Tuesday, May 31, 2011

ဒီပဲယင်း(၈)နှစ်ပြည့် အခမ်းအနား အခွန်ရုံးရှေ့တွင်ကျင်းပ

လွန်ခဲ့သော ၂၀၀၃ ခုနှစ် မေလ(၃၀)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥကဌဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ဦးဆောင်သည့် စစ်ကိုင်းတိုင်းလူထုစည်းရုံးရေးခရီးစဉ်တွင် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့အနီးရှိ ကျည်ရွာတွင် စစ်အုပ်စု၏အကြမ်းဖက်တိုက်ခိုက်မှုကိုခံခဲ့ရသည့် ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီး (၈)နှစ်ပြည့်အခမ်းအနားကို ယနေ့ မေလ ၃၀ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီနာဂါဝ ရပ်ကွက်ရှိ မြန်မာအကောက်ခွန်ရုံးရှေ့တွင်  မွှန်းလွှဲပိုင်း (၃) နာရီ မှ (၄.၄၅) နာရီ အထိ ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသော အဖွဲ့အစည်းပေါင်းစုံမှ တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်ကို တိုက်ခိုက်ခံခဲ့ရတာ ယနေ့တွင် (၈)နှစ် တင်းတင်းပြည့်ခဲ့သော်လည်း ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးကိုကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမရှိပဲ နစ်နာသူတွေသာ မတရားသဖြင့် ဖမ်းဆီးနှိပ်စက်အရေးယူခြင်းခံခဲ့ရပါသည်။
မြန်မာနိုင်ငံတွင် မတရားမှုတွေ ကျူးလွန်ခဲ့တာကြာပါပြီ။အထင်ရှားဆုံး မှတ်တိုင်မှာ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပါသည်။သို့သော်လည်း ထိုလုပ်ကြံမှုကြီးကို ဖော်ထုတ်စုံစမ်း ဥပဒေအရ အရေးယူခြင်းမရှိသောကြောင့် ကျူးလွန်သူတွေက သူတို့လုပ်ရပ် မှန်ကန်တယ်ဟုထင်မြင်ယူဆကာ  မြန်မာ့သမိုင်းတွင် မကောင်းတွင်ကျန်ရစ်မည်မှာဧကန်မလွဲ ပင်ဖြစ်ပါသည်။
ယနေ့ကျင်းပသော ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ (၈)နှစ်ပြည့် အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကလည်း ဒီပဲယင်းနိုင်ငံတော်လုပ်ကြံမှုကြီး၏ဖြစ်စဉ်ကို ရှင်းလင်းပြောကြားသွားခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ (ဂျပန် ) မှ ဥက္ကဌ ဖြစ်သူ ဦးလှဟန်ကလည်း ”မြန်မာနိုင်ငံသားများ၏ တာဝန်တစ်ရပ်အနေဖြင့် နောင်မြန်မာနိုင်ငံတွင် စစ်အာရှင်စနစ်စိုးမိုးနေသရွေ့ ဒီပဲယင်းလို မတရားတဲ့ ဥပဒေမဲ့ ပြစ်မှုတွေကိုမကျူးလွန်နိုင်စေရန် သတိပေးတဲ့အနေနဲ့ ဒီလိုအခမ်းအနားတွေကို ကျင်းပရခြင်းဖြစ်ကြောင်းနှင့်  ဒီပဲယင်းနိုင်ငံတော်ကြီး လုပ်ကြံမှုကြီး၏ ဖြစ်ရပ်မှန်ကိုဖော်ထုတ်ပေးရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးကို ပြုလုပ်ပေးရန်”တို့ကိုတောင်းဆိုခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်)မှလည်း ဒီပဲယင်းနှင့်ပတ်သက်သည့်တရားခံများကို ဖော်ထုတ်အရေးယူပေးရန် တောင်းဆိုသည့် သဘောထားထုတ်ပြန်ချက်ကို မြန်မာ့အကောက်ခွန်ရုံး စစ်သံအမတ်ကြီးမှ တဆင့် နအဖ စစ်အာဏာရှင် သို့ပေးပို့ခဲ့ပါသည်။ ထို့နောက်အခမ်းအနားကို မေ(၃၀)ဒီပဲယင်းတွင် ကျဆုံးသွားသောသူများအတွက် လွမ်းသူပန်းခွေချကာ အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။ ယနေ့ကျင်းပသော အခမ်းအနားကို ဂျပန်ရောက် မြန်မာ့ဒီမိုအရေးလှုပ်ရှားနေသူ ၂၀၀ တက်ရောက်ခဲ့ကြပါသည်။
ရေးသားသူ-နန်းအိမွန်ချစ်(MTK)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(MTK)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More