(ဦးဝင်းတင်နှင့် အင်တာဗျူး)
ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ 24 2008 19:44 - မြန်မာစံတော်ချိန်
ထောင်အဝတ်အစား ဝတ်လျှက်နှင့် ထွက်လာခဲ့ပြီး မကြာမကြာ ဝတ်ဆင်လိုသူ။ စစ်အစိုးရက တောင်းဆိုခဲ့သော တုပ်နှောင် ကတိခံဝန်ချက်ကို လက်မှတ် မထိုးလိုသူ၊ သက်ရွယ်ကြီး နာမကျန်း ဖြစ်သောကြောင့် ထောင်က ထွက်လာရသည် ဆိုခြင်းကို မလိုလားဘဲ လွတ်သင့်လို့ လွတ်လာရခြင်း အဖြစ်သာ လိုလားခဲ့သည့်သူ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် စစ်အစိုးရက အငြိုးထား ၁၉ နှစ်ကျော် ထောင်တွင်းအကျဉ်းချထားခံသူ သတင်းစာဆရာကြီး ဦးဝင်းတင်၏ သတင်းစာနယ်ဇင်းအပေါ် အမြင်တစိတ်တဒေသ၊ ပုဂ္ဂလိက ခံစားချက်တချို့နှင့် နိုင်ငံရေးအမြင်တို့ကို မဇ္ဈိမသတင်းထောက် ဖနိဒါက တယ်လီဖုန်းမှတဆင့် မေးမြန်းထားသည်။
ဘဘ နေကောင်းရဲ့လား။
ကျန်းကျန်းမာမာ ရှိပါတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း ကျန်းမာတယ်လို့ ထင်နေတုန်းဘဲ၊ အသက်ကြီးတော့ဆိုတော့ နည်းနည်းကတော့ ယိုင်လာပြီပေါ့၊ ခွဲထားတာကတော့ တခါတခါ နာကျင်တာတော့ ရှိတယ်။ ထောင်ထဲက ဆရာဝန်က မျက်လုံး ခွဲရမယ် ပြောတယ်၊ ဒါပေမဲ့ ထောင်ထဲမှာတုနုးက အို နာ ကျိုး ကန်း စီမံချက်တဲ့။ အသက်ကြီးခြင်း အကြောင်းပြပြီးတော့ လွှတ်မယ်လို့ ပြောလို့ မခွဲဘူး ပြောလိုက်တယ်၊ ငြင်းလိုက်တယ်၊ ခုတော့ အပြင်ရောက်လာတော့ ခွဲစိတ်ရမယ်။
ခုလို လွတ်ပေးတာကိုရော ဘဘ ဘယ်လိုမြင်လဲ။
ခုလွတ်လာတာကို ဘယ်လိုမြင်လဲ ဆိုတဲ့အခါကြတော့ ဘဘက လွတ်ကို လွတ်ရမဲ့ဟာ။ ရှင်းရှင်းပြောရရင် သူတို့ကို ကျနော်တို့က ပြန်တရားစွဲလို့တောင် ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘဘက နှစ် ၂ဝ ကျတာကိုး၊ ထောင်မှာ ဥပဒေစည်းကမ်း အတိုင်းဆိုရင် လွန်ခဲ့တဲ့ လေး ငါးနှစ်ကနေ ၁၆ နှစ်မှ လွတ်ရမှာ အခု ပြန်ထည့်ထားတဲ့အတွက် မနေ့က လက်မခံဘူး၊ သူတို့ကို ဆန့်ကျင် ကန့်ကွက်တဲ့ ထောင်အဝတ်အစားနဲ့ ထွက်လာတယ်။
