Monday, September 8, 2008

ဦးဥတ္တမနေ့အခမ်းအနားဂျပန်နိုင်ငံတွင်ပြုလုပ်၊



ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေသူ ရခိုင်ရဟန်းတော်တစ်ပါးနှင့် လူပုဂ္ဂိုလ်များအား U Ottama Award ဆုချီးမြင့်
တိုကျို၊ စက်တင်ဘာ(၇)

မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့ကိုလိုနီအင်္ဂလိပ်တို့အား တော်လှန်တိုက်ပွဲဝင်ခဲ့သည့် ဆရာတော်ဦးဥတ္တမအား အောက်မေ့ဂုဏ်ပြုသည့်အခမ်းအနားနှင့် မြန်မာ့ဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသည့် ရခိုင်အမျိုးသားရဟန်းတော်တစ်ပါးနှင့် မျိုးချစ်ရခိုင်လူငယ်အချို့အား U Ottama Awardဆု ချီးမြင့်ခြင်းကို တိုကျိုမြို့ အိုးစုခအရပ်ရှိ ''မိနမိအိုးစုခ'' ခန်းမတွင် ယနေ့ပြုလုပ်ကျင်းပခဲ့ကြသည်။
ဦးဥတ္တမဂုဏ်ပြုပွဲ (၆၉)ကြိမ်မြောက်ကို ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ALD-Exile Japan)နှင့် ရခိုင်လူမှုရေးအသင်း(ဂျပန်)- ASAJ တို့မှ ဂျပန်တွင် ပူးပေါင်းကျင်းပကြခြင်းဖြစ်ပြီး တနာဘဲစံ(ခေါ်)ဆရာဦးရွှေဘမှ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဆရာတော်ဦးဥတ္တမမှ ဂျပန်သို့လာရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နှင့်ပူးပေါင်းတိုက်ပွဲဝင်ရန်ကြိုးစားမှုအကြောင်းကို ''ဆရာတော် ဦးဥတ္တမနှင့် ဂျပန်''ခေါင်းစဉ်ဖြင့် ဟောပြောပြီး၊ Kanda University(Japan)မှ ဒေါက်တာအေးချမ်းမှ ''မြန်မာ့လွတ်လပ်ရေးကို မျိုးစေ့ချပေးခဲ့သော ဆရာတော်ဦးဥတ္တမ'' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြသည်။
U Ottama Awardဆုကို ၂၀၀၇ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးတွင် ရခိုင်ပြည်နယ်ရှိ သံဃာထုကို ထူးခြားပြောင်မြောက်စွာ စည်းရုံးလှုံ့ဆော်ဦးဆောင်ခဲ့သည့် အရှင်ဣဿရိယကို ပေးအပ်ချီးမြင့်၍ ပြီးခဲ့သည့်လ (၈၈)အရေးတော်ပုံအနှစ်(၂ဝ)ပြည့်အဖြစ် တောင်ကုတ်မြို့တွင် ချီတက်ဆန္ဒပြရင်း အဖမ်းဆီးခံခဲ့ရသည့် မနီနီမေမြင့်၊ ကိုမိုးနိုင်စိုး၊ ကိုသန်းလွင်၊ ကိုမောင်မောင်သက်နှင့် ကိုချစ်ကိုမောင်မောင် တို့ကို ပေးအပ်ချီးမြင့်ခြင်းဖြစ်ကြောင်းသိရသည်။

''နယ်ချဲ့အင်္ဂလိပ်ကိုလိုနီခေတ်မှ ယနေ့ရွှေဝါရောင်တော်လှန်ရေးခေတ်အထိ ခေတ်အဆက်ဆက် နိုင်ငံရေးလှုပ်ရှားမှု၊ တနည်းအားဖြင့် အုပ်ချုပ်သူအာဏာရှင်တွေရဲ့လက်အောက်မှ လွတ်မြောက်ရန် သံဃာတွေရဲ့ အခန်းကဏ္ဍဟာ ပါဝင်နေတယ်၊ အဲ့ဒါဟာ ဆရာတော်ဦးဥတ္တမရဲ့ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့မှုကြောင့် ဆရာတော်ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကိုချီးမြင့်ခြင်းဖြစ်ပါတယ်''ဟု ဆုချီးမြင့်ရခြင်းအကြောင်းကို(ALD-Exile Japan)မှ ဒု-ဥက္ကဌကိုလှအေးမောင်မှ ပြောပြသည်။
အဆိုပါဆုများအနက် ရဟန်းတော်အတွက်ဆုကို အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ သာသနဦးသျှောင်အဖွဲ့၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဆရာတော်ဒေါက်တာအရှင်နာယကမှ ရွေးချယ်သတ်မှတ်ပေးခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်များအတွက် ALD(Japan)နှင့် ASAJ(Japan)တို့မှရွေးချယ်ချီးမြင့်ခြင်းဖြစ်ကြောင်းနှင့် ယင်းဆုများကို တောင်ကုတ်မြို့နယ်သား ဦးတင်မောင်ညိုနှင့် ကိုသိန်းစိုးဝင်းတို့မှ ကိုယ်စားလက်ခံပေးခဲ့ကြကြောင်းသိရသည်။

သတင်းရေးသားသူ-သန့်မျိုးထွေး(မိုးသောက်ကြယ်)
မှတ်တမ်းဓါတ်ပုံ-မင်းညိုဝမ်း(မိုးသောက်ကြယ်)

0 comments:

Twitter Delicious Facebook Digg Stumbleupon Favorites More