Leader and Leadershipဆိုတဲ့ ခေါင်းဆောင်များနှင့် ခေါင်းဆောင်မှုဆိုတဲ့ စာအုပ်ရေးခဲ့တဲ့ စာရေးဆ ရာကြီး(ဂျက်ဖရီစတင်းန်)ကတော့ ခေါင်း ဆောင်မှု(၅)မျိုးရှိတယ်လို့ သုံးသပ်ပါတယ်

(၁) အမျှော်အမြင်ရှိပြီး မျှော်လင့်ချက် ပေးစွမ်းတဲ့ ခေါင်းဆောင်၊
(၂) အုပ်ချုပ်စီမံရေးကောင်းတဲ့ ခေါင်းဆောင်၊
(၃) နာယကလို ပူးပေါင်းဆောင်ရွက်တတ်တဲ့ ခေါင်းဆောင်၊
(၄) ဖြန်ဖြေရေးခေါင်းဆောင်နှင့်
(၅) တိုက်ပွဲဝင်တဲ့ခေါင်းဆောင်

အဲဒါတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းလိုပုဂ္ဂိုလ်မျိုး၊ ပြည်သူအားလုံးကချစ်တဲ့ ခေါင်းဆောင်လိုပေါ့။ ဗိုလ်ချုပ်က တခြားအချက်တွေနဲ့လည်းကိုက်ညီတယ်။ (ဥပမာ) နာယကကဲ့သို့ ပူးပေါင်းဆောင်ရွက်တာ ဖြန်ဖြေရေးကောင်းတာနဲ့ တိုက်ပွဲဝင်ခေါင်း ဆောင်ဆိုလည်းမမှားဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့မျှော်လင့်ချက်၊ ထောက်ခံမှုရတာက ဗိုလ်ချုပ်နဲ့ကိုက်ညီတဲ့ အဓိကအချက်ပါ။
ဗြိတိန်မှာဆိုရင်လည်း မာဂရက်သက်ချာက ပြည်သူချစ်တဲ့ခေါင်းဆောင်ဖြစ်ခဲ့တယ်လေ။ ဒါပေမယ့် မာဂရက်သက်ချာနေရာမှာ ဆက်ခံတဲ့ ဂျွန်မေ ဂျာကို ပြည်သူက သိပ်ပြီး မထောက်ခံကြ ဘူး။ ဒါပေမယ့် စီမံရေးကောင်းတယ်ပေါ့။

နိုင်ငံတခုရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ ကိုက်ညီတဲ့ခေါင်းဆောင်ဖြစ်ဘို့လိုတယ်။ ပြည်သူကချစ်တဲ့ခေါင်းဆောင်ပေါ်လာရမယ့်အချိန် တိုက်ပွဲဝင်ခေါင်းဆောင်ပေါ်လာရင် မကောင်းဘူးပေါ့။
ရုရှားနိုင်ငံမှာ အာဏာသိမ်းဘို့ ကြိုးပမ်းတယ်။ တိုက်ပွဲဝင်ခေါင်းဆောင်လိုမျိုး ဖြစ်ဘို့ ကြိုးပမ်းတာပေါ့။ ဒါပေမယ့် ဘောရစ်ယယ်လ်ဆင်က တင့်ကားပေါ်တက်၊ ဒီမိုကရေစီမိန့်ခွန်းပြောပြီး ပြည်သူချစ်တဲ့ ခေါင်းဆောင်ဖြစ်သွားခဲ့တယ်။
ယယ်လ်ဆင်သမတဖြစ် ပြီးတဲ့နောက် သူ့ရဲ့ဆောင်ရွက်မှုတွေက ပြည်သူတွေ မျှော်လင့်တာထက် သိပ်မ ကိုက်ညီလို့ ယယ်လ်ဆင်တယောက် ပြည့် သူထောက်ခံမှု သိပ်မရတော့ဘူး။

ဒီမိုကရေစီစနစ်မကျင့်သုံးတဲ့နိုင်ငံတွေမှာရော ဒီလိုယူဆချက်က အသုံးဝင်သလား။ အဲဒါနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် ရုရှားနိုင်ငံဟာ အရင်က ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ဆိုဗိယက်ပြည်ထောင်စုအဖြစ်ရပ်တည်နေတုန်းက စတာလင်ဆိုတဲ့ ထက်မြက်တဲ့ခေါင်းဆောင်ပေါ်ပေါက်ခဲ့ တယ်။
စတာလင်ပြီးသွားတဲ့နောက် ကျန်ရစ်တဲ့ အုပ်ချုပ်တဲ့ခေါင်းဆောင်တွေထဲမှာ ဗိုလ်လုကြတယ်။ အင်အားကြီးတဲ့အုပ်စုနှစ်ခုက ခေါင်းဆောင်တွေဗိုလ်မဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ အုပ်စုတခုကအနိုင်ရသွားရင် ကျန်တဲ့အုပ်စုကခွဲထွက်ပြီးတော့ ညီညွှတ်မှုပျက်သွားမယ်။ ဒီတော့ အုပ်စုနှစ်ခုလုံးက လက်ခံနိုင်တဲ့ ကြားနေ ဖြန်ဖြေရေးခေါင်းဆောင်ကတော့ ခရူးရှက် ပါဘဲ။
နာယကလိုပူးပေါင်းဆောင်ရွက်တဲ့ခေါင်းဆောင်များကတော့ နောက်ကွယ်ကနေ ထိန်းသိမ်းပေးတဲ့ခေါင်းဆောင်ပေါ့။ (ဥပမာ)အဲ့ဒီခေါင်းဆောင်က ဥက္ကဋ္ဌရာထူးယူထားတယ်။ ဒါပေမယ့် အတွင်းရေးမှူးတွေကို ပိုပြီးလှုပ်ရှားခိုင်းတဲ့ခေါင်းဆောင်မျိုးပေါ့။ လူတွေအမြင်မှာ သူကအေးတယ်လို့ ထင်ရပေမယ့် တကယ့်ဆုံးဖြတ်ချက်တွေကို ချမှတ်နေတဲ့ ခေါင်းဆောင်ပေါ့။