ဘဘကိုလွတ်တာ ဘာဖြစ်လို့လဲ ဆိုတော့ လွှတ်ပေးရမဲ့ အချိန်မှာ မလွတ်ပေးဘဲထားတဲ့ လူတယောက်ကို သူတို့အခု ဝါဒဖြန့်တဲ့ စီမံချက် (၄ဝ၁) လွတ်တာ ဘဘက အဲအတိုင်း မထွက်နိုင်ဘူး။ အဲဒါကို ဘဘက လက်မခံနိုင်ဘူး။ ဘာကြောင့်လည်း ဆိုတော့ တနှစ်ကို လျော့ရက် ၃ လ လောက်ရတယ်။ ထောင်ထဲမှာ ရှိတယ်၊ ၂ဝ နှစ်ဆိုရင် ၁၆ နှစ်ကျော်ကျော် ဆိုရင် လွတ်ပြီ။ ခု ဘဘနေခဲ့တာ ၁၉နှစ် နဲ့ ၃လ နေခဲ့ရတယ်၊ အဲဒါ လွတ်ချိန်တန်လို့ လွတ်ပေးတာ ဟုတ်တယ်၊ ရိုးရိုးတန်းတန်း မလွတ်ဘဲနဲ့ သူတို့ စီမံချက်ထဲမှ ထည့်တယ်၊ ဘဘ လက်မခံလို့ မနေ့က တော်တော်လည်း ငြင်းခုံခဲ့တာပဲ။
ဘဘက လျော့စရာ မလိုတော့ဘူး၊ သူတို့ထဲမှာ ပိုတောင် နေနေတာ မထွက်ဘူးပေါ့၊ နိုင်ငံရေး အကျဉ်းသား တဦးအနေနဲ့ပဲ ထွက်မယ်၊ ဘဘတို့ တောင်းဆိုချက်က နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်ပေးရေး၊ လွတ်တော်ခေါ်ရေး၊ တွေ့ဆုံဆွေးနွေးရေး ဒီတောင်းဆိုချက်ပဲ၊ တစ်က နိုင်ငံရေးအကျဉ်းသား လွတ်ပေးရေးမှာ အကျုံးဝင်တယ်၊ ပြစ်ဒဏ် လျော့ပေါ့ဆိုရင် မထွက်ဘူး လုပ်တာ၊ ကျုပ် ဘာပစ္စည်းမှ မယူဘူး၊ အဲဒီအတိုင်း မလွတ်ပေးဘူးဆိုရင် ခင်ဗျားတို့ ထောင်ကနေ မထွက်ဘူးဆိုတာ ပြမယ်။ အင်္ကျီအပြာဝတ်ကို မနက် ၆ နာရီကနေ ညနေ ၄ နာရီထိ ရေမချိုး၊ ထမင်းမစားရဘူး၊ ဒီမနက်တော့ လျော်ထားတယ်။ မကြာမကြာ ဝတ်ရမယ်။
သတင်းစာနယ်ဇင်းနဲ့ ပတ်သက်ပြီးတော့ ဘဘ အခုအချိန်မှာ ဘယ်လိုမြင်လဲ။
စာနယ်ဇင်နဲ့ ပတ်သက်ပြီးတော့ စာနယ်ဇင်းတွေရဲ့ အလုပ်ဆိုတာ သတင်းစာ၊ ဂျာနယ်ဆိုတာက ငယ်ရွယ်တဲ့အချိန် လုပ်ရတာ၊ အချိန်တွေ အများကြီးပေးပြီး လုပ်ရတယ်၊ အာရုံအများကြီး စိုက်ရတယ်။ ဆိုလိုတာက ဘဘက ၁၉ နှစ် ကတည်းကနေ လုပ်ခဲ့တာ၊ ဘဘတို့တုန်းက တရက်ကို ၁၅ နာရီ အထက်မှာ အလုပ်လုပ်တယ်။ တခါတလေဆို မနက် ၇ နာရီကနေ ည ၁၂ နာရီထိ လုပ်ရတယ်၊ အခု ပြန်စဉ်းစားတော့ သမီးမေးတဲ့ မေးခွန်းနဲ့ ဘဘ professional နဲ့ ဘဘငယ်ငယ်ကတည်းက လုပ်ခဲ့တဲ့အတွက် သတင်းစာပဲ အားသန်တုန်းပဲ၊ အသက်ကကြီးလာတော့ မလုပ်နိုင်တော့ဘူးလို့ ထင်တယ်လေ၊ ကြုံရင်တော့ ဆောင်းပါးလေး ဘာလေး ရေးတာလေးတော့ ရှိမှာပါ။ ဘဘတို့ ခေတ်ကုန်ပြီလို့ ထင်တယ်။ သမီးတို့ ဆက်လုပ်ကြတာကို အားပေးပါတယ်။
