Friday, May 20, 2011

လူငယ့်ကြေးမုံ-၆(တင်မိုး)

မိုးသောက်ကြယ်ဂျာနယ်အယ်ဒီတာအာဘော်အဖြစ် 
ဆရာတင်မိုးရေးသားပေးခဲ့သော `လူငယ့်ကြေးမုံများ`
(၂၀၀၅ ခုနှစ်၊ ဧပြီလထုတ် မိုးသောက်ကြယ်ဂျာနယ် အတွဲ ၂၊ အမှတ် ၄ မှ)



“စိတ်ငယ်ဖွယ် အမှောင်ဆိုင်းပြန်တော့၊ သပိတ်လွယ် တောင်စစ်ကိုင်းဆီက၊ မောင်မှိုင်းမှာဖြင့်ပါတော်မူ”တဲ့။
ဆရာကြီးမှိုင်းက တခါတုန်းက တိုင်းပြည်အတွက် စိတ်ငယ်စရာနဲ့ကြုံတော့ ပူပုံပွားခဲ့ဖူးတယ်။ ဒိုင်အာခီခေတ်မှာ မှိုင်ကာမကြည်ဖြစ်ခဲ့ဖူးရသတဲ့။ 
ဟုတ်မှာပေါ့။ ပုထုဇဉ်ဟာကိုး။ လက်ခမောင်းတောင် ခတ်တန်ခတ်မိတယ်။ စိတ်ပျက်အားငယ်စရာနဲ့ကြုံရင်လဲ ပုံလဲကျမတတ် အရုပ်ကြိုးပြတ်ဖြစ်တန်ဖြစ်မိမှာပဲ။
“ဒိုင်အာခီရုံးပေါ်သနေ့ရယ်က၊ ဂနိုင်ဝါသီ ဖုန်းမော်ရသေ့မှာဖြင့်၊  ပြုံးဖော်မအေ့တွေနဲ့ အတွေ့မသာယာပေ (အိုကွယ်) နှလုံးတော်မခွေ့ပေသနဲ့၊ ဓလေ့ဘာသာလဝါနေ...”တဲ့။
မှိုင်းဆရာခမျာ ဗိုင်းတာမကံဆိုးတွေလို့ဆိုရပေမဲ့ မြန်မာပြည်သူတွေရဲ့ရှေ›ရေးကိုတွေးမိတိုင်း စိတ်လေးမိရှာတယ်။ စကားတောင် ဟဟမပြောချင်တော့။ စိတ်မရွှင်မလန်းနဲ့ ပင်ပန်းပြီး ဥပက္ခာသဘောနဲ့ ဘာသာလဝါပဲနေ ချင်စိတ်ပေါက်ခဲ့မိဖူးသတဲ့။ အင်း-ခုနေခါမှာ ဆရာကြီးသာရှိပါရင် ဘယ်လိုများခံစားမိရှာပါလိမ့်။
“ဆရာမသေခင် ငြိမ်းချမ်းရေးရတာမြင်ချင်တယ်...”ဆိုတဲ့ သူ့ဆန္ဒပြည့်ဝမသွားရှာခဲ့။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားညီညွတ်ရေးတွေအားလုံးဆုံးရှုံးပြီး သူတောင်းစားလုံးလုံးဖြစ်နေရှာတဲ့ စစ်မသမာတို့ရဲ့ ကျေးကျွန်၊ တို့ဗမာမွန်သူကိုတွေ့ရရင် ရင်ကွဲနာကျလိမ့်မယ်ထင်ရဲ့။
“ကိုယ်တော်မှိုင်း ရာဇဝင်တွေလည်းရိုင်းခဲ့ရပြီအဖိုးရေ”တဲ့။  လူငယ်ကျောင်းသားတွေရဲ့တိုင်တည်သံ။ ရှစ်လေးလုံးအရေးတော်ပုံမှာ အတုံးအရုံးကျဆုံးခဲ့ကြတဲ့ လူငယ်ကျောင်းသားတွေရဲ့အလောင်းတွေပေါ်က ‘တက်’ခေါက်သံ။ ဒီအသံတွေကိုကြားယောင်မိတယ်။ ဘယ်တော့မှမေ့မရနိုင်တဲ့ ရင်ထဲကအသံတွေပါ။
ဒါပေမဲ့ နှလုံးသည်းပွတ်တွင်းက စီးဆင်းလာတဲ့အားတင်းသံတွေဟာ အမြဲလှုံ့ဆော်နေဦးမှာသေချာတယ်။ ဘယ်တော့မှ ဆိတ်သုဉ်းမသွားနိုင်တဲ့အသံ။ လူထုရဲ့ပဲ့တင်သံ။
“ဟယ်-သို့သော်လည်း ယောင်္ကျား၊ ကံရှေ့သွား၊ ကံထားရာတဲ့၊ မနုံနဲ့ပါဘု၊ အလှည့်သင့်ချက်ပိုင်၊ ကြက်ကန်းခွပ်လို့၊ ပွဲကျွတ်အောင်နိုင်သေးသပ”ဆိုတဲ့ ဦးပုညရဲ့ “ရေသည်”ယောင်္ကျားကြုံးဝါးသံလိုပဲ တနေ့နေ့မှာတော့ ပွဲကျွတ်အောင်နိုင်ဦးမှာအမှန်ပါ။ အခက်အခဲဆိုတာရှိစမြဲ။ အဟန့်အတား အလှန့်တွေလဲရှိစမြဲ။
ဒါပေမဲ့ ဘာစိတ်ငယ်စရာရှိသလဲ။ စိတ်ခွန်အားကြီးမားသူတွေရဲ့ရှေ့မှာတော့၊ ခြင်္သေ့ထံမှောက်ရောက်လာ တဲ့သားကောင်ပမာ၊ အခက်အခဲများစွာဟာ မျက်နှာငယ်ငယ်နဲ့ ဘေးဖယ်နောက်ဆုတ် ကြောက်ရုပ်နဲ့နေရတယ်။ မှိုင်းမှုန်ရီမှာ နေရောင်ခြည်တောက်သလို၊ မကြောက်တဲ့စိတ်ဟာလဲ ခြင်္သေ့စိတ်၊ အောင်စိတ်ဟောက် သလိုနေမှာပဲ။

တင်မိုး
၂၈-၄-၂ဝဝ၃

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More