ခေါင်းဆောင်အမျိုးအစားတွေကတော့ ဟုတ်ပါပြီ။ ခေါင်းဆောင်တယောက်ကို ပြည်သူတွေက ဘယ်လောက်ထောက်ခံ တယ်ဆိုတာကို ဘယ်လိုတိုင်းတာမလဲ။ ခေါင်းဆောင်ဖြစ်လာတာ ဘယ်လိုဖြစ်လာ သလဲဆိုတာနဲ့ မူတည်တာပေါ့။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာတော့ ပြည်သူက ဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတာ သိနိုင်တာပေါ့။ (ဥပမာ)အမေရိကန်ပြည်ထောင်စုမှာဆိုရင် သမတကို ပြည်သူကတိုက်ရိုက်ရွေးတော့ ပြည်သူဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်ပါ တယ်။

တံခါးပိတ်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ(ဥပမာ) ကွန်မြူနစ်နိုင်ငံတွေကျတော့ရော ပြည်သူအားလုံး ဒါမှမဟုတ် ဘယ်နှစ်ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတာမသိနိုင်ပါဘူး။ ပါတီကော်မတီတွေကနေ ခေါင်းဆောင်ကိုပြန်ပြီးတော့ ရွေးတာဆိုတော့ ပါတီထဲမှာ သြဇာရှိရင် ခေါင်းဆောင်ဖြစ်နိုင် တာပေါ့။

ဒါဆို သူတို့က ပြည်သူတွေနဲ့ ကင်းကွာနေမှာပေါ့။ ပြည်သူနှင့် ကင်းကွာယုံ ဘယ်ကမလဲ။ အတင်း `မလာမနေရ`လုပ်တဲ့ လူထုချီတက်ပွဲက ပရိသတ်ကြီးကို ကြည့်ပြီး၊ “အင်း- ငါ့ကို ထောက်ခံတဲ့လူတွေ တယ်များပါလား…”လို့ ဘဝင်တွေမြင့်နေပြီးတော့ အဖြစ်ဆိုးတွေ ကြုံတွေ့ရမှာဖြစ် တယ်။

အာဏာသိမ်းပြီးရယူထားတဲ့ အစိုးရကျတော့ မှန်းရတာအခက်ဆုံးဖြစ်တယ်။ ခေါင်းဆောင်ဆိုတာက နောက်လိုက်တွေ၊ ထောက်ခံသူတွေရှိမှ ခေါင်းဆောင်ဖြစ်တာ မဟုတ်လား။ စစ်တပ်ခေါင်းဆောင်ဆိုတာက ပြည်သူ့ရွေးချယ်မှုနဲ့ ခေါင်းဆောင်ဖြစ်လာတာ မဟုတ်ဘူးလေ။ စစ်တပ်ခေါင်းဆောင်ရဲ့နောက်မှာ စစ်သားဘဲရှိမှာပေါ့။ စစ်သားနောက်လိုက်ဆိုတာကလည်း စစ်ရဲ့အမိန့်နဲ့ လိုက်နာကြရတာမဟုတ်လား။

ဒီတော့ စစ်တပ်ကအာဏာသိမ်းပြီး ခေါင်းဆောင်ဖြစ်လာတဲ့ ခေါင်းဆောင်တယောက်အတွက် ထောက်ခံတဲ့ပြည်သူ ဘယ်လောက်ရှိတယ်ဆိုတာ ပြောရတာ မှန်းရတာ အရမ်းခက်ပါတယ်။ ခေါင်းဆောင်မျိုးစုံတွေ ပြည်သူက ထောက်ခံတာ ဘယ်လိုရှိတယ်ဆိုတာကတော့ သူတို့ရဲ့ အာဏာအပေါ် ဘယ်လိုသဘောထား တယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောရမယ်ဆို ရင် သူတို့ရဲ့ အာဏာရလာတဲ့ ကြိုးပမ်းပုံတွေ၊ ရရှိတဲ့ အာဏာအပေါ် သဘောထားပုံ၊ တိုင်းပြည်စီမံအုပ်ချုပ်ပုံအပေါ်မှာ မူတည်ပါတယ်။
အမြည်းအစမ်းပြောရမယ်ဆိုရင် တရုတ်ပြည်က ခေါင်းဆောင်ကြီး မော်စီတုံးကတော့ အာဏာဆိုတာ သေနတ်ပြောင်းကလာပါတယ်တဲ့။ ဒီမိုကရေစီနိုင်ငံက ခေါင်းဆောင်တွေရဲ့ အမြင်ကတော့ အာဏာရ ဘို့ဆိုတာ ချောတိုင်တက်ရသလိုဘဲတဲ့။

၁၉၉၈ ခုနှစ်၊ မတ်လထုတ် ရွှေခမောက်မှတ်တမ်းလွှာ အတွဲ(၄)၊ အမှတ်(၉)မှ

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More