ထောင်ထဲမှာ နေတုန်း၊ အပြင်က အခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေ ကြားရလဲ။
ဘဘကို ၁၉ နှစ် ၃ လလုံး တယောက်တည်း ပိတ်ထားတာ၊ တချိန်လုံး Solitary confinement (တိုက်ပိတ်ထားခြင်း) ထဲမှာ ထည့်ထားတော့ တခါတလေ အကျဉ်းသားတွေနဲ့ ခိုးတွေ့၊ တခါတလေ အကျဉ်းသားတွေက ဘဘကို အခန်းရှေ့ လာပြီးတော့ လာခိုးတွေ့ စကားလေး ဘာလည်းပြော၊ အဲသလောက်ပဲ ရှိတာ၊ တမိနစ် နှစ်မိနစ်ပေါ့နော်။ ဒါပေမဲ့ ဘဘက သူတို့ကို မကြောက်ဘူး၊ သူတို့လဲ ဂရုမထားဘူး။ ဘဘအိမ်ကနေ လာပြီးတော့ ထောင်ဝင်စာ လာတွေ့ရတဲ့ သူတွေကို ဘဘက သတင်းမေးတယ်။ သဘောထား၊ နိုင်ငံရေးတွေကို မေးတာပဲ။ ထောင်ဝင်စာမှာ ပြောလို့ ရသလောက်ပဲ ဘဘသိခဲ့တယ်၊ နောက်ပိုင်းမှာ လွန်ခဲ့တဲ့ အစိုးရ သတင်းစာတွေ၊ တနှစ်လောက်က စပြီးတော့ ဂျာနယ်တွေ ဖတ်ရတော့ နည်းနည်းတော့ နိုင်ငံရေး အခြေအနေ သိလာတယ်။
ဆန္ဒခံယူပွဲကိစ္စတွေတော့ ကြားရတယ်၊ ဒီ Constitution (ဖွဲ့စည်းပုံ အခြေခံဥပဒေ) နဲ့ ပတ်သက်ပြီးတော့ သမီးတို့ အရွယ်က ကြုံရအုံးမှာ မဟုတ်ဘူး။ ဘဘတို့က ကြုံခဲ့ဘူးတာ နှစ်ခါရှိပြီ။ ၁၉၇၄ တုန်းကလဲ တခါလုပ်ခဲ့ဖူးပြီ။ သူတို့လုပ်ချင်တာ လုပ်ခဲ့တာပဲ၊ မဆန်းပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်တပ်တို့ ဆန္ဒခံယူပွဲက လွတ်လပ်တဲ့ သဘောထားတွေ တွေ့မြင်ရတာ မဟုတ်ဘူး။ သူတို့ခိုင်းတာ သူတို့ ချပေးတာပဲ လုပ်ရမယ်။ ဘဘတို့က သူတို့ ပထမ ပုံဏ္ဍန်အရ အရ ဘဘတို့ လက်မခံနိုင်ဘူး။ ဒုတိယ အချက်အနနဲ့ အနှစ်သာရအပိုင်း အရဆိုတာလည်း လက်မခံဘူး။ ဘာဖြစ်လို့ လက်မခံလဲ ဆိုတော့ ဆန္ဒခံယူပွဲ ဆိုတာဟာ တပ်မတော်ကနေပြီးတော့ မြန်မာ့နိုင်ငံရေးမှာ ဦးဆောင်မှုကဏ္ဍ ပါမယ် ဆိုတဲ့ စစ်အာဏာရှင် ယန္တရားကြီးရဲ့ တိုင်းပြည်ပေါ်မှာ ဖိစီးမှု လွမ်းမိုးမှု အဲဒါကို လက်မခံတဲ့အတွက် ဒီဆန္ဒခံယူပွဲကို လက်မခံဘူး။
ထောင်ထဲမှာ ရှိနေတုန်း ဘဘရဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ပြောပြပါ။
အတွေ့အကြုံကတော့ သိပ်မရှိဘူး၊ ခုနကပြောသလို နှစ်ပေါင်း နှစ် ၂ဝ လောက်ထိ (Solitary confinement) ထဲ့ထားတာ၊ နာဂစ်ဖြစ်တဲ့နောက်မှ တနေ့ကို ၂ နာရီ ၃ နာရီ လောက်ဘဲ ဖွင့်ပေးတယ်၊ ကျန်တဲ့အချိန် ပိတ်ထားတယ်။ တနေ့ နေဝင်တာ နေထွက်တာ လာပေးတဲ့ ထမင်းကို စားလိုက်၊ အိပ်လိုက်ပဲဆိုတော့ ထူးထူးခြားခြား မရှိဘူး၊ တခုတော့ ရှိတယ်။ စာအုပ်တွေ ဆောင်းပါးတွေ ဖတ်နိုင်တယ်၊ ဒီလောက်ပဲ ရှိတယ်။
အခုလို ဘဘထွက်လာတဲ့အခါမှာ ဘာတွေ ပြောင်းလဲသွားတယ်လို့ ခံစားရလဲ။
အပြောင်းအလဲတွေကတော့ အတော် ပြောင်းလဲသွားတယ်။ အလွန့်ကို ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ တချို့ဆို ဘဘနားမလည်ဘူး၊ လိုက်ကို မလိုက်နိုင်ဘူး၊ မသိဘူး၊ တခြား မပြောနဲ့ သမီးနဲ့ ပြောနေတဲ့ တယ်လီဖုန်းကို ဘဘတို့က အရင်တုန်းက မမြင်ဖူးဘူး။ ဘဘ ထောင်ထဲဝင်တဲ့အချိန် ဒီ မိုဘိုင်းလ်ဖုန်းတွေ မပေါ်သေးဘူးကိုး။ နိုင်ငံခြားကနေ ဖုန်းဆက်တယ်ဆိုတာ မပြောနဲ့တော့ ရန်ကုန်ထဲမှာတောင်မှ ကန်တော့ပါ လိပ်ခေါင်း ထွက်အောင်ခေါ်ပြီး လုပ်ရတဲ့ အခြေအနေမျိုး ရှိခဲ့တယ်။ ဒီလို Technology (နည်းပညာ) တွေ၊ ပစ္စည်းတွေ၊ ပတ်ဝန်းကျင် တိုက်တာ အဆောက်အအုံတွေ၊ အရမ်းကို အလွန်ကြီးမားတဲ့ ပြောင်းလဲသွားတယ်။ တခါ လူတွေရဲ့ ဆင်းရဲတယ် ခေါ်မလား၊ ချမ်းသားတယ် ခေါ်မလား၊ ဝတ်စားဆင်ယင်တာတွေ၊ အလုပ်လုပ်ရတဲ့ ရုံးကန်ရမှုတွေ အများကြီး ပြောင်းလဲသွားတယ်။
ဒါပေမဲ့ မပြောင်းလဲတာက ဘဘတို့ ဝင်သွားတဲ့ အချိန်မှာလဲဘဲ စစ်အစိုးရဆိုတဲ့ စစ်အာဏာ ယန္တရားကြီးက တိုင်းပြည်ပေါ်မှာ လွမ်းမိုးပြီးတော့ သူတို့ ခြယ်လှယ်တာ၊ ချုပ်ချယ်တာ၊ ချပေးတာကိုပဲ ခိုင်းစေနေတာတွေကိုပဲ လိုက်လုပ်နေရတယ်။ အဲဒီအချိန် ဘဘတို့က မြန်မာပြည်ကြီးဟာ ထောင်ကျပြီးလို့ ခံစားခဲ့တာ၊ နောက်ကျတော့ ကိုယ်ကိုတိုင် ထောင်ကျသွားတာပဲ၊ နှစ် ၂ဝ လောက် ထောင်ကျပြီး ထွက်လာတဲ့ အခါကြတော့ မြန်မာပြည်ကြီးဟာ ဒီအတိုင်းပဲ စစ်အာဏာ ယန္တယားကြီးက ဒီအတိုင်း လွမ်းမိုးနေတုန်းပဲ၊ ဘာမှ မထူးဘူး၊ ၈၈ မတိုင်ခင်၊ ၈၈ ပြီးတော့ ဒီအတိုင်းပဲ ခုထိ မပြောင်းလဲဘူး။ မထူးဘူးလို့ အကျဉ်းချုပ် ပြောလို့ရမယ်။
ရှေ့ဆက်ပြီး ဖြစ်လာမယ့် နိုင်ငံရေး ဦးတည်ချက် အနေအထားကိုကော ဘယ်လိုသုံးသပ် ဆုံးဖြတ်ထားပါသလဲ။
ဘဘက နိုင်ငံရေး ဦးတည်ချက်နဲ့ ပတ်သက်ပြီး များများ ပြောစရာမရှိဘူး၊ သမီးတို့ သိမှာပဲ သတင်းစာသမားပဲ သတင်းစာလောက်ပဲ လုပ်ခဲ့တာ၊ အန်အယ်လ်ဒီ ပါတီမှာက ၉ လပဲ လုပ်ခဲ့တာပါ၊ ဘဘက နိုင်ငံရေး လုပ်တတ်ခါစပဲ ရှိတာ၊ ခုထောင်ကျတာ ၁၉ နှစ်တောင် ရှိသွားတော့၊ သိပ်နားမလည်တာလဲ ပါမယ်ပေါ့၊ သို့သော် ဘဘက ပြောချင်လဲ ဆိုတော့ ဘဘလုပ်ခဲ့တဲ့အချိန်၊ ထောင်ထဲမှာ ရှိနေတဲ့အချိန်မှာ ဒီတလျှောက်လုံးမှာ တိုင်းပြည်ဟာ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီပေါ့၊ စစ်တပ်က ပေးတဲ့ ဒီမိုကရေစီ မဟုတ်ဘူး၊ ယူနီဖောင်း ဝတ်ထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ ဘီလူးခေါင်း ဆောင်းထားတဲ့ ဒီမိုကရေစီ မဟုတ်ဘူး။ လူသားမျက်နှာ ဆောင်းထားတဲ့ ဒီမိုကရေစီအတွက် လုပ်နေတာ၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ရမှာပဲ၊ ပြောရရင် မြန်မာပြည်မှာ အတိုင်းအတာ တခုရတဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ထွန်းကားရေးအတွက် လုပ်တတ်တလောက်၊ လုပ်စွမ်းတလောက် လုပ်သွားရမှာပဲ။
အခုလို ထောင်ကနေ ထွက်လာတာနဲ့ ဘယ်လို ခံစားမိလဲ။
သိပ်ခံစားမိတာတော့ မရှိဘူး၊ ဒီလိုပြောရမယ် ထင်တယ်၊ အတိုဆုံးနဲ့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ထောင်ထဲမှာ လူတွေ အများကြီး သေခဲ့တယ်။ အန်အယ်ဒီတွေ။ ဦးသောက၊ ဦးခင်မောင်ဝင်းတို့၊ လူငယ်ကျောင်းသား မောင်မောင်လေး၊ အများကြီး သေခဲ့တယ်။ နောက်ပိုင်းမှာလည်း ထောင်ထဲက ဒဏ်နဲ့ အပြင်မှာ ဦးကျော်မင်း၊ ရဲဘော် ဦးတင်ရွှေတို့ သေခဲ့တယ်။ အလားတူပဲ အခြားအဖွဲ့မှ ဦးခင်မောင်မြင့်တို့ ဒီလိုလူတွေ သေခဲ့တယ်၊ လူတွေ အကုန်လုံးက ဘဝတွေ ပျက်ခဲ့ကြတယ်။ ဒုက္ခတွေ ရောက်ခဲ့ကြတယ်။ ဒီအရေးတော်ပုံအတွက် အများကြီး လုပ်ခဲ့ကြတယ်။ ခုထိ ဆက်ပြီးခံနေရတယ်။ ဥပမာ မင်းကိုနိုင်၊ ကိုဇာဂနာတို့ အထဲမှာ ရောက်နေတယ်။ ဘဘနဲ့တောင် မတွေ့ခဲ့ရဘူး။ အဲတော့ အဲဒီလို သေခဲ့တဲ့လူတွေ၊ အနစ်နာ ခံခဲ့ရတဲ့ သူတွေ အခုထက်ထိ ဆက်ပြီး တိုက်ပွဲ ဝင်နေတယ်။ ဒီလူတွေ အားလုံးကို ဘဘ ထွက်လာတဲ့ အခါကြတော့ ဒီလူတွေကို ထောင်ထဲမှာ ကျန်ခဲ့တယ်လို့ ဘဘ သဘောမထားဘူး၊ ဘဘနဲ့ တပါတည်း ကိုယ့်ရဲဘော်တွေပဲ မပါလာနိုင်လို့သာ သူတို့လိုဘဲ ဘဘ ခံစားနေရတယ်လို့ အဲလိုပဲ ဘဘခံစားရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တွေ့ချင်တာ မဖြစ်ဘူးလား။
အဲဒါကတော့ သမီးတို့က အစိုးရကို ဒေါ်စုကို အမြန်လွတ်ပေးပါ ပြောမှ ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်စုက ထောင်မလွတ်သေးဘူးဆိုတော့ မဖြစ်နိုင်သေးဘူး။ တွေ့ဆုံရမှာပေါ၊ တွေ့တဲ့အခါ နှစ်ပိုင်းရှိမယ်။ နိုင်ငံရေးအရ တွေ့ရမယ်။ ပုဂိုလ်ရေးရအရ တွေ့ရမယ်၊ ဒီလောက် အနစ်နာခံတဲ့လူ၊ ထူးချွန်ထက်မြက်တဲ့ ခေါင်းဆောင်ကို ဂါရဝ ပြုရမှာပဲ။ ဒီပုံစံ နှစ်ခုနဲ့တော့ တွေ့ရမှာပဲ။
ပြည်တွင်းနဲ့ ပြည်ပတွေမှာရော မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လို မြင်ပါသလဲ။ တခြား နိုင်ငံတွေနဲ့ ဘယ်လို ကွာဟမှုရှိလဲ။
နှစ်ပေါင်း လေးဆယ်ကျော် ခုထိပဲ၊ မြန်မာပြည်မှာ ဂျာနယ်မှာ ဆောင်းပါးတွေ အများကြီးပဲ၊ ဒါတွေက စာရွက် အဖြူပေါ်မှာ အနက်တင်ခွင့် ရတာပဲရှိတယ်၊ လွတ်လပ်မှု မရှိသေးဘူး။ စာရေးဆရာတွေကို မေးလိုက်ရင်လည်း မရှိဘူးလို့ ပြောမှာပဲ။
ကွာဟမှုကတော့ ရှိပါတယ်၊ အခုမှ တွေ့ရသလောက် အခြားမပြောနဲ့ ကမ္ဘောဒီးယား နိုင်ငံမှာတောင် ကိုယ်ပိုင် အင်္ဂလိပ် သတင်းစာတွေ ထုတ်နေတယ်။ မြန်မာပြည်မှာက အစိုးရသတင်းစာ တစောင်ပဲ ထွက်တယ်၊ အာဖရိကန်၊ တောင်အမေရိက၊ ဥရောပတော့ မပြောနဲ့ လွတ်လပ်စွာ ရေးခွင့်ရှိတယ်။ မြန်မာပြည်က အနှိမ့်ဆုံးအဆင့် ရောက်နေတယ်။ လုပ်ကိုင်နေတဲ့ လူတွေကို မစာနာလို့ မလေးစားလို့ ပြောတာ မဟုတ်ဘူး။ သူတို့ရေးထားတာ ရီစရာ ကောင်းနေတယ်။ သူတို့လည်း ပေးတာလုပ်၊ အယ်ဒီတာက ဗမာစာ အရေးအသားတောင် မမှန်ဘူး ဖြစ်နေတယ်။ ဘဘမြင်တာကတော့ ကိုယ်လည်း ဒီထဲရောက်ခဲ့ဖူးတာပဲ၊ သူတို့ခိုင်းတာ လုပ်ခဲ့တာပဲ၊ သူတို့က မျက်နှာဖုံး ထည့်ပါဆိုရင် ဘဘက နောက်မှာ ထည့်တာတို့ လုပ်ခဲ့တယ်။ အဲဒီတော့ အနှပ်ချုပ်လိုက်ရင် တစ် ပုံသဏ္ဍာန်အရ တော်တော်လည်း ချွတ်ချော်ပါတယ်။ နှစ် အကြောင်းအရာကလည်း ရယ်စရာလို ဖြစ်နေပါတယ်။ တတိယအနေနဲ့ ရုံးကန်မှု လျော့ပါး၊ အားနည်းနေပါတယ် ပြောချင်ပါတယ်။
မီဒီယာသမားတွေနဲ့ ဒီမိုကရေစီ ကြိုးပမ်းနေသူတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သေးလဲ။
ပြောစရာတော့ မီဒီယာအတွက် ပြောပိုင်ခွင့် မရှိတော့ဘူး။ ဘဘ အသက်အရွယ်က လူငယ်တွေ လုပ်နိုင်သလောက် ကိုယ်က မလုပ်နိုင်တော့ဘူး။ လူငယ်တွေ မြင်သလိုလည်း မမြင်တာကို ပါတဲ့အခါကြတော့၊ ကောင်းတယ် ဆိုးတယ် မပြောလိုတော့ဘူး။ သို့သော် ပြောချင်တာတခုက မီဒီယာဆိုတာ တိုင်းပြည်တခုရဲ့ မရှိမဖြစ်တဲ့ ရှင်းရှင်းပြောရရင် မြန်မာသမိုင်း တခုလုံးရဲ့ အသက်သွေးကြောတခုပဲ ၊ ဂျာနယ်တို့ မဂ္ဂဇင်းတို့ဆိုတာက တိုင်းပြည်အတွက် အရေးပါတယ်။ ဒါတွေ ရေးပြီဆိုရင် စိတ်"ါတ်ပိုင်း ဆိုင်ရာ၊ ကျင့်ဝတ်ပိုင်း ဆိုင်ရာ၊ အတတ်ပညာပိုင်း ဆိုင်ရာလည်း တာဝန် အလွန်ကြီးပါတယ်၊ အဲဒါကြောင့် တတ်နိုင်တမျှ ရုန်းကန်ပါ၊ လှုပ်ရှားပါ အဲဒီလိုပဲ ပြောချင်ပါတယ်။
ဒီမိုကရေစီ လုပ်ရှားနေသူတွေကိုလည်း ဘဘက နိုင်ငံရေးအရ ပါတီမှာ ၉ လ ပဲ နေရတာပါ။ အတွေအကြုံရင့်တဲ့လူတွေ ထက်စာရင် နုပါတယ်။ ပြောချင်တာ တခုက ကျနော်တို့ ဒီအချိန်ဟာ စစ်အာဏာရှင် ယန္တရားကြီးဟာ လမ်းကြိတ်သလို ဆက်ပြီး ကြိတ်နေတုန်းပါ။ အဲဒါကြောင့် နိုင်ငံရေးသမားတွေ အားလုံး တတ်နိုင်သမျှ ညှိနိုင်လို့ရတဲ့ သူတွေ ညှိနှိုင်းပြီး တူတာတွေ တွဲလုပ်၊ မတူတာတွ ခွဲလုပ်ပြီးတော့ လုပ်၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ ဒီမိုကရေစီရဖို့အတွက် ဦးတည်ပြီးတော့ လုပ်သွားကြပါလို့ တောင်းပန်လိုက်ပါတယ်။
0 comments:
Post a Comment